လူနဲ့ သင်္ဘောပင်


ယခု အသစ်ရောက်လာသည့် ဂါးဒင်းနား ဂေါဝိန္ဒ(နာမည်ရင်းပါ) က အရင်လူနဲ့ မတူ သစ်ပင်တွေကို တကယ်ချစ်သူဖြစ်ပါသည်။
စားဖို့ မရည်ရွယ်၊ ပန်းပင် သီးပင်လေးတွေကို ကြည့်ရင်း ကြည်နူးတတ်သူ၊ သူ့ပန်းပင်လေးတွေ ပွင့်လျင်လည်း ခေါ်ခေါ်ပြတတ်သူဖြစ်သည်။
ကျောင်းဝင်းထဲက မြေမကောင်းလို့ဆိုပြီး ကျောင်းအပြင် အစိုးရမြေပ်ါအထိ ကြံပင် ငှက်ပြောပင်လေးတွေ ထွက်စိုက်ထားတာကို တွေ့ရသည်။ မှန်၏၊ ကျောင်းအပြင်ရှိ ကြံပင် ငှက်ပြောပင်လေးတွေက ပို၍ ဖွံ့ထွားသည်။
သို့ဖြင့် ငါ့အတွက် သင်္ဘောပင်တစ်ပင် ပျိုးပေးပါ။ ငါလည်းစိုက်မယ်ဟု သူ့ကို မှာထားလိုက်သည်။
သူပျိုးနေစဉ် စနေနေ့တိုင်းလာတတ်သည့် အောင်ကိုလတ်ကို မြေ အပြင်ခိုင်းထား လိုက်သည်။ မြေဩဇာထည့်ထားသည်။



ဤမှာ ဇာတ်လမ်းစပါတော့သည်။
ဂေါဝိန္ဒကလည်း မိမိနဲ့ တစ်ချိန်တည်း အခြားတစ်နေရာမှာ သင်္ဘောပင် တစ်ပင် စိုက်သည်။ သင်္ဘောပင်လေးနှစ်ပင် တစ်နေရာစီမှာ အတူတူနီးပါး ဖွံ့ဖြိုးလာနေ ကြသည်။
ယခင်က ပြိုင်စရာမရှိ၊ အခု ပြိုင်စရာရှိလာသည်။
သူကလည်း သူ့သင်္ဘောပင်လေးကိုကြည့်လိုက်၊ ဒီက သင်္ဘောပင်လေးကို ကြည့်လိုက်၊ သူ့အပင်လေး ပိုသန်စေချင်တော့ မိမိမသိအောင် မြေဩဇာ ခိုးကြွေးလိုက်။
ကိုယ်တိုင်ကလည်း ကိုယ့် သင်္ဘောပင်လေးကိုကြည့်လိုက်၊ သူ့ သင်္ဘောပင်လေး ကိုကြည့်လိုက်၊ ကိုယ့်အပင်လေး ပိုသန်စေချင်တော့ သူ မသိအောင် မြေဩဇာ ခိုးကြွေးလိုက်။
လူသားနှစ်ယောက်ရဲ့ မသိမသာ အတ္တလွန်ဆွဲပွဲထဲမှာ သင်္ဘောပင်လေးနှစ်ပင်က ဇာတ်လိုက်ဖြစ်လာသည်။

သိပ်ပြီးမကြာလိုက်ပါ။
မြေဩဇာအကြွေးများပြီး သင်္ဘောပင်လေးနှစ်ပင် ပြိုင်တူသေဆုံး သွားရှာလေတော့သည်။
အမှန်မူ သစ်ပင်လေးတွေကို ကျွန်ုပ်တို့ နှစ်ယောက်စလုံး ချစ်မြတ်နိုးကြပါသည်။

သူ့ချည်းလား ဟဲ့


အတ္တဟိတ၊ ပရဟိတ


လူတချို့က အောင်မြင်မှုဆီ အရင်ရောက်အောင်သွားတယ်။ ပြီးတော့မှ ပရဟိတဘက်ကို ခြေဦးလှည့်တယ်။ (ဥပမာ အမေရိကန်က ဘီးလ်ဂိတ်၊ ဝါရင့် ဘူဖေး၊ ပြည်တွင်းမှာ ကျော်သူ)
လူတချို့က မအောင်မြင်ခင် ပရဟိတလုပ်ဖို့ အရင်စဉ်းစားတယ်။ ပရဟိတလုပ် ရင်း သူ့ရဲ့ပုဂ္ဂလိက အောင်မြင်ကြော်ကြားမှုလည်း ပါသွားတယ်။ ကောင်းတာပါပဲ။
အတ္တဟိတ၊ ပရဟိတဆိုတဲ့စကားတော်တွေက ရွတ်ကောင်းအောင် အက္ခရာရှေ့နောက်စဉ်ရုံတော့ ဟုတ်ဟန်မတူဘူး။
ဘာရယ်မဟုတ်ပါဘူး၊ သူဋ္ဌေးကြီး Warren Buffett ဟာသူ့ရဲ့ ပိုင်ဆိုင်မှုတွေထဲ က ဒေါ်လာ (၃၁) ဘီလီယံကို လှူတယ်ဆိုတာလေး(ကြီး) တွေ့လိုက်မိလို့ ဝမ်းသာလို့ပါ။

image source

သူ့ကမ်း ကိုယ့်ကမ်း


တစ်ခါက ဇင် ဆရာနဲ့ တပည့်တို့ မြစ်ကမ်းဘေးမှာ တရားရှုမှတ်နေကြတယ်။
အတန်ကြာတော့ ဆရာက တစ်ယောက်ပဲ စီးလို့ရတဲ့ လှေကလေးကို လှော်ပြီး ဟိုဖက်ကမ်းကို ကူးသွားတယ်။
ခဏနေတော့ တပည့်ကလည်း တဖက်ကမ်းကို ကူးချင်လို့
"ဆရာ၊ ကျနော့်ဆီကို လှေပြန်ပို့ပေးပါ၊ ကျနော်လည်း တဖက်ကမ်း ရောက်ချင် လို့ပါ " လှမ်းပြောတယ်။
ဒီတော့ သူ့ဆရာက
"ငါ့တပည့်၊ ကိုယ့်တရားကိုသာ စူးစိုက်ရှုမှတ်နေပါ၊ ငါ့ဖက်က ကြည့်တော့ မင်းလည်း တဖက်ကမ်း ရောက်နေတာပဲ၊ ဘာ လှေနဲ့မှ ကူးနေစရာတောင် မလိုဘူး " တဲ့။
ဒီတော့မှ တပည့်က သဘောကျသွားပြီး သူ့ ကမ္မဌာန်း နဲ့သူ ပျော်မွေ့ သွားနိုင်တော့တယ်။

အဲသလိုပါပဲ၊ ပြည်တွင်းပြည်ပက သမ္မာအာဇီဝတွေရဲ့ဘဝတွေကလည်း
သူ့ကမ်းက ကောင်းနိုးနိုး ကိုယ့်ကမ်းက ကောင်းနိုးနိုး။
တစ်ခုထူးတာက သူတို့ကြားမှာ မိကျောင်းပေါတဲ့မြစ်ကြီး ကာဆီးနေတယ်။

source

ဧဝံ မေ သုတံ ဘုန်းကြီးသုံးပါး


(တစ်)
"ဒီနယ်တစ်ဝိုက်မှာ မိုးခေါင်နေတာကြာပြီဘုရား၊ အရှင်ဘုရားတို့လို သီလ၊ သမာဓိရှိတဲ့ ဆရာတော်တွေ ကြွလာလို့ အခု မိုးရွာတာဘုရား"
"ဟဲ့ ဒကာ၊ အဲသလို မပြောရဘူး။ အဲသလိုပြောရင် ဒီနယ်ကဆရာတော်တွေ သီလ၊သမာဓိ မရှိဘူးဆိုတဲ့ အဓိပ္ပါယ်ရောက်တယ်။ နောက်ပြီး ဘုန်းကြီးနောက်တစ်ခေါက်ကြွလာလို့ မိုးမရွာရင် ဒီ ဆရာတော်တွေလည်း သီလပျက်ကုန်ပြီလို့ ပြောကြဦးမှာပဲ၊ သဘာဝက သဘာဝအတိုင်းပဲ ရှိတယ်"
ဆရာတော်ရဲ့ ခိုင်မာတဲ့ သီလ၊ သမာဓိအပြင် ပညာပါ ပါတဲ့အဖြေကြောင့် ဒကာဟာ အသိလမ်းမှန်ပေါ် ရောက်သွားတယ်။




(နှစ်)
"ဒီနယ်တစ်ဝိုက်မှာ မိုးခေါင်နေတာကြာပြီဘုရား၊ အရှင်ဘုရားတို့လို သီလ၊ သမာဓိရှိတဲ့ ဆရာတော်တွေ ကြွလာလို့ အခု မိုးရွာတာဘုရား"
"ဟဲ ဟဲ ဟဲ၊ ဒကာကြီးကဖြင့် လုပ်ပြီ၊ ဟဲ ဟဲ ဟဲ" (ဒီနေရာမှာ လုပ်ပြီလို့ အသံထွက်ပါ၊ လုပ်ပီ လို့ အသံမထွက်ပါနဲ့)
ဆရာတော်ရဲ့ ဟဲ ဟဲ ဟဲ အဖြေကြောင့် ဒကာခမျာလည်း ဟဲ ဟဲ ဟဲ ဒကာဖြစ်သွားတော့တယ်။

(သုံး)
"ဒီနယ်တစ်ဝိုက်မှာ မိုးခေါင်နေတာကြာပြီဘုရား၊ အရှင်ဘုရားတို့လို သီလ၊ သမာဓိရှိတဲ့ ဆရာတော်တွေ ကြွလာလို့ အခု မိုးရွာတာဘုရား"
"ဖြစ်ရမှာပေါ့။ ဘုန်းဘုန်းကိုယ်တိုင် ကြွလာပြီပဲ။ ဘုန်းဘုန်းတို့ ကြွလာပြီးတဲ့နောက် အားလုံးအဆင်ပြေပြီသာမှတ်။ ဘုန်းဘုန်းတို့က ၇ ရက်သားသမီး အားလုံးကို စောင့်ရှောက်ထားမှာပေါ့၊ ဘာမှ မပူနဲ့၊ ဖြစ်စေရမယ်"
ဆရာတော်ရဲ့ ဘုရားကြောပေးအဖြေကြောင့် ဒကာခမျာလည်း ဘုရားကိုကြောပေးရင်း ထိုဘုန်းကြီးကို ကုန်းနေအောင် ဦးချလေတော့တယ်။ ဘုရားကိုကြောပေးထားမှန်ပင် မသိရှာ။
အမှာ။ ။ တစ်ကတော့ မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ အဖြေဖြစ်ပါတယ်။

သုံးပွင့်ဆိုင်ရင် ကြောက်ရတယ်

အမေရိကန်ရယ်၊ အင်္ဂလိပ်ရယ်၊ အီရတ်တစ်ယောက်ရယ် အတူတူ အရက်သောက်နေကြတယ်။

အရင်ဆုံး အမေရိကန်က ခွက်လက်ကျန်ကို မော့သောက်၊ ဖန်ခွက်ကို အပေါ်မြှောက် ခါးကြားထဲက သေနတ်ကိုထုတ်ပြီး ဖန်ခွက်ကို ပစ်ထည့်လိုက် တယ်။ ပါးစပ်ကလည်း...
"အမေရိကမှာ ဖန်ခွက်တွေ ပေါလွန်းလို့၊ တစ်ခါသောက်ပြီးသား ဖန်ခွက်နဲ့ ထပ်သောက်စရာမလိုဘူး" တဲ့။



ဒုတိယက အင်္ဂလိပ်၊ ရှေ့က အမေရိကန်လုပ်ပြသွားတာကို သူ တော်တော် ခိုက်သွားတယ်။ ဒါနဲ့ သူကလည်း ခွက်လက်ကျန်ကို မော့သောက်၊ ဖန်ခွက် ကို အပေါ်မြှောက် ခါးကြားထဲက သေနတ်နဲ့ ဖန်ခွက်ကို ပစ်ထည့်လိုက်တယ်။ သူပြောတာက...
"ဗြိတိန်မှာ ဖန်ခွက်လုပ်လို့ရတဲ့ သဲတွေ ပေါလွန်းလို့၊ တစ်ခါသောက်ပြီးသား ဖန်ခွက်နဲ့ ထပ်သောက်စရာမလိုဘူး" တဲ့။

အီရတ်ကီးကတော့ မျက်လုံးအဝိုင်းသားလေးနဲပေါ့။ သူတို့အစွမ်းပြနိုင်သလို အီရတ်တစ်ယောက်အနေနဲ့ကတော့ ဘယ်နည်းနဲ့မှ အစွမ်းပြနိုင်မှာ မဟုတ် ဘူးလို့ အမေရိကန်နဲ့ အင်္ဂလိပ်က စဉ်းစားပြီး ကျေနပ်နေချိန်မှာ အီရတ်ကီး က ခွက်လက်ကျန်ကို မော့သောက်၊ ဖန်ခွက်ကို အပေါ်မြှောက် ခါးကြားထဲ က သေနတ်ကိုထုတ်ပြီး အမေရိကန်နဲ့ အင်္ဂလိပ်ရဲ့ ရင်ဘတ်ကို သေနတ်နဲ့ ပစ်ထည့်လိုက်တယ်။ ပြီးတော့မှ သူက...
"ဘဂ္ဂဒက်မှာ အမေရိကန်တွေ အင်္ဂလိပ်တွေ ပေါလွန်းလို့၊ တစ်ခါ အရက် အတူတူ သောက်ပြီးသား အမေရိကန်တစ်ယောက် အင်္ဂလိပ်တစ်ယောက်နဲ့ ထပ်ပြီး အတူတူ သောက်နေစရာမလိုဘူး" တဲ့။

နောက်ဆုံးလူ နိုင်သွားတတ်တယ်၊ ဟဲဟဲ။

03/08/2013

အဲဒီရထားကြီး


အဲဒီရထားကြီး
ဘူတာဝင်သွားပုံကို
သား သဘောမတူဘူးတော့ အမေ။

သံလမ်းကလေးကို
ပက်လက်နင်းသတ်ခဲ့ပြီးတာတောင်
သူက အာခေါင်ခြစ်ပြီး အောင်ပွဲခံရဲတယ်။

အမေရိကန် ရီပေါ့တ် နဲ့ ကျနော်တို့စစ်တပ်ပေါ်လစီ

၁။ အမေရိကရှိ စုစုပေါင်း ဆရာဝန်ဦးရေ ၇၀၀,၀၀၀ (၇ သိန်း)
၂။ ဆရာဝန်တွေ ကုသထုံးလွဲမှားမှုကြောင့် တစ်နှစ်အတွင်း မတော် တဆ သေဆုံးရသည့် လူနာဦးရေ ၁၂၀,၀၀၀ (တစ်သိန်း နှစ်သောင်း)
၃။ ဆရာဝန်တစ်ဦးစီကြောင့် ပျမ်းမျှ သေဆုံးရသည့် ရာခိုင်နှူံး 0.171

၁။ အမေရိကရှိ သေနတ်ပိုင်ဆိုင်သူဦးရေ ၈၀,၀၀၀,၀၀၀ (ရှစ်ကုဋေ)
၂။ သေနတ်ကြောင့် တစ်နှစ်အတွင်း မတော်တဆ သေဆုံးရသည့် လူဦးရေ ၁,၅၀၀
၃။ သေနတ်ကြောင့် ပျမ်းမျှ သေဆုံးရသည့် ရာခိုင်နှုန်း 0.0000188.
(Department of Health and Human Services)




ခိုင်လုံသည့် ဤ အချက်နှစ်ကို ထောက်ထားကြည့်လျှင် ဆရာဝန် တစ်ယောက်ကြောင့် သေဆုံးရသည့်ပမာဏက သေနတ်တစ်လက်ကြောင့်
သေဆုံးရသည့် ပမာဏထက် အဆ (၉၀၀၀) ကိုးထောင်ကျော် သာလွန်နေကြောင်း တွေ့ ရှိ ရသည်။
ထို့ကြောင့် ဆရာဝန်တစ်ယောက်ကို မွေးထုတ်ပေးမလား သေနတ်တစ်လက် ဝယ်ကိုင်မလား ဆိုသည့် အဖြေကိုလည်း တွက်လို့ရသွားတော့သည်။

ဤ အစီအရင်ခံစာက မြန်မာစစ်အစိုးရအပေါ် လွှမ်းမိုးမှု အကြီးအကျယ် ရှိခဲ့ဟန်တူသည်။ အရည်အချင်းမီ ဆရာဝန်တစ်ယောက်ကို မွေးထုတ်ပေးရန် ကုန်ကျမည့် ငွေပမာဏအစား စစ်လက်နက်တစ်ခုဝယ်ယူရန်သာ ဆုံးဖြတ် ခဲ့ကြသည်။
သို့မှသာ လူအသေအပျောက် နည်းမည်မဟုတ်ပါလား။ ဦးသိန်းစိန်၏ ဘတော် ဘိုးတော်ကြီးများက လူထုကို တကယ် ချစ်ကြပါသည်။

05/07/2013

သမုဒယ ဟိုက်ကူ


"Even in Kyoto
hearing the coukoo's cry
I long for Kyoto"


ဒီ ဟိုက်ကူကဗျာက ဇင်ဘုန်းကြီး၊ ဟိုက်ကူမာစတာကြီး ဘရှိုးရဲ့ (Basho. 1644-1694) လက်ရာပါ။ ခံစားလေ့လာသူတွေ၊ ကမ္ဘာ့ ကဗျာဗေဒပညာ ရှင်တွေကတော့ ဒီကဗျာမှာ သစ္စာလေးပါးရဲ့ အငွေ့အသက်တွေ၊ လက္ခဏာေ ရး သုံးပါးရဲ့ အငွေ့အသက်တွေ စီးဝင်နေတယ်လို့ ဆိုကြပါတယ်၊ ကျနော်ကတော့ သမုဒယသစ္စာ၊ ခပ်ပါးပါး ဒုက္ခသစ္စာနဲ့ လက္ခဏာရေး သုံးပါး ရှုမျှော်ကွင်းလောက်ပဲ ခံစားလို့ ရပါတယ်။

"ကျိုတိုမှာဆိုရင်တောင်
ဥဩတွန်သံကို ကြားနေရရင်း
ကျိုတိုကို ကျနော် လွမ်းမိဆဲ"


ဒီကဗျာတစ်ပုဒ်းလုံးကတော့ ဘရှိုးဟာ ကျိုတိုမြို့ကို ဘယ်လောက်ချစ်တယ် ဆိုတာကို ဖွဲ့နွဲ့ပြထားတာပဲ ဖြစ်ပါတယ်။
ဒီကဗျာရဲ့ မိတ်ဆက်က "Even in Kyoto" ပါ။ ဒီလိုပြောလိုက်တော့ ဒီ ကဗျာ ကို သီကုံးခိုက် ဘရှိုးဟာ ကျိုတိုမြို့မှာ ရှိမနေဘူးလို့ ခံစားလို့ သလို ဘရှိုး ဟာ ကျိုတိုမြို့ကနေ တစ်ခါတစ်ခါ အဝေးရောက်နေရတတ်တယ် လို့ ခံစား ရင်လည်း ရပါတယ်။
သူ ကျိုတိုကို လွမ်းတယ် ဆိုရာမှာ သူ့အလွမ်းစိတ်ကို မြားခေါ်သွားတာက ကျိုတိုတင်မကတော့ဘဲ ဥဩတွန်သံနဲ့ပါတွဲပြီး အားဖြည့်ပေးထားတာ တွေ့ ရပါတယ်။
"ဥဩတွန်သံကို ကြားနေရရင်း (နဲ့တောင်)
ကျိုတိုကို ကျနော် လွမ်းမိဆဲ"
ဒီ နှစ်ကြောင်းက အနှောင်အဖွဲ့လို့ အမည်ရတဲ့ "သမုဒယသစ္စာ" ကို ကဗျာ ဆရာက ပြန် " နှောင်ဖွဲ့" လိုက်တာပါပဲ။
ကျိုတိုမှာ မဟုတ်လို့၊ ဥဩတွန်သံကို မကြားရလို့ သူ လွမ်းနေတာ မဟုတ်တော့ဘူး။ ၊ ဥဩတွန်သံကိုကြားနေစဉ်မှာကိုပဲ ဥဩတွန်သံကို ထပ်လွမ်းပြလိုက်ချင်းပါ။
ဒါ ဘာလဲ?
ပိုင်ဆိုင်နေရပြီပဲ၊ လွမ်းနေ၊ တမ်းတနေစရာ မလိုတော့ဘူး။

တကယ်တော့လည်း သမုဒယမှာ ရပ်နားစရာ ဂိတ်မရှိ၊ ရပ်နားစရာအရိပ် လည်း မရှိပါဘူး။ ဒါကြောင့်လည်း သမုဒယက နာမည်တစ်လုံးနဲ့ နေနိုင်တာ မဟုတ် လား။
သမုဒယက ရပ်နားစရာ ဂိတ်မရှိ၊ ရပ်နားစရာအရိပ် မရှိသလို ဘရှိုးကလည်း ရပ်မနေခဲ့ပါဘူး။ ကျနော်တို့ကိုလည်း ရပ်နားခွင့် သူ မပေးခဲ့ဘူး။
အခု ဥဩတွန်သံကို ကြားနေရပေမဲ့.....
ကျိုတိုမြို့ကနေ အဝေးကို ခရီးသွားရတဲ့ အခါ.....
ဥဩတွန်သံကို မကြားလိုက်ရတဲ့ အခါ.......
ဘုရား ဘုရား!!!!!
အနိစ္စတရားကို ဘယ်သွားထားကြမလဲ?
သူလာခေါ်လို့ အပြီးလိုက်သွားရတဲ့ အခါ.......
အဲဒီ အခါတွေမှာ
ကျိုတိုကို.............
ဥဩတွန်သံကို.................

သူ့အလွမ်းကို စိုးရိမ်မှု (ဒုက္ခသစ္စာ) အမြှေးပါးလေးနဲ့ပါ ထုပ်ပိုးပြသွားတယ်။
ဒုက္ခကို ခပ်ပါးပါး ပြသွားခဲ့ပေမဲ့ ဘရှိုးရော ကျနော်တို့အားလုံးဟာ အမြှေး ပါးလေးကို ခွာပြီး (ငှက်ပြောသီး အခွံကို ခွာလိုက်သလိုမျိုးပဲ) သမုဒယ ဆီ ခြေကုန် သုတ်ကြပြန်တယ်။
ဒီကဗျာမှာတော့ သမုဒယသစ္စာ ကိုယ်တိုင် ဘရှိုးရဲ့ ချည်နှေင်ခြင်းကိုခံလိုက် ရတယ်။
ဒီလိုနဲ့ သမုဒယက ဘရှိုးကို ချည်လိုက်၊ ဘရှိုးက သမုဒယကို ချည်လိုက်။
သမုဒယက ကျနော်တို့ကို ချည်လိုက်၊ ကျနော်တို့က သမုဒယကို ချည်လိုက် ပါပဲ။


21/11/2013

ပညတ်တော် ၁၀ ပါးနဲ့ ငါးပါးသီလ

ထာဝရဘုရားရှင်ဟာ ခရစ္စယန်ဘာသာတည်ထောင်ဖို့ ပညတ်တော် ၁၀ ပါးနဲ့ အတူ အီဂျစ်ကိုရောက်သွားတယ်။
"ငါက ဂေါ့ဒ်ဖြစ်တယ်၊ ပညတ်တော် ၁၀ ပါး ယူကြမလား"
"နေပါဦး၊ ပညတ်တော် ၁၀ ပါး က ဘာတွေလဲ"
"သူ့သားမယားကို မကျူးလွန်ရဘူး စတာတွေပေါ့"
"No, thank"
လို့ အီဂျစ်လွှတ်တော်က ပြန်ပြောတယ်။



ဒါနဲ့ ထာဝရဘုရားရှင်က ဆီးရီးယားကို ဆက်ကြွတယ်။ အရင်အတိုင်းပဲ
"ငါက ဂေါ့ဒ်ဖြစ်တယ်၊ ပညတ်တော် ၁၀ ပါး ယူကြမလား"
"နေပါဦး၊ ပညတ်တော် ၁၀ ပါး က ဘာတွေလဲ"
"သူများပစ္စည်း မခိုးယူရ စတာတွေပေါ့"
"မဖြစ်ပါဘူး၊ စီးပွားရေးတွေ ပျက်ကုန်မှာပေါ့"
လို့ ဆီးရီးယား လွှတ်တော် ကလည်း ပြန်ပြောတယ်။

နောက်ဆုံး ထာဝရဘုရားရှင်က အစ္စရေးကိုဆက်သွားပြီး ဂျူးတွေကို
"ငါက ဂေါ့ဒ်ဖြစ်တယ်၊ ပညတ်တော် ၁၀ ပါး ယူကြမလား"
"ယူတာကဟုတ်တယ်၊ ဆယ်ပါးလုံးယူရင်ဘယ်ပေါက်ဈေးနဲ့ ပေးမှာလဲ"
" F.O.C( free of charge) ပါ"
"ဒါဆို ဆယ်ပါးလုံးယူမယ်"
လို့ အစ္စရေးလွှတ်တော်က တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြတယ်။

ဂေါတမဗုဒ္ဓလည်း ငါးပါးသီလကိုယူပြီး မြန်မာပြည်ကို ကြွသွားခဲ့တယ်။
"ငါက ဗုဒ္ဓဖြစ်တယ်၊ ငါး ပါးသီလ ယူကြမလား"
"ဘယ်နှနှစ် စာချုပ်နဲ့လည်း"
"နှစ် ငါးထောင်စာချုပ်နဲ့"
"ဒါဆို အချိန်တွေ အများကြီး ရှိသေးတာပဲ။ လျှောက်လွှာတင်ထားခဲ့ပါ၊
လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီးရင် အကြောင်းပြန်ပါမယ်"

(လွှတ်တော်က ဖတ်ရှုပြီးပေမဲ့ လက်ရှိမှာတော့ လွှတ်တော်ရဲ့လုပ်ဆောင်ချက်တွေနဲ့ (ဟဲဟဲ နည်းနည်းကွာဟနေလို့)ကိုက်ညီအောင်( ပြင်ဆင်ချက် အချို့နဲ့အတူ) ငါးပါးသီလမူကြမ်းကို ထပ်ပြီး လျှောက်လွှာတင်ဖို့ လမ်းညွှန်ထားကြောင်း သိရပါတယ်)

နောက်ဆုံးအပိုဒ်ကလွဲရင် အားလုံး "Wisdom from laughter" ထဲက ယူထားတာပါ။

07/07/2013