▼တွင်းတူးသူ▼

တစ်ခါက အညာမြို့လေးတစ်မြို့ထဲကဈေးထဲမှာ ဘာသာရေးနဲ့ နွယ်တဲ့ အဝတ်အစားတွေဝတ်ထားတဲ့လူတစ်ယောက်က ရေရှားတဲ့အရပ်အတွက် အဝီစိတွင်းတွင်းတူးဖို့ အလှူလိုက်ခံတယ် တဲ့။ မြန်မာတွေကတော့ ကြုံလာရင် နည်းများမဆို လှူလိုက်ကြတာပါပဲ။ ဖြစ်ချင်တော့ အဲဒီ ဈေးထဲမှာမနက်က အလှူခံခဲ့တဲ့လူက ညနေရောက်တော့ အရက်ဆိုင်ထဲမှာ ကျကျနန ပွဲတော်တည်နေတော့သတဲ့။ ဒီအခါမှာ အလှုရှင်တွေထဲက သူ့ကိုကောင်းကောင်းကြီးမှတ်မိတဲ့လူနဲ့ ထိပ်တိုက် တွေ့ပါလေရော၊ ဒါနဲ့ အဲဒီလူက


"ဈေးထဲမှာ မနက်က အဝီစိတွင်းတွင်းတူးဖို့ အလှူလိုက်ခံနေတာ ခင်ဗျားမဟုတ်လား၊ ခင်ဗျား လူလိမ်ပဲ"

"အလှူလိုက်ခံတာတော့ ဟုတ်ပါတယ်၊ လူလိမ်တော့ မဟုတ်ပါဘူး၊ အခု တကယ်ပဲ အဝီစိတွင်းတူးနေတာပါ၊ ကျုပ်သေရင် သွားရမဲ့ အဝိစိတွင်းလေဗျာ" တဲ့။


ခပ်နက်နက်လေး ထပ်တူးဖို့ အရက်ဖိုးလေးတောင် ထပ်ပူဇော်ရဦးမလိုလို။


( မိတ်ဆွေရဟန်းတစ်ပါး ရဲ့ စကားကို ပြန်ရှဲတာပါ။)



သီဟနာဒ(ကမ်းလက်)








Copyright © 2012 ကမ်းလက်. All rights reserved.

ဟောန္တု (ဟွန်းတု၊ ဟွန်တု) ၊ ဒေမ (ဒေမ၊ ဒေးမ)

ဤအသံထွက်ကိစ္စက မြန်မာမဂ္ဂဇင်း တော်တော်များများမှာ ငြင်းခဲ့ကြ၊ ခုံခဲ့ကြသည်လည်း များလည်းများ၊ ကြာလည်း ကြာလှပြီး ဖြစ်သည်။ ဟောန္တုကို ဟွန်းတုဟု စ္စပြောက်သံနှင့် ထွက်လိုက်ရမှ အားရပါးရ ရှိသည်ဟု ဆရာကြီးမောင်သာနိုးက ဆိုခဲ့ဖူးသည်။ ထိုကိစ္စနှင့် စပ်လျင်း၍ ရေးတော့အမှန်၊ ဖတ်တော့အသံဟူသော အုပ်စုက တစ်ခုကွဲနေသည်။

ဆရာတော်များ ရွတ်ဖတ်သည်ကို ဂရုတစိုက် နားထောင်ကြည့်သော အခါ၌ပင် ဟွန်းတုဟု အသံထွက်သော ဆရာတော်များ ရှိသလို ဟွန်တုဟု အသံထွက်သော ဆရာတော်များ ရှိနေပြန်သည်။

အမှန်မူ ဤပြဿနာသည် သဒ္ဒါနှင့် ဘာသာဗေဒကြားက ပြဿနာတစ်ခုသာ ဖြစ်သည်ဟု ထင်ပါသည်။ ဤသည်မှာလည်း ပါဠိသဒ္ဒါဆိုသည်ထက် မြန်မာသဒ္ဒါဟုဆိုလျှင် ပိုမှန်ပါလိမ့်မည်။ ဤဝစ္စပေါက်က (မိမိနှင့် ရင်းနှီးသော ဘာသာစကားများ ဖြစ်ကြသည့်) ပါဠိမှာရော အင်္ဂလိပ်မှာပါ မရှိပေ။

မြန်မာက က၊ ကာ၊ ကားဟု အသံသုံးမျိုး ခွဲထားသည်။ ရေးထုံးလည်း ကွဲနေသည်။

ပါဠိမှာက (ပါဠိဟုဆိုသော်လည်း ရိုမင်အက္ခရာပြောင်းထားသော ပါဠိဟု ဆိုလိုသည်။) အနှင့် အာနှစ်မျိုးသာ ရှိသည်။ အကို (a) ဖြင့် ပြပြီး အာကို (È) တုံးတင်ထားသော အေဖြင့် သင်္ကေတပြသည်။ သို့ဖြစ်လျှင် အားဟူသော အသံပါဠိမှာ မရှိဟု ယူဆရန် ဖြစ်သွားတော့သည်။ အမှန်ဆိုလျှင် ပါဠိသာ စကားပြောဘာသာစကားဖြစ်လျှင် အား (သို့) ကားစသော ဝစ္စပေါက်ပါသော အသံ ရှိကိုရှိနေသင့်သည်။ သို့သော် ပါဠိမှာက ထိုရေးထုံး လုံးဝမရှိ။ ရေးထုံးမရှိသဖြင့် အသံမရှိဟု ပြောရန် စဉ်းစားသင့်ပြီဟု ထင်သည်။

အင်္ဂလိပ်ဘာသာစကားမှာလည်း ဝစ္စပေါက်ကို ကိုယ်စားပြုသော ရေးထုံး အတည်တကျ မရှိပါ။ ဥပမာ… car - ဖြစ်ပါသည်။ စီအေအာ(ရ်)သည် ကာမဟုတ်၊ ကား ဖြစ်သည်။ အာ(ရ်)က အာ အသံကို ကိုယ်စားပြုသလို ဝစ္စပေါက်သံ “ကား”ကိုလည်း ကိုယ်စားပြုတတ်လေသည်။ ထို့ကြောင့် ရိုမင်အက္ခရာဖြင့် ပါဠိသင်ကြားသူများ၌ အာနှင့်အားကြား ကြီးကြီးကျယ်ကျယ် ပြဿနာ မရှိတော့ပေ။ အကြောင်းက ထိုဘာသာများ၌ (:) ကို ကိုယ်စားပြုသော သင်္ကေတ မရှိသောကြောင့်ပင်။

ဥပမာတစ်ခု ပြချင်သည်။

ဒါန (dana) သံဃိကဒါန (Sanghika dana)

အင်တာနေရှင်နယ်က အသံထွက်ကြသော ဤဒါနနှစ်ခု အသံထွက် မတူကြောင်း တွေ့ရသည်။ ဒါနကို အသံထွက်ရာ၌ မြန်မာများ အသံထွက်သကဲ့သို့ပင် ဒါန - ဟု ဝစ္စပေါက်သံ မပါဘဲ ထွက်ကြသည်။ သို့သော် သံဃိကဒါနကို ပြောကြရာ၌ ဆန်ဃိက ဒါးန - ဟု ဝစ္စပေါက်သံဖြင့် ဒါးန - ဟု အသံထွက်နေကြသည်ကို ကြားရသည်။

ပေမ (တဏှာ)ကိုလည်း ပေမဟု အသံထွက်သူ ရှိသလို ပေးမဟု ဝစ္စပေါက်ဖြင့် အသံထွက်ကြသည်ကိုလည်း တွေ့ရပြန်သည်။

အသံဗေဒအရဆိုလျှင်တော့ အ၊ အာ၊ အား - အသံသုံးမျိုးသည် အရှည်အတိုသာ ကွာခြားသွားသည်။ အ - က ရှည်သောအခါ အာ - ဖြစ်သွားပြီး အာ - ကို ပို၍ ရှည်စေသောအခါ အား - ဖြစ်သွားသည်ဟု ယူဆရန်သာ ရှိသည် ထင်ပါသည်။

ထို့ကြောင့် ဘာသာဗေဒကို ကျွမ်းကျင်သော မောင်သာနိုးအုပ်စုက ဟောန္တုကို ဟွန်းတုဟု မြန်မာသံပီပီ အသံထွက်လိုက်ရမှ အားရသည်ဟု ဆိုလိုက်ခြင်း ဖြစ်ဟန်တူပါသည်။ သူရှင်းပြသော ဘာသာဗေဒ ရှုထောင့်များလည်း တော်တော်စုံလင်ပါသည်။

မြန်မာပါဠိကို မြန်မာသဒ္ဒါနှင့် တိုက်ဆိုင်၍ ဝစ္စပေါက်သံ မရှိဟုဆိုသော အဖွဲ့ကလည်း ရှေးရှေးသော မြန်မာဆရာတော်များ ရေးသားသည့် ကျမ်းဂန်တစ်ချို့ကို ကိုးကားပြီး ဟွန်တုဟုသာ အသံထွက်နိုင်ကြောင်း ပြန်လည် ပြောဆိုကြသည်။

ယခုတင်ပြလိုသော အချက်ကား မောင်သာနိုးလိုလဲ ဘာသာဗေဒရှု့ထောင့်မပါ၊ အခြာသူများလိုလည်း ကျမ်းညွှန်းအကိုးအကား မပါ၊ ကြုံတွေ့၊ ကြားသိရသော ပါဠိစကားလုံးများ၏ အသံကိုသာ ပြောလိုခြင်း ဖြစ်သည်။ ထိုင်းသံဃာတော်များ၊ သီရိလင်္ကာဆရာတော်များ ပရိတ်ရွတ်သည်ကို ဂရုတစိုက် နားထောင်ကြည့်သောအခါ ဝစ္စပေါက်ကိစ္စကို သူတို့ လုံးဝပင် အလေးမထားကြောင်း ကြားနေရသည်။ ဒီဃသရဖြင့် ရေးထားသော ပုဒ်များကို တစ်ခါတစ်ရံ ဝစ္စပေါက်သံ၊ တစ်ခါတစ်ရံ ဝစ္စပေါက် မပါသောအသံတို့ဖြင့် ရွတ်ဆိုတတ်ကြသည်။

သီရိလင်္ကာဆရာတော်တို့ကို အင်္ဂလိပ်စာ လွှမ်းမိုးမှု့ကြောင့်ဟု ကြံဖန်အကြောင်းပြရန် ရှိသော်လည်း ထိုင်းဆရာတော်တို့ကမူ မြန်မာဆရာတော်များ ကဲ့သို့ပင် ဖြစ်ပြီး အင်္ဂလိပ်စာမှာ အလွန်အမင်း မတော်ကြပါ။ သို့သော် ထိုဆရာတော်များ ရွတ်ဖတ်သော ပါဠိ၌လည်း ဝစ္စပေါက်သံများ ပါနေသည်ကို ကြားရသည်။

ဤသို့ဆိုလျှင် ပါဠိ ၌ ဝစ္စပေါက်အသံ ရှိ၊ မရှိကိစ္စသည် မြန်မာများသာ ငြင်းခုံနေကြသော ကိစ္စဟု ယူဆရန်သာ ရှိတော့သည်။

ထို့အပြင် ရေးထုံးမရှိသဖြင့် အသံမရှိဟု ပြောရန်လည်း ခက်လှပါသည်။ ထို့ကြောင့် (ကိုယ်တိုင် သီရိလင်္ကာ၊ ထိုင်းရဟန်းတော်များနှင့် ပရိတ် အတူတူ ရွတ်ရတတ်သော ရဟန်းတစ်ပါးအနေနှင့် ဆိုရလျှင် မောင်သာနိုးတို့အုပ်စုက ပို၍ အင်တာနေရှင်နယ်ဆန်သည်ဟု ဆိုရန်သာ ရှိပါတော့သည်။

သံဃဿ ဒေမ - ကို ဒေးမ - ဟု ဝစ္စပေါက်ဖြင့် အသံထွက်ကြသည်။ တစ်ခါတစ်ရံ ဒေမဟုလည်း ထွက်သံ ကြားရပြန်သည်။ သိပ်မထူးခြားလှဟု ထင်ပါသည်။

ဟွန်းတု - လို့ရသည်၊ ဒေးမ - လို့ ရသည်။

ဤပြဿနာက မိမိတို့မှာသာ ရှိသည်။ အကြောင်းက မြန်မာသဒ္ဒါမှာ ဝစ္စပေါက်သံ သီးသန့်ထားရှိခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ပါဠိမှာ ကြည့်သောအခါ ဝစ္စပေါက် မတွေ့ရ၊ ဝစ္စပေါက်သံ မရှိဟု ယူဆခြင်း ဖြစ်သည်။ အခြားဘာသာ တော်တော်များများ၌ ဝစ္စပေါက်သံ သီးသန့်ရေးထုံး ရှိဟန်မတူ၊ (သေချာသည်က ပါဠိနှင့် အင်္ဂလိပ်မှာ မရှိ)။ ထို့ကြောင့် ဝစ္စပေါက်မှာလည်း စပယ်ရှယ် အခွင့်တော့ မရှိတော့ပေ။ ဟွန် - လို့ရ၊ ဟွန်း - လို့ရ၊ ဒေ - လို့ရ၊ ဒေး - လို့ ရတော့သည်။

သို့သော်
ကား - မရှိသော ဘာသာစကား၊
ဟွန်း - မရှိသော ဘာသာစကား၊
အေး - မရှိသော ဘာသာစကားတော့ ရှိမည်မည် မထင်။




သီဟနာဒ









Copyright © 2012 ကမ်းလက်. All rights reserved.

"ဝမ်" မှာစိုးရသည်

တရားနာခြင်းကို "ဓမ္မဿဝန" ဟုခေါ်သည်။ တရားနာရာ၌

၁။ မကြားဖူးသေးသော အကြောင်းအရာများကို ကြားရခြင်း၊
၂။ ကြားဖူးသော အကြောင်းအရာများကို ထပ်၍ ရှင်းလင်းစွာနားလည်ရခြင်း၊
၃။ ယုံမှားသံသယ ဖြစ်နေသော အချက်များ၌ ယုံမှားကင်းရခြင်း၊
၎။ အယူမှန် သမ္မာဒိဋ္ဌိကို ရခြင်း၊
၅။ သဒ္ဓါ ပညာတိုးပွား၍ စိတ်ကြည်လင်ခြင်းဟူသော အကျိုး ငါးပါးကို ရနိုင်သည်။


[ဆောင်] သူတော်တရား ၊ နာယူငြားက ၊ မကြားစဖူး ၊ ကြားရဖူး၏။
ကြားဖူးပြီးပြန် ၊ ထပ်မံရှင်း၍ ၊ လွတ်ကင်းယုံမှား ၊ ဖြောင့်သားအယူ ၊
စိတ်ကြည်ဖြူသည် ၊ငါးဆူရမြဲ အကျိုးတည်း။


တရားနာ အတု


ဤအကျိုးတရားများကို ရဖို့ရန် ရည်သန်၍ တရားနာရာ၌သာ ဓမ္မဿဝန ကုသိုလ်အစစ်ဖြစ်နိုင်၏။ ဓမ္မကထိကကို ခင်မင်၍ဖြစ်စေ၊ ရယ်စရာ မောစရာ အသောပါ၍ ပျော်ရွှင်၍ဖြစ်စေ ၊ "တရားမှ နာဖော်မရဘူး ။ အပျင်းထူလိုက်တာ" ဟုကဲ့ရဲ့မည် စိုး၍ဖြစ်စေ၊ သူများအထင်ကြီးအောင်ဖြစ်စေ၊ ဓမ္မကထိက၏ အရည်အချင်းကို အကဲခတ်ကာ ကဲ့ရဲ့တန်လျှင် ကဲ့ရဲ့လို၍ဖြစ်စေ နာကြရာ၌ကား ပေါက်ဖော်ကြီးစကားလို "၀မ်မှာ" စိုးရသည်။


ရှေးတုန်းက ပေါက်ဖော်တစ်ယောက် လှေစီးသွားရာ လှေသမားက "ပေါက်ဖော် - လှေကယိုလို့ သတိထားပါ" ဟု သတိပေး၏။ ပေါက်ဖော်က "လှေထဲ၌ ရှိသောရေယိုတာ ဘာအရေးစိုက်စရာရှိလဲ" ဟု ယူဆ၍ အားပါးတရထိုင်၏။ အတော်ကြာလျှင် တင်ပါးက အေးစက်စက်ရှိ၍ ငုံ့ကြည့်သောအခါ ရေတွေကို မြင်သဖြင့် "ဟင်....မယိုတဲ့အပြင် ၀မ်တောင် ၀မ်သေးသကိုး" ဟုပြောသတဲ့။


ထို့အတူ မကောင်းစိတ်ယိုထွက်ဖို့ တရားနာရာ၌ အယိုဘဲ ၀မ်မှာ စိုးရသည်။


စာဖတ်ခြင်း အကျိုး


ယခုခေတ်၌ကား အလိမ္မာကို ကောင်းစွာပေးနိုင်သော ကျမ်းစာတွေပေါများလှ၏။ ထိုကဲ့သို့သော ကျမ်းစာများကို ကြည့်ရှုကျက်မှတ် ရွတ်ဖတ်၍ နေလျှင်လည်း တရားနာခြင်း၏ အကျိုးကို ရနိုင်၏။ ထို့ကြောင့် အချို့သော ခေတ်ဆန်ဆန် တရားကိုနာမည့်အစား ကျမ်းစာကို ကြည့်ရှုနေခြင်း ၊ နှုတ်ရှင်းသူကို ဖတ်ဖို့ရန်တောင်းပန်၍ ကြားနာခြင်းတို့က အကျိုးများဖွယ် ရှိပါသေးသည်။
{မည်သည့်ကျမ်းစာသည် မိမိတို့နှင့် သင့်လျော်သည်ဟု မရွေးချယ်တတ်လျှင် ဇိနတ္ထပကာသနီ ၊ ဗုဒ္ဓ၀င် ၊ သံဝေဂ၀တ္ထုဒီပနီ၊ ငါးရာ့ငါးဆယ် ဇာတ်တော်ကြီးများနှင့် ရှေးဆရာတော်ကြီးများ စီစဉ်တော်မူအပ်သော ကျမ်းစာတို့သည် အမှန်အကျိုးများသော ကျမ်းစာများ ဖြစ်ပါသည်။}


(မဟာဂန္ဓာရုံ ဆရာတော် အရှင် ဇနကာဘိဝံသ ရေးသားတော်မူသော "ကိုယ်ကျင့် အဘိဓမ္မာ" စာ-၁၉၉~၂၀၀)



အဘိဓမ္မာ အသင်းဝင် တစ်ဦးမှ ပြန်လည်ပူဇော်သည်။








Copyright © 2012 ကမ်းလက်. All rights reserved.

"ဓာတ်တော်"

ဒီခေတ်ကြီးထဲမှာ ဓာတ်တော် နှစ်မျိုးပဲ ရှိတော့တယ်။
တစ်မျိုးက ပျံလွန်တော်မူသွားတဲ့ ဆရာတော်ရဲ့ အဓိဋ္ဌာန်နဲ့ သီလ၊ သမာဓိ၊ ပညာ ကြောင့်
နောက် တစ်မျိုးက လူတွေ ပျံလွန်တော်မူတဲ့ ဆရာတော် အချင်းချင်း ပြိုင်ကြလို့ ကျလာတဲ့ ဓာတ်တော်။


ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.

ရေရေလည်လည် လန်းတယ်

(၇ - လပြည့်) အမှတ်တရ

သမိုင်းသစ်တစ်ခုကို ရေးဖို့ အရေခွံတွေ တစ်လှပ်ချင်း ခွာချလာနေတဲ့ မြို့တော်ဆီကို (၇) နှစ်အတွင်း တစ်ခေါက် ပြန်ရောက်ခဲ့တယ်။ ရက်စက်တဲ့ မေ နွေရဲ့အပူက (၃၈) နဲ့ (၄၂) ကြားမှာ လူးလားခေါက်ပြန်။ လေသံမပြောင်းသေးတဲ့ အညာရဲ့ ခြောက်သွေ့မှုက နေ့တာတွေကို ဆွဲဆန့်နေတော့တယ်။ ပူလှချည့်။


ရန်ကုန်ပြန်ရောက်တုန်း (၁၀) နှစ်ကျော်ကာလက အတူ ရေးခဲ့၊ ငြင်းခုံခဲ့ဖူးတဲ့ ကဗျာဆရာဆီကို အလည် ရောက်သွားမိတယ်။ သူယူထားတဲ့ မိန်းမနဲ့ သူ့သားလေးကို မြင်ဖူးချင်တာလည်း ပါပါတယ်။ ကဗျာဆရာက သူ့အိမ်ရှေ့မှာ ကလေးတွေအတွက် ဂိမ်းဆိုင်လေး ဖွင့်ထားတယ်။ ကျနော်တို့ စကားပြောနေစဉ်မှာပဲ ဂိမ်းဆော့နေတဲ့ ကလေးတစ်ယောက်ဆီက အလိုမကျတဲ့ အသံတစ်ခု လွင့်ထွက်လာတယ်။


“ေ-ာက်ကားက မှောက်ပဲ မှောက်နေတယ်”
အံ့ဩသွားတဲ့ ကျနော့်ကို ကဗျာဆရာက


“မင်း အံ့ဩနေသလား၊ မအံ့ဩနဲ့ဦး၊ ငါ့သား ပြန်လာအောင် စောင့်ဦး” ဆိုပြီး သူ့အမေနဲ့အတူ ရှမ်းခေါက်ဆွဲ သွားဝယ်တဲ့ (သုံးနှစ်သား) သူ့သားကို စောင့်ဖို့ပြောလို့ အံ့ဩတာတောင် နှာဖာကြိုး အဆွဲခံလိုက်သလို တုန့်ခနဲ ဖြစ်သွားရတယ်။ မကြာပါဘူး၊ သူ့သားလေး ရောက်လာတယ်။ သူ့ပါးစပ်ကလည်း စကားလုံးတွေ တစ်သီတစ်တန်းကြီး ရွတ်လို့ …


“ဦး ….. (သူ့အဖေနာမည်) မနေ့က တစ်နေ့လုံး အိမ်မပြန်ဘူး။ သူ့စော်ဆီကို သွားတယ်။ ဦး (…..) က သောက်ရမ်း လန်းတယ်” တဲ့။


သုံးနှစ်သားလေးက ဒါမျိုးတွေ ပြောတတ်နေလို့ အူတက်မတတ် ရယ်ခဲ့ရတယ်။ ကဗျာဆရာ ရှင်းပြတာက သူ့သားလေးဟာ ဂိမ်းကစားတဲ့ ဆယ်ကျော်သက် ကလေးတွေဆီကနေ အဲ့သလို စကားလုံးတွေ ကြားရင်း တတ်လာတာတဲ့။ ဟုတ်မယ်။ သူပြောနေတဲ့ ဝေါဟာရတွေက သုံးနှစ်သားလေးနဲ့ လုံးဝ မဆိုင်ဘူး။


ကလေးကို မုန့်ဖိုးပေးပြီး အမှတ်တရ ဓာတ်ပုံရိုက်လိုက်တယ်။


ကင်မရာထဲမှာ ပါတဲ့ ရေသူမပုံကို ဒီကောင်လေးက ဘယ်လို တွေ့မှန်းမသိ တွေ့သွားတယ်။ ဒါနဲ့ အဲ့ဒီပုံကို ပြရင်း ဒါ ဘယ်သူ့ပုံလည်းလို့ သူ့ကို မေးကြည့်တော့ သူက “အဲ့ဒါ… ဦးစော်လေ” တဲ့။


“လန်းတယ်၊ လန်းတယ်၊ ဦးစော်က သောက်ရမ်း လန်းတယ်” တဲ့။


ရီလိုက်ရမလား၊ ငိုလိုက်ရမလားကို မသိတော့ပါဘူး။




ကဲ … ထားပါတော့ မင်းမြတ်ကိုကိုရယ်။ “စော်” တွေ “လန်း” တွေကို မင်းပြောတတ်ပေမယ့် “ရေသူမ” ဆိုတဲ့ ဝေါဟာရကိုတော့ မင်း နားမလည်နိုင်သေးပါဘူး။ ဒါနဲ့ပဲ မင်းပုံလေးကို အမှတ်တရ ဦးဘလော့ဂ်ပေါ် တင်ပေးလိုက်ပါတယ်။


ရေရေလည်လည် လန်းတယ်။



ဇင်ဝေသော်











Copyright © 2012 ကမ်းလက်. All rights reserved.

Diploma in Buddhism 2012/2013 (20th Intake)
Awarded by The Buddhist & Pali University of Sri Lanka


“He who sees the Dhamma, sees me.  He who sees me, sees the Dhamma” ... Buddha

To understand Buddhism is to learn the Dhamma. For almost two decades, the Buddhist & Pali College of Singapore (which is affiliated to the Buddhist and Pali University of Sri Lanka) annually runs the Diploma in Buddhism to provide a platform for anyone interested to pursue Buddhist studies in the academic pathway. Be part of this learning journey with the leading Buddhist Institute in the world – The Buddhist and Pali University of Sri Lanka.



For more information, please see details here and also visit to Mangala Vihara






စပ်စပ်
(ဘာသာရေးသတင်းတာဝန်ခံ၊ ကမ်းလက်)






Copyright © 2012 ကမ်းလက်. All rights reserved.

ဒေသနာတော်များထဲမှ ပဋိစ္စသမုပ္ပါဒ်

       ပဋိစ္စသမုပ္ပါဒ်သဘာဝကို နည်းမျိုးစုံဖြင့် ချဉ်းကပ်ပြထားသည်ကို ပိဋကတ်သုံးပုံထဲ၌ များစွာတွေ့မြင်နိုင်သည်။လူတိုင်း (မြန်မာလူမျိုးတိုင်း) သိသော ကြောင်းကျိုးဆက်ဒေသနာမှာ ဝိနယပိဋကတ်နှင့် ဒီဃနိကယ်တွင်လာသော အင်္ဂါ(၁၂) ပါးဖြင့် ဆက်စပ်ပြသော အနုလုံ၊ ပဋိလုံ ပဋိစ္စသမုပ္ပါဒ်သဘောတရားပင်ဖြစ်သည်။ ဤဒေသနာကိုပင် သဂြိုဟ်ဟုခေါ်သော အဘိဓမ္မတ္ထသင်္ဂဟ၌ ထပ်မံမိတ်ဆက်ပေးခဲ့ပြန်ရာ အင်္ဂါ(၁၂) ပါး ပဋိစ္စသမုပ္ပါဒ်တရားက နာမည်ကြီးလူသိအများဆုံး ဖြစ်နေရတော့သည်။

       အထူးအားဖြင့် ပဋိစ္စသမုပ္ပါဒ်ဒေသနာကို ဝိပဿနာအမြင်ဖြင့် စီစစ်ခွဲခြမ်းပြတော်မူခဲ့သော မိုးကုတ်ဆရာတော်ဘုရားကြီးကြောင့် အင်္ဂါ(၁၂) ပါး ပဋိစ္စသမုပ္ပါဒ်တရားက မြန်မာဗုဒ္ဓဘာသာများကြား၌ နေလို၊ လလိုပင် ဖြစ်နေတော့သည်။ ဤဒေသနာကား သံသရာလည်ပုံနှင့် သံသရာရပ်ပုံကိုပြသော ဒေသနာသက်သက်သာဖြစ်သည်။ လူမှုရေး၊ နိုင်ငံရေးစသည်တို့နှင့် မပတ်သက်ပေ။

       အခြား ပဋိစ္စသမုပ္ပါဒ်သဘောကို သံယုတ္တနိကာယ်၌ တွေ့ရပြန်သည်။ ဤဒေသနာက သုတ္တန်ဒေသနာတော်ပီပီ လူ့ပြဿနာ၊ ဘဝပြဿနာကို ကျိုးကြောင်းဆက်ပြထားပေသည်။

       ဘဝပြဿနာသည် တဏှာကြောင့်ဖြစ်သည်။
       တဏှာသည် ဆန္ဒ( Desire) ကြောင့် ဖြစ်သည်။
       ဆန္ဒသည် နှစ်သက်မှု၊ မနှစ်သက်မှုကြောင့် ဖြစ်သည်။
       နှစ်သက်မှု၊ မနှစ်သက်မှုသည် ဖဿကြောင့် ဖြစ်သည်။
       ဖဿသည် ရုပ်နှင့် နာမ်တို့ကြောင့် ဖြစ်သည်။ (D : 11, 55)

       လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခု၌ဖြစ်တတ်သော လူမှုရေး၊ နိုင်ငံရေးတို့ကို ဤသုတ်တော်က အကြောင်းရှာပြထားခဲ့သည်။ အင်္ဂါ(၁၂) ပါး၊ ပဋိစ္စသမုပ္ပါဒ်တရားနှင့် သဘောတရားတူသော်လည်း ချဉ်းကပ်ပုံအနည်းငယ် ကွဲလွဲပေသည်။ ဤသည်မှာ ဒေသနာဥာဏ်တော်၏ အစွမ်းပင်ဖြစ်သည်။

       နောက်ပဋိစ္စသမုပ္ပါဒ်က လူ၏နေ့စဉ်ဘဝ၊ နေ့စဉ်ဝေါဟာရနှင့် ပို၍နီးကပ်နေသည်ကို တွေ့ရပြန်သည်။
       ဒုက္ခကိုအကြောင်းပြု၍ သဒ္ဓါတရားဖြစ်၏။
       သဒ္ဓါကိုအကြောင်းပြု၍ ပီတိဖြစ်၏။
       ပီတိကိုအကြောင်းပြု၍ ပဿဒ္ဓိ( ကိုယ်၊ စိတ်အေငြိမ်းမှု) ဖြစ်၏။
       ပဿဒ္ဓိကိုအကြောင်းပြု၍ သုခဖြစ်၏။
       သုခကိုအကြောင်းပြု၍ သမာဓိဖြစ်၏။

       သမာဓိကိုအကြောင်းပြု၍ နိဗ္ဗိဒ္ဓါဥာဏ်ဖြစ်၏။
       နိဗ္ဗိဒါဥာဏ်ကိုအကြောင်းပြု၍ အဿာဒ( မသာယာနိုင်မှု) ဖြစ်၏။
       အဿာဒကိုအကြောင်းပြု၍ ဝိမုတ္တိ(လွတ်မြောက်မှု) ဖြစ်၏။
       ဝိမုတ္တိကိုအခြေခံ၍ ဝိမုတ္တဥာဏဒဿနဥာဏ်ဖြစ်၏။
       ဒုက္ခကိုအကြောင်းခံ၍ သဒ္ဓါဖြစ်သည် ဆိုသောစကားသည် အလွန်အဓိပ္ပါယ်ရှိသည်။

       လူသည် ဒုက္ခတွေ့မှ သဒ္ဓါတရားပေါက်ကာ ဘာသာတရားဖက်သို့ ဦးလှည့်လာတတ်သည်။ ယနေ့ လတ်တလောဖြစ်နေကြသောပုံစံနှင့် အတော်နီးစပ်နေပေသည်။ ယနေ့ဟုဆိုသော် ယခုခေတ်လူသားများကို စော်ကားသလို ဖြစ်နေပေလိမ့်မည်။ အဋ္ဌာကထာဆရာကလည်း ဤသို့ပင် မှတ်ချက်ချသဖြင့် ထိုခေတ်ကလည်း ဤသို့ပင်ဖြစ်ပေလိမ့်မည်။

       အဓိကအားဖြင့် ပဋိစ္စသမုပ္ပါဒ်ဖော်မြူလာသုံးမျိုးနှင့်အထက်ရှိနိုင်ကြောင်း ပညာရှင်တို့ ယူဆကြလေသည်။

       ၁။ သံသရာလည်ကြောင်း၊ ပြတ်ကြောင်း ဖော်မြူလာ
       ၂။ လူမှုရေး၊ နိုင်ငံရေးပြဿနာ ဖော်မြူလာ
       ၃။ ဘဝဒုက္ခမှ ဘဝထွက်မြောက်ရေး ဖော်မြူလာ ဟူ၍ပင်ဖြစ်သည်။

       ဤသို့ဆိုသော် ဗောဇ္ဈင်(၇) ပါးကိုလည်း မေ့ထား၍ ရမည်မထင်။ ဗောဇ္ဈင်(၇) ပါးကသည်ပင် တစ်ခုကိုတစ်ခုအကြောင်းခံပြီးမှ ဖြစ်ပေါ်လာနိုင်သည်။
       သတိမရှိပဲ ဓမ္မဝိစယမဖြစ်
       ဓမ္မဝိစယမရှိပဲ ဝီရိယမရှိ
       ဝီရိယမရှိပဲ ပီတိမဖြစ်
       ပီတိမဖြစ်ပဲ ပဿဒ္ဓိမဖြစ်
       ပဿတိမဖြစ်ပဲ သမာဓိမဖြစ်
       သမာဓိမဖြစ်ပဲ ဥပေက္ခာမဖြစ်- ဟု ဆိုနိုင်သည်။

       သတိမရှိက ဓမ္မကို စူးစမ်းသိမြင်မှု မရှိနိုင်၊ စူးစမ်းသိလေးမှ မသိက ဝီရိယထားပြီးအားထုတ်မှု မရှိနိုင်ဟု စသဖြင့် ဆိုလိုထားပေသည်။

       ခေတ်ပညာရှင်တို့အလိုအရ “ အရှင်သာရိပုတ္တလောင်းလျာကို အရှင်အဿဇိမထေရ် ဟောခဲ့သော “ ယေ ဓမ္မာ ဟေတုပ္ပဘာဝါ” စသော ဂါထာသည် ပဋိစ္စသမုပ္ပါဒ်၏အချုပ်ဟု ဆိုကြလေသည်။        ဝိနည်းခန္ဓကဝဂ်၌ ကိုယ်ကျင့်တရားရေးရာနှင့်ပတ်သက်သော ပဋိစ္စသမုပ္ပါဒ် ဖော်မြူလာကို တွေ့ရပြန်သည်။

       ၁။ ဝတ်ကြီးဝတ်ငယ်ကို မဖြည့်ကျင့်သူသည် သီလကို ဖြည့်ကျင့်သည်မမည်၊
       ၂။ သီလမပြည့်သူသည် စိတ်၏အေးငြိမ်းမှုကို မရ၊
       ၃။ စိတ်ငြိမ်းချမ်းမှု မရသူသည် တရားဓမ္မကို ကောင်းစွာနားမလည်နိုင်၊
       ၄။ တရားဓမ္မကို မသိမြင်သူသည် ဒုက္ခလွတ်မြောက်ရာကို မရောက်နိုင် ဟု လှလှပပ ကျိုးကြောင်းဆက်စပ်ပြတော်မူခဲ့သည်။

       ပဋိစ္စသမုပ္ပါဒ် သဘောတရားများပါဝင်နေသည့် ဒေသနာတို့ကိုကြည့်ရာ အင်္ဂါ(၁၂) ပါးဖြင့်ပြသော ပဋိစ္စသမုပ္ပါဒ်က အဘိဓမ္မာသဘောတရားများ မပါဝင်ပဲ နားလည်ရန်မလွယ်ကူရကား အခက်ခဲဆုံးဟု ဆိုရပေတော့မည်။

       မည်သို့ဖြစ်စေကာမူ ဗုဒ္ဓဒေသနာကို ပညာရှင်များ လေးစားနေရခြင်းကား ဤ Relativity Theory ကို ရုပ်တရားဖွံ့ဖြိုးမှုကိုသာမက နာမ်တရားအဆင့်ဆင့် ဖွံ့ဖြိုးမှု၌ပါ ဆက်စပ်ပြထားနိုင်သောကြောင့်ပင် ဖြစ်လေသည်။ အထူးသဖြင့် အိုင်းစတိုင်းကဲ့သို့သောပုဂ္ဂိုလ်ကို အသည်းခိုက်စေနိုင်သော ဒေသနာကား Dependent Oringination ဟုလည်းကောင်း၊ Relativity Theories ဟုလည်းကောင်း၊ Casual Relationship ဟုလည်းကောင်း အဆင်ပြေသလို ပြန်ဆိုကြသည့် ကြောင်းကျိုးဆက်စပ်မှု ဒေသနာပင်ဖြစ်ပေသည်။

       အံ့သြဖွယ်မရှိပေ၊ ထို့ကြောင့်-
       ဗုဒ္ဓသည် ဓမ္မနှင့် ထပ်တူကြ၍
       ဓမ္မသည် ပဋိစ္စသမုပ္ပါဒ်နှင့် ထပ်တူကြ၏။

       ဤသို့ဆိုသော် ပဋိစ္စသမုပ္ပါဒ်သည်ပင် ဗုဒ္ဓနှင့်ထပ်တူပင် ကျနေပြန်သေး၏။

       ထို့ကြောင့် ဘုရားရှင်က ပဋိစ္စသမုပ္ပါဒ်သည် အမှန်တကယ် ခက်ခဲနက်နဲရုံသာမက အမြင်အားဖြင့်လည်း ခက်ခဲနက်နဲသည်ဟု မိန့်တော်မူခဲ့ခြင်းဖြစ်မည်ဟု မှတ်ယူရပေတော့သည်။



သီဟနာဒ









Copyright © 2012 ကမ်းလက်. All rights reserved.

နှလုံးသားက ဦးနှောက်ကို ထိန်းကျောင်းပေးတယ်

ပုဂ္ဂိုလ်ရေးဆိုင်ရာ နူရိုဘိုင်အိုလော်ဂျီအဖွဲ့က အလွန်အရေးပါတဲ့ ရှာဖွေတွေ့ရှိမှုကို တွေ့ရှိခဲ့ကြတယ်။ ဒါကတော့ နေ့စဉ်လုပ်ငန်းတွေအပေါ်အခြေခံပြီး ဦးနှောက်ဟာ အမြဲတမ်းဆန်းသစ်နေတယ်တဲ့။ အဖိုးတန်တဲ့အချိန်တွေကို ဘယ်လိုအသုံးချမလဲဆိုတဲ့ ရွေးချယ်မှုအပေါ်အခြေခံပြီး အဲဒီရွေးချယ်မှုကပဲ ဘဝကို ပြောင်းလဲစေပြန်ပါတယ်။

လူအချင်းချင်း အပြန်အလှန်ဆက်ဆံရေးတိုင်းဟာ ဦးနှောက်ကို ပြောင်းလဲစေပါတယ်။ အထူးသဖြင့်တော့ ကောင်းမွန်သည်ဖြစ်စေ၊ မကောင်းမွန်သည်ဖြစ်စေ အင်မတန်ရင်းနှီးတဲ့ ဆက်ဆံရေးတွေက ပိုပြီးပြောင်းလဲစေပါတယ်။ ဒီဆက်ဆံရေးကို အစပြုပြီး အမှတ်တရတွေ၊ ခံစားမှုတွေ မွေးဖွားပေးနိုင်ပါတယ်။

အချစ်ဇာတ်လမ်းတိုင်းဟာ အငိုနဲ့ စကြရတာပါ။ မွေးဖွားပြီဆိုကတည်းက ဦးနှောက်ဟာ သူ့ခရီးရှည်အတွက် ကမ္ဘာသစ်တစ်ခုကိုရောက်ရသလို အံ့သြဘနန်းတွေနဲ့ စတင်ခဲ့ရတယ်။ ကလေးလူမမယ်ဟာ အပြင်ကမ္ဘာရဲ့ တောက်ပတဲ့အလင်းရောင်တွေ၊ ထိခိုက်ခံစားရမှုတွေ၊ အထူးအဆန်းပစ္စည်းတွေ၊ မမြင်ဘူးတဲ့ မျက်နှာတွေ၊ အရိပ်မည်းမည်း ပုံရိပ်တွေ၊ စတာတွေနဲ့ ကြုံတွေ့ရတော့တာပါပဲ။ အထူးသဖြင့် သူ့ကိုလွှမ်းမိုးစေတာကတော့ သူ့ကို ပြုစုစောင့်ရှောက်ပေးနေသူပါ။

ဦးနှောက်စကင်(န်) က ကလေးနဲ့ မိခင်တို့ ဦးနှောက်တွေရဲ့ သဟဇာတဖြစ်နေမှုကို ပြနိုင်ပေမယ့် တစ်ယောက်တည်းရဲ့ ဦးနှောက်နဲ့မဆိုင်တဲ့ အဇ္ဈတ္တအနှောင်အဖွဲ့ကိုတော့ မပြနိုင်ပါဘူး။ ခန္ဓာကိုယ်ကွဲနေပေမယ့် ဦးနှောက်ရဲ့ခံစားမှုက တူကိုတူနေပါတယ်။ နှလုံးသားရဲ့ ဆစ်ဂနယ်ကိုမှီပြီး မိခင်က သူမ ပြောချင်တာလေးတွေ ကလေးကိုပြောတယ်။ မျက်စေ့၊ မျက်နှာ၊ အသံနဲ့ ဆက်သွယ်တယ်။

တိုးတက်လာတဲ့ ဦးနှောက်ကြောဆိုင်ရာ သိပ္ပံပညာကို ကျေးဇူးတင်ရမှာပါ။ ကလေးရဲ့ဦးနှောက်ထဲမှာ ဘယ်အရာဟာ ပထမဆုံးစွဲကျန်နေသလဲဆိုတာ သက်သေပြလို့ ရသွားပါပြီ။

သူ့ဘဝတစ်လျှောက်လုံးရဲ့ အမူအကျင့်၊ အတွေးအခေါ်၊ သူ့ကိုယ်သူမြင်တဲ့သဘောထား၊ ကြင်ယာဖက်ရွေးချယ်မှု စတာတွေဟာ ဒီပဏာမအဆင့်ကနေ စခဲ့ကြတာပါ။ ဒါတွေကို တွေ့ရှိမှုဟာ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ သိပ္ပံပညာရဲ့ အဆုံးပဲလို့ ထင်ခဲ့ကြတယ်။ ပထမ မျိုးရိုးဗီဇ၊ ဒီနောက် ကလေးဘဝက ပုံရိပ်တွေ စွဲထင်ကျန်နေတဲ့ ဦးနှောက်ရဲ့ အလေ့အထ၊ ဒီအချိန်မှာ ဒါတွေထပ်တွေ့ရတော့-

ဒါပေမယ့် ကျယ်ပြန့်လာတဲ့ ဦးနှောက်ဆိုင်ရာ လေ့လာမှုတွေက ဒါတွေတင်မကပဲ အရွယ်ရောက်လာတဲ့နောက် မိတ်ဆွေဖွဲ့မှုတွေ၊ ဘဝရဲ့ အတွေ့အကြုံလေးတွေ၊ ချစ်ခင်ရင်းနှီးမှုတွေ၊ အိမ်ထောင်ဖက် ရွေးချယ်မှုတွေဆီကို ခြေဆန့်ကြည့်ခဲ့ကြတယ်။ လူတစ်ယောက်ရဲ့ ဘော်ဒီစစ်စတန်က သူ့မိခင်နဲ့တသားတည်း ရှိနေခဲ့တာကို သတိရနေတယ်။ အရွယ်ရောက်လာတော့လည်း ဒီလိုတသားတည်းရှိတဲ့ ဆက်ဆံရေးကို တောင့်တနေတတ်ပါတယ်။ ဒီဆက်ဆံရေးဟာ ဇနီးမောင်နှံကြားမှာပဲဖြစ်ဖြစ်၊ မိတ်ဆွေတစ်ယောက်၊ ကလေးငယ်တစ်ယောက်နဲ့ပဲဖြစ်ဖြစ်၊ ရင်းရင်းနှီးနှီး အရေးတကြီး ဆက်ဆံရတဲ့ ဆက်ဆံရေးဆိုရင် ဦးနှောက်ကို ပုံသဏ္ဍာန်ပြောင်းလဲစေပါတယ်။ အပြန်အလှန်အားဖြင့် ဦးနှောက်က လူကိုပြောင်းလဲစေပြန်ပါတယ်။


မိတ်ဆွေများဖြစ်ကြတဲ့ Daniel Siegel နဲ့ Allan Schore တို့က လော့(စ်) အိန်ဂျယ်လိ၊ ကယ်လီဖိုးနီးယားတက္ကသိုလ် ကွန်ဖရင့်တစ်ခုမှာ ဒီကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒါက ကလေးငယ်ကိုပြုစုခြင်းက ဗီဇကို ဘယ်လိုပြောင်းလဲစေတယ်ဆိုတဲ့အချက် မဟုတ်ပါဘူး။ ကလေးငယ်တစ်ယောက် ကြီးပြင်းလာတဲ့အခါမှာ ဗီဇကဇာတိပြလာတဲ့ကိစ္စဟာ ဘယ်လောက်လွှမ်းမိုးနိုင်မှု ရှိနိုင်မလဲဆိုတဲ့ အချက်ပါ။ ဦးနှောက်နဲ့ စိတ်ပညာရှင် ဒေါက်တာ Siegel က ကလေးဘဝက မိခင်နဲ့ပတ်သက်လို့ မေ့ပျောက်မရဖြစ်နေတဲ့ ခံစားမှုအကြောင်း၊ ပြီးတော့ ရိုမစ်တစ်အချစ်ကို ဆက်လက်ရှာဖွေနေတတ်ကြောင်းရှင်းပြပြီး ရိုမစ်တစ်အချစ်က ဦးနှောက်ရဲ့ ပုံသဏ္ဍာန်နဲ့ အလုပ်လုပ်မှုဖန်ရှင်ကို ပြန်လည်ပုံသွင်းတတ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။

ဒါတွေက ရုပ်ပိုင်းဆိုင်ရာ ကောင်းတဲ့အကျိုးဆက်တွေကို အားပေးနိုင်ပါသလား။

“အသက်ရှည်စွာ နေထိုင်ရမှု၊ ကျန်းမာရေးကောင်းမွန်မှု၊ ပျော်ရွှင်မှု၊ အသိဥာဏ်ပညာနဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိမှုတွေအရ အပြန်အလှန် အားကိုးအားထားပြုရတဲ့ ဆက်ဆံရေးတွေဟာ ဘဝတစ်လျှောက်လုံး ကောင်းကျိုးတွေအများကြီး မွေးဖွားပေးနိုင်တယ်ဆိုတာ ထောက်ပြနေပါတယ်” လို့ ဒေါက်တာ Siegel က ရှင်းပြခဲ့ပါတယ်။

တစ်ယောက်ကို တစ်ယောက် အားပေးမှုဟာ အရေးကြီးလှပါတယ်။ ရှည်လည်းရှည်ကြာ၊ အားပေးမှုလည်း အပြန်အလှန်ရှိတဲ့ ဆက်ဆံရေးဟာ ထူးထူခြားခြားကို အကျိုးရှိစေပါတယ်။

အိမ်ထောင်ဖက်ရွေးချယ်ရာမှာ ဘယ်လောက်စဉ်းစားခဲ့ရသလဲဆိုတာကို စဉ်းစားပါ။ အားကိုးလို့၊ ယုံကြည်လို့ရပါ့မလားဆိုတာ တစ်ယောက်ရဲ့မျက်လုံးတွေကတဆင့် ရှာဖွေရတာတွေ၊ အကျင့်ဟောင်းတစ်ချို့ကိုစွန့် အလေ့အကျင့်တစ်ချို့ကို ပြုစုပေးနေရတတ်တာတွေ၊ အတွေးအခေါ်၊ ဓလေ့ထုံးစံ၊ အစားအသောက်၊ မိတ်ဆွေသစ်တိုးပွါးလာမှု၊ မိသားစုအရေအတွက် တိုးပွါးလာမှုစတာတွေ အများကြီးပါပဲ။ ပြီးတော့ အချင်းချင်း ပြင်းပြင်းထန်ထန် ပေါက်ကွဲရတတ်တာတွေ၊ ဒါတွေအားလုံးဟာ ဦးနှောက်ကို ပုံစံအသစ်ဖော်ပေးနိုင်ပါတယ်။

လူနှစ်ယောက် လက်ထပ်လိုက်ပြီဆိုရင် ဦးနှောက်ဟာ နယ်ပယ်တစ်ခု ချဲ့ထွင်လိုက်ရပါတယ်။ “ ငါ” အစား “ ငါတို့ ” ဆိုတာ ဖြစ်လာတယ်။ ကိုယ်ဘယ်သူဖြစ်တယ်ဆိုတာ ဦးနှောက်ကသိပြီး ဘယ်သူဟာ ငါမဟုတ်ဘူးဆိုတာကို အင်မြူးစစ်စတန်က သိပါတယ်။ ဒါကို အာရုံရဲ့ အကူအညီနဲ့ အသစ်ဝင်လာတဲ့ ဒုတိယလူကို အင်မြူးစစ်စတန်က သိမ်းဆည်းထားပါတယ်။

ချစ်တင်းနှောတဲ့အခါ၊ ဖလူးဖြစ်နေတဲ့အခါ၊ အချိန်အတော်ကြာ အအေးပတ်တဲ့အခါတွေမှာ ကိုယ်ချစ်မြတ်နိုးတဲ့သူနဲ့ အိုင်ဒင်ဒတီခြင်း အလဲအလှယ် အနည်းငယ်လုပ်ကြပါတယ်။ အချိန်နှင့်အမျှ အိုင်ဒင်ဒတီခြင်း တသားတည်းလိုလိုဖြစ်လာပါတယ်။ အဲဒီအခါမှာ အရေပြားခြင်းထိနေတာမကတော့ပဲ နှလုံးသားခြင်းပါ ထိနေကြပါတော့တယ်။


အချစ်ဆိုတာ အကောင်းဆုံးကျောင်းပါ၊ ကျူရှင်ကတော့ ဈေးကြီးပါတယ်။ အိမ်စာတစ်ချို့ဆို နာနာကြည်းကြည်းလုပ်ရတာတွေတောင် ရှိနိုင်ပါတယ်။ UCLA က ဦးနှောက်နဲ့ သိပ္ပံပညာရှင် Noami Eisenberger က လူတစ်ယောက်ဟာ ပစ်ပယ်ခြင်းခံရပြီဆိုရင် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေတောင် ဦးနှောက်မှာ ထင်နေတယ်လို့ ပြသသွားခဲ့တယ်။ ဒါ့ကြောင့် ချစ်သူရဲ့ပစ်ပယ်ခြင်းကို ခံရပြီဆိုရင် ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေတတ်တယ်။ ဒါပေမယ့် ဘယ်နေရာက နာကျင်နေတယ်ဆိုတာ ထောက်ပြလို့တော့ မရပါဘူး။

အင်္ဂလိပ်ပဲပြောပြော၊ တရုပ်ပဲပြောပြော ဒီလိုဖြစ်လာရင် “ အသည်းကွဲ” တယ်လို့ ဖော်ပြကြပါတယ်။ တကယ် နာနာကျင်ကျင် ခံစားကြရပါတယ်။

နွေးထွေးတဲ့ အထိအတွေ့ကျပြန်တော့လည်း အားလုံးကို ပြောင်းလဲစေနိုင်ပြန်ပါရော။ ဗာဂျီးနီးယားတက္ကသိုလ်က အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် James Gan က အမျိုးသမီးတစ်ယောက်ရဲ့ ခြေခွင်ကို လျှပ်စစ်ရှော့တိုက်ပြီး ၂၀၀၆- ခုနှစ်က စမ်းသပ်ခဲ့ပါတယ်။ သူမမှာ ပျော်ရွှင်တဲ့ဆက်ဆံရေးရှိပါတယ်။ စမ်းသပ်မှုက ရှော့(ပ်) မတိုက်မီ စိတ်လှုပ်ရှားမှုနဲ့ ရှော့တိုက်ပြီးတဲ့နောက် နာကျင်မှု အတိုင်းအတာကို မှတ်သားပေးထားတယ်။

နောက်တစ်ခါ ရှော့တိုက်ကြပြန်ပါတယ်။ ဒီတစ်ခါမှာတော့ သူမရဲ့ချစ်သူနဲ့ လက်ချင်းဆုပ်ထားခိုင်းပါတယ်။ လျှပ်စစ်စွမ်းအင်က ပထမအကြိမ်တုန်းကအတိုင်းပါ။ ဒီတစ်ခါမှာ နာကျင်မှုအတိုင်းအတာနဲ့ပတ်သက်လို့ ဦးနှောက်ကတဆင့် အာရုံကြောတုန့်ပြန်မှုဟာ သိသိသာသာ လျှော့နည်းသွားပါသတဲ့။

ပြဿနာတွေနဲ့ ဆက်ဆံရေးမှာ ဒီလိုတုံ့ပြန်မှုတွေ မရှိပါဘူး။ ခိုင်မာတဲ့ ဆက်ဆံရေးလည်းရှိမယ်၊ ကိုယ့်ချစ်သူရဲ့လက်ကိုလည်း ကိုင်ထားရမယ်ဆိုရင် သွေးတိုးမှုကို လျှော့ကျစေတယ်၊ စထရက်ကို သက်သာစေတယ်။ ကျန်းမာရေးလည်း ပိုမိုကောင်းမွန်စေပြီး ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကိုလည်း သက်သာစေပါတယ်။

ဒါပေမယ့် သိပ်ပြီးလွယ်ကူလှတဲ့ကိစ္စတော့ မဟုတ်ပြန်ဘူး။

ပိုပြီးကြင်နာဖေးမတတ်တဲ့ အဖော်တစ်ယောက်ဖြစ်ဖို့၊ သူ့ရဲ့ခံစားချက်တွေကိုသိဖို့၊ သူ့နာကျင်မှု၊ တောင့်တမှုတွေကိုသိဖို့ စတာတွေလိုအပ်ပါတယ်။ အကျင့်ဟောင်းတွေကို စွန့်ပစ်ဖို့ဆိုတာ လွယ်ကူလှတာတော့ မဟုတ်ပါဘူး။ ဒါတွေက အာရုံကြောတွေထဲမှာ စွဲထင်နေပြီးသားတွေပါ။ ဒါတွေအပေါ် ထပ်တလဲလဲအာရုံကျမနေဖို့ နည်းလမ်းရှာရမှာပါ။ ဇနီးမောင်နှံတစ်ချို့ဟာ ဒီအခက်အခဲတွေကို ကျော်ဖြတ်ဖို့ ကုသထုံးတွေနဲ့ ကုသကြတာ၊ “ နှစ်ကိုယ့်တစ်စိတ် ” စိတ်ထားကို အားကောင်းစေတာ စသည်တွေ ပြုလုပ်ကြရပါတယ်။

Bianca Aceuedo နဲ့ Arthur Aron တို့ Stomy Brook တက္ကသိုလ်က စိတ်ပညာဌာနမှာ ဆုံမိကြတော့ အခုထက်ထိ “ အရူးအမူးချစ်နေဆဲပါ ” ဆိုတဲ့ ကာလရှည်ကြာလက်ထပ်ခဲ့ကြတဲ့ ဇနီးမောင်နှံရဲ့ဦးနှောက်ကို ဓာတ်မှန်ရိုက်ကြတယ်။ သူတို့ ဇနီးမောင်နှံရဲ့ ဓာတ်ပုံကိုကြည့်နေစဉ်မှာ မျှော်လင့်ထားတဲ့အတိုင်းပဲ ဦးနှောက်ရဲ့ ရီးဝါး(ဒ်) စင်တာတွေဟာ တောက်ပနေတယ်။ လက်ထပ်စ ဇနီးမောင်နှံကို (သူတို့က ကိုကင်းသုံးစွဲသူတွေ) ဓာတ်မှန်ရိုက်ရာမှာလည်း ဒီအတိုင်းပဲ တွေ့ရပါတယ်။

ထူးခြားတာက ကိုကင်းသုံးစွဲကြတဲ့ ဇနီးမောင်နှံအသစ်နဲ့မတူပဲ ကာလရှည်ကြာ အတူလက်ထပ်ခဲ့ကြတဲ့ ဇနီးမောင်နှံရဲ့ စိုးရိမ်မှု၊ ကြောင့်ကြမှုတွေနဲ့ ဆက်စပ်နေတဲ့ ဦးနှောက်အပိုင်းတွေဟာ ငြိမ်သက်အေးချမ်းလို့ နေပါတယ်။ မိခင်မေတ္တာနဲ့ ဆက်စပ်ပြီး ကျေနပ်မှု၊ နာကျင်တာလျှော့နည်းစေမှုတွေနဲ့ ဆက်စပ်နေတဲ့ဦးနှောက်အပိုင်းတွေကလည်း ထူးထူးခြားခြာကိုပဲ တောက်ပလို့နေပါသတဲ့။

ပျော်ရွှင်တဲ့အိမ်ထောင်သည်ဘဝဟာ စိတ်ဖိစီးမှုကို လျှော့စေပြီး အချစ်ခံရတဲ့ကလေးလိုလည်း လုံလုံခြုံခြုံခံစားရပါတယ်။

ဒီလို အိမ်ထောင်သည်ရဲ့အချစ်ဟာ ကလေးနဲ့ မိခင်ရဲ့တွယ်တာမှုနဲ့ တစ်ပုံစံတည်း တူနေတာတော့မဟုတ်ပါဘူး။ ဒီလိုအကျိုးတွေရဖို့ မိခင်နဲ့တူတဲ့ချစ်သူကို တမင်ရှာဖွေနေစရာတော့ မလိုပါဘူး။ လူရဲ့ခန္ဓာကိုယ်က ဦးနှောက်လည်ပတ်ပုံနဲ့ အဆင့်ပြောင်းလဲပုံကို သိနေပါတယ်။

သိပ္ပံစမ်းသပ်ခန်းအပြင်မှာရှိတဲ့ ဥပမာကိုရော ပေးနိုင်ဦးမလား။ ဒီကုထုံးကို (၇၄) နှစ်အရွယ်ရှိတဲ့ ကျွန်မခင်ပွန်းနဲ့ ပတ်သက်လို့ အနီးကပ်သိမြင်ခဲ့ရပါတယ်။ သူကလည်း ကျွန်မလို စာရေးဆရာပါ။ လေဖြတ်ရောဂါဖြစ်ပြီး တသက်လုံးပြောလာခဲ့တဲ့ ဘာသာစကားကို စွန့်လွှတ်လိုက်ရပြီး “ mem ” ဆိုတာလေးပဲ ပြောနိုင်ပါတော့တယ်။

ဆုံးရှုံးသွားတဲ့ နှစ်နှစ်ဆယ်ခရီးကို တောင့်တရင်း သူနဲ့ဆက်သွယ်ဖို့ နည်းလမ်းအသစ်တွေ ရှာဖွေကြည့်မိတယ်။ ဂရုစိုက်တဲ့အမူအရာတွေ၊ မျက်နှာအသွင်အပြင်တွေ၊ ဟာသပြောတာတွေ စတာတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ အိမ်မှာသူ့ကို ထူးထူးခြားခြားသင်ပေးခဲ့တာတွေ၊ သူကိုယ်တိုင် ကြိုးစားလေ့ကျင့်ခဲ့တာတွေကြောင့် သူ့ဦးနှောက်ဟာ အကောင်းဆုံးအနေအထားကို ပြန်ရောက်သွားခဲ့ပါတယ်။ အခု ကျွန်မတို့ စကားပြောလို့ရကြပြီ။ စာအုပ်တွေတောင် သူပြန်ရေးနေပြီ။ မျက်စိအမြင်အာရုံကလည်း တိုးတက်လာနေပါတယ်။

ဘဝရဲ့အတွေ့အကြုံတွေကို အခြေခံပြီး ဦးနှောက်က လိုက်ပြောင်းလဲနေပါတယ်။ အထူးသဖြင့်တော့ ချစ်ခြင်းမေတ္တာနဲ့ ဆက်ဆံရေးပါ။ ကိုယ့်အိမ်သူအိမ်သားနဲ့ပဲဖြစ်ဖြစ်၊ ကလေးတွေနဲ့ပဲဖြစ်ဖြစ်၊ မိတ်ဆွေကောင်းတွေနဲ့ပဲဖြစ်ဖြစ်ပေါ့။ ဒါတွေက ဦးနှောက်နဲ့ ခန္ဓာကိုယ်ရဲ့အာဟာရတွေပါ။

ကိုယ်ယုံကြည်စိတ်ချရတဲ့သူနဲ့ အတူရှိနေတယ်ဆိုတာ ဦးနှောက်ကသိနေရင် ပြဿနာတွေ၊ အခက်အခဲတွေကို စဉ်းစားရင် အဖိုးတန်အချိန်တွေကို မကုန်ဆုံးပါစေနဲ့။ ဒီဘဝက ဘဝရဲ့အသစ်အဆန်းတွေကို လေ့လာခွင့်ပေးမယ်၊ ကောင်းမွန်တဲ့ ရောဂါကုထုံးတွေပေးမယ်၊ ခံစားမှုတွေပိုပြီး ပွင့်လင်းလာမယ်။ ထိလွယ်ရှလွယ်အနေအထားလည်း ရှိနိုင်ပါတယ်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဒါတွေဟာ ချစ်ခြင်းတရားရဲ့ သင်္ခန်းစာတွေမို့ ပိုပြီးတောင်လေးလေးနက်နက်ရှိစေပါတယ်။

လက်ထပ်ထားတဲ့နှလုံးသားတွေဟာ အရာအားလုံးကို ပြောင်းလဲစေနိုင်ပါတယ်။ ဦးနှောက်အပါအဝင်ပါ။

----------။။။။။။----------

( Diane Ackerman ရဲ့ Love’s brain chemistry ကို သင့်တင့်သလို ဘာသာပြန်၊ ပြန်ရေးထားတာပါ။ လေးသွားမှာစိုးလို့ တစ်ချို့ဆေးပညာသက်သက်အပိုင်းတချို့ ချန်ထားခဲ့ပါတယ်။ ဒီဆောင်းပါးကို ဘာသာပြန်မိတာက နကုလမာတာနဲ့ နကုလပီတာတို့ တစ်ယောက်လက်တစ်ယောက်ဆုပ်ပြီး အားပေးကြရင်း ရောဂါကထခဲ့ရတယ်ဆိုတာနဲ့ တိုက်ဆိုင်နေသလို၊ မြန်မာတွေ ပြောလေ့ပြောထရှိတဲ့ “ တစ်ယောက်လက် တစ်ယောက်တွဲ” စတဲ့ ခွန်အားဖြည့်စကားလုံးလေးတွေကိုလည်း သတိရမိလို့ပါ။ တကယ်တော့ ဒါတွေဟာ သိပ္ပံပညာက မတွေ့သေးတာပဲ။ အခုတွေ့တော့ နကုလမာတာနဲ့ နကုလပီတာတို့ရဲ့ မေတ္တာဓာတ်တွေဟာ နာကျင်မှုကို သက်သာစေ၊ ရောဂါလည်းပျောက်စေဆိုတာ သိပ္ပံပဲလို့ သိလိုက်ရလို့ပါ။ ဒီလိုဆိုတော့ ယုံကြည်မှုနဲ့ သိပ္ပံ ( Belief နဲ့ Science ) ထပ်တူကျနေတာလေး တွေးမိလို့ပါ။

နောက်ပြီး ဒီဆောင်းပါးလေးကိုဖတ်ပြီး လူဖြူတွေ၊ တိုးတက်တဲ့နိုင်ငံကလူတွေ အိမ်ထောင်မပြုကြတာကို သိပ္ပံက ခပ်ချော့ချော့နဲ့ အိမ်ထောင်ပြုကြဖို့ တိုက်တွန်းလိုက်သလားလို့ မဆီမဆိုင်တွေးရင်း ပြုံးမိလို့ပါ။ ဖတ်ကြည့်ပါ၊ စိတ်ဝင်စားစရာကောင်းပါတယ်။

ဇင်ဝေသော်







Original story >> Love's brain chemistry






Copyright © 2012 ကမ်းလက်. All rights reserved.

“ကား” ကနဲ့ “ဖုန်း” ဆို ကျသွားတော့…

မြို့တော်အသစ်အဟောင်းများရှိတဲ့ နိုင်ငံတော်ကြီးဆီကို မပြန်မီလေးမှာတင်ပဲ Singtel က ဖုန်းဆက်ပြီး mio TV နဲ့ အင်တာနက်လိုင်းတွေ အဆင်ပြေရဲ့လား၊ ပညာရှင်တစ်ယောက်ယောက် လာရောက် စစ်ဆေးကြည့်ပေးဖို့ လိုအပ်ပါသလားလို့ မေးပါတယ်။ ပြဿနာတော့ ကြီးကြီးမားမား မရှိလှကြောင်း၊ လာရောက် ကြည့်ရှုမယ်ဆိုရင် ဘယ်အချိန်မှာ လာရောက်မလဲလို့ မေးတော့ နေ့ခင်း (၁၂) နာရီကနေ (၃) နာရီအတွင်း လာမယ်လို့ ဖြေကြားတယ်။

နောက်တစ်နေ့မှာ သူရောက်လာတယ်။ မီယိုတီဗွီနဲ့ အင်တာနက် (ဝက်ဘ်ဆိုက်) နှစ်မျိုးစလုံး မော်ဒန်းတစ်ခုထဲကနေပဲ သုံးနေတော့ တီဗွီမှာ အနည်းငယ်ထစ်တာမျိုး၊ အင်တာနက်တက်တာ အနည်းငယ် နှေးနေတာမျိုး ဖြစ်တတ်ကြောင်း သူက ရှင်းပြ တယ်။ သူကပြောပေမယ့် နှစ်ခုလုံး ပြဿနာ ကြီးကြီးမားမားတော့ မရှိခဲ့ဖူးပါဘူး။ ပြီးတော့ သူက ဆက်ပြောပြတယ်။ mio တီဗွီမှာ မော်ဒန်းတစ်လုံး၊ အင်တာနက်အတွက် မော်ဒန်းတစ်လုံး သီးသန့်စီ ထားသင့်ကြောင်း၊ Singtel ကို ဖုန်းဆက်ရင် မော်ဒန်းအသစ် အလကား လာရောက်တပ်ဆင်ပေးမှာ ဖြစ်တဲ့အကြောင်း ပြောပြရှာတယ်။

ကျနော်ကလည်း ဒီအတိုင်း အလုပ်ဖြစ်နေတော့ သူတို့က အလကား လာဆင်ပေးရင်တောင် နောက်ထပ် မော်ဒန်းတစ်လုံး စားပွဲပေါ်မှာ ရှုတ်နေတာမျိုး မဖြစ်ချင်တာနဲ့ “ကိစ္စမရှိပါဘူး။ ကျေးဇူးပါ။ လိုအပ်ရင် ဖုန်းဆက်ပါ့မယ်” လို့ ပြောတော့ “ဆင်းတဲ(လ်) က အကောင်းဆုံး ဝန်ဆောင်မှု ပေးချင်လို့ပါ” လို့ ပြောသွားပါသေးရဲ့။

ပထမဆုံး ကျွန်တော် ဆွေးနွေးချင်တာက ဒီကိစ္စပါ။ မျက်စေ့နဲ့ မမြင်ရပေမယ့် အင်တာနက်လိုင်းတွေဟာလည်း လိုတာထက် ပိုသုံးရင် ရှုတ်ထွေးပြီး အဆင်မပြေမှု များစွာ ဖြစ်သွားနိုင်ပါတယ်။

မြို့တော်အသစ်၊ အဟောင်းတွေနဲ့ နိုင်ငံတော်ကြီးဆီ အလည်မပြန်မီ လပိုင်းလေးအတွင်းမှာပဲ (၂) သိန်းတန် ဖုန်းတွေ ရောင်းချပေးခဲ့ပါတယ်။ ငါးထောင်တန် ဖုန်းတွေကတော့ ပြောသာပြောနေကြပေမယ့် လက်တွေ့ တကယ်ဖြစ်လာဖို့ အချိန်လိုလိမ့်ဦးမယ်လို့ ထင်ပါတယ်။ နှစ်သိန်းတန် ဖုန်းတွေ ထုတ်ပေးလိုက်တဲ့နောက် ဖုန်းကိုင်နိုင်လာတဲ့ လူဦးရေ ဘယ်နှစ်သန်း တိုးလာသလဲဆိုတာ တိတိကျကျ မသိရပေမယ့် သန်းချီပြီး တိုးလာမယ်လို့တော့ ခန့်မှန်းလို့ ရတယ်။ အဲ့ဒီအခါမှာ ဖြစ်လာ မယ့် ပြဿနာက ကွန်နက်ရှင်းကိစ္စပါ။ လိုင်းတွေ ပူးကြပ်နေတော့ ဈေးချိုတဲ့ဖုန်းတွေ ဝင်လာ ရင် စောစော က ဈေးကြီး ပေး ဝယ်ထား ရ တဲ့ ဖုန်းလိုင်းကိုပဲ လာရောက် ထိခိုက်ပါလိမ့်မယ်။ အဲ့သလိုဖြစ်လာရင် “လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်မှာ” ဆိုတဲ့ အမျိုးသမီး ပိုပြီး အလုပ်များလာစရာ ရှိပါတယ်။

ကျနော့်အတွေးထဲမှာတော့ ငါးထောင်တန်တွေ ဖုန်းတွေများ ထပ်ပြီး ရောင်းချပေးခဲ့ရင်ဆိုတာနဲ့ “လူကြီးမင်း ခေါ် ဆိုသော”ဆိုတဲ့ အမျိုးသမီးအသံ ထပ်တလဲလဲ ကြားနေမိပါတယ်။

ဒီခေတ်ကြီးထဲမှာ ဟန်းဖုန်းတစ်လုံး ပိုင်ဆိုင်မှုဆိုတာ အမှန်တကယ် လိုအပ်တဲ့ကိစ္စပါ။ ဒါပေမယ့် ဒီလို ဖုန်းတွေ ဈေးပေါပေါနဲ့ မရောင်းခင် အစိုးရက အမှန်တကယ် လုပ်ပေးရမှာက နည်းပညာအကူအညီနဲ့ ကွန်နက်ရှင်းတွေ ပိုအားကောင်းလာအောင် လုပ်ပေးဖို့ပါ။ မယုံမရှိပါနဲ့၊ ကျနော့်အရှေ့မှာ ထိုင်နေတဲ့ ညီအစ်မ နှစ်ယောက်က မြန်မာပြည်ရဲ့ ဖုန်းလိုင်း ဆက်သွယ်ချက်ကို သရုပ်ပြတဲ့အနေနဲ့ ကျနော့်ရှေ့မှာ ထိုင်ရင်း တစ်ယောက်ရဲ့ ဖုန်းကို နောက်တစ်ယောက်က ခေါ်ပြပါတယ်။ သူတို့ ညီအစ်မနှစ်ယောက် ရဲ့ အကွာအဝေးက တိုးတိုးလေး ပြောတာတောင် ကြားနိုင်ပါတယ်။ ခေါ်နေရင်း “လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်မှာ” ဆိုတဲ့ အမျိုးသမီးရဲ့ သနားစဖွယ်အသံကို ကြားလိုက်ရလို့ အားပါးတရ ရယ်မိကြပါသေး တယ်။ ငါးထောင်တန် ဖုန်းတွေများ ပေါ်လာခဲ့ရင် …။

မတွေးရဲတော့လို့ ရပ်ထားလိုက်မိတယ်။

မြို့တော်ဟောင်းကို ကျွန်တော်တို့ ရောက်ပြီး ဒုတိယနေ့မှာ ဟော့တ်ဖြစ်နေတဲ့ သတင်းက ကားပါမစ်သတင်းနဲ့ ကားဈေးတွေ ထိုးကျသွားတဲ့ သတင်းပါ။ နိုင်ငံခြားငွေတစ်သောင်း ဘဏ်ထဲမှာ ရှိရင် ပါမစ်မလိုဘဲ ကားတင်သွင်းခွင့်စတာတွေနဲ့ သတင်းတူဂျာနယ်ကွဲတွေ ဝဲပျံနေကြတယ်။ ဒီသတင်းက လက်လုပ်လက်စား ဆင်းရဲသားတွေနဲ့တော့ သိပ်မဆိုင်လှပါဘူး။ သိန်းထောင်ကျော်တန် ကားတစ်စီးကို သိန်း (၃၅၀) နဲ့ ရောင်းနေလည်း ဆင်းရဲသားတစ်ယောက်ကတော့ ဝယ်မစီးနိုင်ပါဘူး။ ဒါပေမယ့် သူတို့လည်း ဒီသတင်းကို စိတ်ဝင်တစား ဖတ်နေကြတာ တွေ့ရတယ်။

တစ်ချို့ကလည်း ကားတစ်စီးကို သိန်း (၅၀) လောက်နဲ့ ရရင် တို့လည်း ကားစီးနိုင်ပြီလို့ ကြုံးဝါးနေကြတယ်။ သူတို့ ကြုံးဝါးသံကို ကြားပြီး ကျွန်တော့်အတွေးက မြို့တော်အဝင် ဟွန်းသံတွေနဲ့ ဆူညံနေတဲ့ ကားတန်းကြီးဆီကို ရောက်သွားပြန်ပါတယ်။


“ဂိတ်ကို ရောက်ဖို့ ဘယ်လောက် ကြာနိုင်သလဲ အကို”
“ပုံမှန်တော့ တစ်နာရီခွဲနဲ့ နှစ်နာရီလောက်ထိ ကြာတယ်”
“လမ်းကြောရှင်းရင် ဘယ်လောက် ကြာအောင် မောင်းရမလဲ”
“အလွန်ဆုံး မိနစ်နှစ်ဆယ်ပေါ့ကွာ”


“ဖုန်း” ကိစ္စတုန်းက အတိုင်းပါပဲ။ ကျွန်တော် (ကိုယ့်ကိစ္စ မဟုတ်ပါဘဲ) ခေါင်းနည်းနည်း ကိုက်သွားပြန်တယ်။ ကားအရေအတွက်က အရှိန်အဟုန်ကောင်းကောင်းနဲ့ တိုးနေတယ်။ ကျွန်တော်တို့ အညာမပြန်ခင် နောက်ဆုံးနံပါတ်ဖြစ်တဲ့ ၃ - ဃ တွေက ရန်ကုန်လည်း ပြန်ရောက်ရော ၄ - ဃ တွေကို မျက်နှာငယ်လေးတွေနဲ့ ကြည့်နေကြတယ်။ ဦးလေး တစ်ယောက် က ပြောတယ်။ လကုန်ပိုင်းလောက်ဆိုရင် ၅ - ဃ တွေ ထွက်လာတော့မယ် တဲ့။

ကားတွေက တိုးလာချိန်မှာ လမ်းတွေ တိုးလာတာ မတွေ့ရဘူး။ ဒါဆိုရင် မြို့တော်ရဲ့ ယာဉ်ကြော ပိတ်ဆို့လာနိုင်မှုက ဗေဒင်မလို၊ နတ်ဆရာမလိုဘဲ ထုတ်လို့ရတဲ့ အဖြေ ဖြစ်သွားတယ်။

စင်္ကာပူကျွန်းငယ်လေးရဲ့ သုံးပုံတစ်ပုံက ကားလမ်းတွေတဲ့။ ဒါတောင်မှ ယဉ်ကြောပိတ်ဆို့မှု့တွေ မကြာမကြာ ဖြစ်နေလို့ အများသုံး ဘက်(စ်)ကား၊ MRT တို့နဲ့ ခရီးသွားကြဖို့ အစိုးရက အမြဲတမ်း အားပေးနေရတယ်။ ကားအခွန်တွေ အဆမတန် တင်ထားရတယ်။ ဒါပေမယ့် ကားဝယ်စီးသူဦးရေက သိသိသာသာ လျော့မသွားဘူး။

ဆင်းရဲသားတိုင်း သိန်းငါးဆယ်လောက်နဲ့ ကိုယ်ပိုင်ကား ဝယ်စီးစေချင်ပေမယ့် ကြပ်လာမယ့် ယာဉ်ကြောတွေကိုတော့ ရင်မောမောနဲ့ ခံစားနေမိတယ်။ ပြုပြင်ပြောင်းလဲနေတဲ့ အစိုးရ လုပ်ရမယ့် အလုပ်က ကိုယ်ပိုင်ကားတွေ၊ ဇိမ်ခံကားတွေ တင်သွင်း ခွင့် ပျော့လျော့ပေး တာ မဟုတ်ဘဲ လမ်းတွေ ပိုကျယ်လာအောင်၊ ပိုကောင်းလာအောင် လုပ်ပေးဖို့၊ လူထုသုံး ဘက်(စ်)ကားတွေ အဆင့်မီမီ ပြေးဆွဲနိုင်ဖို့တွေ လုပ်ပေးရမှာလို့ ထင်ပါတယ်။ ကိုယ်ပိုင်ကားဈေးတွေ ကျလေလေ၊ ယာဉ်ကြော ပိတ်ဆို့မှု များလေလေဆိုတာ တိုးတက်တဲ့နိုင်ငံတိုင်း ကြုံတွေ့နေရတဲ့ လမ်းပေါ်က ပြဿနာပါ။


ငါးထောင်နဲ့ ဖုန်းတစ်လုံးရရင်၊
သိန်းငါးဆယ်နဲ့ ကိုယ်ပိုင်ကား ဝယ်စီးနိုင်ရင်၊

ရွေ့လို့မရတဲ့ ကားတန်းကြီးနဲ့ “လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်မှာ…” ဆိုတဲ့ အသံကို ကြေကွဲစွာ ကြားယောင်နေမိတယ်။ 


(ပုံကို ဤနေရာမှ ရယူပါသည်။)


နည်းပညာကမတိုး ဖုန်းကတိုး။ ကားလမ်းကမတိုး ကားကတိုး။ ဝင်ငွေကမတိုး စားဝတ်နေရေး စရိတ်ကတိုး။ သမ္မကြီးတို့ အစိုးရရဲ့ တာဝန်တွေကို စာနာစွာ နားလည်မိလိုက်ပါတယ်။ ဒါနဲ့ပဲ မြို့တော်အဝင်မှာ စိုင်းထီးဆိုင်ရဲ့ သီချင်းလေးကို ညည်းလိုက်မိတယ်။  

“ရန်ကုန်တော့ ဖြည်းဖြည်းပေါ့... ရန်ကုန်တော့ ဖြည်းဖြည်းပေါ့...ရန်ကုန်မြို့ကြီး ထွက်မပြေးပါဘူး...”

“ဆက်သွယ်ရေး ဧရိယာသည် လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်နှင့် မဆက်သွယိမိပါသဖြင့် …”




ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

အ၀န်းမညီသော အ၀ိုင်းများ (၂)

ပြောလိုသောကိစ္စမှာ ယဉ်ကျေးမှု ခရော့ဇင်းကိစ္စပင် ဖြစ်သည်။ စင်္ကာပူမှ ဒကာ၊ ဒကာမ (၄၂) ယောက်နှင့်အတူ ရွာ အထိရောက်အောင် သွားခဲ့ကြသည်။ လွယ်ကူလှသော ခရီးကားမဟုတ်။ မုံရွာ၊ မန္တလေးကားလမ်းမပေါ် အထိသာ တိုးရစ် ကားများဖြင့် ၀င်လို့ရသည်။ ကျန်တဲ့ (၇) မိုင်ကျော်က ဒိုင်နာများ (သူတို့ အခေါ်လော်ရီကားများ) ဖြင့် ရွာထဲရောက်အောင် ၀င်ကြ ရသည်။ အညာဒေသဖြစ်သည်နှင့် အညီ တရုတ်အားလုံးလည်း တရုတ်ရုပ် လုံးဝမထွက်တော့၊ ဒီတော့မှ သူတို့ ခံနိုင်ရည်ကို တွေ့ရတော့သည်။ တစ်ယောက်မှ မငြီးမငြူဘဲ ပျော်ပျော်ရွှင်ရွင် ရှိခဲ့ကြသည်။

အမှန်ဆိုရလျှင် မိမိတို့ရွာက အနာဂါမ်ရွာဖြစ်သည်။ အနာဂါမ်ဟူသည် နောက်တစ်ကြိမ် ထပ်မလာတော့ ဟူသော အဓိပ္ပါယ်ပင်ဖြစ်သည်။ ရွာကိုရောက်ဖူးသော မိတ်ဆွေရဟန်း သာမဏေများ ဒုတိယအကြိမ် ခေါ်မရတော့။ တစ်ကြိမ်သည် လုံလောက်ပြီ ဖြစ်၏။



ဧည့်ခံမှုနှင့် စားသောက်မှု မတူခြင်း
ရွာကိုရောက်တော့ ဆွေမျိုးများ၊ ရွာသူရွာသားများက ကျေးလက်အစားအစာတို့ဖြင့် ဧည့်ခံကြ၏။ စလုံးတို့ကလည်း အားရပါးရ အားပေးကြ၏။ အားပေးလို့ ကုန်သွားပြီ ဆိုလျှင် ရွာသားတို့က ထပ်လိုက်ကြ၏။ ဤသို့ဖြင့် သံသရာလည်သွားလိုက်သည်မှာ စလုံးတစ်ချို့ စားပိုးနင့်ပြီး မသက်မသာ ဖြစ်သွားသည်အထိပင်။ အတန်ကြာမှ သူတို့နှင့် စကား ပြောကြည့်ရာ -

“ဘန္တေ၊ တပည့်တော်တို့ ယဉ်ကျေးမှုက ချကျွေးထားသမျှကို ကုန်အောင် အားရပါးရ စားလိုက်မှ အိမ်ရှင်တွေက ၀မ်းသာတာ၊ စင်္ကာပူမှာ ဒီယဉ်ကျေးမှုကို တိတိကျကျကြီး မလိုက်နာ နိုင်ပေမယ့် ပြည်မကြီးတို့၊ မလေးရှားတို့၊ မလက္ကာတို့မှာ ရှိတဲ့ ဆွေမျိုးတွေဆီ အလည်အပတ်သွားရင်တော့ သူတို့ကျွေးတာကို ကုန်အောင် စားပြကြရတယ်” ဟူသတည်း။

သူတို့ယဉ်ကျေးမှုအကြောင်းကို ပြောတော့မှ ကိုယ့်ယဉ်ကျေးမှုအကြောင်းကိုလည်း ရှင်းပြဖို့ လိုလာပြီဖြစ်ကြောင်း သတိ ရမိတော့သည်။ ဒါနဲ့ပဲ -

”ဒကာ၊ ဒကာမတို့ ၊ ငါတို့မြန်မာ့ယဉ်ကျေးမှုအရက အားရပါးရ စားတာကို ၀မ်းမြောက် ၀မ်းသာ ဖြစ်ကြပေမယ့် ဧည့်သည်တွေ ဧည့်ခံထားတာတွေ အားလုံးကုန်သွားပြီ ဆိုရင်တော့ စိတ်မကောင်းကြဘူး။ သူတို့ လုံလုံလောက်လောက်မှ စားကြရရဲ့လား ဆိုတဲ့ အတွေးကြောင့်ပါ။ မ၀တ၀ ဖြစ်သွားမှာကို စိုးရိမ်ကြတယ်။ ဒါကြောင့် ကုန်တိုင်း ထပ်ဖြည့်ကြတယ်။ ဖြည့်စရာ မရှိတော့ဘူးဆိုရင် စိတ်မကောင်းကြဘူး။ အားလုံးလည်း ထပ်မစားနိုင်တော့ဘူး။ စားစရာတွေလည်း ပုံဂံတွေ ပုဂံပြားတွေထဲမှာ အလျှံအပယ်၊ ဒါမှ ဘောင်းလန်အောင် ကျွေးလိုက်ရ၊ ဧည့်ခံလိုက်ရတာ ဆိုပြီး ၀မ်းသာကြတာ။ ဆောရီးပဲ၊ ဒီယဉ်ကျေးမှုကို ရှင်းမပြမိခဲ့ဘူး။ အားလုံး ကျန်းကျန်းမာမာတော့ ရှိကြသေးရဲ့ မဟုတ်လား” လို့ ခပ်နောက်နောက် အဆုံးသတ်လိုက်မှ သူတို့ ရယ်နိုင်ကြတော့သည်။

“မစိုးရိမ်ပါနဲ့၊ အားလုံး အကောင်းချည်းပါဘဲ” ဟု တစ်ယောက်က ဖြေသည်။

ဤသည်မှာ အလွန်မသက်မသာ ဖြစ်သွားနိုင်သည့် မတူညီသော ဧည့်ခံပုံ၊ စားသောက်ပုံ ယဉ်ကျေးမှု ဖြစ်သည်။

တရုတ်အိမ်ရှင်က ပြောင်နေအောင်စားမှ ၀မ်းသာသည်။
မြန်မာအိမ်ရှင်က စားလို့ပန်းကန်ပဲ ကျန်နေလျှင် စိတ်မကောင်း။
တရုတ်အိမ်ရှင်က ဧည့်ခံထားတာ ကုန်လျှင် ထပ်မထည့်။ (လိုလျှင်တောင်း)
မြန်မာအိမ်ရှင်က ရှိသေးလျှင် ကုန်သွားတိုင်း ထပ်ဖြည့်သည်။
တရုတ်ဧည့်သည်က ကုန်အောင်စားပစ်မှ အိမ်ရှင်အပေါ် ၀တ္တရားကျေသည်။
မြန်မာဧည့်သဘ်က ကျွေးထားသမျှ အကုန်စားပစ်လျှင် အိမ်ရှင်ကို အားမနာရာ ရောက်သည်။ 
(ထပ်ထည့်စရာ မရှိလျှင် အားနာစရာ)

ထို့ကြောင့် တရုတ်ဧည့်သည်က အကုန်စားပစ်သည်။

မြန်မာဧည့်သည်က စားကောင်းရင်တောင် ပန်းကန်ပြားထဲ မဆိုစလောက်ချန်ထားသည်။ ထို မဆိုစလောက်လေး ချန်ထားခြင်းက တရုတ်ယဉ်ကျေးမှုအရ သိပ်မကောင်းလှ။

ဝက်သားတုံးကြီး လက်သီးဆုပ်သဏ္ဍာန်
နောက်ထပ်ကြုံတွေ့လိုက်ရသည့် ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှု ခရော့ဇင်းက ဘုရားဆွမ်းတော် မကပ်မီ သံဃာတော်များကို ဆွမ်းကပ်ကြခြင်းဖြစ်သည်။ ရွာမှာဖြစ်သည့် အတွက် အချို့ရွာမှ ခြေလျင်ကြွလာသော သံဃာတော် တို့က   စောစောရောက်နှင့် ကြ သည်။ ကျောင်း၏ ပုံမှန် ဆွမ်းစားချိန်က (၁၀) နာရီ ခွဲခန့်ဟု ထင်သည်။

စင်္ကာပူမှာတော့ (၁၁) နာရီ ဘုရားဆွမ်းကပ်ပြီးမှ သံဃာများ ဆွမ်းကပ်ကြသည်။ ဘုရားဆွမ်း ကပ်ချိန်ကို မပြောင်းလိုက်မိ။ ထို့ကြောင့် “ဘုရား ဆွမ်းတော်မကပ်မီ သားတော်ရဟန်းများက ဆွမ်းစားဖို့ သင့်၊ မသင့် တရုတ်ဒကာမ တစ်ယောက်က မေးလေသည်။

ဤကိစ္စကလည်း အလေးထားရမည့် ကိစ္စဖြစ်ကြောင်း သူမပြောမှ သတိရမိသည်။ ထို့ကြောင့် ပုံမှန်အားဖြင့်မူ ဘုရားဆွမ်းမကပ်ပဲ ဆွမ်းမဘုန်းပေးကြကြောင်း၊ ယနေ့ကား ရပ်ဝေးမှ သံဃာများပင် ကြွရောက်လာကြသဖြင့် ချွင်းချက်ထားရကြောင်း မယုတ်မလွန်သာ ဖြေလိုက်ရသည်။

တစ်ယောက်ယောက်ကမှ မမေးသော်လည်း မိမိမျက်စိထဲမှာပင် တစ်မျိုးလေး ဖြစ်နေ သောကိစ္စက လက်သီးဆုပ်သဏ္ဍာန် ၀က်သားတုံးကြီးများဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုက ထိုသို့ဆက်ကပ်နိုင်မှ ဂုဏ်ယူစရာဖြစ်သည်။        ထိုယဉ်ကျေးမှုကို အမေရိက  ရောက်နေသည့် ဒေါ်မေဆွိနှင့် ဒေါ်မြင့်မြင့်ခင်တို့ သားအမိက သီချင်းဖြင့် အားပေး ထားပြန်သည်။

တရုတ်အများစုက ဟော်တယ်၊ ရက်စတော့ရင့်တို့ ရောက်လျှင် ကြိုက်သလောက်၊ ကြိုက်သလို စားတတ်ကြသော်လည်း၊ ဘာသာရေးနှင့် ဆက်စပ်သော နေရာများသို့ ရောက်လျှင် သက်သတ်လွတ် စားတတ်ကြသည်။ သက်သတ်မလွတ်တန်စေ မသိမသာသာ စားတတ်ကြသည်။ ဤသည်မှာ ဘာသာရေးနှင့် ဆက်စပ်နေသော ယဉ်ကျေးမှု ကွဲလွဲနေပုံလေးသာ ဖြစ်သည်။

တရုတ်လူမျိုးများကြား၌ သီတင်းသုံးရပြီဆိုလျှင် မသိမသာ ကြုံသလို အသားစားရတတ် သော်လည်း အတုံးလိုက် အခဲလိုက် ဖြစ်မနေမှုသာ သူတို့ မျက်စိထဲ မှာ (ယဉ်ကျေးမှုမှာ) အ၀င်ချောနိုင်သည်ဟု ထင်သည်။ အသားစားခြင်းကို ဘုရားက မတားမြစ်ခဲ့ပါဘူးဟု ဆိုရန် ရှိပါသည်။ မှန်လည်း မှန်ပါသည်။ အမှန်မူ အသားတုံးကြီးများ မစားခြင်းသည် ဘာသာရေးဆိုတာထက် ယဉ်ကျေးမှု သဘောက ပို၍ ပတ်သက်နေပေသည်။

ရွာမှာတော့ ဘာကိစ္စမှ မရှိပါ။ စလုံး ဗုဒ္ဒဘာသာများကလည်း ယဉ်ကျေးမှု ကွဲလွဲတာကို နားလည်ကြ၊ လက်ခံကြ ကျေနပ်ပျော်ရွှင်ကြသည်။ ကြီးကြီးကျယ်ကျယ် ပြောနေသည်မဟုတ်။ ဤပတ်ဝန်းကျင်၌ (၁၀) နှစ်ခန့် ကြင်လည်ခဲ့ပြီးသည့်နောက် အရင်က ဘာခံစားချက်မှ မရှိခဲ့သည့် ၀က်သားတုံး လက်သီးဆုပ်ကြီးများ ဆွမ်းဝိုင်းမှာ တွေ့ရသောအခါ တစ်မျိုးလေး ဖြစ်ပြီး ပြုံးခဲ့မိသည်ကိုကား ငြင်းလို့မရ၊ မငြင်းချင်တော့ပါ။


ကျောက်ဖရုံသီးလို၊ ဘူးသီးလိုနှင့်ရောပြီး ချက်ကပ်လိုက်ရလျှင် ကျန်းမာရေးနှင့်လည်း ညီညွတ်၊ ပိုလည်း ဘုန်းပေးနိုင်၊ မျက်စိထဲလည်း ပိုအဆင်ပြေနိုင်သည်ဟု တွေးမိသော်လည်း

“စင်္ကာပူမှာနေတဲ့ရွာကဘုန်းကြီးနဲ့ သူ့ဒကာ၊ ဒကာမတွေ ကပ်တဲ့ဆွမ်းမှာ ၀က်သားဆီပြန်တုံး က လက်သီးဆုပ်ထက် ငယ်နေရင် သိက္ခာကျပေရော့မည်။ နယ်က ဒကာ၊ ဒကာမတွေ ကလည်း စင်္ကာပူ ဆွမ်းကပ်ကလည်း ငါတို့ ဆွမ်းကပ်လိုပါဘဲဟု ပြောပေလိမ့်မည်” ဟူသော ရွာသားတို့၏စကားကို စိတ်ကူးထဲမှ ကြားနေမိ၏။

မှန်ပါ၏။
ရွာကိုရောက်ခိုက် လက်သီးဆုပ်ထက်ကြီးသော ၀က်သားဆီပြန်တုံးကြီးများဖြင့် ဆွမ်းကပ်ဦးမည်ဟု တွေးလိုက်မိ၏။
အင်း - စင်္ကာပူရောက်ခိုက် - သိသာသိစေ ၊ မမြင်စေနဲ့ ….. ။

ခက်သည်က
ဘုရားရှင်က သက်သတ်လွတ်ရန်မလိုဟု မိန့်သော်လည်း အသားတွေ နင်းကန် ဘုန်းပေးဖို့လည်း ၀ိနည်းတော်မှာ မမိန့်ခဲ့။

သို့ဖြင့် အ၀န်းမညီသော အ၀ိုင်းများအကြောင်းစဉ်းစားမိရင်း ပြုံးမိ၏။

ယဉ်ကျေးမှုကို adjust လုပ်သော ယဉ်ကျေးမှုတို့ ရှင်သန်၏။
ပြင်နိုင်၊ ဖြည့်စွက်နိုင်သော ဥပဒေတို့သာ ရှင်သန်၏။ (ဘုရားဥပဒေမှလွဲလျှင်)
ပျူယဉ်ကျေးမှု ကွယ်ခဲ့ပြီ။ ဒိုင်နိုင်ဆောတို့ မျိုးတုံးခဲ့ပြီ။
တစ်ယူသန် ဥပဒေတို့ အလုပ်မဖြစ်။ လူ့ယဉ်ကျေးမှုက စီးဆင်းနေ၏






သီဟနာဒ









Copyright © 2012 ကမ်းလက်. All rights reserved.

What is mindfulness meditation? (သတိပဋ္ဌာန်တရားဟူသည် ဘာလဲ)

ဒီနည်းစနစ်က လူနာ၏ နာကျင်မှုနှင့် စိတ်ထိခိုက်မှုကို လျော့ကျစေနိုင်သည်။ Tony Merrit ဆိုသည့် စိတ်ပညာရှင်က ဆစ်ဒနီရှိ Royal Prince Alfred ဆေးရုံ၊ Pain Management Centre ၌ လူနားများကို သတိပဋ္ဌာန်တရားပြသပေးလျက်ရှိသည်။

"ဒီနည်းစနစ်က သတိပိုကောင်းစေပြီး နာကျင်မှုကို ရင်ဆိုင်ရာမှာ အထောက်အကူ အများကြီးဖြစ်စေပါတယ်။ဝေဒနာနဲ့ ကိုယ်တိုင် ခွဲခြားရှုမှတ်လိုက်ရင် ခြားနားချက်တွေ အမျာကြီးရှိလာတယ်။

ဥပမာနဲ့ပြောရရင် စိတ်ကသမုဒ္ဒရာနဲ့တူပြီး လူက လှိုင်းနဲ့တူတယ်။"

သတိပဋ္ဌာန်တရားက လှိုင်းကိုရပ်လို့မရပါဘူး။ လှိုင်းကြားထဲမှာ ဘယ်လိုရွက်လွှင့်သွားရမလဲ ဆိုတာကိုသာ သင်တာပါ။"သူကရှင်းပြပါတယ်။

နာကျင်မှုအပေါ်မှာရှုမှတ်နေလျှင် ဝေဒနာပိုဆိုးဖွယ်ရာရှိသည်ဟု လူအများက မှတ်ထင်တတ်ကြသည်၊ သို့သော် ဤပရိုဂရမ်၏ အဆုံး၌ လူကို မသက်မသာဖြစ်စေသော အရာသည် နာကျင်မှုထက် ထိုနာကျင်မှုအပေါ်၌ ငြိ တွယ်နေသော ကြောက်ရွံ့ထိတ်လန့်မှု သာဖြစ်ကြောင်း သဘောပေါက်သွားကြသည် ဟု သူကရှင်းပြသည်။

"ဝေဒနာကို အဆိုးအကောင်း သုံးသပ်မနေပဲ လက်ခံ မှတ်သားထားပြီး သူ့သဘောအတိုင်းထားလိုက်ရင် နာကျင်တဲ့ဝေဒနာက လျော့ပါးသွားပါတယ်"

သတိပဋ္ဌာန်တရားကိုအားထုတ်ရန် နှစ်ပေါင်းရှည်ကြာ မလိုအပ်လှပါ။ "ဝေဒနာကို ရှုမှတ်နိုင်တဲ့ အစွမ်းကို အချိန်ခပ်တိုတို အတွင်းမှာပဲ ရနိုင်ပါတယ်။ နှစ်ရက်အတွင်းမှာကိုပဲ ထူးထူးခြားခြား အကျိုးကျေးဇူးတွေ ရလာနေတာတွေ့မြင်နေရပါတယ်။ " ဟု Merritt က ထပ်မံရှင်းပြခဲ့သည်။

For more information,visit


ဆုထားမျက်ချယ်

















Copyright © 2011 ကမ်းလက်. All rights reserved.

ရေနွေးကြမ်းစကားများ

ရေနွေးကြမ်းသည် တရားဘာဝနာ၏ မိတ်ဆွေဖြစ်သည်။ အသည်းနှလုံးကို ကြီးထွားစေပြီး ငြိမ်းချမ်းမှု ကို လေးနက်စေ ၏။ ရေနွေးကြမ်းသည်အတွေးအခေါ်၏ တောင်ပံများဖြစ်ပြီး လူသားကိုသာမန်ဘ၀ထက် ပိုအောင် ပို့ဆောင်ပေးတတ် ၏။ ထို့ကြောင့် ကမ္ဘာ အရှေ့ခြမ်းနိုင်ငံတိုင်း၌ ရေနွေးခြမ်းကို မက်မက်မောမော သောက်သုံးကြလေ၏။

ထုတ်လုပ်ပုံနည်းပညာမတူသဖြင့် ချိုင်းနီ(စ်)တီးဟု ခေါ်သော ရေနွေးကြမ်းသည် ယေဘုယျအားဖြင့် ခြောက်မျိုးကွဲပြားလေသည်။
  1. Green tea
  2. Black tea
  3. Oolong tea
  4. Dark tea
  5. Yellow tea နှင့်
  6. White tea တို့ဖြစ်လေသည်။

Green tea သည်တရုတ်ပြည်တောင်ပိုင်းမှထွက်ပြီး ပညာရှင်များအကြိုက်ဟုဆိုကြသည်။ Black tea ကား ပြန်လည်မွမ်းမံမှုဖြင့် စီရင်ထားပြီး အမျိုးသမီးများ အကြိုက်ဟုဆိုကြ၏ ။ အူးလုံးတီးကား နွေးထွေးပြီးလူကိုတက်ကြွစေသဖြင့် အားကစားသမားများ အကြိုက်ဟုဆိုကြပြန်သည်။ Dark tea ကား လျှာပေါ်၌ အရသာစွဲထင်ရစ်သဖြင့် ပညာရှင်နှင့် သက်ကြီးရွယ်အိုတို့ အသဲစွဲတည်း။

တရုတ်ပြည်ကား ရေနွေးကြမ်းနှင့်ပတ်သက်၍ ရှေ့ဆောင်နိုင်ငံဖြစ်ပြီး ရေနွေးကြမ်းပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ နှစ်ပေါင်းလေး ငါးထောင်ခန့် သမိုင်းရှိလေသည်။ အစပိုင်းတွင်လတ်ဆတ်သော လက်ဖက်ရွက်ကို ရေနွေးထဲကို ထည့်သောက် ကြပြီး နောက်ပိုင်းတွင် လက်ဖက်ရွက်ကို အခြောက်လှမ်းပြုပြင်ပြီး သောက်သုံးလာကြသည်။ ထိုမှနောက် ခြောက်မျိုးသော ရေနွေး ကြမ်း အမျိုးအစား တို့ တန်မင်းဆက်၌ (၆၁၁-၉၀၆) ဖွံ့ဖြိုးလာခဲ့လေတော့သည်။

မူလရေနွေးကြမ်းသမိုင်းကားပျောက်ဆုံးခဲ့ပြီဖြစ်၏။ အကြမ်းဖျင်း မှတ်သားနိုင်သည်ကား ရေနွေးကြမ်းယဉ်ကျေးမှုသည် တရုတ်ပြည် အနောက်တောင်ပိုင်းမှ စတင်ခံ့သည်ဟု ဆိုနိုင်၏။ ယူနန်နှင့် အခြားသောနေရာများ၌ သက်တမ်းထောင်ချီသော လက်ဖက်ပင်များရှိနေ၏။ ယင်းရေနွေးကြမ်းကို စတင်တွေ့ရှိသူကား Shen Nong ဟုဆိုကြ၏။ (မြန်မာလို ရှင်နှောင်းလို့ဆိုရလျှင် မှတ်သားရလွယ်ကူနိုင်ပါသည်။)



ရှင်နှောင်းကား သစ်ပင်အမျိုးမျိုးမှ သစ်ရွက်တို့ကိုခူးကာ စားသောက်လို့ဖြစ်မဖြစ် ၊ ဆေးဝါးအတွက် အသုံးဝင် မ၀င် အမျိုးမျိုးစမ်းသပ်ကြည့်ခဲ့၏။ ကံကောင်းသည်မှာ ရှင်နှောင်း၌ ထူးခြားသော အစာအိမ်ရှိပြီး ထိုသစ်ရွက်တို့၏ တုန်ပြန်မှုကို နားလည်ခံစားနိုင်၏။ ထို့ကြောင့်ပင် “ရှင်နှောင်း သစ်ရွက်တစ်ရာကို မြည်း၏ ” ဆိုသော စကားပုံပေါ်ပေါက်လာလေတော့သည်။

တနေ့၊ ခရီးအဝေးကြီးလမ်းလျှောက်ခဲ့ပြီးနောက်မောပန်းဆာလောင်နေသော ရှင်နှောင်းတစ်ယောက် သစ်ပင်အောက်၌ အနားယူနေ၏။ ထို့နောက်ရေနွေးအိုးတည်၏။ ထိုစဉ်ကြွေကျလာသော လက်ဖက်ရွက်တစ်ချို့ ရှင်နှောင်း၏ ရေနွေးအိုး ထဲသို့ကျလေသည်။ ထိုရေနွေးကို သောက်ကြည့်သောအခါ ချိုမြမြရှိယုံသာမက လွန်စွာအရသာရှိပြီး လူကိုလန်းဆန်းသွားသည် ကိုလည်း ရှင်နှောင်းတွေ့ခဲ့ရတော့သည်။ သူပင်ပန်းခဲ့သမျှ ယူပစ်လိုက်သလို ပျောက်သွား၏။ ထို့ကြောင့် ထိုရေနွေးကြမ်း အားလုံးကု ရှင်နှောင်းသောက်ပစ်လိုက်လေတော့သည်။

ရှင်နှောင်းနှင့်ပတ်သက်သော နောက်ဇာတ်လမ်းတစ်ပုဒ်က ပို၍ပင် အံ့သြဖွယ်ကောင်းသေး၏။ ရှင်နှောင်းက ၇၂ -မျိုးသော အဆိပ်အတောက်ဖြစ်စေသည့် သစ်ရွက်တို့ကို မြည်း၏။ ပြီး - မြေပြင်၌ သေလုမျောပါးဖြစ်နေရှာ၏။ ထိုအခါ သူ့ဘေးသို့ကြွေ ကျလာသော သစ်ရွက်တစ်ချို့၏ အနံ့ အသက်ကို ရှင်နှောင်းရလေသည်။ စပ်စုသောရှင်နှောင်းက ထိုသစ်ရွက်တို့ကို ပါးစပ်ထဲ ထည့်ပြီးဝါးလေတော့၏။ ခဏကြာသောအခါ ရှင်နှောင်း၏ ကုန်ခမ်းသွားသော အားအင်များ ပြန်လည်ပြည့်ဖြိုးလာသည်ဟု ဆို၏။ ထို့နောက် ထိုအရွက်တို့ကို ကောက်ယူစားလိုက်သောအခါ သူ့ခန္ဓာကိုယ်ထဲမှာ ရှိနေသော အဆိပ်မျာအားလုံး ကင်းစင်သွာလေတော့၏။

ဇာတ်လမ်းများက မည်သို့ပင်ဆိုစေ၊ ရေနွေးကြမ်းနှင့် ပတ်သက်၍ကား ရှင်နှောင်း၏ အခန်းကဏ္ဍကို ပစ်ပယ်ထား၍ မရတော့ပေ။ ထို့ကြောင့် တရုတ်ရှေးဟောင်းဆေးပညာကျမ်းကြီးကို ရှင်နှောင်းကို ဂုဏ်ပြုသောအားဖြင့် “Shen Nong Herbal” ဟုခေါ်ကြလေတော့၏။

           “Tea tastes bitter. Drink it, 
                      one can think quicker, 
                                 Sleep less, move lighter, 
                                            And see clearer.”

ဟုရေနွေးကြမ်းကို ဂုဏ်ပြုစပ်ဆိုထားကြလေတော့သည်။

Zhou မင်းဆက်ရောက်သောအခါ (၁၀၄၆ -၂၅၆ ဘီစီ) ရေနွေးကြမ်းသည် ခန္ဓာကိုယ်ကို ပေါ့ပါးစေပြီး စိတ်ကိုကြည် လင်စေသဖြင့် ဆေးအရာသို့ပင် ထားခဲ့ကြသည်။ လက်ဖက်ရွက်ကိုပို၍ကောင်းမွန်အောင်လည်း ကြိုးစားပြုပြင်လာခဲ့ကြသည်။

Ham မင်းဆက် (၂၀၆ ဘီစီ - အေဒီ ၂၂၀) သို့ရောက်သောအခါ လက်ဖက်ရွက်ခူးခြင်း လက်ဖက်ပြုလုပ်ခြင်း များစွာတိုးတက် လာခဲ့သည်။ ရေနွေးကြမ်းသည် အရသာရှိသော သောက်သုံးဖွယ်တစ်ခုဖြစ်ခဲ့ပြီး ဂုဏ်သရေရှိလူတန်းစားများကြား၌ များစွာရေပန်း စားလာလေတော့သည်။

Wei (၂၂၀ - ၂၆၅) နှင့် Jin(၂၆၅ - ၄၂၀) မင်းဆက်များလက်ထက်တွင်မူ ရေနွေးကြမ်းသည် ဧည့်ခံပွဲမျာ၌ မပါမဖြစ် သောက်ဖွယ် တစ်ခု ဖြစ်လာတော့သည်။ ထိုအခါ လူအများက လူကိုလန်းဆန်းပြီး သန့်ရှင်းသော ရေနွေးကြမ်းကို မူးယစ်စေတတ်သော ၀ိုင်ထက် ပင် ပို၍လူကြိုက်များလာလေတော့သည်။

ထိုမင်းသုံးဆက်၏ နောက်ဆုံးမင်းမှာ Sun Hao(264-280) ဖြစ၏။ သူကပွဲတော်တည်တိုင်း သူ့မူးမတ်များကို ၀ိုင် ခြောက်လီတာ ကုန်အောင် သောက်ရမည်ဟု အမိန့်ပေး၏။ ထိုမူးမတ်များတွင် အမတ်တစ်ယောက်က ၀ိုင်ကိုမကြိုက်၊ ထို့ကြောင့်  ၀ိုင် အစား ရေနွေးကြမ်းသောက်ခွင့်ပြုရန်တောင်းပန်၏။ အမှန်မူ ၀ိုင်နှင့် ရေနွေးကြမ်းအစား ဆက်စပ်မှု တူညီမှု အချို့ ရှိလေသည်။

ဝိုင်ကပျော်ရွှင်ဖွယ်ကောင်းသော ၀န်းကျင်နှင့် သဟဇာတဖြစ်ပြီး ရေနွေးကြမ်းကမူ တိတ်ဆိတ်သော ၀န်းကျင်နှင့် ပို၍စပ်ဟပ်သည်။ သူတို့ကြား၌ ကွဲပြားမှုများစွာရှိသော်လည်း ရေနွေးကြမ်းနှင့်ဝိုင်ကား အကောင်းဆုံး ပါတနာများလည်းဖြစ်လေသည်။ အကြောင်းကရေနွေးကြမ်းက မူးယစ်မှုကို ပြေပျောက်စေခြင်းကြောင့်ဖြစ်၏။ ရေနွေးကြမ်း ယဉ်ကျေးမှု ပျံ့နှံ့ရာ၌ ဗုဒ္ဓဘာသာနှင့်  တာအိုဘာသာ တို့ကလည်း ခွဲခြား၍ မရအောင် အရေးပါလှသည်။

ဗုဒ္ဓဘာသာဝင်များက ရေနွေးကြမ်းသည် ငိုက်မြည်းမှု ၊ နှေးကွေးလေးလံမှုတို့ကို ပယ်ဖျောက်နိုင်၏ ဟူသော အကြောင်းပြ ချက်ဖြင့် နှစ်ခြိုက်ကြသလို တာအိုဘာသာဝင် တို့ကလည်း ရေနွေးကြမ်းက လူကိုနုပျိုစေတယ် ဆိုပြီး နှစ်နှစ် ခြိုက်ခြိုက်  သောက်သုံးကြ၏။ ထိုအခါ လူအများက လက်ဖက်ရွက် များကို ကိတ်မုန့်သဏ္ဍာန်ပြုလုပ် ကြ၏။ သောက် လိုသော အခါမှ ဖဲ့ယူ၍ ရေနွေးအိုးထဲသို့ ထည့်ပြီးသောက်ကြ၏ ။


ထို့ကြောင့်ရေနွေးကြမ်းသည် “Tan မင်းဆက်မှာ အစပြုခဲ့ပြီး Song မင်းဆက်မှာ ဖွံ့ဖြိုးခဲ့သည်။” ဟု ဆိုစမှတ်ပြုကြရတော့သည်။

ယင်းလက်ဖက်ရွက်၊ ရေနွေးကြမ်း ၊ လက်ဖက်ရည်တို့ကား ယနေ့ဆိုလျှင် ကမ္ဘာသို့ပင် ပျံ့နှံ့နေပြီဖြစ်၏ ။ ဂျပန်ဘုန်းတော်ကြီး များက လက်ဖက်စေ့၊ လက်ဖက်ခြောက်ပြုလုပ်နည်း ၊ ရေနွေးကြမ်း အသုံးအဆောင် ပစ္စည်းတို့ကို ဂျပန်သို့ သယ်ယူသွားကြသည်။ ယခုဆိုလျှင် ဂျပန်မှာ ရေနွေးကြမ်း ပွဲတော်ဟုပင် ရှိလေသည်။

ဥရောပတိုက်သို့ လက်ဖက်ရွက် ၊ လက်ဖက်ခြောက် ရောက်ရှိခြင်းနှင့်ပတ်သက်၍ ရှေးဦးအကျဆုံး အထောက်အထားကို ခရီးသွား အာရပ်တစ်ယောက်၏ မှတ်စု၌ တွေ့ရ၏။ မာကိုပိုလို၏ မှတ်စုထဲ၌လည်း တရုတ်ဘဏ္ဍာရေး အမတ်ကြီးက လက်ဖက်ခြောက် ၊ လက်ဖက်ရွက် အခွန်နှင့် ပတ်သက်ပြီး အဆမတန် တောင်းခံကြောင်း ရေးသားထားလေသည်။

(၁၆) ရာစုရောက်သောအခါ ဒတ(ခ်ျ)တို့က ကမ္ဘာ့အရှေ့ပိုင်း၌ လွန်စွာထူးဆန်း၍ အရသာနှင့်ပြည့်စုံလှသော သစ်ရွက်တစ်မျိုး ရှိကြောင်း သတင်းကို ဥရောပသို့ သယ်ဆောင်သွားခဲ့ကြ၏။ ထိုစကားသည် ဥရောပသားတို့အတွက် လက်ဖက်ရွက်နှင့် ပတ်သက်ပြီး ပထမဆုံးကြားရသောစကား ဖြစ်လေသည်။

၁၆၁၀ ခုနှစ်တွင် အရှေ့ အိန္ဒိယ ကုမ္ပဏီက ဥရောပသို့ ပထမဆုံး လက်ဖက်တင်ပို့လေတော့သည်။ ထို့နောက် လက်ဖက်ရည် သောက်ခြင်း အကျင့် ဥရောပ၌ အမြစ်တွယ်သွားလေတော့သည်။

ထို့နောက် ၁၆၃၆ ခုတွင် ပြင်သစ်၊ နှစ်နှစ်ကြာသောအခါ ရှရှားသို့ လက်ဖက်ပျံ့သွားတော့သည်။ ယနေ့ လက်ဖက်ရည်ကို စွဲစွဲမြဲမြဲ သောက်သုံးနေသော အင်္ဂလန်ကား ၁၆၅၀ ခုအထိ လက်ဖက်အကြောင်း ဘာမှ မသိခဲ့ရှာပေ။

လက်ဖက်ရွက်ထဲ၌ ၄၅၀ ကျော် ဓါတ်သဘာဝများ ပါဝင်နေကြာင်း သိပ္ပံက ရှာဖွေတွေ့ရှိခဲ့သည်။ တစ်ချို့ စွမ်းအင်များက လူကိုဒုက္ခပေးနိုင်သည့် ရောဂါတစ်ချို့ကိုပင် ကာကွယ်ပျောက်ကင်းစေနိုင်ကြောင်းတွေ့ရ၏။


Green tea ဆိုလျှင် ဗီတာမင်များ ပါဝင်သည့်အပြင် ကင်ဆာဆဲ(လ်)များကို ကာကွယ်ပေးနိုင်သည့် Hydroxybenzene ဓါတ်သဘာဝပါဝင်လေသည်။ အူလုံးတီး (Oolong tea) ဆိုလျှင် ကိုယ်အလေးချိန်ကိုကျစေနိုင်၏။ Black tea က သလိပ်ပျော်စေပြီး အစာကျေညက်မှု အားကောင်းစေကာ စားသုံးသမျှ ခံတွင်းတွေ့စေ၏ ။ အထူုးသဖြင့် အစာအိမ်ရောဂါရှိသူများနှင့် ကိုက်ညီ၏။ Duer tea ကနှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပြီး “Tea of longevity” ဟုပင် ဆိုစမှတ်ပြုထားကြရသည်။

လက်ဖက်ရွက်များသည် Rediation ကိုကာကွယ်မှုပေးနိုင်သည့်အတွက် ကွန်ပျူတာအမြဲတမ်းသုံးစွဲနေရသူများနှင့် အထူးသင့်တော်လေသည်။

(၂၁) ရာစုတွင် ရေနွေးကြမ်းကို သောက်စရာဟု အသိအမှတ်ပြုထားရသည့် အပြင် လက်ဖက်ရွက်၏ အဆီအနှစ် များကို ခေါင်းလျှော်ရည် များ ၊ သွားတိုက်ဆေးများနှင့် အခြားနေ့စဉ်သုံး ပစ္စည်းများတွင်ပါ တွေ့ရှိလာရတော့သည်။ ကျန်းမာရေး အတွက် လိမ်းဆေးများ တွင်လည်း လက်ဖက်ရွက်၏ အဆီအနှစ်များ ပါဝင်နေပြန်သေး၏။

သို့ဖြင့်ပင် ရေနွေးကြမ်း၏ ဇတ်လမ်းကတော့ ပြောမဆုံးပေါင် တောသုံးတောင်ပင် ရှိနေဆဲပင်။



ဆုထားမျက်ချယ်






(Chinese Tea by Lin Tong, Translated by Yue LiwenEternal Tea Fragrance ကို သင့်သလို ပြန်ဆိုထားပါသည်။)


Copyright © 2012 ကမ်းလက်. All rights reserved.

ညှိရင် ညီနိုင်တယ်

အမျိုးသမီးတစ်ယောက်က ဘုရားဆင်းတုတော်တစ်ဆူကို ပင့်လာပြီး ကျောင်းမှာ ထားခဲ့လို့ ရမလားလို့မေးတယ်၊ ဘာကြောင့်လဲ မေးတော့ ဗုဒ္ဓဘာသာဖြစ်ကြတဲ့ မိဘတွေ သေဆုံးတော့ ဘုရားကိုစောင့်ရှောက်မဲ့သူ မရှိတော့ လို့ - လို့ဖြေတယ်။ သူမကိုယ်တိုင်ကဗုဒ္ဓဘာသာ မဟုတ်မေယ့် ဘုရားတစ်ပါးတည်း အထီးကျန်နေတာကို စိတ်မကောင်း ဖြစ်ရတယ်လို့ဆိုပါတယ်။ သူမကို အကဲခတ်တော့လည်း တကယ် စိတ်မကောင်းတဲ့ပုံပေါ်ပါတယ်၊ ဒါနဲ့ ဆင်းတုတွေထားတဲ့နေရာကို လိုက်ပြတော့ သူမက

"I'm very happy for you ,Buddha. Now you have many friends. Please stay here with your friends." လို့ ဘုရားကို နှုတ်ဆက်စကားပြောနေရှာတယ်။

သူမပြောတာကတစ်မျိုးလေးဖြစ်နေတော့ပြုံးမိသေးတယ်။

တစ်ချို့က ဘုရားဆင်းတုတွေ လက်ဆောင်ပေးတတ်ကြသတဲ့၊ ရေရှည်ကိုစဉ်းစားသင့်တဲ့ကိစ္စလို့ထင်ပါတယ်။ နိုင်ငံခြား ဗုဒ္ဓဘာသာဝန်းကျင်တွေထဲမှာကိုပဲ သီတင်းသုံးဖို့ ကျောင်းအခက်အခဲရှိတဲ့ ဘုရားဆင်းတုတော်တွေ အများကြီးရှိတယ်။

သူမပြောတဲ့စကားကိုပြုံးမိပြီး ဗောဓိပင်အောက်က ဘုရားဆင်းတုတော်ကို လှမ်းကြည့်မိတော့ စိတ်မကောင်းဖြစ်ရတော့မလိုလို ခံစားလိုက်ရသေးတယ်။ ဗောဓိပင်ကြီးပါ လဲကျသွားတော့ အထီးကျန်သမှ တကယ့်ကို ထီးထီးကြီးကျန်နေခဲ့တာ။

ဒါနဲ့ ဘုရားရှင်ရဲ့ဒေသနာအချို့ဆီ အာရုံဆန့်မိတယ်။

မိတ်ဆွေကောင်းရှိရင် အကျိုးတစ်ဝက်ပြီးတယ် လို့လျောက်ထားတဲ့ အရှင်အာနန္ဒာကို အနန္ဒာ အဲသလိုမပြောနဲ့ မိတ်ဆွေကောင်းရှိရင် အကျိုးအားလုံးပြီးတယ် လို့ဘုရားရှင်က ခပ်မာမာမိန့်ခဲ့ဖူးတယ်။ မိတ်ဆွေကောင်းကိစ္စကို ဘုရားရှင်က တော်တော်တန်ဖိုးထားတော်မူတယ်။

ဒါပေမယ့် မိတ်ဆွေကောင်းမှ မရရင် တစ်ယောက်တည်းနေတာက ကောင်းတယ်လို့လည်း ပါလိလေယျကတောထဲမှာ မိန့်တော်မူပြန်တယ်။

ဒီတော့ တစ်ယောက်ထဲပဲနေနေ အပေါင်းအသင်းနဲ့ပဲနေနေ ဒေသနာနဲ့ကတော့အကိုက်ပဲ။ ကိုယ်လိုရာတော့ ကိုယ်ဆွဲရမှာပေါ့လေ။

ပေးလှူခြင်းရဲ့အကျိုးတရားတွေကို တစ်ဖက်ကဟောနေသလို တောင်းလွန်းတော့ တိရစ္ဆာန်တောင်မကြိုက်ဘူး လို့လည်းဟောတော်မူပြန်ရော။

ဒီတော့ ပေးချင်ရင်ပေး၊ မပေးချင် ဒေသနာနဲ့အညီ "တောင်းလွန်းတော့ တိရစ္ဆာန်တောင်မကြိုက်ဘူး" လို့ ပြောလည်းရသွားပြန်တယ်။ ကိုယ်လိုရာတော့ ကိုယ်ဆွဲပေါ့လေ၊ ဟုတ်ဘူးလား။

ဦးဥက္ကဋ္ဌတို့ လူသေလူဖြစ်တောင် ဥပါဒါနပစ္စယာ ဘဝေါ နဲ့ ငြိနေသေးတာမဟုတ်လား။ ဘာပဲဖြစ်ဖြစ် တော်လှန်ရေးကာလ စစ်တပ်ထဲတော့ လူသေလူဖြစ်ကြောင့် လူငယ်တွေတော်တော်ဝင်လာကြသတဲ့၊ တိုကျိုကြီးသေ တိုကျိုလေး ဖြစ် ဆိုသလိုပေါ့။

ဗိုလ်ချုပ်အောင်ဆန်းကတော့ ဦးဥက္ကဋ္ဌကို တော်တော်ကြည်ညိုသတဲ့။(သတဲ့ ဟူသည် ကြားဖူးနားဝဟူလို)။

ဘာရယ်မဟုတ်ပါဘူး။ ဒေသနာတော်တွေက ကျယ်ဝန်းတော့ ရအောင်ညှိရင် ညီနေတတ်တယ် ဆိုတာလေး စဉ်းစားမိလို့ပါ။



သီဟနာဒ









Copyright © 2012 ကမ်းလက်. All rights reserved.

ယောက်မဖြစ်လိုက် လျှာဖြစ်လိုက်

ဘာသာရေးအဆုံးအမများ၌ ယောက်မနှင့်လျှာ ဥပမာသည် တော်တော် ရေးပန်းစား၏။ ဗုဒ္ဓဘာသာရယ်မဟုတ်၊ အခြားဘာသာ အဆုံးအမများ၌လည်း ဤဥပမာကို မကြာမကြာ တွေ့ရသည်။ အဓိပ္ပါယ်ကိုတော့ အားလုံး သိကြပြီးဟု ယူဆ ပါသည်။

သီတင်းသုံးဖော် သီရိလင်္ကာကိုယ်တော်လေးတစ်ပါးက ဆူနာမီဖြစ်ပြီး သတ္တဝါများ သေကြေပျက်စီး ခဲ့ရ သည်ကို တွေ့မြင် ရပြီးတဲ့နောက် အသားမစားတော့ဟု ဆိုသည်။ အမှန်လည်း မစားတော့။ ချီးကျူးစရာ ကောင်းသည်။ ယခင်ကကုန်း သတ္တဝါကို ရှောင်သော်လည်း ဆူနာမီဖြစ်ပြီးနောက် ရေသတ္တဝါကိုပါ ရှောင်ကြဉ်လိုက်ခြင်း ဖြစ်သည်။

သူပြောမှ ကိုယ်တိုင် စဉ်းစားမိသည်။ ငါတို့မှာလည်း နာဂစ်ဖြစ်စ်ခဲ့တာပဲ၊ ငါလည်း သက်သတ်လွတ် ဖြစ်မသွားပါလား - ဟု ဖြစ် သည်။ ထိုမျှမက နာဂစ်ဖြစ်ပြီးနောက် တို့နိုင်ငံမှာ လူဘယ်နှစ်ယောက် သက်သတ်လွတ် ဖြစ်သွားသလဲဟု ဆက်လက် ၍ သေဖော် ပင် ညှိလိုက်မိသေးသည်။ နီးစပ်ရာ ရှာကြည့်မိတော့ မတွေ့ရ။ စာမြဲ၊ စားကြမြဲသာတည်း။

မဃဒေဝမင်းကြီးကလည်း ဆံဖြူတစ်ချောင်း တွေ့ကာမျှဖြင့် တောထွက်ရန် အကြံဖြစ်ခဲ့သည်ဟု ဆိုသည်။ သံဝေဃဉာဏ် အလင်းပွင့်ခိုက် ဆံပင်ဖြူလေး တစ်ချောင်းကပင် တောထွက်ဖို့ မောင်းနှင်အားတစ်ခု ဖြစ်နေတတ်သည်။ သို့ဖြင့် စဉ်းစား မိပြန် သည်။ ဆံပင်တစ်ချောင်း ဖြူကာမျှဖြင့် တောထွက်ကြမည်ဆိုလျှင် မြို့နေလူထုထက် တောထဲက လူတွေက ပိုများစရာ ရှိနေ သည်။

(ပုံကို crystal-lovelivelife မှရယူထားပါသည်။ ကျေးဇူးအထူးတင်ပါသည်။)


သိဒ္ဓတ္ထမင်းသားလည်း နိမိတ်ကြီးလေးပါးကို တွေ့မြင်ရပြီး တောထွက်ဖို့ အကြံအစည် ကိန်းအောင်း ခဲ့ရပြန်သည်။ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသည် မည်မျှ ထူးခြားသော မြင်ကွင်းမျိုးပါနည်း။ သိပ် မထူးဆန်းလှပါ။ သာမန်ဆိုလျှင် ဘာဆို ဘာမှ မဟုတ်ပါ။ သို့သော် သံဝေဂဉာဏ် အလင်းပွင့်ခိုက် ရဟန်းတစ်ပါးကို မြင်ကာမျှဖြင့်ဘဝထွက်ပေါက်၏ သဲလွန်စကို ရှာဖွေ  တွေ့ ရှိ နိုင်သည်။

ထိုမှတဆင့် စဉ်းစားရန် ရှိလာပြန်သည်။

သီရိလင်္ကာရဟန်းတော် ကိုယ်တိုင်အတွက်ပင် ဆူနာမီလို အဖြစ်အပျက်သည် ပထမဦးဆုံးအကြိမ် ဖြစ်နိုင်ပါမည်လား။ လက်ရှိဘဝ တွင်တော့ ဤမျှ ဆိုးဝါးသော အဖြစ်အပျက်သည် ဤရဟန်းငယ်အတွက် ပထမဆုံးအကြိမ် ဖြစ်နိုင်ပါသည်။ သံသရာကိစ္စပါ စဉ်းစားလျှင်တော့ ဤကိစ္စမျိုးသည် ပထမဆုံးအကြိမ် လုံးဝ မဖြစ်နိုင်ပါ။ သို့ဆိုလျှင် အရင်အကြိမ်တွေ ကြုံတွေ့စဉ်က သူရော သက်သတ်လွတ် ဖြစ်ခဲ့သလား။ မသေချာပါ။

မဃဒေဝမင်းကြီးရော ထိုအကြိမ်သည် ပထမဆုံး ဆံပင်ဖြူခြင်းလား။ ပစ္စုပ္ပန်ဘဝမှာ Yes - ဖြစ်နိုင်ပြီး သံသရာမှာတော့ ပထမဆုံး ဆံပင်ဖြူခြင်း လုံးဝ မဖြစ်နိုင်။

ထို့အတူ သိဒ္ဓတ္ထမင်းသားကရော သူအို၊ သူနာ၊ သူသေ၊ ရဟန်းကို ပထမဆုံးအကြိမ် တွေ့မြင်ရခြင်းပေလား။ ပစ္စုပ္ပန်ဘဝမှာတော့ ဟုတ်၏။ သံသရာမှာတော့ မဖြစ်နိုင်။ သို့ဖြစ်လျှင် နိမိတ်ကြီးလေးပါးကို မြင်ပြီး ဘုရားအလောင်း ဘယ်နှစ် ကြိမ် တောထွက်ခဲ့ ဖူးပါသလဲ။ ဇာတ်တော်များကို ကြည့်လျှင်တော့ ဘဝအတော်များများမှာ တောထွက်ခဲ့ကြောင်း မှတ်သားရသည်။ သို့သော် ယခုအကြိမ်လောက်တော့ အားကောင်းမောင်းသန် မရှိခဲ့။

ပြောလိုသည်မှာ ခံယူသည့်လူသားနှင့် လောကဓံကိစ္စပင် ဖြစ်ပါသည်။ လောကဓံ (သို့) သဘာဝတရားသည် လူသားကို ပညာပေးနေသော ဆရာဟု ကြီးကြီး ကျယ်ကျယ် ပြောလိုက ပြောနိုင်ပါသည်။ သို့သော် လောကဓံတရားကတော့ လူသားကို ပညာပေးဖို့ ဤသို့ ဖြစ်ပျက်ပေးနေခြင်း မဟုတ်ပေ။

တစ်ခါတစ်ခါ အလွန်ကြီးလေးသော အဖြစ်အပျက် လောကဓံများ ကြုံတွေ့ရသည်။ သို့သော် စိတ်ဓာတ်နှင့် ဘဝယုံကြည်ချက် ပြောင်းလဲရလောက်အောင် အားမကောင်းတတ်ကြပါ။ တစ်ခါတစ်ခါ ဘာမှ မဟုတ်သော အဖြစ်အ ပျက်လေး တစ်ခုက ဘဝကို ပြောင်းလဲပစ်နိုင်ပြန်သည်။ ဤသည်ကိုပင် ဣနြေ္ဒ (သို့) ပါရမီ နုခိုက်၊ ရင့်ခိုက်ဟု ဆိုကောင်း ဆိုနိုင် သည်။  နှလုံးသားကို ထိခိုက်ဖို့ ကြီးလေးသော အဖြစ်အပျက်တစ်ခု ဖြစ်နေဖို့ အမြဲတမ်း မလိုအပ်လှပါ

အညာက လူများ ဗျောသံကြားလျှင် မျက်ရည်ကျတတ်သည်။ သို့သော် အောက်ပြည်အောက်ရွာက လူတွေကတော့ ဗျောသံကြောင့် ဘာမျှ ထူးခြားပြီး မခံစားရဟု သိရသည်။ ထိုဗျောသံသည် အလှူဗျော ဖြစ်နေမည်၊ ထိုအလှူက လည်း မိမစုံ၊ ဖမစုံ ဖြစ်နေ မည်ဆိုလျှင် အညာမှာတော့ လူတိုင်းလိုလို မျက်ရည်စို့တတ်ကြသည်။ ဤက လူသားနှင့် ကြွမ်းဝင်သော ဝါသနာနှင့် အနုသယကိစ္စ ဖြစ်ပါလိမ့်မည်။

ရဟန်းငယ်ဘဝက ကိုယ်တိုင် ကြုံတွေ့ခဲ့ရဖူးသည်။ သာသနာ့တက္ကသိုလ်ဖြေရင်း ဆယ်တန်းပါ ဖြေဖို့ သူငယ်ချင်းလေးပါး ကြိတ်ပြီး ကြိုးစားခဲ့ကြဖူးသည်။ စာက များလွန်းသောအခါ အိပ်ရေးပျက်လာသည်။ အားနည်းလာသည်။ တစ်ညမှာတော့ အခန်းပေါက်ဝမှာပင် မိုက်ကနဲဖြစ်ပြီး မေ့လဲသွားသည်။ ဘာဆို ဘာမျှ မသိတော့။ အခန်းချင်းကပ်လျက် မိတ်ဆွေရဟန်းက တွေ့ပြီး လှုပ်နှိုးတော့မှ သတိပြန်ရသည်။ (ဝေါက ဦးခေမာစာရဟု ထင်သည်။) ထို့နောက် သေခြင်းတရားကို တော်တော်လေး ဆင်ခြင်မိသည်။ ဒီနေရာမှာ သေမည်ဆိုက သေနိုင်သည်။

သို့သော် ထိုသံဝေဂဉာဏ်က သိပ်ကြာကြာ မခံပါ။ ကျန်းမာရေးကောင်းပြီး ပကတိပြန်ဖြစ်လာတော့ ထိုသေခြင်းတရားကိုပင် ကိုယ်နှင့် မဆိုင်သလိုလို ဖြစ်သွားပြန်သည်။ နီးစပ်ရာ ရဟန်းရှင်လူတို့နှင့် ပြောဆိုကြည့်သောအခါ (စာရေး၊ မရေး မသေချာသော် လည်း) လူတိုင်းလိုလို ဤသို့ ဖြစ်ကြကြောင်း ပြောတတ်ကြသည်။ မှန်သည်ဟု ထင်သည်။ ဤက သာမန်လူ့သဘာဝ ပင် ဖြစ်သည်။

ဘုရားရှင်ကတော့ -
(၁) သူများမှာ ဖြစ်နေတယ်ဆိုတာ မြင်ရုံ၊ ကြားရုံနဲ့ သင်္ခန်းစာ ယူတတ်သူ (အတော်ဆုံး)၊ 
(၂) ကိုယ်တိုင်ဖြစ် (ကြုံတွေ့)မှ သင်္ခန်းစာယူတတ်သူ (အလယ်အလတ်) 
(၃) ကိုယ်တိုင်ဖြစ်ပါလျှက် သင်္ခန်းစာ မရလိုက်သူ။ (အကြံစားဟု) 
ဟု သုံးမျိုးခွဲပြသည်။

သင်္ခန်းစာက ရလိုက်သလိုလို ရှိသော်လည်း ခက်သည်က ထိုသင်္ခန်းစာက ကြာရှည် သိပ်မခံပဲ ဖြစ်တတ်သည်။

တရားအရသာနှင့် တွေ့သောအခါ လူတစ်ယောက်ထဲကပင် ထိုအရသာကို သိလိုက် (လျှာ) မသိလိုက် (ယောက်မ) ဖြစ်နေ တတ်သည်။

မယုံလျှင် ကြည့်ပါ။ မဃဒေဝမင်းကြီး အရင်ဘဝတွေတုန်းက ဆံပင်ဖြူဖူးသည်။ သိဒ္ဓတ္ထမင်းသား ရှေးရှေးဘဝတွေတုန်းက လူအိုကို တွေ့ဖူးသည်။ ထိုစဉ်က ထိုပါရမီရှင်ကြီးများပင် ယောက်မဆန်ဆန် မွှေရုံသာ မွှေပြီး အရသာကို မသိခဲ့ကြ၊ မဃဒေဝ မင်းဘဝ၊ အထူးသဖြင့် သိဒ္ဓတ္ထမင်းသားဘဝမှာတော့ ဘာမှ မထူးဆန်းလှသည့် မြင်ကွင်းလေးက သဗ္ဗညုတဉာဏ် ခြေတော် ရင်းရောက်အောင် ကောက်ကြောင်း ဆွဲပြလေတော့သည်။

တကယ်မူ လူသည် ယောက်မဖြစ်လိုက်၊ လျှာဖြစ်လိုက်သာ ဖြစ်သည်။

ယောက်မဖြစ်ခိုက် ဟင်းမတူးရအောင် မွှေပေးခွင့် ရခြင်း၊
လျှာဖြစ်ခိုက် ခံတွင်းပျက်မနေခြင်း _ မဆိုးလှသေးဟုသာ ခပ်ဖော့ဖော့ တွေးရန် ရှိတော့သည်။

လူ၏ ဘဝနှင့် ယုံကြည်ချက် ပြောင်းလဲဖို့ ကြီးလေးသော အဖြစ်အပျက် အမြဲတမ်း လိုနေသည် မဟုတ်တတ်ပါ။ ဆံပင်ဖြူ တစ်ချောင်းသာ လိုပါသည်။ တစ်ချောင်းထက်ပိုနေလျှင် ဆေးဆိုးလိုက်ရတတ်ပြန်သည်။ ဆေးဖိုး ကုန်သည်။ သံဝေဂ ဉာဏ်က ငွေကုန် သက်သာသည်။ သို့သော် ပိုက်ဆံချမ်းသာသော လူသားက ငွေကုန်မှာ မကြောက်။


သီဟနာဒ









Copyright © 2012 ကမ်းလက်. All rights reserved.

Meditation as medication (တရားသည်ဆေး)

သတိပဋ္ဌာန်တရားကို စွဲစွဲမြဲမြဲ အားထုတ်နေသူများသည် နာကျင်မှုဒဏ်ပို၍ သည်းခံနိုင်ကြသည်ဟူသောအချက်ကို အချိန် အတော်ကြာ ကတည်းကပင်သိခဲ့ရသည်။

ယခုတွေ့ရှိမှုအရ ကျင့်စ ယောဂီအသစ်များပင် အကျိုးတရားများရရှိနိုင်သည်။

North Carolina တက္ကသိုလ်က တစ်ရက်လျင် တစ်နာရီ၊သုံးရက်ကြာ သတိပဋ္ဌာန်တရားကုထုံးကို စမ်းသပ်ခဲ့ကြသည်။

ထို သုံးနာရီမျှဖြင့် နာကျင်မှုကိုသက်သာစေကြောင်းတွေ့ရှိခဲကြသည်။ ထိုအဖွဲ့ခေါင်းဆောင် စိတ်ပညာရှင် Fadel Zeidan က တရားထိုင်ခြင်းဟာ ခက်ခဲတဲ့အလုပ်၊ ဒါမှမဟုတ် ငြိမ်းအေးမှုအတွေ့အကြုံ အတွက်သာ ဆိုသူတွေ အတွက် ရွေးချယ်စရာ တစ်ခု ဖြစ်သွားလိမ့်မယ်ထင်တယ်လို့ ဆိုပါတယ်။

"တရားအကြာကြီးထိုင်ခဲ့တဲ့သူတွေဟာ သူတို့ ဦးနှောက်တွေက အများကြီးပြောင်းလဲသွားတော့ နာကျင်မှုဒဏ် ပို ခံနိုင်ရည်ရှိတယ် ဆိုတာ အချိန်အတော်ကြာကတည်းကသိခဲ့ရပါတယ်။

ဒါပေမယ့် သုံးရက်အတွင်းလေးမှာ တစ်ရက်ကို မိနစ် ၂၀ လောက် တရားမှတ်ရုံနဲ့ အကျိုးရှိတယ်ဆိုတာတော့ အခုမှ တွေ့ရှိခဲ့ရပါတယ်" သူကဆိုပါတယ်။


For more information, please visit
mindfulness.org.au


ဆုထားမျက်ချယ်









Copyright © 2012 ကမ်းလက်. All rights reserved.

❋အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မဟာပဋ္ဌာန်း ရွတ်ဆိုပူဖော်ပွဲ ဖိတ်ကြားလွှာ❋


ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့
မင်္ဂလ၀ိဟာရဘုန်းတော်ကြီးကျောင်း ဆရာတော်များနှင့် ကျွန်တော် ကျွန်မတို့ အဘိဓမ္မာ အသင်းကြီး(စင်္ကာပူ) တို့ဦးစီးကာ ကျင်းပပြုလုပ်သော အပတ်စဉ် တနင်္ဂနွေနေ့ညနေတိုင်း မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ကြွရောက် ကုသိုလ်ယူ ပါဝင်ပူဇော်နိုင်ကြစေရန် လေးမြတ်သော စိတ်ထားဖြင့် နိဗ္ဗာန် အကျိုးမျှော်ကာ နှိုးဆော် ဖိတ်ကြားအပ်ပါသည် တရားချစ်ခင် သူတော်စင် အပေါင်းတို့...

ကျင်းပမည့်နေရာ...
တတိယထပ် ၊ မင်္ဂလ၀ိဟာရ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း
30 Jalan Eunos, Singapore 419495


ကျင်းပမည့်နေ့ရက်...
၂၀၁၂ ခုနှစ် ဇွန်လ(၃)ရက်နေ့မှ စတင်ကာ အပတ်စဉ် တနင်္ဂနွေနေ့ ညနေတိုင်း
(၁၃၇၄ ခုနှစ်၊ နယုန်လဆန်း (၁၄)ရက်။)


ကျင်းပမည့်အချိန်...
ညနေ ၇း၀၀ မှ ၈း၃၀ နာရီအထိ

နတ်လမ်းညွှန်
Nearest MRT Station : Eunos MRT
Bus: 21, 60, 63, 93, 854

ဆက်သွယ်ရန် ဖုန်းနံပါတ်များ
ဦးမြင့်သိန်း - ၈၁၅၉ ၃၉၈၉
ကိုစည်သူအေးကို  - ၉၁၀၈ ၃၆၇၈
မဖြူမွန်သန့် - ၈၅၁၁ ၀၁၈၇
Event on Abhidhamma Foundation's Facebook


စပ်စပ်
(ဘာသာရေသတင်း တာဝန်ခံ ၊ ကမ်းလက်)







Copyright © 2012 ကမ်းလက်. All rights reserved.

အိုင်တီ ကဏ္ဍကောဟိ သမာဓိ

   (စာပေမှာတော့ သဒ္ဒကဏ္ဍကောဟိ သမာဓိ - အသံဟာ သမာဓိရဲ့ ရန်သူ၊ ဆူးငြောင့်လို့ ရှိပါတယ်။ ကာလီဖိုးနီးယားအမျိုးသားတက္ကသိုလ်က ပါမောက္ခ Dominguez Hills ရဲ့ “The secret of focus amid distractions” ဆိုတဲ့ ဆောင်းပါးလေးကို ဖတ်မိပြီး အိုင်တီ ကဏ္ဍကောဟိ သမာဓိ - အိုင်တီဟာ (၂၁) ရာစု သမာဓိရဲ့ ရန်သူလို့ စကားတော်ကို ပြင်ပြီး ခေါင်းစည်းတပ်လိုက်တာပါ။)

        ကျနော်နဲ့ သုတေသနအဖွဲ့ဟာ အလယ်တန်း၊ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်ပေါင်း သုံးရာကျော်က ကျောင်းသားတွေကို သူတို့နေထိုင်တဲ့ ဝန်းကျင်အပေါ်မှာ (၁၅) မိနစ်ကြာအောင် အာရုံစိုက်နိုင်ကြသလား၊ အာရုံမစိုက်နိုင်ဘူးဆိုရင် အနှောက်အယှက်က ဘာလဲဆိုတာ သိဖို့ပါ။ သူတို့ ဘာလုပ်နေတယ်ဆိုတာ မိနစ်တိုင်း မှတ်တမ်းယူထားပါတယ်။ စာသင်နေတာလား၊ မက်ဆေ့(ဂ်ျ) ပို့နေတာလား၊ သီချင်းနားထောင်၊ တီဗွီကြည့်နေတာလား၊ သူတို့ရှေ့မှာ ကွန်ပျူတာရှိရင် ဘယ်လို ဝက်(ဘ်)ဆိုက်တွေကို ကြည့်နေကြသလဲ - စတာမျိုးတွေပါ။



        ထွက်လာတဲ့အဖြေက တော်တော် အဓိပ္ပါယ်ရှိပါတယ်။ ယေဘုယျအားဖြင့် လက်ရှိ သူတို့လုပ်နေတဲ့ အလုပ်အပေါ်မှာ တသမက်တည်း အာရုံစိုက်ထားနိုင်တဲ့ကာလက သုံးမိနစ်လောက်ပဲ ဖြစ်ပါတယ်။ ပြီးရင် အနှောက်အယှက် တစ်ခုခု ဝင်လာတော့ တာပါပဲ။ အဲ့ဒီ အနှောက်အယှက်တွေကလည်း တက်ခနော်လော်ဂျီကနေပဲ လာတာ များပါတယ်။ (စကားမစပ် အခြားအဖွဲ့ တစ်ဖွဲ့ကလည်း ဆေးကျောင်းသားတွေနဲ့ ကွန်ပျူတာအနှောက်အယှက်ကို သုတေသနပြုထားကြတာ ရှိပါတယ်။) အာရုံစူးစိုက်မှုရဲ့ အဓိကတရားခံကတော့ စမတ်ဖုန်းနဲ့ လက်(ဗ်)တော့(ပ်)တွေပါ။ သူတို့က အချိန်ပြည့် သမာဓိကို နှောက်ယှက်နေတာပါ။

        ဒါတွေအပေါ် အခြေခံပြီး ဘယ်ကျောင်းသားဟာ အာရုံစိုက်နိုင်တဲ့ ကျောင်းသားလည်းဆိုတဲ့ အဖြေကိုလည်း ရလာနိုင်တယ်လို့ ထင်မြင်မိကြပါတယ်။ ဒီအဖြေကလည်း မထူးဆန်းလှပြန်ပါဘူး။ လက်ရှိ လုပ်နေတဲ့ အလုပ်အပေါ်မှာ အချိန်ကြာအောင် အာရုံစိုက်နိုင်တဲ့ကျောင်းသားဟာ တစ်တန်းထဲမှာ ပိုတော်တဲ့ ကျောင်းသား ဖြစ်နေပါတယ်။ အညံ့ ဆုံးကျောင်း သားတွေ ကတော့ နေ့တိုင်း မီဒီယာထဲမှာ နစ်မြုပ်နေပြီး တစ်ချိန်ထဲမှာကိုပဲ ဟိုဟာလုပ်လိုက်၊ ဒီဟာ လုပ်လိုက် ဖြစ်နေ တဲ့ကျောင်း သားတွေပါ။

        နောက်ထပ် ရလာတဲ့အဖြေကတော့ ဖေ့(စ်)ဘွတ်ဆီကပါ။

        ကျနော်တို့ လေ့လာနေတဲ့ (၁၅) မိနစ်အချိန်လေးမှာတင်ပဲ သူတို့ဖေ့(စ်)ဘွတ်ကို ဝင်ကြည့်ဦးဆိုရင်တော့ အဲ့ဒီကျောင်းသားက အဆိုးတကာ့ အဆိုးဆုံး ဖြစ်နေပါတော့တယ်။ ဖေ့(စ်)ဘွတ်ကို သူတို့ ဘယ်နှစ်ကြိမ် ဝင်ကြည့်တယ်ဆိုတာနဲ့ကို မဆိုင်တော့ပါဘူး။ တစ်ကြိမ်ဝင်ကြည့်ရင်ပဲ ပြီးသွားပါပြီ။

   “ဘာ့ကြောင့် ကျောင်းသားတွေ ဒီလို ဖြစ်နေတာလဲ” ဆိုတဲ့ မေးခွန်းကို ကျောင်းသားထောင်ပေါင်း များစွာကို တစ်ပုံစံ တည်း မေးကြည့်ကြတယ်။ သူတို့ဖြေကြတဲ့ အဖြေတွေက ဖုန်းမြည်တာ၊ မမြည်ရင်တောင် ဗိုက်ဘရေးရှင်းဖြစ်နေတာ၊ ရုပ်ပုံတွေ ဖုန်းအပေါ် ပေါ်လာတာ - ဒါတွေဆီကို သူတို့ အာရုံတွေ ရောက်နေကြလို့ပါပဲတဲ့။

        ဒါတင်မကပါဘူး။ ဒီလို တစ်ခုမှ မဖြစ်ဘူးဆိုရင်တောင်

        “ငါ့ဖေ့(စ်)ဘွတ်ပို့စ်ပေါ်မှာ တစ်ယောက်ယောက်များ ကွန်မန့်ရေးထားပြီလား”

   “လွန်ခဲ့တဲ့ ငါးမိနစ်လောက်က တင်ထားတဲ့ တက်(စ်)မက်ဆေ့(ဂ်ျ)နဲ့ ပတ်သက်လို့ တစ်ယောက်ယောက်များ တစ်ခုခု ပြန်ပြောထားပြီလား”

       “သူငယ်ချင်း လင့်လုပ်ထားတဲ့ စိတ်ဝင်စားစရာ ယူကျုဗွီဒီယိုလေးများ ရောက်နေပြီလား” စတဲ့ အတွေးတွေကြောင့် တစ်ခုထဲကို (၁၅) မိနစ်ကြာအောင် အာရုံမစိုက်နိုင်တာပါတဲ့။



        အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်တွေက အိုင်တီကြောင့် ဦးနှောက်အပေါ် ဖြစ်လာမယ့် အကျိုးသက်ရောက်မှုတွေကို အကြီးအကျယ် သုတေသနပြုနေကြပါတယ်။ လတ်တလော တွေ့ရှိထားတဲ့ အချက်တွေကတော့ …
  • ဗွီဒီယိုဂိမ်းကစားသူတွေရဲ့ ဦးနှောက်ထဲမှာ အရဲစွန့် စွန့်စားလိုခြင်းနဲ့ ပတ်သက်တဲ့ ဆဲ(လ်)တွေ ထူထူထဲထဲ ရှိနေတတ်ပါတယ်။ ဒီလို ဖြစ်နေမှုဟာ အများအားဖြင့် ဦးနှောက်လုပ်ဆောင်မှုအဆင့် ပိုမြင့်မားလာတယ်လို့ ဆိုလိုနိုင် ပါတယ်။ ဒါပေမယ့် ခံစားမှု (အီမိုးရှင်း) ကို ပုံမှန်လည်ပတ်စေတဲ့ ဦးနှောက်ဆဲလ် အလုပ်လုပ်မှုတွေမှာတော့ ပိုပြီး အားနည်းသွားတာ တွေ့ရပါတယ်။ ပြီးတော့ ကိုယ့်အကြိုက်ကိုပဲ ခံစားတတ်တဲ့ ဦးနှောက်တွေကို တွေ့ရပြန်ပါတယ်။ ဒါမျိုးတွေဟာ တစ်ခုခုကို စွဲနေတဲ့ ဦးနှောက်တွေမှာ တွေ့ရတတ်တဲ့ သဘာဝတွေပါ။

  • အနှောက်အယှက်ခံရတဲ့ ဦးနှောက်တွေဟာ ဦးနှောက်ထဲမှာ လှုံ့ဆော်နေတဲ့ အစိတ်အပိုင်းတွေကိုလည်း တိတိကျကျ ဖော်ပြနေတတ်ပါတယ်။ အနှောက်အယှက် ပိုများလေလေ လှုံ့ဆော်မှုလည်း အားကောင်းလေလေပါ။

  • တရုတ်ပြည်မှာ အင်တာနက်စွဲနေသူ လူငယ်တွေနဲ့ မစွဲတဲ့လူငယ်တွေကြားက ခြားနားမှုကို သုတေသန ပြုလုပ်ခဲ့ကြတယ်။ ရရှိလာတဲ့ အဖြေကတော့ အင်တာနက်စွဲနေတဲ့ လူငယ်တွေရဲ့ ခံစားမှုနဲ့ အာရုံစူးစိုက်မှုကို ထိမ်းချုပ်နိုင်တဲ့ ဦးနှောက်ထဲမှာ ပိုပြီး အဖြူရောင်တွေ လွှမ်းနေတတ်ပါတယ်။ ဒါတွေကပဲ အခြားဦးနှောက် အစိတ်အပိုင်းတွေနဲ့ ဆက်သွယ်ရာမှာ အဟန့်အတား ဖြစ်နေတတ်ပါတယ်။

    ဒီလို အတွင်းအပြင် အနှောက်အယှက်တွေ မရှိဘဲ ဦးနှောက်အေးအေးနဲ့ နေထိုင်နိုင်ဖို့ တစ်ခုခုကို စူးစိုက် အာရုံနှစ်ထားနိုင်အောင် သင်ကြားပေးရမယ်လို့ ကျနော် ယုံကြည်မိပါတယ်။ စိတ်ပညာအလိုအရ အာရုံစူးစိုက်ဖို့ လိုအပ်တဲ့အချိန်၊ အာရုံမစိုက်ဘဲ နေလို့ရတဲ့အချိန်ကို ကွဲပြားနားလည်မှုစွမ်းရည်ကို “Metacognition” လို့ ခေါ်ပါတယ်။ ဒါကိုပဲ ဦးနှောက်ရဲ့ လုပ်ဆောင်မှုဖန်ရှင်ကို သဘောပေါက်ခြင်းလို့ ဆိုနိုင်ပါတယ်။

        ဒီ Metacognition နဲ့ ပတ်သက်လို့ လက်တလော တွေ့ရှိချက်က အပြည့်ဝဆုံး အဖြေတစ်ချို့ကို ပြသပေးနေပါတယ်။ ကျနော်တို့ သုတေသနပြုပုံက - စိတ်ပညာနဲ့ ပတ်သက်တဲ့ စာသင်ချိန်တွေမှာ ကျောင်းသားတွေကို ဗွီဒီယိုခွေတွေ ပြသပါတယ်။ ပြထားတဲ့ ဗွီဒီယိုကို အခြေခံပြီး စာမေးပွဲစစ်မယ်။ သူတို့ကိုလည်း ဗွီဒီယိုပြနေစဉ်မှာ တက်(စ်) မက်ဆေ့(ဂ်ျ)တွေ ပို့မယ်၊ ဒီမက်ဆေ့(ဂ်ျ)တွေကို ပြန်ဖြေပေးဖို့ လည်း မှာကြားထားပါတယ်။

        တကယ်တော့ သုံးပုံတစ်ပုံရှိတဲ့ ကျောင်းသားတွေက ကျနော်တို့ မက်ဆေ့(ဂ်ျ)တွေကို မရကြဘူး။ နောက် သုံးပုံတစ်ပုံကတော့ ဗွီဒီယိုပြနေတဲ့ နာရီဝက်အတွင်း မက်ဆေ့(ဂ်ျ)လေးခု ရရှိပြီး နောက်ဆုံး သုံးပုံတစ်ပုံအုပ်စုကတော့ မက်ဆေ့(ဂ်ျ) ရှစ်ခုတောင် လက်ခံရရှိခဲ့ကြတယ်။

        လုံလောက်ပါပြီ။ ဒါလောက်ဆိုရင် သူတို့ကို ပြထားတဲ့ ဗွီဒီယိုအပေါ် အာရုံပျက်ပြားအောင် လုပ်လိုက်နိုင်ပြီလို့ ကျနော်တို့ သုံးသပ်မိပါတယ်။

    ကျနော်တို့ရဲ့ တခြားမြုပ်ကွက်ကတော့ ဗွီဒီယိုထဲမှာ ပြပြီးရင် စစ်ဆေးမယ့် အရေးအကြီးဆုံး အချက်အလက်တွေ ပြသနေစဉ်မှာ မက်ဆေ့(ဂ်ျ)တွေ ပို့ကြတာပါ။ ကျနော်တို့ မှန်ပါတယ်။ မက်ဆေ့(ဂ်ျ) ရှစ်ခုလုံးရတဲ့ အုပ်စုဟာ အတန်းထဲမှာ အညံ့ဆုံးပါပဲ။

        ဒါပေမယ့် ကျနော်တို့လည်း မှားသွားခဲ့ပြန်ပါတယ်။ ကျနော်တို့ တွေ့ရှိလိုက်ရတဲ့ နောက်ထပ် အရေးအကြီးဆုံး အဖြေက ကျနော်တို့ ညွှန်ကြားထားတဲ့အထဲမှာ ပါမသွားဘူး။

    မက်ဆေ့(ဂ်ျ)ကို ရရခြင်း ပြန်တဲ့ကျောင်းသားတွေက မက်ဆေ့(ဂ်ျ)ကို ရပြီး ချက်ချင်းမပြန်ဘဲ တစ်မိနစ်ကနေ ငါးမိနစ်လောက် ကြာမှ ပြန်တဲ့ကျောင်းသားတွေထက် အများကြီး ပိုဆိုးနေတာ တွေ့ရပြန်ပါတယ်။

   အနှောက်အယှက်တွေ ဒီလောက်များတဲ့ ဒီကမ္ဘာကြီးထဲမှာ အာရုံတစ်ခုခုကို စူးစိုက်တတ်လာအောင် ဘယ်လို ပညာပေးနိုင်ပါမလဲ။

        အသုံးပြုသင့်တဲ့ အကြံဉာဏ်တစ်ခုကတော့ “Technology breaks” ပေးထားဖို့ပါ။ တစ်မိနစ်နှစ်မိနစ်လောက် ဟန်းဖုန်းကိုစစ်၊ ဝက်(ဘ်)ဆိုက်ကိုစစ်၊ အခြားမီဒီယာ အဆက်အသွယ်တွေကိုစစ်၊ ပြီးရင် ဖုန်းကို အသံတိတ်၊ ကွန်ပျူတာကို ပိတ်ထားဖို့ပါပဲ။

   အဲ့ဒီနောက် အိုင်တီနဲ့ ဆက်စပ်မှုမရှိတဲ့ အခြားအက်တီဗီတီထဲမှာ (၁၅)မိနစ်လောက် အာရုံစိုက်ထား၊ ပြီးရင် တစ်မိနစ်၊ နှစ်မိနစ်လောက် အိုင်တီဘရိတ်ယူ၊ ပြီးတော့ မူလအာရုံပြန်သွား။ ဒါမျိုးပါ။

     ဒီနည်းနဲ့ အာရုံတစ်ခုအပေါ်မှာ အချိန်ပိုကြာအောင် စိုက်ထားနိုင်ဖို့ လေ့ကျင့်ပေးသွားနိုင်ပါတယ်။ ကျနော်တို့ ဆရာတွေ ဒီနည်းကို စာသင်ခန်းထဲမှာ စတင်ကျင့်သုံးနေကြပါပြီ။ မိဘတွေက ဒင်းနာစားတုန်း၊ ဘော့(စ်)တွေက အစည်းအဝေးထိုင်နေတုန်း တက်ခနော်လော်ဂျီ ဘရိတ်(ခ်)ကို ကျင့်သုံးနေကြတယ်။ အောင်မြင်မှု အများကြီး ရရှိပါတယ်။ အကောင်းဆုံး ရရှိထားတဲ့ ရလဒ်ကတော့ နာရီဝက်ကြာအောင် အာရုံတစ်ခုအပေါ်မှာ စူးစိုက်နိုင်မှုပါ။ ဒီထက် မပိုသေးပါဘူး။

   စတိ(ဗ်)ဂျော့နဲ့ (အခြားသော ပုဂ္ဂိုလ်များ) ကို အာရုံပျက်ပြားအောင် ဒီလောက် စွဲဆောင်နိုင်တဲ့ နည်းပညာတွေ တည်ထွင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

The writer is a professor of psychology at California State University, Dominguez Hills and the author of iDisorder: Understanding Our Obsession With Technology And Overcoming Its Hold On Us. This article was first published on the Psychology Today website.

Original article >> The secret of focus amid distractions




ဇင်ဝေသော်









Copyright © 2012 ကမ်းလက်. All rights reserved.

ကာလဒါန နဲ့ တေ့လွဲ ရွာပြန်ချိန်

ကာလဒါနဆိုတာအရေးကြီးတယ်၊ ဟုတ်မယ်၊ ဟုတ်တယ်။
တက္ကစီတွေကျောင်းဘေးမှာ ဥဒဟိုပြေးနေကြတယ်၊ စီးမလို့လည်းရပ်လိုက်ရော တက္ကစီတွေမလာတော့ဘူး။
လာတယ်၊မအားဘူး။ ခုမှတော့ ရှက်မနေတော့ပါဘူး။

နွမ်းပါးတဲ့သာမဏေဘဝ၊ အိပ်ကပ်နွမ်းနွမ်းထဲက ငွေစက္ကူခပ်နွမ်းနွမ်းသေးသေးလေးများ။
အိပ်ထောင်ပြားပြားကပြောတယ်၊ သား..အားမငယ် နဲ့။
စာမူခ တစ်ချို့၊ ဆွမ်းစားကွမ်းစားတစ်ချို့နဲ့ ဝမ်းစိုမလို့အားယူတုန်း အဖေအိုက လက်ပြနှုတ်ဆက်၊
စားရကံ မကြုံတဲ့အဖေ။ အဖြစ်မရှိတဲ့သား။ နှစ်ယောက်စလုံးကာလဒါန အားနည်းခဲ့ကြ။


ဘဝမှာ ထိုးကျွေးသင့်ရင် တစ်ချို့ ထိုးကျွေးထားခဲ့ရတတ်တယ်။ သိဒ္ဓတ္ထမင်းသားပြတဲ့လမ်း။
သူ(ဒီ အရှင်) ခြောက်နှစ်လုံးလုံး ထိုးကျွေးပြီး ခရီးဆက်တယ်။


ဖြစ်နိုင်ရင် ၂ နှစ်လောက်ကံကြမ္မာနဲ့ စာချုပ် ချုပ်ချင်ရဲ့။
ထိုးကျွေးရမယ့်အထဲ အမေအို ပါသွားမယ်လို့ မစဉ်းစားခဲ့။
သေခြင်းတရားကို လျှော့တွက်ခဲ့။ အောင်မြင်မှု တစ်ချို့တစ်ဝက်။
အစိမ်းရောင် ငွေစက္ကူ တစ်ချို့တစ်ဝက်။ စရဏတစ်ချို့တစ်ဝက်။
သမ္မာအာဇီဝ နဲ့ရရင် ရဟန်းလည်း မိဘကို ကျွေးကောင်းတယ်။

ရွာအဝင် ရင်ကိုဆီးကန်တဲ့သတင်းက အမေအို နေညိုခဲ့ ပြီကော တဲ့။
စားရကံ မကြုံတဲ့အမေ၊အဖြစ်မရှိတဲ့ ရဟန်း။ ငွေစက္ကူနွမ်းနွမ်း အကြွေးဆပ်ခွင့် လွဲရပြန်ရော။
ရဟန်းမယ်တော်ဆိုတဲ့ ပီတိကလွဲလို့ ဘာမှ မရလိုက်တဲ့ အမေ။

ကာလဒါန ဆိုတာ အရေးကြီးတယ်၊ အကျိုပေးမှုတွေ အချိန်ကိုက်ဖြစ်နေရမယ်။
ဝါဆိုသင်္ကန်းလှူမှ၊ ကထိန်သင်္ကန်းလှူမှ ဆိုပြီး တစ်နှစ် နှစ်ကြိမ် စောင့်နေစရာ မလိုဘူး။
ကြုံရင် ကြုံသလို လှူ၊ ပေး၊ တကယ်လိုနေရင်ပေါ့၊ အဲဒါ ကာလ ဒါန အစစ်။

လူတွေလည်းအတူတူပဲ။ ပညာသင်ဖို့ အချိန်တွေ တေ့လွဲ၊
အိမ်ထောင်ပြုဖို့ အချိန်တွေ တေ့လွဲ။ သား သမီးရဖို့ အချိန်တွေ တေ့လွဲ။

ဘုန်ကြီးတွေရော....
ဆရာတစ်ယောက် ပြောဖူးတယ်၊
တို့ဟူးကို ပြတ်အောင် မကိုက်နိုင်တော့ဘူးဆိုရင် စားပွဲပေါ်မှာ ဟင်းလျာအပြည့်တဲ့။

ကိုယ်နဲ့ မဆိုင်တဲ့ရထား အချိန်စောရောက်နေတာထက် ကိုယ်စီးမဲ့ရထား အချိန်ကိုက်ရောက်လာဖို့ပဲ အရေးကြီးတယ်။
စာပေမသိ၊မညှိဘူး။အကျိုးပေးချိန်တွေ တေ့လွဲ လွဲနေရင် ကာလဒါန ချို့တဲ့ခဲ့လို့ လို့ပဲ မှတ်ထားမိတယ်။

တကယ်တော့
ဘယ်သူမှ နောက်မကျပါဘူး
နေဝင်ချိန်ကကို စောလွန်းသွားတာပါ။(တာရာမင်းဝေ)


ကာလဒါန ချို့တဲ့ကြသူများ ကိုယ်စား။



သီဟနာဒ








Copyright © 2012 ကမ်းလက်. All rights reserved.

လူ၊ မျောက်၊ ချင်ပန်ဇီ၊ ရေသတ္တဝါနဲ့ ရေညှိ

တစ်ခါက (တစ်ခါကဆိုတာ ၁၉၉၇ တုန်းကပါ) နာဂတောင်တန်းမှာရှိတဲ့ ချင်းရွာလေးတစ်ရွာမှာ ညအိပ်ခဲ့ရဖူးတယ်။ “ဆုံကင်း” လို့ ခေါ်ပါတယ်။ ညမအိပ်ခင် မီးဖိုဘေးမှာ ထိုင်ရင်း နာဂအမျိုးသားကြီး တစ်ယောက်က

       “လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကဆိုရင် ဒီရွာဝန်းကျင်မှာ ဆင်အုပ်ကြီးတွေ တွေ့ရတတ်တယ်” လို့ ပြောတယ်။
       “လူတွေကို အန္တရာယ် မပေးဘူးလား”
       “အများအားဖြင့်တော့ ဒုက္ခ မပေးကြပါဘူး။ လူတွေကလည်း သူတို့ကို တွေ့ရင်တော့ ရှောင်နေတာပေါ့။ ဒါပေမယ့် ကျနော်ကလေးဘဝက သစ်ပင်ပေါ်က အိမ်ပေါ်မှာ နေခဲ့ရဖူးတယ်”
       “ဘာဖြစ်လို့လဲ”

       “ဘာမှ မဖြစ်ဘူး။ မြေပြင်ပေါ်မှာ အိမ်ဆောက်နေတာ သိပ်မရှိသေးဘူး။ ရှိပေမယ့် တစ်ချို့က ညပိုင်းဆိုရင် သစ်အိမ် (သစ်ပင်ပေါ် ဆောက်ထားတဲ့အိမ်) ပေါ်မှာ အိပ်ကြတယ်။ ဆင်ရယ် မဟုတ်ပါဘူး။ တစ်ခြား သတ္တဝါတွေရဲ့ အန္တရာယ်ကလည်း ရှိနိုင်တယ်လေ။ ကျားတို့ ဘာတို့ပေါ့”

စကားစပ်မိရင်း ပြောကြတာ တော်တော်များတယ်။

သစ်အိမ်ဆိုတာလေး ပါသွားတဲ့နောက် အတွေးက အဲ့ဒီနောက် ရောက်သွားတော့ သူပြောတာတွေကို သိပ် မမှတ်မိတော့ဘူး။

သူပြောတာလေးကို ကြားပြီး မစ္စတာ ချား(လ်စ်)ဒါဝင်ရဲ့ အီဗော်လူးရှင်း သီအိုရီကို သတိရမိလို့ပါ။ (အီဗော်လူးရှင်းဆိုတာ ဆင့်ကဲဖြစ်စဉ်လို့ ပညာရှင်တွေနဲ့ အဘိဓာန်က ဖွင့်ပါတယ်။ အရပ်ထဲမှာတော့ လူဟာ မျောက်က ဆင်းသက်လာတယ်လို့ လွယ်လွယ် ခေါ်ကြပါတယ်။)

       ကျနော်တွေးမိတာက ဒီလိုပါ။

ကျနော်တို့ကို ခရီးလမ်းညွှန်ဖို့ လိုက်လာတဲ့ နာဂကြီးရဲ့ ခြေထောက်တွေနဲ့ လက်ချောင်းတွေက ကျနော်တို့ ခြေချောင်း၊ လက်ချောင်းတွေနဲ့ သိပ်မတူဘူး။ မတူဘူးဆိုတာက ဖိနပ်စီးလေ့ မရှိတဲ့ သူ့ခြေချောင်းတွေက ဘေးကို ပိုကားနေတယ်။ သူနဲ့မှ မတူတာလည်း မဟုတ်ဘူး။ လူဖြူတွေနဲ့ ကျနော်တို့ အာရှတိုက်သားတွေရဲ့ ခြေချောင်းလေးတွေလည်း မတူဘူး။ သူတို့က ရှုးဖိနပ်စီးတာများတော့ ခြေချောင်းလေးတွေက အထဲကို စုပြီးဝင်နေတယ်။ ညှပ်ဖိနပ်စီးတာများတဲ့ ကျနော်တို့ခြေချောင်းတွေက နည်းနည်းဘေးကို ပိုကားနေတယ်။

ဟုတ်တယ်။ နာဂကြီးရဲ့ခြေချောင်းလေးတွေက ဘေးကို ပိုကားတာပေါ့။ ခြေသည်းလည်း ညှပ်တဲ့အကျင့် သိပ်မရှိဘူး။ ခြေသည်းလက်သည်းဆိုတာ သွားနဲ့ အကိုက်ခံရရင် ခံရ၊ မခံရရင် ရှည်လို့ တစ်ခုခုနဲ့ ထိပြီး ကျိုးသွားတယ်။

ပြီးတော့ ကျနော်တို့လို အိမ်သာသွားပြီးတိုင်း လက်ကို သန့်စင်အောင် ဆေးရမယ်လို့ ပြောတတ်တဲ့ ဆရာဝန်တွေ၊ မူလတန်းပြ ဆရာ၊ ဆရာမတွေ မရှိတော့ ခြေထောက်တွေလက်တွေတွေကိုလည်း သိပ်မဆေးကြပါဘူး။ ဒီတော့ သူတို့လက်ချောင်း၊ ခြေချောင်းလေးတွေက ကျနော်တို့နဲ့ မတူဘူး။ (ချေးတွေနဲ့ လက်သည်းတွေ မည်းလို့)။

       ဆိုပါတော့၊ သစ်ပင်ပေါ်မှာ နေဦးမယ်ဆိုရင်…
       အသားစိမ်း၊ ငါးစိမ်းတွေကို ကျကျနန ချက်မစားကြသေးဘူးဆိုရင်…
       ဆံပင်တွေ၊ မုတ်ဆိတ်တွေ ကျကျနန မရိတ်ကြသေးဘူးဆိုရင်…

“ဆိုရင်” ပေါင်းများစွာကို ဖြန့်ကျက်လိုက်တော့ လူဟာ မျောက်နဲ့ ဆင်ဆင်တော့ တူသွားတယ်။ လူရဲ့အသွင်ဟာ ဒီနေ့လူရဲ့အသွင်နဲ့ မတူတာတော့ သေချာတယ်။ အဲ့ဒါ မစ္စတာဒါဝင်ရဲ့ အီဗော်လူးရှင်းပါပဲ။



       ဒီနေ့အထိ ဒါဝင်နဲ့ ကျနော် စိတ်ဝမ်းမကွဲခဲ့ဖူးပါဘူး။

ရေသောက်တာကို အိတ်ခ်ျတူးအို သောက်တာလို့ မပြောချင်သလို ဒါဝင်ရဲ့ အီဗော်လူးရှင်းကိုလည်း ချင်ပန်ဇီနဲ့ ရှုတ်မနေစေချင်ပါဘူး။ လူတိုင်းသိတဲ့ လူနဲ့မျောက် ပြောလိုက်ရင် ပြီးတာပါပဲ။ အဲ့သလိုပြောတဲ့ လူတွေကလည်း ရေညှိတွေ၊ ရေသတ္တဝါတွေ၊ ချင်ပင်ဇီတွေကို မသိလို့ ပြောနေကြတာ မဟုတ်ကြပါဘူး။ ရေသောက်တာပါ။ အိတ်(ခ်ျ)တူးအို မသောက်ပါဘူး။ ဓာတ်ခွဲခန်းစော် နံလို့။

နာဂတောင်ပေါ်က ဆင်းလာတဲ့နောက် လူနဲ့မျောက် ဆက်စပ်လို့ (မျက်မြင်ကိုယ်တွေ့ပါ၊ စာအုပ်ထဲက မဟုတ်ဘူး။) ရသွားတယ်။

ဒါနဲ့ လွန်ခဲ့တဲ့ နှစ်ငါးရာ၊ တစ်ထောင်၊ နှစ်ထောင်၊ တစ်သောင်း။ လူဟာ ဘာနဲ့ တူမှာပါလိမ့်။ တူချင်ရာနဲ့ တူ၊ ဒီနေ့ လူနဲ့တော့ ချွတ်စွတ် မတူနိုင်ဘူး။ ကဲ… အဲ့ဒါ အီဗော်လူးရှင်း မဟုတ်ရင် ဘာလို့ ပြောကြမလဲ။

ဒါနဲ့ပဲ မစ္စတာ ချား (လ်စ်)ကို လက်ဆွဲနှုတ်ဆက်ပြီး ဘာသာရေးဖက်ကို ကြည့်မိတော့ အဂ္ဂညသုတ်ကို ဝမ်းပမ်းတသာ တွေ့မိတယ်။ ဘာသာရေးစာပေဆိုတော့ သိပ္ပံတော့ မဟုတ်လောက်ဘူးပေါ့။ ဒါပေမယ့် အဂ္ဂညသုတ်မှာ ပြောတာက အစပိုင်းမှာ ကမ္ဘာဟာ ရေနဲ့ လွှမ်းသတဲ့။ မစ္စတာဒါဝင်ပြောတဲ့ ရေညှိရေမှော်တွေနဲ့ တစ်ထေရာတည်းပါပဲ။ (အဓိကကတော့ လူဟာ ဖန်ဆင်းခံ သတ္တဝါမဟုတ် ဆိုတာပါပဲ။ အဲ့ဒီကနေတဆင့် လူ့အဆင့်အတန်းတွေ ကွဲလာပုံကို သေသေချာချာ ရှင်းပြထားတယ်။

ဒါနဲ့ပဲ မစ္စတာဒါဝင်ကို ဂေါတမဗုဒ္ဓနဲ့ မိတ်ဆက်ပေးလိုက်တာပါ။ အဂ္ဂညသုတ်နဲ့ အီဗော်လူးရှင်းလည်း စိတ်ဝမ်းမကွဲကြပါဘူး။ တစ်ထပ်တည်းလည်း မတူကြဘူး။ တူစရာလည်း မလိုဘူး။

ကျနော်ထားခဲ့တဲ့ မက်ဆေ့ဂ်ျက “လူဟာ ရေသတ္တဝါကပဲလာလာ၊ ချင်ပန်ဇီကပဲ လာလာ၊ မျောက်ကပဲလာလာ (ရပ်ကွက်ထဲမှာတော့ မျောက်က ပေါ်ပြူလာ ပိုဖြစ်တယ်လေ) မျောက်စိတ်နဲ့ လူမဖြစ်ရင် တော်သေးတာပဲ။ အနည်းဆုံး အုံးသီးတော့ ခွဲတတ်တာပေါ့။ ဒါပါပဲ။” (မျောက် အုံးသီးရသလို - လို့ ပြောစရာ မလိုတော့ဘူးပေါ့)

       ဒါဝင်ကြီးကို ချစ်လွန်းလို့ ပြောမိတဲ့ဟာကို…။

လူတွေ လက်ခံစရာ မလိုပါဘူး။ ဘာသာရေးတွေ လက်ခံစရာလည်း မလိုပါဘူး။ အီဗော်လူးရှင်းက နေရာတိုင်းမှာ ရှိပါတယ်။

       မီးကျောက်၊ မီးခြစ်ဗူး၊ ဂက်(စ်)မီးခြစ်၊ အနုမြူ။
       ရေ၊ မီး၊ မဟာဘုတ်လေးပါး၊ အဝိနိဗ္ဘောဂရုပ်ရှစ်ပါး၊ ဟိုက်ဒရို အီလက်ထရောနစ်။ (မီးမှာ ရေရှိ၊ ရေမှာ မီးရှိ)
       ကျောက်လက်နက်၊ ကြေးလက်နက်၊ သံလက်နက်၊ စတီးလ်လက်နက်၊ အွန်လိုင်းလက်နက်။
       တယ်လီဖုန်း၊ ရေဒီယို၊ တီဗွီ၊ ကွန်ပျူတာ။

ကျနော့်အခန်းထဲက ကွန်ပျူတာက တယ်လီဖုန်းကနေ ဖြစ်လာတာပါ။ ချင်ပန်ဇီကနေ ကွန်ပျူတာ ဖြစ်လာတာ မဟုတ်ပါဘူး။ အဲ…မျောက်က ဆင်းသက်လာတဲ့ လူတွေက လုပ်ထား၊ တီထွင်ထားတာပါ။

ကွန်ပျူတာရဲ့အစက ရေထုလွှမ်းမိုးထားတဲ့ ကမ္ဘာပါ။

ပြီးပါပြီ။ ။



အဂ္ဂညသုတ်တော်ကိုဆက်လက်လေ့လာလိုသူများအတွက်
အင်္ဂလိပ်ဘာသာပြန်ဗွီဒီယိုလက်ချာ မြန်မာဘာသာပြန်




ဇင်ဝေသော်





Photo credit to Thar Kyaw (缅甸 / Myanmar)
HPA2011 Nomination Award for Portrait & Costume (Burmese Barbarian-Naga People)






Copyright © 2012 ကမ်းလက်. All rights reserved.