◕ ‿ ◕ အချိန်နဲ့ အမျှ ◕ ‿ ◕

မွေးနေ့ တူနေတဲ့ သူငယ်ချင်း သုံးယောက်ဟာ သူတို့ အသက် ၄၀ ပြည့် မွေးနေ့ အတွက် ဘယ်မှာ ညစာ စားကြမလဲ ဆိုတာ ဆွေးနွေးကြတယ်။ နောက်ဆုးံတော့ Ocean View မှာ စားကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အကြောင်းကတော့ အဲဒီဆိုင်က ကောင်မလေးတွေက ချောလို့ တဲ့။

နောက် ၁၀ နှစ်ကြာတော့ သူတို့ အသက် ၅၀ ပြည့် မွေးနေ့ အတွက် ဘယ်မှာ ညစာ စားကြမလဲ ဆိုတာ ဆွေးနွေးကြပြန်တယ်။ နောက်ဆုးံတော့  Ocean Viewမှာ စားကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အကြောင်းကတော့ အဲဒီဆိုင်က အစားအသောက် ကောင်းသလို ဝိုင် ကလည်း အပျံစား မို့ တဲ့။



နောက် ၁၀ နှစ်ကြာတော့ သူတို့ အသက် ၆၀ ပြည့် မွေးနေ့ အတွက် ဘယ်မှာ ညစာ စားကြမလဲ ဆိုတာ ဆွေးနွေးကြပြန်တယ်။ ဘာပဲပြောပြော  နောက်ဆုးံတော့  Ocean View ပဲ မှာ စားကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အကြောင်းကတော့ အဲဒီဆိုင်က အေးအေး ဆေးဆေးရှိပြီး ပတ်ဝန်းကျင် ရှုခင်းလည်း လှပ လို့ တဲ့။

နောက် ၁၀ နှစ်ကြာတော့ သူတို့ အသက် ၇၀ ပြည့် မွေးနေ့ အတွက် ဘယ်မှာ ညစာ စားကြမလဲ ဆိုတာ ဆွေးနွေးကြပြန်တယ်။  နောက်ဆုးံတော့ ဒီဆိုင်မှာပဲ  စားကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အကြောင်းကတော့ အဲဒီဆိုင်က ဝှီး ချဲယား နဲ့ တက်သွားရင် ရလို့ တဲ့။

နောက် ၁၀ နှစ်ကြာတော့ သူတို့ အသက် ၈၀ ပြည့် မွေးနေ့ အတွက် ဘယ်မှာ ညစာ စားကြမလဲ ဆိုတာ ဆွေးနွေးကြပြန်တယ်။ အတော်ကြာအောင် ဆွေးနွေးပြီးတဲ့နောက် Ocean View မှာ  စားကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။
အကြောင်းကတော့ အဲဒီဆိုင်မှာ သူတို့ တစ်ခါမှ ညစာ မစားဖူးသေးလို့ တဲ့။

Ref: R.D. Aug.
(Wisdom from laughter ထဲက သစ်တယ်ထင်တာလေးတွေ ရွေးထားတာပါ။ ကြားဖူးရင် ဆောရီးပဲ။)


11/09/2012 


ဇင်ဝေသော်

သပိတ်ဝင် အိပ်ဝင် မဟုတ်ဘူး ဗျ


အချင်းချင်းပြန်ရေးရဦးမှာပဲ။ မတတ်နိုင်ဘူး။ စောစောက ဆရာသမားတွေ လာတော့ သူတို့ချင်း ပြောနေကြတာ ကြားလိုက်မိတယ်။
"ဒီကောင်ကြီး စာအုပ်ကကို တော်တော်ရမှာ နော်"
ကြားမိတာနဲ့ သူတို့စကားဝိုင်းထဲ ဝင်သွားလိုက်တယ်။
"ဘယ်လိုရတာလဲ ဦးဇင်း"
"တစ်အုပ် လေးထောင်လေကွာ၊ အုပ်ရေ ငါးထောင်ဆိုရင်"
"ဟောဗျ၊ စာအုပ်ဆိုင်တွေ မပေးတော့ဘူးလား၊ နောက်ပြီး ဖြန့်ချီပေးသူ"
ဒီတစ်ခါ ဟောဗျာက သူတို့အလှည့်
"ဟောဗျ၊ သူတို့ကိုပေးရသေးတာလား၊ ဘယ်လောက် ပေးရလို့လဲ"
ဒီတစ်ခါ ဟောဗျာက ကိုယ့်အလှည့်
"ဟောဗျ၊ ပေးရတာပေါ့။ ဖြန့်ချီပေးသူကို ၁၅ ရာခိုင်နှုန်း၊ စာအုပ်ဆိုင်တွေကို ၁၅ ရာခိုင်နှုန်း"
"သိပေါင်ကွာ လေးထောင်ဆို လေးထောင် မင်းပဲရတာမှတ်နေတာ"
ဆရာတွေ ရိုးသားချက်က အဲသလိုလေ။

"သတင်းစာကြော်ငြာ၊ စာအုပ်မိတ်ဆက်ပွဲ အတွက်ကုန်တာတွေ ရှိသေးတယ်၊ ဒါတောင် လေယာဉ်စရိတ်တွေ၊ စထရိတ်တိုင်းမ် ပေးရတာတွေ မပါသေးဘူး၊ ရတယ်ဆိုတာက စာချုပ်အရ နှစ်လမှ တစ်ခါ၊ နားလည်မှုအရ နှစ်ပတ် တစ် ခါပေးနေလို့ အသစ်ထပ်လုပ်တာလေးတွေအတွက်တော့ ငွေထပ် မလွှဲရသေး ဘူး"
ဒါကို ရန်ကုန်ဆရာက ထောက်ခံတယ်။
"ဟုတ်တယ်၊ သူ့စာအုပ်တွေက ထွက်သွားတာပဲ ရှိသေးတာ၊ ဝင်မလာသေး ဘူး"တဲ့။
ပြောမနာဆိုမနာ ဆရာတွေမို့
"ဦးဇင်းတို့ကလည်း ဆွမ်းစားကြွလို့လှူလိုက်တာကမှ သပိတ်ဝင်အိပ်ဝင်၊ တစ်ခါတည်း ရ၊ လုံးကနဲ ရ၊ ဘယ်သူ့မှလည်း ခွဲပေးစရာ မလို" လို့လေ။



ဒီခေတ်မှာ (စောစောကတော့ ဘာသာရေးလောက်ပဲ ရေးကြတာလေ၊ ဥပမာ ငါ့ကို မချစ်နဲ့၊ အချစ်နဲ့ ဝိပသနာတို့လို) ပုံစံမျိုးစုံ၊ လိုင်းမျိုးစုံနဲ့ ရဟန်းလတ်တွေ စာရေးလာနေလို့ အားလုံးကိုယ်စား ပုံရိပ်လေးတစ်ခု စာဖတ်သူတွေအတွက်
ပေးလိုက်ရတာပါ သစ္စာမိုးဝေ ရေ။
စာရေးနေသူတွေက သူသူကိုယ်ကိုယ် မနေနိုင်လို့(သို့)ဝဋ်ကြွေးမို့ ရေးနေကြတယ် ထင်ပါတယ်။ (အခြားလုပ်စရာတွေလည်း ရှိသားနဲ့)

စီ..မံ..ခန့်...ခွဲ....မှု



ပန်းချီ - ဦးလှပေါ်(မန္တလေး) Source
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ပန်ဆိုတဲ့ ရွာလေးမှာ "ပန်မေတ္တာ"လို့ခေါ်တဲ့ နာရေးအသင်းရှိတယ်။ ပရဟိတသမားလေးတွေ ဖွဲ့ထားတာ။
တလောက (အနည်းဆုံး) တိုင်းအဆင့်ပါဝါရှိတဲ့ ဆရာတော်တစ်ပါးက ရှိပြီးသား ကို အားပေးထောက်ပံ့ဖို့ထက် သူ့လက်အောက်မှာ အဖွဲ့သစ် ထပ်ဖွဲ့ဖို့ စိတ် ညွတ်တော်မူတယ်။
ဒါနဲ့ "ကိုးဆယ်ဆ" ဆိုတဲ့ နာရေးအသင်း ထွက်ပေါ်လာပြန်ရော(နာမည်လေးက သင်းသကို)။ အတိုက်အခံ ပရဟိတနာရေးအသင်းပေါ့။ ဟဲ ဟဲ။
သိပ် မတည့်ကြတော့ဘူး။
မကြာပါဘူး၊ ရွာမှာ လူတစ်ယောက် ဆုံးရော။
လက်ရှိအဏာရ နာရေးအသင်းကလည်း အသုဘချပေးဖို့ ရောက်လာ၊ အတိုက်အခံ နာရေးအသင်းကလည်း ရောက်လာ။
အသုဘကို သူ ချမယ်၊ ငါချမယ်တွေ ဖြစ်ကုန်ရော။
လက်ရှိအဏာရ နာရေးအသင်းကလည်း ဒါက ငါတို့ လုပ်လာတဲ့ အလုပ်တွေပဲ။ မင်းတို့က အခုမှ.............။
အတိုက်အခံ နာရေးအသင်းကလည်း ဒါတွေ ငါတို့ မသိဘူး။ ငါတို့ချမယ်။ ငါတို့ကို့ ဖွဲ့ပေးသွားတဲ့ ဆရာတော်က တိုင်းဥက္ကဌဆရာတော်။
ဗိုလ်ချုပ်ကြီးတွေ၊ ဝန်ကြီးတွေ ကိုးကွယ်တဲ့ဆရာတော်။ ရွာကိုကြွလာတာတောင် တိုင်းအရာရှိတွေပါလာတယ်။

မာန်လေးတွေလည်း ပါတယ်။ အရင်က တည့်နေတဲ့ရွာလေး အခု ကွဲကုန်ရော။
ကဲ ဘာကို အပြစ်တင်မလဲ
အရင်က ရှိနေပြီးသား "ပန်မေတ္တာ"ကိုလား။
အတိုက်အခံ နာရေးအသင်း"ကိုးဆယ်ဆ"ကိုလား။
နှစ်ယောက်ပြိုင်တူ မခေါ်ဘဲ တစ်ယောက်တည်းဆွဲခေါ်တဲ့ သေမင်းကိုလား။

အဲဒါ ရွာအဆင့်ပဲ ရှိသေးတာနော်။
စီ မံ ခန့် ခွဲ မှု။
အဲဒါ အူပြီဆိုရင် လူကောင်း၊ လူရိုးတွေ ရန်သူဖြစ်ကုန်ကြရော။

နှိုးဆော်အပ်ပါသည် ~~~


ယနေ့ ဝါတွင်းဥပုတ်နေ့မဟုတ်ပါ။ ဘာနေ့ထူးနေ့မြတ်မှလည်း မဟုတ်ပါ။
ထို့ကြောင့် ကိုယ် နှုတ် နှလုံး သုံးပါးလုံးကို တတ်နိုင်သရွေ့ စောင့်ထိန်းနိုင်ကြရန်
ဗုဒ္ဓဘာသာရော မဟုတ်သူများကိုပါ သတိပေးနှိုးဆော်အပ်ပါသည်။


အရှင်သိရီဓမ္မ၊(ဓမ္မဥယျာဉ်) ဒေါက်တာ အရှင်ဣန္ဒကနဲ့ သီဟနာဒ


လပတ်လည် (လှည့်ကြည့်မိသည့် ထောင့်ချိုးများ)

လပတ်မလည်မိတာ လေးလရှိပြီ။ ယနေ့တော့ မမေ့လျော့သော၊ မေ့လျော့နေ မိသော ကျေးဇူးတရားတို့အကြောင်း ရေးချင်နေမိသည်။
ကိုယ်ပိုင်အိပ်မက်များနဲ့ လူငယ်၊ ရဟန်းငယ်တိုင်း လုံးခြာလည်နေသည့် ဘဝငယ် ငယ်လေးများကို သတိတရဖြစ်မိသည်။ သူရည်သွေး၊ ကိုယ်ရည်သွေးလိုချင်း မဟုတ်ဘဲ ကျေးဇူးအောက်မေ့မှုများဟုသာ မှတ်ယူစေချင်ပါ၏။

အရှင်သိရီဓမ္မ(ယခု နယူးဇီလန်ရောက်နေ)နဲ့ သီဟနာဒ
********************************************************
မိမိက စာရေးဝါသနာပါသဖြင့် စာရေးနေချိန်။ ဘာသာသွေမဂ္ဂဇင်းက လစဉ်ဖော်ပြပေးနေချိန်၊ အခြားမဂ္ဂဇင်းနှစ်စောင်င်နဲ့ ဂျာနယ်တစ်စောင်က မကြာ မကြာ ထည့်ပေးချိန်။ နွမ်းပါးသည့် စာသင်သားဘဝမှာ ကုသိုလ်လည်းရ ဝမ်းလည်း ဝဟု ယုံကြည်မိ၏။
ဘာသာသွေမဂ္ဂဇင်းမှာ အတန်ငယ်ရေးမိတော့ ထုတ်ဝေသူ ပေါ်လာသည်။ ဗုဒ္ဓဘာသာအမြင် သစ်သည်၊ ထုတ်မည်။ သို့သော် ရဟန်းကလောင်အမည် ကို ပြောင်းပေးရမည်၊ သို့မှ စာဖတ်သူက စိတ်ဝင်စားမည်ဟု သူကဆိုလာသည်။ မလေးငြိမ်စကားဖြင့် သာဓုခေါ်၏၊ မခေါ်၏။ သူ့ အဆိုမှန်ကန်ကြောင်း လက်ခံပါ ၏၊ သို့သော် မိမိက ဤကိစ္စကို လုံးဝလက်မခံ။ ကလောင်အမည် မပြောင်းနိုင် ဟုပြောရာ သူနဲ့လည်း အပေးအယူ မတည့်ကြတော့။

ထိုစဉ် အရှင်သိရီဓမ္မက
"ဒီလောက်ကြီးရေးလာပြီးမှတော့ ငါထုတ်ပေးမယ်။ နှစ်သိန်းဆိုရင်လောက်တယ် မဟုတ်လား။ မလောက်ရင် ငါထပ်ပေးမယ်" ဟုဆိုပါသည်။ ပေးဟူသည် ပေးခြင်းဖြစ်သည်။ အကြွေးပေးခြင်းမဟုတ်။
သို့ဖြင့် ထုတ်လိုက်ကြသည်။ တာရာမင်းဝေသုံးသလိုဆိုရင်"အနုပညာအရအာင်မြင်တယ်" ဖြစ်ပြီး ငွေကြေးအရ မအောင်မြင်ပါ။ စာအုပ်က အထိုက်အလျောက်ရောင်းရသည်(ဘယ်လောက် ရိုက်သည် မသိ၊ ရိုက်သလောက်တော့ ကုန်သွားသည်)၊ ငွေကတော့ ပြန်ဝင် မလာပါ။ ထို့ကြောင့် စိတ်ပျက်ပျက်ဖြင့် ဤလောကနဲ့ အတန်ငယ် ကင်းသွားခဲ့ သည်။
မိမိထက်အသက်ရှူ ပိုချောင်သော်လည်း အရှင်သိရီဓမ္မသည် တောသား၊ လယ် သမားသားသာဖြစ်ပါသည်။ ထိုခေတ်က ငွေနှစ်သိန်း။ မိမိဆီလည်း တစ်ပြားမှပြန် မဝင်၊ သူ့ကိုလည်း တစ်ပြားမှပြန်မပေးနိုင်။
သူ သီရိလင်္ကာကိုသွားတော့ မရှိမဲ့ ရှိမဲ့ အမေရိကန်ဒေါ်လာလေး ၂၀၀ စုပေး လိုက်သည်။ အခြားသူငယ်ချင်းများနဲ့တွေ့တော့
"ဒီကောင်ကြီးက ငါ့ကိုချစ်တယ်၊ ဒေါ်လာ ၂၀၀ တောင် ပေးလိုက်တယ်" ဟု ပြောတတ်လေသည်။
အမှတ်မရှိသည့် ထိုအရှင်က အခု
"ဟေ့ကောင် စာပေကိစ္စတွေလုပ်မှာဆို ငါ့ပြောအုံး၊ ငါ ပိုက်ဆံပေးမယ်"
ဟု ဆိုနေဆဲ။
(သူနှင့် သီဟနာဒကြားမှာ ငါးနှစ်အတွင်း အီးမေးမပို့၊ ဖုန်းမဆက်ကြဟုဆိုလျင် အတန်ငယ်ထူးဆန်းနေပါလိမ့်မည်။ ဒါက အမှန်ဖြစ်ပါသည်။ ဒါတွေလိုသည်ဟု ကျွန်ုပ်တို့နှစ်ယောက်စလုံးက မထင်ကြပါ(သို့)မရှိလည်း ဖြစ်ပါသည်။ သူလိုလျင် သီဟနာဒရှိသမျှ သူ ယူခွင့်ရှိပြီး သီဟနာဒလိုလျင်လည်း သူ့ရှိသမျှ ယူခွင့်ရှိနေ ဆဲပင်)





ဒေါက်တာ အရှင်ဣန္ဒကနဲ့ သီဟနာဒ
*************************************
ဤကိစ္စက ပို၍ပင်ကြေကွဲဖွယ်ကောင်းသေးသည်။ အကယ်၍ အရှင်ဣန္ဒကသာ အရှင်ဣန္ဒကမဟုတ်ခဲ့လျင် သူ့အိပ်မက်တွေ ကပေါက်ကချာဖြစ်သွားနိုင်သည့် ကိစ္စပင်ဖြစ်သည်။
သာသနာ့တက္ကသိုလ်(မန္တလေးမှာ) ရှိနေကြဆဲ။ မယ်တော်ကြီး ကျန်းမာရေးကြောင့် ရွာပြန်စဉ် ဣန္ဒကဆီက နဝကမ္မတစ်ချို့ ချေးယူသွားခဲ့သည် (ဘယ်လောက်လဲ မမှတ်မိ)။ ထို စေ့စေ့ကုတ်ကုတ်လေးများကို မိခင်၏ ကျန်းမာရေးကြောင့်ဟုသာ ယူခဲ့ရသည်၊ ထို စေ့စေ့ကုတ်ကုတ်လေးများသည် သူ သီရိလင်္ကာကို ပညာသင်သွားဖို့ဆိုပြီး စုထားသော ကျေးလက်က သမ္မာ အာဇီဝ ချွေးပေါက်များဖြစ်ကြလေ၏။ မယ်တော်ကြီးကျန်းမာရေး၊ တက္ကသိုလ်လွန် နာဂတောင်တန်း၊ နာဂတောင်တန်းလက်ဆောင် ငှက်ဖျားဇီဝ၊ အကြောင်းစုံစွာရောက်လာပြီး အရှင်ဣန္ဒက၏ သမ္မာအာဇီဝ ချွေးပေါက်များကို လုံးဝ မေ့လျော့နေမိတော့၏။
မည်သို့ဆိုစေ ဤအမှားမျိုးသည် ကိုယ်တိုင်ပင် ခွင့်လွှတ်ရခက်သည့် အမှားပင်။ တစ်လောက အတူနေ ရဟန်းက စကားစပ်မိရင်းပြောမှ ယင်း သမ္မာအာဇီဝ ချွေးပေါက်များကို သတိရတော့သည်။ မိမိက ဝေရဉ္ဇာပုဏ္ဏား လက်သစ်တည်း။




အခုတော့ သူ့အိပ်မက်လည်း အတောင်စုံပြီ၊ သူယုံကြည်ရာတွေကိုလည်း ပါရမီဝေစုအလိုက် လုပ်ခွင့်ရပြီ။
ကြံဖန်ပြီး သူ့အတွက် ဝမ်းသာမိပါသည်။
ဘာပဲဖြစ်ဖြစ် ယုံကြည်ရာ လုပ်တတ်သူ။
ဘာတွေပဲ ကြုံကြုံ ခြေကုန်ထုတ် ရောက်အောင် သွားတတ်သူ။
ဒီတစ်ခေါက် ရန်ကုန်ပြန်မှ သူ့ကိုတွေ့ပြီး မိမိရဲ့ ဧရာမအမှား၊ ဧရာမအမေ့၊ ဧရာမ အလွဲအတွက် ညွတ်ညွတ်နူးနူးတောင်းပန်ရပါဦးမည်။
ထို့အတူ ပေးဆပ်ရန်ရှိသည့် ကတညုတ ကတဝေဒီများကလည်း အပျိုရည်မပျက်၊ နဂိုရည်မပျက် အုပ်စုဖွဲ့ ရှိနေဆဲ။

တွန်မီ ကူးပါးရဲ့ ဂျုတ်များ


ကျနော်က စားပွဲထိုးကိုပြောတယ် "လာချတဲ့ ကြက်သားက အေးနေပြီ"
သူက "သဘောတူပါတယ်၊ ဒီကြက်သေနေတာ နှစ်ပတ်ရှိပြီ" တဲ့။
"ဒါတင်မကသေးဘူး၊ ကြက်ခြေထောက်နှစ်ချောင်းကလည်း တစ်ချောင်းက တို၊ တစ်ချောင်းက ရှည်"
ဒီတော့ သူက"လူကြီးမင်းက ကြက်ခြေထောက်ကို စားမှာလား၊ ကြက်ခြေထောက်နဲ့ ကမှာလား" တဲ့။



I said to the waiter, I said 'This chicken I've got is cold'.
He said 'I should think so. It's been dead for two weeks'.
'Not only that', I said, 'It's got one leg shorter than the other'.
He said 'What do you want to do, eat it or dance with it?'

ဒါကတော့ ခယ်မီကယ် အင်ဂျင်နီယာတွေအတွက်

Woman - A Chemical Analysis
Element : Woman
Symbol : Wo
Atomic Weight : Accepted as 118, but known to vary 105-175.
Discoverer : Adam
Occurrence : Copious quantities in all Urban areas, with slightly lower concentrations in Suburban and Rural areas. Subject to seasonal fluctuations.

အုတ်ခဲတစ်လုံးရဲ့ သိပ်သည်းဆ


ကိုယ့်ခေါင်းပေါ် ကျလာတာမဟုတ်ဘူးဆိုရင်
အဲဒီ အုတ်ခဲတစ်လုံးရဲ့ သိပ်သည်းဆကို
လူတွေက အမြဲ လျှော့တွက်တတ်ကြတယ်။





အမှာ။ ။ ဘာမှ မဟုတ်ပါ။ မနက်စောစော ခေါင်းကို တစ်ခုခုနဲ့ ဝင်တိုက်မိလို့ ရေး လိုက်တာပါ။

ဘာကြောင့်မှန်းမသိ... ဘာမှ မဖြစ်သလို


ဘာကြောင့်မှန်းမသိ ဘိုးဘိုးက ဖေ့ဖေ့ကို ဆူပါသည်။
ဘာကြောင့်မှန်းမသိ ဖေဖေက မေမေ့ကို ဆူပြန်ပါသည်။
ဘာကြောင့်မှန်းမသိ မေမေက မမကြီးကို ငေါက်ပါသည်။
ဘာကြောင့်မှန်းမသိ မမကြီးက မမလေးကို ခေါင်းခေါက်ပါသည်။
ဘာကြောင့်မှန်းမသိ မမလေးက ကျွန်တော့်ကို ခေါင်းခေါက်ပြန်ပါသည်။
ဘာကြောင့်မှန်းမသိ ကျွန်တော်က အောင်နက်ကြီးကို ခြေထောက်နဲ့ ကန်လိုက်ပါသည်။
ဘာကြောင့်မှန်းမသိ အောင်နက်ကြီးက ဘိုးဘိုးတောင်ဝှေးကို သေးနဲ့ ပန်းပါသည်။

ဒါဟာ....
ဘိုးဘိုးပြောတဲ့ ကံ ကံ၏အကျိုးလား
ဖေဖေ့စာအုပ်ထဲက ပါဝါ ဘဲလန့်စ်ဆိုတာလား
မေမေနာတဲ့ တရားခွေထဲက ပဋိစ္စသမုပ္ပါဒ်ဆိုတာလား
မမကြီး စာကျက်နေတဲ့ ဂေဟစစ္စတမ်ဆိုတာလား
မမလေး ရွတ်နေတဲ့ ရေသံသရာလား
ငါးနှစ်သား ကျွန်တော် မသိပါ။

အခု ကျွန်တော်သိတာက
အောင်နက်ကြီးကလည်း ဘာမှမဖြစ်သလို အိပ်လို့
ဘိုးဘိုးကလည်း ဘာမှ မဖြစ်သလို သူ့တောင်ဝှေးကြီးကို ညာလက်နဲ့ပွတ်သပ်လို့
ကျွန်တော်ကလည်း ဘာမှမဖြစ်သလို ပြုံးလို့။
(ရေးပြီးသားလေးကို ပြင်ရေးထားတာပါ)***

နေဦး!


(ဗက်ကလပ် ဟာဘယ်(လ်))

လှမ်း ကြည့်လိုက်ကွာ၊ ပြူတင်းပေါက် မစုံ၊ လူမစုံတော့တဲ့ အိမ်အိုတွေ
မော့ ကြည့်လိုက်ဦးကွာ၊ အရုပ်ဆိုးဆိုး တိုးလို့တွဲလောင်း မီးကြိုးတွေ
ငုံ့ ကြည့်လိုက်ဦးကွာ၊ ပေါက်ပြဲနေတဲ့ ကတ္တရာလမ်းမ၊ လူလျှောက်လို့ မရတဲ့ ပလက်ဖောင်းတွေ
လာ၊ တို့ ရှေ့ဆက်လျှောက်ရအောင်.......
ကြည့်လိုက်ကွာ
အက်စစ်မိုးတွေကြောင့် သေသူ သေ၊ မဝေသူ မဝေ၊ ငါတို့သစ်တောတွေ
ဒါတွေအားလုံးကို ငါတို့ ပြုပြင်ကြရမှာနော်
စိတ်ဓာတ်ခိုင်မှ ရမယ်။

နေဦး
ဒါတွေက ဆယ်စုနှစ်တစ်ခုအတွင်း ပြုပြင်လို့ရနိုင်တယ် ကွ။
ပြူတင်းပေါက် မစုံ၊ လူမစုံတော့တဲ့ အိမ်အိုတွေထဲက လူတွေ
အရုပ်ဆိုးဆိုး တိုးလို့တွဲလောင်း မီးကြိုးတွေအောက်က လူတွေ
ပေါက်ပြဲနေတဲ့ ကတ္တရာလမ်းမ၊ လူလျှောက်လို့ မရတဲ့ ပလက်ဖောင်းတွေပေါ်က လူတွေ
သူတို့ စိတ်ဓာတ်၊ သူတို့ ကိုယ်ကျင့်တရား၊ သူတို့ အနာဂတ်တွေကို ပြုပြင်ဖို့
ဘယ်ဆယ်စုနှစ်နဲ့မှ လုံလောက်မယ် မဟုတ်ဘူး။
မင်း အဆင်သင့်ဖြစ်ပြီလား။




ထောင်ကလွတ်စ၊ တစ်စစီမြို့ပြကို ကြည့်ရင်း ချက် တော်လှန်ရေး၊ ပြုပြင်ရေး ခေါင်းဆောင် ဗက်ကလပ် ဟာဘယ်(လ်)က သူ့လက်ရုံးကို ပြောပြနေတဲ့ စကားတွေပါ၊ အတိအကျ မဟုတ်ပါ၊ ဒါပေမဲ့ ဒီအဓိပ္ပါယ်ပါ။ ကျနော် ခံစားရသလို ပြန်ဆို ရေးထားတာပါ။

အစ္စလာမ်မစ်အစိုးရ အင်အားကောင်းလာတဲ့အခါ


၁၉၇၀ ခုက ထုတ်ဝေခဲ့တဲ့ သူ့ (Izetbegovic) ရဲ့ "The Islamic Declaration" စာအုပ်ထဲမှာ "အစ္စလာမ်မစ် မူဝါဒတွေနဲ့ အစ္စလာမ်မစ် မဟုတ်တဲ့ မူဝါဒတွေ အကြား သဟဇာတညှိမရ" နိုင်ပုံ၊
"အစ္စလာမ်ဘာသာနဲ့ အစ္စလာမ်မဟုတ်တဲ့ နိုင်ငံရေး၊ လူမှုရေးစနစ်တွေအကြား မှာ ငြိမ်းချမ်းရေးဆိုတာ မရှိနိုင်သလို အတူတကွ ယှဉ်တွဲနေထိုင်ရေးဆိုတာလည်း ရှိမလာနိုင်ဘူး။"
အစ္စလာမ်မစ်အစိုးရ အင်အားကောင်းလာတဲ့အခါ အာဏာကို အပြည့်အဝယူ၊ အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်ရမယ်။
အစ္စလာမ်မစ်နိုင်ငံတော်အသစ်ရယ်လို့ဖြစ်လာရင် အဓိကလုပ်ရမယ့် အရေး တကြီးအချက်တွေက..
"ပညာရေးနဲ့ မီဒီယာ နှစ်ခု အစ္စလာမ်မစ် ကိုယ်ကျင့်တရားအရ အငြင်းပွားဖွယ်မရှိ၊ အစ္စလာမ်မစ် ဥပဒေသတွေကို ထုံးလိုမွှေ ရေလိုနှောက်နိုင်တဲ့ လူတွေရဲ့ လက်ထဲ မှာပဲ ရှိနေရေး" ပဲ ဖြစ်တယ်လို့ ရေးသားထားပါတယ်။
The Clash of Civilizations. P 269

အရွယ်တင်တဲ့ အိပ်မက်များ


ဟေ့ ဟေ့ ဟေ့ ကမ်းလက် ဘလောက်ကနေ တင်ဆက်လိုက်တယ်....
အဋ္ဌကထာထဲက ရဟန်းတစ်ပါးအိပ်မက်
ဘကြီးဘုန်းကြီးကို ယပ်ခပ်ပေးရင်း၊ မြူးလွင့်လာတဲ့ စိတ်(ကူး)ရူးလေညှင်း
နွားမတစ်ကောင်အရင်ဝယ်၊ နို့ညှစ်ပြီးတော့ ရောင်းမယ်၊ နွားမတစ်ကောင်က နှစ်ကောင်ဖြစ်၊
နှစ်ကောင်ကနေ သုံး.. လေး.. ငါး... ခြောက် နွားအုပ်ကြီးဖြစ်။
နို့တွေအများကြီးရ၊ ပိုက်ဆံတွေလည်း အများကြီးရ။
ဟဲဟဲဟဲ (ဒီတော့) မိန်းမတစ်ယောက် ကောက်ယူ။ ကလေးပါရတော့ ကလေးက ဆူ။
ဆူတဲ့ ကလေးကို ဂရုမစိုက်၊ မိန်းမမိုက်တော့ အရိုက်။
ဟိုက်......တကယ်ရိုက်မိတာက ဘကြီးဘုန်းကြီးခေါင်း၊
ဒေါင်း။



၂၁ရာစု ရဟန်းတစ်ပါးအိပ်မက် ကွယ့်
ဟေ့ ဟေ့ ဟေ့ လူဝတ်လဲရင်း စိတ်ကူးမိတယ်၊
ပြောမယ်၊ မတားကြနဲ့ ပြောမယ်၊ အော်ဖစ်ရှယ်လီ ပြောမယ်၊ လိုလို မလိုလို ပြောမယ်။
ဥရောပနိုင်ငံကြီးသွား (အင်္ဂလိပ်စကားပြော ဟုတ်ဟုတ် မဟုတ်ဟုတ် ) အင်္ဂလိပ်စာသင်ရေး၊
ကမ္ဘာတွင်မယ့် စာအုပ်ကြီးတွေရေး၊ ဝင်လာမယ့် ဒေါ်လာတွေ တဖွေးဖွေး၊
ဒါရိုက်တာတွေ ခိုက်လို့ ရုပ်ရှင်ရိုက်၊ မိုက်စ်။ ဒေါ်လာတွေ သန်းချီပိုက်။
မိန်းမက ရပြီးသားမို့ ယူစရာမလို၊ သူ့စားဝတ်နေရေးကလည်း ပူစရာမလို၊
လိုနေတာ မြန်မာပြည်က ခိုးကိုးရားမဲ့တို့။ ကမ္ဘာကျော်စာအုပ်ရေးလို့ ရသမျှ သူတို့အဖို့။

"Dream comes true." ဖို့ ဆုတောင်းတယ်
ဘကြီးဘုန်းကြီးခေါင်းတော့ ရိုက်နဲ့ကွယ်။

ဦးကိုမောင်(ပြုံးစိစိဖတ်စာ)

Now and then


တချိန်က မစ္စတာ ဒေးဗစ် ကော်ပါဖီးလ်က ရထားကြီးတွေ ဖျောက်ပြတယ်။
ဒီနေ့ လူရမ်းကားတွေက လေယာဉ်တွေကို ဖျောက်ပြတယ်။
ဒေးဗစ် ကော်ပါဖီးလ် ဖျောက်တဲ့ရထားက ခဏနေ အရင်အတိုင်း ပြန်ပေါ် လာတယ်။
လူရမ်းကားတွေဖျောက်တဲ့ လေယာဉ်က ပြန်ပေါ်မလာဘူး(သို့) အရိုးပြာ၊ သတ္ထုပြာတွေ ပေါ်လာတယ်။
ဒေးဗစ် ကော်ပါဖီး တစ်ပွဲပြီးတော့ လူတွေက မတ်တပ်ရပ်ပြီး လက်ခုပ်တီးကြတယ်။
လူရမ်းကားတွေ တစ်ပွဲပြီးတော့ လူတွေက လူးလှိမ့်ငိုကြတယ်။

ဟေ့ ဟေ့ ဟေ့ ကမ်းလက်ဘလောက်ကနေ ဖြန့်ချီလိုက်တယ်


"အဟင့် အဟင့်
ကောလဟလသတင်း
တချို့လူတွေ မနာလိုလို့ ပြောကြတာပါရှင့်"
(ဗျူဟာ၊ အောအောအော တောကားရိုက် ဆိုလား??)

ရဲကို ဂရုဏာတော့ သက်ပါသရှင့်
အဟင့် အဟင့်
ဈေးချိုတစ်ဝိုက် မီးလန့်လျင်ဖြင့်
မီးသတ်ကားအရင် ဘုန်းကြီးတွေက ရောက်နှင့်
လဘက်ရည်ဆိုင် ရန်ဖြစ်လျင်ဖြင့်
ရဲကားအရင် ဘုန်းကြီးတွေက ရောက်နှင့်
အဲဒါ ၈၈ မတိုင်မီကပါရှင့်


"အမြင့်ရောက်တော့ လေတိုက်တာ ပြင်းပြင်း
သိတယ်မဟုတ်လား သမီးက ရုပ်ရှင်ကွင်း ဂီတကွင်း
မော်ဒယ်ကွင်း အနုပညာ ကွင်း ကွင်း ကွင်း ကွင်း"
(ဗျူဟာ၊ အောအောအော တောကားရိုက် ဆိုလား??)
လေတိုက်တော့ မီးလောင်တာက ပြင်းပြင်း
သိတယ်မဟုတ်လား သူတို့က အနှေးမှာ ကင်း
အပြေးမှာ ကင်း
လက်သွက်တော့ ဒဏ်ချက်တွေက ပြင်းပြင်း
သိတယ်မဟုတ်လား သူတို့က အနှေးမှာ ကင်း
အပြေးမှာ ကင်း
ကင်း ကင်း ကင်း ကင်း
အဲဒါ ဦးသိန်းစိန် မတက်ခင်ကပါ ရှင့်။


ဦးကိုမောင်(ပြုံးစိစိဖတ်စာ)




ref:https://soundcloud.com/nyipu-1/3kgxqgcmen7c

ဘာရမလဲ စင်္ကာပူရဲပဲ


စင်္ကာပူ နေရှင်နယ်ဒေးအကြိုမှာ စင်္ကာပူအလံပဲ လွှင့်ရမှာလေ
အစွန်းရောက် အူကြောင်ကြား အမျိုးသားရေးက မရောင်ရာဆီလူး
ဆင်းမ် ဒရိုက်ဗ် (Sims Drive) က အိမ်တချို့မှာ ပါလက်စတိုင်းအလံ လွှင့်ထားသတဲ့။
ဘာရမလဲ စင်္ကာပူရဲပဲ၊ မန္တလေးရဲမှ မဟုတ်တာ။
ချက်ချင်းအဖြုတ်ခိုင်း၊ ချက်ချင်း ထုချေလွှာ အတင်ခိုင်း။ လာစမ်း၊ ဒါက ဘာသဘောလဲ။
စင်္ကာပူရီယန်းတွေကတော့ မိစ္ဆာကောင် တံခါးပေါက်ဝတောင် ရောက်လာပါပေါ့ လား တဲ့။
(ဖရီး ဆိုတဲ့ စာတန်းနဲ့ ပါလက်စတိုင်း အလံ။ ပုံ ၂ စင်္ကာပူ နိုင်ငံတော်အလံ)


 (23-7-2014 , 11:49pm on Facebook)

*******************************

 ညက တင်ခဲ့တဲ့ နိုင်ငံတော်အလံပို့စ်နဲ့ ပတ်သက်လို့

၁။ စင်္ကာပူရီးယန်း တစ်ယောက်က "Walau ehhhhhhh.......now evil has come to our doorstep ;))" လို့ ရေးပြီးပို့ထားပါတယ်။

၂။ အတည်ပြုလို့ရ၊ မပြုလို့လည်းရတဲ့ သတင်းအရ အစိုးရက စလုံးတွေရဲ့စီပီ အက်ဖ်(ဗဟိုအစိုးရက ချုပ်ကိုင်ထားတဲ့ သန်းပေါင်းများစွာသော ပြည်သူ့ ငွေတွေ) ကို ထိမ်းထားရခြင်း အကြောင်းရင်းတွေထဲမှာ သူ့ နိုင်ငံသားတွေစုထားတဲ့ငွေတွေ အကြမ်းဖက်မှုတွေထဲ ရံပံငွေအနေနဲ့ ရောက်မသွားအောင် အစိုးရက ထိန်းထား တာဆိုတဲ့ အချက်လည်း ပါဝင်သတဲ့။

၃။ အခုဟာက မွတ်စလင်နဲ့ဆက်စပ်လို့ အလန်းတကြားဖြစ်ပေမဲ့ လန်ဒန် အိုလံပစ်ပွဲမှာလည်း အလံလွဲခဲ့ဖူးပါတယ်။ မြောက်ကိုရီးယား အားကစားသမားနဲ့ တွဲပြီး တောင်ကိုရီးယားအလံ လွှင့်တင်မှုပါ။ တာဝန်ခံ အရာရှိတွေရဲ့ အမှား။

ညိုပြာညက် ဖြစ်နေမှ


အရင် မန္တလေးက ဘာသာတရားနဲ့အနုပညာပဲ လိုတာ။ ဒီနှစ်ရှိရင် ရပြီ။
အဲဒီနှစ်ခုမရှိရင်လည်း မန္တလေးက မနေတတ်ပြန်ဘူး။
အခု မန္တလေးက ဟိုဟာတောင်း ဒီဟာတောင်း။ အဆိုးဆုံးက သွေးတောင်းတာ။
မန္တလေးက ညိုပြာညက်ဖြစ်နေမှ လှတာ၊
ပိုဖြူလည်း ကြည့်မကောင်း၊ ပိုမည်းလည်း ကြည့်မကောင်းဘူး။

ကိုဆိုဗို


ကိုဆိုဗိုဆိုတာ ယခင် ယူဂိုဆလားဗီးယား ခြောက်နိုင်ငံထဲမှာ ခွဲထွက်ခွင့်
မရှိတာကလွဲရင် ဆပ်ဗ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရှိတဲ့ ပြည်နယ်တစ်ခု။
၁၉၆၁ ခုမှာ အယ်လ်ဘေးနီးယန်းမွတ်စလင် ၆၇ ရာခိုင်နှုန်း၊ ဆာပ်ဗ် အော်သိုဒေါက်စ် ၂၄ ရာခိုင်နှုန်း၊
အယ်လ်ဘေးနီးယန်းမွတ်စလင်တွေရဲ့ ကလေးမွေးဖွားနှုန်းက ဥရောပမှာ အမြင့်ဆုံး၊ ဒီလိုနဲ့ ကိုဆိုဗိုဟာ ယူဂိုဆားဗီးယားထဲမှာ လူဦးရေ အထူထပ် ဆုံး ဖြစ်လာခဲ့။
၁၉၈၀ ခုနှစ်တွေမှာ အယ်လ်ဘေးနီးယန်းမွတ်စလင် ၅၀ ရာခိုင်နှုန်းနီးပါးဟာ အသက် ၂၀ အောက် လူငယ်တွေ။
ပြသနာတွေကြောင့် စီးပွားရေး အခွင့်အလမ်းတွေရှာဖို့ ဆာပ်ဗ်တွေက ဘဲလ်ဂရိတ်နဲ့အခြားဒေသတွေမှာ သွားနေကြ။
အကျိုးဆက်က..
၁၉၉၁ ခု ရောက်တော့ ကိုဆိုဗိုမှာ အယ်လ်ဘေးနီးယန်းမွတ်စလင် ၉၀ ရာခိုင်နှုန်း၊ ဆာပ်ဗ် ၁၀ ရာခိုင်နှုန်းဖြစ်သွားတယ်။
(The Clash of Civilization. Page 260)

~~ ဝိစိကိစ္ဆာ ဟူသည် ~~

ကွန်းမင့်တစ်ခုနှင့် ဆက်စပ်ပြီး ဝိစိကိစ္ဆာ အကြောင်း ရေးရန် အကြံဖြစ်သည်။ ပါဠိတော်၊ အဋ္ဌကထာများအဆိုဖြစ်သဖြင့် ဝိစိကိစ္ဆာနှင့် ပတ်သက်ပြီး တစ်စုတစ်စည်းတည်း မှတ်သားလိုသော သူတော်ကောင်းတို့အတွက် မှတ်သားနိုင်ရန် ရည်စူးပါ၏။
ဖီဂျီ နိုင်ငံ ဘယ်မှာ ရှိသည်ကို မသိခြင်းသည် အဝိဇ္ဇာ မဟုတ်သလို ဆွမ်းဆံလား ကြွက်ချေးလား စီစစ်ရွေးချယ်ခြင်းသည်လည်း ဝိစိကိစ္ဆာ မဟုတ်ပါ။
ပထမဆုံး စေတောခိလ သုတ်၌ ဝိစိကိစ္ဆာ ငါးမျိုး ပြထားတော်မူသည်။
၁ ။ ဘုရားအပေါ် သံသယဖြစ်မှု
၂ ။ တရားအပေါ် သံသယဖြစ်မှု
၃ ။ သံဃာအပေါ် သံသယဖြစ်မှု
၎ ။ သီလ၊ သမာဓိ၊ ပညာ အပေါ် သံသယဖြစ်မှု
၅ ။ သီတင်းသုံးဖော် အကျင့်တူ သူတော်စဉ်တို့ အပေါ် သံသယဖြစ်မှု တို့ ဖြစ်သည်။



ထို့ထက်ပို၍ လူသိများသည်က ဝိစိကိစ္ဆာ ( ၁၆ ) ပါးဖြစ်သည်။ သဗ္ဗာသဝသုတ်၊ မဟာတဏှက္ခယသုတ် နှင့် ပစ္စယသုတ်တို့၌ တွေ့ရသည်။

အအတိတ် ငါးပါး
၁ ။ အတိတ်မှာ ငါ ( အတ္တ ) ရှိခဲ့သလား
၂ ။ အတိတ်မှာ ငါ ( အတ္တ ) မရှိခဲ့ဘူးလား
၃ ။ အတိတ်တုန်းက ငါ ( အတ္တ ) က ဘာပါလိမ့်
၎ ။ အတိတ်တုန်းက ငါ ( အတ္တ ) က ဘယ်လိုပါလိမ့်
၅ ။ အတိတ်မှာ ဖြစ်တည်ခဲ့ဖူးတယ်ဆိုရင် ဘာတွေ ဘယ်ပုံစံနဲ့ ဖြစ်တည်ခဲ့ပါလိမ့်

အနာဂတ် ငါးပါး
၆ ။ အနာဂတ်မှာကော ငါ ( အတ္တ ) ရှိဦးမှာလေလား
၇ ။ အနာဂတ်မှာ ငါ ( အတ္တ ) မရှိတော့ဘူးလား
၈ ။ အနာဂတ်မှာ ငါ ( အတ္တ ) က ဘာဖြစ်မှာပါလိမ့်
၉ ။ အနာဂတ်မှာ ငါ ( အတ္တ ) က ဘယ်လိုဖြစ်မှာပါလိမ့်
၁၀ ။ အနာဂတ်မှာ ဖြစ်တည်ရဦးမယ်ဆိုရင် ဘာတွေ ဘယ်ပုံစံနဲ့ ဖြစ်တည်ခဲဦးမှာပါလိမ့်

ပစ္စုပ္ပန် ခြောက်ပါး
၁၁ ။ အခု ခန္ဓာအစုကရော ငါ ( အတ္တ )  လား
၁၂ ။ အခု ခန္ဓာအစုကရော ငါ ( အတ္တ )  မဟုတ်ဘူးလား
၁၃ ။  ငါ ( အတ္တ ) က ဘာလဲ
၁၄ ။ ငါ ( အတ္တ ) က ဘယ်လိုလဲ
၁၅ ။ ဒီ ငါ ( အတ္တ ) က ဘယ်ကနေ ရောက်လာတာလဲ
၁၆ ။ ဒီ ငါ ( အတ္တ ) က ဘယ်မှာ အဆုံးသပ်မှာလဲ
ပစ္စယသုတ်တော် အရ ပဋိစ္စသမုပ္ပါဒ်ကို နားလည်သဘောပေါက်လျှင် ဤ ( ၁၆ ) ပါးသော ဝိစိကိစ္ဆာတို့ မရှိတော့ဟု မိန့်တော်မူသည်။ ဤသုတ်ကို ထောက်ထား၍ မိုးကုတ်ဆရာတော်ကြီးက ပဋိစ္စသမုပ္ပါဒ်ကို အသားပေး ဟောကြားတော်မူဟန် ရှိသည်။

စူဠနိဒ္ဒေသ မဟာနိဒ္ဒေသ တို့၌ ( ၈ ) မျိုးသော ဝိစိကိစ္ဆာ တို့ကို ပြဆိုတော်မူလာပြန်၏။
၁ ။ ဒုက္ခ သစ္စာအပေါ် သံသယဖြစ်မှု
၂ ။ သမုဒယသစ္စာအပေါ် သံသယဖြစ်မှု
၃ ။ နိရောဓ သစ္စာအပေါ် သံသယဖြစ်မှု
၎ ။ မဂ္ဂ သစ္စာအပေါ် သံသယဖြစ်မှု
၅ ။ အတိတ်ခန္ဓာ အပေါ် သံသယဖြစ်မှု
၆ ။  အနာဂတ်ခန္ဓာ အပေါ် သံသယဖြစ်မှု
၇ ။ အတိတ် အနာဂတ်ခန္ဓာ အပေါ် သံသယဖြစ်မှု
၈ ။ ကြောင်း ကျိုး ဆက်စပ်မှု အပေါ် သံသယဖြစ်မှု တို့ ဖြစ်သည်။

( ၈ ) မျိုးသော ဝိစိကိစ္ဆာ တို့ကိုပင် အဘိဓမ္မာ ပိဋက ဓမ္မသင်္ဂဏီနှင့် ဝိဘင်း ပါဠိတော်တို့၌ တစ်မျိုး ပြတော်မူလာပြန်၏။
၁ ။ ဘုရားအပေါ် သံသယဖြစ်မှု
၂ ။ တရားအပေါ် သံသယဖြစ်မှု
၃ ။ သံဃာအပေါ် သံသယဖြစ်မှု
၎ ။ သီလ၊ သမာဓိ၊ ပညာ အပေါ် သံသယဖြစ်မှု
၅ ။ အတိတ်ခန္ဓာ အပေါ် သံသယဖြစ်မှု
၆ ။  အနာဂတ်ခန္ဓာ အပေါ် သံသယဖြစ်မှု
၇ ။ အတိတ် အနာဂတ်ခန္ဓာ အပေါ် သံသယဖြစ်မှု
၈ ။ ကြောင်း ကျိုး ဆက်စပ်မှု အပေါ် သံသယဖြစ်မှု တို့ ဖြစ်သည်။

ဓမ္မသင်္ဂဏီပါဠိတော်၏ အဖွင့်ဖြစ်သော အဋ္ဌသာလိနီ အဋ္ဌကထာ၌ ဤရှစ်ပါးကို ပို၍ရှင်းအောင် ပညာရှင်များအတွက် ဖွင့်ပြထား၏။
၁ ။ ဘုရားအပေါ် သံသယဖြစ်မှု ဟူသည် ရူပကာယတော်နှင့် သီလ၊ သမာဓိ၊ ပညာတို့ အပေါ်သံသယဖြစ်မှုတည်း။  ရူပကာယတော်နှင့် ပတ်သက၍ ၃၂ ပါးသော လက္ခဏာတော်၊ ၈၀ သော ကိုယ်အင်္ဂါအစိတ်အပိုင်းတို့အပေါ်သံသယဖြစ်မှုတည်း။ သီလ၊ သမာဓိ၊ ပညာတို့ အပေါ်သံသယဖြစ်မှု သဗ္ဗညုတဉာဏ်၊ ဂုဏ်တော် ကိုးပါး စသည်တို့ အပေါ်သံသယဖြစ်မှုတည်း။

၂ ။ တရားအပေါ် သံသယဖြစ်မှု ဟူသည် သစ္စာလေးပါး၊ မဂ်၊ဖိုလ်၊ နိဗ္ဗာန်၊ ဂုဏ်တော် တရားဂုဏ်တော် ခြောက်ပါး စသည်တို့ အပေါ်သံသယဖြစ်မှုတည်း။

၃ ။ သံဃာအပေါ် သံသယဖြစ်မှု ဟူသည် အရိယာပုဂ္ဂိုလ် ရှစ်ပါးဆိုတာ တကယ်ရှိသလား၊ သူတို့ကရော သံဃဂုဏ်ကိုးပါးတို့နှင့် တကယ်ပြည့်စုံကြသလား စသည်တို့ အပေါ်သံသယဖြစ်မှုတည်း။

၎ ။ သီလ၊ သမာဓိ၊ ပညာ အပေါ် သံသယဖြစ်မှု ဟူသည် သီလ၊ သမာဓိ၊ ပညာ ( သို့ ) သတိ၊ သမာဓိ၊ ပညာ အပေါ်သံသယဖြစ်မှုတည်း။

၅ ။ အတိတ်ခန္ဓာ အပေါ် သံသယဖြစ်မှု ဟူသည် အတိတ် ခန္ဓာ၊ အာယတန၊ ဓာတ်တို့အပေါ်သံသယဖြစ်မှုတည်း။
၆ ။  အနာဂတ်ခန္ဓာ အပေါ် သံသယဖြစ်မှု ဟူသည် အနာဂတ်ခန္ဓာ၊ အာယတန၊ ဓာတ်တို့အပေါ်သံသယဖြစ်မှုတည်း။
၇ ။ အတိတ် အနာဂတ်ခန္ဓာ အပေါ် သံသယဖြစ်မှု ဟူသည် အတိတ် အနာဂတ်ခန္ဓာ အပေါ်သံသယဖြစ်မှုတည်း။
၈ ။ ကြောင်း ကျိုး ဆက်စပ်မှု အပေါ် သံသယဖြစ်မှု ဟူသည်  ပဋိစ္စသမုပ္ပါဒ် အပေါ်သံသယဖြစ်မှုတည်း။

ထို့ထက်ပို၍ သိလိုသော်  ပုဗ္ဗကောဋ္ဌကသုတ်၊ သီရိမာ ဝိမာနဝတ္ထု စသည်တို့၌ ဆက်လက် သုတေသန ပြုနိုင်ကြပါသည်။ သို့သော် ဤမျှဖြင့် ဝိစိကိစ္ဆာ အကြောင်း အတော်ခြုံငုံမိပြီဟု ဆိုနိုင်ပါပြီ။

အရေးကြီးသည်မှာ ဝေခွဲမရမှု (  ဝိစိကိစ္ဆာ ) နှင့် ဆင်ခြင်သုံးသပ်မှု ( ဝိဘဇ္ဇ ) မတူ ဟုပင်ဖြစ်သည်။  ဝိစိကိစ္ဆာက အကုသိုလ်ဖြစ်ပြီး ဝိဘဇ္ဇ က ဘုရားကျင့်သုံး၊ အားပေးခဲ့သော ဝါဒဖြစ်သည်။

ဤကား ဘုရားအလိုကျ ဝိစိကိစ္ဆာ ဖြတ်ထုံးတည်း။  မွေတော် ဓာတ်တော်များနှင့် ပတ်သက်ပြီး သီဟနာဒ စူးစမ်းခဲ့သည့် သဘောတရားကို ကြည့်ရာ ဘုရားအလိုကျ ဝိစိကိစ္ဆာ အမျိုးမျိုးတွင် တစ်အမျိုးမျိုးနဲ့မှ ငြိမနေကြောင်း ဝမ်းမြောက်ဖွယ်တွေ့ရ၏။
(03/11/2012 14:18)

သီဟနာဒ

ကျနော်နဲ့ ပြည်ပရောက်လူလတ်များ


ဆောရီးပဲ တောင်မရောက်မြောက်မရောက် ရေ
ဖတ်ရသမျှ မီဒီယာတွေ....
သမ္မာအာဇီဝငွေတစ်ကျပ်ကို မိစ္ဆာဇီဝငွေတစ်ဆယ်နဲ့ မလဲရဲတဲ့
ပြည်ပရောက် ပညာရှင်တွေကတော့
ထူးမခြားနား ခင်များတို့ပြဇာတ်ထဲ ဝင်,ကပြမယ် မထင်ဘူး။
အသံကုန်အော်ပြီး ခင်ဗျားတို့က ပြန်လာဖို့ ခေါ်
ခေါ်တောကုလားနဲ့ လက်ပါးစေကလွဲရင်
ရင်ဘတ်နဲ့လဲပြီး ပြန်သူက ရှားပါး။

တစ်ကျပ်ကြေး...
တစ်ဒေါ်လာကြေးလဲခွင့်ရရင်
လောက်စာတစ်လုံးကြေး လဲလို့ရရင်
ကျည်ဆံ တစ်တောင့်ကြေး လဲလို့ရရင်
ကျနော်နဲ့ ကျနော့်ချစ်သူ ငါးယောက်ကို ပြည်ဝင်ခွင့်ပြုပါ။
ကျေးဇူးပြုပြီး မဖိတ်ခေါ်ပါနဲ့
ကျနော်တို့မှာ ကံမကောင်း အကြောင်းမလှစွာ
ဦးနှောက်တွေ ရှိနေမိလို့ပါ။

စိတ်ကောင်းရှိရင် ဂလိုဘယ် ပေါ်လစ်တစ်စာအုပ်တွေကို
တစ်ခေါက် ပြန်ဖတ်ပေးပါ။
ဒီနိုင်ငံ ဘယ်ကို ဦးတည်နေသလဲ.. လဲ...... လဲ
ကျနော်တို့ အရှုံးခံနိုင်တယ်
အရူးလုပ်တာ မခံနိုင်တော့ဘူး။
သူများလုပ်လို့ ရူးတာထက်
ကိုယ့်ဘာသာ ရူးတာက အရူးသိက္ခာ ရှိတယ်။ ။

ဆရာလည်း လူပါပဲလေ


ဂျပန်မှာ ငလျင်ကြီးတွေ လှုပ်တုန်းကပေါ့။ ကိုရင်တွေ ဦးပဉ္ဇင်းငယ်တွေ ယောက်ယက်ခပ်ပြီး ဘာလုပ်ရမှန်းမသိ၊ ဘယ်သွားရမှန်းမသိဖြစ်နေတယ်တဲ့။ ဒီအချိန်မှာ ဇင်ဂျပန်ဆရာတော်က တည်တည်ငြိမ်ငြိမ်နဲ့ လျှို့ဝှက်လှိုဏ်တွေထဲဝင်ပြီး ဘေးလွတ်ရာကို ရောက်အောင် လမ်းပြပေးနိုင်ခဲ့လို့ ဒဏ်ရာအနာတ ရဖြစ်သူ ရယ်လို့တောင် မရှိခဲ့ပါဘူး။ တပည့်တွေအားလုံး ဘေးကင်းလုံခြုံပြီ ဆိုတော့မှ ဆရာတော်က အနီးမှာ ရှိတဲ့ရေကရားအိုးထဲက ရေတွေအားလုံးကို မော့သောက်ချလိုက်သတဲ့။

ပြီးတော့ ဆရာတော်က သဘာဝဘေးအန္တရာယ် နဲ့ကြုံလာရင် စိတ်တည်တည်ငြိမ်ငြိမ် ထားဖို့၊ ခေါင်းအေးအေးနဲ့ လွတ်လမ်းကို ရှာတတ်ဖို့ အရေးကြီးကြောင်း သြဝါဒပေးတယ်။ 


နောက်ဆုံး “စိတ်တည်တည်ငြိမ်ငြိမ် ရှိထားရမယ်လို့သာ ပြောရတယ် မင်းတို့ ဘေးအန္တရယ်က လွတ်ပြီဆိုတာလည်းသိရော ရေကရားထဲကရေတွေကို စိတ်လှုပ်လှုပ်ရှားရှားနဲ့ မော့သောက်လိုက်တာ ကုန်သွားရော “ လို့မိန့်တယ်။

ဒီတော့ ကိုရင်ငယ်လေးကပြုံးသတဲ့။
ဒါကိုမြင်လိုက်တဲ့ ဆရာတော်က “ကိုရင် ဘာကိုပြုံးတာလဲကွ ဆိုတော့

ခွင့်လွှတ်တော်မူပါ ဆရာတော် ဘုရား ။ ဆရာတော် သောက်ချလိုက်တာ ရေတွေမဟုတ်ပါဘုရား။ တပည့်တော်ဟင်းချက်မလို့ ပြင်ထားတဲ့ ငံပြာရည်တွေပါဘုရားတဲ့။
ဆရာတော်က “ ဟေ ! ငါမသိလိုက်ဘူးကွာ “ တဲ့။

(ဇင်ပုံပြင်များမှ ကူးယူပါသည်)
 
(18/11/2011)
ဦးကိုမောင်















Copyright © 2011 ကမ်းလက်. All rights reserved.                                                                          

စာဖတ်သူသို့ အသိပေးခြင်း


ပိုများလာတဲ့ သင်တန်းတွေရယ်၊
ဘာသာရေး ဆွေးနွေးပွဲ(ဖိုရမ်)အသစ်တွေ ဝင်လာတာရယ်
လက်စသိမ်းစရာရှိနေတဲ့ ဘာသာပြန်စာအုပ် နှစ်အုပ်ရယ်ကြောင့် ပိုစ်တွေ ပုံမှန်တက်နိုင်မယ်မဟုတ်ကြောင်း
ပုံမှန် စာဖတ်သူများကို အသိပေးထားချင်ပါတယ်။

လည်ပင်းမှာ ရွှေတံဆိပ် မဆွဲသည့် ချန်ပီယံ (အာဇာနည်နေ့ အမှတ်တရ)


ဘဝဟူသည် ဘောလုံးပွဲတစ်မျိုးဖြစ်ပါသည်။ ကျနော်တို့ အသက် ၅ နှစ်မှ အစ ၂၀ ကျော်ကျော်အထိ ခြေစစ်ပွဲများ ကစားခဲ့ကြရသည်။ ထို ခြေစစ်ပွဲများသည် ကျနော်တို့ဘဝတွေရဲ့ စာသင်ခန်းထဲက တိုက်ပွဲများဖြစ်ကြပါသည်။ အနာဂတ်ပြိုင်ပွဲများအတွက် အရေးကြီးလှပါသည်။

အသက် ၂၀ ကျော်မှ သုံးဆယ်ကျော်အထိ အုပ်စုပွဲများ ကစားခဲ့ရပြန်သည်။ ခြေ စစ်ပွဲ အတွေ့အကြုံများသည် ကျနော်တို့နဲ့ အုပ်စုတူအသင်းများကို ကျော်လွှားနိုင်ဖို့ ခွန်အားများဖြစ်ကြသည်။ ဤအဆင့်မှာ အမှားခံပါသည်၊ မှားသော် ပြင်ဆင်ခွင့် ရှိပါသည်။ သာမန် ၅၀ ရာခိုင်နှုန်းထက် သာနေလျင် အုပ်စုက တက်ပါသည်။

၃၀ ကျော်မှ ၄၀ ကျော်ကာလများမှာတော့ ရှုံးထွက်ပွဲစဉ်များကို ကစားရတော့ သည်၊ အမှား မခံ၊ ခြေကုန် ထုတ်၊ တစ်ချက်မှားတာနဲ့ စည်းအပြင် ရောက် သွားတော့သည်။ ရှုံးထွက်ပွဲစဉ်များ၏ ဆုံးဖြတ်ချက်က ရက်စက်လှသည်။ မိမိဘက်ကလည်း ရက်ရက်စက်စက် ချလိုက်ရသည့် ဆုံးဖြတ်ချက်များ ရှိလာနိုင် သည်။ ရှုံးထွက်ပွဲစဉ်များမှာ ပြိုင်ဆိုင်သူ အရေအတွက် နည်းသွားတာနဲ့အမျှ ပြိုင်ဆိုင်မှုက ပို၍ပြင်းထန်လာသည်။

၄၀ ကျော်ကာလများမှစပြီး ကွားတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲများကို အလျဉ်းသင့်သလို ပြိုင်ဆိုင်လာရသည်၊ ပြိုင်ဆိုင်သူ အရေအတွက် နည်းလာ သည်၊ ပြိုင်ဆိုင်မှု အဆမတန် ပြင်းထန်လာသည်။ နားချိန်များ သိပ်မရှိ၊ မူချိန် မရှိ၊ နွဲ့ချိန် မရှိ၊
အရည်အချင်း၊
သက်လုံ၊
သတ္တိ၊
ဆုံးဖြတ်ချက် ရဲမှု၊
မြန်မှု
စသည်တို့ အဆများစွာ ပိုလိုအပ်လာပါသည်။
အားလုံးအထဲမှ အထက်ပါ အချက်တွေနဲ့ အပြည့်စုံဆုံး ပုဂ္ဂိုလ်၊ အဖွဲ့အစည်း စသည်ကို ချန်ပီယံဟု ခေါ်ဆိုကြပါသည်။

ဘဝဟူသည်နှင့် ဘောလုံးပွဲမတူသည်က ဘဝမှာ ပုံစံတစ်မျိုးစီဖြင့် ချန်ပီယံဖြစ်ခွင့် ရရှိခြင်း၊ ချန်ပီယံဖြစ်သွားသူ(အချို့က) ဖလား တကိုင်ကိုင်၊ ရွှေတံဆိပ် တပြပြ မလုပ်ကြခြင်းဖြစ်ပါသည်။
ကျနော် ဆင်ခြင်တုံတရားဖြင့် လေးစား၊ ခံစားမှုဖြင့် မြတ်နိုးရသည့် ချန်ပီယံများ သည် ဖလား တကိုင်ကိုင်၊ ရွှေတံဆိပ် တပြပြ မလုပ်ကြသူတွေဖြစ်နေကြောင်း အံ့ဩဖွယ်တွေ့ရှိရပါသည်။ သူတို့၏ သိုသိပ်သော ဘဝလည်ပင်းမှာ ရွှေတံဆိပ် များ ဝတ်ဆင်ထားခြင်း မရှိတတ်ကြပါ။



ထိုထို (သိုသိပ်သော ဘဝလည်ပင်းမှာ ရွှေတံဆိပ်များ ဝတ်ဆင်ထားခြင်း မရှိသည့်) ချန်ပီယံများတွင် တစ်ချိန်က အောင်ဆန်း(သို့)အရိုင်းဟု အခေါ်ခံရသည့် လူငယ်တစ်ယောက် ရှေ့ဆုံးကပါဝင်နေပါသည်။

အားကစားနဲ့နိုင်ငံရေး


အားကစားနဲ့နိုင်ငံရေးက တိုက်ရိုက်တော့ ဆက်စပ်မနေပါဘူး။ ဒါပေမဲ့ ဒီနေ့ ပညာရှင်နှစ်ယောက်ရဲ့ ဆောင်းပါးနှစ်ပုဒ်ကတော့ အချက်အလက်ဆင်တူ တစ် ရက်တည်း၊ သတင်းစာတစ်စောင်တည်း၊ စာ တစ်မျက်နှာတည်းမှာ ပေါ်လာ ပါတယ်။
သူတို့နှစ်ပုဒ်ကို ချုပ်ကြည့်ရင်......

၁။ ၁၉၄၅ ကမ္ဘာ့စစ်မှာ အရှက်တကွဲ အရှုံးကြီးရှုံးခဲ့ရပြီး ၁၉၅၄ မှာ ကမ္ဘာ့ဖလား ရခဲ့တော့ လူမျိုးရေးသိက္ခာ အဖတ်ဆယ်နိုင်ခဲ့။

၂။ ၁၉၇၄ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးမကြာမီမှာပဲ စီးပွားရေးချန်ပီယံလည်း ဖြစ် လာခဲ့။

၃။ ၁၉၉၀ ကမ္ဘာ့ဖလားချန်ပီယံ မဖြစ်မီလေးမှာ အရှေ့အနောက် ပူးပေါင်းလိုက်နိုင် ခဲ့။

၎။ ပဲရစ်က လှပတဲ့ ပြတိုက်တစ်ခုမျှ၊ ရောမက ပြိုလဲရဲတိုက်၊ လန်ဒန်က ဈေးကြီး၊ ရှုပ်ပွမြို့တော်ဖြစ်နေချိန် ဘာလင်က လူငယ်တွေ အိမ်ဝယ်နေနိုင်တဲ့ မြို့တော် အနေနဲ့ တိတ်တဆိတ်၊ တစ်ရိပ်ရိပ်တက်လာ။

၅။ ဂျာမန်တွေရဲ့တန်ဖိုးက စည်းကမ်း၊ ဇွဲ၊ အလုပ်ကြိုးစား၊ လုပ်ချလိုက်ရင် အားလုံး ကလပ်စစ်။

၆။ ပဲရစ်နဲ့ လန်ဒန်က ကုလသမဂ္ဂ ဗီတိုအာဏာကြီးတွေကိုင်ထား၊ ဒါပေမဲ့ ဥရောပ တစ်တိုက်လုံးက ဂျာမန်တွေရဲ့ ခေါင်းငြိမ့်ခေါင်းခါကို စောင့် အကဲခတ်နေကြရ။




၇။ ၁၉၅၄ ကမ္ဘာ့ဖလားပွဲမှာတော့ လှလှပပကစားတတ်တဲ့ ဟန်ဂေရီနဲ့ဟော်လန် ကို အနိုင်ရလိုက်လို့ အကျည်းတန် ချန်ပီယံ တွင်ခဲ့။

၈။ ၁၉၇၄နဲ့ ၁၉၉၀ မှာတော့ သူတို့ရဲ့ ထိရောက်တဲ့စနစ်၊ ကြိုးစားမှုအတွက် ဂျာမန် အင်ဂျင် နာမည် မွှေးခဲ့။

၉။ ၂၀၁၄။ ထိရောက်တဲ့စနစ်၊ ကြိုးစားမှုအပြင် ကစားဟန်နဲ့ ဘောလုံးအနုပညာပါ စီးဝင်လာခဲ့။ ကြားနေပရိသတ်တွေက ဂျာမန်တွေ ဖလားမြှောက်စေချင်ကြ။

၁၀။ တစ်ချိန်တုန်းက ဂျာမန်တွေက ပါဝါနောက်လိုက်ခဲ့၊ ဒီနေ့ ပါဝါက ဂျာမန်တွေနောက် လိုက်နေ။ ဥရောပ၊ ကမ္ဘာ့ ဇာတ်ခုံ။ ကုတ်ကုတ်လေးနဲ့ ဂျာမန်တွေ တက်လာနေ။
 

ဖေ့စ်ဘုတ် ယဉ်ကျေးမှု


စတေးတပ်။ ။ တနင်္ဂနွေနေ့က ရည်းစားနဲ့ ဆိုင်ကယ်စီးပြီး လျှောက်လည်ကြတာ။
ကွန်မင့်။ ။ ဟယ် နည်းနည်းလေး ပိုဝလာတာကလွဲရင် အများကြီး ပိုလှလာတယ်။
ရိပလိုင်း။ ။ ဟီး၊ သင့်ခ် စစ်။


(ဒီကိုယ်လုံးလေးကို ပေါ့ပေါ့ပါးပါးလေဘယ်တပ်ပြီးတင်လိုက်ရတော့ နည်းနည်းတော့ ဂွကျတာပေါ့ - အက်ဒမင် :-) )

ဝတ်လစ်စလစ် အရာရှိကြီးများ


တရုတ်လမ်းစဉ်နောက်ကို လိုက်မှာဆိုရင်လည်း ဒါမျိုးလေးတွေနောက် အရင် လိုက်ဖို့ ဦးသိန်းစိန်အစိုးရကို အကြံပြုချင်ပါတယ်။
တရုတ်ပြည်မှာ ရေပန်းစားနေတဲ့ စကားလုံးက Naked Officials တဲ့။ ဝတ်လစ်စလစ်လို့ ဘာသာပြန်လိုက်ပေမဲ့ အဝတ်အစားမပါတဲ့ အရာရှိကြီးတွေတော့ မဟုတ်ရှာကြပါဘူး။ ပါကြပါတယ်(အဝတ်အစား)။
မိသားစု၊ ဆွေမျိုးအရင်းအချာတွေ နိုင်ငံခြားကို သွားရောက် အခြေချနေထိုင်နေတဲ့ အရာရှိကြီးတွေကို ခေါ်ဆိုတာပါ။
တရုတ်နိုင်ငံထဲမှာ မတရားရှာထားတဲ့ ငွေတွေကို နိုင်ငံခြားရှိ မိသားစု၊ ဆွေမျိုး အရင်းအချာတွေဆီ လွှဲပြောင်းပေးအပ်တဲ့ အရာရှိကြီးတွေကို ရည်ညွှန်းပါသတဲ့။
တရုတ် လက်ရှိအစိုးရက ဆယ်ပြည်နယ်မှာရှိတဲ့ ဝတ်လစ်စလစ် အရာရှိတွေကို အထူးထောက်လှမ်းစစ်ဆေးရေးတွေလုပ်နေပါတယ်။
မှန်တယ်ဆိုစေဦးတော့ ဝတ်လစ်စလစ်ဆိုရင် မျက်ခြေမပြတ် စောင့်ကြည့် တာတော့ ခံရတော့မှာပါ။ တစ်စချင်းပြောင်လဲလာနေတဲ့ တရုတ်ပြည်ရဲ့ အကျင့်ပျက်အကောင်ကြီးတွေကို တဖြည်းဖြည်းဖြိုခွဲလာနေပုံတွေဟာ နိုင်ငံ အတွက် အားရှိစရာပါပဲ။

ဦးသိန်းစိန်အစိုးရအနေနဲ့ နောက်ကြောင်းကင်း ဘာညာတွေ ကွိကွိကွကွ အော် မနေဘဲ ဒါမျိုးတွေ ကောက်လုပ်လိုက်ရင် ဘယ်လောက်ကောင်းမလဲ။
အနောက်နိုင်ငံကြီးတွေကိုအသာထား စင်္ကာပူမှာတင်ပဲ ဘန်ဂလိုနဲ့ အဆင်းရဲ ဆုံးနိုင်ငံဖြစ် သူဌေးကြီးတွေ နည်းမှာမဟုတ်ဘူး။
စင်္ကာပူမှရယ်လည်း မဟုတ်ပါဘူးလေ၊ ဖမ်းမယ်ဆို ဘယ်သူမှ ဘယ်ကိုမှ ထွက်မပြေးတဲ့ ဝတ်လစ်စလစ် အရာရှိတွေက ပြည်တွင်းထဲမှာကို အများကြီး။




အင်း ပြည်တွင်းထဲမှရယ်လည်း မဟုတ်ပါဘူးလေ၊ နေပြည်တော်မှာတင် ပဲ ထောင်မဆန့်လောက်ဘူး။
ဒီတော့ ဆက်ပြီးအကြံပြုချင်တာက နေပြည်တော်က အရာရှိ(အကြီးစားကြီးတွေ)အားလုံးကို အရင်ဖမ်း၊ စစ်ဆေး။ အပြစ်မရှိတာသေ ချာမှ ပြန်လွှတ်။ ပြန်လွှတ်စရာလူ မရှိလည်း ဘယ်တတ်နိုင်ပါ့။

ပြောမယ့်သာပြောရတာ ဖမ်းမယ်ဆို ဆင်ပေါ်က ယပ်တောင်နဲ့ ဘုရင် လင်မယားကို အရင်ဖမ်းရမှာ။

ဘောလုံး၊ လူ၊ အရွယ်၊ ဝန်းကျင်နဲ့ အတ္တ


အသက် ၂၀ ကျော်မှာတော့ ဘောလုံးပွဲမကြည့်ရရင်ဘဲ အဓိပ္ပါယ် မဲ့နေသလို လို၊ ဘောလုံးပွဲ မကြည့်ရတဲ့နေရာ မနေဘူးလို့တောင် စိတ်ကူးမိသလိုလို။ ဒီလိုနဲ့ နာဂတောင်ပေါ် ရောက်သွားတယ်။ ဘယ်ကလာ ကမ္ဘာ့ဖလားရှိပါ့မလဲ။ ဒီလိုနဲ့ပဲ နေတတ်သွားတယ်။ သုံးနှစ်တိတိ။ နောက် စင်္ကာပူရောက်လာပြန်။ သီဟိုဠ်ဘုန်းကြီးနဲ့ တရုတ်တွေအကြား သူ့အကြောင်း ကိုယ်မသိ၊ ကိုယ့် အကြောင်း သူမသိ၊ ဘာမှမရှိဘဲ ရှစ်နှစ်လောက် ကြာသွားတယ်။ ရပါတယ်။ ဘောလုံးက ရေနဲ့ထမင်းမှ မဟုတ်တာဘဲ။

ပြောကြတာ ရှိသေးတယ်။ တစ်ယောက်ထဲကြည့်ရင် ဘောလုံးပွဲက အရသာမရှိ ဘူး တဲ့။ အင်း ဟုတ်မှာပါ။ ဒါပေမဲ့ တစ်ယောက်ထဲ နေရပါတယ်ဆို တစ်ယောက်ထဲ မကြည့်လို့ ဘယ်သူနဲ့သွားကြည့်ရမှာလဲ။ နှစ်ဆောင်ပြိုင် လေးထပ်ကျောင်းဆောင်ကြီးထဲမှာ တစ်ယောက်ထဲ နေရတဲ့ကာလက စုစုပေါင်း နှစ်နှစ်လောက်ကြာမယ်။ ဒီ ကာလတွေက သင်ပေးလိုက်လို့ သိလာတယ်၊ တစ်ယောက်ထဲကြည့်လည်း အရသာ ရှိပါတယ်။(တစ်ယောက်ထဲ ကြည့်တတ်လာတယ်)



နောက် ရှိသေးတယ်။ တစ်ဘက်ဘက်ကနေ လောင်းထားမှ ကြည့်ရတာ ပို အရသာရှိတာတဲ့။ အင်း ဟုတ်မှာပါ။ ဒါပေမဲ့ ကိုယ့်ဘဝနဲ့ကိုယ် ဘယ်ကနေ ဘယ်သွားလောင်းမှာလဲ။ ကြားလို့မှ မတော်။ မလောင်းလည်း ဘောလုံးအရသာ မပျက်ဘူးထင်ပါတယ်။
အဲ...... ဒါပေမဲ့ ဖေ့စ်ဘုတ်မှာ ခန့်မှန်းချက်တွေရေး၊ စတေးတပ်တွေ ကောက် တင်နေမိတော့ လောင်းလိုက်တာထက်တောင် ပို ဆိုးနေမလား ပဲ။ ညက ဂျာမဏီက ဂိုးသွင်းလိုက်တော့ လက်သီးလက်မောင်းတောင် ထ,တန်းမိလိုက် သလားလို့။
အင်း...... ကိစ္စမရှိပါဘူးလေ၊ တစ်ယောက်ထဲကြည့်နေတာပဲ။ ကိုယ်မပြောရင် ဘယ်သူ သိတာမှတ်လို့။

ဂိုးမပြတ်ပေမဲ့ ဂျာမဏီအနိုင်


ရွှေခြံရေ...........
ရဲရင့်သူတို့ ရပါစေ။
မာရီယို ဂွန်ဇက်၊ ၂၂ နှစ်ရဲ့ အဆုံးအဖြတ်။ သပ်ရပ်တယ်။
သမိုင်းသစ်မှာ ကွေးကောက်ကုန်တဲ့ သမိုင်းမှတ်တမ်းဟောင်းများ။
ဆွာရက်ထက် ဒဏ်ချက်ပျင်းတဲ့ အဂွေးရိုးရဲ့ လျပ်တပျက် ရိုက်ချက်။ လက်ဝှေ့ပွဲမှာတွေ့ရတဲ့ သွေးမျိုး။ ရွှမ် ရှနိုက်ဂါ ပါးမှာ။



ဆရာ သစ္စာနီတို့တောင် အိပ်ပုံမရဘူး။ သူ့ စတေးတပ်က ပုံမှန်တက်နေတယ်။ ကြည့်
*******************************************************************
(ဂျာမဏီဂိုးသွင်းပြီ

မိနစ်၉၀သရေ
ဂျာမဏီထင်တိုင်းမပေါက်
အာဂျင်တီးနားကျားကုတ်ကျားခဲ

အချိန်ပိုကြည့်ရတော့မယ်

ပထမပိုင်း သရေ
ဂျာဂျာဝ အာအာဝ

ဇော်လူစိမ်းရေ
ဂျာမဏီဘက်ကရှိတယ်
ဆူးခက်မင်းနဲ့Aမွန်ပါခေါ်လိုက်။)

****************************************************
ကမ်းလက်လည်း ဂျာမဏီဘက်ကရှိပါတယ် ဆရာ။
(ဂိုးမပြတ်ပေမဲ့ ဂျာမဏီအနိုင်၊ လွန်ခဲ့တဲ့ ရှစ်နာရီက စကား)

ပညာရှင် ဒေးဗစ်ဘက်ခမ်း


               ပညာရှိစကားများ တစ်ခွန်းဆို တစ်ခွန်း တယ်.. တာသွားတာပါ။ ဒေးဗစ်ဘက်ခမ်းဆိုတဲ့ ပညာရှင်တစ်ယောက်အောကာင်းကြားဖူးကြမှာပါ။ မကြားဖူးဘူးဆိုရင် တောင် စပိုက်ဂဲ(လ်) ဖက်ရှင် မော်ဒယ်လ် ဗစ်တိုးရီးယားကိုတော့ သိကြမှာပါ။ မသိလည်း ကိစ္စတော့မရှိဘူး။ ဒီတစ်ပတ် ကမ်းချင်တဲ့  လက်က   ဒေးဗစ်ဘက်ခမ်းပြောခဲ့တဲ့ စကားလေး တစ်ခွန်းပါ။ 

“အခု ကမ္ဘာ့ဖားမှာ ကျွန်တော်တို့  အသက်တွေက၂၄-နှစ်ပါ။ ကျွန်တော်တို့ သာဂရုမစိုက်ဘူးဆိုရင် နောက်လေးနှစ်ကြာမှာ ကျင်းပမယ့် ကမ္ဘာ့ဇလားပွဲရောက်ရင်  ကျွန်တော်တို့ အသက်တွေ ၂၈-နှစ် ဖြစ်ကုန်ကြတော့မယ်” တဲ့။ မှန်လိုက်တဲ့စကား။
 တော်ချက်။ LIKE !

ဒါနဲ့ - ညီမလေးအသက်က (၃၀) နော် ။ ဂရုစိုက်ပါညီမလေးရယ်။ ဂရုမစိုက်လို့ကတော့ နောက် ၁၀-နှစ်ကြာရင် ညီမလေး အသက် (၄၀) ဖြစ်ပြီသာမှတ်။ 


အခု(2014) စပယ်ရှယ် ပလေးယားနဲ့ စပယ်ရှယ် ပွဲဆိုပြီး ပညာရှင် ဒေးဗစ် ဘက်ခမ်းက(ဟဲဟဲ ဦးကုသလ လိုပဲ) မက်စီနဲ့ အာဂျင်တီးနားကို ရွေးထားပါတယ်။

လေးစားရပါတဲ့ ဆရာကြီး ဘက်ခမ်းရယ်။ မှတ်ထားတယ်။ မမေ့ဘူး။ 


(18/11/2011)


ဦးကိုမောင်















Copyright © 2011 ကမ်းလက်. All rights reserved.                                                                                 

လူငယ်ဆိုတာ


ရွှေခြံရေ...........
ဒီနေ့ ဂျာမဏီနဲ့အာဂျင်တီးနား ဘယ်သူ့ကိုရွေးမလဲဆိုတဲ့မေးခွန်းက ဦးသိန်စိန် နဲ့ဒေါ်စု ဘယ်သူ့ကို သမ္မတဖြစ်စေချင်သလဲဆိုတဲ့ မေးခွန်းအတိုင်းပါပဲ။
နှလုံးသားနဲ့ဦးနှောက် ခေါင်းတစ်ချက်စီ ခေါက်နေကြပေါ့။
ရွာက ဘကြီးမိုးအဆိုအရ ဒေါ်စုရဲ့ ၂၁ ရာစု ကုန်းဘောင်ဖက်ရှင်ကြောင့် ရွာကကောင်မလေးတွေ ဆံပင်ပိုရှည်လာတယ်၊ ပန်းပိုပန်လာတယ်၊ ချိတ်ထမီတွေ ပိုဝတ်လာကြတယ် တဲ့။
သူက ဆက်ပြီးစိုးရိမ်ပြတယ်။ အဲဒါကတော့ ကောင်မလေးတွေက ဒေါ်စုဖက်ရှင်နောက် လိုက်လာကြသလို ကောင်းလေးတွေကလည်း ဦးသိန်းစိန် စတိုင်လ်နောက် လိုက်သွားစရာ ရှိတယ် တဲ့။
ညှပ်ဖိနပ်က ချပ်ချပ်ရပ်ရပ်၊ ခေါက်ရိုးမပြေတဲ့ တိုက်ပုံနဲ့ ပုဆိုး။ ဒီအထိ မဆိုးသေးဘူး။ လူငယ်ဆိုတာ သူတို့ ဟီးရိုးနောက်ကိုဆို အကုန်လိုက်တတ် ကြတယ်။
သူစိုးရိမ်တာက လူငယ်တွေက အနာခံပြီး ခေါင်းရှေ့ပိုင်းက ဆံပင်တွေကို ရိတ်လာမှာ၊ ပိုကဲတဲ့ကလေးတွေက နှုတ်ပစ်လာမှာကို စိုးရိမ်တာတဲ့။ ကြံကြံဖန်ဖန် ဘကြီးမိုးပါကွာ။

သတင်းတွေဖတ်ရတာကတော့
ပုတ်ရဟန်းမင်းကြီး အဟောင်းနဲ့ အသစ်တို့ရဲ့ ဆုတောင်းမှု အားပြိုင်ပွဲ၊
မဲဂျစ်စီယန် မက်စီနဲ့ ကေသုံးလုံး (ကရူးစ်၊ ကေဒီးရားနဲ့ ကလိုဆေး)အားပြိုင်ပွဲ၊ ဂျာမဏီရဲ့ အထက်ကြေးကလည်း တော်တော်မြင့်တယ်။ စုံလို့ပါပဲ။ သိပ်မရေးတော့ပါဘူး။

ိစိုးရိမ်မိတယ်။ မက်ဒေါနားတစ်ယောက် ဒီည တေးမှဆိုနိုင်ပါ့မလား လို့။
(ဂိုးမပြတ်ပေမဲ့ ဂျာမဏီအနိုင်)

ပါးနပ်တဲ့ အစိုးရ


ပါးနပ်တဲ့ အစိုးရက အပြစ်မရှိတဲ့ ပြည်သူတွေ မထိခိုက်အောင်
ဖြစ်လာနိုင်ခြေရှိတဲ့ စစ်ပွဲကို နိုင်ငံအပြင် လွှဲခေါ်တယ်။ စစ်မြေပြင် ပြောင်းယူတယ်။
အဆင့်မရှိတဲ့ အစိုးရတွေက သူတို့ အာဏာကို မထိခိုက်အောင်
မဖြစ်သင့်တဲ့ စစ်ပွဲတွေဖြစ်အောင် ဆွဲခေါ်တယ်။ စစ်ပွဲကို ဖန်တီးယူတယ်။
ဆီရီးယားထက် မန္တလေးသားတွေ စာပိုတတ်တယ်။

ရဲ စတိုရီ(စင်္ကာပူ၊ အိန္ဒိယနဲ့မြန်မာ)


၁။ စင်္ကာပူ ရဲ
"ဟဲလို၊.......မှာ အကြမ်းဖက်မှုဖြစ်ပွားနေလို့ပါ။"
"ဟုတ်ကဲ့၊ နေရာ အတိအကျ ထပ်ပြောပေးပါ"
"..........မှာပါ"
"တာဝန်သိသိနဲ့ အသိပေးခြင်းအတွက် ကျေးဇူးတင်ပါတယ်"
သတင်းရအပြီး သုံးမိနစ်အတွင်း အမှုအခင်းဖြစ်ပွားရာကို ရဲကားများရောက်ရှိ လာလေသည်။

၂။ အိန္ဒိယ ရဲ
"ဟဲလို၊ ကျမတို့ ညစာစားနေတုံး ခြံဝင်းထဲကို ကျားရိုင်းကြီးတစ်ကောင် ဝင်ဖို့ကြိုး စားနေလို့ပါ"
"တကယ်ရော ဟုတ်လို့လား၊ တကယ်ဆိုရင် ခြံဝင်းထဲဝင်ဖို့ ကြိုးစားနေချိန်မှာ အိမ်တံခါးကို လုံလုံခြံခြုံပိတ်ထားပါ"
"တကယ်ပါ၊ အခု ခြံဝင်းထဲရောက်နေပြီ၊ အိမ်ထဲ ဝင်ဖို့ ကြိုးစားနေပါတယ်"
"တကယ်ရော ဟုတ်လို့လား၊ တကယ်ဆိုရင် ကလေးတွေကို ညစာစားတာ အရပ်ခိုင်းပြီး အိပ်ခန်းထဲမှာ နေဖို့ပြောပေးပါ။ အပြင်မထွက်ပါစေနဲ့"
"တကယ်ပါ၊ အခု ဆိုရင် မီးဖိုးထဲကို ရောက်နေပါပြီ"
"တကယ်ရော ဟုတ်လို့လား၊ တကယ်ဆိုရင် လူကြီးတွေပါ အိပ်ခန်းထဲမှာ ဝင်နေကြပါ၊ တံခါးကို သေသေချာချာ ပိတ်ပါ"
"တကယ်ပါ၊ အခု ဆိုရင် အိပ်ခန်းထဲဝင်ဖို့အထိ ကြိုးစားနေပါတယ်၊ တံခါးပေါက် ကို တဝုန်းဝုန်း ထုရိုက်နေပါတယ်"
"တကယ်ရော ဟုတ်လို့လား၊ တကယ်ဆိုရင် ပြူတင်းပေါက်ကနေ လူကြီးရော ကလေးပါ ထွက်ပြေးကြပါ၊ မြန်နိုင်သမျှ မြန်ပါစေ"
၁၂ နာရီအတွင်း ရဲများ ရောက်လာသည်။


၃။ မြန်မာရဲ
"ဟဲလို ရဲစခန်းကပါလား၊.........မှာ အကြမ်းဖက်မှုဖြစ်ပွားနေလို့ပါ"
ဖုန်း မဖြေ။
"ဟဲလို.......မှာ အကြမ်းဖက်မှုဖြစ်ပွားနေလို့ပါ။ တကယ်ကြီးပါ။ တစ်ယောက်နဲ့တစ်ယောက် ခဲတွေနဲ့ပေါက်နေကြပြီ"
ဖုန်း မဖြေ။
"အိုး နိုး၊ ဒုတ်တွေ ဓားတွေပါလာပြီ၊ လာကြပါအုံး"
ဖုန်း မဖြေ။
"သွေးတွေ၊ အိုး လူနှစ်ယောက် လဲကျနေပြီ၊ လူအုပ်ကြီးကလည်း ပိုများများ လာနေတယ်၊ လာကြပါအုံး"
ဖုန်း မဖြေ။
"ဟဲလို ရဲစခန်းကပါလား၊ လာကြပါအုံး။ အိမ်တွေပါ မီးလောင်နေပြီ"
ဖုန်း မဖြေ။
"ဟာ ဒီ သောက်ရဲစုတ်တွေ ကွာ"

ဝါဆို၊ ပထဝီအနေအထား၊ ရာသီဥတု၊ ပြက္ခဒိန်နှင့် အဓိပ္ပါယ်ပြန်ဆိုမှုများ

မိမိတို့ လှေနံဓားထစ် အယူအဆ များကို အားကောင်းကောင်းဖြင့် ရိုက်ဖွင့်ပေးလိုက်သော ဆရာကြီး ဦးဌေးအောင်၏ ကျေးဇူးတရားတို့ကို ဤဆောင်းပါးဖြင့် မှတ်တမ်း ပြုပါ၏။

ဤဆောင်းပါးအောက်၌ ပထမဆုံး ရှင်းရမည့်ကိစ္စသည် ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် ထေရဝါဒ မြန်မာ (စသည်) ယဉ်ကျေးမှုတို့ပင် ဖြစ်သည်။ အများအားဖြင့် ရောထွေးနေတတ်ကြ၏။ အထူးသဖြင့် ပြည်ပအတွေ့အကြုံ မရှိသော၊ သူတစ်ပါး ယဉ်ကျေးမှုကို မလေ့လာမိသော သူတို့၌ ပို၍ ရောထွေးယှက်တင် ဖြစ်စေ၏။ မြန်မာတို့ ဘာသာရေးဆိုင်ရာ ဓလေ့ထုံးတမ်းအားလုံးကို “ထေရဝါဒ” ဟူသော ခေါင်းစဉ်အောက် စုပြုံထည့်တတ်ကြ၏။ မမှန်ပါ။ တချို့မှန်၍ တချို့ မမှန်ပါ။

ဤ၌ ဥပမာ ထုတ်ပြပါမည်။

၁။ ထေရဝါဒဗုဒ္ဓဘာသာ ရဟန်းတော်တိုင်း ဝါဆိုဝါကပ်ကြသည်။ (ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှု၊ ထေရဝါဒနိုင်ငံတိုင်း လက်ခံကျင့်သုံးကြ၏ဟူလို)
၂။ နှစ်ဝါထပ်သော နှစ်များ၌ မြန်မာရဟန်းတော်တို့က ဒုတိယဝါ၌ ဝါဆိုဝါကပ်တော် မူကြ၏။ (ထေရဝါဒ၊ မြန်မာယဉ်ကျေးမှု)
၃။ နှစ်ဝါထပ်သော နှစ်များ၌ သီရိလင်္ကာရဟန်းတော်များက မိမိတို့ ကျောင်းတိုက် နှစ်ခြိုက်ရာ ပထမဝါ (သို့) ဒုတိယဝါ၌ ဝါကပ်ကြ၏။ (ထေရဝါဒ၊ သီရိလင်္ကာယဉ်ကျေးမှု)

အတန်ငယ် ရှင်းပြီဟု ထင်၏။ ဝါဆိုဝါကပ်ခြင်းကို တညီတညွှတ်တည်း လက်ခံကျင့်သုံးကြသဖြင့် “ထေရဝါဒ” ဟု သုံးက ပြီးပြည့်စုံပြီး မြန်မာ၊ သီရိလင်္ကာ၊ ထိုင်းစသော ဝိသေသနတို့ မလိုတော့ပေ။ သို့သော် နှစ်ဝါထပ်သော နှစ်များ၌ မည်သည့်လ ဝါကပ်မည် ဆိုသည်ကမူ ထေရဝါဒနိုင်ငံများမှာပင် မတူညီသော အဓိပ္ပါယ်ပြန်ဆိုချက်များ ကွဲနေတော့သည်။ ထိုအခါ မြန်မာ၊ သီရိလင်္ကာစသော ဝိသေသနပါမှသာ ပြည့်စုံလေတော့သည်။ ဤအချက်ကို မသိက ထေရဝါဒရဟန်းတော်တိုင်း ဒုတိယဝါ၌ ဝါကပ်သည်ဟု ထင်မှတ်မှားနိုင်သည်။

နိုင်ငံ၊ ဒေသ၊ လူ့အဖွဲ့အစည်းကို အခြေခံပြီး ကွဲလွဲနေသော (မတူညီသော ဟု ဆိုလိုသည်၊ မှားယွင်းသည်ဟု မဆိုလို) ယဉ်ကျေးမှုတို့ကို ထပ်ပြပါဦးမည်။

၁။ ထေရဝါဒဗုဒ္ဓဘာသာတိုင်း ညချမ်း၌ ဘုရားကို ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူကြသည်။ (ထေရဝါဒ ယဉ်ကျေးမှု)
၂။ သီရိလင်္ကာထေရဝါဒ ဗုဒ္ဓဘာသာတို့က ညချမ်း၌ ပန်း၊ ရေချမ်း၊ ဆီးမီး သာမက ကွမ်းရွက်နှင့် ကွမ်းသီးတို့ကိုပါ ကပ်လှူကြသည်။ (ထေရဝါဒ၊ သီရိလင်္ကာယဉ်ကျေးမှု)
၃။ ရုရှားဗုဒ္ဓဘာသာများဆိုလျှင် ညချမ်းအခါ၌ ဗော်(ဒ်)ကာ အရက်များကိုပင် ကပ်လှူကြသည်ဟု ဆို၏။ (ရုရှားဗုဒ္ဓဘာသာ ယဉ်ကျေးမှု)

ဤ၌ မေးရန်ရှိလာ၏။ အဆုံးအမတစ်ခုတည်း ဖြစ်ပါလျှက် ဓလေ့ထုံးတမ်းတို့ ဘာ့ကြောင့် ကွဲနေရသနည်း။

(image from buddhaphoto.net)

ဤကိစ္စမျိုး၌ သူမှား၊ ငါမှန် ငြင်းခုံနေလျှင် ပြီးမည် မဟုတ်တော့။ ကိုယ့်နိုင်ငံမှာ ဝိနည်းပိဋကတ်ရှိသလို ထေရဝါဒ (၅) နိုင်ငံလုံးမှာလည်း (အခြားထေရဝါဒ နိုင်ငံများမှာလည်း) ဝိနည်းပိဋကတ် ရှိသည်။ ကိုယ့်နိုင်ငံမှာ ပညာတတ် ရဟန်းတော်များ ရှိသလို သူတို့နိုင်ငံများမှာလည်း ပညာတတ် ရဟန်းတော်များ ရှိသည်။ ကိုယ်က အထောက်အထားများဖြင့် ငြင်းဆိုလျှင် သူတို့ကလည်း အထောက်အထားများဖြင့် ပြန်လည် ငြင်းဆိုမည် ဖြစ်သည်။ သို့ဖြစ်လျှင် ကမ္ဘာ၌ လူအနည်းစုသာ ယုံကြည်ကိုးကွယ်နေသည့် ထေရဝါဒယဉ်ကျေးမှုကို ငါးစိတ် ထပ်စိတ်ရဦးတော့မလို ဖြစ်သွားတော့မည်။ မစွံတော့။

ဓလေ့ထုံးစံတို့ ကွဲပြားနေရခြင်းသည် နိုင်ငံ၏ သမိုင်း၊ တည်ရာရပ်ဝန်း၊ လူ့အဖွဲ့အစည်းနှင့် အဓိကအားဖြင့် ဝိနည်းတော်ကို အဓိပ္ပါယ်ပြန်ဆိုပုံ မတူညီကြခြင်းကြောင့် ဖြစ်၏။ မည်သို့ဖြစ်စေ သူ့ယဉ်ကျေးမှုကို သဘောမတူညီနိုင်သည် ဆိုစေဦး၊ အပြန်အလှန် နားလည်ခြင်း၊ လေးစားခြင်းသည် ငြင်းခုံနေခြင်းထက် ဘုရားစကားနှင့် ပို၍ နီးကပ်ပါသည်။

ဤ၌ အဓိက ဆွေးနွေးလိုသော အချက်သည် ဝါကပ်ခြင်း၊ ဝါတွင်းကာလ၊ နိုင်ငံ၏ ရာသီဥတုစသည်တို့ ဖြစ်သည်။ ဤဆွေးနွေးချက်များသည် ကိုယ်ပိုင်အယူအဆ မဟုတ်၊ မန္တလေး သာသနာ့တက္ကသိုလ်တက်စဉ်က ဆရာကြီးဦးဋ္ဌေးအောင် (မိုးဇလ) ၏ လက်ချာများကို ပြန်လည်နှလုံးသွင်းရင်း ဆွေးနွေးသော ဆောင်းပါးသာ ဖြစ်သည်။

ဝါတွင်းဟူသည် ပါဠိလို ဝဿ၊ မြန်မာလို မိုးများသောကာလ ဖြစ်သည်။ ဝါတွင်းကာလ သုံးလကြာ၏။ ဤ၌ ဆရာကြီးက ပထမဆုံး မေးခွန်းမေးသည်။ မြန်မာပြည်၌ မိုးရာသီ ဘယ်နှစ်လ ရှိသနည်း။ သုံးလလား၊ သုံးလထက် ပိုသလား။ သုံးလထက် ပိုပါသည်။ အကြမ်းဖျင်းအားဖြင့် ငါးလခန့် ရှိပေလိမ့်မည်။

သို့ဖြစ်လျှင် အဘယ့်ကြောင့် ဝါတွင်းသုံးလသာ ဖြစ်နေရသနည်း။

မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဆရာကြီး အကျွမ်းကျင်ဆုံးဘာသာရပ်ဟုဆိုက ရကောင်း ရနိုင်ပါလိမ့်မည်။ ဆရာကြီးက သိပ္ပံနည်းကျ ရှင်းသည်။

ဘုရားပွင့်ရာ မဇ္ဈိမဒေသ၌ မိုးတွင်းက သုံးလသာ ရှိသည်။ ထို့ကြောင့် ဝါတွင်းပညတ်ရာ၌လည်း သုံးလဟုသာ သက်မှတ်သည်။
ဆရာကြီး၏ မိုးဇလပညာရပ်အရ မုတ်သုန်လေသည် မြန်မာပြည်ကို အရင်ရောက်၏။ ထို့ကြောင့် တစ်လခန့် ကြို၍ မိုးဦးကျ၏။ ထိုမုတ်သုန်က မြန်မာပြည်ကို ဖြတ်ပြီး အိန္ဒိယထဲသို့ ဝင်သွားသည်။ တစ်လခန့် ကြာသော် ထိုမုတ်သုန်လေ မဇ္ဈိမဒေသကို ရောက်ပြီး မိုးရာသီလည်း စတော့သည်။

မုတ်သုန်လေ ပြန်လည်ဆုတ်ရာ၌လည်း ဤနည်းအတိုင်းပင်။ သီတင်းကျွတ်လခန့်တွင် မုတ်သုန်လေသည် မဇ္ဈိမဒေသမှ စတင် ထွက်ခွာသည်။ ထို့ကြောင့် သီတင်းကျွတ်သည်နှင့် မိုးလည်း ကျွတ်လေတော့၏။ မြန်မာပြည်၌ သီတင်းပင် ကျွတ်သော်လည်း မိုးက မကျွတ်သေး။ အကြောင်းက အိန္ဒိယမှ ဆုတ်ခွာလာခဲ့သော မုတ်သုန်လေက မြန်မာပြည်ထဲ၌ ရှိနေဆဲ ဖြစ်သောကြောင့်ပင်။

သို့ဖြင့်ပင် မြန်မာပြည်၏ မိုးရာသီသည် ယေဘုယျအားဖြင့် နယုန်လမှစ၍ တန်ဆောင်မုန်းလအထိ ငါးလမှ ခြောက်လ၊ ခုနှစ်လအထိ ရှိနိုင်သည်။ သို့သော် မဇ္ဈိမဒေသ၌ကား သုံးလသာ ကြာ၏။ အကယ်၍ ဘုရားရှင် ဝိနည်းတော် ပညတ်ရာဒေသသည် မြန်မာနိုင်ငံမှာ ဖြစ်အံ့၊ ဝါတွင်းကာလသည် သုံးလ မဖြစ်နိုင်၊ ငါးလ ဖြစ်နိုင်ရာသည်ဟု ဆရာကြီးက မှတ်ချက်ပြုသည်။ ပညာရှင်စကားဖြစ်သဖြင့် ဤစကားမျှဖြင့်ပင် ပြီးပြည့်စုံလေပြီ။

ဤသည်တို့ကား ဝိနည်းပါဠိတော်နှင့် ယဉ်ကျေးမှု ကွဲပြားလာရပုံ၏ လက်တွေ့ဆန်သော၊ သိပ္ပံဆန်သော၊ ပညာရှင်ဆန်သော ကောက်ချက်ပင် ဖြစ်ပေတော့သည်။

မန္တလေးစသော မြန်မာပြည်အလယ်ပိုင်း မြို့များမှာဆိုလျှင် ဝါတွင်း၌ ဝါဆိုရမည်ဆို၍သာ ဝါဆိုလိုက်ရသည်။ မိုးခေါင်သော နှစ်များ၌ မိုးဟူ၍ ဖြစ်ဖြစ်မြောက်မြောက် မရွာ။ သို့သော် ဝိနည်းရှိ၍ ဝါဆို လိုက်ရ၏။

သီရိလင်္ကာ၊ စင်္ကာပူစသော ကျွန်းနိုင်ငံများ၌ ရာသီဥတု သက်သက်မှတ်မှတ် မရှိ၊ (၁၂) လလုံးလုံးလို မိုးရွာသည်။ ဤသို့ဆိုလျှင် (၁၂) လလုံးလုံးပဲ ဝါကပ်ရတော့မလို ရှိသည်။ မလိုအပ်။ ဝိနည်း၌ သုံးလဟုသာ ပါ၏။ ထို့ကြောင့် သုံးလသာ ဝါကပ်ကြ၏။ သို့သော် …

ထိုသုံးလကို အဘယ်သို့ သက်မှတ်မည်နည်း။
ဤအချက်ကား နိုင်ငံတို့ အသုံးပြုနေသော ပြက္ခဒိန်နှင့် လုံးဝ သက်ဆိုင်သွားတော့သည်။

ဥပမာအားဖြင့် နှစ်သစ်ကူးသောရက် ဖြစ်သည်။
အိန္ဒိယန်းတမီးလ်များနှင့် ထေရဝါဒငါးနိုင်ငံ၏ ပြက္ခဒိန်တို့သည် တော်တော် ဆင်တူသည်။ ဧပြီလမှာ နှစ်သစ်ကူးကြသည်။ သို့သော် နှစ်ဆန်းသည့်ရက်ကို ရေတွက်ကြရာ၌ ထပ်တူ မရှိတတ်။ ထိုင်းနှင့် သီဟိုဠ်က တူနေတာ များသည်။ မြန်မာက ကွဲနေတတ်သည်။ ပြက္ခဒိန်များအားလုံးသည် “လ” ကို အခြေခံ တွက်ချက်သော လူနာ (Lunar) ပြက္ခဒိန်များ ဖြစ်သဖြင့် လပြည့်လကွယ်စသည်ကို သတ်မှတ်ရာမှာတော့ တစ်ရက်စ၊ နှစ်ရက်စ ကွာဟတတ်သည်မှ လွဲပြီး အများကြီး ကွာဟမနေ၊ ကွာဟ၍လည်း မရ။

ဤ၌ နောက်ဆုံးဝါကပ်၊ ဝါဆိုသည့်လကို ပြန်ကြည့်ကြပါစို့။
မိုးများသောကာလ၌ ဝါကပ်ကြသည်။ ဝါထပ်သောနှစ်များမှာ ဝါတွင်းသုံးလက တိတိကျကျ သက်မှတ်ထားသဖြင့် သဘောထား ကွဲလွဲခြင်း မရှိ။ သို့သော် နှစ်ဝါထပ်၍ ဝါတွင်းလေးလ ဖြစ်နေသော နှစ်များ၌ ဘယ်သုံးလကို ဝါဆိုကြမည်နည်း။ တစ်နေရာနှင့် တစ်နေရာ၊ တစ်မြို့နှင့် တစ်မြို့ မိုးအနည်းအများ မတူနိုင်တော့။ ထိုအခါ မိုးပိုများသော သုံးလကို ရွေးချယ်၍ ဝါကပ်ကြသည် ဆိုပါစို့။

ဝိနည်းတော်က ဘာပြောဦးမည်နည်း။ ဝိနည်းတော်နှင့် ဆန့်ကျင်နေသည်ဟုဆိုရန် ရှိပါဦးမည်လော။ ဤကိစ္စမျိုးသည် အငြင်းပွားနေသင့်သော ကိစ္စမဟုတ်သလို “သာသနာကွယ်လိမ့်မည်” ဟူသော ခပ်ဝါးဝါးစကားကိုလည်း မသုံးစွဲအပ်တော့။

ဤဆောင်းပါး၏ အဓိက ရည်ရွယ်ချက်သည် မတူညီမှုများကို နားလည်ပြီး လေးစားတတ်ရန်သာ ဖြစ်သည်။ မြန်မာဗုဒ္ဓဘာသာတို့ ကျင့်သုံးနေသော ဓလေ့ထုံးစံများတွင် အချို့ကား အခြားထေရဝါဒနိုင်ငံများနှင့် ညီ၏။ အချို့ကား မညီ။ ထိုမညီသော ဓလေ့ထုံးစံတို့ကို ထေရဝါဒမြန်မာယဉ်ကျေးမှုဟု ဆိုမှသာ ပြည့်စုံမည်။

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာအမည်က ထေရဝါဒဖြစ်သည်။ ကျန်သော ငါးနိုင်ငံနှင့် ညီညွတ်လျှင် ပိုကောင်းသည်။ တိဗက်တန်ဗုဒ္ဓဘာသာဆိုလျှင် တိဗက်နှင့် ညီညွှတ်လျှင် ပြီးပြီ။ သူ့ဗုဒ္ဓဘာသာ အမည်ကပင် တိဗက်တန်ဗုဒ္ဓဘာသာ ဖြစ်နေသောကြောင့် ဖြစ်သည်။
(17/10/2012 14:00)

သီဟနာဒ

ပါဠိနဲ့ အင်္ဂလိပ် ဘယ်လောက်ဆက်စပ်သလဲ


ဘုန်းကြီးစာမေးပွဲ အထိုက်အလျောက်ပြီးတော့ အပြင်စာ ဖတ်ခွင့်၊ သင်ခွင့်ရလာ သည်။ ထိုအခါ နောင်တော်ကြီးတစ်ပါးနဲ့အတူ ဆရာတော်တစ်ပါး သင်ကြားပေး သည့် အင်္ဂလိပ်စာသင်တန်း သွားတက်ကြသည်။ သုံးလပြတ် သင်တန်းပြီးသော် အင်္ဂလိပ် အခြေခံသဒ္ဒါအချို့နှင့် ကတ္တား၊ ကံ ဝါကျများ၊ ဒါရိုက်၊ အင်ဒါရိုက်ဝါကျများ ပြောင်းတတ်လာသည်။ ဆရာဘုန်းတော်ကြီးက အားပေးစကားပြောတော်မူသည်
"အရှင်ဘုရားတို့ အင်္ဂလိပ်က ဆယ်တန်းအဆင့်ရှိသွားပြီ"ဟူသတတ်။

ထို "အရှင်ဘုရားတို့ အင်္ဂလိပ်က ဆယ်တန်းအဆင့်ရှိသွားပြီ"အားပေးစကားက သာသနာ့တက္ကသိုလ် ဒုတိယနှစ်အထိ ထိရောက်မှုရှိဆဲ၊ ဆယ်တန်းကျောင်း သူ၊ကျောင်းသားလေးများကိုတွေ့တိုင်း ငါ့လောက်မတတ်ထင်ဆဲပင်။ ထိုနှစ်မှာပင် သဘောတူလေးပါးတိုင်ပင်ပြီး ဆယ်တန်းဖြေရန် ကျိုးစားကြသည်။ ရဟန်းစာပေနှင့်ဝေးသည့် သင်္ချာနဲ့ သိပ္ပ္ပံဘာသာတွဲများကို အရင် ကျူရှင်ဆရာခေါ် ပြီး ဆရာတော်များမသိအောင် သင်ယူကြသည်။ မြန်မာ၊ သမိုင်းကို မမှုရေးချ မမှု၊ အင်္ဂလိပ်က ဆယ်တန်းအဆင့်ရှိပြီးသား မဟုတ်ပါလား။(ထို အချိန်အထိ ရှိဆဲ)
အမှန်တကယ် ဆယ်တန်းအင်္ဂလိပ်ကို သင်မှ အော် ငါသိထားတာက နှစ်မှတ်ဖိုးပဲ ရှိပါလား(သို့)ဆယ်မှတ်ဖိုး မကျော်ပါလားဟု သိလိုက်ရသည်။ ထိုမှနောက် ဆယ် တန်းကျောင်းသားလေးများကိုတွေ့တိုင်း သူတို့က ငါ့ထက်တတ်ပါလားဟု သဘောပေါက်လိုက်မိတော့သည်။

ထို့နောက် ဘာသာဗေဒကို လေ့လာရ၏။ အင်ဒို ယူရိုပီယံ ဘာသာစကားများ အကြောင်း ကြားသိရ၏။ ပါဠိနဲ့ အင်္ဂလိပ် တူညီမှုအချို့(တော်တော်နည်းပါသည်) ကိုတွေ့လာရ၏။ ဥပမာ မာတာနဲ့ မားသား၊ ဘာတာနဲ့ ဘရားသား၊ နာမနဲ့ နောင်း (နာမ်) စသည်ဆင်တူနေမှုမျိုးတို့ဖြစ်ကြသည်။
ထိုအခါ ပါဠိကျွမ်းရင် အင်္ဂလိပ် မခက်တော့ဆိုသည့် အယူအဆက ခေါင်း ထဲရောက်လာပြန်ဘိ၏။ အမှတ်မရှိသည့် သညက္ခန္ဓာ အစုအဝေးပင်။ ဆယ်တန်းနဲ့တက္ကသိုလ်စာမေးပွဲက ရက်ချင်းတိုက်တိုက်နေသဖြင့် မဖြေကြရ၊ တက္ကသိုလ်စာမေးပွဲ နာရီဝက်နောက်ကျခွင့်ပြုဖို့ သွားလျှောက်သော် ခွင့်မပြု၊ လေးမြတ်နိုးရသည့် ပါချုပ်ဆရာတော်က တပည့်ရင်း နာနာထု၊ နာရီဝက်နောက်ကျလျင် တက္ကသိုလ်အပြင်ရောက်ပြီမှတ်ဟု သံဃာ့အသံ(ရာဇသံ မဟုတ်ပါ)ထုတ်တော်မူလေ၏။

သို့ဖြင့် စိတ်ပျက်ပျက်ဖြစ်သွားကာ မဟာဗျူဟာ ပြောင်းလိုက်ရသည်။ ယင်းက ဖရီး အင်္ဂလိပ်စကူးကြီးဖြစ်သည့် မန္တလေးတောင်ပေါ်ကိုတက်ကာ မျက်နှာချိုသော ဖော ရိမ်းနားကြီးများနှင့် စကားပြောခြင်းတည်း။ အစတော့ သူ့စကား ကိုယ်မသိ၊ ကိုယ့်စကား သူမသိ၊ သနားပါဘိ။ သို့ဖြင့် ခေါင်းပေါင်းစ မဝတ်သည့် အမေရိကန် သမ္မတ မစ္စတာဘှုရှ်၏ မိန့်ခွန်းများကို ကျက်၊ မှတ်၊ နားထောင်၊ လိုက်ပြော၊ အသံ သွင်း၊ နားထောင်ကြည့်။ သိလိုက်ရသည် ပါဠိနဲ့ အင်္ဂလိပ်ဆက်စပ်မှုရှိသည်က ဘာမှ မဖြစ်လောက်၊ ကိုယ်သိတဲ့ စကား၊ ဝေါဟာရသုံးစွဲပုံ တူညီနေတာ မတွေ့လိုက်ရ။(အင်္ဂလိပ်က ကမ္ဘာ့ ဘာသာစကားအားလုံးကို မွေးစားသဖြင့် ပါဠိနဲ့သာမဟုတ် အခြားဘာသာစကားများနှင့်လည်း ဆက်စပ်နေသည်ဟု ညီတော်အပေါင်းတို့ သတိချပ်စေလို) ထိုမှနောက် ပါဠိတော်လည်း အင်္ဂလိပ် မတော်ဟု နားလည်လိုက်ရသည်။

တလောလေးကပင် ဆရာထက်နေဝင်း(လတ်တလော လီကွမ်းယုစာအုပ်ကို ဘာသာပြန်ထုတ်ဝေထားသူ) ကျောင်းရောက်လာသည်။ စကားပြောကြသည်၊ (အမှန်မူ အသက် အများကြီး ပိုကြီး၊ အတွေ့အကြုံပိုများသည့် ဆရာက နှစ်နာရီ မိနစ် နှစ်ဆယ်ခန့်ပြောပြီး သီဟနာဒက ရှစ်မိနစ်ခွဲခန့်သာ ပြောလိုက်ရပါသည်။)
ထို ရှစ်မိနစ်ခွဲခန့်တွင်
"ဘုန်းကြီးတွေက ပါဠိတတ်တော့ အင်္ဂလိပ်စာသင်ရင် ပို လွယ်တယ်လို့ ထင်တယ်ဘုရား"
"မဆိုစလောက်လေးပါ ဒကာကြီး၊ ပါဠိတတ်လို့ အင်္ဂလိပ်လွယ်ရင် မြန်မာပြည်မှာ အင်္ဂလိပ်လို မွှေနေတဲ့ ရဟန်းတွေ အများကြီး ရှိနေသင့်တယ်။ အခုဟာက ရှိမယ်၊ ရာခိုင်နှုန်းအရ သိပ်နည်းတယ်။ ပါဠိပိုင်ရင် နည်းနည်းတော့ ပိုလွယ်မယ်၊ (ဘာသာပြန်ရင် ဝေါဟာရ အသာစီးရမယ်)။ ဒါကလည်း ဘာသာဗေဒ သဘော အတိုင်းပါ၊ ဘာသာတစ်ခုကို တကယ်တတ်ရင် နောက်ဘာသာတစ်ခုကို သင်တဲ့အခါ ပိုလွယ်သွားတာလောက်ပါပဲ" ဟု ပြောလိုက်မိသည်။



အမှန်မူ ပါဠိတတ်တော့ အင်္ဂလိပ်စာသင်ရင် အများကြီး ပို လွယ်တယ်ဆိုသည့် အယူအဆသည် ရန်ကုန်လမ်း၊ မန္တလေးလမ်း၊ မောလမြိုင်လမ်းဆိုတာတွေရှိလို့ စင်္ကာပူ တိုးတက်သွားတာဆိုသည့် စကားအတိုင်းပဲ ဖြစ်ပါသည်။ စင်္ကာပူမှာ ကမ္ဘာ့မြို့တော်များစွာရဲ့ အမည်နဲ့လမ်းတွေ ရိုက်သတ်လို့ မကုန်ပါ ဟု.. ဆိုချင်ပါကြောင်း အင်္ဂလိပ်စာသင်နေကြသည့် ညီတော်(နောင်တော်များ မပါပါ) အပေါင်း တို့......
(မိမိကား ပါဠိမတတ်လှသလို အင်္ဂလိပ်လည်း လုံးခြာလည်ဆဲမို့ ဖျူးချားဂျင် နရေးရှင်းအတွက် အားကိုးတကြီး ရေးလိုက်မိပါသည်)

မရယ်နဲ့ (ဘိုးဘိုးကြီး တစ်နေ့တာ လုပ်ငန်း)

ဒီနေ့ နေလယ်စာလေး စားပြီးရင် ပထမဆုံးလုပ်ဖို့ စီစဉ်ထားတာက ကား ရေဆေးဖို့ပဲ။ ကားကို ရေဆေးဖို့အသွား စားပွဲပေါ်မှာ စာတိုက် ကရောက်ရောက်လာတဲ့ ကြောငြာတွေ၊ ဘာမှလုပ်မရတဲ့စာတွေနဲ့ ရှုပ်နေတာ သတိထားမိပြန်ရော။ တချို့က စာပြန်ဖို့၊ တချို့ကအမှိုက်ပုံးထဲထည့်ဖို့ပေါ့။ ကားသော့ကို စား ပွဲပေါ်ခဏတင်ထားရင်း ကား ရေမဆေးခင် ဒီ အမှိုက်ေ တွကို အရင်ရှင်းမယ်လို့ လုပ်လိုက်တော့ စာပွဲဘေးက စက္ကူပုံးမှာ အမှိုက်တွေ ပြည့်နေပြီဆိုတာ သိလိုက်ရပြန်တယ်။ ဒါနဲ့ ပြန်ရမယ့်စာကို စားပွဲပေါ်တင်ပြီး အမှိုက်ပုံးပဲ အရင်သွန်မယ်ဆိုပြီးသွားနေတုံး ပေးစရာ ရှိနေတဲ့ ဘေလ်တွေကို သတိရမိပြန်ရော။ ဒါဆိုရင်တော့ အိမ်နားက စာတိုက် ကိုသွား ပြန်စရာရှိတဲ့စာကိုပြန်၊ ပေးစရာရှိတဲ့ ဘေလ်ကို အရင်သွားပေးလိုက် မှ အဆင်ပြေမယ်။ ပေးမယ်ဆိုကာမှာ ချက်လက်မှတ်စာအုပ်ထဲမှာတစ်ရွက်ပဲ ကျန်တော့တယ်ဆိုတာ သတိထားကြည့်လိုက်မိပြန်တယ်။

ချက်လက်မှတ်စာအုပ်အသစ်က စာကြည့်ခန်းထဲက စားပွဲအံဆွဲထဲမှာထား တာ၊ ဒါနဲ့ စာကြည့်ခန်းထဲရောက်တော့ သောက်လက်စ ဖျော်ရည်ဗူး နဲ့ ရေ သန့်ဗူးတွေကိုတွေ့မိတယ်။ မဖြစ်ဘူး၊ ဒါတွေကို ဘေးကပ်ထားမှ၊ တော်ကြာ ဝင်တိုက်မိရင် ဖိတ်ကုန်ဦးမယ်။ ကောက်ကိုင်လိုက်မိတယ်ဆိုရင်ပဲ ဖျော် ရည်တွေက မအေးတော့ဘူး။ သောက်ချင်တဲ့အခါ အေးအေးလေးသောက် လို့ရအောင် မီးဖိုထဲက ရေခဲသေတ္တာထဲ အရင်ထည့်ထားဦးမှ။ ဖျော်ရည်ဗူး နဲ့ ရေသန့်ဗူးတွေနဲ့အတူ မီးဖိုထဲကသွား ရေမလောင်းမိတာ ကြာနေပြီမို့ ညှိုးနေတဲ့ ပန်းအိုးလေးတွေကို တွေ့ရပြန်တယ်။



မမေ့ခင် ရေလောင်းပေးဦးမှရမယ်၊ တော်ကြာ သေကုန်လိမ့်မယ်။ ဒါနဲ့ ဖျော်ရည်ဗူးနဲ့ ရေသန့်ဗူးတွေကို ထောင့်က ခုံပေါ်မှာတင်မယ်လုပ်တော့ အဲဒီခုံပေါ်မှာ ကျနော့် စာကြည့်မျက်မှန်ရောက်နေတာကို တွေ့လိုက်ရတယ်။ မနေ့က တစ်နေ့လုံး ရှာလို့မတွေ့ခဲ့တဲ မျက်မှန်ပေါ့။ ဒီမျက်မှန်ကို စာကြည့်ခန်း ထဲ သွားထားရမယ်။

ဒါပေမဲ့ ပန်းပင်ရေလောင်းတာကိုပဲ အရင်လုပ်လိုက်အုံးမယ်လေ။ ရေပုံးကိုယူ၊ မီးဖိုထဲက ရေပိုက်ခေါင်းကနေ ရေခံနေတုံး ဘုရား ဘုရား တီဗွီ ရီမုတ်ကွန်ထ ရိုးက ဘယ်လိုလုပ် မီးဖိုထဲက ထမင်းစားစာပွဲပေါ် ရောက်နေပါလိမ့်။ ကလေးတစ်ယောက်ယောက်မေ့ချန်ထားခဲ့တာနေမှာ။ ည တိဖွီကြည့်မှ ရှာကြ လိမ့်အုံးမယ်၊ ဘယ်သူမှလည်း မီးဖိုထဲက ထမင်းစားစာပွဲပေါ်မှာလို့ ထင်မှာ မ ဟုတ်ဘူး။ ဒီ ရီမုတ်ကွန်ထရိုးကိုလည်း ဧည့်ခန်းက တီဗွီရှေ့ ပြန်ထားပေး ထားဦးမှ။
ဒါပေမဲ့ ပန်းအိုးလေးတွေကိုပဲ ရေအရင်လောင်းမယ်ဆိုပြီး ရီမုတ်ကွန်ထရိုး ကတစ်ဖက် ရေပုံးကတစ်ဖက်ဆွဲအသွား ရေတွေက ကြမ်းပြင်ပေါ် ဖိတ်ကျ ကုန်ပြန်ရော၊ ဒါနဲ့ ရီမုတ်ကွန်ထရိုးကို စားပွဲပေါ်ခဏတင်ထားပြီး ဖိတ်သွား တဲ့ရေတွေကို သုတ်နေလိုက်တယ်။ မသုတ်လို့ မဖြစ်ဘူး ဒါပေါ်နင်းမိလို့ ကလေးတွေ ချော်လဲကုန်မှ အခက်။
ရေသုတ်အပြီး ဒီနေ့ ဘာတွေလုပ်ဖို့ စီစဉ် ထားပါလိမ်ဆိုပြီး အခန်းထဲ ပြန်အ ကြည့်
၁။ ကားလည်းရေမဆေးလိုက်ရ
၂။ ပေးစရာ ဘေလ်တွေလည်း မပေးလိုက်ရ
၃။ အိမ်ထောင့် ခုံပေါ်က ဖျော်ရည်ဗူးနဲ့ ရေသန့်ဗူးတွေလည်း အရင်အတိုင်း ပူနွေးနွေး
၎။ ပန်းပင်လည်း ရေမလောင်းလိုက်ရ
၅။ ချက်လက်မှတ်စာအုပ်ထဲမှာလည်း ချက် တစ်ရွက်ပဲကျန်ဆဲ
၆။ ရီမုတ်ကွန်ထရိုးလည်း ဘယ်ချထားလိုက်မိမှန်း မသိတော့
၇။ စာကြည့်မျက်မှန်လည်း ရှာလို့မတွေ့
၈။ ကားသော့လည်း ဘယ်ပေါ်တင်ခဲ့မှန်း မမှတ်မိတော့။ ဒီနေ့တော့ မိုးချုပ်သွားပြီ။
မရယ်နဲ့ နော်။ ခင်ဗျားတို့ ဝဋ်လည်လိမ့်မယ်။

13/07/2013

အလွန့် အလွန် အလွန့် အလွန် အလွန်ချစ်ကြသူများ


၁။ သူတို့သည် သူတို့ဘာသာတရားကို ချစ်ကြပါသည်၊ ထို့ကြောင့် သူများနှင့် ယှဉ်လျင် အရာရာအောက်ကျနေသည့် ဘာသာတရားတန်ဖိုးကို မြှင့်တင်ရန် လူငယ်အများဖြင့် အဖွဲ့တွေ ဖွဲ့၊ အချင်းချင်း ကွန်ယက်တွေ ချည်၊ တညီတညွတ် ရှိလာခဲ့ကြသည်။

၂။ သူတို့သည် သူတို့ဘာသာတရားကို (အလွန်)ချစ်ကြပါသည်၊ ထို့ကြောင့် ဘာသာနှင့်လူမျိုးအတွက် ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာကိစ္စများမှာ အားကြိုးမာန်တက် ပါဝင်ခဲ့ကြသည်။ ကမ္ဘာကပင် သူ့ထက်ငါ နောက်ကျမှာ စိုးသည့်အလား သာဓုအမြန် ခေါ်ကြရသည်။

၃။ သူတို့သည် သူတို့ဘာသာတရားကို (အလွန့် အလွန်)ချစ်ကြပါသည်၊ ထို့ကြောင့် သူတို့နဲ့ အယူမတူသူသူများကို မတူ မတန်သလိုထင်လာကြသည်။ ထို့နောက် တဖြည်းဖြည်း တိုက်ခိုက်ပြောဆိုလာကြသည်။ (လွန်စပြု)

၎။ သူတို့သည် သူတို့ဘာသာတရားကို (အလွန့် အလွန် အလွန်)ချစ်ကြပါသည်၊ ထိုကြောင့် ဘာသာမတူသူများကိုသတ်လျင် အပြစ်မရှိဟုယူဆပြီး သတ်ဖြတ် ကြသည်။ မဟုတ်မမှန်၊ မြေပေါ် မြေအောက်တော်လှန်ရေးတွေ လုပ်လာကြ သည်။(အတော်လွန်စပြု)

၅။ သူတို့သည် သူတို့ဘာသာတရားကို (အလွန့် အလွန် အလွန့် အလွန်) ချစ်ကြပါ သည်၊ ထို့ကြောင့် သူတို့လို အလွန့် အလွန် အလွန့် အလွန်မချစ်ကြသည့် ဘာသာ တူတွေကိုပင် အားမလို အားမရဖြစ်လာကြသည်၊ အပြစ်တင် ဝေဖန်လာကြသည်။ တော်လှန်လာကြသည်။ (အတော့် အတော် လွန်စပြု)

၆။ သူတို့သည် သူတို့ဘာသာတရားကို (အလွန့် အလွန် အလွန့် အလွန် အလွန်) ချစ်ကြပါသည်၊ ထို့ကြောင့် သူတို့စိတ်တိုင်းကျ ပြုမူနိုင်အောင် ဘာသာရေးနိုင် ငံတော်ကြီး တည်ထောင်လာကြသည်။(အတော့် အတော် အတော် လွန်စပြု)

သူတို့ကို အစွန်းရောက်အကြမ်းဖက်သမားတွေဟုခေါ်လျင် မှားပါသည်၊ အမှန်မူ သူတို့သည် သူတို့ဘာသာတရားကို အလွန့် အလွန် အလွန့် အလွန့် အလွန် ချစ်ကြသူများသာ ဖြစ်ကြပါသည်။
ထိုသူတို့သည် ဂျီဟတ်တွေဖြစ်သည်ဟုဆိုလျင်..........
ထိုလမ်းစဉ်သည် အလွန့် အလွန် အလွန့် အလွန့် အလွန်ချစ်ကြသူများ၏ လမ်းစဉ် ဆိုလျင်..............
ထိုအဖွဲ့သည် ပညာတတ်လူကြီးများ ဦးဆောင်သည့် အသေခံ လူငယ်များတပ်ဖွဲ့ ဟုဆိုလျင်.....
သူတို့မြင်သည့် သူတို့ပုံရိပ်သည် ဘာသာရေး လူစွမ်းကောင်းများ၊ သေရဲသတ်ရဲ သူများသာ ဖြစ်ပါသည်။

အိုင်ကျူ ၂ အီးကျူ ၄(ပင်နယ်တီအဆုံးအဖြတ်)


က။ ။ မင်းတို့အထဲမှာ ဘယ်အကောင်က ငါနဲ့ အိုင်ကျူပြိုင်ရဲလို့လဲ၊ ပြိုင်ရဲတဲ့ကောင် ထွက်ခဲ့လေ"

ခ။ ။ လုပ်မနေပါနဲ့ကွာ၊ မင်းနဲ့ အိုင်ကျူယှဉ်နိုင်တဲ့ကောင် တို့အထဲမှာ မရှိပါဘူး။ ဒါ့ကြောင့် အားလုံးငြိမ်နေကြတာပေါ့။

က။ ။ အေးလေကွာ၊ မယှဉ်ရဲရင်လည်း ငြိမ်ငြိမ်နေပေါ့။ မင်း မသိလို့။ ဟိုကောင်က တမှောင့်ရယ်၊ တောင်ပြောမြောက်ပြောနဲ့။

ခ။ ။ ထားလိုက်စမ်းပါကွာ။ ဒါနဲ့ ညက နယ်သာလန်နဲ့အာဂျင်တီးနား ဘောလုံးပွဲ ကြည့်နေလို့ ဆရာမ အိမ်စာပေးလိုက်တဲ့သင်္ချာတွေ မတွက်ရသေးဘူးကွာ။ မင်း တွက်ပြီးရင် ငါ့ပြစမ်းပါ။

က။ ။ ငါလည်း မတွက်ရသေးဘူး။

ခ။ ။ မတွက်ရသေးလဲ မင်းအိုင်ကျူနဲ့က မခက်ပါဘူးကွာ၊ လုပ်ပါဟ၊ နို့မို့ ငါတို့နှစ်ယောက်စလုံး ကြိမ်ဒဏ်ထိနေဦးမယ်။ မင်းသာ နာရီဝက်အတွင်း ပြီးအောင်တွက်ထား။ ဟိုကောင်တွေ တစ်နာရီကျော်အောင်တွက်ယူရမယ့် ပုစ္ဆာတွေကို မင်း နာရီဝက်အတွင်း ပြီးအောင် တွက်နိုင်တယ်ဆိုတာ ငါ သွားပြောမယ်။

က။ ။ လုပ်မနေနဲ့ ဟေ့ကောင်၊ မိနစ် ၂၀၊ မိနစ် ၂၀ လို့ပြောလိုက်။

နောက် နှစ်ပေါင်း ၂၀ လောက်ကြာပြီး သူတို့လေးတွေ အရွယ်ရောက်တော့
အီးကျူသိပ်ကောင်းပြီး အိုင်ကျူလည်း (က)လောက်မမြင့်ပေမဲ့ အထိုက် အလျောက်မြင့်တဲ့ (ခ) လေးက ကုမ္ပဏီကြီးတစ်ခုမှာ ဘော့စ်ဖြစ်သွားတယ်။
အိုင်ကျူ သိပ်ကောင်းပြီး အီးကျူ နည်းရှာတဲ့ မစ္စတာ (က) ခမျာကတော့ မစ္စတာ (ခ) ရဲ့ ကုမ္ပဏီ၊ အရောင်းမြှင့်တင်ရေး လေ့လာမှု မဟာဗျူဟာဌာနမှာ အရာရှိ ကြီး ဖြစ်သွားသတဲ့။ သူက သခ်ာၤေတာ္တယ္မဟုတ္လား။ တွက်နိုင်တယ်လေ။

Sneijder has been very, very quiet thus far. We were at 5-0 this time last night.(Yahoo)

"Siete, siete!" chant the Argentina fans. That means "seven", in case you didn't know. (Euro Sport)

 Don't cry for me Argentina - Madonna



Máxima Dilemma


ရွှေခြံရေ....
ဒီည ဘယ်အသင်းကို အားပေးရမလဲနဲ့ပတ်သက်လို့ ဝေခွဲရအခက်ဆုံး ပုဂ္ဂိုလ် ကတော့ ဟော်လန်ရဲ့ တော်ဝင်မိဖုရား Máxima ပါပဲ။ ဒါကြောင့် ဟော်လန်နဲ့ အာဂျင်တီးနား ပရိသတ်တွေကြားမှာ ရေပန်းစားနေတာက Máxima Dilemma တဲ့။ သူမက ဟော်လန်ဘုရင်ရဲ့ တော်ဝင်မိဖုရားဖြစ်နေသလို သူမရဲ့ မွေးရပ်မြေ က မက်စီတို့ အာဂျင်တီးနားဖြစ်နေဆိုပဲ။
ဒီတော့ သူမကတော့ လင့်ဖက်လိုက်တော့ မောင်ကနာ၊ မောင့်ဖက်လိုက်တော့ လင်ကနာမို့ ကြားနေမယ့်သဘောပါပဲ။


ဒီ နှစ်သင်းရဲ့ အနေအထားကလည်း ကလီးယား ဖေးဘရိတ် မရှိလှပါဘူး။ ဟော် လန်က ကမ္ဘာ့ဖလားဇာတ်ခုံပေါ်ကို "ချန်ပီယံဆိုတာ ဘယ်အကောင်လဲကွ" ဆိုတဲ့ အချိုးနဲ့ မီးကုန်ယမ်းကုန်ကြမ်း ဝင်လာခဲ့ပြီး စပိန်ရဲ့ ရင်ဝကို ပစ်ထည့်လိုက်ပေမဲ့ တဖြည်းဖြည်းနဲ့ မီးတွေယမ်းတွေကုန် သွားသလိုလိုပဲ။ ဒါပေမဲ့ သူ့မှာ ရော်ဘင်နဲ့ ရှနိုင်ဒါရှိနေတယ်(ဗန်ပါစီကို သိပ်အမှတ် မပေးမိဘူး)။ အထူးသဖြင့် အကောင် ကြီးကြိုက် ရှနိုင်ဒါရဲ့ခြေက အခုမှ တက်ရိပ်သမ်းလာသလားလို့။

အာဂျင်တီးနားက မက်စီ ရာနှုန်းပြည့်ရှိနေပေမဲ့ ဒီ မာရီးယား မရှိတဲ့ မက်စီဟာ ဂျရတ်နဲ့ဝေးသွားတဲ့ ဖနန်ဒို တောရက်စ်များ ဖြစ်နေမလား။ ဘယ်သူမှမရှိလည်းရတယ်ဆိုတဲ့ လဲဂျင့်ကြီး မာရာဒိုနာပဲ ဖြစ်လာမလား။ အဂွေးရိုး ပြန်ဝင်လာလို့ အချိန်ပြည့် မကစားနိုင်သေးဘူးဆိုရင်တောင် တစ်တပ် တစ်အားရှိမှာတော့ အမှန်ပဲ။ တကယ်က ဘရာဇီးထက် အာဂျင်တီးနား ကစား ဟန်ကို ပိုပြီး ခံတွင်းတွေမိတယ်။ ဒီအတိုင်းဆို အာဂျင်တီးနားက ထိုင်မယ် လို့ တွေးမိတုံးမှာ............

ပြိုကျလာမယ့် ဗုံသံစွဲပရိသတ်က ဟော်လန်ဖက်မှာ ရှိနေလိမ့်မယ်။ သူတို့ ထွက်ရ လို့ နားကြည်းခံခက်ဖြစ်ချိန် ခါးခါးတူးတူး အိမ်နီးချင်းကြီး ဖလားမသွားရင် ဆမ် ဘာတွေ ပိုပြီး ယူကြုံးမရ ဖြစ်နေကြမှာ။ ဒီတော့ ဒီညတော့ ဟော်လန်ကို ရင်ဖွင့် အားပေးကြလိမ့်မယ်။
"ဒီတစ်ညတော့ မင်းညဖြစ်ပါစေ" ပေါ့။
အဲသလိုတွေလေ။ ဒါ့ကြောင့် အမေရိကတိုက်မှာ သွားပြီးသောင်းကြမ်းတဲ့ ဥရောပဘူလီ ဗိုလ်လုပွဲများ ဖြစ်နေမလား????။

ဘာပဲဆိုဆို ကိုယ်တိုင်လည်း Máxima Dilemma ခံစားရပါတယ်။ မရွေးရဲ ဘူးလေ။ ကြားနေလိုက်မယ်။
ဒီလို မရဘူး။ မဖြစ်မနေ ရွေးကိုရွေးရမယ်လို့ ဓားမိုးပြီး အရွေးခိုင်းတာမျိုး ဆိုရင်တော့
ကဝေမကြီး မက်ဒေါနားရဲ့"Don't cry for me Argentina" သီချင်းကို ပဲ ကောက်ဆိုပြလိုက်မယ်။ ဘာမှ ပြောမနေတော့ဘူး။

ယနေ့ ဂျီဟတ်မှတ်စု


ပြင်သစ် ပြည်ထဲရေးဝန်ကြီးက အကြမ်းဖက်မှုနဲ့ ဆက်စပ်နေသူတွေကို ခရီး ထွက်ခွင့် ပိတ်ပင်နိုင်ဖို့ ဥပဒေမူကြမ်း တင်ပြ။

ဆီးရီးယား အကြမ်းဖက်မှုမှာ ပြင်သစ်နိုင်ငံသား၊ လူငယ် ရှစ်ရာခန့်ပါဝင်။
ဒီအထဲက ၆၀၀ ခန့်ဟာ ဆီးရီးယားမှာရှိနေ (သို့) ဆီးရီးယားကို သွားရောက် ဖို့ ပြင်ဆင်နေ၊
တစ်ရာခန့်က ဆီးရီးယားမှ ပြင်သစ်သို့ ပြန်လာနေကြ။

အကြမ်းဖက်သမားဦးရေ နှစ်သောင်းသုံးထောင်အနက် ခွန်နှစ်ထောင်ခန့်ဟာ အမေရိကန်နိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား အကြမ်းဖက်စစ်သားတွေဖြစ်။

ဆီးရီးယားရှိ အကြမ်းဖက်သမားများအတွက် ထောက်ပံ့ရန် အမျိုးသမီး အတွင်း ခံဘောင်းဘီ(ကွန်ဒုံးထဲတွင်) ခိုးဝှက်ယူလာသည့် ယူရိုငွေ နှစ်သောင်း ကို အသက် ၂၇ နှစ်အရွယ်ရှိ Nawel Msaad ဆိုသည့် အမျိုးသမီးထံမှ အင်္ဂလန်၊ ဟီသရူးလေဆိပ်မှာ ဖမ်းဆီးမိ။
REUTERS, AGENCE FRANCE PRESS

ရောင်စဉ် ၇ သွယ် ဂျာမဏီ


ရွှေခြံရေ
ရက်ကော့တွေအားလုံး ကျိုးကုန်ပြီ။
အရက်စက်ဆုံး မိနစ် ၃၀၊ မရှိဘူးသေးတဲ့ ဆီမီး၊ အမြင့်ဆုံးတောင်ထိပ်ကို ရောက်သွားတဲ့ ကလိုဆေး။
ဂျာမဏီရဲ့ အင်ဂျင်ပါဝါက မာစီးဒီးနဲ့ ဘီအမ်ဒဘယ်လျူ တွဲလွှတ်လိုက်ဟန်ပါပဲ။ တားရဲရင် တား။
ဘရာဇီးက ဆီးရီးယားဆန်ဆန် ကစားပြီး ဂျာမဏီက တချိန်က ဘရာဇီးဆန်ဆန် ကစားသွားတယ်။

မျက်လုံးတွေ သိပ်မပွတ်ပါနဲ့ မိတ္ထီလာက ဇော်ကိုကိုလတ်ရာ
အဲဒါ တကယ့်အဖြစ်အမှန်ပါ၊ ဘရာဇီး ၁၊ ဂျာမဏီ ၇။ နိုး။ ပေါချောင်ကောင်း ပင်နယ်တီတွေ မပါပါဘူး။
မင်းက လာစိန်ခေါ်ပေမဲ့ ညက မလောင်းမိကြဘူးနော်၊ အနည်းဆုံး နားရွက်ကို တံတွေးဆွတ်ကြေးလောက်တော့ လောင်းလိုက်သင့်တယ်။ ဒါဆို မင်း နားရွက်လေးတွေကို အားနာစရာ။ ၇ ကြိမ်။
အိမ်ရှင်ဆိုတာတစ်ခုထဲနဲ့ ကလေးကလားဆန်ဆန် ကစားကွက်တွေ ခင်းကျင်းခဲ့ တယ်။ အထူးသဖြင့် အသင်းခေါင်းဆောင် လူဝစ်နဲ့ မာဆယ်လို။
ဂျာမဏီရဲ့ သိပ္ပံဆန်ဆန် တိကျမှု၊ အနုပညာမြောက်မြောက် အတို့အထိ။ မှော် ဆန်ဆန် ကန်သွင်းမှု။
လူတိုင်းပါးစပ်မှာ အိုး မိုင်း ဂေါ့ဒ်။




နေမာက ကံဆိုးလို့ ဒဏ်ရာရ၊ ကံကောင်းလို့ အရှက်မကွဲ။ ဝမ်းနည်းစရာ။ ဂျာမဏီအတွက် ဝမ်းသာပေးလိုက်တယ်။
နေမာစိတ်ဓာတ်နဲ့ ဘရာဇီးကို အားသစ်လောင်းကြမတဲ့။ ရနိုင်ပါ့မလား။ နေမာ၊ ဆစ်လ်ဗာပါလည်း မာစီးဒီးနဲ့ ဘီအမ်ဒဘယ်လျူ တွဲစပ်ပါဝါကို မထိမ်းနိုင်ပါဘူး။
ဒါနဲ့ စကားမစပ် စိတ်ဓာတ်တစ်ခုထဲနဲ့ နိုင်နိုင်ရင် တို့ မြန်မာတွေလည်း အနည်းဆုံး ဆီမီးအဆင့်တော့ ရောက်မှာပေါ့။
ချစ်သမှ ၃၂ ကောဋ္ဌာသစုံအောင်ချစ်ကြတယ်။

အောင်မင်းဇော်က ဂိုးရလာဒ်ကိုပဲကြည့်ရင် ဘရာဇီးပရိသတ်ရဲ့ လက်ခုပ်သံကို ကြားမှာမဟုတ်ဘူး။
ဘောလုံးနဲ့ ရူး၊ ဘောလုံးနဲ့ အသက်ရှူ၊
ဘောလုံးနဲ့ ကော်ဖီကြိတ်၊ ဘောလုံးအတွက် အသက်ပေးမယ့် နေးရှင်းလေ။
သုံးဂိုးလည်းကျော်ရော ဂျာမဏီကို ရိုကျိုး၊ လေးစား၊ လက်မြှောက်စွာ လက်ခုပ် လက်ဝါး ပေးကြတယ်။ သူတို့စိတ်ဓာတ်က ချစ်စရာ။
အိမ်ရှင် ပီတယ်၊ မြို့ကြီးသားဆန်တယ် ဆိုရမလား။ နိုး၊ ဒိုင်ကို မဆဲ၊ ခဲနဲ့မပေါက်သလို ခုံတွေလည်း ပိုနေမြဲ ကျားနေမမြဲပါ။ ကွင်းတွင်း ကွင်းပြင်မှာ မီးလျံတွေ မတွေ့ရဘူး။

တစ်ခု ဆုတောင်းချင်တာက
သမိုင်းဝင် အရှုံး၊
သမိုင်းဝင် ညံ့ဖျင်းမှု၊
သမိုင်းဝင် ခေါင်းမာမှု၊
သမိုင်းဝင် အလွဲ၊
သမိုင်းဝင် မပါးနပ်မှုတွေရဲ့နောက်မှာ ဆူးဆိုက်ဒ်စတဲ့ ဆိုးကျိုးတွေ ပါမလာပါစေနဲ့ ဆိုတာပါပဲ။
နိုး သင့်ခ်ပါ စကော်လာရီ။ လူကြီးမင်း ချဉ်းကပ်ပုံတွေ လွဲမှားနေချက်က လူငယ် စကားနဲ့ဆို ၉ ကျော်တယ်။
အသင်းဟာ ဂျာမဏီကို မမီပေမဲ့ ဒီ အဖြေအထိ ရောက်မလာသင့်ဘူး။
ဦးနှောက်နဲ့လူ ဘယ်သူ ခန့်မှန်းရဲမှာလဲ။ ခွန် တစ်။

တော်ကြဦးစို့ ရွှေခြံရေ ကမ္ဘာ့ဖလားဖက် လှည့်ဦးမယ်


မင်းတို့ ဖတ်မိမလား မသိဘူး။ ဟော်လန်ဂိုးသမား ကရူးလ်(Krul )က ပင်နယ်တီ ကန်မယ့် ကော့စတာရီကာ ဘောလုံးသမားတွေကို မကန်ခင် တိုးတိုးလေး သွားပြီး ကပ်ကပ်ပြောတာတဲ့။
"လုပ်မနေနဲ့ မင်းတို့ ဘယ်ဖက်ကန်မယ်ဆိုတာ ငါသိတယ်" ဆိုတာမျိုးပေါ့။ ဖီဖာဥပဒေက တားမြစ်တာ မရှိလို့နေမှာ။
စိတ်လှည့်စားတာလေ။ ဟိုကောင်တွေ ယောင်တောင်တောင်ဖြစ်ပြီး ရှုံးရော။
အီးကျူ မနိုင်တာလေ။ ပွဲကြီးကစားရင် အီးကျူ နိုင်မှရတယ်ဆိုတဲ့ သင်္ခန်းစာပဲ။ ထားပါတော့ မနက်ဖြန်မှ မက်စီရအောင်......

ယာဟူးက ဘောလုံးသံတမန် မစ္စတာ မော်ရင်ညိုက အိမ်ရှင်နဲ့အတူ ဘရာဇီး ချန်ပီယံဖြစ်မယ် ဆိုလိုက်လို့ ခပ်ငေါက်ငေါက် ကွန်မင့်တွေ တော်တော်တက်လာ တယ်။ အထူးသဖြင့် ဥရောပနဲ့ အာဂျင်တီးနားကဖြစ်မယ်။ အခြားဆရာကြီးတွေအများစုကတော့ နေမာနဲ့ ဆစ်လ်ဗာမပါလို့ ဂျာမဏီ ကို တောင် အပေါ်ကြေးကထားနေကြတယ်။ တကယ်က နေမာပါရင်တောင် အိမ်ရှင်အားသာချက်ကလွဲရင် ဂျာမန်တွေထက် သာတယ်မထင်မိဘူး။
ခါတိုင်း ဘရာဇီး မနိုင်တာက ဂိုးပေါက်လွဲတာတွေကြောင့်လေ။ အခုဟာက ဂိုးရှူး ခွင့်ကို မဖန်တီးနိုင်လို့ အဝေးက ဆော်နေရတာ။ ဒီနည်းနဲ့တော့ အရပ်အရှည် ဆုံးဂျာမန်တွေကို နိုင်ဖို့ခက်မယ်။
ကြပ်မယ်၊ သရေထင်တယ်။ မဖြစ်မနေ ရွေးရရင် ဂျာမန်ကိုရွေးမယ်။
၁-၀ သို့ ၂-၁။

@@@ အချစ်များစွာနဲ့ လက်သီးသုံးချက်@@@


မန္တလေး၊ သာသနာ့တက္ကသိုလ်ဘဝက နောင်တော်ကြီး ဦးခေမာဝံသကို မှတ်မိ ပါသေးသည်။ သူက ဝေါသား၊ မစိုးရိမ်ထွက်၊ အရပ်ပုပု၊ သီဟနာဒက မြင်းမူသား၊ မိုးကောင်းထွက်၊ အရပ်ပိန်ရှည်ရှည်။ ရုပ်ရည်၊ မွေးရပ်မြေ အချိုးအစားဝေးကွာစွာ စိတ်ချင်း နီးစပ်ခဲ့ကြရသည့် ငါးနှစ်တာကာလ။ နှစ်ယောက်စလုံး တစ်နှစ်စီ စာမေး ပွဲ ကျသည်အထိ။

သူနဲ့စတင်ပေါင်းမိသည့် ဇာတ်ကြောင်းက မလှမပ။ အပုတ်ချတာမဟုတ်၊ လိုအပ် လို့ ပြောရဦးမည်။ သူ့ဒကာတစ်ယောက်က ချဲပေါက်ပြီး အလျော်မရ၊ ချဲထိုင်က မလျော်လို့ဆိုပြီး ကျောင်းရောက်လာသည်။ မင်းလည်း ငါနဲ့လိုက်ခဲ့ကွာဆိုလို့ လိုက်သွားသည်။ ချဲဒိုင်က အခြားသူမဟုတ်၊ ကုသိုလ်တော်ဘေး၊ အမှတ် ၆(ထင်တာပဲ၊ ၄ လားမမှတ်မိ) ကားဂိတ်က ထမင်းဆိုင်လင်မယားဖြစ်နေသည်။ အမျိုသမီးက ကလေးနို့တိုက်ရင်း ငိုပြီးတောင်းပန်သည်၊ ယောက်ျားက အတွေ့ မခံ။ ဖြစ်ပုံက လူလည်ကျပြီးမလျော်တာတော့မဟုတ်၊ အစားမှားပြီး ဒိုင်ပွင့်တာဖြစ် သည်။ နောက်ကလိုက်ရသူဆိုတော့ ကိုယ့်ဆရာမီးစဉ်ကိုကြည့် ပြီး ကရမည်ဟု စဉ်းစားနေလိုက်သည်။
အများအားဖြင့် မဟုတ်မခံဝေါသားက တကယ်မလျော်နိုင်တာမှန်းလည်းသိရော ဒါဆိုလည်း တစ်ဝက်လျော်၊ ကျန်တာ ထားလိုက်တော့ဟုဆိုကာ သူ့ဒကာကို တရားချ ပြန်လွှတ်လိုက်သည်။
"အခု မရှိသေးပါ၊ ဖြည်းဖြည်းတော့ ပေးပါမည်"ဟု သူမက ကတိပြုသည်။

Artist Aung Kyaw Htet


တကယ့်အရေးကျတော့ သူက သွေးအေးသားပဲဆိုပြီး သူနဲ့ပဲအများဆုံး တွဲဖြစ်သည်။
နောက်ပြီး သီဟနာဒက အညာသားမို့ ဆင်းရဲသည်။ သူက အောက်သားမို့ သုံးနိုင် စွဲနိုင်သည်။ မနက်ပိုင်းလဘက်ရည်ဆိုင်သွားလျင် သူကပဲ ရှင်းနေရတတ် သည်။ ကျေူးဇူးကြီးပါသည်။ ဒါတင်မက၊ သူ့အခန်းက ဧည့်သည်လည်း အဝင် အထွက်များသည်။
သူ့မှာ တစ်ခု အားနည်းတာက(ကိုယ့် သတ်မှတ်ချက် သက်သက်သာဖြစ်သည်) သူ့အခန်းမှာ ကြက်မွှေးမရှိ၊ ဈေးမကြီးဘဲ မဝယ်ခြင်းဖြစ်သည်။ နှမြောတာမဟုတ် ပါ၊ ဘာမှန်းလည်းမသိပါ။ ကြက်မွှေးဘိုးက လဘက်ရည် တစ်မနက်သောက် စာပင် မရှိ။
သူ့မှာ မရှိလို့ ကိုယ့်မှာရှိသလားဆိုတော့ ရှိသည်။ ဒကာမတစ်ယောက်က ညစ်ပတ်လွန်းသော အခန်းကိုကြည့်ပြီး ပညာပေးသည့်သဘောဖြင့် လှူထားခြင်းကြောင့် ရှိနေခြင်းဖြစ်သည်။ မည်သို့ဖြစ်စေ၊ သီဟနာဒအခန်းမှာ ကြက်မွှေးရှိသည်။ သူ့မှာ မရှိ။ နန်းရှေ့ဈေးရောက်တော့ သူ့ကိုအဝယ်ခိုင်းသည်။ မသယ်ချင်ရင် တပည့်တော်သယ်ခဲ့ပါမယ်လို့ ဆိုသော်လည်း ဆရာက မဝယ်ပါ။

သူ့နေစဉ်အလုပ်က မနက် ၉ နာရီခွဲမှာ ရေမချိုးခင် အခန်း သန့်ရှင်းရေး လုပ်ခြင်းဖြစ်သည်။ သန့်ရှင်းရေးမလုပ်မီ တံခါးလာခေါက်ပြီး ကြက်မွှေး လာယူ သည်။ ဒါက ပုံသေ။ မဖောက်လွဲတဲ့ အမှန်တရား။
တစ်မနက်မှာတော့ အခြားသူငယ်ချင်းတွေနဲ့စကားပြောစဉ် အပြင်မှ တံခါးခေါက် သည်။ ဒါ့ကြောင့် သူဝင်မလာမီ သူငယ်ချင်းရဟန်းတွေကို
"ဒါ ဦးခေမာဝံသ၊ သူ ကြက်မွှေးလာယူတာ"လို့ ပြောတော့
"မင်းဟာက သေချာလှချည်လား"
"သေချာတယ်၊ မယုံရင်ကြည့်၊ ပရမတ္ထသစ္စာလိုပဲ"
ပြောအပြီး တံခါးဖွင့်ပေးလိုက်တော့ ပြောတဲ့အတိုင်းဖြစ်နေလို့ အားလုံး ရယ်ကြရ သည်။ ဆရာသမားကတော့ ဘာကို ရယ်မှန်းမသိ၊ ကြောင်အမ်းအမ်းဖြစ်နေသည်။
နောက် အကြောင်းစုံ ရှင်းပြတော့မှ
"ခွေးမသား၊ ငါ့ကိုအပုတ်ချတာပေါ့လေ" ဆိုပြီး ပြုံးပြုံးကြီး လက်သီးနဲ့ သုံးချက် တိတိ လက်မောင်းကို ထိုးပါသည်။ သီဟနာဒလည်း မရှောင်ပါ။ ရယ်ပြီး အထိုးခံလိုက်ပါသည်။ မုန်းလို့မှ မဟုတ်ဘဲ။

သို့သော်
ဧည့်သည်အလာများတဲ့ သူ့အခန်းမှာ ဧည့်သည်တွေလာပြီး ပြန်ရင် သူတို့ အမှိုက် ကို သူတို့ဘာသာပြန်ရှင်းသွားနိုင်ဖို့ ကြက်မွှေးလေးတစ်ချောင်း အခန်းထောင့်မှာ ရှိနေရင်တော့ ကောင်းမယ်ဆိုပြီး ကြုံတိုင်းလည်း လက်သီးနဲ့အထိုးခံပြီး ရယ်စရာ လိုလို အတည်လိုလို ပြောနေဖြစ်တာပါပဲ။

ဘာပဲဖြစ်ဖြစ် ကြက်မွှေးတစ်ချောင်း ရှိခြင်း၊ မရှိခြင်းက ရဟန်းနှစ်ပါးရဲ့ ဆက်ဆံရေးကို ဘာမှထိခိုက်အောင် မလုပ်နိုင်ခဲ့ပါဘူး။
ဦးခေမာဝံသသည်လည်းကောင်း
သီဟနာဒသည်လည်းကောင်း
ကြက်မွှေးတစ်ချောင်းသည်လည်းကောင်း
၁၉၉၆ ခုနှစ်တွေက မန္တလေး၊ သာသနာ့တက္ကသိုလ်ကြီးထဲမှာ တကယ် ရှိခဲ့ကြပါ၏။

ဘာမှမရှိသော ပန်းတိုင်များ


ပန်းတိုင်တိုင်း ဘာမှမရှိခြင်းလား၊ ကိုယ်က မတွေ့ခြင်းလား၊ တွေ့တာကိုပဲ မတွယ်ငင်မိခြင်း၊ တန်ဖိုးသတ်မှတ်ချက် မှားယွင်းခြင်းလား မေးခွန်းများ စွာ ယောက်ယက်ခတ်နေနိုင်ပါသည်။

စိတ်ဝင်စားမည်ဆိုလျင် ဟျွန်ဂျူး (သို့) မဓမ္မဒဿီအကြောင်း ပြောပြချင်ပါသည်။ သူမသည် ပန်းတိုင်အများကြီးဆီကို ရောက်ခဲ့ပြီး သူမ ရောက်ခဲ့ဖူးသည့် ပန်းတိုင်များမှာလည်း ဘာမှရှိမနေကြောင်း ရှာဖွေတွေ့ရှိခဲ့သူဖြစ်ပါသည်။
သူမနဲ့ရင်းနှီးသိကြွမ်းစဉ် သူမက ဟွန်ဂျူးဘဝမှ မဓမ္မဒဿီအဖြစ် ကူးပြောင်းချိန်ဖြစ် ပါသည်။
သူမက ပူဆန်မြို့သူ၊ အိပ်မက်ကြီးသူ၊ အရဲစွန့်ရဲသူမိန်းကလေးဖြစ်ပါသည်။ သူမရဲ့ ဆယ်ကျော်သက်အိပ်မက်က ဆိုးလ်တက္ကသိုလ်ရောက်ရှိရေးဖြစ်ခဲ့သည်။ ထက်မြက်သည့်မိန်းကလေးဖြစ်သည်အားလျော်စွာ သူမအိပ်မက်ကလည်း တကယ်ဖြစ်လာခဲ့ပါသည်။ သို့သာ် သူမ တကယ်တန်း ဆိုးလ်တက္ကသိုလ်ကို ရောက်ရှိသည့်အခါ ထို ဆိုးလ်တက္ကသိုလ်ထဲမှာ သူမ အိပ်မက်ထဲကအရာတွေကို ရှာမတွေ့ခဲ့ဟု ဆိုပါသည်။ သူမ အိပ်မက်ထဲကအရာတွေသည် ဘာတွေလဲဆိုတာတော့ မသိပါ။ သိစရာလည်း မလိုပါ။
သူမ ဆိုးလ်တက္ကသိုလ်က ပေးအပ်သည့်ဘွဲ့ မရမီအချိန်လေးမှာပင် သူမရဲ့အိပ်မက်ကလည်း တဆင့် နယ်ချဲ့လာခဲ့ပြန်ပါသည်။ ထိုအိပ်မက်က ပညာသင်ဆုဖြင့် အမေရိက တက္ကသိုလ်ကို သွားရောက်ရေး ဖြစ်လာခဲ့သည်။ သူမ အိပ်မက်ထဲကအရာတွေ အမေရိကမှာ ရှိနေမလားလို့ ယူဆနေခြင်းကြောင့် ဖြစ်သည်ဟု သူမကဆိုပါသည်။
အမှန်လည်း အမေရိကကို ပညာတော်သင် သွားရောက်ခွင့် သူမ ရရှိခဲ့ပြန်ပါသည်။ အောင်မြင်မှုအသီးအပွင့်ကို အချိန်အတော်ကြာအောင် သူမ သာယာနေမိခဲ့သည်။ သို့သော် ထို သာယာမှုကလည်း တာရှည်ခံခဲ့ဟန်မတူပါ။

အတန်ငယ် အရွယ်ရလာတဲ့ ဟွန်ဂျူးဟာ ဘဝအဓိပ္ပါယ်နဲ့ဆက်စပ်
တဲ့ မေးခွန်းတွေ မေးလာနေပြီဖြစ်ပါသည်။
ဘဝကဘာလဲ။ ပျော်ရွှင်မှုက ဘာလဲ။
ထိုအခါ အမေရိကမှာလည်း သူမ အိပ်မက်ထဲကအရာတွေ မရှိပြန်တော့ပါ။ မရှိတော့သည့်အခါ သူမရဲ့ အိပ်မက်အသစ်နောက်ဆီ လိုက်လာပြန်တော့သည်၊ လိုက်ရင်းဖြင့် သူမတွေ့သိလိုက်ရသည်က တိဘက်တန်ဘာသာရေး အဆုံးအမ များ ဖြစ်တော့သည်။ တိဗက်တန် အဆုံးအမများအောက်မှာ ကြည်နူး ကျေနပ်မှု ရရှိခဲ့သည်ဟုဆိုပါသည်။ သို့သော် အချိန်အတန်ကြာလာသောအခါ သူမသည် ကျေနပ်မှုထက် ဘဝပြတ်မှုကို တောင့်တရင်း ဝိပသနာအခြေခံ တရားကို စတင်ကျင့်သုံးလာခဲ့သည်။ အတန်ငယ် သမာဓိရလာသောအခါ ဆရာပီသသော တိဗက်ဘုန်းတော်ကြီးက ဝိပသနာဆက်လက်အားထုတ် ဖို့ မြန်မာပြည်ကို သွားရောက်ရန် လမ်းညွှန်လာခဲ့သည်။

Artist Aung Kyaw Htet


ထို့ကြောင့် သူမရဲ့ ဘွဲလွန်သင်တန်အပြီးမှာ အမေရိကမှတဆင့် ကိုရီယားနဲ့ မဝေးလှသည့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပါတော့သည်။
ရောက်ရှိလာပြီး နာမည်ကြီး ရိပ်သာတစ်ခုမှာ သုံးလခန့်တရားအားထုတ်အပြီးမှာ သီလရှင်ဝတ်ရန်၊ မြန်မာစာသင်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ သီလရှင်ဝတ်ခြင်းက မဆိုင်လှသော်လည်း မြန်မာစာသင်ရန် ဆုံးဖြတ်ချက် ကတော့ သူမနှင့် သိကြွမ်းရင်းနှီးဖို့ အကြောင်းရင်းဖြစ်လာခဲ့ပါသည်။ သူမက အသက်နှစ်နှစ်ခန့်ငယ်သော်လည်း အတွေ့အကြုံက အများကြီးသာနေသဖြင့် သူမဆီက လေ့လာစရာများလည်း အများအပြားရှိနေခဲ့ပါသည်။ မိမိသည် သီအိုရီများဖြင့် နှောင်ရစ်နေသည့် ရဟန်းငယ်တစ်ပါးမျှသာဖြစ်ပါသည်။

ထို့အပြင် ကိုယ်တိုင်လည်း ဘာမှမရှိသည့်ပန်းတိုင်များအကြောင်းကို လမ်းခုလပ် မှာရပ်ရင်း တွေးတောမိစအချိန်ဖြစ်နေသဖြင့် ဘဝအပေါ် လက်ခံမှု အမြင်များ
လည်း တူညီနေသည်။ ဤအချက်ကြောင့်ပင် အပြန်အလှန် နားလည်မှုလည်း ပိုရှိလာခဲ့ကြသည်။
(ဆွမ်းစားချိန်ရောက်လာသဖြင့် နောက်မှဆက်ရန်)

ဆရာကြီး ဟဲမင်ဝေးရဲ့ "The Sun also rises"


စိတ်ဝင်စားစရာ ဆရာကြီး ဟဲမင်ဝေးရဲ့ "The Sun also rises" စာအုပ်ကြော်ငြာပါ။ အရင့်အရင် ပုံနှိပ်စဉ်က အကြောင်းကြောင်းကြောင့် မပါဝင်ခဲ့ အခန်း တစ်နဲ့ အခြား အပိုင်းတွေပါ ဖြည့်စွက်ထားတယ်လို့ သိရပါတယ်။ အနုပညာမြောက်မြောက်ပြန်နိုင်တဲ့ ဆရာတစ်ယောက်ယောက်က ဘာသာပြန်ရင် သိပ်ကောင်းမယ်။


မဟာမြတ်မုနိသို့ အိပ်ဖွင့်ပေးစာ


မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး ဘုရား.....
တပည့်တော်တို့ ခေတ်လူတွေကို ခွင့်လွှတ်ပေးသနားတော်မူပါဘုရား။ တပည့်တော်တို့ခေတ်ရောက်မှ အရှင်ဘုရားလည်း လောကဓမ်ရှစ်ပါးမှာ ဘယ်အထဲ ထည့်ရမှန်းမသိတဲ့ လောကဓမ်နဲ့ကြုံတွေ့နေတော်မူရလို့ စိတ် မကောင်းပါဘုရား။ ဒါတွေတွေ့နေရတာက အရှင်ဘုရား သားတော်ကြီး တစ်ပါးရဲ့ ဖေ့စ်ဘုတ်ဝေါလ်ပေါ်မှာပါဘုရား။ ဒီ ဖေ့စ်ဘုတ်ဟာ အရှင်ဘုရား သားတော်ကြီးအစစ်လား၊ အတုလားဆိုတာ တပည့်တော် မသိပါဘုရား။ အစစ်ဆိုရင် ဒါတွေကို ဘာလို့ဖျက်မပစ်တာလဲ၊ အတုဆိုရင် ဘာဖြစ်လို့ ငြိမ်နေတာလဲ နားမလည်ပါဘုရား။
ဘာပဲဖြစ်ဖြစ် အရှင်ဘုရားအတွက် စိတ်မကောင်းပါဘုရား။

ဒါပေမဲ့ အရှင်ဘုရားက ကံနည်းနည်းကောင်းတယ်လို့လည်း ဆိုရင် ရပါတယ်ဘုရား။ မြန်မာဘုရင်တွေပင့်လို့ မန္တလေးကိုမကြွခဲ့ဘဲ အရင်နေရာမှာဆိုရင် ကံ ပိုဆိုးသွားနိုင်ပါတယ်ဘုရား။ အာဖဂန်မှာရှိတဲ့ အရှင်ဘုရားရဲ့ နောင်တော်၊ ညီတော်တွေဆိုရင် အရိုးတစ်ခြား အသား တစ်ခြားဖြစ်တော်မူကြရပါတယ်ဘုရား။
အရှင်ဘုရားမှရယ်လည်း မဟုတ်ပါဘုရား။ အရှင်ဘုရားရဲ့ ကောင်တာပါ့တ် မိုဟာမက်ခမျာလည်း အရှင်ဘုရားနဲ့ အလားတူ လောကဓမ်နဲ့ကြုံတွေ့နေရပါ တယ်ဘုရား။
အရှင်ဘုရားက သည်းခံမယ်ဆိုတာတော့ သိတာပေါ့ဘုရား။ ဒါပေမဲ့ ဒါမျိုးကြီးကတော့ ဘယ်ကောင်းမလဲဘုရား။


မေးလျောက်ပါရစေ ဘုရား.....
ဝဋ်မှာအမြဲ ငရဲမှာအပဆိုတာ အမှန်ပဲလား ဘုရား။ ဒါမှမဟုတ် ပြုသူအသစ် ဖြစ်သူအဟောင်းလား ဘုရား။
အရှင်ဘုရားရဲ့ နောက်ဆုံးဝဋ်ကြွေးက ဝမ်းတော်လားခြင်းဆိုရင် အခု ဝဋ်ကြွေးက ဘယ်က ဘယ်လိုရောက်လာတာလဲဘုရား။
နောင်လာနောက်သားတွေအတွက် မျက်နှာညိုတာမျိုး၊ မျက်ရည် လည်တာမျိုးရော ဖြစ်မိပါသလား ဘုရား။
လျှောက်လို့သာလျှောက်ရတာပါ ဒေါသပယ်ပြီးတဲ့အရှင်မြတ်မှာ ဒါတွေ ဘယ်ရှိနိုင်ပါတော့မလဲဘုရား။

ဘာရယ်မဟုတ်ပါဘူးဘုရား။
ဘယ်သူ့ကိုမှ ဘာမှ မပြောလိုပါဘုရား။
ဝမ်းနည်းလွန်းလို့ အရှင်ဘုရားကို တိုင်တည်ရင်ဖွင့်မိတာပါဘုရား။
ပထဝီသမစိတ်တော်နဲ့ သည်းခံတော်မူတတ်တဲ့ အရှင်ဘုရားကိုကြည့်ပြီး အငြိမ်မနေနိုင်တဲ့ မောဃပုရိသ သီဟနာဒအား ခွင့်လွှတ်ပေးတော်မူပါ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး ဘုရား

အက်ဒမင်


ဖေ့စ်ဘုတ်၊ ဘလော့ဂ်၊ ဝက်ဘ်ဆိုက် တစ်ခုရဲ့ အက်ဒမင်တာဝန်ကဘာလဲ။
တချို့ကလည်း(တော်တော်နည်းပါတယ်၊ နိုင်ငံတကာ စံ မဟုတ်) ကိုယ့်စာမျက်နှာပေါ် ကိုယ်လည်း ရေးချင်ရာ ရေး၊ သူများလည်း ရေးချင်ရာ ရေး၊ တင်ချင်ရာတင် ပစ်ထားလိုက်တာပဲ၊ မဖျက်ဘူး။ သူ့ကွန်မင့်ကို သူကိုယ်တိုင်ပြန်ဖတ်ရင်း ရှက်သွားလိမ့်မယ်ဆိုတဲ့ အယူရှိကြတယ်။ သူတို့အယူအဆအရဆိုရင်တော့ ဘာမှ ဆွေးနွေးစရာ မလိုတော့ပါဘူး။ ကိုယ်လည်း တင်ချင်ရာတင်၊ သူလည်း ရေးချင်ရာ ဝင်ရေး။ ဖြစ်ချင်ရာဖြစ် အွန်လိုင်း ပေ့ဂ်ျပေါ့။

ဒါပေမဲ့ ဒါဟာ တာဝန်မဲ့ရာ ရောက်မနေဘူလား။
လွတ်လပ်စွာသဘောထားကွဲလွဲခွင့် ပြုထားတဲ့ ဂူးဂဲလ်၊ ယာဟူးလို ဝက်ဗ်ဆိုက်တွေတောင် အက်ဒမင်တွေက ဖြစ်ချင်ရာဖြစ် လွှတ်မထားဘူး။ မယုံရင် နာမည်တုနဲ့ သူများကို စော်ကားတဲ့ကွန်မင့် ရေးကြည့်ပါ။ မိမွေးတိုင်း ဖမွေးတိုင်းပုံ တင်ကြည့်ပါ။ သတိပေးပြီး ဘန်းလိုက်တယ်။ သူတို့ဆိုရင် ကမ္ဘာနဲ့ချီပြီး ကိုင်တွယ်နေရတော့ စောင့်ကြည့်နေရတဲ့ ကွန်မင့်တွေကလည်း သန်းပေါင်းများစွာ ရှိတယ်။ ရှိလည်း လုပ်ကိုလုပ်ရတယ်။
အက်ဒမင်ဆိုတာကပင် စီမံခန့်ခွဲသူလို့ ဆိုတယ်မဟုတ်လား။ သူ့မှာ တာဝန်ကိုရှိနေတယ်။ သူဘယ်လို စီမံခန့်ခွဲတယ်ဆိုတာကတော့ မတူညီတဲ့ မူတွေအတိုင်း ကွဲလွနေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်လွတ်စပယ်တော့ ဖြစ်မနေသင့်ဘူး။

ရိုင်းပျမှုကို လက်ခံခြင်းဟာ ရိုင်းပျမှုကို အားပေးမှုတစ်ခုပါပဲ။ ဒါကိုပဲ နားလည်မှု၊ သည်းခံမှု၊ မေတ္တာ ဘာညာတွေနဲ့ ရောနှောထားမယ်ဆိုရင် စဉ်းစားကြည့်သင့် တယ်။
ရိုင်းပျမှုတွေက ထောင်သောင်းရှိနေပေမဲ့ တရားဝင် ရိုင်းပျသူတွေက ဆယ်ဂဏန်း၊ ရာဂဏန်းပဲရှိတယ်။(ဆဲသံအထူဆုံး သတင်းဆယ်ပုဒ်ထဲက ဆဲသူတွေကို ရေ တွက်လိုက်ပါ၊ တစ်ရာ မပြည့်တတ်ဘူး)
လူမျိုးရဲ့ သိက္ခာ၊ ပါဝါဟာ ယဉ်ကျေးမှုအပေါ်မှာလည်းတည်တယ်။ သူများလည်း ဆဲတာပဲ၊ ငါတို့လည်းဆဲမှာပဲဆိုတဲ့ စိတ်ဓာတ် လူငယ်တွေဆီ အမွေပေးသင့် မပေးသင့် (မိမိက လူမျိုးနဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းရမယ်လို့ ယုကြည်ရင် (သို့) ကြွေးကြော်နေရင်) စဉ်းစားသင့်တယ်။





ဒါက ကျယ်လွန်းသွားတယ်။
အနည်းဆုံး အက်ဒမင်က အက်ဒမင်အလုပ်ကိုတော့ လုပ်ကိုလုပ်ရပါတယ်။ ကိုယ့် ပို့စ်ကိုလည်း စစ်၊ သူများ ကွန်မင့်ကိုလည်း စစ်။ ကိုယ်က မှားရင်တောင်းပန်၊ သူမှားတယ်ထင်ရင်လည်း လှမ်းပြီး လူမသိစေဘဲ မေတ္တရပ်။ မရရင် တား၊ လူထု သိသင့်ရင်(အကျိုးရှိမယ်ထင်ရင်) ပြန်စာရေး။
ကွန်မင့်တိုင်း မိမွေးတိုင်း ဖမွေးတိုင်း ရှိနေစရာ မလိုပါဘူး။
စာဖတ်သူတွေကို တလေးတစား ဆက်ဆံပေးပါ။ မခက်ပါဘူး ဗျာ၊ ဆဲသံတွေ ရပ်ပါတယ်။ ဆဲသူ ရှက်ပါတယ်၊ လုပ်ကြည့်ပါ ဗျာ။