“Workaholic တဲ့လား၊ ၀ါး ဟား ဟား”

ခင်ဗျား workaholic လား။ အများစုကတော့ ခပ်တည်တည် ဟုတ်သလိုလို နေတတ်ကြတယ်။ သူတို့စီးပွားရေကိစ္စနဲ့ သွားတဲ့ ခရီးကတော့ အပျော်ခရီးလိုပဲ။ တကယ်မလိုအပ်ဘဲ ရုံးမှာ ပိုကြာအောင်နေတတ်ကြတယ်။ တနင်္လာနေ့မနက်ကို သူတို့သဘောကျကြတယ်။

ကျနော့်အဖေ ရုံးကနေ လေးလကြာအောင် အိမ်မပြန်တုန်းက အဖေဟာ workaholic ပဲဆိုတာ သဘောပေါက်ခဲ့တယ်။ တကယ်ဆို သူ့ရုံးက ကျနော်တို့အိမ်နဲ့ ငါးမိနစ်လမ်းလျှောက်ရင်ရောက်တယ်။

အာရှတိုက်သား ကလေးအဖေတွေက အိမ်ကို "I'll be late for dinner" လို့ ဖုန်းဆက်တတ်ကြတယ်။ ကျနော့်အဖေကတော့ "I've got a bit more overtime, I'll be home next September" လို့ပြောတတ်တယ်။

အခြား workaholic ဆရာတွေလိုပါပဲ၊ ကျနော့်အဖေဟာလည်း သူအလုပ်ကြိုးစားသမျှဟာ မိသားစုအတွက်ပဲလို့ အမြဲတမ်း ပြောတတ်တယ်။ ယုံလို့တော့မရဘူး။ အဖေသေလို့ မီးခံသေတ္တာကိုဖွင့်တော့ အထဲမှာဘာမှ မရှိဘူး။

စိတ်ပညာရှင်မိတ်ဆွေတစ်ယောက်ကပြောဖူးတယ်။ Workaholic သမားတွေက မိသားစုဝင်တွေကိုပဲ ဂရုစိုက်စောင့်ရှောက်မှု အမြဲလိုအပ်နေတဲ့ "unproductive corporate department" လို့ထင်လာကြသတဲ့။ အိမ်မှာကိုပဲ စီးပွားရေးဝေါဟာရကြီးတွေ တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြပြီဆိုရင်တော့ အခြေအနေ တော်တော်ဆိုးနေပြီလို့သာ မှတ်လိုက်ပေတော့တဲ့။

သူပြောမှ ခေါင်းထဲပြန်ပေါ်လာတယ်။ ကျနော့်မိတ်ဆွေတစ်ယောက်သူ့အိမ်ပြန်ရောက်တော့ သူ့မိန်းမကမျက်နှာစူပုပ်ပုပ်နဲ့ "We need to talk" လို့ပြောတော့ သူက "I'll schedule a performance appraisal session at the earliest opportunity" လို့ပြန်ပြောတယ်။ အဲဒီနောက်စီးပွားရေးခရီးစဉ်ဆိုပြီး နှစ်ပတ်ကြာခရီး သူထွက်သွားတယ်။

အကောင့်တင့်မိတ်ဆွေတစ်ယောက်လည်းရှိတယ်။ သူ့သမီးရဲ့မင်္ဂလာဆောင်မှာ အမှာစကားပြောဖို့ အချိန်နီးမှ ကောက်ရောက်လာတယ်၊ ပြီး - အရင်ဆုံး "Any apologies for absence?"လို့ပရိသတ်ကိုပြောတယ်။

သူ့မိသားစုနဲ့အတူဟောလိဒေးခရီးထွက်ဖို့ ငွေကြေးအကြပ်ရိုက်နေတဲ့ နိုင်ငံတွေကိုရွေးပြီး ခရီးစဉ်ဆွဲတတ်တယ်။ သူ့ပုံစံနဲ့ဆိုရင်တော့ ဇင်ဘာဘွေကိုပဲ ခရီးရက်ရှည်သွားလို့ရမယ်။


ဒီမှာ အမှတ်အသားဆယ်ခု ပေးထားပါတယ်။ ဒီအတိုင်းဖြစ်နေရင်တော့ နည်းနည်းလွန်လွန်းနေပြီလို့ သဘောပေါက်ပါ။

  1. ကလေးတွေအတွက် အပတ်စဉ်မုန့်ဖိုးပေးတာကို "The weekly cash injection" လို့ပြောလာရင်
  2. အဘိုးသေဆုံးတာကိုပဲ "a family downsizing" လို့ပြောမိရင်
  3. ကလေးတွေအပေါ် အပြည့်အ၀ဂရုစိုက်စောင့်ရှောက်မှုမပေးဘူးဆိုတဲ့ဇနီးကို "Ok. Fine, where's the feedback form?" လို့ပြန်မေးရင်
  4. ချစ်သူများနေ့မှာ ဇနီးကိုပေးတဲ့ကတ်မှာ ကျည်ဆံရာလို အပြောက်ကလေးတွေပါနေရင်
  5. ဟိုဘက်အိမ်ကကောင်လေးမှာ စက်ဘီးအသစ်လေးရှိနေပြီလို့ပြောလာတဲ့သားကို "The quota for capital expenditure is full for this financial year" လို့ပြန်ပြောမိရင်
  6. ကလေးရဲ့ဆရာတွေနဲ့တွေဖို့ကျောင်းသွားရင် ခင်ဗျားရဲ့ပထမဆုံးမေးခွန်းက "So, what are his core competencies?" ဖြစ်နေရင်
  7. မိသားစုနဲ့အတူ တနင်္ဂနွေနေ့ နေ့ခင်းလမ်းလျှောက်ထွက်တာကို “team-based bonding activity” လို့ထင်နေရင်
  8. ကလေးရဲ့ဆရာက ခင်ဗျားကလေးဟာ ကိုးဘာသာရှိတဲ့အနက် လေးဘာသာကျနေတယ်လို့ပြောတဲ့အခါ “What do you expect when you give him such an over-diversified portfolio?” လို့ပြန်မေးမိရင်
  9. သမီးကအိမ်ထောင်ပြုတော့မယ်လို့ အသိပေးတဲ့အခါ "undergo such a major paradigm shift" အတွက် အသင့်ပြင်ဆင်ထားပြီးပြီလားလို့ သမီးကိုမေးမိရင်
  10. မင်္ဂလာဆောင်မှာ စပိ(ခ်ျ)မပေးမီ သတို့သမီးရံကို တစ်မိနစ်လောက် စတာပါလို့ပြောမိရင်
တော်တော်စိုးရိမ်နေရပြီလို့ ဆိုရပါလိမ့်မယ်။

Workaholism ကအိန္ဒိယကို သွားပြီးရိုက်ခတ်နေတယ်။ ပတ်(စ်)ပို့ဋ္ဌာနက အလုပ်သမားတွေ အလုပ်လုပ်ရတဲ့အနေအထားကို မကျေနပ်ကြလို့ မနက်စာအငတ်ခံပြီး "No Lunch" ဆန္ဒပြပွဲလုပ်ကြတယ်။ မတ်လ တစ်ရက်နေ့ကနေ သုံးရက်နေ့ အထိတဲ့။ သူတို့နောက်မှာ "Work on Holidays" ဆိုပြီး စနေနေ့နှစ်ရက်လုံးရုံးတက်ပြီးဆန္ဒပြကြပြန်တယ်။

အဲဒီဋ္ဌာနဆိုင်ရာအကြီးအကဲတွေက လူထုစိတ်ဝင်စားမှုဖြစ်အောင် ထူးထူးခြားခြား တုန့်ပြန်မှုလေးတစ်ခု ပြန်လုပ်ချင်ကြသတဲ့။ ကျနော်တော့ သဘောတူတယ်။ ကျနော်သာ ဘော့(စ်) အဆင့်လူတစ်ယောက်ဆိုရင် - "အခု ခင်ဗျားတို့တောင်းဆိုတာတွေကို ချက်ချင်းကြီး သဘောမတူနိုင်ပါဘူး၊ ဒါကြောင့် နောက်တစ်ကြိမ်ဆွေးနွေးမယ့်အထိ ဆက်ပြီး ဆန္ဒပြနိုင်ပါတယ်၊ တွေ့ဆုံဖို့ အချိန်ဇယားဆွဲထားတာကတော့ သက္ကရာဇ် -၂၁၃၉ ခုမှာပါ၊ ကျေးဇူးတင်ပါတယ်" ဆိုပြီးမက်ဆေ့(ခ်ျ)ပေးလိုက်မယ်။ ပြုံးစိစိကျနော့် မျက်နှာပါ စွက်လိုက်ချင်ပါသေးတယ်။

လူတွေရဲ့သီးသန့်ဓလေ့တွေကိုလည်း သတိထားမိဖို့တော့လိုတာပေါ့။ ကမ္ဘာ့ယဉ်ကျေးမှုကိုကြည့်ရင် အရွယ်ရောက်အာရှတိုက်သားတွေဟာ သူတို့ကို သူများကထင်စေချင်တာ လေးမျိုးရှိတယ်။
၁။ Workaholic
၂။ money-focused
၃။ ဘာသာရေးကို ကိုင်းရှိုင်းသူ
၎။ သားပဲလိုချင်သူ

အမှန်တော့ အာရှတိုက်အမျိုးသားတွေဟာ ဒီလေးခုမှာ တစ်ခုနဲ့မှ မတူဘူး။ တူတဲ့လူများတွေ့ရင် ဓါတ်ပုံရိုက်ပြီး လန်ဒန်က Royal Geographical Society ကိုပို့ပေးလိုက်ကြပါ။

ကျနော်တို့အိမ်ကိုတောင် ယောင်တောင်တောင်လာကြည့်မယ်တော့ စိတ်မကူးနဲ့။
ကျနော်တို့အားလုံး ရုံးမှာ။

Original Story >>10 Signs That You Work Too Hard By Nury Vittachi


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

❀ပန်းခရမ်းပြာ ❀ ရာပြည့်၊ ခင်ဝမ်း၊ ကိုရဲလွင် (မဇ္စျိမလှိုင်း)

ပန်းခရမ်းပြာ ဗေဒါလည်း ကမ်းစပ်နားမှာငြိတွယ်
နန်းတံတားဖြူနေရာလေး တေးသံလွှမ်းစေကွယ်

ငြိမ်းအေးရာ ဖွေရှာရင်း မိန်းမောငေးကာကြည့်နေ
ပိန်းပိတ်အောင်မမှောင်ခင်လေး ဆည်းဆာအလှဖြာဝေ


Credit to


ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.

★ ကားလမ်း ဥပဒေ ၂၀ ★

  1. ကားလမ်း ဥပဒေ ဆိုတာ မရှိ။
  2. အထူး ဥပဒေ ရှိ။ ယင်း ဥပဒေသည် နွားအုပ်များ အတွက်သာ ဖြစ်သည်။
  3. လမ်း အားလုံး လက်ဝဲ ကပ် မောင်း ဖြစ်သည်။
  4. လက်ယာ ကပ်မောင်းသော လမ်းများမှလွဲ၍ဟု ဆိုလိုသည်။
  5. အချို့ လမ်း အလည်ခေါင် တည့်တည့်မှလည်း မောင်းနိုင်သည်။
  6. ထိုင်ခုံ ခါးပတ် ပတ်မည့်အစား ပို၍ အန္တရာယ် ကင်းစေနိုင်သော ပန်းကုံး၊ လက်ဖွဲ့ ၊ နတ်ရုပ် စသည် ကားခေါင်းခန်းတွင် ထားရှိနိုင်သည်။
  7. ထရပ်ကားကြီး မောင်းသူဖြစ်လျှင် "လာ မနမ်းနဲ့ " " ဟွန်းတီးပါ " စသော စာတမ်း တစ်ခုခု မြင်သာအောင် နောက်မှာ ရေးထားရမည်။
  8. ကားကြီးသူက ဗိုလ်ကျ စတမ်း ဖြစ်သည်။
  9. ရှေ့ကားကို ကျော်တက်မည်ဆိုလျှင် ဘယ်ဖက်မှ (သို့) ညာဖက်မှ (သို့) အောက်မှ (သို့) အပေါ်မှသာ ကျော်တက်ခွင့် ရှိသည်။
  10. ကားမောင်းနေစဉ် အခြားကိစ္စ များပါ လုပ်ဆောင်ရန် လိုအပ်သည်။ ဥပမာ ဒရိုင်ဘာ အသစ်များ အတွက် ကွမ်စားခြင်း၊ မိုဘိုင်းဖုန်း ပြောခြင်း၊စသည်တို့ဖြစ်ပြီး ဝါရင့် ဒရိုင်ဘာများ အတွက် အစား တစ်ခုခုစားခြင်း၊ ဒေသထွက် အရက်သေစာ တစ်မျိုးမျိး သောက်သုံးခြင်း၊ ကာရာအိုကေ လိုက်ဆိုခြင်း၊ဗွီဒီယို ကြည့်ခြင်း စသည်တို့ ဖြစ်သည်။
  11. မိမိ ချိုးမည့်ဖက်ကို မီးဆစ်ဂနယ်ပြခြင်းသည် မယဉ်ကျေး၊ နောက်ကားကို အံ့ဩစရာ တစ်ခုခု ဖြစ်စေရန် အချက်မပြဘဲ ချိုးသင့်သည်။
  12. ညပိုင်း ကားမောင်းမည်ဆိုလျှင်
    (က)ကား ရှေ့မီးကို တစ်ဖက်က လာနေသော ကားသမား၏ မျက်နှာတည့်တည့် ထိုးထားရမည်၊
    (ခ) ကား ရှေ့မီး လုံးဝ မဖွင့်ဘဲလည်း မောင်းနှင်နိုင်သည်။ ( စည်းကမ်း ၁၁ ကို လေးစားသော အားဖြင့်)
  13. ရှေ့ကားကို ကျော်မတက်မီ နောက်ကား လာ မလာ စစ်ဆေးခြင်းသည် ယောက်ျားမဆန်သော အပြုအမူ ဖြစ်သည်။
  14. နှစ်လမ်းပြိုင် ကားလမ်းမပေါ် ကာအစီးရေ များနိုင်သမျှ များအောင် မောင်းပြခြင်းဖြင့် ဂုဏ်ယူပါ။
  15. ကားလမ်း ပိတ်ဆို့ခဲ့သော် မြေမာလမ်းပေါ်မှ မောင်းနှင်ပါ။
  16. ထို မြေမာလမ်းပါ ပိတ်ဆို့နေသော် ပလက်ဖောင်းပေါ်မှ မောင်းနှင်ပါ။
  17. အမှန်တကယ် မလိုအပ်ဘဲ လမ်းလျှောက်နေသူ၊ စကိတ်စီးနေသူတို့ကို ကားဖြင့် မကြိတ်မိအောင် ဆင်ခြင်ပါ။
  18. အရေး အကြီးဆုံး ဥပဒေသည် "လမ်းစည်းကမ်း" "မရှိခြင်း" ဖြစ်သည်ကို အမြဲ အမှတ်ရနေပါ။
  19. နွားကိုသာ ဝင် မတိုက်မိပါစေ နှင့်။
  20. အလွန်အမင်း အခက်တွေ့သော် "အကိုရေ၊ တစ်စီးစာ နော်" ဟု ကားပြူတင်းမှ လက်ထုတ်ပြပြီး ဆဲနေသည့်ကြားမှ ရအောင် ဝင် တိုးပြီး မောင်းနှင်ပါ။
  21.ံ့

Have a pleasant drive! :)


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

ကွန်ပျူတာနဲ့လူ တစ်သားတည်း ဖြစ်ခဲ့ရင် :)

လူနဲ့ကွန်ပျူတာတစ်သားတည်းဖြစ်တော့မှာဆိုတဲ့စကားကိုအမေရိကန်နည်းပညာဆရာကြီးရေးကား(ဇ်)ဝေး(လ်) ပြောတာ ကို ကြားခဲ့ရတယ်။ ဒါကိုများ သူက အထူးအဆန်းကြီး လုပ်လို့။ ကျနော်တို့အိမ်မှာ ဒီအတိုင်း ဖြစ်နေတာ နှစ်ပေါင်းအတော်ကြာနေပြီ။ ကျနော့်ကလေး သုံးယောက်ဆိုရင် လျှပ်စစ်ပစ္စည်းနဲ့ တစ်သားတည်း ဖြစ်နေ တာ ကြာလှပြီ။ လွန်ခဲ့တဲ့ ခြောက်နှစ်ကတည်းက ကျနော့်သားရဲ့ ညာဖက် လက်ဖဝါးမှာ Nintendo ဒီဗိုက်(ဇ်) အစားထိုး နေရာ ယူထားတာ။

သူ့မှာ ဘာပြဿနာမှ မရှိဘူး။ သူ့လက်နှစ်ဖက်လုံးကို စီမံခန့်ခွဲနေပုံများ လက်နှစ်ဖက်လုံးနဲ့ လုပ်ရမယ့် အလုပ်တွေအားလုံး ချောချောမွေ့မွေ့ပဲ လုပ်နိုင်တယ်။ ကျနော် ဇက်ကြောတက်ရင် သူ့ကို အနှိပ်ခိုင်းတာကိုတော့ ရပ်ပစ်လိုက်ရတာပေါ့။

ကျနော့်သမီး နှစ်ယောက်ဆိုရင် ဟိုတုန်းက သူတို့မှာ ရှိခဲ့တဲ့ ယာဖက်နားရွက်ကို ဟန်းဖုန်းနဲ့ အစားထိုးလိုက်ကြပြီ။ ကလေးသုံးယောက်စလုံး အမြဲတမ်း လက်(ပ်)တော့ကို သုံးနေတော့ သူတို့ မျက်နှာအောက်ပိုင်းကို မမြင်ရတာ ကြာလှပေါ့။

မစ္စတာ ကာ့(ဇ်)ဝေးလ် (Kurzweil) က ကျနော်တို့ လူသားတွေဟာ စက်ရုပ်ပုံသဏ္ဍာန်ကို ပြောင်းပြီး အားလုံးဟာ ကွန်ပျူတာ ထိန်းချုပ်မှုအောက် ရောက်သွားတော့မယ်လို့ ဆိုတယ်။

ဒါကို ဝန်ခံပါတယ်။ တော်တော်ကောင်းတဲ့ အိုင်ဒီယာပါ။

လူနဲ့ ကွန်ပျူတာ တစ်သားတည်း ဖြစ်သွားပြီဆိုရင် ကီးဘုတ်ကို ကျနော့် ဘယ်ဖက်လက်မောင်းမှာ တပ်ဆင်ဖို့ စိတ်ကူး ရှိပါတယ်။ ဒါက ကျနော်ဘယ်လို အလုပ်လုပ်မယ်ဆိုတဲ့ စိတ်ကူးပါ။

အိမ်ကနေ ထွက်တော့မယ်ဆိုရင် Exit ကိုနှိပ်။ အိမ်ကို ပြန်တော့မယ်ဆိုရင် Control + Home ကိုနှိပ်။ ဈေးဝယ် ထွက်မလား။ ကိုယ်လိုချင်တဲ့ ပစ္စည်းကိုရှာ၊ Select All ကိုနှိပ်။ (ကျနော့်ဇနီးဖြင့် ဒီအတိုင်း လုပ်နေတာ ကြာပြီ၊ ကျနော့်လက်ကို သုံးပြီး။)

အလုပ်အကိုင်လား။ ခင်ဗျား အလုပ်တွေအတွက် အကူတစ်ယောက် လိုတယ်ဆိုရင် Open Task Manager ကိုသာနှိပ်။

အူကြောင်ကြောင်စကားများ မှားပြောမိပြီဆိုရင် (အိမ်ထောင်ရှင် အမျိုးသားတွေအတွက် ပိုအသုံးကျနိုင်ပါလိမ့်မယ်) Cancel ကိုနှိပ်ပါ။ ပြီးရင် Undo ဒါမှမဟုတ် Control + Z ကိုနှိပ်။ အလုပ်ထဲမှာ အမှားတစ်ခု ကြီးကြီးမားမား လုပ်မိရင် (ဘော့(စ်)ရဲ့အမေကို မတော်တရော် ပြောလိုက်မိတာမျိုးပေါ့) Menu ထဲက Select ကိုရွေး၊ 24 hours ago လို့ ပြောလိုက်၊ ပြီးမှ System Restore ကို ပြန်သွား။

သီရိလင်္ကာ (သို့) ဘော်နီယိုကို ဟောလီးဒေး သွားချင်သလား။ ခင်ဗျားနဲ့ ခင်ဗျားမိသားစုရဲ့ ဓာတ်ပုံကို Control + X ကိုနှိပ်၊ Cut လုပ်ပြီး သွားချင်တဲ့နေရာကို Control + V ကိုနှိပ်ပြီး Paste လုပ်လိုက်။

အလုပ်ထဲ၊ ကျောင်းထဲမှာ တစ်ယောက်ယောက်က စိတ်ကသိကအောက် ဖြစ်အောင် လုပ်နေသလား။ Control Panel ကိုသွား၊ Add/Remove ကိုနှိပ်၊ Scroll down ပြီ့း ခင်ဗျားတို့ ကြည့်မရတဲ့လူတိုင်းကို Uninstall လုပ်ပစ်လိုက်။ တစ်လလောက်အထိ Uninstall ဖြစ်နေရင်တော့ ခင်ဗျားတို့ဘက်က တစ်ခုခု မှားနေလို့ ဖြစ်လိမ့်မယ်။

ကားသော့ (သို့) ဒီလို အရေးတကြီးပစ္စည်းတွေ ပျောက်နေသလား။ Control + F ကိုနှိပ်။ ပျောက်တဲ့ပစ္စည်းရဲ့ နာမည်ကို ရိုက်ထည့်။

အဝတ်အစားတွေ ဒိတ်အောက်နေပြီလို့ ထင်သလား။ ဒါဆိုရင် Enable Automatic Update ကိုနှိပ်လိုက်။ အဝတ်ဗီရိုထဲက အဝတ်အစားတွေ ပုံမှန် Update လုပ်ပေးလိမ့်မယ်။

ဘဝအတွက် အရေးကြီးတဲ့ မေးခွန်းတွေ သိချင်သလား။ Help လို့လဲ လူသိများတဲ့   ကိုရွေး၊ သူက တော်တော် အသုံးကျတယ်။ ဒါနဲ့ အိမ်စာလုပ်တဲ့ အသေးအမွှား ကိစ္စလေးတွေကနေ 'Get me someone to merry' ဆိုတဲ့ အရေးကြီးကိစ္စတွေအထိ သုံးလို့ရတယ်။ အရွယ်ရလာလို့ ပါးရေနားရေတွေ တွန့်နေပြီလား။ Display Resolution ကို ပြန်ပြီး Reset လုပ်။ တွန့်နေတာတွေအားလုံး ပျောက်သွားလိမ့်မယ်။

ဘဝမှာ ပြဿနာတွေ သိပ်များနေပြီလား။ Escape ကိုသာ နှိပ်ချလိုက်၊ Scroll ကနေ Start ကိုသွား၊ Menu အိုင်တင်ဆီကို သွားပြီး Hibernate ကို ရွေးလိုက်။ ခင်ဗျား ဆန္ဒရှိသလောက် အရာခပ်သိမ်း ရပ်တန့် သွားလိမ့်မယ်။ ပြန်စတော့မယ်ဆိုတော့မှ Restart ကိုနှိပ်လိုက်။ လက်ရှိအနေအထားကနေ ပုံမှန် ဆက်သွားလိမ့်မယ်။

ဘဝတစ်ခုလုံး ဒီထက်ဆိုးဝါးတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီလား (အပတ်စဉ်တိုင်း ကျနော် ခံစားနေရသလိုမျိုး)။ ကိစ္စမရှိပါဘူး။ Control + Alt + Delete ကိုနှိပ်ပြီး အစကို ပြန်သွားပြီး ဘဝအသစ် တစ်ခုလုံး ပြန်စလိုက်တော့။ ပထမဘဝတုန်းက အမှား မကင်းခဲ့ဘူးဆိုတာနဲ့ ပတ်သက်လို့ ဘာမှ ရှက်နေစရာ မလိုဘူး။

အခု ကျနော် စာရေးနေတာကို ရပ်တော့မယ်။ လွယ်လွယ်လေး၊ ကျနော်တို့ ကွန်ပျူတာသမားတွေရဲ့ လက်သုံးစကား “Shut Down.” ။ ။

By Nury Vittachi


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

ပြောင်းလဲတတ်တဲ့ လောက

ဂျာမနီ ဘောလုံးအသင်း မထင်မှတ်ဘဲ အီတလီကို ရှုံးသွားတော့ ဂျာမန် သတင်းစာက ဘောလုံးသမားတွေ ကို ဝေဖန်တယ်၊ တစ်ယောက်မှ နိုင်ငံတော် သီချင်း လိုက်မဆိုဘူး၊ မျိုးချစ်စိတ် မရှိလို့ ရှုံးရတာ။ အီတလီတွေကတော့ အားနဲ့ မာန်နဲ့ ဆိုကြတယ် တဲ့။ အားနဲ့ မာန်နဲ့ နိုင်ငံတော် သီချင်း ဆိုတဲ့ အီတလီ ဘောလုံးအသင်းက ဖိုင်နယ်ရောက်တော့ နိုင်ငံတော် သီချင်းကို ဆိုဖို့ ပါးစပ်တောင် မဟ တဲ့ စပိန် ဘောလုံးအသင်းကို လေးဂိုးပြတ် ရှုံးပြန်ပါလေရော။

အဆင်ပြေခိုက်
အင်္ဂလိပ် ဘောလုံးအသင်း အောင်မြင်စဉ်က "English fighting spirit" ဂျာမန် ဘောလုံးအသင်း အောင်မြင်စဉ်က "Play with discipline" အီတလီ ဘောလုံးအသင်း အောင်မြင်စဉ်က "Defense like Roman worriers " ဒတ်ခ်ျ ဘောလုံးအသင်း အောင်မြင်စဉ်က "Free-spirited individualism" ပြင်သစ် ဘောလုံးအသင်း အောင်မြင်စဉ်က "Multi-ethnicity" တဲ့။

အဆင်မပြေခိုက်
အင်္ဂလိပ် အသင်းကို "too predictable" ဂျာမန် အသင်းကို "lack of imagination " အီတလီ အသင်းကို "fear of attack " ဒတ်ခ်ျ အသင်းကို "selfishness " ပြင်သစ် အသင်းကို "The absence of National feeling" တဲ့။

နွားရိုင်းပဲ သတ်တတ်တယ် ဆိုတဲ့ စပိန်တွေကို အခုတော့ "the artists of playing" တဲ့။

စပိန်တွေကတော့ နိုင်ငံတော် သီချင်း မဆိုလို့ လေးဂိုးပြတ် နိုင်တာလို့ မပြောကြဘူး။


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

အိမ်နီးချင်းတွေနဲ့ အားပြိုင်လာနေတဲ့ မြန်မာ (Myanmar's parallels with Asian neighbors by Michael J. Montesno)

နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒပြောင်းလဲဖို့ အရှိန်အဟုန် ကောင်းကောင်း မောင်းနှင်ခဲ့ပြီး ကိုးလလောက် အကျော်မှာတော့ နေပြည်တော်ဟာ အသာစီးက နေရာယူထားပါတယ်။ သမ္မတဦးသိန်းစိန်က ပြောင်းလဲမှုအရှိန် တိုးမြှင့်ဖို့ မကြာခင်ကပဲ ထပ်မံ တိုက်တွန်းထားပါတယ်။ နည်းပညာရှင်တို့ရဲ့ အကူအညီ၊ ပြောင်းလဲရေးကို လိုလားတဲ့ တပ်တွင်း ဗိုလ်ချုပ်ကြီးတွေရဲ့ အကူအညီနဲ့ လာမယ့် ငါးနှစ်အတွင်းမှာ တစ်ဦးချင်းစီရဲ့ဝင်ငွေ သုံးဆ တက်လာပါလိမ့်မယ် လို့ မျှော်လင့် ထားပါတယ်။

သူ့ရဲ့ ရည်ရွယ်ချက်အတိုင်း အထမြောက်၊ မမြောက်ဆိုတာတော့ မသေချာသေးပါဘူး။ ဒါပေမယ့် ဒီအတွက် သမ္မတဦးသိန်းစိန် ဘယ်လောက် အားထုတ်နေသလဲဆိုတာကိုတော့ အသေအချာ တွေ့ရပါလိမ့်မယ်။ မြန်မာဟာ ရာစုဝက်လောက် ထိ ခေတ်သစ် အရှေ့တောင်အာရှရဲ့ အပြင်စည်းဘက်ကနေ ရပ်ကြည့်နေခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ကိုးလကို ပြန်ကြည့်လိုက်မယ် ဆိုရင်တော့ မြန်မာဟာ ပွဲကြည့်ပရိသတ် သက်သက် မဟုတ်တော့ဘူးဆိုတာ ထင်ရှားလာနေပါတယ်။

ပထမဆုံး အရေးပါတဲ့ အခန်းကဏ္ဍကတော့ မြန်မာရဲ့ စိုက်ပျိုးရေးကဏ္ဍပါ။ မြန်မာလူထုရဲ့ (၇၀) ရာခိုင်နှုန်းက စိုက်ပျိုးရေး လုပ်နေကြပေမယ့် ပြည်တွင်းကုန်ထုတ်လုပ်မှုရဲ့ (၄၀) ရာခိုင်နှုန်းပဲ စိုက်ပျိုးရေးကဏ္ဍက ဖြည့်ဆည်းပေးနိုင်ပါတယ်။ ကျန်တဲ့ကဏ္ဍတွေအောက် အများကြီး နည်းနေပါတယ်။ မြန်မာနိုင်ငံဟာ ဒီကဏ္ဍကို တိုးတက်အောင် လုပ်ရမယ်။ ဒီလိုမဟုတ်ရင် လူထုကြီး နောက်ကျ ကျန်ခဲ့ပြီး မြန်မာရဲ့ စီးပွားရေးလည်း တိုးတက်လာမှာ မဟုတ်ပါဘူး။ စီးပွားရေး အကျပ်ရိုက်သွားစရာ ရှိပါတယ်။

ဒါပြီးရင် နောက်ထပ် အရေးပါတဲ့ကဏ္ဍက မြန်မာဟာ ကျန်တဲ့ အရှေ့တောင်အာရှ နိုင်ငံတွေလိုပဲ သဘာဝအရင်းအမြစ်ရဲ့ ကျိန်စာကို ခံနေရပါတယ်။ ပြည်ပပို့ကုန်တွေပေါ် ရပ်တည်နေရတဲ့အတွက် မြန်မာကျပ်ငွေ ဖောင်းပွနေပါတယ်။ ပြီးတော့ ပြည်တွင်း ကုန်ထုတ်လုပ်မှုကိုလည်း အကြီးအကျယ် ထိခိုက်စေပါတယ်။ လတ်တလော မြန်မာရဲ့ သယံဇာတကိုသာ ကြည့်ပြီး ဝင်လာ တဲ့ ရင်းနှီးမြှုပ်နှံ့မှုတွေဟာ ပြည်တွင်းကုန်ထုတ်လုပ်မှုနဲ့ မြန်မာကျပ်ငွေရဲ့ တန်းဖိုးကို ခြိမ်းခြောက်နေ ပါတယ်

နောက်တစ်ချက်ကလည်း အိမ်နီးချင်းနိုင်ငံတွေလိုပါပဲ။ မြန်မာရဲ့ စီးပွားရေး၊ ပညာရေး အဓိကဌာနတွေက ရန်ကုန်နဲ့ မန္တလေးမြို့မှာတင် ရှိနေပါတယ်။ မြို့ကြီးနှစ်မြို့မှာသာ အရေးကြီးတဲ့ကိစ္စတွေ ဆောင်ရွက်လို့ ရတယ်ဆိုတဲ့အချက်ဟာ အစိုးရပိုင်းနဲ့ စီးပွားရေးကဏ္ဍကို အားနည်းစေပါတယ်။ ဒီပြဿနာကို မြန်မာ ရင်ဆိုင်နေရပါတယ်။ ဒီမြန်မာကျပ်ငွေ ပြဿနာ ကို ဖြေရှင်း ဖို့ နေပြည်တော်က လက်တွန့်နေတော့ ထုတ်လုပ်သူတွေသာ အကျိုးအမြတ်ရပြီး စားသုံးသူတွေကို ထိခိုက်စေပါလိမ့်မယ်။

ဒီတော့ အမှန်တကယ် အကျိုးရှိမှာက ရန်ကုန်နဲ့ မန္တလေးက လူထုတွေပဲ ဖြစ်နေပါလိမ့်မယ်။ မြင်နိုင်တဲ့ အနာဂတ်လောက် ကို ကြည့်မယ်ဆိုရင်တော့ မြန်မာရဲ့ စီးပွားရေးဟာ အားကောင်းနေပါလိမ့်မယ်။ ဒါပေမယ့် ကိစ္စအဝဝကို မြို့ကြီးနှစ်မြို့က အုပ်စီး ထားလေတော့ အခြားဒေသတွေ မှာ အရင်းအမြစ် ပြတ်လပ်မှုတွေ ဖြစ်လာပါလိမ့်မယ်။ အဲ့ဒီကတဆင့် အရှုပ် အထွေးပြဿနာတွေ၊ လေထု ညစ်ညမ်းမှုတွေ ဖြစ်လာပြီး အဲ့ဒီအခြားဒေသတွေ ရဲ့ အုပ်ချုပ်ရေးနဲ့ စီးပွားရေးကိုထိခိုက်သွားစရာ ရှိနေပါတယ်။

စတုတ္ထအနေနဲ့ တွေ့ရတဲ့ အခန်းကဏ္ဍကတော့ မြန်မာရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြောင်းလဲမှုမှာ အရေးပါတဲ့ နည်းပညာရှင်၊ အတတ်ပညာရှင်များအဖွဲ့နဲ့ ပြည်တွင်းစီးပွားရေးကိုပဲ ဇောင်းပေးတဲ့ စစ်တပ် (သို့) စစ်တပ်က အနားယူထားတဲ့ ခေါင်းဆောင်များရဲ့ ကွဲပြားနေတဲ့ကဏ္ဍ ဖြစ်ပါတယ်။

မြန်မာနည်းပညာရှင်များ အနေနဲ့က နိုင်ငံရဲ့ စီးပွားရေးကို နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံ့မှု (FDI - Foreign Direct Investment) ကတဆင့် သွားလိုကြပါတယ်။ ဒီအစီအစဉ်ကို စစ်ဗိုလ်ချုပ်ကြီးဟောင်း တစ်ချို့က သဘောတူ ခဲ့ကြတယ်။ မြန်မာ့စီးပွားရေးကို လတ်တလော ဦးဆောင်နေတဲ့ စီးပွားရေးသမားတွေကလည်း ဒီအစီအစဉ် ကို ထောက်ခံ ခဲ့ကြ ပါတယ်။

တစ်ချိန်တည်းမှာပဲ ပြည်တွင်းစီးပွားရေးသမားတွေရဲ့ကဏ္ဍကို မေ့ထားလို့မရဘူးဆိုတဲ့ အချက်ကိုလည်း တိတိ လင်းလင်း ဖော်ပြ လာကြပြန်ပါတယ်။ ဒီလို သဘောထားတွေ ရှိနေလို့ သူတို့ကို ကိုယ့်အကျိုးကို ကာကွယ်ဖို့ပဲ သိသူ၊ အကျင့်ပျက်သူတွေလို့ ပြောလို့ မရပါဘူး။ ပြီးတော့ ဒါ့ကြောင့် သူတို့ဟာ စီးပွားရေး ပြုပြင်တည်ဆောက်မှုအပေါ်မှာ အလေးအနက် မရှိသူတွေလို့ ပြောလို့ မရပါဘူး။

ဒီအချက်က ပြောပြတာက နည်းပညာရှင်များနဲ့ စစ်တပ်ဗိုလ်ချုပ်ကြီးတွေ ကြားမှာ နိုင်ငံတော်ရဲ့ စီးပွားရေးတိုး တက်တိုးတက်ဖို့ အကောင်အထည်ဖော်မှုအပေါ် ကွဲပြားနေတဲ့ အယူအဆလေးတွေ ရှိနေတယ်ဆိုတဲ့ အချက် လောက်ပါ။

နိုင်ငံတော်ပိုင် စီးပွားရေးဖြစ်တဲ့ မြန်မာအီကိုနောမစ်ကော်ပိုရေးရှင်းနဲ့ မြန်မာအိုကော်နောမစ် ဟိုး(လ်)ဒင်းကို မြန်မာ အစိုးရက ဆက်ကိုင်တွယ် ထားမယ်ဆိုရင် မြန်မာ့ စီးပွားရေး ကို နှောင့်နှေးစေလေမလား၊ ဒါကိုပဲ အစိုးရပိုင်ကနေ ပုဂ္ဂလိကပိုင်အဖြစ်ပြောင်းလဲ ကြေငြာလိုက်လေမလား၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီစီးပွားရေး အချက်အခြာတွေကို အစိုးရက ပူးတွဲကိုင်တွယ်ထားလေဦးမလား ဆိုတာကတော့ မရေမရာပဲ ရှိနေတုန်းပါ။

ဖြစ်နိုင်ချေ ရှိတာကတော့ အခြား အာစီယံနိုင်ငံတွေလိုပဲ အရေးကြီးတဲ့ နိုင်ငံတော်ပိုင် စီးပွားရေးတွေ ကတော့ နိုင်ငံတော်ကပဲ တိုက်ရိုက် ကွပ်ကဲနေမယ့်သဘော ရှိနေပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံ့မှုနဲ့ ပြည်တွင်းစီးပွားရေးတို့အကြား ဟန်ချက်ညီညီထားပြီး ယှည်ပြိုင်မှု အားကောင်းတဲ့ စီးပွားရေးမူဝါဒ ကို ချမှတ် ထားနိုင်ရင် ရင်းနှီးမြှုပ်လိုသူတွေကို ပိုပြီး ဆွဲဆောင်လာနိုင် ပါလိမ့်မယ်။ အခု ဆွေးနွေးခဲ့တဲ့ အခန်းကဏ္ဍလေးခုကို ထောက်ရင် မြန်မာဟာ အရှေ့တောင်အာရှမှာ အပြင်လူ လုံးဝ မဟုတ်တော့ပါဘူး။

သမ္မတဦးသိန်းစိန်နဲ့အဖွဲ့ဟာ ဒီစိန်ခေါ်မှုတွေအတွက် အဆင်သင့် ဖြစ်နေပြီဆိုတာ သတိထားမိပါတယ်။ ဒါတွေကြောင့် မြန်မာ ဟာ အိမ်နီးချင်း အာစီယံနိုင်ငံတွေနဲ့ စီးပွားရေးမှာ အားပြိုင်လာနေပြီဆိုတာ တစ်စစ်စ သိသာလာနေပါတယ်။


Ref: Myanmar's parallels with Asian neighbors.
By: Michael J. Montesno
The writer is a visiting research fellow at the Institute of Southeast Asia Studies. ဆောင်းပါးရှင်ဟာ
"ဒေါ်စုကို အာရှအရေးလောက်နဲ့ ကန့်သတ်တာ မှားတယ်" ဆိုတဲ့ တုန့်ပြန်စာရေးတဲ့ အမေရိကန် ပါမောက္ခတစ်ယောက်ပါ။


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

“ညောင်… ညောင် နဲ့ ဝုတ်….ဝုတ်”

ကလေးပေါက်စလေးတွေဟာ သက်သေပြစရာမလိုအောင် တကယ်အသိဉာဏ်ကြီးမားကြပါတယ်။ တစ်နေ့က မူလတန်းကျောင်းတစ်ကျောင်းမှာ Speech သွားပြောပေးခဲ့ရတယ်။

အဲဒီမှာ ကောင်ကလေးတစ်ယောက်မေးတာက-

“ခွေးတွေအားလုံး အထီးတွေချည်းလား” တဲ့။
“ဟုတ်တယ်၊ ခွေးတွေအားလုံး အထီးတွေ၊ ခွေးမလေးတွေအပါအဝင် အထီးတွေ” လို့ ကျွန်တော်ဖြေလိုက်တော့ အဲဒီကောင်လေးက “ ကဲ ငါပြောတယ်မဟုတ်လား ” ဆိုတဲ့ ပုံစံလေးပေါက်သွားတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သူငယ်ချင်းတွေနဲ့ အငြင်းပွါးထားရတယ်ဆိုတာ သဘောပေါက်လို့ရတယ်။ ဒါနဲ့ ကျွန်တော်က ကြောင်တွေအားလုံးဟာ အမတွေ၊ ကြောင်ထီးတွေပါ အပါအဝင်လို့ ဆက်ပြောလိုက်တယ်။

သူတို့ဆရာမကို စောင်းကြည့်လိုက်မိတော့ ဘာတွေလဲ၊ ဘာတွေဖြစ်ကုန်ပြီလဲဆိုတဲ့ မျက်နှာကိုတွေ့ရတယ်။ ဒါနဲ့ ကျွန်တော့ဇာတ်လမ်းကို အစချီပေးလိုက်ရတယ်။

“ကမ္ဘာဦးအစတုန်းက အာဒမ်နဲ့ ဧဝတို့က နှစ်ယောက်တည်းဆိုတော့ ပျင်းရိငြီးငွေ့လာကြတယ်။ ဒါ့ကြောင့် ထာဝရဘုရားရှင်က အိန်ဂျယ်တွေကို အာဒမ်နဲ့ ဧဝတို့အတွက် သတ္တဝါတွေ ဖန်ဆင်းပေးဖို့ စေခိုင်းခဲ့တယ်။ ‘ အရွယ်အမျိုးအစားက မကြီးမသေး၊ ခြေလေးချောင်းနဲ့ အမြီးပါရမယ်၊ သူတို့ကို Pet လို့ခေါ်ကြ’ တဲ့။


အိန်ဂျယ်တွေက ထာဝရဘုရားမိန့်မှာသလို Pet ကလေးနှစ်ကောင် ဖန်ဆင်းလိုက်ကြတယ်။ ဒီကောင်လေးနှစ်ကောင်က ချစ်စရာကောင်းပေမယ့် အတော်ဆော့ကြတာကလား။ ကောင်းကင်ဘုံတစ်ဘုံလုံး နှံ့အောင်လျှောက်ပြေးကြတယ်။ ဆိုဖာတွေအောက် ဝင်ပုန်းကြတယ်။ ပြီးတော့ ပရိဘောဂတွေကို သူတို့လက်သည်းတွေနဲ့ ကုတ်ဖဲ့ကြတယ်။ ဒီလိုနဲ့ သူတို့ ရေကန်နှစ်ကန်ကို တွေ့သွားကြတယ်။ တစ်ကောင်က အပြာရောင်ရေကန်ထဲ ခုန်ချပြီး၊ နောက်တစ်ကောင်က အနီရောင်ရေကန်ထဲ ခုန်ချလိုက်တယ်။

တကယ်တော့ အဲဒီရေကန်တွေက သာမာန်ရေကန်တွေ မဟုတ်ကြဘူး။ အမဓာတ်နဲ့ အဖိုဓာတ်ပါတဲ့ ရေတွေနဲ့ ဖြည့်ထားတဲ့ရေကန်သာဖြစ်နေတယ်။ အိန်ဂျယ်တွေက သူတို့ကို ရေကန်ထဲက ဆယ်ယူလိုက်တဲ့အခါ အဲဒီသတ္တဝါလေးနှစ်ကောင်ဟာ အရင်ကနဲ့မတူ လုံးဝကွဲပြားသွားတော့တယ်။ ပထမအကောင်လေးက အမွှေးစုတ်ဖွား၊ တစ်ခုခုကိုပဲ စိတ်ဝင်စား၊ အသံသြသြကြီးဖြစ်သွားတယ်။ ဒုတိယအကောင်က အမွှေးအမျှင်နူးညံ့၊ စိတ်က ဟိုဟာဝင်စား၊ ဒီဟာဝင်စား၊ အသံကလည်း သေးသေးကြောင်ကြောင်လေး ဖြစ်သွားတယ်။

“ဟိုက်- ဒီသတ္တဝါနှစ်ကောင်ကို ခွဲခြားသတ်မှတ်ပေးမှ ရတော့မယ်” လို့ အိန်ဂျယ်တွေ တွေးလိုက်မိကြတယ်။ အံ့သြတကြီးနဲ့ပေါ့-
ဒါနဲ့ ပထမသတ္တဝါလေးကို “ ခွေး” လို့ အမည်ပေးပြီး၊ ဒုတိယသတ္တဝါလေးကိုတော့ “ကြောင်” လို့ အမည်ပေးလိုက်ကြတယ်။

ကလေးတွေကတော့ ဒီပုံပြင်ကလေးကို သဘောကျမဆုံး ဖြစ်နေကြတာပေါ့။ ဒါပေမယ့် သူတို့ဆရာမကတော့ သဘောသိပ်မတွေ့ဘူး။ ဆရာအခန်းလည်းရောက်ရော ရှင့်ပုံပြင်အကြောင်း ရှင်းပြပါဦးဆိုလို့ ဆက်ရှင်းပြရသေးတယ်။

ခွေးတွေအားလုံးဟာ အထီးတွေဖြစ်တယ်။
  1. ခွေးတွေဟာ ယောက်ျားတွေလိုပဲ ခန့်မှန်းရတာ လွယ်ကူတယ်။
  2. ခွေးတွေဟာ ယောက်ျားတွေလိုပဲ ခန္ဓာကိုယ်အောက်ပိုင်းကို စိတ်ဝင်စားတယ်။ သူတို့ စိတ်ဝင်စားတာကိုလည်း ဟန်ဆောင်ဖုံးဖိမထားနိုင်ဘူး။
  3. သူတို့ကို အော်ပြောနေပေမယ့် မတုန်မလှုပ်ပဲ။ ဒါပေမယ့် စားစရာတစ်ခုခုကို အထုပ်ဖြေနေတဲ့ အသံကိုတော့ ကီလိုမီတာအကွာအဝေးကနေ ကြားနေတတ်ပြန်ရော။
  4. သူတို့ကို တစ်ခါလောက် ဆိုဖာပေါ်အထိုင်ခိုင်းလိုက်မိရင် အဲဒီဆိုဖာကို သူတို့ပိုင်ပြီလို့ ထင်တတ်ကြတယ်။
  5. အစားအသောက်အားကြီးပြီး ဘာမဆိုစားတယ်။ စားစရာရှိရင် ပါးစပ်ထဲ အရင်ထည့်၊ မေးစရာ နောက်မှမေးဆိုတဲ့ သဘောရှိတယ်။
  6. သူတို့ဟာ အလွန်သစ္စာရှိတယ်။ ဒါပေမယ့် ခေါင်းမာမာနဲ့ လုပ်ချင်ရာလည်း လုပ်တတ်ကြတယ်။
  7. မစားသင့်၊ မသောက်သင့်တာတွေ အားလုံးစားတယ်၊ သောက်တယ်။ ပြီးတော့ နေမကောင်းဖြစ်တယ်၊ နေမကောင်းဖြစ်ရင် “ never again” ဆိုတဲ့ မျက်နှာငယ်လေးနဲ့ နေပြတတ်တယ်။ နောက်တစ်နေ့ကျရင်တော့ အရင်ပုံစံအတိုင်း ပြန်စားမြဲ၊ ပြန်သောက်မြဲပဲ။
  8. သူတို့အလိုမကျဘူးဆိုရင် ဘာမှမပြောတော့ဘူး။ ဒါပေမယ့် တမာန်မဲမဲနဲ့ အနားရှိတာတွေကို ထုတတ်၊ ရိုက်တတ်တယ်။

ကြောင်တွေအားလုံးဟာ အမတွေဖြစ်တယ်-
  1. သူတို့က ခန့်မှန်းရတာမလွယ်ဘူး။
  2. “ဖျာလိုလိပ်၊ ထိပ်ပေါ်တင်” ဆက်ဆံရေးကို အမြဲတမ်း မျှော်လင့်တတ်ကြတယ်။
  3. ချစ်စရာကောင်းတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ မထင်မှတ်လောက်အောင် ခေါင်းမာပြီး ဆုံးဖြတ်ချက်ချတတ်တဲ့ သတ္တဝါမျိုးဖြစ်တယ်။
  4. သူတို့ကို ခေါ်လို့ရတယ်။ ပြန်ထူးမထူးတော့ မသေချာဘူး။
  5. သူတို့ဆီက ကျွတ်ထွက်လာတဲ့ အမွှေးအမျှင်တွေက နေရာတိုင်းမှာ ပြန့်ကျဲနေတတ်တယ်။
  6. သင်အိမ်ပြန်လာပြီဆိုရင် လုံးဝမသိချင်ယောင်ဆောင်နေတတ်တယ်။
  7. သင်ဟာ သူတို့ပျော်ရွှင်မှုအတွက် ဖြည့်ဆည်းလုပ်ဆောင်ပေးဖို့ ဖြစ်လာတဲ့သတ္တဝါလို့ အမြဲတမ်း ထင်နေတတ်တယ်။

ဆရာမက စိတ်ရှည်လက်ရှည်နဲ့ နားထောင်ရှာတယ်။ သူမမျက်နှာပေါ်မှာတော့ သိပ်ဘဝင်ကျဟန်မတွေ့ရဘူး။ ဒါနဲ့ သူမက အိတ်ထဲက ဆန်း(ဒ်)ဝစ်(ခ်ျ) နှစ်ခုကိုထုတ်ပြီး “ အချိန်မရောက်သေးပေမယ့် ရှင့်ကိုနေ့လည်စာနဲ့ ဧည့်ခံပါရစေ၊ နောက်ဆုံးတော့ အမျိုးသမီးက ဆုံးဖြတ်ချက်ချပြီး အမျိုးသားက ဘာမဆိုစားတာပဲမဟုတ်လား….ညောင်…” လို့ပြောတယ်။ ကဲ…ကျွန်တော် ဘာပြန်ပြောရဦးမှာလဲ၊ ဝုတ်……ဝုတ်……ဝုတ်…ပဲလား။

Ref- Mr. Jam


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

One in Two ( or three?)

1 ) One country, two policies. (Hong Kong)
2 ) One county , two names (Burma or Myanmar or both)
3 ) One country , ONLY two parties (U.S and U.K etc). Not hundred plus!
4 ) One word, two meaning. Maha Sammata(မဟာသမ္မတ). Selected by Mahabrahma (မဟာ ဗြဟ္မာ) or elected by the majority of people.
5 ) One word, two definitions. ဝင်စား။ ၁။ အချောင် ဝင်းစားသည်။ ၂။ သမာပတ် ဝင်စားသည်။
6 ) The worst of All.
One nationality, THREE names. Burmese, Myanmar and Myanmese!


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

အဟောင်းကိုချစ်တာ သိပ္ပံနည်းကျတယ်

သိပ္ပံနည်းကျတွေ ခေတ်စားလွန်းတော့ လေ့ကျင့်ခန်းလုပ်တာ၊ အစားအစာ စားတာ၊ အိပ်တာ၊ အိပ်ယာရွေးတာ၊ ရေကူးတာ- ဒါတွေအားလုံး သိပ္ပံနည်းကျဆိုပြီး လိုက်လုပ်ကြတယ်။ တရားထိုင်တာလည်း သိပ္ပံနည်းကျပဲ။

ဒီတစ်ခေါက် ရွာကိုပြန်တော့ ရွာက ကဗျာဆရာကပြောတယ်။
“ဒီခေတ်ကောင်လေးတွေက ခင်မောင်တိုးတို့၊ မဇ္ဈိမလှိုင်းတို့ကို မသိကြတော့ဘူး။ ဒီခေတ်က ဂျောက်ဂျက်တို့ ခေတ်လေ ကွာ။ လေးဖြူတို့တောင် အဖိုးကြီးစာရင်းထဲ သွင်းထားကြပြီ” တဲ့။

ပြီးတော့ သူက ဆက်ပြောတယ်။
“ ဒါပေမယ့် ကာရာအိုကေခန်းတွေမှာတော့ ခင်မောင်တိုးတို့က ရှိကိုရှိနေရတယ်ကွ။ ကာရာအိုကေကိုသွားတဲ့လူတွေက အသက်လေးဆယ်က အထက်တွေများတယ်လေကွာ။ ဒီအရွယ်ရောက်တော့ ကိုယ်ပိုင်စီးပွါးရေးလည်းရှိ၊ သုံးနိုင်စွဲနိုင်သူတွေ လည်း ဖြစ်တတ်ကြတယ်မဟုတ်လား။ ဟဲ….ဟဲ တို့အရွယ်တွေပေါ့ကွာ။ ခင်မောင်တိုးမှ ခင်မောင်တိုးအုပ်စုတွေ” တဲ့။

ဟုတ်ပါတယ်။ တွံတေးသိန်းတန်၊ မာမာအေးတို့နဲ့ ကြီးပြင်းလာခဲ့ရသူတွေက စိုင်းထီးဆိုင်တို့၊ ခင်မောင်တိုးတို့ဆို နားထောင်လို့ မရတတ်ဘူး။ ဘယ်လိုသီချင်းတွေလဲလို့ ပြောတတ်ကြတယ်။ စိုင်းထီးဆိုင်၊ ခင်မောင်တိုးတို့နဲ့ ကြီးပြင်းခဲ့ရသူတွေ ကျပြန်တော့ ဇော်ဝင်းထွဋ်တို့ လေးဖြူတို့ကို အသည်းထဲစွဲသွားဖို့ ခက်နေပြန်ရော။

အဲ ကျွန်တော်တို့နားထဲကျပြန်တော့ ဂျောက်ဂျက်တို့အုပ်စုကပေါ့ရွှတ်ရွှတ်ပဲပေါ့။
ကျွန်တော်ပြောချင်တာက ကိုယ်ကြီးပြင်းခဲ့ရတဲ့ တေးသီချင်း၊ အဆိုတော်၊ တီးဝိုင်းတွေကို စွဲစွဲမြဲမြဲ နားထောင်တတ် ကြတယ်ဆိုတာ သိပ္ပံနည်းကျတယ်ဆိုတာပါ။

အမေရိကန် သိပ္ပံပညာရှင်၊ စာရေးဆရာ၊ ပါမောက္ခ ဆာပိုး(လ်) စကီး (Sapolsky) က နယူးယောက်မဂ္ဂဇင်းမှာ ဆောင်းပါးတစ်ပုဒ် ရေးထားပါတယ်။ သူပြောတာက သူဟာအသက်အရွယ်ရလာတာနှင့်အမျှ အနုပညာခံစားမှုနယ်ပယ် ကျဉ်းလာပါသတဲ့။ အထူးသဖြင့် တေးဂီတတွေကို ခံစားတဲ့နေရာမျိုးမှာပေါ့။သူက သိပ္ပံပညာ ရှင်ဖြစ်လေတော့ ဒီကိစ္စက တကယ်ပဲ ယေဘုယျဖြစ်တတ်တဲ့သဘောလားဆိုတာသိဖို့ သုတေသနပြုခဲ့တယ်။

သူက အသံလွှင့်ဌာနပေါင်းစုံရဲ့ မန်နေဂျာတွေ အရာရှိတွေကို ချဉ်းကပ်ပြီး ဘယ်လိုတေးဂီတတွေကို နားထောင်တတ်ပါသလဲ၊ အဲသလို နားထောင်တဲ့တေးဂီတတွေဟာ ဘယ်အရွယ်မှာ စတင်နှစ်ခြိုက် ခဲ့တာလဲ ဆိုတဲ့ မေးခွန်းတွေကို မေးတာပါ။ အဲဒီမှာ သူသိလိုက်ရတဲ့အချက်က အသက် ၂၀- နဲ့အောက်မှာ အသဲစွဲကြိုက်ခဲ့တဲ့ သီချင်းတွေရှိခဲ့ရင် အဲဒီလူဟာ အဲဒီသီချင်းတွေကိုပဲ ခံစားတတ်ပြီး အဲဒီသီချင်းတွေကိုပဲ တသက်လုံး စွဲစွဲမြဲမြဲ နားထောင်သွား တတ်ကြပါသတဲ့။ အခြားနှစ်သက်တဲ့ သီချင်းတစ်ချို့ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် အသဲထဲစွဲပြီး တသက်လုံးတော့ နားမထောင်ကြပါဘူး။

အဲဒီကနေဆက်ပြီး နောက်ထက်တွေ့ရှိခဲ့ရပြန်တာကတော့ အသက် ၃၅- နှစ်နဲ့ အထက်မှာ စတင်ရင်းနှီးပြီး နှစ်ခြိုက်တဲ့ ဂီတကိုတွေ့ရင်း ခံစားတတ်လာတဲ့ လူတွေထဲမှာ ၅- ရာခိုင်နှုံးအောက်လျော့တဲ့လူတွေပဲ ဆက်ပြီး နားထောင်တတ်ကြပါသတဲ့။

သူက အစားအစာနဲ့ ဖက်ရှင်တွေမှာလည်း သုတေသနပြုခဲ့ပါတယ်။
အမေရိကကို စူရှီစတင်ပေါ်ပြူလာဖြစ်နေတဲ့အချိန်မှာ အသက် ၃၅- နှစ်နဲ့အထက်မှာရှိတဲ့ လူတွေထဲက (၉၅) ရာခိုင်နှုန်းဟာ စူရှီကို တို့လို့တောင် မကြည့်ကြဘူးတဲ့။ အဲသလိုပါပဲ ဖက်ရှင်အသစ်အဆန်း ပေါ်လာတဲ့အချိန်မှာ အသက် (၂၅) နှစ်နဲ့အထက်မှာရှိနေတဲ့ လူတွေရဲ့ (၉၅) ရာခိုင်နှုန်းက ဖက်ရှင်အသစ်ကို မဝတ်ကြတော့ပါဘူးတဲ့။

ဒါက အခုသိပ္ပံဖြစ်သွားပါပြီ။ ဒါပေမယ့် ထူးဆန်းလှတဲ့ ကိစ္စရယ်လို့တော့ ပြောဖို့ခက်ပါတယ်။ အသစ်အဆန်းတစ်ခုခုဆိုရင် လူကြီးတွေထက် လူငယ်တွေက ပိုပြီးစိတ်ဝင်စားတတ်ကြတာ မဟုတ်လား။ အသက်(၃၅) နှစ်ဆိုတဲ့ အရွယ်ဟာ မြူးဇစ်အသစ်၊ အစားအစာအသစ်၊ ဖက်ရှင်အသစ်တွေကို လုံးဝလက်မခံနိုင်တော့ဘူးဆိုရင်တော့ သိပ်သဘာဝတော့ မကျဘူးပေါ့။ ဒါပေမယ့် သူတို့ဟာ အသစ်ကို လူငယ်တွေလိုတော့ တစွဲမက်မက်သိပ်မရှိကြတော့ဘူး။

ဒါတွေမှမဟုတ်ပါဘူး၊ အသက်အရွယ်ရလာတာနှင့်အမျှ သူတို့ဖတ်တဲ့ စာပေအမျိုးအစားတွေကလည်း နည်းသထက်နည်း၊ ကျဉ်းသထက်ကျဉ်းလာတတ်ပါတယ်။ စာဆိုရင်အစုံဖတ်တယ်ဆိုတဲ့ လူတွေတောင်မှ အရွယ်ထောက်လာရင် စာရွေးပြီး ဖတ်လာကြပါတယ်။

ဒီကိစ္စမျိုးတွေမှာ နယ်ကျဉ်းလာတာက ပြဿနာကြီးမဟုတ်ပေမယ့် အသစ်ကိုလက်ခံတာ၊ မခံတာအသာထား အိုးပန်းမိုင်းဖြစ်ဖို့တော့ အလွန်အရေးကြီးတယ်လို့ ပြောရမယ်ထင်ပါတယ်။

၁၉၉၀- နှစ်တွေတုန်းက ကန်တပ်ကီ( Kentucky) တက္ကသိုလ်က ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ပါမောက္ခ ဒေးဗစ် စနိုးဒန် ( David Snowdon) က ဒီကိစ္စအတွက် နှစ်ရှည်လများ သုတေသနပြုခဲ့တယ်။ သူ သုတေသနပြုခဲ့တာက အသက်ကြီးပြီး အတိတ်ကို သတိမရတော့တဲ့ သီလရှင်တွေကိုပါ။

သူတွေ့ရှိတာကတော့ တက္ကသိုလ်တစ်ခုခုက ဘွဲ့ရသီလရှင်တွေဟာ ပညာရေးနဲ့လည်း အဆက်မပြတ်ဘူးဆိုရင် အခြားသီလရှင်တွေထက် ပိုပြီးကိုယ်အားကိုယ်ကိုးဆန်တယ်။ ပိုပြီး တက်ကြွတယ်လို့ ဆိုပါတယ်။

ဒါအပြင် ပညာလည်း ဆက်လက်ဆည်းပူးမယ်၊ စိတ်ဝင်စားစရာ အသစ်အသစ်တွေကိုလည်း ပိုပြီးလိုက်စားမယ်ဆိုရင် သူတို့စိတ်တွေကလည်း ပိုပြီးလန်းဆန်း တက်ကြွနေပါသတဲ့။

ဒါကိုကြည့်ရင် အသက်အရွယ်ရလာတဲ့လူတွေဟာ ဂီတ၊ အစားအစာ၊ ဖက်ရှင်စတာတွေကို ခေတ်နဲ့အညီ မီအောင်မလိုက်နိုင်ဘူးဆိုရင်တောင် အိုးပင်းမိုင်း(ဒ်) ဖြစ်နေပြီး စိတ်ဝင်စားစရာအသစ်တွေ၊ အတွေ့အကြုံအသစ်တွေကို ရှာဖွေ လက်ခံနိုင်ဖို့တော့ ကြိုးစားထားသင့်တာပေါ့။ ဦးနှောက်ကို အလုပ်ပေးထားတော့ အာရုံကြောဆိုင်ရာ ရောဂါတွေ သက်သာစေတယ်လို့ သိပ္ပံက ပြောတယ်မဟုတ်လား။

ဘာပဲပြောပြော မာမာအေးမှ မာမာအေး၊ ခင်မောင်တိုးမှ ခင်မောင်တိုးဆိုလိုလည်း ခေတ်မမီလို့ ရှက်စရာမဟုတ်တော့ဘူးလေ။
ဒါလည်း သိပ္ပံနည်းကျပဲဥစ္စာ။


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

အမှန်တကယ် ပျော်ရွှင်ကြသူများ (၁)

ဗုဒ္ဓခေတ်က လွတ်မြောက်ရာကို ရှာဖွေကြသောခေတ်ဖြစ်သည်။ အယူအဆ အကျင့်စရိုက် မတူကြသော်လည်း အားလုံးလိုလိုက ဝိမုတ္ထိကို ရှာဖွေနေကြခြင်းဖြစ်၏။ ယနေ့ ခေတ်က ဝိမုတ္ထိထက် ပျော်ရွှင်မှုကို ရှာဖွေသောခေတ်ဖြစ်သည်။

စာအုပ်များ၊ ဆောင်းပါးများ များစွာရှိသည်။ “ပျော်ရွှင်သော ဘဝကို - ” ဘာညာဘာညာ စသော ခေါင်းစဉ်များဖြင့် ဖြစ်သည်။ ထိုအခါ သိပ္ပံပညာရပ်ကလည်း မလွဲမရှောင်သာပျော်ရွှင်ခြင်းအကြောင်းတရားကို စူးစမ်း သုတေသနပြုလာကြတော့သည်။ စာပေ၊ စာအုပ်များ၌သာမက ပျော်ရွှင်ခြင်း၏ သော့ချက်များကို အင်တာနက်ထဲရှာဖွေကြည့်ပါက တစ်သက်လုံးဖတ်၍ မကုန်နိုင်လောက်သည့် လမ်းညွှန်ချက်များတွေ့  ရပေမည်။ အားလုံးကိုဖတ်ပါက ပျော်စရာအချိန်ပင် မရှိနိုင်တော့။

တစ်ချို့ ကမူ သီအိုရီများကို မယုံကြည်ကြ။ ကြည်နူးကျေနပ်စရာကောင်းသောစာ၊ ကာတွန်း၊ ရုပ်ရှင် စသည်ကြည့်လိုက်ခြင်းက တစ်ခဏတော့ပျော်ရွှင်မှုရပြီး စိတ်ဖိစီးမှုကိုလျော့ကျသည်ဟု ယုံကြည်ကာ ထိုထို စာ၊ ကာတွန်း စသည်တို့ ကို ရှာဖွေကြည့်ရှုကြ၏။

တစ်ခါက အတန်းထဲမှာ ပြောဖူးသည်။
“ဘယ်အချိန်မှာ ငါမပျော်တာလဲ” ဆိုသည့်မေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ကြရန်ဖြစ်သည်။ သူတို့ ကိုလည်း ဘယ်လိုအခါမှာ မပျော်မရွှင်ဖြစ်သလဲဟု မေးကြည့်ရာ အဖြေ အများကြီးကွဲထွက်သွားသည်။

ကျောင်းသားက "အိမ်စာတွေများတဲ့အခါ"၊ "စာမေးပွဲကျတဲ့အခါ" စသည်ဖြေပြီး လူကြီးများက "အလုပ်ပရက်ရှာများတဲ့အခါ"၊ "စီးပွားရေးမကောင်းတဲ့အခါ" စသဖြင့် ဖြေဆိုကြသည်။ သူတို့ အဖြေများလည်း မှန်ပါသည်။ သို့ သော် ယေဘုယျတန်ဖိုးကိုမူ မရောက်ပေ။

ထို့ ကြောင့် အဘိဓမ္မာနှင့်ကပ်၍ ပြောမိသည်။
“လွယ်လွယ်လေးပါ။ စိတ်တိုနေရင် စိတ်ထဲအလိုမကျရင် မပျော်ဘူး” ဟုဖြစ်သည်။

ဒေါသသည် ပျော်ရွှင်ခြင်း၏ ဆန့် ကျင်ဖက်ဖြစ်၏။ အဘိဓမ္မာဆန်ဆန်ဆိုလျှင် ဒေါသ၌ သောမနဿ သဘောမရှိ။ ထို့ ကြောင့် ဒေါသ၏ အပေါင်းအပါများဖြစ်ကြသည့် ဣဿာ မစ္ဆရိယ ကုက္ကုစ္စ တို့ ဖြစ်ခိုက် လူတစ်ယောက် မပျော်ပိုက်နိုင်တော့ပေ။

အနည်းငယ်ချဲ့ လို၏။
အခြားသော အကုသိုလ်များက အကုသိုလ်ပင်ဖြစ်တန်စေ ပျော်ရွှင်မှုကိုပေး၏။ ဥပမာ မောဟ မသိခြင်းဖြစ်သည်။ လူ့ ဘဝ၌မသိပျော် ပျော်နေရသော အခိုက်အတန့် များစွာရှိသည်။ သိလိုက်မှ စိတ်ညစ်ရသည်။ လောဘ။ ပျော်ရွှင်ခြင်း၏ အဓိကသော့ချက်ကပုထုဇဉ်များအတွက် လောဘသဘောတရား ဖြစ်သည်။ လောဘနှင့် သောမနဿသဘောတိုက်ရိုက်ထိစပ်နေသည်။ ဆိုလိုသည်မှာ လောဘမူစိတ် တို့ ၌ သောမနဿဝေဒနာက ဦးဆောင်တက်လာသည်။ အပြစ်ကင်းသော ပျော်ရွှင်မှုတော့ မဖြစ်နိုင်။ သို့ သော် ပျော်ရွှင်မှုကတော့ ပျော်ရွှင်သာဖြစ်၏။

လောဘ၊ ဒေါသ၊ မောဟ ဟူသော အကုသိုလ်ဗိုလ်ချုပ်ကြီးသုံးယောက်အနက် ပျော်ရွှင်မှုကို လုံးဝမပေးနိုင်သော ဗိုလ်ချုပ်ကတော့ ဒေါသပင်ဖြစ်သည်။ ဒေါသဖြစ်ခိုက် ထိုပုဂ္ဂိုလ် လုံးဝမပျော်နိုင်။ ထို့ ကြောင့် အဘိဓမ္မာ သဘောတရား အရ ပျော်ရွှင်သောဘဝနှင့် မပျော်ရွှင်သောဘဝကို တိုင်းထွာကြည့်ရန် ဒေါသ၊ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ တို့ သာရှိတော့သည်။ ဒေါသဖြစ်ခိုက် ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ဖြစ်ခိုက် မပျော်။

ဒေါသအကြောင်းကို အနည်းငယ်ချဲ့ လိုသည်။
ဒေါသဖြစ်ကြောင်းတရားဆယ်ပါးရှိ၏။ ပုဂ္ဂိုလ်နှင့်ဆိုင်၏။ ကာလသုံးပါးနှင့်ဆိုင်၏။
အတိတ်နှင့်စပ်၍ 
၁။ သူ ငါ့အကျိုးမဲ့ကို ပြုဖူးပြီ။
၂။ သူ ငါ့မိတ်ဆွေတွေရဲ့ အကျိုးမဲ့ကို ပြုဖူးပြီ။
၃။ သူ ငါ့ရန်သူရဲ့ အကျိုးစီးပွားကို ဆောင်ဖူးပြီ။
ပစ္စုပ္ပန်နှင့် စပ်၍ 

၎။ သူ ငါ့အကျိုးမဲ့ကို ပြုဆဲ။
၅။ သူ ငါ့မိတ်ဆွေတွေရဲ့ အကျိုးမဲ့ကို ပြုဆဲ။
၆။ သူ ငါ့ရန်သူရဲ့ အကျိုးစီးပွားကိုဆောင်ဆဲ။ ဟု သုံးမျိုးပြသည်။
အနာဂတ်နှင့် စပ်၍ 

၇။ သူ ငါ့အကျိုးမဲ့ကို ပြုလုပ်လိမ့်မည်။
၈။ သူ ငါ့မိတ်ဆွေတွေရဲ့ အကျိုးမဲ့ကို ပြုလုပ်လိမ့်မည်။
၉။ သူ ငါ့ရန်သူရဲ့ အကျိုးစီးပွားကို ပြုလုပ်ပေးလိမ့်မည်။ ဟုဖြစ်ပြီး နောက်ဆုံး
၁၀။ အဋ္ဌာန ကောပ ဆိုသည့် စိတ်တိုရမည့်ကိစ္စမဟုတ်သည်တို့ ကို တိုနေခြင်းဖြစ်သည်။ ဥပမာ မိုးမပြတ်ရွာမှု၊ နေပူမှု၊ မီးပွိုင့်၏အချိန်ကြာသည်ဟု ထင်မှု၊ ဘတ်စ်ကားနှေးမှု စသည်တို့ ဖြစ်သည်။

ဤဆယ်ချက်ကို လက်တွေ့ ကျကျကြည့်လျှင် တစ်မှ ခြောက်အထိသည် သဘာဝကျသည်။ ပုထုဇဉ်တိုင်း ဒေါသဖြစ်နိုင် သည့်ကိစ္စတို့ ဖြစ်သည်။ သို့ သော် နှစ် သုံး နှင့် ငါး ခြောက်တို့ ကတော့ ဣဿာ မစ္ဆရိယ သဘောပါဝင်နေသည်။ ခုနှစ်၊ ရှစ်၊ ကိုး အကြောင်းတရားတို့ ကတော့ ရင့်ကျက်သော ပုထုဇဉ်များမှာ မရှိတော့ပေ။ သူက အနာဂတ်ကိစ္စဖြစ်နေသဖြင့် ကြိုတင်ဒေါသဖြစ်နေခြင်းသည် သဘာဝသိပ်မကျတော့။ စိတ်ပညာ သိပ္ပံက ပါရာနွိုက်ဟုပင် သုံးစွဲထားသည်။

နောက်ဆုံး အဋ္ဌာန ကောပ ကတော့ အူလည်လည်အနိုင်ဆုံး ဒေါသဖြစ်သည်။ ခက်သည်က ထိုအကြောင်းကိုပင် မကျော်လွှားနိုင်ဖြစ်နေကြရသည်။ အားလုံးကို ပြန်ကြည့်လျှင် မိမိနှင့် ပတ်သက်၍ဖြစ်ရသောဒေါသက တစ်၊ လေး၊ ခုနှစ် နှင့် တစ်ဆယ်တို့ သာဖြစ်သည်။ သူများကိစ္စကို စိတ်ဝင်စားမှု နည်းမည်ဆိုလျှင် နှစ်၊ သုံး၊ ငါး၊ ခြောက်၊ ရှစ်၊ ကိုး တို့ ကိုရှောင် ရှားနိုင်သည်။

မှန်သည်ဟုထင်သည်။ သူများကိစ္စကိုဝင်မပါတတ်သော ပုဂ္ဂိုလ်များ ဒေါသဖြစ်ကြိမ်နည်းပြီး ပို၍ ပျော်ရွှင်သောဘဝကို ရရှိတတ်ကြသည်။

ဣဿာ မစ္ဆရိယ
ဒေါသဖြစ်ပြီး ဣဿာ မစ္ဆရိယကို ကြည့်ချင်သည်။ လူတိုင်း နားလည်နေသည့် ဤစကားနှစ်လုံးကို ဘာသာမပြန်တော့။ ရှုပ်သွားမှာ စိုးရသည်။ ဣဿာ မစ္ဆရိယဖြစ်ခိုက် မပျော်။

ဤ၌ ဒေါသနှင့် ဣဿာ မစ္ဆရိယတို့ အကြား ခြားနားချက်ဖြစ်နေသည်။ အဘိဓမ္မာသဘောအားဖြင့် အားလုံးသည် အကုသိုလ်သာဖြစ်သည်။ သို့ သော် လက်ရှိဘဝ၌ ဒေါသထက် ဣဿာ မစ္ဆရိယက ပို၍ အောက်တန်းကျသလို သတ်မှတ်ကြ၏။ ဤသတ်မှတ်ချက်က ကမ္ဘာက သတ်မှတ်သည့် ဆိုရှယ် အက်သစ်သဘောဖြစ်သည်။

ဒေါသဖြစ်စရာ ကြုံခိုက် အထိုက်အလျှောက် ဒေါသဖြစ်သည်ကို နားလည်ထားနိုင်ကြသော်လည်း သူတစ်ပါး တိုးတက်အောင်မြင်မှုကို ဣဿာ မစ္ဆရိယ ပွားနေခြင်းကိုမှု နားလည်ပေး အလွန်ခက်ခဲသည်။ ယေဘုယျကို ခြုံကြည့်လျှင် အနောက်တိုင်းလူများက အရှေ့တိုင်းသားများထက် ဣဿာ မစ္ဆရိယနည်းကြသည်။ တစ်ယောက်ကို တစ်ယောက် ဣဿာ မစ္ဆရိယထက် ပိုသာအောင်ကြိုးစားတတ်ကြသည်။ သို့ သော်တရားရိပ်သာများ အရှေ့တိုင်းမှာ ပိုပေါသည်ကိုကား အငြင်းပွား၍မရ။

ဣဿာ မစ္ဆရိယသည် ဆင်းရဲမွဲတေမှု၊ ဘဝ အာမခံချက်မရှိမှုစသည်တို့ နှင့် ဆက်စပ်သည်။ ဆင်းရဲသူတိုင်း ဣဿာ မစ္ဆရိယကြီးသည်ဟု ဆိုရန်မဖြစ်သော်လည်း ဆင်းရဲသော လူ့ အဖွဲ့ အစည်းသည် ဣဿာ မစ္ဆရိယကို ထင်ထင် ရှားရှားပြတတ်သောာ သဘောပို၍ ရှိလေသည်။ မည်သို့ ဖြစ်စေ ဣဿာ မစ္ဆရိယတို့ လည်း ကိလေသာများသာဖြစ်သဖြင့် ထိန်းသူနှင့် မထိန်းသူသာကွာပြီး ပုထုဇဉ်နှင့် ကိလေသာကား လက်ပွန်းတတီးတော့ ရှိနေပေမည်။

အချုပ်ဆိုလျှင် ဣဿာ မစ္ဆရိယ ထူပြောခြင်းသည် ဆိုရှယ်အက်သစ်အရ အထင်သေးစရာဖြစ်သလို ပျော်ရွှင်မှုကိုလည်း တိုက်ရိုက်ထိခိုက်စေသည်။

ကုက္ကုစ္စ
ကုက္ကုစ္စဖြစ်နေလျှင်လည်း မပျော်နိုင်တော့။
ယနေ့ ခေတ်လူသားများ ကုက္ကုစ္စ ကိစ္စကို တော်တော်ခံနေကြရသည်။ စာပေအရ ကုက္ကုစ္စ ဖြစ်ကြောင်း နှစ်ချက်သာရှိသည်။
၁။ ပြုသင့်သည်ကို မပြုခဲ့မှု
၂။ မပြုသင့်သည်ကို ပြုခဲ့မှု ဖြစ်သည်။

စိတ်ရောဂါ အကြီးစားတစ်ခုဖြစ်သည်။ နောင်တများစွာရှိသူသည် ပျော်ရွှင်သောဘဝကို မရနိုင်။ တနည်း နောင်တရခိုက် ထိုပုဂ္ဂိုလ်၏စိတ် ပျော်ရွှင်မနေ။

ဒကာတစ်ယောက်က ယနေ့ ကြုံတွေ့ နေရသော မိသားစုပြဿနာတစ်ခုခုကို တွေးတွေးဆဆ ပြောပြသည်။

“ မိဘတွေက ကလေးငယ်ငယ်ကတည်းက ကလေးထိန်းကျောင်း(Child Care) ကို ပို့ လိုက်တော့ ကလေးတွေကြီးလာတော့လည်း မိဘတွေကို ငယ်ငယ်နဲ့ လူကြီးဂေဟာကို ပို့ လိုက်တော့တယ်။ ဒါက ကံတစ်ပတ်လည်တာပါပဲ” ဟု ဆိုသည်။

သူ့ အတွေးမဆိုးဟု ထင်သည်။
ကုက္ကုစ္စ ဟူသည် အလုပ်က မှားခဲ့သော်လည်း အမှားမှန်းလည်း သိမှဖြစ်နိုင်သည်။ အမှားကို အမှန်ထင်နေသမျှ ကုက္ကုစ္စ ဖြစ်ခွင့်ပင် ကြုံလိမ့်မည်မဟုတ်။ ကြောက်စရာကောင်းသည်။ စစ်စစ်ပေါက်ပေါက်တွေးလျှင် အမှားကင်းသူမရှိ။ ထို့ ကြောင့် ထို ကုက္ကုစ္စကင်းမည့် ပုထုဇဉ်လည်းမရှိ။ သို့ သော် ကုက္ကုစ္စ အထူအပါးတော့ ကွဲနေလိမ့်မည်။ ဤသည်မှာ မိမိအမှားအပေါ် ပြန်လည် သုံးသပ်မည့် ယောနိသော မနသိကာရပင် ဖြစ်သည်။

ကုက္ကုစ္စ ကို ယေဘုယျရှောင်နိုင်သောနည်းကတော့ ဝတ္တရားကျေပြွန် မှုနှင့် ကျေနပ်လောက်အောင် တွေးတော ဆင်ခြင်မှုဖြစ်သည်။

ဝတ္တရားကျေပြွန်လျှင် ဆိုရှယ်နှင့်စပ်သော ကုက္ကုစ္စ နည်းမည်။
သေသေချာချာတွေးတောပြီးမှလုပ်လျှင် ဆုံးဖြတ်ချက်မှားယွင်းမှုနှင့် ပတ်သက်သော နောင်တ နည်းမည်။ မှားသွားလျှင်ပင် အဖြေရှိလျက် မှားခြင်းမဟုတ်။ ဥာဏ်မမီ၍ (သို့ ) မရှောင်နိုင်၍ မှားလိုက်ရသည်ဟု ဖြေဆည်ရာ တွေ့ နိုင်သည်။

ဤကုက္ကုစ္စက ဓမ္မာပဒမှာပင် တိုက်ရိုက်ပါသည်။ ကုက္ကုစ္စနှင့်ပျော်ရွှင်မှုသည် တိုက်ရိုက်ဆန့် ကျင်သည်။

ဣဓ မောဒတိ ပေစ္စ မောဒတိ (ဤဘဝမှာလည်း ပျော်ရွှင်၊ နောင်ဘဝမှာလည်း ပျော်ရွှင်)
ဣဓ သောစတိ ပေစ္စ သောဒတိ (ဤဘဝမှာလည်း ပူပန်၊ နောင်ဘဝမှာလည်း ပူပန်)
ဟု ဂါထာနှစ်ပုဒ်တွဲလျက် မိန့် ခဲ့သည်။

ထို့ ကြောင့် ကုက္ကုစ္စပါး သူလည်း ပို၍ ပျော်ပါးသောဘဝကိုရနိုင်သည်။

ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ နည်းသူသည် အခြားသူများထက် ပို၍ ပျော်ရွှင်ဖွယ် ဘဝကို ရနိုင်သည်။

အနောက်တိုင်း စိတ်ပညာက မည်သို့ ဆိုစေ အရှေ့တိုင်း စိတ်ပညာကတော့ “ဒေါသဖြစ်ခိုက် သင် မပျော်” ဟု ခပ်တိုတိုသာ ဆိုလေသည်။


သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.