๑۩๑ ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ ๑۩๑

 တရားကျင့်သူကို တရားက စောင့်ရှောက်၏။ (ဓမ္မပဒ)
ထီးဆောင်သူကို ထို ထီးကပင် နေပူဒဏ် မိုးဒဏ် တို့မှ ကာကွယ်မှုပေး၏။ (အဋ္ဌကထာဆရာ)

သူတစ်ပါးကို နေဒဏ်မိုးဒဏ်တို့မှ ကာကွယ်ရှာသော ထို ထီးခမျာကား
နေဖြင့်လောင်ကျွမ်း၍ မိုးရေဖြင့် ရွှဲရွှဲစို၏။

ထို့အတူ... မိဘတို့သည်လည်း သား သမီးတို့ကို ကာကွယ်ရင်း  မကြာ မကြာ...။   ။





















Copyright © 2011 ကမ်းလက်. All rights reserved.

ဘုရား၊ လယ်သမားနဲ့ (၈၄) ခုမြောက်ပြဿနာ



တစ်ခါက ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ လယ်သမားကြီး ဘုရားရှင်ဆီကို ရောက်လာတယ်။ သူ့ဘဝရဲ့ အခက်အခဲတွေကို လျှောက်တာပေါ့။

         “တပည့်တော်က လယ်သမားပါ။ ထွန်ယက်စိုက်ပျိုးရတာကိုလည်း သဘောကျပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ မိုးခေါင်လို့၊ တစ်ခါတစ်ရံမှာ မိုးများလို့ သီးနှံထွက်က သိပ်မကောင်းဘူး”

          ဘုရားရှင်က သူ့ပြဿနာတွေကို စိတ်ရှည်လက်ရှည် နားထောင်ပေးတယ်။ ဒီတော့သူက-
       “တပည့်တော်မှာ အိမ်ထောင်ရှိပါတယ်။ ဇနီးကလည်း ဇနီးကောင်းပါ။ ဒါပေမယ့် တစ်ခါတစ်ခါ ပြဿနာထထရှာတတ်လွန်းလို့ စိတ်ကုန်မိတယ်”

           ဘုရားရှင်က ဘာမှ ဝင်မမိန့်ပါဘူး။ လယ်သမားကဆက်ပြီး-

          “ကလေးနှစ်ယောက်လည်း ရှိပါတယ်။ တကယ်ဆို သူတို့လည်း လိမ္မာတဲ့ကလေးတွေပါပဲ။ ခက်တာက တစ်ခါတစ်ခါ လူကြီးတွေကို လေးစားရမှန်းမသိဘူး။ စိတ်တိုစရာ သိပ်ကောင်းပါတယ်”

          ဘုရားရှင်က ဘာမှ ဝင်မမိန့်သေးဘူး။ ဒါနဲ့ လယ်သမားက-

           “အရှင်ဘုရားဆီ တပည့်တော်လာခဲ့တာက ဒီပြဿနာတွေရဲ့ အဖြေကိုရချင်လို့ လာခဲ့တာပါ”
          “ ဒါဆိုရင်တော့ လယ်သမားကြီးကို ဘုရားရှင်က ဘာအကူအညီမှ မပေးနိုင်တော့ပါဘူး”

          “ဘယ်လိုမိန့်လိုက်တယ်။ အရှင်ဘုရားဆီမှာ ပြဿနာတွေရဲ့ အဖြေမရှိဘူး၊ ဟုတ်လား။ ဒါဆို အရှင်ဘုရားမှာ ကျော်ကြားနေတဲ့ “ တော်လိုက်တဲ့ ဆရာ။ အသင်အပြကောင်းလိုက်တဲ့ ဆရာ” ဆိုတာတွေက ဘာအဓိပ္ပါယ်ရှိတော့မှာလဲ”

          “လယ်သမားကြီး၊ လူတိုင်း လူတိုင်းမှာ ပြဿနာ (၈၃) မျိုးဆီရှိတယ်။ သင်ကြိုးစားအားထုတ်မှု၊ ထက်မြက်တဲ့ အတွေးအခေါ် စတာတွေနဲ့ ပြဿနာအချို့ကို ကျော်လွှားလို့ရတယ်။ ဒါပေမယ့် အဲဒီပြဿနာရဲ့ နေရာကို နောက်ပြဿနာတစ်ခုက ဝင်ယူသွားတတ်တယ်။  ဒီ ဘဝပြဿနာတွေကို ငါဘုရားရှင်လည်း ဖြေရှင်းပေးလို့ မရဘူး”

          ဒီတော့ လယ်သမားကြီး အရမ်းစိတ်ဆိုးစိတ်ပျက်သွားတယ်။
          “ ဒီလိုဆိုရင်တော့ အရှင်ဘုရားဟာ ဂရိတ်တီးချား မဟုတ်ဘူး။ အဖြစ်မရှိတဲ့ တီးချားပဲ”
          “ လယ်သမားကြီး၊ ဒါဆိုရင်တော့ သင့်မှာ (၈၄) ခုမြောက် ပြဿနာရှိသွားပြီ”
          “ ဘာဖြစ်လို့လဲ၊ အရှင်ဘုရားကို အဖြစ်မရှိတဲ့ဆရာလို့ ပြောလို့လား”



    “မဟုတ်ပါဘူး လယ်သမားကြီး၊ သင်က ပြဿနာမရှိတဲ့ဘဝကို တောင်းဆိုနေလို့ပါ။ ရိုးရိုးသားသား နေထိုင်သူတွေမှာ ပြဿနာ (၈၃) ခုဆီရှိပြီး၊ ပြဿနာမရှိတဲ့ဘဝကို တောင်းဆိုနေသူတွေအတွက်တော့ နောက်ထပ်ပြဿနာတစ်ခု ထပ်ရတတ်ပါတယ်။ မှန်တယ် ပုဏ္ဏားကြီး၊ အခု သင့်မှာ ပြဿနာ (၈၄) ခု ရှိနေပြီ”

          ဒါပါပဲရှင်၊ Steven Hagen ရေးတဲ့ “ Buddhism Plain and Simple” စာအုပ်ထဲက ပုံပြင်လေးကိုကြိုက်လို့ အဆင်ပြေသလို မြန်မာမှုပြုလိုက်တာပါ။ “ ဇင်” ဗုဒ္ဓဘာသာ ပုံပြင်လေးတစ်ခုပါ။

          ဆုထားတို့ဘဝမှာ ပြဿနာတွေများလှပေမယ့် (၈၄) ခုမြောက် ပြဿနာဝင်လာမှာစိုးတာနဲ့ပဲ ရှိရင်းစွဲပြဿနာလေးတွေကို အမြတ်တနိုး ချစ်လိုက်ရတော့တာပါပဲရှင်။ ဟုတ်တယ်လေ။ (၈၃) ခုဆို တော်ပြီပေါ့။


(နဂိုဒုက္ခတွေ ကိုယ်စီကိုယ်စီရှိနေကြတဲ့ ဘတွေမှာ အပိုဒုက္ခတွေကိုလည်းရှာမိတတ်ကြလေရဲ့၊
သဘာဝပဲပေမို့လေလား)





  ဆုထားမျက်ချယ်



















Copyright © 2011 ကမ်းလက်. All rights reserved.

အာနန္ဒ (ĀNANDA)


အရှင် သာရိပုတ္တက ပညာကို ကိုယ်စားပြုတယ် အရှင်မဟာမောဂ္ဂလာန်က တန်ခိုးဣဒ္ဓိပါဒ်ကို ကိုယ်စားပြုတယ်ဆိုရင် အရှင် အာနန္ဒာက သနားကြင်နာမှု၊နူးညံ့သိမ်မ္ပေ့မှု၊န္ပေးတ္ပေးပျူငှာမှုနဲ့ မေတ္တာတရားကို ကိုယ်စားပြုပါတယ်။

~A Guide to Buddhism A to Z (S-Dhammika)~























Copyright © 2011 ကမ်းလက်. All rights reserved.

ကမ်းလက်အရှင်းတော်ပုံ


(၁)
ဤနေ့ စာမရေးဖြစ်။ မရေးချင်၍ မရေးခြင်းဖြစ်သည်။
ငတူး(သူ့သူငယ်ချင်းများအခေါ် စိန်တူး)အတွက်
“ တစ်ရေးစက်ခွင့် မြင်ရနိုးရ” ဖြစ်သွားတော့၏။ ( အနည်းငယ် ပြင်ယူရ၏)
တစ်ရေးလေးစက်စဉ်မှာပင် မြင်လိုက်နိုးလိုက်ဖြစ်နေသဖြင့် အိပ်ရေးတော့ ဝမည့်ပုံမပေါ်။ မာမာအေးကို “ ကဝေမကြီး” ဟု ကဗျာဆရာတစ်ယောက်ကခေါ်၏။

ယခုတစ်လော တွေးလို့သာရပြီး အံ၍မရသော ဟော့(တ်) ဖြစ်နေသည့် တော့ပစ်တစ်ခုရှိသည်။ ( ယင်းသည် ပဲမှုန့်နည်း၊ ဆီနည်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည်ဟု ဆေးပညာနယ်မှလူများ ပြောကြသည့် ဂျင်းသုတ်မဟုတ်။ Sleep moderate, eat moderate, die anyway ဟူသော စကားလည်းမဟုတ်ပေ။) ယင်းကား-

“ ကျည်ဆန်မြစ်များ ခန်းခြောက်သွားသော သေနတ်ပြောင်း” ဖြစ်၏။ (အင်တာဗျူးလုပ်ရဦးမည်) သတ္တဝါ၏ ရင်ဘတ်ကို မျက်နှာမူမထားသော ကျည်ဆံတစ်တောင့်သည် ငါးပါးသီလလုံ၏။ သရဏဂုံတော့ မရှိ။


(၂)
မီးသွေးကို ပါဠိလိုရေးပါဟုဆို၏။ ထိုကိုရင်ကား မီးသွေး၏ပါဠိဝေါဟာရကို မသိဟုဆို၏။ ထို့ကြောင့် “မသိ” ဟုရေးချလိုက်သည်ဟု ဆို၏။

ဘဝမှာ အဆင်ပြေခိုက်
လေပြေတိုင်းမှာ ပလွေတစ်ချောင်းစီပါ၏။

“ မသိ” ဟူသော ပါဠိ၏အဓိပ္ပါယ်ကား မီးသွေးတည်း။
ယနေ့ “ မသိ” ဖြင့် ထမင်းချက်စားသောနိုင်ငံ သိပ်မရှိတော့။ လုဗ္ဗနီကိုငုံထားသည့် နီပေါလေးမှာပင် တချို့ မသိဖြင့် ထမင်းမချက်ကြတော့။


(၃)
မအိုက်လှသော ဆောင်းညများ ၊ မစပ်လှသော ငရုတ်သီးပွပွများ ကြုံတွေ့ရသောအခါ ယပ်တောင်တစ်ချောင်းနှင့် ကွမ်းတစ်ရာ၊ ရေတမှုတ်တို့၏ အဓိပ္ပါယ်သည် အတောင်ကျိုးလျှက်ရှိ၏။ ချမ်း ဟူသည် ဂရိနတ်တစ်ပါး၏ နာမည်ဟုဆိုကြ၏။ ညှင်းကား လက်ဝါးဖြင့် ပါးစပ်ကိုအုပ်၍ ရယ်သောအသံတည်း။

ခက် ကား အခက်အလက်တည်း။ အခက်ကား Difficulty ဟူသောအဓိပ္ပါယ်ရှိပြီး၊ အလက်ကို လေးလေးပင်ပင်ရွတ်ဆိုသောအခါ အ- သောလက် ဟု အဓိပ္ပါယ်ရှိ၏။ အားနာမိ၏။ မတတ်နိုင်။


(၄)
အညာသိအန်ကယ်ကား အလုပ်များ၊ ဖုန်းမည်သံများ၊ ရှည်လျားသော မက်ဆေ့ခ်ျများဖြင့် အညာအရပ်တိုင်အောင် သိသူတည်း ။ ကောင်းပါ၏။ သို့သော် အညာသိမဟုတ်ပဲ၊ သိ- အညဖြစ်သော် မဆိုင်ရာကိုသိသူဟု ခပ်သောသော ဘာသာပြန်ဆိုနိုင်ပြန်သည်။

ဤကား ဘာရေးနည်းမှန်းမသိသော စာရေးနည်းတည်း။ ရှုပ်ထွေးလှ၏။

သူသူ၊ ငါငါတို့ဖြင့် ရှုပ်ထွေးလွန်းလှသော လူ့ဘဝ၌ ဤသို့ ရှုပ်ထွေးသော စာရေးဟန်တိုးလိုက်ကာမျှဖြင့် ပို၍ထူးခြားရှုပ်သွားတော့မည် မဟုတ်ပေ ။ သူသူနှင့် ငါငါက မတူကြ။ သူသူက ဒုတိယပုဂ္ဂိုလ်ဖြစ်ပြီး၊ ငါငါက ပထမပုဂ္ဂိုလ်ဖြစ်၏။ အင်္ဂလိပ်စာက အတ္တကြီးသောကြောင့် အိုင်ကိုစာလုံးကြီးနှင့်ပေါင်းမှ မှန်သည်ဟု ဆရာတစ်ယောက်ပြောဖူး၏။ အိုင်ဟူသည် ထောင်နေသောတုတ်ချောင်းတည်း။

ဘာမှပြောစရာမရှိသေးသော နာမည်တစ်ခု ကျန်နေသေး၏။ ထိုအခါ ပြောစရာမရှိကြောင်း ပြောခဲ့ရန်သာ ရှိတော့၏။ အမှန်ပင် ပြောစရာမရှိ။



ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

မဇ္ဈိမဒေသ အမှတ်တရ

ကလေးတို့ရေ-
          ပြောပြန်ရင်လည်း မကောင်းတော့ဘူး။ ဒါပေမယ့်မကောင်းတာကိုပဲ ပြောတော့မယ်။ ဖေကြီးတို့ မြို့သစ်ဒေလီရဲ့ အင်ဒီယာဂန္ဓီ အပြည်ပြည်ဆိုင်ရာ အဲပေါ့(ထ်) ထဲမှာ မြောက်ဦးခေါင်းနဲ့တူတဲ့မြို့ကို ခရီးဆက်ကြဖို့ (ဗာရာဏသီကိုပြောတာ) စောင့်နေကြတုန်းကပေါ့။

          ကောင်မလေးတစ်ယောက်က (ခပ်စွာစွာအတန်းထဲကပဲ) အအေးဘူးတွေ ဘာတွေရောင်းတဲ့ မက်ရှင်းဆီကနေ အအေးဘူးသွားဝယ်တယ်။ သူ့အတွက်ရော၊ ဆရာတော်လေးသုံးပါးကို ကပ်ဖို့အတွက်ရောပေါ့ကွယ်။

          အဲဒီ အင်ဒီရာဂန္ဓီ အင်တာနေရှင်နယ်လေဆိပ်ထဲက ဖျော်ရည်ရောင်းတဲ့ စက်ကြီးကလေ ထည့်လိုက်တဲ့ပိုက်ဆံတွေကိုသာ ဝါးဝါးသွားပြီး ဖျော်ရည်ဘူးကျတော့ ထုတ်မပေးဘူးကွယ့်။ တစ်ဝက်နဲ့ တစ်နေတဲ့ ပုံကြီးပဲပြနေတယ်။ တော်တော်ကပ်စေးနဲတဲ့ စက်ကြီးပဲကွယ့်။

          အဲဒါနဲ့ ကောင်မလေးက မန်းကီး ဘစ်စနစ်။  မန်းကီး ဘစ်စနစ်ဆိုပြီး အဲဒီစက်ကြီးနဲ့ ရန်ဖြစ်ပါလေရော။ ရန်ဖြစ်တယ်ဆိုတာ စက်ကြီးကိုတဘုန်းဘုန်းနဲ့ ထုတာကိုပြောတာ။ ဘုရား……ဘုရား။ ချက်ချင်း ဘယ်သူ့ကိုသတိရသွားတယ်ထင်လဲ။ စဉ်းစားကြပေါ့။ မပြောဘူး။

          သူထုလိုက်တော့ စက်ကြီးကကြောက်သွားပြီး ဖျော်ရည်ဘူးတွေ ထုတ်ပေးတော့တာပဲကွဲ့။ ဖေကြီးဖြင့် စပ်စပ်ကို သတိရလိုက်တာ။ အဲဒီမြိုမှာလေ တစ်ခါတစ်လေတော့လည်း ထုလိုက်တာက တည့်သွားလိုက်ပြန်ရော။

          အဲဒီလေဆိပ်ထဲမှာပဲ ဗာရာဏသီကိုဆက်ဖို့ စောင့်ရတဲ့အချိန်က (၈) နာရီလောက်ကြာတယ်။ ဆိုကြပါစို့ကွယ်။ ဒီလောက်ကြာမှတော့ ကိုယ့်ခုံလေးတွေပေါ် အိပ်သူကအိပ်၊ ငိုက်သူကငိုက်၊ အိုင်ပက်နဲ့ ချက်သူကချက်၊ ပါးစပ်နဲ့ ချက်သူကချက်ပေါ့။

          ထိုင်ခုံမယ်မယ်ရရ မရှိတာက ခရီးသွားအဖွဲ့ရဲ့ခေါင်းဆောင် ကုလားထိုင်လူကြီး ပေါ့ကွယ်။ အဲဒီမှာ သူက အားလုံးတန်းစီ၊ ဘုတ်ဒင်းလုပ်တော့မယ်လို့ အော်လိုက်ရော။ ဒါနဲ့ အားလုံးမျက်ခုံးလေးတွေပွတ်ပြီး တန်းစီကြတာပေါ့။ သူကတော့ တန်းမစီဘူးလေ။ သူက လူကြီးကိုး။ အားလုံးလည်း တန်းစီရော သူက လှဲအိပ်လို့ရတဲ့ ခုံကြီးပေါ်တက်ပြီး အိပ်ထည့်လိုက်တာ (၅) မိနစ်အတွင်း အသံတွေဘာတွေတောင်ပေးလို့။

သူ့ကံကလည်း မခေဘူး။ လေယာဉ်ထွက်ဖို့ (၁၀) မိနစ်အထိ ခရီးစဉ်က မကြေငြာဘူး။ ဂိတ်လည်း မဖွင့်ဘူး။ 
(၅) မိနစ်လောက်ကြာတော့မှ လေယာဉ်ဒီလေးတဲ့ကွဲ့။ ဒီတော့ ကိုယ့်ခုံကိုယ် ပြန်သွားကြပေါ့။  ပြန်သွားစရာခုံမရှိတာက ကောင်လေးတစ်ယောက်။ သူ့ခုံပေါ်မှာ ကုလားထိုင်လူက အိပ်နေတာလေ။ ခပ်တည်တည်ပဲ။

          သိပ်တော့ မတူဘူးပေါ့ကွယ်။ မရ အရတူအောင် ဆွဲတူရင်တော့ သူက ဦးကိုမောင်နဲ့ တူတာပေါ့။



          ပြောချင်တာက အိန္ဒိယလေယာဉ်တွေဟာ ဒီလေးတွေ၊ ပို့စပုန်းတွေ ကြိုတင် ကြေငြာတာသိပ်မရှိဘူး။ ငါးမိနစ်၊ ဆယ်မိနစ်အတွင်း ကပ်ဆော်တာတဲ့။

          နောက်တစ်ခုက ရေနွန်ဆိုတဲ့ကောင်။

          သူ့အကြောင်းမပြောခင် အိန္ဒိယရဲ အကျင့်ကို အရင်ပြောမှရမယ်။ ဖေကြီးမှားရင် မှားမယ်။ မှားလည်း အရေးမကြီးပါဘူး။ ဒီလိုကွဲ့- ဟိုတယ်ဆိုတဲ့စာလုံး ရှေ့မှာထားရေးရင် ဟိုတယ်အစစ် မဟုတ်ဘူးတဲ့။ အဆင့်မရှိဘူးပေါ့။ ဥပမာ- ဟိုတယ်ဆီဒိုးနားပေါ။ဒါဆိုအဆင့်မရှိဘူးပေါ့။ ဟော်တယ်ကို နောက်ကထားရေးရင်တော့ တကယ့် စတန်းဒတ်ပေါ့။ ဥပမာ- ဆီဒိုးနားဟော်တယ်ပေါ့။
( ဖေကြီးသိပ်မမှတ်မိတာက ဟော်တယ်ရှေ့နောက်ကိစ္စ၊ ထားပါတော့)

          ရေနွန်ဆိုတဲ့ကောင်က တစ်ခုခုစားမယ်လုပ်တိုင်း ဟိုတယ်က ရှေမှာလား၊ နောက်မှာလားဆိုတာ အရင်ကြည့်တယ်။ ရှေကနေနေ၊ နောက်ကနေနေ စားမှာ စားလိုက်ပေါ့။ ဟုတ်ဘူးလား။

          တစ်နေရာရောက်တော့ နာမည်ကို သူဖတ်တယ်။ စတန်းဒတ်ဖြစ်တယ်ဆိုပြီး ယုံယုံကြည်ကြည်နဲ့ စားထည့်လိုက်တာ ဝမ်းတွေလျှောပါလေရောကွာ။ ဒီကောင့်ကိုကြည့်ပြီး ဖေကြီးဘယ်သူ့ကို သတိရတယ်ထင်လဲ။

          ဟိုကောင်မလေးလေ။ သတ်ပုံကိစ္စတွေနဲ့ ဝမ်းမကြာမကြာ လျှောတတ်တဲ့ကောင်မလေး၊ ကမ်းက အယ်ချုပ်ပေါ့။ ဒါပါပဲကွယ်။ ကြုံမှ ဆက်ဦးမယ်။

 ဦးကိုမောင်























Copyright © 2011 ကမ်းလက်. All rights reserved.

ခရီးတစ်ခုထွက်ခြင်း


သူခရီးတစ်ခုထွက်ဖို့ စဉ်းစားနေသည်။
          “ဟယ် ဒီလပြည့်ညက လှလိုက်တာ၊ ကြယ်တွေလည်း စုံနေတာပဲ” ဟု လူတစ်ချို့က ပြောကြသည်။ သူကောင်းကင်ကို မော့ကြည့်မိသည်။ မဟုတ်။ သူတို့လို ခံစားလို့မရ။ ကြယ်တာရာဟူသည် သူ့ချစ်သူပါးပြင်မှ ဝက်ခြံဖုများဖြစ်သည်။

            ဒါကြောင့် ဖြစ်နိုင်သည်။ သူခရီးတစ်ခု ထွက်ဖို့စဉ်းစားနေသည်။
          “ဟယ် ကြည့်လိုက်ကြစမ်း။ စနေထောင့်မှာ နီရဲနေတာပဲ။ မုန်တိုင်းကျတော့မယ်ထင်တယ်” ဟု ပြောကြပြန်၏။ သူတို့ပြောသည့် စနေထောင့်ကို ကြည့်လိုက်သည်။ မဟုတ်။ သူတို့ပြောသလို ခံစားလို့မရပြန်။ နီထွေးသောအရောင်များသည် သူ့ချစ်သူ၏ ပါးအို့နီနီလေး ဖြစ်နေ၏။

          ဒါ့ကြောင့်လည်း ဖြစ်နိုင်ပြန်သည်။ သူခရီးထွက်ဖို့ စဉ်းစားနေသည်။
          ခရီးတစ်ခုထွက်ခြင်းအတွက် အကြောင်းပြချက်တစ်ခုခု လိုချင်မှလည်း လိုလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ခရီးတစ်ခုတော့ သူထွက်ဖို့ စဉ်းစားနေသည်။

          “ရင်မှာလှိုက်ခတ် ကြပ်တင်းလို့၊ ဝေဒနာဖြစ်ခဲ့ပြီမို့
          တနေရာရှောင်ထွက်သွားပါရစေ၊ ခေါ်မနေနဲ့တော့ ဒီတစ်ခါ ငါ့ကို
          သွားခွင့်ပြုဦး၊ ခွင့်ပြုပါဦးလေ….”

          ဆိုသည့် သီချင်းအပိုင်းအစတစ်ချို့ ခေါင်းထဲရောက်လာပြန်၏။ မဆိုင်ဟု ထင်သည်။ သူ့ရင်သည် လှိုက်ခတ်ကြပ်တင်း၍မနေ၊ ဝေဒနာလည်း မယ်မယ်ရရ မရှိ၊ ရှောင်ထွက်သွား ခြင်းလည်းမဟုတ်။ ပို၍ အရေးကြီး သည်က သူ့မှာ လှမ်းခေါ်မည့်သူ၊ ခွင့်ပန်ရမည့်သူ မရှိ။ ဒါဆိုရင်တော့ ဒီသီချင်းလည်း မှားနေပြန်သည်။



          ဒါ့ကြောင့်လည်း ဖြစ်မည်။ သူခရီးတစ်ခု ထွက်ဖို့ ကြိုးစားနေသည်။
          ဒီသီချင်းက မှားနေလျှင် မှန်နေသောအရာကား အဘယ်နည်း။

          မှန်ကန်သောအရာ များစွာရှိနိုင်၏။ ရေရောမထားသော အရက်တစ်လုံးသည် အမှန်တရား တစ်ခုဖြစ်နိုင်၏။ ဖုံးဖိထားသော စကားလုံးတစ်ချို့သည် အမှန်တရားဖြစ်နိုင်၏။ မတူးဖော်ရသေးသော ခံစားမှုရုပ်ကြွင်းများ အမှန်တရားဖြစ်နိုင်၏။ မပေးဆပ်ရသေးသောအကြွေးများ အမှန်တရားဖြစ်နိုင်၏။ မှောက်ထားသော ဖဲတစ်ချပ် ဘာမှန်းမသိခြင်းသည် အမှန်တရားဖြစ်နိုင်၏။ ကျပျောက်သွားသော ဓာတ်ပုံတစ်ခုသည် အမှန်တရားဖြစ်နိုင်၏။ ခံစားမှု၌ Lost and Found အော့ဖစ်မရှိ၊ ဤလည်း အမှန်တရားဖြစ်နိုင်၏။ အမှန်တရားများ များလွန်းနေပြီ။

          ဒါကြောင့်လည်း ဖြစ်နိုင်၏။ သူခရီးတစ်ခုထွက်ဖို့ စဉ်းစားနေသည်။
          ခရီးတစ်ခုထွက်ခြင်းအတွက် ဘာတွေလိုအပ်သလဲ…။

          တချို့က (၇) မျိုး (၈) မျိုးပဲလိုတယ်ဟု ဆိုကြ၏။ ပိုက်ဆံအိတ်လို၏။ ပတ်(စ်) ပို့ လို၏။ ဆဲ(လ်) ဖုန်းလို၏။ အိုင်ပက်လို၏။ ချစ်သူ၏ ဓာတ်ပုံလို၏။ မှန်လို၏။ မိတ်ကပ်ဘူးလို၏။ ညှပ်ဖိနပ်လို၏။ အနွေးထည်လို၏။ ဝမ်းပိတ်ဆေးလို၏။ ဗီဇာလို၏။ အမှတ်တရ နှုတ်ဆက်စကားတစ်ခွန်းလို၏။ လို၏-၊ -လို၏။

          ခရီးတစ်ခုထွက်ခြင်းအတွက် အမှန်တစ်ကယ်ရော ဒါတွေလိုအပ်သလား။ သူမသိ၊ လိုကောင်း လိုလိမ့်မည်။ ဒါတွေရှိမှ ခရီးထွက်ရမည်ဆိုလျှင်တော့ သူခရီးထွက်၍ မရတော့။ ဒါတွေမပါလည်း ခရီးထွက်လို့ရသည်ဟု သူထင်၏။

          ဒါကြောင့်လည်း ဖြစ်မည်။ သူခရီးထွက်ဖို့ စဉ်းစားနေ၏။
          ခရီးဆိုတာ ဘယ်ကိုထွက်ရတာလည်း….

          ပို၍ရှုပ်ထွေးသွား၏။ တချို့က ဦးတည်ချက်ရှိမှ ခရီးထွက်လို့ရသည်ဟု ဆို၏။ ထိုဦးတည်ချက် သည် ပို၍လှပသောရပ်ဝန်းတစ်ခုဖြစ်က ပို၍ကောင်းသည်ဟု ထပ်ဆင့်ဆိုကြပြန်၏။ သိပ်မဆိုင်လှဟု ထင်သည်။ ခရီးတစ်ခုသည် ဦးတည်ချက်မလို၊ ဦးတည်ချက်မရှိလည်း ထွက်လို့ရသည်။ သူ့မှာ ဦးတည်ချက် မယ်မယ်ရရ မရှိ။ ဦးတည်ချက်ရှိမှ ခရီးထွက်ရမည်ဆိုလျှင် သူခရီးထွက်၍ မရ။ ထို ဦးတည်ချက်ဆီ ခရီးထွက်သူများရော ဦးတည်ချက်ဆီကို ရောက်ကြသလား။ ရောမကို မရောက်သော လမ်းများစွာရှိ၏။

          သူငယ်ချင်းကဗျာဆရာက ဒုတိယမြို့တော်၏ ဓာတ်မီးတိုင်များကို စာအိတ်ထဲထည့်ပြီး သူ့ချစ်သူ မြင့်မြင့်ချိုထံ စာတိုက်ကပို့ဖူး၏။ သူငယ်စဉ်က ဓာတ်မီးတိုင်ကြီးတစ်ခုကို ဆွဲနှုတ်ကြည့်ဖူး သည်။ မရခဲ့။ အဖေက ဘာအတွက်လဲဟုမေးသောအခါ ချောချောဖို့ဟု ဖြေဖူးသည်။ ချောချောဟူသည် သူ့အစ်မ တစ်ယောက်ဖြစ်သည်။ မငေါက်ငမ်းဖူးသောအစ်မ၊ အမေကွယ်ရာမှာပင် ဆွဲမဆိတ်ခဲ့ဖူးသော အစ်မဖြစ်သည်။ ထိုဓာတ်တိုင်များ မီးပျက်ကိုကြည့်ပြီး ချောချောကို မပေးလိုက်နိုင်ခြင်းအတွက် အခုသူဝမ်းမြောက်နေသည်။ ဘက်ထရီအိုးတစ်လုံး ချောချောကိုပေးခဲ့၏။

          ခရီးထွက်ခြင်း၌ မရှိမဖြစ်လိုအပ်သောအရာတစ်ခုတော့ရှိသည်။ ထိုအရာသည် ထွက်ခွါရာ အရပ်ဖြစ်သည်။ မှန်သည်။ ဦးတည်ချက်မရှိ၊ အမှတ်တရ နှုတ်ဆက်စကားတစ်ခွန်းမရှိ၊ ဘာမှမရှိပဲ ခရီးထွက်လို့ရသည်။ သို့သော် ထွက်ခွါရာမရှိပဲတော့ ခရီးထွက်လို့မရ။ သူသိလိုက်သည်။ ပေါ့ပေါ့ပါးပါး ခရီးထွက်ရန် ပထမခြေလှမ်းစလိုက်သည်။

          ဟင် ၊ ငါထွက်ခွါရာက ဘာပါလိမ့်။ သူသိလိုက်သည်။ သူဆောက်ထားမိသော အမေ့ရွာက အိမ်လေးတစ်လုံးထဲမှဖြစ်သည်။

          သူသည် သူလုပ်ချင်ရာကို လုပ်သူဖြစ်သည်။ တော်တော်များများလုပ်ဖူးသည်။ ဘာမှတော့ ဖြစ်ဖြစ်မြောက်မြောက်မရှိ။ မကြာသေးမီက သူလုပ်ချင်သောအလုပ်တစ်ခု ရှိခဲ့သည်။ ဒါကို သူ့ တစ်သက်မှာ တစ်ခါမှ သူမလုပ်ဖူးသေး။ ထိုအရာသည် အိမ်ကလေးတစ်လုံးဆောက်လိုခြင်းဖြစ်၏။ ထိုအိမ်ကလည်း သူကိုယ်တိုင်ဆောက်သောအိမ် ဖြစ်ရမည်။ ဘာကြောင့် ဒီအိမ်ကလေးကို ဆောက်ချင် တာလည်း ဆိုတာကိုတော့ သူကိုယ်တိုင်လည်း မသိ။ သိစရာလည်းမလိုဟု ထင်သည်။ “ဘာကြောင့်” ဆိုသောအမေးသည် မုသာဝါဒအများစု၏ မြစ်ဖျားဖြစ်သည်။

          ကိုယ်တိုင်သစ်ခုတ်၍ တိုင်ထူသည်။ ကိုယ်တိုင်ဝါးခုတ်၍ နှီးဖျာသည်။ ကိုယ်တိုင် မြက်ရိတ်၍ သက်ငယ်ပျစ်သည်။ ကိုယ်တိုင်မိုး၍ ကိုယ်တိုင်ခေါင်အုပ်လိုက်သည်။ အမေ့ရွာက ထိုအိမ်ကလေး ကိုကြည့်ပြီး ချောချောကပြောသည်။

          “မောင်လေး၊ နင်ကဘာဖြစ်လို့ ဒီအိမ်ဆောက်တာလဲ။ နင်ဆောက်ပေးထားတဲ့အိမ် ရှိပြီးပြီပဲ။ မကြီးပေမယ့် ငါတို့နေလို့ ရတာပဲ”

          “နေဖို့မဟုတ်ဘူးဟ၊ ငါအိမ်မဆောက်ဖူးလို့ အိမ်ဆောက်ကြည့်တာ။ အရင်အိမ်လေးက လက်သမားတွေဆောက်တာ။ ဒီအိမ်လေးက ငါကိုယ်တိုင်ဆောက်တာ”

          “နင် ပင်ပန်းတာပေါ့”
          “အင်း၊ ငါတော့ အိမ်ဆောက်ဖူးသွားပြီလေ။ အဖေက လက်သမားလည်း လုပ်တတ်တယ်။ ငါလည်း လက်သမားလုပ်တတ်မှကောင်းမယ်”

          ထိုအိမ်လေးထဲမှ သူထွက်လိုက်၏။ ထိုအိမ်လေးသည် ထွက်ခွါရာဖြစ်၏။ ခရီးတစ်ခုထွက်ခြင်း မှာလည်း ထွက်ခွါရာသာအရေးကြီးသည်။ ကျန်တာတွေက အရေးမကြီး။ ခြေတစ်လှမ်း နှစ်လှမ်း လှမ်းမိသောအခါ သူငယ်စဉ်က အလွန်ကြိုက်ခဲ့သော “လူမနေတဲ့ အိမ်ကလေး” ဆိုသည် ဟင်္သာတထွန်းရင်၏ လွမ်းဆွေးဆွေး သီချင်းလေးတစ်ကြောင်း ရောက်လာပြန်၏။

          “လူမနေတဲ့အိမ်ကလေး…အထီးကျန်ဆန်လွန်းလှတယ်လေ…”
          သူစိတ်မကောင်းတော့ ဖြစ်မိ၏။ မတတ်နိုင်။ ဆုံးဖြတ်ပြီးပြီဖြစ်၏။ ဒီအိမ်ကလေးကလည်း အထီးတော့မကျန်လှ။ ချောချောတို့အိမ်လေးနှင့် တွဲလျှက်ဆောက်ထားတာဖြစ်သဖြင့် လှဲကျင်းမည့် သူ တော့ရှိနေသည်။

          သူထွက်ခဲ့ပြီးဖြစ်၏။
          ကောင်းကင်ကို မော့ကြည့်၏။ လပြည့်ညဖြစ်နေသဖြင့် သူ့ချစ်သူ၏ပါးပြင်၌ ဝက်ခြံများ ပေါက်နေလျှက်ရှိ၏။ သူစိတ်မကောင်းဖြစ်ရသည်။ မုန်တိုင်းမဆင်သဖြင့် ချစ်သူ၏ပါးပြင်ပေါ်က ပါးအို့နီကိုလည်းမတွေ့ခဲ့ရ။ စိတ်မကောင်းဖြစ်ရပြန်၏။
                                                                                          


ဇင်ဝေသော်
















Copyright © 2011 ကမ်းလက်. All rights reserved.

¤°.¸¸.·´¯`» တိုင်းမ် ဖလိုင်းစ်

အချိန်တွေ ကုန်လွယ်တဲ့အခါ
တိုင်းဟာ ဖလိုင်းစ် တဲ့ အခါ
ဘဝဟာ ရေစီးသာ လို့ပါ။

အကျပ်အတည်းကြားက အစာအိမ်များ
ပိုက် တန်းလန်းနဲ့ လူနာကုတင်များ
သံတိုင်ကြားက နှလုံးသားများ
ထို များ များ များ... တို့ အတွက်
တိုင်းမ် ဟာ မဖလိုင်းဘူး။

သင့်ချစ်သူ ရဲ့လက်ကို ကိုင်ထားတဲ့အခါ
ချိုသာတဲ့ သူ့စကား နားထောင်တဲ့အခါ
ဣဿာ မစ္ဆရိယ နာရီလက်တံတွေ
ဆယ့်ခြောက်ဆ မြန်အောင် ပြေးနေပေမယ့်

ရင်ခုန်သံ လွဲတဲ့ ဘဝတွေထဲမတော့
ကရုဏာ မုဒိတာ နာရီလက်တံတွေက
လော်ကယ်ရထားအိုကြီးလို
ဆယ့်ခြောက်ဆ ပိုနှေးနေတတ်တယ်။

ဘာရယ် လို့ မဟုတ်ဘူး
တိုင်းမ် ဖလိုင်းစ် လို့ ထင်မိတိုင်း
မဖလိုင်းစ် တဲ့ တိုင်းမ် တစ်ချို့ကို....။ ။


ဇင်ဝေသော်









Copyright © 2012 ကမ်းလက်. All rights reserved.

စာမူ ၁၅၅၁ ပုဒ်


ဦးကိုမောင်- ကလေးတို့၊ လူစုံတက်စုံပါလား။ မင်းတို့ ကမ်းလက်ရဲ့ အနေအထားက ဘယ်လိုလဲကွဲ့။

(ကလေးများ)- မျှော်လင့်တာထက် ပိုကောင်းပါတယ်ဖေကြီး။ အံ့သြစရာကောင်းတာက လွန်ခဲ့တဲ့တစ်ပတ်ကအထိ စာဖတ်ပရိသတ်ကိုကြည့်တော့ အမေရိကားက Top ဖြစ်နေပြီး စင်္ကာပူက ဒုတိယ။ ဒီတစ်ပတ်ထဲမှာ စင်္ကာပူက ခေါက်ချိုးတက်လာလို့ Top ဖြစ်သွားတာ။

(ဦး) -          အမေရိကားကလူတွေကို တို့လည်းမသိပါလား။ စင်္ကာပူက ထားပါတော့။ ဒါနဲ့ အခုလောလောဆယ် ဘယ်နှစ်ယောက်လောက် ဝင်ကြည့်သွားပြီလဲကွဲ့။

(များ)-           ဒါကို လျှိုထားကြတာ ဖေကြီးရဲ့ ။ ကမ်းလက်ရဲ့ မွေးနေ့တို့ ဘာတို့မှာဆိုရင်တော့ ထုတ်ပြဖို့ စိတ်ကူးရှိကြပါတယ်။ ဒါကလည်း ကမ်းလက်ပရိသတ်တွေ မုဒိတာပွါးရအောင်လို့ပါ။ ဒါကလည်း အဖွဲ့နဲ့ တိုင်ပင်ရဦးမှာ။

(ဦး)-             မင်းတို့ဟာကကွာ၊ ဖေကြီးကိုတောင် ပြောမပြနိုင်ဘူးလား။

(များ)-           ပြောပါဘူး၊ ဖေကြီးကိုပြောလိုက်ရင် အားလုံးကို ပြောလိုက်သလို ဖြစ်သွားမှာပေါ့။
(ဦး)-             ကဲ- ထားပါတော့ကွာ။ ဒါနဲ့ စာမူကိစ္စတွေကရော။

(များ)-           သီဟနာဒနဲ့ ဇင်ဝေသော်ရေးထားတာတွေ စာရင်းချုပ်လိုက်ရင် (၉၂) ပုဒ် ရှိသွားပြီ။ အတိုရော၊ အရှည်ရောပေါ့ ဖေကြီးရာ။ ခက်တာက ဘုန်းဘုန်းသီဟနာဒက ပိုးကိုက်မှရေးတာတဲ့။ ပိုးရှာထားမှဖြစ်မှာ။ ကြမ်းပိုးကိုက်လို့ စာရေးရင်လည်းမဆိုးဘူး။

(ဦး)-             ဒါနဲ့ ဘယ်လိုစာတွေကို လူတွေပိုဖတ်သလဲကွဲ့။

(များ)-           FB နဲ့ ဘလော့(ဂ်) မတူဘူး ဖေကြီး။ FB မှာ အတို ဟာသလေးတွေကို ပိုဖတ်ပြီး၊ ဘလော့(ဂ်) မှာကျတော့ အက်ဆေး၊ ဝတ္တု ပီပီပြင်ပြင်တွေကို ဖတ်ကြတာ။ ဥပမာ- အရောင်များနဲ့ ကစားခြင်းနဲ့ လရောင်တမ်းခြင်းတို့လိုပေါ့။ FB မှာ ဒီနှစ်ပုဒ်က ဖတ်သူနည်းတယ်။ ဘလော့မှာကျတော့ သူတို့က Top တွေဖေကြီးရဲ့၊ မတူဘူး။ ဘုန်းဘုန်း သီဟနာဒက ဒါကို သဘောကျနေတာ။ ငါက ရယ်ချင်တဲ့သူပဲ ရှိတယ်ထင်တာ၊ စာဖတ်ချင်သူတွေလဲရှိသားပဲ။ ကြိုးစားရကျိုးနပ်တယ်တဲ့။

(ဦး)-             ဒါနဲ့ ဆုထားရော ဘာစာအုပ်တွေ ဖတ်နေလဲ။

(ဆုထား)-      Many Lives, Many Masters ကို ဖတ်နေပါတယ်ဖေကြီး။ လုံးစေ့ပတ်စေ့တော့ ဘာသာမပြန်ပါဘူး။ ရှည်လွန်းသွားပြီး ကိုရီးယားကားလို ဖြစ်မှာစိုးလို့။ ခပ်တိုတိုချုပ်ပြီး မက်ဆေ့ပေးနိုင်အောင်တော့ ကြိုးစားမှာပါ။

(ဦး)-        ကောင်းပါလေ့ကွယ်။ အမေရိကန် စိတ်ပညာရှင် ဒေါက်တာတစ်ယောက်ရေးထားတဲ့ စာအုပ်မဟုတ်လား။ တို့ဘုရားရှင်ရဲ့ သံသရာဝါဒကို သိပ္ပံက လက်ခံရတဲ့သဘောပေါ့။ သာဓုပါကွယ်။



(ကလေးများ)-  ဖေကြီးက သူများအကြောင်းတွေ လျှောက်မေးပြီး စာမူကျတော့ မပေးဘဲနဲ့။ အခု စာမူတောင်းမလို့ လာကြတာ။

(ဦး)-             ဟေ- ဒီလိုလား။ မညှင်းကြပါနဲ့ကွယ်၊ ဖေကြီးကအသက် ကြီးပါပြီ။

(များ)-           မရဘူး။ တစ်ပုဒ်ဖြစ်ဖြစ်၊ နှစ်ပုဒ်ဖြစ်ဖြစ် ပေးမှရမှာ။

(ဦး)-             ကဲ စာမူမပေးနိုင်တောင် အကြံဥာဏ်တော့ ပေးနိုင်ပါသေးတယ်ကွယ်။ ကလေးတို့ကို စာမူ ၅၅၀ ပုဒ်အရင် ပေးမယ်။

(များ)-           ဘာပြောတာလဲ ဖေကြီး။

(ဦး)-             ကလေးတို့ စာမူပြတ်သွားရင် ၅၅၀- ဇာတ်နိပါတ်တော်တွေကို တစ်နေ့ တစ်နိပါတ်တင်လို့ ပြောတာပါ။ ရက်ပေါင်း ၅၅၀ တင်လို့ရတယ်။

(များ)-           ဟေး ဒါမှ ဖေကြီးကွ။အာ…. ဖေကြီးက ညစ်ပြီ။ ဒါတော့ သူပြောမှလား။
                   ( ကလေးများ ဤ၌လေသံမတူကြ။)

(ဦး)-             ဒါမှ မလောက်သေးဘူးဆိုရင် တစ်ထောင့်တစ်ညပုံပြင်စာအုပ်ကို ရှာဝယ်ကြကွယ်။ တစ်ပုဒ်ကိုတစ်ရက်တင်ရင် ၁၀၀၁ ရက်တင်လို့ရတယ်။ ကဲ ဘာလိုသေးတုန်း။ ဖေကြီးက တစ်ပုဒ်နှစ်ပုဒ်တောင်မကဘူး ၁၅၅၁ ပုဒ် ပေးလိုက်ပြီ။

 ဘာသဘောပေါက်သွားကြလည်းတော့ မသိဘူး။ ကလေးတွေက ပြိုင်တူ-
(များ)-           ဟေး ဒါမှ ဖေကြီးကွ။ စာမူကိစ္စ ပူရတော့ဘူး…တဲ့။

          ကဲ မှတ်ကရော။ ၁၅၅၁ ရက်အတွက် စာမူပူစရာတောင် မလိုတော့ဘူး။ ဦးကိုမောင်တို့က ငယ်ရာကကြီးလာတာ (ကြီးရာက ငယ်သွားတာမဟုတ်ဘူး)။ ဒီအကြံဥာဏ်လောက်တော့ လိုရင် ထုတ်လို့ရပါတယ်။ ကလေးတွေဆို ပျော်…လို့ (ဟုတ်ဟုတ်၊ မဟုတ်ဟုတ်)။


ဦးကိုမောင်













Copyright © 2011 ကမ်းလက်. All rights reserved.

ဖဿကိုသင်တာ ဝေဒနာကို ကျော်တွေ့


ရန်ကုန်ရောက်ခိုက် နောင်တော်ရဟန်းတစ်ပါး၏ ကျောင်း၌ ခဏမျှသီတင်းသုံးစဉ်ကဖြစ်၏။ တရားစခန်းနှင့် တည့်တည့်ဝင်တိုးနေ၏။ တရားဝင်ထိုင်ရန် သူကဆို၏။ စာမေးပွဲပြီးစဖြစ်၍ ဖြစ်နိုင်လျှင် လွတ်လွတ်လပ်လပ်ကလေး နေလိုက်ချင်သေးသည်။ သို့သော် မငြင်းချင်။ အခြားသော ရဟန်းတော်များ လည်း တရားစခန်းဝင်သဖြင့် ဝင်လိုက်ရတော့၏။


တရားနည်းကား အနာဂါမ် ဆရာသက်ကြီး၏ နည်းတည်း။
ထိုင်ချိန်ပိုကြာ၏။ လမ်းလျှောက်ချိန်နည်း၏။ ကမ္မဋ္ဌာန်းဆရာကားပျော်ဘွယ်ကြီး ကျေးရွာမှ ဒကာကြီးတစ်ယောက်တည်း။

အမေရိကန် ဘိက္ခူနီ တစ်ပါးပြောဖူးသည်ကို အမှတ်ရ၏။ ငြိမ်းချမ်းမှုဟူသည် ဆံပင် ရိတ်ဖြတ်ကာမျှဖြင့်မရ။ ဖန်ရည်စွန်းသင်္ကန်း ကောက်ဝတ်ယုံဖြင့်မရ။ ဤမျှဖြင့်ရပါက လူတိုင်း ကတုံးလေးတွေနှင့် ဖြစ်နေနိုင်သည်ဟုပင် “သော” သွားသေး၏။ မှန်၏။ လူ့စိတ်၊ ရဟန်းစိတ် အားလုံးသည် မထိန်းကျောင်းရသေးလျှင် အတူတူပင်ဖြစ်၏ ။

(၄)ရက်သာ ကုန်သွားသည် သမာဓိက မရ။ ထိုနည်းက သမာဓိပြီးမှ ဝိပဿနာကို ကူးသည်။ သမာဓိ ထူထောင်စဉ် စကားပြောခြင်းကို တားမြစ်၏။ ဝိပဿနာကူးသွားလျှင် အရေးကြီးသော အဓိပ္ပါယ်ရှိသော စကားပြောနိုင်၏။ ငါးရက်မြောက်နေ့၌ ယောဂီများကို ခေါ်၍ တရားစစ်တော့၏။

ကျန်သည့်ယောဂီများမှာတော့ မည်သို့ ရှိမည်မသိ။ မိမိမှာတော့ တရားရှုမှတ်ခြင်းနှင့် ပက်သက်၍ ပြောလောက်စရာဘာဆိုဘာမှ မရှိ။ သို့သော် မေးက တစ်ခုခုတော့ ပြောရပေလိမ့်မည်။

သီဟနာဒသည် မလျော်ရာ၌ အလွန်တော်၏

တော်ပုံကိုဆိုအံ့။

ဆရာကခေါ်မေးတော့မည်။ ဘာပြောရမည်နည်း။ စဉ်းစား၏။မရ။ ထိုစဉ် ရေအိုးစင်မှ ရေအေး တစ်ခွက်ကို မော့သောက်လိုက်မိ၏။ အမြင်မှာ အေးချမ်းနေသော ထိုရေက ခံတွင်းထဲရောက်သည်နှင့် တပြိုင်နက် ချက်ချင်းနွေးသွား၏။ မသေချာလှသေး။ ဒုတိယ ရေအေးတစ်ခွက် ထပ်စမ်းကြည်၏။ မှန်၏။ ခံတွင်းမှ အပူရှိန်ကြောင့်ရေအေးသည် စက္ကန့်ပိုင်းအတွင်းနွေးသွား၏။

ထိုစဉ် မစွံသော ဉာဏ်အလင်းလက်သွားတော့၏

သို့ဖြစ်လျှင် ရှူလိုက်မိသော “လေ” ကရော။ ဤသို့ပင်ဖြစ်ပေလိမ့်မည်။ အပြင်မှ လေသည် အေးနေရမည်။ နှာခေါင်းထဲဝင်၊ အဆုတ်ဆီရောက်အောင်သွား၊ ပြန်ထွက်လာသော ထိုလေသည် သေချာပေါက် နွေးနေရမည်။ မိမိသမာဓိမရှိ၍ မသိခြင်းသာဖြစ်နိုင်သည်။

ဤဖော်မြူလာကို ရသွားတော့၏
ဆရာကြီးက တရားအတွေ့ကိုမေး၏။



ဝင်သွားသောလေက အေး၍ ပြန်ထွက်လာသော လေကနွေး၏” ဟုဖြေချလိုက်သည်။

ထိုစဉ်လုံးဝမျှော်လင့်မထားသော အရာဖြစ်သွားတော့၏။ တရားအတွေ့မမေးမီက ဦးချထားပြီးသော ထိုဒကာကြီးက ကြုံ့ကြုံ့လေးထိုင်ခါ ဦးချပြန်တော့သည်။ ဘာမှန်းမသိ။ မိမိလည်း ပြူးတူးပြာတာဖြစ်သွား၏။ ဆရာကြီးကလျှောက်၏။

ထူးလှတဲ့ ပါရမီရှင် အရှင်မြတ်ပါဘုရား။ ဆက်လက်ကြိုးစားအားထုတ်တော်မူပါဘု၇ား။ ဒီနေ့အထိ တပည့်တော် ပို့ချနေတာက အတွေ့(ဖဿ) ပဲရှိပါသေးတယ်ဘုရားအရှင်ဘုရားက ဖဿကိုကျော်ပြီး ဝေဒနာကိုတောင် တွေ့နေပါပြီဘုရား။ အရှင်ဘုရားလည်း စာကိုသိပါတယ်။ ဖဿ ပစ္စယာ ဝေဒနာ ပါဘုရား။ တကယ်တမ်းကျင့်ရင် ဖဿကို တွေ့ပြီး တဲ့နောက် ဝေဒနာကို ထင်ထင်ရှားရှား မြင်ဖို့ အချိန်လိုပါတယ်ဘုရား” ဟုလျှောက်လေတော့၏။

မလျော်ရာတော်မိသော သီဟနာဒသည် ဆရာကြီးကို လိမ်လိုက်မိ၏။
အင်တာဗျူးအပြီး အပြင်ထွက်လာတော့ မိတ်ဆွေရဟန်းများကဆို၏။

“အမောင်သီဟနာဒ၊ သင့်ထံ၌ သမာဓိခြူးတစ်ပြားမှ မရှိသည်ကို ငါတို့သိ၏။ သင်နှင့်စာလျှင် ငါတို့ကမှ အနည်းငယ်ရှိသေး၏။ သို့သော် ငါတို့ဖြေသော အဖြေသည် ဆရာကြီး သဘောနှင့် ညီဖို့ဝေလာဝေး၊ ပို၍ကြိုးစားရန်သာ ဆိုလိုက်၏။ သင့်ကိုမူ ဆရာကြီးက ဦးသုံးကြိမ်ပင် ပိုချလိုက်၏။ သင်၏ အဖြေကား အဘယ်နည်း” ဟုမေးကြ၏။

မတတ်နိုင်ဖြေလိုက်၏။ အားလုံးရယ်ကြ၏။

ထို့နောက် မိမိကို “ ဝေဒနာ” ကိုယ်တော်ဟု နောက်ပြောင်ပြောင် ဥတ္တရက  စ၍ ခေါ်တော့၏။
တရားစခန်းပြီးမှ ထိုကိစ္စကို ဆရာကြီးကို ရှင်းပြမိ၏။

“လိမ်သည်ဟု မထင်ပါနှင့်ဘုရား။ အရှင်ဘုရား တွေ့လိုက်ရသည်ကလည်း တကယ်သဘာဝ ဓမ္မပါပဲဘုရား” ဟုဖြေသိမ့်ရှာ၏။ မှန်၏။ ဖြေသိမ့်ခြင်းမျှသာ။

သီဟနာဒ
 









Copyright © 2011 ကမ်းလက်. All rights reserved.

အရည်အသွေးမီ အချိန် ~ ကွာလတီ တိုင်း(မ်)

ခွင့်ရက်လေးလည်း ရှည်ရှည်ရ။ ကလေးတွေလည်း တချို့ အလုပ်ကခွင့်ယူ၊ တချို့လည်း စာမေးပွဲဖြေပြီး ဟောလီးဒေးမို့ မရောက်တာကြာတဲ့ ရွာကို တစ်ပျော်တစ်ပါးကြီး ရောက်ဖြစ်ခဲ့ကြတယ်။ ရန်ကုန်ပြန်တယ်ဆိုပေမယ့် ကိုယ့်မိသားစုလေးနဲ့တင်ပဲ (အ၇ည်အသေးမီအချိန်) Quality Time ဖြစ်ရအောင်ဘယ် ဆွေမျိုးကိုမှ အသိပေးမနေတော့ဘဲ ဟိုတယ်မှာပဲတည်းလိုက်တော့တယ်။ ဦးကိုမောင် ရေးမယ့်အထဲမှာ နည်းနည်း သိက္ခာကျစရာလေးပါလို့ ဟော်တည်နာမည်တော့ ထည့်မရေးတော့ပါဘူး။ 

ကျွန်တော်တို့ကလည်း တကယ်တော့ အင်တာနေရှင်နယ် မဆန်လှပါဘူး။ ကလေး ငါးယောက်ရယ်၊ ဦးကိုမောင်ရယ် စုစုပေါင်း ခြောက်ယောက်အတွက် Double Room တစ်ခန်းကိုပဲ ငှားပြီး ဖြစ်သလိုအိပ်ကြတာ။ ဘာပဲဖြစ်ဖြစ် ကိုယ့်မိသားစုနဲ့ကိုယ်ဆိုတော့ အရည်အသွေးမီ အချိန်တော့ ဖြစ်ပါတယ်။ 

ဖြစ်ပုံက ဒီလို။ ရောက်တဲ့နေ့မှာဘယ်ကိုမှ မသွားတော့ပဲ အခန်းထဲမှာပဲ နှပ်နေလိုက်ကြတယ်။

ချမ်းချမ်းက သူ့ဘာသာသူ ကုန်ကျစားရိတ်တွေ ပြန်စစ်နေတယ်။ ဘယ်သူမှ သူ့ကို မခိုင်းဘူး။ သူ့ဝါသနာနဲ့သူ။ ပိုက်ဆံရေတွက်နေရရင် ပျော်နေတဲ့ကောင်မလေး။ 

အိုက်အိုက်ကတော့ ပျင်းတယ်။ ပေါ့ပေါ့ပါးပါးလေးတွေ ဖတ်နေတာကောင်းတယ်ဆိုပြီး စာကြည့်စားပွဲမှာ စာဖတ်နေတယ်။ စာအုပ်ကြည့်လိုက်တော့ ၃-လက်မလောက်ရှိတဲ့ ဒီပနီပေါင်းချုပ်။ ဒီကောင်မလေး ကလည်း ဒီပနီပေါင်းချုပ်လိုစာအုပ်တောင် ပေါ့ပေါ့ပါးပါး စာပေထဲ ထည့်ထားတာ။ 

စပ်စပ်ကတော့ တစ်ခုခု စားရရင်ကောင်းမယ်။ ဟိုတယ်ကလည်း လက်ဖက်သုပ်မရဘူး။ တော်တော် အဆင့်မမီတဲ့ဟော်တယ်လို့ ကြိမ်းမောင်းပြီး လက်ဖက်သုပ်အဝယ်ထွက်သွားလေရဲ့။ သူသွားတာက အရေးမကြီးဘူး။ လက်ဖက်သုပ်ဆိုင်သွားပြီး ရေခဲမုန့် မရရပါ့မလားဆိုပြီး ရန်ဖြစ်လာမှာကို စိုးရိမ်ရတဲ့ အဖေက ရင်တမမ။ 

ဟိုကောင် ရှိတ်စပီးယား ငတူးကလည်း အိုက်အိုက်နဲ့ တစ်ပါတီထဲပဲ။ စာအုပ်ထူထူနဲ့ လူတစ်ယောက်ရဲ့ သိက္ခာဟာ ခွဲခြားလို့ မရဘူးဆိုတဲ့ကောင်။ ဒီပနီပေါင်းချုပ်လိုစာအုပ်တောင် အင်တာနေရှင်နယ် လစ်ထရေချားမှာ နေရာမရှိ ရှိတ်စပီးယား ကိုပြန်တဲ့ မြန်မာစာရေးဆရာတွေအားလုံး ချာ၏။ မားသားလင်ကွေ့နဲ့မှ ရင်ကိုထိ ဆိုတဲ့ကောင်။ 

ပွတ်သီးပွတ်သပ် ခက်ခက်က သူ့အဖေကြီးနဲ့ပဲ ချက်(စ်)ကစားချင်သတဲ့။ ချက်(စ်) ကစားချင်တာလည်း ဟုတ်ချင်မှ ဟုတ်မှာ။ သူက သူများနဲ့ မတူကြေးဝါဒ

ချမ်းချမ်းက “အဲကွန်းတင်လိုက်ရင် ဟိုတယ်ဘေလ်က ပိုကျသွားမလား“ တဲ့။ မကျဘူးလည်းဆိုရော “ ကဲဟယ်၊ ကဲဟယ်“ ဆိုပြီး (အလကားရလို့တဲ့) ကောက်တင်လိုက်တာ နာရီဝက်လောက်လည်း ကြာရော တစ်ခန်းလုံး အေးစိမ့်သွားတာပဲ။ ဒါကို မကျေနပ်တာက အိုက်အိုက်။ 

“ အဲကွန်းပြန်ချ“ တဲ့ ခပ်ပြတ်ပြတ်ပဲ။ (ဘယ်တော့မှ မပြောင်းလဲတဲ့ သဘောတရား)
“ မချပါရစေနဲ့ ရှင် ပေးရတာချင်းအတူတူမို့ပါ “(ဘယ်တော့မှ မပြောင်းလဲတဲ့ သဘောတရား) 

သူတို့လေသံတွေ နည်းနည်း မာလာလို့ ကျွန်တော်က ဆိုနေကျ သီချင်းလေးကို တိုင်ပေးပြီး အားလုံးလိုက်ဆိုကြတယ်။ 

ချမ်း… ချမ်း. ချမ်း… ချမ်းလှချည်ရဲ့ ချမ်းချမ်းရယ် “ ( သံပြိုင်)



မကြာပါဘူး။ မီးက ဖျက်ကနဲ့ ပျက်သွားပါလေရော။ ခက်ခက်က “ ကဲ  ဖေကြီး၊ ဘယ်လိုလဲ ဖေကြီး ရထား တစ်လုံးရှုံးနေပြီ          “ ဖယောင်းတိုင်နဲ့ ဆက်ကစားမယ်။ 

“ မလုပ်ပါနဲ့ သမီးရယ်၊ ဖေကြီး အရှုံးပေးပါတယ်“
“ ဖေကြီးက လူလည်ကျတာပဲ။ မီးမပျက်ရင်  (၁၀)မိနစ်အတွင်း ဖေကြီးတကယ်ရှုံးပြီ “
“ သမီးကလည်း မီးပျက်တော့ ၁၀-မိနစ်တောင် မကြာဘူး။ ခု သမီးနိုင်ပြီလေ “
“ ရှုံးတာကို လိုချင်တာ၊ အရှုံးပေးတာကို လိုချင်ဘူး “ တဲ့။
ဟော့ဗျာ… ဒါနဲ့ သီချင်းနောက်တစ်ပုဒ် ထပ်တိုင်ပေးလိုက်တယ်။
ခက်… ခက်.ခက်..ခက်ရချည်ရဲ့ ခက်ခက်ရယ် “( သံပြိုင်)

ချမ်းချမ်းတင်ထားတဲ့ အဲကွန်းအရှိန်က ၁၅-မိနစ်လောက်အထိ အဆင်ပြေတယ်။ ၁၅မိနစ် ကျော်လောက်တော့မှ
“ အိုက်တယ် ၊ အိုက်တယ် “ ဆိုပြီး အိုက်အိုက်က ဆိုဖာကြီးကို လက်သီးနဲ့ တဘုန်းဘုန်း ထုပါလေရော။ ကျွန်တော်တို့ အားလုံးလည်း သံပြိုင်

အိုက်… အိုက်. အိုက်… အိုက် ရတဲ့အထဲ အိုက်အိုက်ရယ်
 “ ဒီတော့မှ “ ဟီး… ကိုယ်လွန်သွားတယ် “ တဲ့။ 

မကြာပါဘူး။ ပူညံ ပူညံ စပ်စပ် လ္ဘက်သုပ်တွေနဲ့ အတူပြန်ရောက်လာပါလေရော။ ကျွန်တော်တို့လည်း ကြမ်းပြင်ပေါ်ထိုင်ပြီး (အင်တာနေရှင်နယ် စတန်းဒတ်မဟုတ်တော့ ဘာအကြောင်းလဲ မီးတောင် ပျက်သေးတာ) လ္ဘက်သုပ်စားပစ်လိုက်ကြတယ်။ ဒီတစ်ခါ ကံဆိုးသူဦးကိုမောင် ..

“ အို …  ယော်… ဂေါဒ့်… ငရုပ်သီးတောင့်ကြီး ဝါးမိပြီ .. ရှူး ..ရှူး “
“သမီးဘေးမှာ ကပ်ထားတာ ဖေကြီးက ဘေးကနေ အရင်စားလို့ ဆောရီးဖေကြီး “ ဆိုပြီး စပ်စပ်က ရေသွားခပ်တယ်။ ( သူများနဲ့ ရန်ဖြစ်သလောက် သူ့အဖေကြီးကျတော့ ချစ်တယ်) 

ဒီတစ်ခါ ကလေးတွေက သူတို့ကိုယ်တိုင်ပဲ
စပ်… စပ်. စပ်…စပ်လှချည်ရဲ့ စပ်စပ်ရယ် “ တဲ့။ ဟွန်း.. စပ်ရတဲ့အထဲ။ 

ခဏနေတော့မှ ပျောက်နေတဲ့ ရှိတ်စပီးယားငတူးကို သတိရတယ်။
“သမီးတို့ ငတူးဘယ်ရောက်သွားသလဲ “
“မီး ပျက် ပျက်ချင်း ထွက်သွားပြီ။ အနှိပ်ခန်းသွားပြီး ရှိတ်စပီးယားလေးနဲ့ ဇိမ်ခံလိုက်ရရင် ကောင်းမယ် “ ဆိုပြီးထွက်သွားတာ တဲ့။ 

“ ဟော ဗျာ….“
ခက်ခက်က “ ဘာဖြစ်လို့လဲ ဖေကြီး“

“ဘာမှ မဖြစ်ပါဘူးကွာ။ ညောင်းတတ်တဲ့ ဖေကြီးက အနှိပ်မခံရဘဲ မညောင်းတတ်တဲ့ ငတူးက သွားပြီး အနှိပ်ခံနေလို့။ တကယ်ဆို ပါပါ့ကို လက်တို့သင့်တာပေါ့ “  ဆိုတော့ ပြောင်ချော်ချော် ခက်ခက်က

တူး… တူး.တူး… ဝမ်းရက်လေခြင်း တူးတူးရယ်“ တဲ့။ 

တကယ်ပါဗျာ.. မှောင်မည်းမည်း ဟော်တယ်ခန်းလေးထဲမှာ ကျွန်တော်တို့ ရယ်သံတွေနဲ့ တကယ့်ကို လင်းလက်သွားခဲ့ပါတယ်။ 

တူး… တူး. တူး… ဝမ်းရက်လေခြင်း တူးတူးရယ် ။ ( အစုတ်မလေး ဒါမျိုးကျ တတ်)

တကယ် တကယ် အရည်အသွေးမီ အချိန် - ကွာလတီ တိုင်း(မ်) ပါပဲ



ဦးကိုမောင်




















Copyright © 2011 ကမ်းလက်. All rights reserved.

အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲဖိတ်ကြားလွှာ

 
သာသနာတော်နှစ်- ၂၅၅၅ ခုနှစ်                                                         ကောဇာသက္ကရာဇ်- ၁၃၇၃ ခုနှစ်
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ


အဘိဓမ္မာအသင်းကြီးနှင့်မင်္ဂလဝိဟာရကျောင်းတိုက်တို့မှကြီးမှူးပြုလုပ်သည့်
ပထမအကြိမ် စုပေါင်းရဟန်းခံပွဲ နှင့် ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲဖိတ်ကြားလွှာ

သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွှတ်မြောက်ရာအမှန် မြတ်နိဗ္ဗာန်ကို ရည်သန်သမှုအာရုံပြု၍ ပထမအကြိမ် စုပေါင်းရဟန်းခံပွဲနှင့် ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲတော်ကြီးကို အောက်ပါ အစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
စုပေါင်းရဟန်းခံပွဲအစီအစဉ်

၂၁.၀၁.၂၀၁၂ - ခုနှစ်၊ စနေနေ့ နံနက် (၁၀) နာရီတွင် ပဗ္ဗဇ္ဇမင်္ဂလာ( ရှင်ပြုမင်္ဂလာ ) ၊ ညနေ (၃) နာရီတွင် ဥပသမ္ပဒမင်္ဂလာ (ရဟန်းခံမင်္ဂလာ) ၊ညနေ (၆) နာရီတွင် စုပေါင်းသိမ်ဆင်းလောင်းကုသိုလ်ပွဲ ကိုကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။
* သိမ်ဆင်း ရဟန်း ၃၂ ပါးခန့်  ရှိပါသည်။ 

အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအစီအစဉ်
နေ့ရက်      ။         ။ ၂၂. ၀၁.၂၀၁၂ - ခုနှစ်၊ တနင်္ဂနွေနေ့ မှ ၂၆. ၀၁.၂၀၁၂ - ခုနှစ်၊ ကြာသပတေးနေ့ အထိ
ဖွင့်ပွဲအချိန်  ။         ။ ၂၂. ၀၁.၂၀၁၂ - ခုနှစ်၊ တနင်္ဂနွေနေ့ နံနက် ၉း ၀၀ နာရီ
နေရာ        ။         ။ မင်္ဂလဝိဟာရကျောင်းတိုက်

မဟာပဋ္ဌာန်းဒေသနာတော်ကြီးကို ငါးရက်ငါးညတိုင်တိုင် အသံမစဲ ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ပါသည်။

ဓမ္မမိတ်ဆွေများနှင့် အတူတကွ စုပေါင်းရဟန်းခံပွဲ နှင့် အသံမစဲမဟာပဋ္ဌာန်းပွဲဖွင့်ပွဲ တွင် သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းအစရှိသော ဒါတဗ္ဗဝတ္ထုအစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်းကာ ကုသိုလ်ကောင်းမှုတို့ကို သာဓုအနုမောဒနာ ခေါ်ယူမည်ဖြစ်ပါသဖြင့် အထက်ပါအစီအစဉ်အတိုင်းကြွရောက်ချီးမြင့်ပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

 လေးစားစွာဖြင့်
လူတိုင်းအတွက် အဘိဓမ္မာအသင်းကြီး(စင်္ကာပူ)
















Copyright © 2011 ကမ်းလက်. All rights reserved.

တက်ခေါက်ခြင်း အနုပညာ


 
ဒီလူကတော်တော်ထူးဆန်းတဲ့လူ။ သူနဲ့တွေ့မှတက်ခေါက်ခြင်းအနုပညာဆိုတာ  ကြားဖူးတယ်။ လေချွန်တာတို့ ဘာတို့ဆိုရင်တော့ ထားပါတော့။ ဒါပေမယ့် သူ့ဟာနဲ့ သူကျတော့ အဟုတ်ပဲ။

          “ ဒီလိုဗျ၊ တက်ခေါက်သံကို ခြုံပြီးကြည့်လိုက်ရင် နှစ်မျိုးပဲရှိတာ။ ခပ်မာမာခေါက်လိုက်တဲ့ “ တက်” ခေါက်သံနဲ့ ခပ်ညှင်းညှင်းလေး ဆွဲခေါက်လိုက်တဲ့ “ တက်” ခေါက်သံဆိုတာပဲ။ ဒါပေမယ့် အဲဒီအသံနှစ်သံရဲ့ အဓိပ္ပါယ်က အများကြီးကွဲသွားတယ်”

          ဒီလူဘာစိတ်ကူးနဲ့ တက်ခေါက်သံတွေအကြောင်း လာရှုင်းပြနေတာလည်း မသိဘူး။ မဆိုးဘူး၊ စိတ်ဝင်စားစရာတော့ကောင်းတယ်။ ဒါနဲ့ သူ့ကို ထောက်ပေးလိုက်တယ်။

          “ ဟုတ်ပြီ၊ လုပ်ပါဦးဗျ။ နည်းနည်းလေး ထပ်ရှင်းပါဦး”


           “ ဆိုကြပါစို့ဗျာ၊  နွားမောင်းနေတုန်း “တက်” ခေါက်သံ ခပ်ပြင်းပြင်းခေါက်လိုက်၊ အဲဒီ “ တက်” ခေါက်သံရဲ့ အဓိပ္ပါယ်က “ကြိမ်နဲ့ ဆော်မိတော့မယ်” ဆိုတာဗျ။ နွားကလည်း သိတယ်။ ခပ်သွက်သွက် သွားတော့တယ်။ အဲသလို မဟုတ်ဘူး။ ခင်ဗျားက နွားမောင်းနေရင်း “တက်” ခေါက်သံ ညှင်းညှင်းလေးကိုဆွဲပြီး ခေါက်မယ်ဆိုပါတော့။ ဒါပေမယ့် “ ညှင်းတောက်” က တစ်ချက်ထဲတော့ ခေါက်လို့မရဘူး။ “ တောက်၊ တောက်၊ တောက်” လို့ စီးရီးလေးလိုက်ရတယ်။ အဲဒီ “ ညှင်းတောက်” ရဲ့ အဓိပ္ပါယ်က “ဖေ့သားကြီးရဲ့၊ ရုန်းထားစမ်းပါကွာ၊ ပြီးတော့မှာပါ၊ ရောက်တော့မှာပါ”  ဆိုတဲ့ အဓိပ္ပါယ်မျိုးထွက်တယ်ဗျ ။ ဆိုလိုတာက ကြိမ်နဲ့ဆော်တာထက် ကြိမ်နဲ့ကျောပေါ်ကို ပွတ်ပေးလိုက်တဲ့ အဓိပ္ပါယ်မျိုးပဲ။ နွားကလည်း ဒါကိုသဘောပေါက်တယ်ဟု ရှည်ရှည်မျောမျောကြီး ရှင်းပြ၏။


           ပြီးတော့ သူ့က ကော်ဖီတစ်ကြိုက်ကို အေးအေးဆေးဆေး ကြိုက်နေပြန်ရော။ ကျွန်တော် စိတ်ဝင်စားမှုရှိမရှိကို အကဲခတ်နေတာလည်း ဖြစ်မှာပေါ့။ ကျွန်တော်လည်း စိတ်ဝင်စားကြောင်း မျက်ရိပ်ပြပါတယ်။ ဒါပေမယ့် သူကခပ်တည်တည်ပဲ၊ စီးကရက်တစ်လိပ်ကိုတောင် မီးညှိလိုက်သေးတယ်။ မမေးရင် မပြောတော့ဘူးဆိုတဲ့ အချိုးနဲ့တူပါတယ်။

          ဒါနဲ့ သူကဆက်ပြီး “ တက်” ခေါက်လို့ရအောင် ထောက်ပေးလိုက်တယ်။

          “ခင်ဗျား “တက်” ခေါက်ခြင်း အနုပညာက နွားတွေနဲ့ပဲ ဆိုင်သလိုဖြစ်နေတယ်ဗျာ။ ကျွန်တော်က ထူတယ်ဗျ။ စပ်စပ်လိုပဲ။ ဒီကောင်မလေးကို သိတယ်မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ထပ်လင်းပါဦးဗျ”

          ဒီတော့ သူက-
          “ခင်ဗျားက တကယ်ထူတဲ့သူဗျာ။ ဒီတက်ခေါက်သံနှစ်ခုနဲ့ ခွေးတစ်ကောင်ကိုလည်း စမ်းသပ်နိုင်တယ်။ ဟိုမှာ ခွေးကြီးတစ်ကောင်ရှိတယ်။ ကျွန်တော်လက်တွေ့ပြမယ်ဆိုပြီး သူ့ “တက်” ခေါက်ခြင်းအနုပညာကို ဆက်ပြတော့တာပဲ။ သူက “ ညှင်းညှင်းတက်” ခေါက်သံကို သူ့ဖီး(လ်)နဲ့သူ ခေါက်လိုက်တယ်။

          “ တောက်၊ တောက်၊ တောက်၊ တောက်”
          ဟုတ်တယ်၊ ခွေးကြီး သူ့အနား ပြေးလာတယ်။ သူခေါက်လိုက်တဲ့ တက်ခေါက်သံက မြန်မာလို “ အို့၊ အို့၊ အို့၊ အို့၊” ဆိုတဲ့ အဓိပ္ပါယ်မျိုးထွက်တယ်။ မေတ္တာ၊ ကရုဏာဓာတ်ပါတယ်ပေါ့။ ဒါကို ခွေးက ခံစားလို့ရတယ်။ ဒါ့ကြောင့် ပြေးလာတာ။

          ခွေးကြီးလည်း အနားရောက်ရော သူက-
          “တောက်!” ဆိုပြီး အပြင်းစား “တက်” ခေါက်သံကြီး ခေါက်ချလိုက်တယ်။ ခွေးကြီးလည်း တစ်ချိုးတည်းလစ်ပြေးတော့တာပဲ။ ဒီတော့မှ သူက-

          “ ခင်ဗျား တွေ့ပြီ မဟုတ်လား” လို့ မေးတယ်။ “တကယ်တော့လည်း ဘာမှတော့ မဟုတ်ပါဘူးဗျာ။ ဒေါသနဲ့ ခေါက်လိုက်တော့ ဒီခွေးကြီးကလည်း အန္တရာယ်တော့ရှိပြီဆိုပြီး ထွက်ပြေးတော့တာပဲ”

          ဒါနဲ့ ကျွန်တော်က-
          “ ဆရာ သစ္စာနီရဲ့ ဝတ္တုတစ်ပုဒ် ရွှေမြန်မာထဲမှာ ဖတ်လိုက်ရတယ်။ ဖရုသဝါစာ ဝတ္တုတဲ့ဗျ။ အဲဒီလူရဲ့အလုပ်က လူတွေဆဲတာကို ခံပေးတဲ့အလုပ်တဲ့။ အလကားတော့ သူက အဆဲမခံဘူးဗျ။ ပိုက်ဆံပေးပြီး ဆဲရတာ။ တစ်ချို့ဆို မဆဲတတ်လို့ သူကတောင် ဆဲနည်းသင်ပေးရတယ် တဲ့။ ဆဲနည်းလည်းသင်ပေး၊ အဆဲလည်းခံဆိုရင်တော့ ကြေးကတော့ တမျိုးဖြစ်သွားတာပေါ့။ ခင်ဗျားလည်း အဲသလို လုပ်ကြည့်ပါလား။ “တက်” ခေါက်နည်း သင်တန်းလေးဘာလေးပေါ့ဗျာ။ ကျွန်တော် ထင်တယ်နော်၊ တစ်ချို့ “ တက်” မခေါက်တတ်ဘူး။”

          “ ဆရာ သစ္စာနီရဲ့ဝတ္တုကို ကျွန်တော်လည်း ဖတ်လိုက်ရပါတယ်။ ဒါပေမယ့် ကျွန်တော့်ကိစ္စက မလွယ်ဘူးဗျ။ “တက်ခေါက်တာက နည်းပညာထက် ခံစာမှုက ပိုအရေးကြီးတာဗျဆဲတယ်ဆိုတာက စကားလုံးတွေနဲ့ ဆဲတာဗျ။ “တက်” ခေါက်တာက စကားလုံးတွေ မပါဘူး၊ ပါလို့လည်း မရဘူး။ ဒါ့ကြောင့် ပိုခက်တာဗျ။ ခံစားမှုနဲ့မှ ရတာ။

          အမှန်အတိုင်း ဝန်ခံရရင် အဲဒီလူကို ကျွန်တော်အရမ်းစိတ်ဝင်စားသွားပြီ။
          “ ရှင်းပါဦးဗျ၊ ခင်ဗျား ခံစားမှုကိစ္စကို-”

          “လွယ်လွယ်လေးပါဗျာ။ လူတစ်ယောက် ဒါမှမဟုတ် အရာဝတ္တုတစ်ခုကို ခါးခါးသီးသီးကြီး မုန်းမနေဘူးရင် ခင်ဗျားရဲ့ ပထမ “တက်” ခေါက်သံက အနုပညာမပါဘူး။ လူတစ်ယောက်၊ ဒါမှမဟုတ် အရာဝတ္တုတစ်ခုခုကို နှစ်နှစ်ခါခါ မချစ်ဘူးဆိုရင် ဒုတိယ “တက်” ခေါက်သံက အနုပညာ မမြောက်ပြန်ဘူးဗျ။ ဒါပါပဲ-”

          “ ခင်ဗျားက ဒါတွေ ဘယ်လိုသိတာလဲ“
          “ကျွန်တော့် ခွေးမလေးက အသည်းငယ်တယ်ဗျတက်ခေါက်သံပြင်းပြင်းတွေကြားရင် တအားဝမ်းနည်းတတ်တာ ။ ဒါနဲ့ ကျွန်တော်က ဒုတိယ တက်ခေါက်သံကို စပြီးလေ့ကျင့်ခဲ့တာ။ ခွေးမလေးကို ကျွန်တော်က နှစ်နှစ်ကာကာချစ်တော့ ကျွန်တော့် တက်ခေါက်သံကလည်း အနုပညာမြောက်ပြီး ထိရောက်မှုလည်း ရှိသွားတာ။ နဂိုကကျွန်တော် ဒီတက်ခေါက်သံမျိုး မခေါက်တတ်ဘူး။ ခေါက်လည်း အသက်မဝင်လှဘူး။”

          “ ခင်ဗျားဟာက ဟုတ်ရောဟုတ်ရဲ့လားဗျာ”
          “ ခင်ဗျားမယုံရင် အိမ်ကိုသွားရအောင်။ ကျွန်တော့ခွေးမလေးကို ခင်ဗျားတက်ခေါက်ကြည့်။ အနုပညာမြောက်မမြောက် တိရိစ္ဆာန်တွေက ခံစားနိုင်တယ်”

          ဒါနဲ့ သူ့အိမ်ကိုလိုက်သွားတယ်။ သူပြောတဲ့ ခွေးမလေးကိုလည်း တွေ့တယ်။
          “ ဖမ်းတော့လေ၊ ခင်ဗျားတက်ခေါက်ကြည့်လေ” သူကပြောတယ်။

          “ တောက်၊ တောက်၊ တောက်၊ တောက်” ညှင်းညှင်းသွဲ့သွဲ့ တက်ခေါက်သံကို ခေါက်လိုက်တယ်။ ခွေးမလေးက ကျွန်တော့ဆီ ပြေးမလာဘူး၊ ခပ်တည်တည်နဲ့ရပ်ပြီး ကျွန်တော့်ကို စိုက်ကြည့်နေတယ်။ သူပြောတာကို နည်းနည်းသဘောပေါက်သလိုလို ရှိလာတယ်။

          “ ကဲ၊ ခင်ဗျား တွေ့ပြီမဟုတ်လား။ ခဏနားဦးဗျာ။ ပြီးတော့မှ ခပ်ပြင်းပြင်းတက်ခေါက်သံကို ဆက်ပြီး စမ်းသပ်ပေါ့”


          “ ကဲ ခင်ဗျား ခပ်ပြင်းပြင်းတက်ခေါက်သံကို စမ်းကြည့်တော့”
          “တောက်” အကျယ်လောင်ဆုံးဖြစ်အောင် ကျွန်တော်ခေါက်လိုက်တယ်။ အသံက ကျယ်ပေမယ့် ခွေးမလေးက ထွက်မပြေးဘူးဗျဒီတော့မှ သဘောပေါက်တာကျယ်တိုင်းလည်း ကြောက်တာမဟုတ်ဘူး ဆိုတာကိုလေ

          ကျွန်တော့် တက်ခေါက်သံနှစ်မျိုးကြောင့် ခွေးမလေးက ရှေ့တိုးမလာသလို၊ နောက်ဆုတ်လည်း ထွက်ပြေးမသွားဘူး။ ဒီတော့မှ သူကပြောပြတယ် -

          “ တကယ်တော့ ဒါက ဘာမှ မဟုတ်ပါဘူး။ ခင်ဗျားအခု တက်ခေါက်နေတဲ့အချိန်မှာ ခင်ဗျားက ဘာကိုမှ နှစ်နှစ်ကာကာချစ်မနေသလို၊ ဘာကိုမှလည်း ခါးခါးသီးသီးမုန်းမနေလို့ပါ။ ဒါကြောင့် ခင်ဗျားတက်ခေါက်သံက အသံသာကွဲသွားတာ၊ ဟိုတစ်ဖက်မှာကျတော့ ခံစားမှုကွဲမသွားဘူး ဖြစ်နေတာ။ ကျွန်တော်ကတော့ အနုပညာမမြောက်ဘူးလို့ သုံးပါတယ်။ ခင်ဗျား သဘောမတူလည်း မတတ်နိုင်ဘူး” ဆိုပြီး-

          “တောက်၊ တောက်၊ တောက်၊ တောက်” လို့ ခေါက်လိုက်တော့ ခွေးမလေးက သူ့အနားပြေးလာခဲ့ပြီး သူ့လက်ကိုတောင် လျှာနဲ့လျှက်နေလိုက်သေး။


          တော်တော်ဟုတ်တဲ့လူ
          တက်ခေါက်ခြင်း အနုပညာတဲ့။                                      


ဇင်ဝေသော်















Copyright © 2011 ကမ်းလက်. All rights reserved.