နားဝင်မချို (၈) "လူတော်တွေနှင့် အားနည်းချက်"

လီကွမ်းယုရဲ့ Hard Truths (to keep Singapore going) ထဲက သင့်တော်မယ့် အပိုင်းတွေကို ရွေးပြီးဘာသာပြန်ထားတာပါ။ သူ့အတွေးအခေါ်၊ သူ့လုပ်ဆောင်ချက်တွေ အရင့်အရင် စာအုပ်တွေမှာ တချို့ပါခဲ့ပေမယ့် ဒီစာအုပ်ကတော့ လူငယ်ဂျာနယ်လစ်တွေနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးဖြစ်ပြီး အမေးအဖြေပုံစံဆိုတော့ ပိုပြီးသွက်နေတယ်လို့ ခံစားရလို့ပါ။ တစ်စုံတစ်ရာ ရနိုင်ကောင်းပါရဲ့လို့ မျှော်လင့်မိပါတယ်။
ဇင်ဝေသော်


မေး ။     ။ လမ်းချော်သွားစေနိုင်တယ်ဆိုတာ ဘယ်လိုဟာမျိုးတွေပါလိမ့်။

ဖြေ ။    ။ ငါ့အလုပ်က လူငယ်အမတ်တွေကို ကူညီပေးဖို့ပဲ။ ငါက သိပ်အရေးမကြီတော့ဘူး။ အမတ်တွေရွေးရာမှာတော့ ငါနည်းနည်းပါတယ်။ ဝန်ကြီးချုပ်တွေဖြစ်ခဲ့ကြတဲ့ ဂိုချောက်တောင် နဲ့ လီရှန်လွန်းတို့က ဝန်ကြီးတွေရွေးချယ်ရာမှာတော့ ငါလုံးဝမပါတော့ဘူး။ သူတို့ပဲ ဆုံးဖြတ်တယ်။ တကယ်တမ်းပြောရရင် အခြေအနေတော်တော်များများမှာ ငါဝင်ပြောဖူး တာတွေ ရှိတယ်ကွ။ ဒီလူ့ကိုတော့ ဝန်ကြီးမရွေးသင့်ဘူး။ သူဟာ တန်းမမီဘူး ဆိုတာမျိုးတွေပေါ့။ ငါပြောပေမယ့် သူတို့ဘာသာသူတို့ ဆက်လုပ်တာတွေရှိတယ်။ တစ်ချို့က ကာရိုက်တာမခိုင်ဘူး။ အမျိုးသမီးတစ်ယောက်ဆိုရင် ငါးစိမ်းသည်ဆီသွားပြီး လက်ဆွဲနှုတ်ဆက်တယ်။ ပြီးတော့ ချက်ချင်းလက်ဆေးတယ်။ စည်းရုံးရေးဆင်းပြီဆိုရင် စားသောက်ဆိုင်တွေ (hawker centres ) ကိုလည်း သွားရတယ်။ လက်ဆွဲနှုတ်ဆက်ရတယ်။ တစ်နေ့တာ ပြီးဆုံးပြီဆိုမှ ဆပ်ပြာနဲ့လက်ဆေးပေါ့ကွာ။ မဟုတ်ဘူးလား။ လူထုရှေ့မှာ ဒီလိုမှ လိုက်လျောညီထွေမရှိနိုင်ရင် လူထုကို စာနာပါတယ်၊ နားလည်ပါတယ်လို့ ဘယ်လိုပြလို့ ရပါတော့မလဲ။

မေး ။     ။ ဒီစစ်စတန်ကြီးတစ်ခုလုံးကို တည်ဆောက်ခဲ့သူတစ်ယောက်အနေနဲ့ ဝန်ကြီးတွေကို အားနည်းချက် အနေနဲ့ ထောက်ပြ ထားခဲ့ချင်တဲ့ အချက်တွေများ မရှိဘူးလား။ ရှိရင်ဘာတွေလဲ။

ဖြေ ။    ။ အားနည်းချက်က လူတော်တွေ နိုင်ငံရေးဝင်လိုစိတ် မရှိတာပဲ။ နိုင်ငံခြားပညာရှင်တွေ ဝင်လာတာရှိတယ်။ ဒါပေမယ့် စီးပွါရေးတစ်ခုလုံးကို ကောင်းကောင်း လည်ပတ်နိုင်ဖို့ကတော့ လူတော်တွေလိုနေတုန်းပဲ။ အဖွဲ့တစ်ဖွဲ့မှာ လူတော် တစ်ထောင်လောက် ရှိမယ်။ သူတို့ကို စီမံခန့်ခွဲရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ အခြားပညာရှင်တွေရဲ့ အလုပ်တွေဆီဖြန့်ပြီး လွှတ်လိုက်နိုင်တယ်။ ဒီလိုပြန့်ပွါးနှုန်းက တော်တော်နည်းနေတယ်။ ဒီအတွက် ဘာတွေလိုမလဲ။ တစ်က- သဟဇာတဖြစ်မှု၊ နှစ်က- တာဝန်ကျေမှု၊ သုံးက- စွမ်းဆောင်ရည်ရှိမှုနဲ့ လေးက- လူထုနဲ့ တသားတည်းဖြစ်ပြီး လူထုကိုပါ အပါခေါ်နိုင်မှု၊ နံပါတ်လေးက အရေးအကြီးဆုံးပဲ။

ဆရာဝန်တွေ နိုင်ငံရေးထဲ ဆွဲသွင်းရတာတွေရှိတယ်။ ဥပမာ- ဒေါက်တာ Janil Puthucheary, Duke တက္ကသိုလ်ဒိန်း ကပြောတယ်။ “ဒီလူကို ဆေးကောလိပ်ရဲ့ ဒိန်းတစ်ယောက်အနေနဲ့ ကျွန်တော်မြင်ထားခဲ့တာ” တဲ့။ ဆေးပညာရပ်နဲ့ပတ်သက်ပြီး အိုင်ယာလန်၊ အင်္ဂလန်၊ သြစတေးလျမှာ ၁၅- နှစ်ကြာအောင် သူအလုပ်လုပ်ခဲ့ပြီးပြီ။ တော်တော် တော်တဲ့လူပဲ။ အခု သူ KK ( မိခင်နှင့်ကလေးစောင့်ရှောက်ရေး) ဆေးရုံမှာ လုပ်နေတယ်။ တို့သူ့ကို ဆွဲထုတ်ယူရမလား။ Balaji (ဗလကြီး) ကို တို့ဆွဲထုတ်ကြည့်တယ်။ သူသိပ်မလိုက်နိုင်ဘူး။ ဒါပေမယ့် သူဆက်ကြိုးစားမယ်လို့ပြောတယ်။ ပြီးတော့ အန် အိန်ဟန်ကို ဆွဲထုတ်တယ်။ ဗီဗီယံ ဗလဘရစ်ရှနန်ကို ဆွဲထုတ်တယ်။ သူတို့အောင်မြင်တယ်။ ဒါပေမယ့် ဒါဟာ ဆုံးရှုံးမှုပဲ။ သူတို့ဟာ ကင်ဆာနဲ့ မျက်စိခွဲစိတ်ကု ဆရာဝန်တွေအဖြစ် နှစ်ပေါင်းများစွာ လေ့လာခဲ့ရတာ။ အစောကြီးကတည်းက စီးပွါးရေးနဲ့စီမံကဏ္ဍထဲကို ရောက်ခဲ့ရင် ဒီထက်အများကြီး သာနိုင်တယ်။

လာမယ့် ၁၅-နှစ်၊ အနှစ် ၂၀- ကိုကြည့်။ အသက်ကြီးရွယ်အို ပြဿနာရှိနေတယ်။ ဒါက အရေးကြီးတဲ့ ပြဿနာပဲ။ စီးပွါးရေးသာ အားကိုးမနေဘူးဆိုရင် ဒီတာဝန်ကြီးက အလုပ်လုပ်နေတဲ့ စင်ကာပူးရီးယန်းတွေရဲ့ ပခုံးပေါ်မှာ သိပ်ပြီးလေးလံနေမယ်။ ဒါဆိုရင် လူတော်တွေက တခြားနိုင်ငံကို ထွက်သွားကြမှာပဲ။

ဒါဆို အတိုက်အခံပါတီက စင်ကာပူမှာ ရွေးစရာမရှိတော့ဘူးလို့ ပြောမှာပဲ။ လူသားအရင်းအမြစ်မှာ အမေရိက၊ သြစတေးလျတို့ရှိတဲ့ အချိုးလောက်တို့မှာ မရှိဘူး။

မေး ။     ။ဆိုလိုတာက ဘယ်အတိုက်အခံကမှ အခြားရွေးချယ်စရာတစ်ခုအဖြစ် ဖန်တီးမပေးနိုင်ဘူးဆိုတာလား။

ဖြေ ။    ။ ရှိကော ရှိနိုင်ရဲ့လား။ ငါတော့ မမြင်မိဘူး။ ဖြစ်နိုင်တာက ပီအေပီ နှစ်ခြမ်းကွဲသွားတာပဲ။ အကျိုးရှိနိုင်မလား။ တစ်ပါတီ၊ ရွေးကောက်ပွဲနှစ်ခုအပြိုင်။ ဒီတော့ ဘာဖြစ်မလဲ။ အတိုက်အခံက ပြန်ဝင်လာမှာပေါ့။ အတိုက်အခံပါတီထဲမှာ ဘေးထွက်တော့ ထိုင်မနေဘူး။ ပီအေပီတစ်ခြမ်းထဲကို ဝင်လိုက်မယ်။ အဓိပ္ပါယ်လုံးဝ မရှိဘူး။ တို့မှာ အရည်အချင်းရှိတဲ့လူ အဲသလောက်မများဘူး။

မေး ။     ။လုံးဝ မပြောင်းလဲသင့်တဲ့ နိုင်ငံရေးမူဝါဒတွေက ဘာတွေလို့ထင်ပါသလဲ။

ဖြေ ။    ။ အခြေခံအကျဆုံးတွေကတော့ လူမျိုးပေါင်းစုံ ညီညွတ်စွာနေထိုင်ရေး (Multiracialism) အခွင့်အရေးတန်းတူညီမျှရှိရေး။ ဒါပေမယ့် အကျိုးအမြတ်ကတော့ မတူနိုင်ဘူးပေါ့။ ပညာရေး၊ ကျန်းမာရေး၊ အိမ်ယာပိုင်ဆိုင်မှုမှာ အခွင့်အရေးအညီအမျှရှိရေး စတာတွေပဲ။ ပြီးတော့ လုပ်ရည်ကိုင်ရည်အပေါ်မှာ ဆုံးဖြတ်တဲ့ meritocracy ။ ဒါတွေဟာ အပြန်အလှန် ဆက်ဆံရေးဟာမိုနီနဲ့ ယုံကြည်မှုဘာသာအချင်းချင်း နားလည် သည်းခံခြင်းတွေရဲ့ အဓိကအချက်တွေပါပဲ။

မေး ။     ။အမြဲတမ်း အထွတ်အမြတ်တင်ထားရမဲ့ တန်ဖိုးတွေရော ရှိနိုင်မလား။

ဖြေ ။    ။ လူနည်းစုရဲ့ ကိုယ်စားလှယ်တွေ မွေးယူရမယ်။ ဒီအတွက် နည်းလမ်းနှစ်မျိုး သုံးနိုင်တယ်။ ကိုတာနဲ့ကိုယ်စားလှယ်တွေ ရွေးချယ်ခြင်း။ ဒါဆိုရင် မလေးတွေရဲ့ စရိုက်နဲ့ အခွင်းအရေးကို ပါတီတွေ ကျင့်သုံးလာဖို့ အားပေးသလိုဖြစ်လာမယ်။ ဒါမှမဟုတ် သူတို့ကို ပါတီပြောင်းခွင့်ပြုဖို့။ ဒါကပိုပြီး ပညာပါတယ်လို့ ငါထင်တယ်။ မလေးရှားမှာဆိုရင် မလေးလူမျိုးတွေရဲ့ မဲတွေပိုရဖို့ တရုတ်နဲ့ အိန္ဒိယလူမျိုးတွေထက် မလေးဦးရေတွေ ပိုများအောင်လုပ်တယ်။ လုပ်နည်းက တရားမဝင်နေထိုင်နေတဲ့ မလေးတွေကို တရားဝင်ဖြစ်အောင် လုပ်ပေးတာပဲ။ အဲသလိုဆိုရင် မလေးရှားထဲက ထွက်သွားတဲ့တရုတ်၊ အိန္ဒိယန်းတွေက ဘယ်တော့မှ ပြန်မလာတော့ဘူး။

ဒီစနစ်ကို ငါတို့ မကျင့်သုံးဘူး။ meritocracy ထွန်းကားဖို့ သေသေချာချာ ပြင်ဆင်ထားရတယ်။ ဒါကို ထိပါးလာနိုင်တဲ့ အခြေအနေမျိုးမှာ သမ္မတက ဝင်ရောက်ထိန်းသိမ်းပေးဖို့လည်း ဗီတိုအာဏာ သမ္မတကို ပေးထားရတယ်။ ငါတို့မှာ ရွေးစရာသိပ်မရှိဘူး။

အကြောင်းတစ်ကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ အများကြီးကြောင့်ပဲဖြစ်ဖြစ် မဲဆန္ဒရှင်တွေက နောက်ထပ်ပါတီအသစ်ကို မဲပေးကြည့်ရအောင် ဆိုတာမျိုးလည်း ရှိလာနိုင်တယ် ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားထားရတယ်။ နိုင်ငံတော်ရဲ့ စီးပွါးရေးမထိခိုက်စေပဲ တစ်နှစ်၊ နှစ်နှစ်၊ သုံးလေးနှစ်အတွင်းမှာ အတိုက်အခိုက်ပါတီ ပေါ်ပေါက်လာမယ်ဆိုရင်လည်း တို့သဘောကတော့ ရှိပါစေပဲ။ ဒါပေမယ့် ဒါက စီးပွါးရေးရင်းနှီးမြှုပ်နှံသူတွေကြား အသံဗလံတွေ ထွက်လာစရာတော့ ရှိတယ်။ အစိုးရအသစ်က ငါတို့ချမှတ်ထားတဲ့ မူဝါဒအသစ်ကနေ မသွေဖီဘူးဆိုရင်တောင် စီပွါးရေးအကျပ်အတည်းကြားက ငါတို့ လွတ်မြောက်လာသလိုမျိုး လွတ်မြောက်ဖို့ မလွယ်ဘူးထင်တယ်။ ဒါက သတိကြီးကြီး ထားရတယ်။ စွမ်းနိုင်တဲ့ပုဂ္ဂိုလ်တွေ စုဝေးပြီး ဆွေးနွေးမှရတယ်။ ပြဿနာတော့ တက်နေပြီ။ ဒီပြဿနာ ဘယ်လောက်ကြမယ်မသိဘူး။ ဒါဆို အရေးအကြီးဆုံးက ဘာလဲ။ အလုပ်ပဲ။ သူတို့ အလုပ်ရှိရင် လစာရှိနေမယ်။ ဒါဆို အဆင်ပြေတယ်။ ဒါဆိုရင် စင်ကာပူးရီးယန်းတွေ အလုပ်ရှိနေဖို့ ငါတို့ ဘာလုပ်ကြမလဲ။ ဒီအတွက် ဘေးဖယ်ထားတဲ့ ရံပုံငွေရှိတယ်။ အကျပ်အတည်းကာလမှာ တို့က ဒီငွေတွေနဲ့ သူတို့ကို ထောက်ကန်ထားပေးတယ်။ လိုအပ်ရင် တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်အထိ ငါတို့ ကျားကန်ပေးထားလို့ရတယ်။ ဒီတာဝန်တွေကို လူမှုဝန်ထမ်းတွေ လုပ်တာလား။ မဟုတ်ဘူး။ ဝန်ကြီးတွေလုပ်တာ။ သူတို့က လူမှုဝန်ထမ်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်းတယ်။ အလုပ်ဖြစ်မလား။ ဒါက အလုပ်သမားတွေကို တာဝန်တွေ၊ စိတ်တွေ ပိုဖိစီးစေမလား။ ခဏနား၊ ထပ်စဉ်းစား။ ကွင်းဆင်းပြီး လက်တွေ့စမ်းသပ်။ ပြီးတော့ သူတို့ကပြောတယ်။ ရပြီ၊ စကြစို့။ ကောင်းပြီ၊ မင်းတော့ အလုပ်ခဏနား၊ ထပ်ပြီး လေ့ကျင့်ရဦးမယ်။ လေ့ကျင့်ကုန်ကျစရိတ် တို့ကပေးမယ်။ ဒီလိုနဲ့ နောက်ဆုံးတော့ ပိုတိုးတက်လာတဲ့ လုပ်အားစွမ်းရည်တွေ ရလိုက်တယ်။ သာမန်အစိုးရက ဒါမျိုးလုပ်ပေးနိုင်မယ်လို့ ထင်သလား။ ငါတော့ မထင်မိဘူး။

မေး ။     ။ဆိုလိုတာက စင်ကာပူမှာ ပီအေပီကလွဲရင် အခြားခေါင်းဆောင် မရှိနိုင်တော့ဘူး။ ဒါကလည်း ပီအေပီက မူဝါဒကို သူတို့စိတ်ကြိုက်ရေးဆွဲ ထားလို့ မဟုတ်ဘူး။ အရည်အချင်း ရှိတဲ့ လူတွေ မလုံလောက်လို့။ ဒီလို ဆိုလိုတာလား။

ဖြေ ။    ။ ဟုတ်တယ်။ အရည်အချင်း မမီလို့။ အတိုက်အခံပါတီမှာ မေးခွန်းတွေ မေးတယ်။ မဲတော့ မပေးဘူး။ ဒါက ရုပ်လုံးပြသက်သက်ပါ။ သူတို့ ဒီအနေအထားမျိုးမရှိသေးဘူး။ ဆီဗီယာ လင်း (Non-Constituency MP) က ဒါကို သဘောတူတယ်။ အစိုးရတစ်ဖွဲ့အနေနဲ့ နိုင်ငံကိုလည်ပတ်ဖို့ သူတို့ အဆင်သင့်မဖြစ်သေးဘူးတဲ့။


ဇင်ဝေသော်

ရဟန်းနှစ်ပါးနှင့် မဲပေးခွင့် ရှိ ၊ မရှိ အိပ်မက်

"ရဟန်းနှစ်ပါးနှင့် မဲပေးခွင့် ရှိ ၊ မရှိ အိပ်မက် " ဆောင်းပါးသည် ယခုနှစ် May 12 ရက်က တင်ခဲ့သော ဆောင်းပါးဖြစ်သည် ။ ဤ ဆောင်းပါးကို ညီတော်တစ်ပါးဟု ယူဆရသည့် Siriyatana Dhamma Center ဘလော့ဂ် အပေါ်၌ အချိန် အတော်ကြာအောင် တွေ့ခဲ့ရသည်။ သို့သော် ဘယ်က ဘယ်လိုတွေ့သွားကြသည် မသိ မနေ့ညကမှ ဖတ်ကြ ရှဲကြ လုပ်နေကြသည်။ အတော်ပင် များသွားသည်။ ယင်းတို့တွင် ဘဝ အလင်း က ပြောသွားခဲ့သည့် " ဒီကိစ္စကို FB မှာရှိတဲ့ သံဃာတော်များအားလုံး ပါဝင်ဆွေးနွေးသင့် " ဆိုသော မှတ်ချက်ကို သဘောတွေ့ သဖြင့် ဆွေးနွေးလိုသူများ ပါဝင်ဆွေးနွေးနိုင်ရန်၊ မဆွေးနွေးလိုသော်လည်း အနည်းဆုံး ဤ ကိစ္စနှင့် ပတ်သက်ပြီး သဘောတူ မတူ ဆန္ဒပေးလို့ရရန် စီစဉ်လိုက် မိပါသည်။ စိတ်ဝင်စားသူ လူ ရှင် ရဟန်း ပါဝင်နိုင်ရန် ရည်စူးပါ၏။ ဤ ကိစ္စ မည်မျှ အရေးပါသည် ဆိုသော အချက်သည် နောင်တော် ညီတော် တို့၏ တုန့်ပြန်မှုအပေါ် မှီတည်နေသည် ဟုသာ စကား ဆိုလိုချင်ပါတော့သည်။ သီဟနာဒ သဘောကား ဤ ဆောင်းပါးဖြင့် ထင်ရှားစေခဲ့ပြီး ဖြစ်ပါသည်။ ဤမျှ လေးပင်သော အကြောင်း အရာသည် ဤ ဆောင်းပါးမျှဖြင့် ပြည့်စုံပြီဟု မယုံကြည်ပါ။ ထို့ကြောင့် မေးလိုသော ကိစ္စ၊ ဖြည့်စွက်လိုသော ကိစ္စ တို့ကို ပွင့်ပွင့် လင်းလင်း ပြောကြစေလိုပါ၏။



       စာပေအလိုအရ ရဟန်းနှစ်ပါးကို ဂန္ထဓူရနှင့် ဝိပဿနာဓူရဟုလည်းကောင်း၊ အရညဝါသီ ( တောနေရဟန်း) နှင့် ဂါမဝါသီ ( မြို့၊ ရွာနေ ရဟန်း) ဟုလည်းကောင်း ခွဲခြားထားနိုင်သည်။ အဓိပ္ပါယ်အားဖြင့် ဆင်ဆင်တူမည်ထင်ပါသည်။ သို့သော် ယနေ့လက်ရှိအနေအထားအရတော့ တော်တော်ကွဲပြားနေပြီဖြစ်သည်။ တစ်ချိန်ကမူ ဝိပဿနာဓူရ ရဟန်းက တောတွင်အနေများခဲ့ပုံရသော်လည်း ယနေ့ဝိပဿနာကား မြို့၌ပို၍ပင် ထွန်းကားနေတော့သည်။

       ရှေးတုန်းကတော့ တောနေရဟန်းဂိုဏ်း သီးသန့် မြန်မာပြည်တွင်လည်း ရှိခဲ့ပုံရသည်။ ယနေ့တော့ မရှိတော့။ တစ်ပါးစ၊ နှစ်ပါးစ မိမိယုံကြည်ချက်နှင့်မိမိ တောရိပ်ခိုခြင်းသာ ရှိတော့သည်။ ဂိုဏ်းဂဏဟုမရှိတော့။ ထိုင်းနိုင်ငံ၌ ဤယဉ်ကျေးမှုရှိသေးသည်။ အဂျန်ချာတို့ ဦးဆောင်ခဲ့ဟန်တူသည်။ ဦးဆောင်ခဲ့သည်မဟုတ်စေကာမူ သူ့နောက်ပိုင်းမှ Forest Tradition က ပို၍ခေတ်စားလာသည်။ မည်သို့ဖြစ်စေ ဤကိစ္စက ဆောင်းပါးရေးလိုသောကိစ္စမဟုတ်ပါ။

       လူမည်းခေါင်းဆောင် မာတင်လူသာကင်း၏ “My Dream ” ကဲ့သို့ သီဟနာဒ၏ အိပ်မက်ကိုရေးလိုခြင်းဖြစ်သည်။ သူ့ဒရင်း(မ်) လောက် ကမ္ဘာမကျော်လည်း ရှိစေ။ ကိုယ့်အိပ်မက်ကိုမူပြောချင်သည်။

       ယနေ့ မြန်မာပြည်က ရွေးကောက်ပွဲ ဖီးဗားတက်နေသည်။ နှစ်ပေါင်းအတော်ကြာ မဲမပေးခဲ့ရသော မြန်မာလူထုများ မဲပေးခွင့်အနည်းငယ်ရလိုက်သဖြင့် ပျော်မဆုံး၊ မော်မဆုံး ဖြစ်နေကြသည်။ ပျော်လည်း ပျော်ထိုက်ပါ၏။ သို့သော် မဲပေးရသောအရသာကို အရွယ်ရောက်ပါလျက် မခံစားရရှာသော လူတန်းစားနှစ်ရပ်ရှိသည်။ ထိုနှစ်ရပ်ကား အရူးများနှင့် ရဟန်းတော်များပင်ဖြစ်သည်။ ဘယ်တုန်းကမှ အသိအမှတ်ပြုခြင်းမခံခဲ့ရသော ရွေးကောက်ပွဲကတည်းက ဤစကား ရေပန်းစားနေခဲ့သည်။ အရူးနှင့် ရဟန်း မဲပေးခွင့်မရှိဟု ဖြစ်သည်။

       ယခုပြောလိုသောကိစ္စသည် ရဟန်းမဲပေးခွင့်ရှိရေး၊ မရှိရေး အိပ်မက်တစ်ခုသာ ဖြစ်ပါသည်



       ထို့ကြောင့် ရဟန်းသံဃာကို ဂိုဏ်းဂဏအနေဖြင့် မခွဲခြားဘဲ ( သုဓမ္မာ၊ ရွှေကျင်စသည်) ရဟန်း၏ အကျင့်နှင့်ပတ်သက်ပြီး တောနေရဟန်းဂိုဏ်းနှင့် မြို့နေ ရွာနေရဟန်းဂိုဏ်းဟု ခွဲခြားကြည့်လိုက်ခြင်းဖြစ်သည်။

       သစ်ဥသစ်ဖုကိုသာ ဘုန်းပေးပြီး သမထ၊ ဝိပဿနာ မေတ္တာဘာဝနာဖြင့်သာ နေတော်မူကြသော ရဟန်းတော်များအတွက် မည့်သည့်အစိုးရတက်သည်၊ မည်သူအုပ်ချုပ်နေသည်ဆိုသောကိစ္စက အရေးမကြီးလှပေ။ ထို့ကြောင့် အရညဝါသီဂိုဏ်းကို မဲမပေးစေရ၊ ထိုသံဃာများကလည်း ဤမျှလောကီဆန်သောကိစ္စကို စိတ်ဝင်စားတော်မူကြလိမ့်မည်မဟုတ်ပေ။

       ပြဿနာကား မြို့နေ၊ ရွာနေ ( ဂါမဝါသီ၊ နဂရဝါသီ) ရဟန်းတော်များ ဖြစ်သည်။ ထိုရဟန်းတော်များက လူကြားထဲ၌နေရသဖြင့် လူထုနှင့် ဆက်စပ်နေသည်။ ထို့ကြောင့် လူထု၏ ဒုက္ခ၊ သုက္ခတို့ သူတို့ကိုထိခိုက်စေ၏။

ရွှေဝါရောင်အရေးအခင်းကပင် လူထု၏ဒုက္ခကြောင့် အုံကြွလာကြသော ရဟန်းတော်တို့၏ လှုပ်ရှားမှုတစ်ခုဖြစ်သည်။ လူထု၏ဘဝက အုပ်ချုပ်သောအစိုးရနှင့် ဆက်စပ်နေလျှင် ထိုရဟန်းတော်တို့နှင့် အစိုးရကလည်းသွယ်ဝိုက်၍ ဆက်စပ်နေတော့သည်။ သို့ဖြစ်လျှင် မြို့နေ၊ ရွာနေရဟန်းတော်များလည်း အုပ်ချုပ်မည့်အစိုးရကို ရွေးချယ်ပိုင်ခွင့်ရှိသင့်သည်။

       “ ရဟန်းနှင့် မဲပေးခြင်းဘာမှမဆိုင်” ဟု ပြောလိုက ပြောနိုင်၏။ သို့သော် ဘာသာရေးဝန်ထမ်းများ မဲပေးခွင့်မရှိသော ဒီမိုကရက်တစ်နိုင်ငံ မည်မျှရှိပါသနည်း။ ထေရဝါဒနိုင်ငံတို့တွင် သီရိလင်္ကာက ရှေ့အတော်ရောက်နေသောနိုင်ငံ ဖြစ်သည်။ ရဟန်းတစ်ပါးသည် ဆန္ဒရှိပါက မဲပေးရုံသာမက မဲပါအရွေးခံခွင့်ရှိသည်။ ရဟန်းပါလီမန်အမတ်ရှိသည်။ “ ဒါမျိုးကတော့ မကောင်းပါဘူး၊ ကြာရင် သာသနာကွယ်လိမ့်မယ်” ဟု ရဟန်းတစ်ပါး ပါလီမန်အမတ်ဖြစ်တာနဲ့ သာသနာကွယ်သည်အထိ ဆွဲတွေးသူများလည်း ရှိတတ်သည်။ မဆိုင်လှပါ။

       မှန်တော့ မှန်ပါသည်။ ယနေ့ မြန်မာဗုဒ္ဓဘာသာများအနေဖြင့် ပါလီမန်အမတ်ဖြစ်နေသော ရဟန်းတစ်ပါးကို ဖူးတွေ့ရန် အတန်ငယ် ကသိကအောက်တော့ ဖြစ်နိုင်ပါသည်။ ကျင့်သားမရကြသေးသောကြောင့်သာ ဖြစ်သည်။ မည်သို့ဆိုစေ ရဟန်းတစ်ပါးအနေနှင့် နိုင်ငံရေးကိစ္စထဲ၌ သိသိသာသာ ပါဝင်နေခြင်းကတော့ မကောင်းပေ။ မဖြစ်သင့်ဟုလည်း ထင်သည်။ သို့သော် မဲပေးခြင်းနှင့် ဝင်ရောက်အရွေးခံခြင်းက လုံးဝမတူညီပေ။

       ရဟန်းတော်များလည်း အစိုးရကို ရွေးချယ်ခွင့်ရှိနေသင့်သည်။

       ယနေ့ ရဟန်းတော်များသည် အစိုးရပိုင်းကလုပ်ရမည့်တာဝန်တစ်ချို့ကို ဝင်ရောက်လုပ်ကိုင်နေကြရသည်။ အဓိကအားဖြင့် ပညာရေး။ ကျန်းမာရေး၊ လူမှုရေးကိစ္စများဖြစ်သည်။ ဗြိတိသျှကိုလိုနီခေတ်က ပညာရေးနှင့်ပတ်သက်ပြီး ရဟန်းတော်များ မားမားမတ်မတ်ရပ်ခဲ့ပြီး ဘ/ကကျောင်းများ ဖွင့်လှစ်သင်ကြားခဲ့ကြသည်။ အဓိကအကြောင်းက ဘာသာရေး၊ စာပေနှင့် ယဉ်ကျေးမှု ပျောက်ကွယ်မည်ကို စိုးရိမ်တော်မူကြသောကြောင့် ဖြစ်သည်။ အမှန်မူ ကလေးပညာရေးဟူသည် အစိုးရက တာဝန်ယူလုပ်ဆောင်ရမည့်ကိစ္စ ဖြစ်သည်။ လူမျိုးခြားအစိုးရက မိမိတို့လိုသော ပညာရေးကို ပေးမည်မဟုတ်။ ထို့ကြောင့် ကိုယ်ပေးလိုသော ပညာရေကို ကိုယ်တိုင်သာပေးကြရပေတော့သည်။ ဆိုလိုသည်မှာ အစိုးရကမလုပ်၍ ကိုယ်တိုင်လုပ်နေကြရခြင်းသာ ဖြစ်သည်။ သို့ဖြစ်လျှင် ထိုအစိုးရပြောင်းလဲဖို့အတွက် ရဟန်းတော်များမှာလည်း သွယ်ဝိုက်၍ တာဝန်ရှိနေပြန်သည်။

       ယနေ့ နိုင်ငံတော်ကား အဘက်ဘက်က ချွတ်ယွင်းလျက်ရှိသည်။ ထင်ရှားသောသာဓကမှာ မန္တလေးမှာ မီးလောင်တိုင်း ရဟန်းတော်များပိုတွေ့နေရတတ်ခြင်းပင် ဖြစ်သည်။ (ယခုတွေ့ရသေးသလားတော့ မသိပါ)။ ဤအလုပ်များသည် မီးသတ်သမားများ လုပ်ရမည့်အလုပ်ဖြစ်သည်။ သို့သော် ထိုမီးလောင်သော နေရာက မိမိ၏ ရဟန်းဒကာ၊ ဆွမ်းဒကာများ အိမ်တွေနှင့် နီးနေလျှင် ထိုရဟန်းမှာလည်း တာဝန်သွယ်ဝိုက်၍ ရှိသွားတော့သည်။ ထိုဒကာများ ဒုက္ခရောက်လျှင် ထိုရဟန်းလည်း ဒုက္ခရောက်တော့သည်သာ။ မည်သို့ဆိုစေ မီးသတ်ကား၊ မီးသတ်သမားများ၊ အစိုးရဆိုင်ရာဝန်ထမ်းများက ကျပ်ကျပ်မတ်မတ်လုပ်ပေးနေမည်ဆိုလျှင် ထိုရဟန်းဝင်ပါလာစရာ မလိုပေ။ သူတို့က ထိုသို့မလုပ်လျှင်တော့ ရဟန်းက ဝင်ပါလာပေလိမ့်မည်။ မီးလောင်နေသည်ကို ကျည်ဆံဖြင့် ငြှိမ်းသတ်၍မရပါ။ လူဆူလျှင် ကျည်ဆံဖြင့် ငြှိမ်းနိုင်သော်လည်း မီးလောင်လျှင်တော့ ကျည်ဆံဖြင့်မရတော့။ ထို့ကြောင့် ရဟန်းတော်များနှင့် အုပ်ချုပ်မည့်အစိုးရကလည်း သွယ်ဝိုက်၍ ဆက်စပ်နေပြန်တော့သည်။

       ပို၍ တစိမ်းတရံဆန်သောကိစ္စက ရဟန်းနှင့် အလုပ်အကိုင်ရှာဖွေပေးရေး ( ဂျော့ဖ် ခရီရေးရှင်း) ကိစ္စဖြစ်သည်။ ရဟန်းတစ်ချို့က ဤကိစ္စများပင်ပါဝင်နေကြသည်။ လူတစ်ချို့ကို အလုပ်အကိုင်လေးဘာလေးရစေရန် စီမံပေးလာကြသည်။ တကယ်တမ်းဆိုရလျှင် နိုင်ငံအတွင်း၌ အလုပ်လက်မဲ့ဦးရေလျှော့ချရေးသည် အစိုးရ၏တာဝန်တစ်ရပ်သာဖြစ်သည်။ နိုင်ငံတစ်ဝှမ်းလုံးကိစ္စဖြစ်သဖြင့် အစိုးရလုပ်မှလည်း ထိရောက်သည်။ အစိုးရကလုပ်မပေးနိုင်သည့်အခါ အစိုးရလုပ်ရမည့်အလုပ်တစ်ချို့ကို ရဟန်းတော်မျာလုပ်လာကြသည်။ ထိုသို့သော ရဟန်းတော်များအတွက် အစိုးရရွေးချယ်ပိုင်ခွင့် ရှိနေသင့်သည်။

       ဒါကို ဝိနည်းတော်ထဲမှာ မပါဘူး- ဟု ဆိုနိုင်သည်။ သို့သော် ဝိနည်းတော်နှင့်မညီဟုလည်း ပြောရန်ခက်ပါသည်။ ဝိနည်းတော်၌ အစိုးရကို၊ အတိုက်အခံပါတီကို မဲပေးက အာပတ်သင့်စေဟု ဆိုမထားသောကြောင့် ဖြစ်သည်။

       ဘုရားလက်ထက်ကတော့ မဲစနစ်ကို သံဃာထဲတွင်သာ ကျင့်သုံးခဲ့ဟန်တူသည်။ အစိုးရကိစ္စ၊ ရှင်ဘုရင်ကိစ္စကတော့ ဧကရာဇ်၊ ပဒေသရာဇ်များဖြစ်ကြသောကြောင့် မည်သူမျှ မဲပေးရန်မလိုတော့ပါ။ ထိုကိစ္စမျိုးမရှိခဲ့သည့်အတွက် ပြဿနာမရှိခဲ့။ ပြဿနာမရှိခြင်းကြောင့် သိက္ခာပုဒ်လည်း ပညတ်ရန်မလိုခဲ့ပေ။ ထို့ကြောင့် ဝိနည်းကိစ္စကို ပြောလို့မရတော့။ “ မသင့်တော်ဘူး ထင်ပါတယ်” ဟုသာ ခပ်ဝါးဝါး ပြောနိုင်တော့သည်။

       လတ်တလော နှစ်(၂၀) နှင့် (၃၀) အကြား၌ နိုင်ငံခြားသာသနာပြုကိစ္စ တော်တော်ခေတ်စားလာကြ၏။ ( အရင်က ပီနန်ဆရာတော်တို့၊ ဆရာတော် ဦးသေဌိလတို့လို တစ်ပါးစ၊ နှစ်ပါးစသာရှိသည်။) မြန်မာရဟန်းတော်များ ပြည်ပကို တော်တော်ထွက်လာကြ၏။ အလုပ်အကိုင်ရှာဖွေရန်ထွက်လာသော မြန်မာများလည်း ဆတိုးမကများလာ၏။ ပရော်ဖက်ရှင်နယ်တွေပါ၏။ မဟုတ်တာတွေလည်းပါ၏။ ပရော်ဖက်ရှင်နယ်တွေက ပြဿနာမဟုတ်သော်လည်း ပရော်ဖက်မရှင်သူတို့ကား ဒုက္ခကြီးလှ၏။ ဘယ်သူသေသေ၊ ငတေမာရင်ပြီးရောဆိုသည့် အလုပ်အကိုင်ရှာဖွေပေးသော အေးဂျင့်များ၊ ပြည်တွင်းဒုက္ခကိုသာသိပြီး ပြည်ပဒုက္ခကို မသိကြရှာသော ငမိုက်သား၊ ငမိုက်သူများ။ ကျွန်စနစ်မရှိဟုဆိုစေ၊ ကျွန်စနစ်ထက်ဆိုးသော ပညာပါပါဒုက္ခပေးတတ်သော စစ်အေးအရင်းရှင်များ၊ စသည်တို့ကြောင့် လူမှုရေးပြဿနာများက များလှ၏။

       ထိုပြဿနာများကို မြန်မာနိုင်ငံဆိုင်ရာသံရုံးများက ဖြေရှင်းပေးရမည်ဖြစ်သည်။ ထိုသံရုံးက မရှင်းသောအခါ ထိုပြဿနာများက စာနာတတ်သော မြန်မာလူနည်းစုနှင့် ရဟန်းတော်များထံ ရောက်သွားတတ်သည်။ ( လွန်ခဲ့သော နှစ်နှစ်ခန့်က ဖြစ်သည်။) ဘုန်းကြီးအမှုရွာမပတ်ရပဲ ရွာမှုများ ဘုန်းကြီးတွေထံ ပတ်လေတော့သည်။ ထိုအခါ ရဟန်းတော်တစ်ချို့က အစိုးရလုပ်ရမည့်တာဝန်တို့ကို ဝင်လုပ်ရလေတော့သည်။

       ထိုရဟန်းများမှလည်း အစိုးရကောင်းပေါ်ထွက်ရေးအတွက် တာဝန်ရှိပေသည်။ ဆိုလိုသည်မှာ မဲပေးခွင့်ရစေသင့်သည်။

       ရှေးရိုးစွဲအမြင်ဖြင့် “မဖြစ်သင့်” ဟု ဆိုသော ပုဂ္ဂိုလ်များရှိနေပေလိမ့်မည်။ ထိုရှေးရိုးစွဲကြောင့် ဘယ်လောက်နောက်ကျကျန်ခဲ့ပြီလဲဟု တွေးရန်ရှိလာပြန်သည်။

       ကြည့်ပါ။ အင်္ဂလိပ်စာကို တိရစ္ဆာနကထာ (မဂ်ဖိုလ်မှ ဖီလာဖြစ်သောစကား) ဟုဆိုကာ မသင်ခဲ့ကြ။ မသင်တော့ မစွံကြ။ သာသနာပြုရာမှာပင် နောက်ကောက်ကျကျန်ခဲ့ကြ၏။ ပိဋကတ်တော်များကို အင်္ဂလိပ်ပြန်ထားသော အင်္ဂလိပ်ဘာသာများကို တိရစ္ဆာနကထာဟု မည်သူပြော၍မှန်အံ့နည်း။ ဤသို့ဆိုလျှင် ပါဠိမှ မြန်မာမှုပြုထားသော မြန်မာပြန်ကျမ်းစာများကိုလည်း တိရစ္ဆာနကထာတွင် ထည့်ကြမှသင့်ပေလိမ့်မည်။ အကြောင်းကား မူရင်းပါဠိဘာသာဖြင့် မဟုတ်သောကြောင့်တည်း။

       အချုပ်ဆိုရသော် မြို့နေရွာနေရဟန်းများသည် လူထုကြီးနှင့်ဆက်စပ်နေသည်။ ထို့ကြောင့် လူထုခံစား၊ စံစားနေရသော ဒုက္ခ၊ သုက္ခတို့လည်း သူတို့ကို ထိခိုက်စေသည်။ လူထုကြုံတွေ့နေရသော ဒုက္ခ၊ သုက္ခတို့သည် အများအားဖြင့် အုပ်ချုပ်သောအစိုးရနှင့် ဆက်စပ်နေသည်။ ထို့ကြောင့် ထိုရဟန်းတို့နှင့် အစိုးရပေါ်လစီတို့လည်း ထိစပ်နေပေတော့သည်။

       ထို့ကြောင့် မှန်ကန်သောအစိုးရပေါ်ထွက်လာရေးအတွက် ရဟန်းတော်များမှာလည်း တာဝန်မကင်းပေ။ ထို့ကြောင့် “ သတ္တာနံ ဟိတာယ၊ သုခါယ” ကိုထောက်ကာ လူထုကြီးပွါးတိုးတက်ဖို့ဆိုလျှင် မဲပြားလေးတစ်ပြား ထည့်ရုံမျှဖြင့် အာပတ်ကြီးကြီးကျယ်ကျယ် သင့်မည်မဟုတ်ကြောင်း အိပ်မက်မက်မိသည်။

       အမှန်ဆိုရမူ ချက်လက်မှတ်ကို အလှူခံရခြင်းထက် မဲပြားကိုကိုင်ခြင်းက အာပတ်သင့်ဖို့ ရာနှုံးပိုနည်းပါသည်။

       သို့သော် သံဃာရတနာကို ဦးထိပ်ထားသောအားဖြင့် လူပုဂ္ဂိုလ်များ မဲမပေးမီ သုံးရက်ခန့်ကြိုတင်ပြီး ဆန္ဒရှိသော သံဃာတော်များကို မဲပေးခွင့်ပြုလိုက်လျှင် တံခွန်နှင့် ကုက္ကားဟု အိပ်မက်တစ်ခု မက်လိုက်မိပါတော့သတည်း။



သီဟနာဒ








Copyright © 2012 ကမ်းလက်. All rights reserved.

++ ပေါက်တတ်ကရ အင်တာဗျူး ++

မေး။  ။ကိုလံဘတ်ရဲ့ စွန့်စားခန်း အကြောင်းတွေကို ဖတ်ရ လေ့လာရ ပြီးတဲ့နောက် အားတက်စရာ သင်္ခန်းစာ ယူစရာ တစ်ခုခု ရခဲ့ရင် အဲဒါကို သိပါရစေ။
ဖြေ။  ။ စားပွဲ တစ်လုံးပေါ်မှာ မတ်တတ် ရပ်နိုင်ဖို့ ကြက်ဥတောင် ဖင် တော်တော် ခွက်ပေးလိုက်ရတယ်လို့ သင်္ခန်းစာ ရလိုက်ပါတယ်။

မေး။  ။ ဝေဿန္တရာ ဇာတ်တော်ကြီးကို ဖတ်ရ လေ့လာရ ပြီးတဲ့နောက် အားတက်စရာ သင်္ခန်းစာ ယူစရာ တစ်ခုခု ရခဲ့ရင် အဲဒါကိုလည်း သိပါရစေ။
ဖြေ။  ။ ပုဏ္ဏားကတော်က  သူ့ယောက်ျားကို မဆဲရဲတော့ ဝေဿန္တရာ မင်ကြီးနဲ့ မဒ္ဒီဒေဝီကို  ကြိတ်ပြီး မေတ္တာပို့နေသံတွေ ကြားနေမိတယ် ဗျာ။

မေး။  ။ ရေသည်ယောက်ျား ပြဇာတ် အပေါ် ခင်းဗျား အမြင်ကို သိပါရစေ။
ဖြေ။  ။ ကမ္ဘာမှာ ရေသန့်ဗူးထုတ် ရောင်းရရင် စီးပွာဖြစ်နိုင်တယ် ဆိုတာ ဘုရားက အရိပ်အမြွက်ပေးခဲ့တာကို သဘော မပေါက်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲနေမိတယ် ဗျာ။

မေး။  ။ စင်ကာပူမှာ အမြဲနေထိုင်ခွင့် ( ပီအာ ) ရဖို့ဘာတွေ လိုအပ်ပါသလဲ
ဖြေ။  ။ ဘာမှ မလိုပါဘူး။ ပန်ဒါ ဝက်ဝံ ဖြစ်ဖို့ပဲ လိုတယ်။ ငါးနှစ် ဗီဇာ လေယဉ်ကွင်းမှာ တစ်ခါတည်း ထုပေးတယ်။ ခင်ဗျားတို့ စိတ်ဝင်စားသလား။


ဇင်ဝေသော်

နားဝင်မချို (၇) "စံ"

လီကွမ်းယု ရဲ့ " Hard Truths to keep Singapore going " ဟာ အထင်ကရ ခေါင်းဆောင် တစ်ယောက်၊ နိုင်ငံရေး သမား တစ်ယောက် ရဲ့ စိတ်ခံစားမှုတွေဆီကို ဆက်သွယ်ပေးလိုက်တဲ့ တံတား တစ်ခုပါ။ သူ့ရဲ့ အင်တာဗျူးအတွဲလိုက်ကြီးထဲမှာ မြန်မြန် ဆန်ဆန် နဲ့ တကယ်ကြီး ပြောင်းလဲနေတဲ့ ကမ္ဘာကြီးထဲ စင်ကာပူ ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ သူ့ အမြင်တွေရော စိုးရိမ်မှုတွေပါ ပွင့်ပွင့် လင်းလင်းကြီး ပြောထားခဲ့တယ်။ " Hard Truths to keep Singapore going " နဲ့ ကြွယ်ဝချမ်းသာမှုနဲ့ ခိုင်မာတဲ့ အနာဂတ်ဟာ အတိတ်က သင်္ခန်းစာတွေ အပေါ်မှာ တည်ဆောက်ယူရမယ် လို့ သူ့ ယုံကြည်ချက်ကို မီးမောင်း လက်လက် ထိုးပြထားခဲ့တယ်။ ဒါကသည်ပင် လီကွမ်းယု ဆိုတာ ဒီလူပဲလို့ သူ့ရဲ့ ခမ်းနားမှုကို အပို ထပ်ဆောင်းပေးလိုက် ပြန်ပါတယ်။
(Bill Clinton, US President, 1993-2001)

မေး ။     ။ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးတဲ့နောက် အာရှတန်ဖိုး၊ ဒီမိုကရေစီရေးတန်ဖိုး အငြင်းပွါးမှုထဲ မစ္စတာလီလည်းပါခဲ့တယ်နော်။
ဖြေ ။    ။ဟုတ်တယ်။ သူတို့က သူတို့သတ်မှတ်ထားတဲ့ ဒီမိုကရေစီ “စံ” အတိုင်း မကျင့်သုံးလို့ဆိုပြီး တို့ကို လာနှိပ်ကွပ်တယ်။ သူတို့ဒီမိုကရေစီဆိုတာ အမေရိကရဲ့ လစ်ဘရယ်ဒီမိုကရေစီပေါ့။ ဒါကြောင့် ဒီမိုကရေစီဆိုတာ ပုံသဏ္ဍာန်အမျိုးမျိုးရှိတယ်။ တို့နဲ့ကိုက်ညီတဲ့ ဒီမိုကရေစီကို တို့ကျင့်သုံးတယ်လို့ ငါပြန်ပြောခဲ့တယ်။ ငါက ကွန်ဖြူးရှပ်ဝါဒ လူ့အဖွဲ့အစည်းတွေအကြောင်း ပြောခဲ့တယ်။ အိန္ဒိယမှာ လူတိုင်းကို ဝေဖန်လို့ရတယ်။ သူတို့ သတင်းစာတွေကိုဖတ်ကြည့်၊ အမြဲတမ်း ငြင်းခုံနေတာကို တွေ့ရလိမ့်မယ်။ အိန္ဒိယန်းနှစ်ယောက် တရားရုံးကို ရောက်ပြီဆိုရင် အဲဒီအမှုဟာ တော်တော်နဲ့ မပြီးတော့ဘူး။ အဲဒါ သူတို့ ဓလေ့ထုံးစံပဲ။ တရုတ်နှစ်ယောက် အမှုဖြစ်တယ်ဆိုရင် တပတ်အတွင်း အဲဒီအမှု ပြီးသွားတယ်။ တရုတ်ပြည်မှာ ခေါင်းဆောင်ကို ရိသဲ့သဲ့လုပ်တယ်။ ဒါကို ခေါင်းဆောင်က သီးခံတယ်။ ဒါဆို အဲဒီခေါင်းဆောင်က မစွံလို့ပဲ။



ငါကိုယ်တိုင်က ကွန်ဖြူးရှပ်ဝါဒနဲ့ လေ့ကျင့်ယူထားတာ မဟုတ်ဘူး။ ကွန်ဖြူးရှပ်ဝါဒကို ခပ်ပါးပါးတော့ မွေးစားခဲ့တယ်။ ကိုယ့်ထက်ကြီးသူတွေကို လေးစားရမယ်။ မိသားစုကို သစ္စာရှိရမယ်။ မိတ်ဆွေတွေအပေါ် မပြုမူသင့်တဲ့အရာတွေကို မလုပ်ရ၊ မပြုမူရဘူး။ အစိုးရ (သို့) ဘုရင်ကို မစော်ကားရဘူး။ ဒါတွေကို ငါသဘောပေါက်တယ်။ ငါဟာ တရုတ်လူမျိုးဆိုတာကို အခြေခံပြီး သူတို့က ငါ့ကို စွပ်စွဲကြတယ်။ ငါ့ကိုယ်ငါ မကာကွယ်ရင် ငါသိက္ခာကျသွားမှာပေါ့။ ဒီကိစ္စကို အပြစ်ပြောနေတာ ဘယ်သူတွေထင်လို့လဲ။ အဲဒါ အနောက်မီဒီယာနဲ့ ချီဆွန်ဂျွမ်းလိုလူတွေ( စင်ကာပူ ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်)။ သူက ဒါတွေကို ဘာလို့ထောက်ပြပြီး အပြစ်တင်နေရတာလဲ။ မုသားမပါဘဲ ငါတို့ကို ဖြိုခွဲလို့မရလို့။ သူ့ကို ငါတို့က စွပ်စွဲမယ်ဆိုရင် ဒါကို ငါတို့က လက်ကိုင်ထားမှာ။ ငါက မင်းဟာ ပညာတတ်ယောင်ဆောင် ထားတဲ့ကောင်၊ လူလိမ်လူညာလို့ပြောမယ်။ ဒီအတွက် ငါနဲ့ တရားတွေ့မယ်ဆိုရင် ငါ့မှာ သက်သေပြစရာ ရှိတယ်။ သူ ငါတို့ကို တရားမစွဲရဲဘူး။ တရားစွဲရင် တရားရုံးကိုရောက်မယ်။ သူဟာ ပညာတတ်ယောင်ဆောင်ထားတဲ့ လူညာဆိုတာ ငါတို့က ဖွင့်ချလိုက်မှာ။

မေး ။     ။အတိုက်အခံပါတီအကြောင်း စပ်မိရင်း တစ်ခုလောက် မေးပါရစေ။ တစ်နိုင်ငံ နှစ်ပါတီစနစ်ကိုကျင့်သုံးဖို့ မစ္စတာလီ ဘာဖြစ်လို့ လက်တွန့်နေတာလဲ။ နှစ်ပါတီရှိနေဖို့လိုပြီလို့ မထင်ဘူးလား။
ဖြေ ။    ။ လက်ရှိအစိုးရကို ကျော်တက်ဖို့ အတိုက်အခံပါတီလိုတယ်ဆိုတဲ့ အနောက်တိုင်း ပညာရှင်တွေရဲ့ အမြင်ကို မင်းကစွဲနေတာကိုး။ ဒီအစိုးရကို ဖြုတ်ချဖို့ အတိုက်အခံပါတီမှာ လူတော်လူကောင်း အလုံအလောက်မရှိဘူး။ ဒါက ရှင်းနေတာပဲ။ လက်ရှိအစိုးရကို ဆက်ထိန်းထားဖို့ လူတော်တွေ တစိုက်မတ်မတ်ရှာနေတာတောင် အလုံအလောက်မတွေ့ဘူး။ ငါက ပြောတယ်။ “လုပ်ပါ၊ အတိုက်အခံပါတီ ထောင်ပါ။ ကိုယ်နိုင်မယ်ထင်တဲ့ မဲဒေသတွေကိုဆင်းပြီး စည်းရုံးကြပါ” လို့။ မင်းတို့ ပေးပို့ထားတဲ့မေးခွန်းကို ဝန်ကြီးတွေဆီလည်း ပို့ပေးတယ်။ ကွန်မင့်ပေးချင် ပေးရအောင်လို့။

မေး ။     ။ဝေဖန်မှုတွေကြောင့်ပဲ လွတ်လပ်တဲ့ ရွေးကောက်ပွဲကော်မရှင်တော့ ပေါ်ပေါက်လာခဲ့ရတယ် မဟုတ်လား။
ဖြေ ။    ။ ဗြိတိန်မှာ လွတ်လပ်တဲ့ရွေးကောက်ပွဲ ကော်မရှင်လို့ နယ်စည်းခြားထားတာမျိုး မရှိဘူး။ ငါတို့ရော၊ မလေးရှားပါ ဒါကို လက်ခံကျင့်သုံးကြတယ်။ ငါတို့လိုချင်တာက လွှတ်တော်အမတ်တွေ ပိုများလာဖို့ပဲ။ ဒါမှ ပါလီမန်ထဲမှာ လူနည်းစုကို ကိုယ်စားပြုတဲ့ လွှတ်တော်အမတ်တွေ ပါလာမှာ။ လက်ရှိအခြေအနေက မဲဆန္ဒရှင်တွေက လူနည်းစုကို ကိုယ်စားပြုတဲ့ ပီအေပီကိုယ်စားလှယ်တွေကို မဲမပေးကြတော့ဘူး။ သူတို့ပြောနေကြတာက “ ငါတို့စကားကို နားလည်မယ့်တရုတ်၊ တရုတ် ဒိုင်ယာလက်စကားပြောတတ်တဲ့ ကိုယ်စားလှယ်ကိုပဲ မဲပေးတော့မယ်” တဲ့။ ရွေးကောက်ပွဲကော်မရှင်က ဒီပြဿနာကို မဖြေရှင်းနိုင်ဘူး။ ဒါကို ဥပဒေနဲ့အညီ ဘယ်လိုလုပ်မလဲ။ ဒါက အရေးကြီးတယ်။

လက်ရှိအခြေအနေအရ လုံးဝမပြိုကွဲဘူးထင်ရတဲ့ ပီအေပီကို ဘယ်နည်းနဲ့ ဖြိုခွဲရမလဲဆိုတာ သူတို့နည်းပေါင်းစုံ အကြံထုတ်နေကြတယ်။ သတင်းနဲ့ ပုံနှိပ်ထုတ်ဝေရေးကို ဖွင့်လှစ်၊ NTUC ကိုဖျက်သိမ်း၊ အစိုးရနှစ်ခုအကြား အဆက်အစပ် လုံးဝမရှိစေရ။ ဒါဆိုရင်တော့ စင်ကာပူကို အားကောင်းမောင်းသန် ဖြစ်စေခဲ့တဲ့ အခြေခံအချက်တွေကို ဖျက်သိမ်း လိုက်တယ်။ ဒီအစိုးရဆီက ဘယ်သူပဲလက်လွှဲယူယူ ဒီအခြေခံအချက်တွေကို ဆက်လက် ကျင့်သုံးဖို့လိုတယ်။ နောက်လာမယ့် ရွေးကောက်ပွဲမှာတော့ ဒီတာဝန်တွေကို ကောင်းကောင်း ယူနိုင်တဲ့ အတိုက်အခံအစိုးရ မတွေ့သေးဘူး။

မေး ။     ။လာမယ့်ရွေးကောက်ပွဲတင်လား။ ဒါမှမဟုတ် လာမယ့်ရွေးကောက်ပွဲတွေမှာလား။
ဖြေ ။    ။ဒါက လူငယ်ပိုင်းဝန်ကြီးတွေရဲ့ အမြင်။

“ လတ်တလော ရွေးကောက်ပွဲများတွင် မဲဆန္ဒနယ် တော်တော်များများမှာ ယှဉ်ပြိုင်အရွေးခံမည့် ကိုယ်စားလှယ် မပေါ်ပေါက်ခဲ့သဖြင့် ပီအေပီကသာ အများစု ယှဉ်ပြိုင်သူမရှိ အနိုင်ရခဲ့သည်။ ဤပုံစံအတိုင်း အမြဲဖြစ်နေမည်ဟု ယူဆ၍မရ။ နောင်တွင် အတိုက်အခံကိုယ်စားလှယ်များ ပိုများလာစရာရှိသည်။ အထူသဖြင့် GRC ( အခြေခံ လူတန်းစား အဖွဲ့ အစည်း ) များတွင်ဖြစ်ပြီး ကံစမ်းသည့်သဘောဖြင့် ဝင်ရောက်ယှဉ်ပြိုင်သူများ များလာနိုင်သည်။ သို့သော် အတိုက်အခံပါတီ အားကောင်းလာပြီး ပီအေပီကျရှုံးခဲ့သော် ဆိုသော အယူအဆဖြင့် လိုရမယ်ရ ခြေကုတ်ူထားခြင်း အစီအစဉ်များဖြင့် အလုပ်ဖြစ်လိမ့်မည်ဟု ကျွန်ုပ်တို့ မယုံကြည်။ ထို့အပြင် ဤသို့ပြုမူခြင်းသည် နိုင်ငံရေးကစားခြင်းသာလျှင် ဖြစ်ပြီး နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွါးရရှိရေး လမ်းစဉ်မှ လမ်းချော်သွားခြင်းကိုပင် ဖြစ်စေနိုင်သည်။"

ဒါက သူတို့လူငယ်တွေရဲ့ အမြင်ပဲ။ ဒါက ငါ့အချိန်တုန်းက အနေအထားကနေ သိပ်မဝေးလှသေးဘူး။ ဒီနှစ်တွေထဲမှာ မသိမသာလေးပဲ ပြောင်းလဲခဲ့တာပါ။ သူတို့ ဒီစစ်စတန်အတိုင်း လုပ်နေကြ။ ဒါနဲ့ အခြေခိုင်အောင် ကြိုးစားနေကြတာပါ။ မင်းမေးတဲ့ မေးခွန်းက သူတို့ကို မေးသင့်တယ်။

အနာဂတ်ဆိုတာနဲ့ ပတ်သက်လို့ ငါ့သက်တမ်းရှိတုန်းပဲ ငါဆုံးဖြတ်လို့ရတယ်။ ငါ့သက်တမ်းဆိုတာ ငါ့နိုင်ငံရေးသက်တမ်းကို ပြောတာပါ။ မင်းတို့အနေနဲ့ ယုံချင်ယုံ၊ မယုံချင်နေ။ ငါက ဒီနေ့ ဆုံးဖြတ်ချက်ချတဲ့ လူတစ်ယောက် မဟုတ်တော့ဘူး။ ငါ့သြဇာလွှမ်းမိုးမှု ကတော့ ရှိနေမှာပေါ့။ သူတို့ ထပ်စဉ်းစားမိအောင်တော့ ငါသတိပေးတယ်။ ဒါပေသည့် တကယ်တမ်း ဆုံးဖြတ်ချက်ချတာကတော့ သူတို့ပဲ။ အကြောင်းကတော့ ဒီလမ်းစဉ်ကို သူတို့ကိုယ်တိုင် ဆက်လျှောက်ပြီး အနာဂတ်အတွက် အမှန်တကယ် တာဝန်ရှိတာက သူတို့ဖြစ်နေလို့ပဲ။ ငါကိုယ်တိုင် အရင်လို မခံစားရတော့ဘူးလို့လည်း သူတို့ကို ပြောထားတယ်။ ဟိုတုန်းကဆိုရင် ကိုယ်စားလှယ်တွေဆီ သွားရုံတင်မဟုတ်ဘူး။ ဆောက်လုပ်ရေးဌာနတွေ၊ NTUC တွေအထိ ငါကိုယ်တိုင် အရောက်သွားပြီး သူတို့နဲ့စကားပြောတာ။ နေရာတိုင်းမှာ ငါပါတယ်။ ဒီတော့ အခြေခံလူတန်းစားတွေရဲ့ ခံစားနေရတာကိုလည်း နားလည်နိုင်တယ်။

မေး ။     ။အခုအထိ နိုင်ငံရေးနဲ့ အဆက်မပြတ်ဘဲ ရှိနေအောင် ဘယ်လိုနေထိုင်ခဲ့ရသလဲ။
ဖြေ ။    ။NTUC က လူတွေနဲ့ တစ်နှစ်တစ်ခါ ဆန်းတက်စီးတီးမှာတွေ့ဆုံပြီး စကားပြောတယ်။ လူနှစ်ထောင်လောက်နဲ့ပေါ့။ မတူဘူး။ လူနည်းစုတွေနဲ့ ပြောဖို့လိုတယ်။ တစ်ယောက်ချင်းဆို ပိုကောင်းတယ်။ ဒီတော့ သူတို့က သူတို့ပြဿနာတွေကို ဖွင့်ပြောကြတယ်။ NTUC ရယ်၊ အောက်ခြေလူတန်းစား ခေါင်းဆောင်တွေရယ်နဲ့ လူတိုင်းမဆက်ဆံတတ်ဘူး။ သူတို့နဲ့ ပနံရတဲ့ အမတ်တွေရွေးပြီး လွှတ်ရတယ်။ ဥပမာ လင်ဘွန်ဟိန်ဆိုရင် သူတို့သဘောကျတယ်။ ယုံလည်း ယုံကြည်ကြတယ်။ လင်ဆွီဆေးကတော့ အဲဒါကကို သူ့ရဲ့ပင်ရင်းစရိုက်ပဲ။ သူတို့နေရာကနေ ခံစားပေးတယ်။ သူတို့နေရာက ဝင်တွေးပေးတယ်။ သူ့အမြင်ကို ကက်ဘိနက်ဆီ ယူလာတယ်။ ဒါတွေက ငါတို့ဆုံးဖြတ်ချက်ချရာမှာ အများကြီး အထောက်အကူဖြစ်တယ်။

အလုပ်သမားလူတန်းစားကို အစိုးရက အမြဲတမ်းသယ်ပိုးမထားနိုင်ဘူး။ အခြေအနေ သိပ်ဆိုးနေတဲ့အခါ ဒါမှမဟုတ် အခြေအနေသိပ်ကောင်းနေတဲ့အခါတွေမှာပါ ဒါမျိုးလုပ်ပေး လို့ရတယ်။ အကျပ်အတည်းကြားထဲမှာဆိုရင် NTUC ကို စနစ်တကျ ဆွေးနွေး အကြံပေးကြတယ်။ တို့ကြိုးစားလုပ်ပေးနေတယ်ဆိုတာ သူတို့လည်း သဘောပေါက်ကြတယ်။ အစိုးရနဲ့ NTUC ဆက်ဆံရေးက ရင့်ကျက်နေမှရတယ်။ သူတို့အတွက်လည်း အကျိုးအမြတ်ရှိနေရစေမယ်။ အလားတူပဲ အားလုံးလည်း အကျိုးအမြတ်ရနေရစေမယ်။ ငါတို့က အကောင်းစားပစ္စည်းတွေကို ဝေပေးနေတယ်လို့ သူတို့က ပြောကြတယ်။

ရွေးကောက်ပွဲနီးလာပြီဆိုရင် လူထုရဲ့နှလုံးသားကို ဖမ်းစားဖို့ အစိုးရတိုင်း ဒါမျိုးလုပ်ကြတာပဲ။ ငါတို့က အစောကြီးကြိုမလုပ်ဘူး။ အစောကြီးကြိုလုပ်ရင် သူတို့က မေ့ပစ်လိုက်ကြတာ။ သူတို့အတွက် ပိုမိုကောင်းမွန်တဲ့ဘဝ၊ သူတို့ကလေးတွေအတွက် ပိုတောက်ပတဲ့ အနာဂတ်ကို ငါတို့က ဖန်တည်းမပေးနိုင်ဘူးဆိုရင် တို့ကိုထောက်ခံဖို့ ငါတို့ကစည်းရုံးတောင်မနေဘူး။ ဒါက ရှင်းနေတာပဲ။

အခု မင်းတို့မေးတဲ့မေးခွန်းတွေကို လူငယ်ပိုင်းအမတ်တွေကိုလည်း မေးကြပါ။ ဒါက သူတို့ရင်ဆိုင်ရမယ့် အနာဂတ်ပဲ။ သူတို့ဆုံးဖြတ်လိမ့်မယ်။ ငါက အချိန်မရွေး သေနိုင်တယ်။ ငါ့တာဝန်တွေလည်း ကုန်ခဲ့ပြီ။ ငါ့အလုပ်က လက်ရှိအဖွဲ့ကို အားပေးနေဖို့ပဲ။ ဒါကလည်း စင်ကာပူအတွက် အကျိုးအမြတ်ရရှိဖို့။ ဒါပဲ။

မေး ။     ။ မစ္စတာလီက ခဏရပ်ထားကြဦး။ ထပ်ပြီးစဉ်းစားကြဦးလို့ ဝန်ကြီးတွေကို ပြောခဲ့တယ်ဆိုတာ ဘယ်လိုကိစ္စမျိုးတွေမှာလဲ။
ဖြေ ။    ။ ဒီလိုမဟုတ်ဘူး။ ငါပြောတာက ဒါတွေတော့ ဖြစ်နိုင်ခြေရှိတယ်။ မင်းတို့ကို အကျပ်ရိုက်စေနိုင်၊ လမ်းချော်သွားစေနိုင်တဲ့ မျှော်လင့်မထားတဲ့ ဒီလိုအခက်အခဲတွေ ရှိလာနိုင်တယ်။ ဒါတွေအတွက်လည်း ပြင်ဆင်ထားကြသင့်တယ်ဆိုတာလောက်ပါ။


ဇင်ဝေသော်

နားဝင်မချို (၆) "Let’s live and let live"

အမေရိကန် သမ္မတဟောင်း မစ္စတာ ခြုံပုတ် ( Gorge H.W. Bush, US President, 1989-1998 )၏ စာအုပ် အမှာ
ဝန်ကြီးချုပ်ဟောင်း လီကွမ်းယု အပေါ်၌ ကျွန်ုပ် အလွန် အမင်း လေးစားမှု ရှိခဲ့သည်။ ကျွန်ုပ်တွေ့ဆုံခဲ့ရသမျှ ဉာဏ်ပညာ အကြီးဆုံး ပြည်သူ လူထု အပေါ် အကျိုး ကျေးဇူး အကြီးမားဆုံး ကမ္ဘာ့ ခေါင်းဆောင်များတွင် လီကွမ်းယုက တစ်နေရာ အပိုင် ယူထားနိုင်ခဲ့သည်။ ထို့အပြင် သူသည် တန်ဖိုးရှိသော မိတ်ဆွေကောင်း တစ်ယောက်လည်း ဖြစ်သည်။ ဤ စာအုပ်ဖြင့် ဝန်ကြီးနည်းပြ ( Minister Mentor ) လီကွမ်းယု သည် စင်ကာပူ တစ်နိုင်ငံလုံး အတွက် အကောင်းဆုံး အမွေအနှစ် ပေးထားခဲသည်။ ထိုမျှမက သူ့အမြင် သူ့အတွေးတို့သည် စင်ကာပူသာမက ကမ္ဘာကပင် လေးစားနေကြရပြီး သူသည် စင်ကာပူ၏ ခေါင်းဆောင်သာ မဟုတ် ကမ္ဘာ့ခေါင်းဆောင် အစစ်အမှန် တစ်ယောက် ဖြစ်ကြောင်း အသိအမှတ် ပြုထားကြရသည်။


မေး ။     ။ Huntington ကိုယ်တိုင်ကလည်း နိုင်ငံရေးမူဝါဒက ယဉ်ကျေးမှုအပေါ်မှာ အပြန်အလှန် သြဇာလွှမ်းမိုးမှု ရှိနိုင်တယ်လို့ ဆိုခဲ့တယ်။ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုကြားက ဆက်သွယ်ချက်ကို မစ္စတာလီ ယုံကြည်သလား။
ဖြေ ။    ။ နည်းနည်းပါးပါးလောက်ပဲ သြဇာလွှမ်းမိုးမှု ရှိနိုင်တယ်လို့ လို့ ထင်တယ်။ တရုတ်ယဉ်ကျေးမှုဆိုရင် နှစ်ပေါင်းငါးထောင်ကျော် ကြာခဲ့ပြီ။ တရုတ်ပြည်မှာ လူတစ်ယောက်မဲတစ်မဲစနစ် ဖြစ်လာမယ်လို့ မထင်မိဘူး။ ဖြစ်လည်း မဖြစ်နိုင်ဘူး။ ငါတို့ စင်ကာပူက ရွေ့ပြောင်းထားတဲ့ လူ့အဖွဲ့အစည်းဖြစ်နေတယ်။ ဒါကြောင့် တရုတ်လူမျိုးမှန်ပေမယ့် ပတ်ဝန်းကျင်အနေအထား ကွဲနေတယ်။ နိုင်ငံအသစ်တစ်ခုမှာ ပြောင်းရွေ့နေထိုင်တော့မယ်ဆိုရင် အဲဒီနိုင်ငံရဲ့ ကွဲပြားခြားနားတဲ့အချက်တွေကို လက်ခံနိုင်ဖို့လိုတယ်။

မေး ။     ။ မစ္စတာလီသာ Huntington ကို တွေ့ရမယ်ဆိုရင် သူပြောခဲ့တဲ့ “ ခင်ဗျား ချမှတ်တဲ့မူဝါဒဟာ ခင်ဗျားသေဆုံးရာသုဿာန်ကို ပါလာလိမ့်မယ်” ဆိုတဲ့ စကားအတွက် ဘာများပြန်ပြောမိမလဲ။
ဖြေ ။    ။ “ခင်ဗျား မှားတယ်” လို့ ငါပြောမှာပေါ့။ ကြည့်လေ၊ ၁၉၉၀- ခုကတည်းက ငါက အာဏာကို လက်လွတ်ခဲ့တာပဲ။ ငါတို့မူဝါဒသာ မှားခဲ့ရင် အခု အနှစ်နှစ်ဆယ်ကျော်လာပြီ။ မှားနေရမှာပေါ့။ အခု ဒီလိုမဟုတ်ဘူး။ အကြောင်းက ဘာလဲဆိုရင် ကက်ဘိနက်မှာ တာဝန်ရှိသူတွေကို ငါတို့က စေ့စေ့စပ်စပ် ရွေးချယ်ခဲ့တာ။ ပါလီမန်ထဲမှာ၊ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးမှာ၊ နောက်ဆုံး သမ္မတတစ်ယောက် ရွေးချယ်ရာမှာအထိ စနစ်တကျပဲ။ ဒီအတိုင်း ဆက်ခရီးသွားဖို့ ဆန္ဒရှိကြတယ်။

မေး ။     ။ တစ်ချို့လူ့အဖွဲ့အစည်းတွေက ဒီမိုကရေစီကို ကောင်းကောင်းလက်မခံနိုင်ဘူး ဆိုတာကိုတော့ မစ္စတာလီက Huntington နဲ့ သဘောထားခြင်း တိုက်ဆိုင်တယ်ပေါ့။
ဖြေ ။    ။ တိုက်ဆိုင်တယ်။ ယဉ်ကျေးမှုပေါင်းစုစနစ် ( Multiculturalism ) ဟာ အမေရိကကို ဖျက်ဆီးပစ်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တယ်။ ပြီးတော့ ဒီမိုကရေစီရဲ့ လိုအပ်ချက်တွေဟာ ဘာတွေလဲဆိုတာ သူဖွင့်ဆိုပြခဲ့တယ်။ သူရေးထားတာကို ကိုးကားပြမယ်။ “ယဉ်ကျေးမှုအကွဲအပြားကိစ္စဟာ ဒီနေ့ အမေရိက ရင်ဆိုင်နေရတဲ့ အဓိက ပြဿနာတစ်ခုပဲ။ အမေရိကဆိုတာ ယဉ်ကျေးမှုတစ်ခု ပဲရှိတဲ့နိုင်ငံလား ၊ ဒါမှမဟုတ် ယဉ်ကျေးမှုအများအပြားရှိတဲ့နိုင်ငံလား။ တကယ်လို့ ယဉ်ကျေးမှုအများအပြားရှိနေတယ်ဆိုရင် လူမျိုးတစ်မျိုးလုံး ညီညွတ်အောင် ထိန်းပေးထားမယ့် ယဉ်ကျေးမှုဟာ ဘယ်ဟာလဲ။ သမိုင်းကို ပြန်ကြည့်ရင် အမေရိကဟာ ယဉ်ကျေးမှုကြီးတစ်ခုကို အခြေခံထားတာ တွေ့ရတယ်။ အဲဒါ အခြေချနေထိုင်လာကြတဲ့ ဗြိတိသျှတွေရဲ့ မူရင်းယဉ်ကျေးမှုပဲ။ နောက်ပိုင်း အခြေချနေထိုင်လာကြသူတွေကလည်း ဒီယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေရှိအောင် မွေးစားနေထိုင် ကျင့်သုံးကြတယ်။ အဓိကအကျဆုံးကတော့ ဥရောပရဲ့တန်ဖိုးဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကား၊ ခရစ်ယာန်ဘာသာ ပရိုတက်စတင့်ရဲ့ တန်ဖိုးတွေပဲ။ လူမျိုးရေး၊ ကျင်လည်ရာဒေသ စတာတွေကလည်း တစ်ပုံစံတည်း မတူစေဦး၊ လက်လှမ်းမှီတဲ့ အနေအထားတွေ၊ ဆင်တူရိုးမှားတွေလောက်ပဲ ရှိခဲ့တယ်။ ယေဘုယျအားဖြင့် တစ်စုတည်း တစ်ဝေးတည်းပဲ။ အခု အဲဒီယဉ်ကျေးမှု အမွေအနှစ်က ယဉ်ကျေးမှုပေါင်းစုံစနစ်ရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်။ နိုင်ငံရေးလောက ထဲက သမ္မတ၊ ဒုတိယသမ္မတ အပါအဝင် ဒီသဘောကို နားမလည်ဘူး။ ( သူ ဒီစာရေးစဉ်က သမ္မတက ဘီ(လ်) ကလင်တန်ဖြစ်ပြီး၊ ဒုတိယသမ္မတက အယ်လ်ဂိုးပါ။) သမ္မတ ကလင်တန်က ပြောတယ်။ ကြီးစိုးနေတဲ့ ဥရောပယဉ်ကျေးမှု မပါဝင်ဘဲ အတူတကွ ရှင်သန်လက်တွဲ နေနိုင်တယ်ဆိုတာ သက်သေပြဖို့ တော်လှန်ရေးကြီးတစ်ခု လိုအပ်ပါတယ်တဲ့။ ဒုတိယသမ္မတ အယ်လ်ဂိုးကလည်း ဟားဗတ်တက္ကသိုလ်ဘွဲ့ရတစ်ယောက်ဖြစ်ပြီး အမျိုးသားဆောင်ပုဒ် တစ်ခုဖြစ်တဲ့ E Pluribus Unum –ကို ဘာသာပြန်ရာမှာ from many one ( အများမှ တစ်စု တစ်ပေါင်း တည်းသို့ ) လို့ဘာသာပြန်ရမှာကို from one many ( တစ်စု တစ်ပေါင်း တည်းမှ အများသို့ ) လို့ မှားမှားယွင်းယွင်း ဘာသာပြန်ခဲ့တယ်။

ဒါဟာ ပညာသားပါတဲ့ ဝေဖန်ချက်ပဲ။ သူမှားနိုင် မှန်နိုင်တယ်။ ဒါပေမယ့် သူယုံကြည်တာကိုတော့ ရိုးရိုးသားသား ချရေးခဲ့တာပဲ။

Huntington က ဆက်ပြောတယ်။ “အမေရိကဟာ Multiethnic, Multiracial ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်” တဲ့။

ငါကိုယ်တိုင်ကတော့ Multiethnic နဲ့ Multiracial နှစ်ခုရဲ့ ခြားနားချက်က ဘာလဲဆိုတာ မသိဘူး။ အတူတူပဲထင်တယ်။

“တကယ်လို့ ယဉ်ကျေးမှုတွေ ပေါင်းစုံနေပြီး အဓိကလွှမ်းမိုးတဲ့ ယဉ်ကျေးမှုကြီးတစ်ခု မရှိဘူးဆိုရင် တစ်မျိုးသားလုံး တစ်သားတည်းဖြစ်နေဖို့ ဘာနဲ့ ချည်နှောင်ထားမှာလဲ။ အဖြေမှန်က- အမေရိကန်တွေဟာ လွတ်လပ်ရေးကြော်ငြာစာတမ်း၊ နိုင်ငံတော် ဖွဲ့စည်းပုံဥပဒေနဲ့ အခြားအချက်တွေပေါ် အခြေခံပြီး ညီညွတ်နေကြတာပါ။ အမေရိကန်တွေရဲ့ ယုံကြည်မှု၊ လွတ်လပ်ရေး၊ ကုန်သွယ်ရေး စတာတွေလည်း ပါဝင်တာပေါ့။ အမေရိကန်အများစုဟာ ဒီတန်ဖိုးတွေကို လက်ကိုင်ထားကြတယ်။ ဒီတန်ဖိုးတွေက မူလယဉ်ကျေးမှုကို အခြေခံ၊ မှီခိုပြီး ရလာတဲ့ တန်ဖိုးတွေပဲ။ အဲဒီ မူလယဉ်ကျေးမှု ပျောက်ဆုံးသွားပြီဆိုပါတော့ ဒီယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ နိုင်ငံရေးမူဝါဒက တစ်မျိုးသားလုံး ညီညွတ်အောင် ဘယ်လိုထိန်းထားနိုင်မလဲ။ နိုင်ငံရေးမူဝါဒတစ်ခုတည်းနဲ့ ချည်နှောင်ထားတဲ့ ဆိုဗီယက်ပြည်ထောင်စု၊ ယူဂိုဆလားဗီးယား တို့ကိုကြည့်တော့ ယဉ်ကျေးမှုမပါဘဲ အာမခံချက်မရှိလှဘူးဆိုတာ တွေ့ရတယ်။ အမေရိကရဲ့ လတ်တလော အရေးကြီးကိစ္စက သမိုင်းတစ်လျှောက်လုံး အမေရိကကို အားကောင်းမောင်းသန် ဖြစ်စေခဲ့တဲ့ ယဉ်ကျေးမှုကို ပြန်လည်အသက်သွင်းမလား၊ တစ်စစီ ပြိုကွဲသွားတာကို ထိုင်ခံမလားဆိုတာပဲ။ ဥရောပဆန်တဲ့ ယဉ်ကျေးမှု၊ ခရစ်ယာန် ပရိုတက်စတင့် ရဲ့ အဆုံးအမ၊ အင်္ဂလိပ်ဘာသာစကားက ရတဲ့ ယဉ်ကျေးမှုတွေကြောင့် နိုင်ငံဘဏ္ဍာ၊ နိုင်ငံရဲ့ ပါဝါ၊ လွတ်လပ်ရေး အခြေခံမူဝါဒ၊ တန်းတူအခွင့်အရေး၊ ဒီမိုကရေစီ စတာတွေ ရခဲ့ကြတယ်။ ဒါကြောင့်ပဲ အမေရိကဟာ ကမ္ဘာ့လူသားတွေရဲ့ မျှော်လင့်ချက်တစ်ခု ဖြစ်နေခဲ့တယ်။ ဒီယဉ်ကျေးမှုကို ဖျက်ဆီးပစ်ဖို့ ကြုံးဝါးနေသူတွေ အခုရှိနေပြီ။ ဒါဟာ ၂၁- ရာစုအဝင် ပထမဆုံးနှစ်ကစလို့ အမေရိက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုပဲ။ ”

သူက စပိန်တွေအကြောင်းတော့ ပြောမသွားခဲ့ဘူး။ ဒီမိုကရက်တွေဖြစ်ကြတဲ့ ကလင်တန်နဲ့ အယ်လ်ဂိုးကိုတော့ သတိပေးသွားတယ်။ “ ခင်ဗျားတို့ မဆိုင်တာတွေ လုပ်နေကြတယ်။ ခင်ဗျားတို့ လုပ်ရမှာက ဒီလူတွေက ယဉ်ကျေးမှုထဲဝင်လာအောင် စည်းရုံးရမှာ၊ ယဉ်ကျေးမှုပေါင်းစုံ စနစ်ကို အားပေးအားမြှောက်လုပ်ရမှာ မဟုတ်ဘူး။ ယဉ်ကျေးမှုပေါင်းစုံတွေက ခင်ဗျားတို့ကို ဝါးမြိုသွားလိမ့်မယ်” တဲ့။

ကဲ ဒါဆို ငါတို့ကရော ဘယ်လိုလဲ။ စင်ကာပူဟာ ယဉ်ကျေးမှုတစ်ခုတည်း ဖြစ်နိုင်သလား။ ငါတော့ မထင်ဘူး။ ကိုးကွယ်တဲ့ဘာသာတစ်ခုတည်း ဖြစ်နိုင်သလား။ လုံးဝပဲ။ ဘုံဆိုင်နေရာတစ်ခု၊ အဲဒါက အမြဲတစေ ကြီးထွားနေပြီး ပုဂ္ဂလိက အယူအဆ ခြားနားမှုတွေ အရင်းအတိုင်းပဲ ရှိနေမယ်။ ဒီလို အခြေအနေအတိုင်း အမြဲရှိနေနိုင်သလား။ တစ်ခု၊ တစ်ဝါဒ၊ တစ်ဘာသာကြီးစိုးမှုက အချိန်အတော်လိုလိမ့်မယ်လို့ ငါထင်တယ်။ ဒီတော့ ငါတို့ကို အတူတကွ ညီညွတ်အောင် ထိန်းပေးထားနိုင်တာက ဘာဖြစ်မလဲ။ စီးပွါးရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ပုံမှန်ဖွံ့ဖြိုးနေမှုလို့ ငါယုံကြည်တယ်။ ဒါက လူထုရဲ့ စိတ်ထဲမှာ စွဲနေတယ်။ ဒီ အခြေအနေမျိုးမှာ မတူညီတဲ့ ယုံကြည်ကိုးကွယ်မှု၊ ယဉ်ကျေးမှု၊ လူမျိုးရေး စတာတွေနဲ့ပတ်သက်ပြီး စတင်အငြင်းပွါးနေကြ၊ ခိုက်ရန်ဖြစ်နေကြပြီဆိုရင်တော့ အဲဒီနိုင်ငံ ပြိုကွဲတော့မှာပဲ။ ဒီတော့ တို့မူဝါဒက-

“Let’s live and let live” ပဲ။


မင်းပို့ထားတဲ့ မေးခွန်းကိုငါရတယ်။ ( S- Rajaratnam School of International Studies) ကျောင်းမှာ ဆန္ဒကောက်ထားတဲ့စာလေ။ ကောက်ယူထားတဲ့ စစ်တမ်းအရ ၉၀- ရာခိုင်နှုန်း တရုတ်တွေက တရုတ်မဟုတ်တဲ့ ပါလီမန်အမတ်ကိုလည်း မဲပေးမယ်တဲ့။ ဒါကို မင်းယုံကြည်သလား။ လုံးဝ အဓိပ္ပါယ်မရှိဘူး။ အဲဒါ နိုင်ငံရေးစကားပဲ။ အဓိက အဖွဲ့တွေမှာ တရုတ်တစ်ယောက် အမြဲတမ်းထည့်ထားပေးရတယ်။ ဟောင်ကန်းက အတိုက်အခံ Low Thia Khaing ကိုမေးကြည့်။ ဒါကို အခြေခံကျကျ ဘယ်လိုသဘောပေါက်သလဲလို့။ ဒီလိုမလုပ်ရင် မင်းရှုံးသွားမှာပေါ့။

မေး။ ။ စင်ကာပူမှာ ဒီအတိုင်းပဲ ( တရုတ် အချင်းချင်းမှ မဲပေးတာ )အမြဲတမ်းဖြစ်နေလိမ့်မယ်လို့ ယုံကြည်ထားသလား။
ဖြေ ။    ။ အမြဲတမ်းလို့ ပြောဖို့ကတော့ သိပ်ရှည်လျားလွန်းပါတယ်။ ငါ့တစ်သက်၊ မင်းတစ်သက်မှာတော့ အပြောင်း အလဲ ဖြစ်ဖို့ လမ်းစ မရှိနိုင်သေးဘူးလို့ ငါထင်တယ်။

မေး ။     ။ မစ္စတာလီပြောခဲ့တဲ့ အထက်ပါသုတေသန စစ်တမ်းအရ စင်ကာပူမျိုးဆက်သစ်တွေက မျှော်လင့်ချက်ပိုရှိကြတယ်လို့ ဆိုလိုပါသလား။
ဖြေ ။    ။ မင်းဒါကို ယုံကြည်သလား။

မေး ။     ။ သူတို့ဖြေခဲ့တဲ့ ( နိုင်ငံရေးဆန်ဆန် ) ပါးပါးနပ်နပ်အဖြေကို အခြေခံပြီး မစ္စတာလီကိုယ်တိုင် စတင်ခဲ့တဲ့ လူမျိုးပေါင်းစုံ ပါဝင်ရေး အယူအဆက လူထုကို အားတက်သရော ရှိစေမယ်လို့ မစ္စတာလီ မျှော်လင့်ထားပါသလား။
ဖြေ ။    ။ မင်းတို့ရော၊ ငါရော ဒီကိစ္စကို သဘောပေါက်တယ်။ ချမှတ်ထားတဲ့ မူ ဝါဒတွေ ကို အခြေခံပြီး ငါတို့က တစ်ခုခုကိုပြောကြရတာပဲ။ ဒါကို တကယ်တမ်း ရွေးချယ်ပြီးကျင့်သုံးရာမှာတော့ ပြဿနာက တစ်ခုမဟုတ် တစ်ခု ရှိနေတတ်တယ်။ ဒါက မလွယ်လှဘူး။

မေး ။     ။ ဂျေ၊ ဘီ ဇယ ရတနန်ဆိုရင် တစ်သီးပုဂ္ဂလအနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ပြီး နိုင်လည်းနိုင်သွားတယ်။ ပီအေပီပါတီထဲက လူနည်းစုကိုယ်စားလှယ်တွေလည်း ဒီလိုဝင်ပြိုင်၊ နိုင်နိုင်တာပဲလို့ လူထုက ပြောလာနိုင်တာပေါ့။
ဖြေ ။    ။ မင်းမှတ်မိလောက်တဲ့အရွယ် ရောက်ပြီလားဆိုတာမသိဘူး။ ဘာဖြစ်လို့ ငါတို့ စနစ်ပြောင်းခဲ့ရတယ် ထင်သလဲ။ အရင့်အရင်နှစ်တွေတုန်းက ဘယ်သူဝင်ပြိုင်တာပဲဖြစ်ဖြစ် ပီအေပီရဲ့ ကိုယ်စားလှယ်ဆိုရင် လူထုက မဲပေးလိုက်ကြတာ။ ကြာလာတော့ မဲပေးသူတွေက ပါးနပ်လာကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပီအေပီအစိုးရပဲ အနိုင်ရမှာပဲ။ ဒီတော့ ငါတို့ နဲ့ လူမျိုးတူတဲ့ အမတ်လောင်းကို မဲပေးတော့မယ်ဆိုတဲ့ အတွေးဝင်လာကြတယ်။ ဒါကို ငါသဘောပေါက် မိတယ်။ ငါတို့ ဒုက္ခရောက်သွားနိုင်တယ် ဆိုတာကိုလည်း သတိထားမိတယ်။ ဆိုလိုတာက မလေးလူမျိုးအမတ်လောင်းတွေနဲ့ ပတ်သက်ပြီး ငါတို့ ပြဿနာကြုံခဲ့ရဖူးတယ်။ နာမည်တွေတော့ ပြောမနေတော့ဘူး။ ဒီတော့ နောက်ဆုံး မိနစ်ရောက်မှ မဲဆန္ဒနယ် ပြောင်းပေးရတယ်။ သူက ပြိုင်ဖက်တရုတ် အမတ်လောင်းတွေကို မယှဉ်နိုင်ဘူး။ တရုတ်တွေက သူ့ကို မဲပေးမှာမဟုတ်ဘူး။ ဒါကြောင့် သူ့ကို ပထမ မဲဆန္ဒနယ် ပြောင်းပေးရတယ်။ နောက် ပြီးတော့ သူ့ကို ခေါက်ကို ခေါက်ထားလိုက်ရတော့တယ်။

ဒီနေ့ အခြေအနေ အတော်ကောင်းလာလို့ အရည်အချင်းရှိတဲ့ မလေး ကိုယ်စားလှယ်တွေကို နိုင်ငံရေးထဲ ငါတို့သွင်းလာနိုင်တယ်။ အဲဒီ မလေးတွေက အတိုက်အခံပါတီကို ပြောင်းလိမ့်မယ်လို့ မင်းတို့ထင်သလား။ ငါတို့ မထင်ဘူး။ ပီအေပီမှာ အတူပူးပေါင်းလို့ ရနေသေးသမျှပေါ့။ မဟုတ်ဘူးလား။ ဒါကြောင့် မလေးလူတော်တွေရအောင် ငါတို့ အသည်းအသန်ရှာယူကြတယ်။ ကက်ဘိနက်ထဲ သူတို့ပါနေစေချင်တယ်။



ဇင်ဝေသော်

မသိရင် ပိုကောင်းတာပေါ့

တက္ကသိုလ်နောက်ဆုံးနှစ် စာမေးပွဲမှာ ကြီးကြပ်တဲ့ ပါမောက္ခက ကျောင်းသားတွေကို မေးခွန်းတွေ ဝေရင်း သတိပေးစကားပြောတယ်။

“မင်းတို့ အဖြေလွှာတွေကို နှစ်နာရီအတွင်း အပြီးအပ်ရမယ်။ နှစ်နာရီကျော်သွားတဲ့ အဖြေလွှာတွေကို ငါ လက်မခံနိုင်ဘူး။ နောက်ကျမှ ရောက်လာသူတွေကိုလည်း အချိန်ပို မပေးဘူး”

စာမေးပွဲစလို့ ငါးမိနစ်လောက်ကြာတော့ ကျောင်းသားတစ်ယောက် ရောက်လာပြီး မေးခွန်းတောင်းပြီး ထိုင်ဖြေနေတယ်။ နှစ်နာရီလည်း ပြည့်ရော ပါမောက္ခက အဖြေလွှာတွေ လာအပ်ကြဖို့ ပြောတယ်။ နောက်မှ ရောက်လာတဲ့ ကျောင်းသားက လွဲရင် အားလုံး အဖြေလွှာတွေ အပ်ကြတယ်။ အဲ့ဒီကျောင်းသားကတော့ ဂရုမစိုက်ဘဲ ခပ်တည်တည်ပဲ ဆက်ဖြေနေတယ်။

နာရီဝက်ကြာလို့ သူ့အဖြေလွှာကို သွားအပ်တော့ ပါမောက္ခက လက်မခံဘူး။

“ကျနော် ဘယ်သူလဲဆိုတာ ပါမောက္ခကြီး သိပါသလား” လို့ ကျောင်းသားက မေးတယ်။

“မသိဘူး” လို့ ပါမောက္ခက ခပ်ပြတ်ပြတ် ဖြေတယ်။

“ကျနော် ဘယ်သူဆိုတာ တကယ်ကို မသိတာလား” လို့ ထပ်မေးပြန်တယ်။

“မသိဘူး။ ဘယ်သူဖြစ်ဖြစ် ဂရုလည်း မစိုက်ဘူး” လို့ ပါမောက္ခကြီးက ထပ်ဖြေတယ်။

ပါမောက္ခကြီး တကယ် မသိဘူးဆိုတာလည်း သေချာရော အဲ့ဒီကျောင်းသားက သူ့အဖြေလွှာကို တစ်ခြားကျောင်းသားတွေရဲ့ အဖြေလွှာတွေကြား ရုတ်တရက်ထိုးထည့်လိုက်ပြီး အခန်းထဲက အပြေးအလွှား ထွက်ပြေးသွားတော့တယ်။

(Wisdom from laughter)


ကမ်းလက်

သူကြီးတန်း ဖတ်စာ

ရှေးသရောအခါ ( မ ) သာလွန် ( ဗိုလ်ချုပ် ) မင်း ( မ ) တြားကြီးသည် စစ်ကိုင်းဘက်သို့ ဆင်စီး၍ ထွက်တော်မူ၏။ ထိုအခါ ကလေးတစ်ယောက် ပစ်ထားခဲ့သော ငှက်ပျောခွံ တစ်ခုကို တက်နင်းမိပြီး ဆင်ကြီး လဲလေ၏။ ကံက ဆိုးချင်တော့ ရွာအလယ်က မောင်ဖိုးမြက စက်ဘီး စီးလာတဲ့ အရှိန်နဲ့ မထိန်းနိုင်ဘဲ တိုက်မိပြန်ရာ ဆင်ကြီး ပေါင်ကျိုးလေ၏။

သူဆင်းရဲမ ငှဲ့ချလိုက်သော ထမင်းရေတို့ကို မြင်သော ဘီးလ်ဂိတ်က " ဟဲ့ ဘီလီယံနာသူဌေးမ၊ ထမင်းရေ၌ ဗီတာမင်မော်ဒယ် ဝမ်း၊ တူး ၊ သရီး စသည်ပါ၏၊ မိမိ၏ ကလေးငယ်များ...... စသည်စသည်......... " ဟုဆိုလေ၏။

ထိုအခါ ဘီလီယံနာသူဌေးမ က " ဟဲ့ အနောက်ချောင်သား ငဘီး၊ ခေါင်းဖီးဖို့ စဉ်းစား၊ နင့်စကား နားထောင်နေရတာနဲ့ ငါ့ထမင်းများ မိုက်ကရို ဆော့ဖ်ဖြစ်ပြီး စားမရ ဖြစ်ချေပြီ၊နင့် ကို တရားစွဲအံ့ " ဟုဆိုရာ

" အခုမှ သိရသည်၊ သင်က ထမင်းချက်ရာ၌ပင် ငါ့ အိုင်တီကို ခိုးယူ၍ ချက်သည်၊ ကော်ပီရိုက်ဖြင့် သင့်ကို တရားစွဲအံ့ " ဟု ခေါင်းဖီးတံခါးပေါက် က ဆိုပြန်၏။

တရားရုံးသို ရောက်သော အခါ I.O.C ပြဿနာကို မရှင်းနိုင်သေးသော ပုဂ္ဂိုလ်များ ခေါင်းကုတ်နေသြည်ကို တွေ့ရ၏။ ဖြစ်ပုံကား ယုန် နှင့် လိပ် မာရသွန်ပွဲကို လုပ်ပွဲများလားဟု သံသယရှိသဖြင့် ပြန်လည် စေ့ငုလေရာ ယုန်ကလေး စားခဲ့သော ဂျေဒေါနတ် ထဲ၌ အိပ်ဆေးဟု ယူဆရသော ဓာတု တစ်မျိုး တွေ့ရှိရလေ၏။ ( ဉာဏ်ရှိက I.O.C ကို International Olympic Committee ဟုလည်းကောင်း၊ International Ocean Committee ဟုလည်းကောင်း၊ အင်တာနေရှင်နယ် အိုးနင်း ခွက်နင်း ငှက်ပျောခွံနင်း ကော်မတီ ဟုလည်းကောင်းဖွင့်ဆိုနိုင်၏ ။)

ယင်း ထမင်းရည် စွတ်ပြုတ် ပုံပြင်ကို မဖတ်ဖူးသော ဖာဂူဆန်က ရီယယ်မက်ဒရစ် နှင့် ( ချာလ်တန် လာကြည့်မည့် ) ချာရတီ ဘောလုံးပွဲ၌ ဂျမေကာ အပြေးသမား ရက်ကော့ ဟိုးလ်ဒါး ဦးစိန်ဗိုလ်ကို ( U Sein Bolt ) ဘောလုံး အကန်ခိုင်းမည်ဟုဆို၏။ ထို့ အပြင် မင်းသား ဟင်နရီ ပါ လာကြည့်မည်ဟု ကြေငြာလိုက်ရာ ရှက်တတ်သော ထို လိပ်က ( မျက်နှာကို အတွင်းထဲ ဇွတ်အတင်း ထိုးထည့်ကာ ) ရုတ်တရက် တရုတ် သမုဒ္ဒရာ ထဲသို့ ချန်ပီယံဆုယူပြီး ထွက်ပြေးလေ၏။

၎င်း လိပ်ကို ဖမ်းမိရေးနှင့် ပတ်သက်ပြီး တရုတ်၊ ဂျပန်၊ အမေရိကန်၊ သြစတေးလျ တို့ စစ်ဖြစ်မလိုလိုပင် ရှိချေ၏။ အကြောင်းကား ထို ချန်ပီယံဆုရှင် လိပ်သည် တရုတ်လိပ်လား၊ ဂျပန်လိပ်လား မကွဲပြားသောကြောင့်ဖြစ်၏။

အမေရိကန်တို့က ဂျပန်ကိုဆို၏၊ " ရှိစေ၊ ဂျပန်လိပ်ဖြစ်က အိပ်ဆေးကိစ္စကို တို့ မပြော၊ တရုတ်လိပ်ဖြစ်က အိပ်ဆေးကိစ္စဖြင့် ပွအောင် ဖွမည် " ဟု အားပေးစကား ပြော၏။

တရုတ်တို့ အဆိုအရ လွန်ခဲ့သော သန်းပေါင်းများစွာ လု ထု ဖု မင်းဆက်က နိုင်ငံတွေဟု မရှိ၊ တရုတ်ပြည်၊ တရုတ်ပင်လယ် သာရှိသည် ၊ထို့ကြောင့် အရာခပ်သိမ်း မြန်မာပြည် အပါအဝင် သူတို့ ပိုင်သည် ဟု ဆို၏၊ ယင်းအဆို ဘူးသီးပေါင်းကျော်ဖြင့် သက်သေပြနိုင်သည်ဟု ဆိုလေ၏။

သို့ဖြင့်ပင် မူရင်း ငှက်ပျောခွံ ဖတ်စာထဲမှာပါဝင်ခဲ့ရသော ကလေးငယ်သည် နေရာမရ ဖြစ်ကာ ဘလော့ဂ် တင်ပြီး သူရေးချင်ရာများကို ရေးနေလေတော့၏။ ဖတ်သူ အထိုက် အလျောက်ရှိသည်ဟု ဆို၏။



ဇင်ဝေသော်

နားဝင်မချို (၅) "မရှိမဖြစ်ဒီမိုကရေစီလား"

လီကွမ်းယုရဲ့ Hard Truths (to keep Singapore going) ထဲက သင့်တော်မယ့် အပိုင်းတွေကို ရွေးပြီးဘာသာပြန်ထားတာပါ။ သူ့အတွေးအခေါ်၊ သူ့လုပ်ဆောင်ချက်တွေ အရင့်အရင် စာအုပ်တွေမှာ တချို့ပါခဲ့ပေမယ့် ဒီစာအုပ်ကတော့ လူငယ်ဂျာနယ်လစ်တွေနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးဖြစ်ပြီး အမေးအဖြေပုံစံဆိုတော့ ပိုပြီးသွက်နေတယ်လို့ ခံစားရလို့ပါ။ တစ်စုံတစ်ရာ ရနိုင်ကောင်းပါရဲ့လို့ မျှော်လင့်မိပါတယ်။
ဇင်ဝေသော်



မေး။          ။ လူတစ်ယောက် မဲတစ်မဲ ရွေးကောက်ပွဲမူနဲ့ နှစ်ငါးဆယ်ကြာအောင် နိုင်ငံရေးလုပ်နိုင်ခဲ့တယ်။ စင်ကာပူမှာ အဲသလို အောင်မြင်မှုမျိုးရအောင် ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရသလဲ။
ဖြေ။        ။ ငါသာ စည်းရုံးရေးကောင်းသူတစ်ယောက် မဟုတ်ခဲ့ရင် ဒါကလည်း မအောင်မြင်နိုင်ပါဘူး။ အချက်နှစ်ချက်က ငါ့ကို ကူညီခဲ့တယ်လို့ ပြောရမယ်။ နံပါတ်တစ်က- ငါတို့ဟာ အကြီးအကျယ် အကျပ်ရိုက်တဲ့ကာလကို ရင်ဆိုင်ခဲ့ရတယ်။ ဒီတော့ ငါကပြောတယ်။ ကျွန်တော်တို့ ပြောင်းလဲမလား၊ အသေထိုင်ပြီး ခံကြမလားလို့။

ဒီတော့ အလုပ်သမားဥပဒေ၊ အလုပ်ခန့်ထားခွင့် အက်ဥပဒေ၊ ကုန်သွယ်ရေး အက်ဥပဒေတွေကို ပြောင်းလဲပစ်ကြတယ်။ ပြီးတော့ ငါတို့လူထုနဲ့ အလုပ်ဖြစ်နိုင်မယ့် အခြေခံမူဝါဒတွေ ပြင်ပြီးရေးဆွဲခဲ့ကြတယ်။

အဖွဲ့အစည်းတွေဟာ သူတို့ဆန္ဒမပြခင် ခွင့်မိန့်ရယူကြရတယ်။ ဘယ်အဖွဲ့ဝင်တွေက ဆန္ဒရှိတယ်၊ ဘယ်အဖွဲ့ဝင်တွေကတော့ ဆန္ဒမရှိဘူးဆိုတာတွေကို အလေးမမူပဲ ခေါင်းဆောင်ပိုင်း အနည်းအကျဉ်းလောက်နဲ့ လုပ်တတ်တဲ့ ကွန်မြူနစ်တွေလို ဖြစ်မနေရဘူး။ ကွန်မြူနစ်တွေရဲ့သဘောက သူတို့ဆန္ဒပြမယ်၊ သူတို့နဲ့ပေါင်းပြီး ဆန္ဒမပြဘူးဆိုရင် မင်းကို ခေါက်ထားလိုက်မယ်။ ဒါမျိုးပဲ။ ဒီပြဿနာက မျှမျှတတလှုပ်ရှားသွားကြဖို့ ငါ့ကိုအကူအညီ ပေးလိုက်တာပဲ။

နောက်ဒုတိယအချက်ကတော့ မျှမျှတတကစားကြရာမှာ ရှေ့ခရီးကိုဆက်ဖို့ လူတွေကို စည်းရုံးနိုင်တဲ့စွမ်းရည် ငါ့မှာရှိနေတာပဲ။ ငါတို့ ဒီအတိုင်းခရီးသွားမယ်ဆိုရင် ကိုယ်ပိုင်အိမ်၊ ပညာသင်စရာ ကျောင်းတွေရမယ်၊ အကူအညီတွေရမယ်၊ စတာတွေကို အာမခံတယ်။ ရအောင်လည်း လုပ်ပေးခဲ့တယ်။

မေး။          ။ အနာဂတ်မှာ မစ္စတာလီလို စည်းရုံးရေးကောင်းတဲ့လူ ပေါ်လာဖို့ သိပ်မမြင်မိတော့ဘူး။ ဒါဆိုရင် ဒီစစ်စတန် အလုပ်ဖြစ်နေဖို့ အခက်အခဲ မရှိလောက်ူးလား။
ဖြေ။        ။အသေအချာ ရှိနိုင်တာပေါ့။ ဒါက ငါလို စည်းရုံးရေးသမားတစ်ယောက် မရှိတော့တာရယ်တင် မဟုတ်ပါဘူး။ အခု အီလက်ထရောနစ် မဲပေးစနစ်က အထက်တန်း အလုပ်သမားလူတန်းစား၊ အဆင့်နိမ့် လူလတ်တန်းစား၊ လူလတ်တန်းစား၊ အထက်တန်း လူတန်းစား၊ စီးပွါးရေးသမားနဲ့ နောက်ဆုံး သူဋ္ဌေးသူကြွယ်တွေအထိ တိုက်ရိုက်ဆက်သွယ်ပေးနေတယ်။ သူတို့ စိတ်ဝင်စားမှုတွေကလည်း ပိုပြီးအရောင်အသွေး စုံလာတယ်။

ဟိုတုန်းကဆိုရင် အဓိကက အသက်ရှင်သန်ရေးပဲ။ ဒါကြောင့် ဥပဒေတွေကို ပြောင်းလဲလို့ရတာ။ ဥပမာအားဖြင့် ပင်လယ်ကမ်းခြေက မြေတွေအားလုံး နစ်နာကြေးပေးစရာမလိုဘဲ သိမ်းယူနိုင်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။ တကယ်လို့ မြေပိုင်ရှင်တွေကို နစ်နာကြေးတွေ ပေးနေရမယ်ဆိုရင် ငါတို့ တိုးတက်မှုလည်း နှောင့်နှေးသွားလိမ့်မယ်။ ဒီဥပဒေကို ငါပြောင်းခဲ့တာ။ ဒီအခြေခံဖော်မက်နဲ့ ပတ်သက်တဲ့ဥပဒေကို ငါကောင်းကောင်း သဘောပေါက်ခဲ့တယ်။ ဒီလိုလုပ်မှ စင်ကာပူကို ပြန်လည်တည်ဆောက်ပြီး လူတိုင်းအညီအမျှ အကျိုးခံစားခွင့်ရလိမ့်မယ်။ ဒါက လူမှုဥပဒေ အင်ဂျင်နီယာပညာပဲ။ ဒါနဲ့ပတ်သက်လို့ မြေပိုင်ရှင်တွေဆီက ပူညံပူညံအသံတွေ မကြားခဲ့ရဘူး။ အကြောင်းကတော့ သူတို့က ငါတို့စိတ်ကြိုက် စီမံခွင့်ပေးလိုက်တယ်။ ဒါဆို သူတို့မြေတွေဟာ တဖြည်းဖြည်းနဲ့ ဈေးတွေမြင့်တက်လာမယ်။ ဒီလိုမလုပ်ရင် သူတို့မြေတွေ အသုံးမကျ၊ တန်ဖိုးမရှိ ဖြစ်သွားလိမ့်မယ်။ သူတို့က ဒါကို သဘောပေါက်တယ်။ ဒီတော့ သူတို့ကပဲ ငါ့အစီအစဉ်အောင်မြင်ဖို့ ဝိုင်းပြီးဆုတောင်းပေးကြတော့တယ်။

မေး။          ။ အဲဒီတုန်းက စင်ကာပူမှာ တူတူတန်တန် အတိုက်အခံပါတီမရှိတာလည်း အဓိကအကြောင်းတစ်ကြောင်းဖြစ်မယ်ထင်တယ်။
ဖြေ။        ။ဒါလည်း မှန်ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ဘာရီဆန်ရှိခဲ့မယ်ဆိုရင်တောင်မှ သူ့မှာ စောဒကတက်စရာ သိပ်မရှိနိုင်ပါဘူး။ မြေပိုင်ရှင်နဲ့ ဆင်းရဲသားတွေကြား ငါက မြေပိုင်ရှင်တွေကို ဦးစားပေးခဲ့လို့၊ ဒါမှမဟုတ် ဆင်းရဲသားလူတန်းစားကို အသာပေးခဲ့လို့လား။ ကန့်ကွက်ချင်တယ်ဆိုရင်တော့ အကြောင်းမရှိ အကြောင်းရှာပြီး ကန့်ကွက်လို့တော့ ရတာပေါ့လေ။ ဒါဆို ငြင်းခုံနေကြတာနဲ့ အချိန်တွေကုန်သွားမှာပဲ။

ဒါပေမယ့် တို့တကယ်တမ်း တိုးတက်လာတဲ့အခါမှာတော့ အိမ်ယာပိုင်ဆိုင်မှုဥပဒေတွေ ပြန်ပြင်ယူခဲ့ရတယ်။ မြေပိုင်ရှင်တွေကို နစ်နာကြေးအပြည့်အဝ ပေးလိုက်တယ်။ အိမ်ပိုင်ဖို့ ဈေးပိုပေးရတော့တယ်။ ဆောက်လုပ်ရေးပစ္စည်း တိုးတက်ကောင်းမွန်လာဖို့အတွက် ကုန်ကျငွေ၊ HDB အိမ်ဈေးတွေဟာ တက်လာတယ်။ ဘာကြောင့်လဲဆိုရင် အိမ်ယာပိုင်ဆိုင်မှုအတွက် ဈေးကွက်စီးပွါးရေးစနစ် ကျင့်သုံးဖို့လိုအပ်လာလို့ပဲ။

မေး။          ။ ဒီမိုကရေစီနဲ့ပတ်သက်လို့ မစ္စတာလီရဲ့ အမြင်က ဘယ်လိုပါလဲ။
ဖြေ။        ။အမေရိက နိုင်ငံရေးသိပ္ပံပညာရှင် ဆင်မြူရယ် ဟန်တင်တန်(Samuel Huntington) က ပြောတယ်။ တစ်ချို့ယဉ်ကျေးမှုတွေက ဒီမိုကရေစီကို လက်မခံနိုင်ဘူးတဲ့။ သူထောက်ပြတာတွေက ရှေးရိုးစွဲ ခရစ်ယာန်တွေနဲ့ မွတ်ဆလင်တွေကိုပါ။ ဂျပန်ကိုတော့ ချွင်းချက်လို့ သူကပြောတယ်။ ငါကတော့ ဂျပန်က ချွင်းချက်လို့မထင်မိဘူး။ ဂျပန်တွေရဲ့ ဒီမိုကရေစီကမှ စပါယ်ရှယ်ဒီမိုကရေစီပဲ။ သူတို့က အဖေကနေ သား၊ ဆာမူရိုင်းယဉ်ကျေးမှုဆန်တဲ့ ဒီမိုကရေစီပဲ။ သူတို့ ခေါင်းဆောင်တွေကလည်း ရှေးက ဆာမူရိုင်းခေါင်းဆောင်တွေအတိုင်းပဲ။ သူတို့ဟာ အမေရိကန်တွေရဲ့ လစ်ဘရယ်ဒီမိုကရေစီဆီ ကူးပြောင်းလေဦးမလားဆိုတာ ငါတော့ သိပ်မသေချာလှဘူး။

တို့လည်း တို့နဲ့သင့်တော်တဲ့ ဒီမိုကရေစီကို တည်ဆောက်ယူခဲ့ကြတာပဲ။ လစ်ဘရယ်ဒီမိုကရေစီမှာ လူတစ်ယောက်က ပါတီတစ်ခုကို ကိုယ်စားပြု အရွေးခံလိုက်ရပြီဆိုရင် အခြားပါတီတွေရဲ့ စည်းကမ်းတွေကို သူလိုက်နာစရာ မလိုတော့ဘူး။ ဒီစနစ်မျိုး စင်ကာပူမှာ ကျင့်သုံးကြည့်။ မတည်ငြိမ်တဲ့အစိုးရတစ်ခုကို စင်ကာပူရသွားမယ်။ ဒီတော့ ငါတို့က ပါတီမပြောင်းရဘူးလို့ မပြောဘူး၊ ပြောင်းနိုင်တယ်။ ဒါပေမယ့် တစ်ယောက်ယောက်က ပါတီတစ်ခုကို ပြောင်းသွားမယ်ဆိုရင် ဒီပါတီမှာ သူ့တစ်နေရာစာ လွတ်သွားတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ အဲဒါရင်ဆိုင်ရမယ်။ ဒီစနစ်က မြူစစ်ကယ် ချဲယား(စ်) ကို တားမြစ်ပေးတယ်။

(Musical chair ဆိုတာ ကစားနည်းတစ်မျိုးပါ။ မြူးဇစ်အသံကြားနေရချိန်မှာ ကစားသမားတွေဟာ ထိုင်ခုံတစ်ခုကနေတစ်ခုဆီ ကူးပြောင်းလမ်းလျှောက်နေရပါတယ်။ မြူးဇစ်ရပ်သွားတဲ့အချိန်မှာ ဦးအောင်ခုံပေါ်ထိုင်ရပါတယ်။ ထိုင်ခုံမရလိုက်သူ အရှုံးပါ။ အဲသလိုနည်းနဲ့ နောက်ဆုံးတစ်ယောက်တည်းကျန်အောင် ကစားတဲ့ကစားနည်းမျိုးပါ။)

မလေးရှားက ဒီစနစ်မရှိဘူး။ အခု သူတို့အကျပ်ရိုက်နေတယ်။ အတိုက်အခံပါတီက အခြေခံဥပဒေကို ပြောင်းလဲခွင့်မပေးဘူး။

မေး။          ။ ဈေးကွက်စီးပွါးရေးကို တစ်ကမ္ဘာလုံးက လက်ခံကျင့်သုံးပြီး ဒီမိုကရေစီအတွက်ကိုတော့ ဒီလောက်အလောတကြီး မရှိကြဘူးဆိုတာက…….
ဖြေ။        ။ ဟုတ်တယ်၊ အစိုးရကောင်းဖြစ်ဖို့၊ တည်တည်ငြိမ်ငြိမ်နဲ့ ကြွယ်ဝချမ်းသာဖို့ ဒီမိုကရေစီက မရှိမဖြစ်မဟုတ်ဘူး။ မင်းတို့ သီရိလင်္ကာကိုကြည့်။ သီရိလင်္ကာလူမျိုးတွေက တမီး(လ်) တွေကို နိုင်လိုက်တယ်။ ဒီနေ့ သူတို့ကတမီး(လ်)တွေကို တစ်ခုခုပေးချင်တယ်ဆိုရင် ဘာမှ တိုင်ပင်ဆွေးနွေးမနေဘဲ ပေးချင်တာ ပေးလိုက်ကြတာပဲ။ လူတစ်ယောက် မဲတစ်မဲစနစ်က လူနည်းစုလေးတွေကို အကျဉ်းအကျပ်ရောက်စေတာပဲ။ စင်ကာပူမှာ ဆိုရင်လည်း တို့လူနည်းစုတွေ ဒီလိုပဲဖြစ်မှာ။ ငါတို့ အခြေခံဥပဒေမှာလည်း ဒီပြဿနာမျိုးရှိလာနိုင်တယ်ဆိုတာ ငါတို့သဘောပေါက်တယ်။ ဒါကြောင့် ပေါ်လစီနဲ့ ပါးပါးနပ်နပ် ပြောင်းယူရတယ်။ ဒီလိုမဟုတ်ရင် တို့လည်း တမီး(လ်)တွေလို အဆုံးသတ်သွားစရာရှိတယ်။ Xinjiang မှာလည်း ဒီအတိုင်းဖြစ်ခဲ့ဖူးတယ်။

မေး။          ။ ဒီမိုကရေစီကျကျ ရွေးချယ်ခဲ့တဲ့အစိုးရတွေ ကမ္ဘာပေါ်မှာ အများကြီးပါ။ ဒါက ဒီမိုကရေစီဟာလည်း ဆွဲဆောင်မှုရှိတယ်လို့ မဆိုလိုနိုင်ဘူးလား။
ဖြေ။        ။ ငါတော့ မထင်ဘူး။ အကောင်းဆုံး ဆွဲဆောင်မှုက အကြမ်းမဖက်ဘဲ အစိုးရပြောင်းလဲရေးပဲ။ တရုတ်ပြည်ကိုကြည့်။ သူတို့ရဲ့အဓိကအကျဆုံး အားနည်းချက်က တော်လှန်ရေးအကြီးအကျယ်လုပ်ပြီးမှ အစိုးရပြောင်းလဲနိုင်တဲ့အချက်ပဲ။ ဆိုလိုတာက အစိုးရဟာ ယန္တရားတစ်ခုလုံး ရပ်တန့်သွားပြီး ဘေးဖယ်ခံလိုက်ရတော့တာပဲ။ စင်ကာပူမှာလည်း တို့ကအုပ်ချုပ်ရေးမှာ အံမဝင်တော့ဘူးဆိုရင် မဲစနစ်နဲ့ ကန်ထုတ်လိုက်လို့ရတာပဲ။ ဒါပေမယ့် ဒီအစိုးရက ရွေးကောက်ပွဲမှာရှုံးပြီး ဘေးရောက်သွားရင်တောင် စစ်စတန်က ရှိနေရစ်လိမ့်မယ်။ ဒါကို ခိုင်မာအောင်လုပ်ထားဖို့က အဓိကတာဝန်ပဲ။ နောက်ပြီး ရွေးကောက်တင်မြှောက်ခံထားရတဲ့ သမ္မတဟာ နိုင်ငံတော်ပြန်လည်ကောင်းမွန်လာဖို့ ဦးဆောင်မှုပေးနိုင်တဲ့ အဓိက အစောင့်အရှောက် တစ်ယောက်ပဲ။

မေး။          ။ ဘယ်လို ဆိုလိုတာပါလဲ။
ဖြေ။        ။ အစိုးရအသစ်ဟာ မြှောက်ကာပင့်ကာနဲ့ ထိပ်ကလူတစ်ယောက်ကို ပြောင်းလဲပစ်လို့မရဘူး။ သမ္မတရဲ့ ခွင်ပြုချက်မရဘဲ နိုင်ငံတော်ရဲ့ အရင်ကရှိခဲ့တဲ့ ဘဏ္ဍာတွေကို သုံးစွဲလို့မရဘူး။ ဒီဘောင်အတွင်းကနေ နိုင်ငံကိုအုပ်ချုပ်ရမယ်။ တကယ်လို့ ဒုတိယအကြိမ် ရွေးကောက်ပွဲမှာ မဲသုံးပုံနှစ်ပုံနဲ့ အနိုင်ရသွားပြီဆိုရင်တော့ ဒီဥပဒေကို သူတို့ကိုယ်တိုင် ပြောင်းလဲခွင့်ရသွားပြီ။ ဒါကလည်း သိပ်မလွယ်ဘူးလို့ ငါထင်တယ်။ သူတို့မှာ အရည်အချင်းမမီဘူးဆိုရင် ပထမအကြိမ်နိုင်လည်း ဒုတိယအကြိမ်မှာ ရှုံးမှာပဲ။

အနာဂတ်မှာ တို့ရှုံးနိုင်တယ်လို့ မြင်မထားရင် ကျောထောက်နောက်ခံ အတားအဆီးကို ထားစရာလည်းမလိုဘူး။ ငါကြိုတင်မြင်မိတာက အစိုးရတစ်ခုတည်း အမြဲအုပ်ချုပ်နေတာကို လူတွေ ငြီးငွေ့လာလိမ့်မယ်။ ဒီတော့ အတိုက်အခံကို မဲပေးကြည့်ရအောင် ဆိုတာမျိုးတွေ ရှိလာနိုင်တယ်။ တစ်ချိန်ချိန်မှာတော့ ဒါမျိုးဖြစ်လာဦးမှာပဲ။ ဘယ်တော့လည်းဆိုတာတော့ မသိဘူး။ လာမယ့် ငါးနှစ်ဆယ်နှစ်အတွင်းမှာတော့ ဖြစ်လာဦးမယ်မထင်ဘူး။ လက်ရှိအစိုးရက အရည်အချင်းရှိတယ်။ ဆိုပါတော့ စီးပွါးရေးအကျပ်အတည်းကာလမှာ အစိုးရက ကောင်းကောင်းမကိုင်တွယ်နိုင်ခဲ့ဘူး၊ လူတွေလည်း အလုပ်ပြုတ်ကြတယ်။ ဒါဆိုရင် ဒါတွေ ဖြစ်လာနိုင်တာပဲ။



ဇင်ဝေသော်

လော့ဂျစ်များ

တစ်မိနစ်
ပထမလူ။      ။ တစ်မိနစ်ဆိုတဲ့ ဆိုတဲ့ အချိန်က ဘယ်လောက်ကြာပါသလဲ။
ဒုတိယလူ။     ။ ဒါက ခင်ဗျားက အိမ်သာထဲမှာလား ၊ အိမ်သာအပြင်က စောင့်နေတာလား ဆိုတာအပေါ် မူတည်ပါတယ်။

အထီး အမ
ပထမလူ။      ။ ယင်ကောင်ကို အထီး အမ ဘယ်လိုခွဲပါသလဲ။
ဒုတိယလူ။     ။ လွယ်ပါတယ်။ ဘီယာဘူးပေါ်မှာ နားနေတာက အထီး။ တယ်လီဖုန်းပေါ်မှာ နားနေတာက အမ။

အသား နဲ့ အစာ
ပထမလူ။      ။ တိရစ္ဆာန်တွေကို ချစ်ရင် အသား မစားသင့်ဘူး ဆိုတာ လက်ခံပါသလား။
ဒုတိယလူ။     ။ လက်ခံပါတယ်။ ဒါပေမယ့် တိရစ္ဆာန်တွေရဲ့ အစားအစာဖြစ်တဲ့ အသီး အရွက်တွေကိုပါ ရှောင်လိုက်ရင် ဘယ်လိုလဲ။

စင်္ကာပူမှာ အလုပ်ရှာ
ပထမလူ။      ။ စင်္ကာပူမှာ အလုပ် လာလုပ်ဖို့ ဘာတွေလိုအပ်ပါသလဲ။
ဒုတိယလူ။    ။ ( ၁ ) သုံးမကုန်အောင် ချမ်းသာတဲ့လူ မဖြစ်ရဘူး။ ( ၂ ) ကုန်းကောက်စရာ မရှိအောင်လည်း မမွဲရဘူး။ ဒါပါပဲ။ ရပါပြီ။

ကြွက် နဲ့ လူ
ပထမလူ။      ။ ဂျာမန်ပညာရှင် တစ်ယောက်က ပြောတယ် " အံ့ ရောဗျာ။ ကြွက်တွေ ကြွက်ထောင်ချောက် တီထွင်တယ် မကြားဖူးပါဘူး၊ လူတွေက အဏုမြူ ဗုံး တီထွင်ကြ သတဲ့ "
ဒုတိယလူ။     ။ ကျနော်လည်း ကြွက်တွေ စိတ်တိုနေတုန်း အီးမေးပြန်ကြတယ် လို့ မကြားဖူးဘူး

( ဒီလိုပြောလည်း ရသားနဲ့။ )


ဇင်ဝေသော်

နားဝင်မချို (၄) "စင်ကာပူရဲ့ လားရာ"

လီကွမ်းယုရဲ့ Hard Truths (to keep Singapore going) ထဲက သင့်တော်မယ့် အပိုင်းတွေကို ရွေးပြီးဘာသာပြန်ထားတာပါ။ သူ့အတွေးအခေါ်၊ သူ့လုပ်ဆောင်ချက်တွေ အရင့်အရင် စာအုပ်တွေမှာ တချို့ပါခဲ့ပေမယ့် ဒီစာအုပ်ကတော့ လူငယ်ဂျာနယ်လစ်တွေနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးဖြစ်ပြီး အမေးအဖြေပုံစံဆိုတော့ ပိုပြီးသွက်နေတယ်လို့ ခံစားရလို့ပါ။ တစ်စုံတစ်ရာ ရနိုင်ကောင်းပါရဲ့လို့ မျှော်လင့်မိပါတယ်။
ဇင်ဝေသော်


မေး။          ။ မစ္စတာလီ မရှိတော့တဲ့နောက်ပိုင်းအတွက် ဒါတွေကို ကြိုတင်စိုးရိမ်နေတာလား။
ဖြေ။           ။ ငါသေပြီးတဲ့နောက်ကို ဆိုလိုတာလား။

မေး။          ။ ကျွန်တော် ဆိုလိုတာက ဒီခန့်မှန်းတွက်ချက်မှုတွေကိုပါ။
ဖြေ။           ။ မစိုးရိမ်ပါဘူး။ ဒီပြဿနာကို ငါတို့ အထပ်ထပ် ဆွေးနွေးခဲ့ပြီးပြီ။

မေး။          ။ ဒါပေမယ့် ဒါတွေက မစ္စတာလီဆီက အစပြုခဲ့တာတွေပဲ။
ဖြေ။           ။ မှန်ပါတယ်။ ဒါပေမယ့် ကက်ဘိနက်အဖွဲ့ဝင်တိုင်း၊ ကာကွယ်ရေးဝန်ကြီးတိုင်းနဲ့ အရေးပါတဲ့ဝန်ကြီးတိုင်း ဒါတွေကို သဘောပေါက်လက်ခံထားကြတယ်။

မေး။          ။ ပြင်ပကမ္ဘာက ပြောင်းလဲနေမှာပဲ။ စိန်ခေါ်မှုအသစ်၊ ခန့်မှန်းတွက်ချက်မှုအသစ်တွေ လိုအပ်နေမှာပဲ။ အခြေခံကျကျ တွေးခေါ်မှုတွေ လိုအပ်နေမှာပဲ။
ဖြေ။           ။ သူတို့မှာ တွေးနိုင်တဲ့စွမ်းရည်ရှိပါတယ်။ အရည်အချင်းတွေအားလုံး တစ်ယောက်တည်းဆီမှာတော့ စုပေါင်းပြီးရှိမနေနိုင်ပါဘူး။ ငါ့တုန်းကလည်း ငါတစ်ယောက် တည်း မဟုတ်ခဲ့ပါဘူး။ အတွေးပေါင်းစုံ၊ အမြင်ပေါင်းစုံ၊ ပူးပေါင်းထားတဲ့အဖွဲ့နဲ့ ငါလုပ်ခဲ့ရတာပါ။

မေး။          ။ ဒါပေမယ့် သူတို့အရည်အသွေးက စစ်တမ်းမထုတ်ကြရသေးဘူး။
ဖြေ။           ။ ဘာလို့ မင်းကဒီလိုပြောနိုင်တာလဲ။ စီးပွါးရေး အကျပ်အတည်းကနေ သူတို့ကောင်းကောင်းကြီး လွတ်မြောက်ခဲ့ကြပြီ။ ပညာသားပါပါ ဖြေရှင်းနိုင်ခဲ့ကြတယ်။ ဒါကိုကြည့်ပြီး သူတို့ဖက်ကနေ ရပ်တည်ပေးနေတာ မဟုတ်ပါဘူး။ သူတို့ဘာသာ သူတို့ အဖြေရအောင်ရှာကြတယ်။ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးနဲ့ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှု ဘုတ်အဖွဲ့အရဲ့ အချက်အလက်ဒေတာတွေအားလုံး အသေးစိတ် ငါလည်း မတွက်ချက် တတ်ပါဘူး။ ဝန်ကြီးချုပ်ဘဝတုန်းကတော့ ဒါတွေကို အသေးစိတ် ကြည့်ခဲ့ရတယ်။ ငါကတော့ ဒီထက်ပိုဝေးတဲ့ ပြဿနာတစ်ချို့နဲ့ အခွင့်အရေးတစ်ချို့ကို လှမ်းကြည့်နေမိတယ်။

ငါကြည့်တယ်ဆိုတာ တရုတ်နဲ့ ဆက်ဆံရေးကောင်းမွန်ဖို့၊ အိန္ဒိယနဲ့ ဆက်ဆံရေးလုပ်ဖို့၊ အရှေ့အလယ်ပိုင်းနဲ့ ပူးပေါင်းရေးပိုအားကောင်းလာဖို့ စတာတွေပါ။ ရုရှားက တို့နဲ့ဝေးတယ်။ သူနဲ့ နီးဖို့လည်း ငါတို့ကြိုးစားတယ်။ ရုရှားမှာလည်း ရေနံရှိတယ်။ ဒါတွေဟာ ငါတို့နိုင်ငံ ရှေ့ခရီးအတွက် အပိုဆုစွမ်းအားတွေ ဖြစ်လာလိမ့်မယ်။ အခု လောလောဆယ်လေးတင်ပဲ မလေးတွေကို ငါပြောပြခဲ့တယ်။ အခု ငါတို့အခွင့်အရေးတွေရှိနေပြီး ဘာဖြစ်ဖြစ် မလေးရှားမှာပဲ ရင်းနှီးမြှုပ်နှံရတဲ့ဘဝ မဟုတ်တော့ဘူးလို့။ မလေးရှားထဲမှာ စင်ကာပူးရီးယန်းတွေ လာရောက် ရင်းနှီးမြှုပ်နှံစေချင်ရင် အခုတမျိုး တော်ကြာတမျိုး လုပ်လို့ တော့မရဘူး။ ဒါတွေက ရေရှည်စီမံကိန်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေလို့ သူတို့သဘောပေါက်ကြတယ်။

မဟာသီယာက အကြံတစ်မျိုးရှိတယ်။ ဝန်ကြီးတွေကတော့ ငါပြောတာကို သဘောပေါက်လက်ခံကြပါတယ်။ မဟာသီယာက ပြောတယ်။ အစ်ကန်ဒါဒေသကို စင်ကာပူလက်ကနေပြီး တရုတ်ကို ပြောင်းပေးမယ်တဲ့။ စင်ကာပူဆိုရင် မလေးတွေကို ကန်ထုတ်လိမ့်မယ်တဲ့။ သိပ်အဓိပ္ပါယ်မရှိလှဘူး။

ငါတို့မြို့ပြပြန်လည်ဖွံ့ဖြိုးရေးအဖွဲ့ရဲ့(Urban Redevelopment Authority) အစီအစဉ်တွေ ကိုကြည့်။ နောက်လာမယ့် (၁၀) နှစ်မှာ အကျိုးအမြတ်တွေရလာမယ်။ မရီနာ၊ စင်ကာပူမြစ်၊ Collyer Quay, Boat Quay, အောချာ့ထ် လမ်း၊ F 1 ၊ ကာစီနိုကြီးနှစ်ခု၊ ရင်းနှီးမြှုပ်နှံမယ့်သူတွေက ငါတို့ကို အကြွင်းမဲ့ ယုံကြည်ကြတယ်။ ဒီနေရာဟာ လုံခြုံစိတ်ချရတယ်။ အစိုးရက တည်ငြိမ်တယ်။ အလုပ်သမား၊ စက်မှုလုပ်ငန်းတွေကလည်း စိတ်ချရတယ်။ ဒါကို သူတို့သိကြတယ်။

ဒါကြောင့် လာမယ့်ဆယ်နှစ်၊ ဒါမှမဟုတ် နှစ်နှစ်ဆယ်မှာ ငါကနှစ်ဆလောက် နှစ်ဆလောက် ခုန်ကျော်တက်သွားနိုင်တယ်။ အနောက်မီဒီယာတွေကလည်း စင်ကာပူကို မြုံနေတဲ့နေရာလို့ မပြောရဲကြတော့ဘူး။ စင်ကာပူဟာ စီးပွါးရေးအချက်အခြာနေရာတစ်ခု ဖြစ်သွားပြီး၊ ပျော်စရာကောင်းတဲ့နေရာ ဖြစ်သွားပြီ။ ငါတို့ဟာ အရင်ကထက်ပိုပြီး လူမျိုးပေါင်းစုံတဲ့နေရာ ဖြစ်လာမယ်။ တရုတ်၊ အိန္ဒိယ၊ အမေရိက၊ ဥရောပ၊ သြစတေးလျ၊ နယူးဇီလန်၊ လူမျိုးစုံပဲ။ ဒါသည်ပင် စင်ကာပူရဲ့ အနာဂတ်လားရာပဲ။

မေး။          ။ နိုင်ငံရေးမူဝါဒ ပုံဖော်တဲ့နေရာမှာ မစ္စတာလီက အဓိကနေရာကရှိခဲ့တယ်။ ဒါတွေ အောင်မြင်ဖို့ ဘယ်လိုစတင်ပြင်ဆင်ခဲ့ရသလဲ။
ဖြေ။           ။ ဗြိတိသျှတွေ ရုတ်သိမ်းပြီး ပါလီမန်ကို ငါတို့လက်ကို အပ်ထားခဲ့ကြတယ်။ ဒီအချက်ကတော့ သမိုင်းတစ်ကွေ့ရဲ့ တိုက်ဆိုင်မှုတစ်ခုလို့ ဆိုရမှာပေါ့။ အဲဒီရဲ့နောက် ရလာတဲ့ အကျိုးအမြတ်မှန်သမျှကတော့ စင်ကာပူအတွက် ဘယ်အရာက အကောင်း ဆုံးဖြစ်လာနိုင်သလဲ ဆိုတာကို ကြိုတင်တွက်ချက်နိုင်ခဲ့မှုတွေကြောင့်ပဲ။ အစတော့ ဗြိတိသျှဖွဲ့စည်းပုံအတိုင်း ငါတို့ ဆက်လုပ်ကြတယ်။ နောက်မှ ဘယ်အချက်က စင်ကာပူနဲ့ပိုပြီး ကိုက်ညီမလဲဆိုတာကို ရွေးချယ်ပြင်ဆင်ပြီး ခရီးဆက်ခဲ့ရတယ်။

ငါတို့ အဓိကကိုင်တွယ်ထားတဲ့ အချက်တွေကတော့-

တစ်- ဗြူရိုကရေစီ၊ ပါလီမန်နဲ့ နိုင်ငံရေးခေါင်းဆောင်ဆိုတာ ခွဲခြားထားဖို့ပဲ။
နှစ်- ငါးနှစ်ပြည့်တိုင်း လွတ်လပ်တဲ့ရွေးကောက်ပွဲရှိမယ်။
ပါတီအသစ်ဝင်လာပြီဆိုရင် အဲဒီပါတီကလည်း လုပ်ဆောင်ရမယ့်မူဝါဒတွေ ရှိနေရမယ်။ ငါတို့ မူဝါဒတွေကို စင်ကာပူလူထုက မယုံကြည်တော့ဘူးဆိုရင် ငါတို့ကိုကန်ထုတ်လို့ရတယ်။ ဒါ သူတို့ ရွေးချယ်ခွင့်ပဲ။ စင်ကာပူနောက်ဆုတ်သွားရမယ့် အခြေအနေမျိုး ငါတို့ဖန်တည်းသင့်သလား။

ငါ့လက်ထက်တုန်းက နိုင်ငံအတွက် ကောင်းမယ်ထင်တာတွေဆိုရင် အမြဲတစေ ပြောင်းလဲကျင့်သုံးခဲ့တာပဲ။ ဖွဲ့စည်းပုံမှာ မပါဝင်တဲ့ ပါလီမန်အမတ် (Non- Constituency MPs) ဆိုတာ ငါစတင်ခဲ့တာ။ ပါလီမန်အမတ် ကြိုတင်ရွေးချယ်တာ( Nominated MPs) ကို ဂိုချောက်တောင်က စခဲ့တာ။ နောက်ဆုံးပြောင်းလဲမှုကတော့ လီရှန်လွန်းနဲ့ သူ့လူငယ်အမတ်တွေက အကြံပြုခဲ့တာ။ (နိုင်ငံရေး ပေါ်လစီပြောင်းလဲပုံမှာ ဆက်ဖတ်ပါ)

တဖြည်းဖြည်း ပြောင်းလဲယူခဲ့ရတယ်။ အစိုးရရဲ့တာဝန်ဆိုတာက မူလပုံသဏ္ဍာန်လည်း မပျောက်၊ နိုင်ငံလည်း နောက်ကောက်ကျ မနေရစ်အောင် အပြောင်းအလဲတွေ လုပ်နေဖို့ပဲ။

မေး။          ။ မစ္စတာလီက အစပိုင်းမှာ ဆိုရှယ်လစ်နော်၊ နောက် ရီယယ်လစ်ဖြစ်သွားတယ်။ ဘယ်အချက်ကများ နိုင်ငံရေုးယုံကြည်မှုကို ပြောင်းလဲသွားအောင် ဖန်တည်းလိုက်တာလဲ။
ဖြေ။           ။ ပင်ကိုယ်သဘာဝအရကိုပဲ ငါကိုယ်တိုင်က သီအိုရီတွေနဲ့ တွဲနေတဲ့လူတစ်ယောက် မဟုတ်ဘူး။ သီအိုရီနဲ့ လက်တွေ့က ပေါင်းစပ်နေမှရတယ်။ သီအိုရီဟာ စမ်းသပ်ကြည့်ဖို့လိုတယ်။ ဒီမိုကရေစီ အစိုးရဆိုတာ အကောင်းဆုံး နိုင်ငံတကာနဲ့ အံဝင်ခွင်ကျဖြစ်ပြီး ဒီမိုကရေစီစနစ်လည်း တစ်ကမ္ဘာလုံးပြန့်နှံ့သွားလိမ့်မယ်လို့ ငါမယုံကြည်ဘူး။ ဒါဆိုရင် အနောက်နိုင်ငံ အစိုးရတွေက ဘာကြောင့်လူထုကို အင်အားသုံးနှိမ်နင်းမှုတွေ ရှိနေတာလဲ။

တကယ်လို့ လစ်ဘရယ် ဒီမိုကရေစီစနစ်ဟာ ဈေးကွက်စီးပွါးရေးလို အကောင်းဆုံးဆိုရင် ဈေးကွက်စီးပွါးရေး ကမ္ဘာကိုပြန့်သွားသလို ဒီမိုကရေစီစနစ်က ဘာကြောင့် ပြန့်မသွားရတာလဲ။

ငါ့အခြေခံယုံကြည်မှုက နိုင်ငံတစ်ခုရဲ့ ဘက်ကရောင်းက ဘာပဲဖြစ်နေနေ ပညာရေး၊ ကျန်းမာရေးစတဲ့ အခြေခံအချက်တွေမှာ တန်းတူအခွင့်အရေးတွေ ရှိနေရမယ်။ ဒီတော့ လူချမ်းသာကိုပဲ အစားအသောက်၊ ဗီတာမင်တွေ နင်းကန်ကျွေးပြီး ကျန်တဲ့လူတွေကတော့ အစာရေစာ မလောက်ငတဲ့ဘဝကို မရောက်ရတော့ဘူးပေါ့။ ကိုယ်တိုင်အလုပ်ကြိုးစားရင်း ကိုယ်လိုချင်တဲ့ အောင်မြင်မှုဆီ လူတိုင်းသွားရောက်နိုင်တယ်။ လူ့အဖွဲ့အစည်းတစ်ခုလုံး တိုးတက်ဖို့အတွက် ဒီနည်းတစ်နည်းပဲရှိတယ်။ ကိုယ့်နိုင်ငံသားတွေရဲ့ အရည်အသွေးကို အမြင့်ဆုံးရောက်အောင် ပို့မပေးနိုင်တဲ့ လူ့အဖွဲ့အစည်းကို ငါမလိုချင်ဘူး။ လူတစ်ယောက်ရဲ့ မွေးရာပါဇာတ်က သူ့ကို နေရာပေးထားတဲ့ အဖွဲ့အစည်းမျိုးကိုလည်း မကြိုက်ဘူး။ အကောင်းဆုံး ဥပမာကတော့ အိန္ဒိယရဲ့ ဇာတ်စနစ်ပဲ။ မျိုးဆက်တစ်ခုလုံးက နေရာတကျ ချထားပြီးသား ဖြစ်နေတယ်။ မင်းဟာ ဗြဟ္မဏမျိုး၊ မင်းဟာ ဟိန္ဒူတရားဟောဆရာ။ ပြီးတော့ ဗြဟ္မဏကလေးတွေက ဗြဟ္မဏတွေကို ပြန်ပြီးလက်ထပ်။ အလုပ်တွေ သိမ်းကြုံးလုပ်ရမှာက ဇာတ်နိမ့်တွေ။ မင်းဟာ ဇာတ်နိမ့်မိသားစုက မွေးဖွားလာလို့ကတော့ တစ်သက်လုံး ဇာတ်နိမ့်အနေနဲ့သာနေပေတော့။ အဲဒါ ဘဝပဲ။

တရုတ်ရဲ့ အနေအထားက မတူဘူး။ တိရိစ္ဆာန်လောကမှာ ဖြစ်တတ်တဲ့သဘာဝကို လက်ခံတယ်။ ငါအောင်မြင်တယ်၊ ငါ့မှာ ပါဝါရှိတယ်၊ ငါလိုတာ အကုန်ရတယ်။ မင်းက အားနည်းတယ်၊ မစွံဘူး။ ဒီတော့ မင်းငတ်ပေတော့။ မင်းမှာ မိန်းမတစ်ယောက်မှ မရှိဘူး။ ငါ့မှာ မောင်းမဆောင်တစ်ဆောင်လုံး ရှိတယ်။ အဲသလိုမျိုး။ ဒါနဲ့ ဆက်စပ်နေတဲ့ အကျိုးဆက်က ဒုတိယမျိုးဆက်ပဲ။ အဲဒီ မောင်းမဆောင်က အမျိုးသမီးတွေဟာ ဥာဏ်ရည်ကောင်းပြီး တက်တက်ကြွကြွရှိတဲ့ မျိုးရိုးဗီဇတွေ ရသွားကြတယ်။

နိုင်ငံတော်ရဲ့ စာမေးပွဲစစ်ပြီးတိုင်း အတော်ဆုံးကျောင်းသားကို တရုတ်အင်ပါယာက ရွေးပြီး သူ့သမီးနဲ့ လက်ထပ်ပေးလိုက်တယ်။ ပြီးရင် အဲဒီပညာရှင်က တခြားမောင်းမတွေကို ကြိုက်သလောက် လက်ထပ်ခွင့်ရှိတယ်။ ဘာပြဿနာမှ မရှိဘူး။ အင်ပါယာလိုချင်တာက သူ့မျိုးဆက်အတွက် ဗီဇကောင်းရဖို့ပဲ။

လူတွေ ဖွင့်မပြောတဲ့ အမှန်တရားတစ်ခုရှိတယ်။ ဒူးရင်းအကောင်းစားကိုလိုချင်ရင် အကောင်းဆုံး ဒူးရင်းက မျိုးပွါးယူရတယ်။ လူတွေမှာလည်း ဒီအတိုင်းပဲလို့ ငါယုံကြည်တယ်။ ဒါက အနောက်လစ်ဘရယ်သမားတွေအဖို့တော့ မနှစ်မြို့စရာပေါ့ကွာ။ သူတို့က လူသားအားလုံး အတူတူပဲလို့ ဟန်ဆောင်ထားကြတဲ့လူတွေပဲ။

မင်းက ဂျနက်တစ်မဟုတ်သလို ဗီဇကိုလည်း ပြောင်းမပေးနိုင်။ ဒါကြောင့် လူတွေကို ငါပြောလို့ရတာက “ ကျုပ်ဟာ ဂေါ့(ဒ်) မဟုတ်ဘူး။ ဂေါ့(ဒ်) ကသာ ခင်ဗျားတို့ကို ဖန်ဆင်းနိုင်တာ။ ဒါပေမယ့် ကျုပ်ကတော့ ခင်ဗျားတို့ အလုပ်ပိုကောင်းအောင် လုပ်လာနိုင်ဖို့တော့ အကူအညီပေးနိုင်ပါတယ်” လို့။

ဘဝမှာ လူတိုင်းအခွင့်အရေး အတူတူ ရနေသင့်တယ်။ အခွင့်အရေး အတူတူပေးလို့ အကျိုးရလဒ်လည်း တူလိမ့်မယ်လို့တော့ မျှော်လင့်ထားလို့ မရဘူး။



ဇင်ဝေသော်