စည်နှင့် ဖိုင်းယားအလမ်း


ညီမလေးရေ -
          အမတ်ကြီးတစ်ယောက်ဟာ စည်ကြီးတစ်လုံးကိုထမ်းပြီး စာသင်ခန်းထဲကို ဝင်လာသတဲ့။ ဝင်လာပြီး သူ့စည်ကြီးကိုချကာ တီးပြသတဲ့။ တီးလိုက်တော့ စည်ကြီးကမြည်တာပေါ့ကွယ်။ ပြီးတော့ သူက ပြောတယ်။

          “ ပညာရှိဆိုတာ စည်လိုပဲ။ တီးမှသာ မြည်တယ်။ မတီးရင် မမြည်ဘူး။” ဆိုပြီး ပညာရှိ တစ်ယောက်ရဲ့ ဂုဏ်ပုဒ်တွေကို ပြောပြတာပေါ့။ ဒီတော့ ကျောင်းသားလေးတစ်ယောက်က-

          “ သူက ပညာရှိဖြစ်ပြီး တီးပေးမယ့်သူရှိမှ မြည်တာလား၊ တီးပေးမယ့်သူမရှိရင် သူ့ပညာတွေက နှမြောစရာကြီး။ သုသာန်ထဲ ပါသွားမှာပေါ့” လို့ ချင့်ချင့်ချိန်ချိန်နဲ့ ပြောသတဲ့။ ပြီးတော့-

          “ ပညာရှိရိုးမှန်ရင် တီးသူရှိရှိ၊ မရှိရှိ မြည်သင့်တဲ့အချိန် မြည်နေသင့်တာပေါ့” လို့ ဆိုလိုက်တဲ့ အချိန်မှာတော့ အမတ်ကြီးဟာ-

          “ မင်းတို့ခေတ်လူငယ်တွေ တယ်ပြောရခက်တာပဲ” ဆိုပြီး စာသင်ခန်းထဲက ထွက်သွား တော့သတဲ့။

                                              
          အဲဒီအမတ်ကြီးပြီးတဲ့နောက်မှာ စာသင်ခန်းထဲ ဝင်လာတာက (၂၁) ရာစု ရဟန်းတော် တစ်ပါးတဲ့ကွယ်။ သူ့လက်ထဲမှာ ဘာလေးမှန်းမသိတဲ့ ပစ္စည်းလေးကိုလည်း ကိုင်ထားသတဲ့။ ပြီးတော့ သူက သူကိုင်ထားတဲ့ပစ္စည်းလေးကို ရှေ့မှာချပြီး မီးခိုးငွေ့တွေထွက်လာအောင် ထင်းတွေကို မီးရှို့လိုက်သတဲ့။ ထင်းတွေက သိပ်မခြောက် သေးတော့ မီးမတောက်သေးပဲ မီးခိုးတွေအူပြီး ထွက်လာ တော့တာပေါ့။

          မီးခိုးတွေလည်းထွက်လာရော သူ့ပစ္စည်းလေးက တဂင်ဂင်နဲ့ ထမြည်တော့တာပဲတဲ့။ ဒီတော့မှ- အဲဒီ (၂၁) ရာစုရဟန်းက-

 “ ကလေးတို့ရေ၊ ဒါဟာ ဖိုင်းယားအလမ်းလို့ခေါ်တယ်။ သူ့ပတ်ဝန်းကျင်မှာ စိုးရိမ်လောက်တဲ့ အပူဓာတ်ရှိနေရင်ဖြစ်စေ၊ မီးခိုးတွေ သိပ်အူနေရင်ဖြစ်စေ ထမြည်တော့တာပဲကွဲ့။ ဒီဖိုင်းယား အလမ်း လေးက ပညာတော့သိပ်မရှိရှာဘူးတဲ့ကွဲ့။ ဒါပေမယ့် သူမြည်ရမယ့် အချိန် ကိုတော့ ကောင်းကောင်း  ကြီး သိတယ်တဲ့ ကွယ်” လို့ ရှင်းပြသတဲ့။

          ကျောင်းသားလေးတွေက လက်ခုပ်တွေဝိုင်းတီးပြီး-

          “ ဒီလိုမှပေါ့၊ ပညာရှိဆိုမှတော့ မြည်သင့်တဲ့အချိန်ကို သိနေရမှာပေါ့။ တီးပေးမယ့်သူကို စောင့် နေလို့ ဘယ်ရမလဲ” လို့ ပြောကြသတဲ့။
          ဒါနဲ့ (၂၁) ရာစု ရဟန်းက-

          “ မေးစရာရှိရင် မေးကြပါ” လို့ ကျူ အင်(န်) အေ ဆက်ရှင်ကို စိန်ခေါ်သတဲ့။
          ဘယ်သူမှ မမေးကြတော့ပါဘူး။


          (၁၉) ရာစု ပညာရှိဟာ (၂၁) ရာစုမှာတော့ အထာကိုင်နေတဲ့လူကြီးဆိုတာ သူတို့သဘော ပေါက်သွား ကြပြီလေ။


          ဒါပါပဲကွယ်။ ဒီပုံပြင်ရဲ့ မော်ရယ်(လ်)က ဘာညာဆိုပြီး ဆရာကြီးလေသံနဲ့ လုပ်မနေ တော့ပါဘူး။


          ပညာရှိဖြစ်ဖို့ထက် အသုံးဝင်နေဖို့ပဲလိုတာပါ။
                                                                                          ဇင်ဝေသော်











Copyright © 2011 ကမ်းလက်. All rights reserved.

CHECK UP မလုပ်လိုက်ရသည့် ( ၃၂) သိန်းတန်တဏှာ

ပြောချင်နေခဲ့သည်မှာကြာပြီ။ ကြွားသည်ထင်မည်စိုး၍ မပြောမိ။ ယခုတော့ ပြောတော့မည်။ ထင်လိုက ထင်စေတော့။ တကယ်တော့ ဘာဆိုဘာမှ မဟုတ်။

ဆယ်စုနှစ်ပင်ကျော်ခဲ့ပြီထင်၏။ သီဟနာဒတွင် ဒေါ်လာ(၃၂)သိန်းရှိခဲ့ဖူး၏။ သိပ်တော့ မကြာ “ လူမိုက်နှင့်ငွေ အတူမနေ” ဟုတော့မပြောချင်။ “ရဟန်းနှင့်ငွေ အတူမနေ” ဟုတော့ ပြောလိုက ပြောလို့ရသည်။ မရှင်းသေး။ ချဲ့ဆိုဦးအံ့။

တစ်ခါက အမျိုးသမီး မိတ်ဆွေနိုင်ငံခြားသူတစ်ယောက်က သီရိလင်္ကာသွား၍ စာသင်လိုက သူမ စပွန်ဆာပေးမည်ဟုဆို၏။ ထိုအမျိုးသမီးကား ဗုဒ္ဓဘာသာမဟုတ်။ ဘာကြောင့် စပွန်ဆာပေး သည်လဲမသိ။ သိသလိုလိုကားရှိ၏။ သို့သော် သလိုလိုဖြစ်နေသဖြင့် မသိစာရင်းတွင်သာထားလိုက်၏။ ထိုအမျိုးသမီးကား အမေရိကန် အဖြူမတည်း။ ကဲရင်ဟု ခေါ်၏။ သူမစပွန်ဆာကို မာနကြီးကြီးဖြင့် မယူသည့်အတွက် သူမကပြော၏။ သူမ ထီလက်မှတ်တစ်ချို့ဝယ်မည်။ ပေါက်လျှင် သီဟနာဒ၏ ငွေဖြစ်သည် ဟူ၍ ဖြစ်သည်။

မိမိ၏ကံကို ရာနှုန်းပြည့်ယုံကြည်သဖြင့် ဝယ်လိုကဝယ်စေ။ ပေါက်က ယူမည်ဟ ပြောလိုက်မိသည်။

တစ်နေ့ မန္တလေးမှ မိတ်ဆွေ ရဟန်းတစ်ပါးက ဖုန်းဆက်၏။ သီဟနာဒ ဒေါ်လာ(၃၂)သိန်းထီပေါက်သဖြင့် အကြောင်းကြားစာ နေရာဟောင်းသို့ရောက်လာသည်ဟု ဆို၏။ စဉ်းစားမိ၏။ မြန်မာထီပင်မထိုးခဲ့ဖူး။ သံဃိကဆွမ်းလောင်းပွဲမှာပင် မဲကောင်းကောင်းပေါက်လေ့မရှိ။ မြေသပိတ်နှင့် ငွေအစိတ်သာ ပေါက်တာများ၏။ ကံတရားက ယခုမှ အဘယ်ကြောင့် စိတ်ပြောင်း ရလေသနည်း။



ကဲရင့်ကို သတိရ၏။ သူမက ထီလက်မှတ်ကြုံသလိုဝယ်ထားတတ်သည်။ ပေါက်လျှင် သီဟနာဒကိုပေးမည်။ ဆင်းရဲသဖြင့် ကိုယ်ချင်းစာနာမှုဖြစ်ဟန်တူသည်။ ယခုပေါက်လေပြီ။ ဒေါ်လာ (၃၂)သိန်း၊ မြန်မာကျပ်ငွေဖြင့် ပွားလျှင် နည်းနည်းနောနောမဟုတ်။ ချက်ချင်း မီလျံနာဖြစ်သွားသည်။

ထိုစာကို မိတ်ဆွေ ရဟန်းတစ်ပါးက အရေးကြီးသဖြင့် ကိုယ်တိုင်လာပို့သည်။ စာရလေပြီ။ မှန်၏။ (၃၂)သိန်းပေါက်သည်ဟုဆို၏။ ဤငွေကို တရားဥပဒေနှင့်အညီထုတ်ယူရန် ဆောင်ရွက်ရမည့် ပရိုစီဂျာ၊ ဆက်သွယ်ရမည့် ဘဏ် ၊ရှေ့နေလိပ်စာတို့ပင်ပါ၏။ ပေါက်လေပြီ။ ဒေါ်လာ(၃၂)သိန်း။

ပထမဆုံး ဆရာဘုန်းဘုန်းကို မီလျှံနာသီဟနာဒက ကုတ်ကုတ်လေးလျှောက်သည်။ လျှောက်ပြီပေါ့။ ပေါက်ပြီကိုး။ ထို့နောက်မိတ်ဆွေရဟန်းများ တစ်ပါးချင်းစီသိသွားကြ၏။ ဤသတင်းကားဖုံးဖိ၍မရ။ သီဟနာဒ မီလျှံနာ။

ထို့နောက် အင်္ဂလန်နှင့် အောစတေးလျ၌ပညာသင်ယူလာခဲ့သော ဆရာကြီး၊ ဆရာမကြီးတို့က စာကို ယူကြည့်၏။  ပေါက်သည်။ ပေါက်ပြီ။ မှန်၏။ သီဟနာဒ မီလျှံနာ။ ငွေသွားထုတ်ရန်သာရှိတော့၏။

ထိုအခါ ( ဆရာကြီး၊ ဆရာမကြီးများကပါ အတည်ပြုလေသောအခါ) ဆရာသမားက မေး၏။ သင်ဘာလုပ် မည်နည်း။ ငွေပမာဏကားများ၏။

ငွေကလက်ထဲမရောက်သေး သီဟနာဒ လက်ဖွာ၏။

ဒေါ်လာဆယ့်ခြောက်သိန်းကား “ သီဟနာဒ ပညာရေးဖောင်ဒေးရှင်း” အတွက် ဖြစ်ရစေအံ့။ ထိုဖောင်ဒေးရှင်းသည် မိဘမဲ့ ကလေးများ ၊ မိဘမစုံကလေးများ၊ မိဘစုံသော်လည်း နွမ်းပါးသည့် ကလေးငယ်များအတွက် ဖြစ်စေအံ့။ ထိုဖောင်ဒေးရှင်း၏ ဖိုင်နင်ရှယ် ကိစ္စကို အလွန်ယုံကြည်ရသော ထားဝယ်မှ မိတ်ဆွေ ရဟန်းက တာဝန်ယူပေးရန် လျှောက်ထားရ၏။ ဓာတုဗေဒဖြင့် ကျောင်းပြီးသော ထိုရဟန်းက ဝမ်းမြောက်ဝမ်းသာ တာဝန်ယူ၏။



ဆရာသမားက သာဓုခေါ်၏။ (ဒေါ်လာကဘယ်မှန်းမသိသေး)

ဟုတ်ချေပြီ။ ကျန် (၁၆)သိန်း ကား အဘယ်သို့နည်း။

သီဟနာဒ အတွက် (၆)သိန်းချန်ထားအံ့။ ကျန်ဆယ်သိန်းကိုမူကား မိဘ၊ မိသားစု၊ ဆရာသမားများ အတွက် သုံးအံ့။

ထိုအခါ ထားဝယ်သားရဟန်းက စိတ်ပြောင်းသွား၏။ အမောင် နောင်တော်လည်း သီရိလင်္ကာ ပညာသင်သွားချင်သေး၏။ စပွန်ဆာပေးလော့။ ပေါပါ၏။ ယူလော့(ဒေါ်လာကား ဘယ်မှန်းမသိသေး)။ သို့သော် သီဟနာဒ ပညာရေးဖောင်ဒေးရှင်းကြီး၏ ဖိုင်နင်ရှယ်ကို မည်သူတာဝန်ယူမည်နည်း။ ထိုအခါ ထားဝယ်သားရဟန်းက စိတ်ပြောင်းသွားပြန်၏။ ဟုတ်ပါ၏ အမောင်။ ထိုထိုကလေးငယ်များအတွက် ငါ၏ ပညာသင်ကြားလိုစိတ်ကို ချိုးနှိမ်ပါအံ့။ ညီမောင်သည်ပင် ဒေါ်လာ ( ၁၆)သိန်းလှူခဲ့ပြီးပြီ။ ငါလောဘမကြီးသင့် ။ သာဓုခေါ်မိ၏။ မိတ်ဆွေကောင်းတည်း။ ( ဒေါ်လာက ဘယ်မှန်းမသိသေး)

ဤသို့ဖြင့် ပြန်သွားသော သတင်းသည် လူနည်းစုလေးထဲ၌ ဖွဲမီးကဲ့သို့လောင်နေတော့၏။ မိတ်ဆွေ တပ်ကုန်းသားရဟန်း ကလည်း “ ညီမောင်၊ ညညတစ်ယောက်တည်းများ အပြင်မသွားလေနှင့် ၊ ညီမောင်ကား အနုညာတ သီဟနာဒ မဟုတ်တော့။ မီလျှံနာ သီဟနာဒ ဖြစ်ချေသည်။ သွားရန်အခွင့်ရှိက ငါ့ကို အဖော်ခေါ်လော့” ဟု စေတနာစကားဆို၏။ သာဓုခေါ်ရ၏။ မိတ်ဆွေကောင်းပေကိုး။ ( ဒေါ်လာကား  ဘယ်မှန်းမသိသေး။)

အားလုံးက ဝိုင်း၍ ကဲရင်နှင့် သီဟနာဒကို မေတ္တာပို့ကြ၏။ အချို့က ဘာမှလုပ်မနေနဲ့တော့ ဘုန်းကြီးလူထွက်ပြီး အဖြူမကဲ ရင့်ကိုသာ ယူလိုက်တော့ဟု ရယ်စရာလည်းဆိုကြ၏။

သာဓုခေါ်မိ၏။ မိတ်ဆွေကောင်းတွေကိုး။ ခက်သည်က မိမိမှာ ဒေါ်လာ (၆)သိန်းသာ ကျန်တော့၏။ ထို (၆)သိန်းကလည်း တောင်းမည့်သူတွေ ဝိုင်းနေသည်။

မလောက်ငှ။ အလွန်ခေါင်းရှုပ်စရာကောင်းသည်။ အခန်းအပြင်ထွက်လျှင် လူတွေက သီဟနာဒကို ကြည့်ကြသည်။ မီလျှံနာ ရဟန်း ဖိနပ်အဟောင်းလေးစီးတုန်းပဲ။ ( စီးရပေလိမ့်မည်။ဒေါ်လာက ဘယ်မှန်းမသိသေး) သိတာ တစ်ခုတော့ရှိသည်။ ငွေသည် မည်မျှ ရှိရှိမလောက်။ ယခု ဒေါ်လာ(၃၂)သိန်းမလောက်တော့။

(၁၆)သိန်းကား ပညာရေးဖောင်ဒေးရှင်းအတွက်။
(၁၀)သိန်းကား မိဘ၊ ဆွေမျိုး၊ ဆရာသမားများအတွက်။

(၆)သိန်းကား မိမိအတွက် ။ ထိုမိမိအတွက်ထဲမှ ပေးသင့်သူပေး ၊ လှူသင့်သူတစ်ချို့ကို လှူရဦးမည်။ ဒေါ်လာ(၃၂) သိန်းကြီး ပေါက်ထားပါလျှက် ငါတို့အားပေးလှူသော ငွေ/ဝတ္တုက နည်းလွန်းသည်ဟု ထင်မည်ကိုလည်း စိုးရိမ်၍ ဖောဖောသီသီ လှူမိ၏။ မလောက်တော့။ ဒေါ်လာ(၃၂)သိန်းသည် အလွန်နည်းသော ငွေဖြစ်သည်။

ကျောင်းသံဃာများ စီးဖို့ ပါဂျဲရိုးတစ်စီးလည်း ဝယ်ချင်သေးသည်။ ကားဒရိုင်ဘာရှာရဦးမည်။ မည်သူက ယုံကြည်ရသနည်း။ ခိုင်းစရာပေါသည်ကမှန်၏။ ယုံရသူက ရှား၏။ စာကို သိမ်းထားပေးသော ၊ စာကိုလာပို့ပေးသော မိတ်ဆွေများကိုလည်း ကျေးဇူးဆပ်ရဦးမည်။ မလောက်တော့၊ လုံးဝမလောက်တော့၊ အကြွေးပင်တင် နေတော့၏။

ယခုမှ ဇာတ်လမ်းစ၏။

ထိုစာကို ယူ၍ ဆိုင်ရာသံရုံးသို့သွားကြ၏။

သံရုံးအရာရှိကဆို၏။ ဤစာကား အစစ်မဟုတ်။ ကြော်ငြာသာတည်း။

အားလုံးစိတ်ပျက်သွားကြ၏။ ရိုးသားသော ထားဝယ်သားရဟန်းက တောက်တစ်ခေါက်ခေါက်ပင် ရှိချေသေး၏။ အဘယ်ကြောင့် ဤသို့လုပ်ရသနည်း။

ညရောက်မှ သီဟနာဒ စဉ်းစားမိသည်။ ဒေါ်လာ(၃၂)သိန်းရှိစဉ်က အကြွေးပင် တင်နေသေးသည်။ ယခု ဒေါ်လာ(၃၂)သိန်း မရှိတော့ ဖောင်ဒေးရှင်းမထောင်နိုင်သည်မှ လွဲ၍ အကြွေးတော့မတင်တော့ချေ။ ပြုံး မိ၏။  ငွေ…. ငွေ……။

သို့သော် ထိုငွေသည် စိတ်ကူးထဲမှာသာရှိပြီး အပြင်မှာ မဟုတ်။ တကယ်တမ်း လက်ဖြင့် ကိုင်လိုက်ရလျှင် သီဟနာဒ ဖောင်ဒေးရှင်းကြီးရော တကယ်ဖြစ်လာလေမလား မသိ။ ထို့ကြောင့် ထို (၃၂)သိန်းသည် စိတ်ကူးထဲတွင်သာ CHECK UP လုပ်လိုက်ရပြီး အမှန်လက်တွေ့တော့ မလုပ်လိုက်ရ။ ထို့ကြောင့် မိမိတဏှာသည် (၃၂)သိန်းဒဏ်ခံ၊ မခံတကယ်မသိ။

(မိတ်ဆွေများဖြစ်ကြသည့် ဦးသော၊ ဦးကောဏ်နှင့် အားလုံးသို့ အမှတ်တရ။)



သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

ဘုရားရှင်သည် ဒီဇိုင်နာလည်းဖြစ်၏

ဘုရားရှင်၏ ဂုဏ်ပုဒ်တို့ကား များလှ၏။ အရှင်သာရိပုတ္တရာဆိုသည့် အင်တဲလေးဂျင့် အဖြစ်ဆုံး သာဝကကြီးပင် လက်လျှော့တော်မူရ၏။ မတတ်နိုင်။ မတတ်နိုင်တော့သည့်အတွက် တတ်နိုင်သည့် မိုးရေမိုးပေါက်တို့ကိုသာ ထိုင်၍ ရေတွက်တော်မူလိုက်ဟန်တူ၏ဟု အဋ္ဌကထာကချဲ့ဖွင့်၏။ (ဥပမာဖြင့်) စာမေးပွဲမေးခွန်းကို မဖြေဆိုနိုင်သည့်အတွက် ဆင်ရုပ်ကြီး တစ်ရုပ် ရေးလိုက်သည်ဆိုသည်နှင့် ဆင်ဆင်တူ၏။ Right-hand သာဝကကြီး သနားဖွယ်ဖြစ်၏။

လူသိသိပ်မများသော ဘုရားရှင်၏ ဂုဏ်ပုဒ်ကို ပြောချင်၏။

ဘုရားရှင်သည် အတော်ဆုံး ဒီဇိုင်နာကြီး ဖြစ်၏။

ချဲ့အံ့။ သာသနာ့ဘောင်ဝင်လာသော ရဟန်းသာမဏေတိုင်း ဆံပင်ရိတ်ဖြတ်ရ၏။ စာပေက ဆံပင်အပေါ် တွယ်ကပ်မှုတဏှာ၊ ဆံပင်ကြောင့် ရှုပ်လာမည့် အလုပ်များကို ပယ်သတ်ခြင်းဖြစ်သည်ဟု ဆို၏။ ရဟန်းသည် ဆံပင်နီတာတွတ် အရောင်ဆိုးရန်မလို။ ရောင်ထုံးထုံးရန်မလို။ ပန့်ကေမလို။ ဘာဆို ဘာမှမလို။ နားအေး၏။ ခေါင်းအေး၏။ ဆောင်းတွင်း၌ကား သိပ်မကောင်း။

ဆံပယ်ခြင်းသည် တစ်ချိန်က ဘာသာရေးဆန်၏။

ယနေ့ ဆံပယ်ခြင်းသည် ဟောလီးဝုဒ်ဆန်၏။ စလယ်ဘတီဆန်၏။ ဘရက်ပစ်(တ) ကတုံး တုံး၏။ ရော်နယ်ဒို (ဘရာဇီး) ကတုံး တုံး၏။ ဇီဒိန်း ကတုံး တုံးစရာမလို၊ နဂိုက ပြောင်၏။ ဒေးဗစ်ဘက်ခမ်း ကတုံး တုံး၏။ ထို့နောက် ကတုံး တုံးခြင်းသည် ပေါ်ပြူလာ အတော်ဖြစ်လာ၏။ ဘရစ်တနီစပီးယား ကတုံး တုံး၏။ သီဟနာဒ ကတုံး တုံး၏။

ဂလိုဘယ်သည် ဝမ်းသထက် ဝမ်းမားလာ၏။ ထို့ကြောင့် လာမည့် နှစ်-၅၀ နှင့် တစ်ရာကြားတွင် ကတုံး တုံးမည့်သူများ ကမ်းလက်စာဖတ်သူဦးရေထက် ပိုမည်။ ဘုရားရှင် တည်ထွင်ခဲ့သော ဟဲယားဒူးသည် ဘယ်တော့မှ တိမ်မြုပ်ပျောက်ကွယ်မည် မဟုတ်။ တိုး၍၊ တိုး၍သာ ပေါ်ပြူလာ ဖြစ်ချေမည်။ ထို့ကြောင့် ဆို၏။ ဘုရားရှင်သည် ဒီဇိုင်နာဖြစ်၏။



ထပ်၍ ချဲ့ဦးအံ့။ ရဟန်းသံဃာများ အင်ဖော်မယ်ဝတ်ရုံသောအခါ ယာဘက်လက်မောင်းကို ဖော်၏။ ရဟန်းများသည် ယာဘက်လက်မောင်းအတွက် ဒဲယားတူ ဘဲယား ဖြစ်ကြ၏။ ထိုသို့ဖော်ခြင်းသည် တချိန်က ဘာသာရေးဆန်၏။

ယနေ့ ဟောလီးဝုဒ် ဆန်၏။

အနီရောင် ကောဇောနီပွဲများ၌ ယာဘက်ပခုံးမဖော်သည့် မင်းသမီးရှား၏။ နာမည်ပင် မဖော်ပြနိုင်တော့။ များ၏။ သူမတို့ နာမည်ကို သိလည်းမသိ။ သိစရာလည်း မလို။ ဖော်ကြ၏။ သိလိုက်၏။ ခြေသလုံးအထက်ပိုင်း ပေါ်တာနှင့်စာလျှင် ညာပခုံးပေါ်တာက ပိုကောင်းး၏။

သို့သော် ပခုံးတဖက်ဖော် ဖက်ရှင်သည် ယောင်္ကျားများအထံ ရောက်မလာသေး။ ယောင်္ကျားများ (ရဟန်းများမှလွဲ၍) မဖော်သေး။ ဤကားလည်း ဆွန်းနား အော် လိတ်တား ဖြစ်၏။ (သို့) မက်တားအော့(ဖ) တိုင်း (မ) ဖြစ်၏။ နောင်နှစ်ပေါင်း တစ်ရာကျော်လျှင် ဖော်ကြအံ့။ ခန့်မှန်းချက်လွဲသော် သီဟနာဒ၏လက်ကို ကိုင်ခွင့်ပေးမည်။ လူတိုင်းတော့ မဟုတ်။ ကံထူးရှင်တစ်ယောက်သာ။ လူယောင်္ကျားတို့ ဘုရားရှင်၏ ဒီဇိုင်းပညာကို လိုက်မမှီကြသေးခြင်းကြောင့်သာ ဖြစ်၏။ ဤကိစ္စ၌ အမျိုးသမီးများက သာ၏။

နောက်ဆုံးစကားဆိုအံ့။ အနောက်တိုင်းသားတို့က အဝတ်ကြိုးဖြင့် လည်ပင်းကို ချည်တုပ်ကြ၏။ ဤဝတ်စုံကို ဖော်မယ် ဟုလည်း ပြောကြ၏။ လည်ပင်းချည်ဟု ဆို၏။



ဤဒီဇိုင်းကား ဘီစီ စစ်(ခ)ရာစု ကတည်းက ဘုရားရှင်မိတ်ဆက်ပေးခဲ့သည့် ဒီဇိုင်းတည်း။ မယုံကြည်ပါက ရဟန်းတော်များ၏ ဖော်မယ်ဝတ်စုံ သင်္ကန်းရုံထားပုံကို ရှုကြလော့။ ရဟန်းတို့သည် လည်ပင်းကို ရစ်ပတ်၏။ ရစ်ပတ်ရုံမျှမက လည်ပင်းတစ်ခုလုံးကို ကော်လံသဖွယ် သင်္ကန်းဖြင့် ဖုံး၏။ ဖုံးတာခြင်းအတူတူ အနောက်တိုင်း အဝတ်ကြိုးက မလုံခြုံလှ။

ဖော်မယ်ဝတ်ရာတွင် လက်ကောက်ဝတ် အင်္ကျီကြယ်သီးတပ်ရ၏။ မတပ်၍ မရ။ ထိုကိစ္စလည်း ဘုရားက ရှေးကျ၏။ လည်၊ လက်ကောက်ဝတ်တို့ကို ကောင်းစွာဖုံးလွှမ်းပြီးမှ ဂလိုဘယ်ထဲသို့ ကြွရမည်ဟု မိန့်၏။ ဤကိစ္စကို ငြင်း၍မရ။ ဘုရားရှင်သည် အတော်ဆုံး၊ အအောင်မြင်ဆုံး ဒီဇိုင်းနားဖြစ်၏။ စောစောကပြောခဲ့သော “ နောက်ဆုံးစကားဆိုအံ့” ကို ပယ်ရဦးအံ့။ အမှန်တကယ် နောက်ဆုံးစကား ပြောရန်ရှိသေး၏။

ယင်းကား ဘူဖေးတည်း။ ဘူဖေးသည် ဘာမှမဟုတ်၊ ဟိုစပ်စပ် ဒီစပ်စပ် ဟင်းလျှာများတည်း။ ဆွမ်းခံရာမှ ပြန်လာသော ရဟန်းတစ်ပါး၏ သပိတ်ကို ခွင့်တောင်းပြီး လှန်ကြည့်လိုက်ပါ။ ဘူဖေးဆွမ်းဟင်းများ (ဟိုစပ်စပ်၊ ဒီစပ်စပ်) တွေ့ရအံ့။ (စပ်စပ်ဟူသည် စပ်စပ်ဝေရည်၏ အမည်တို မဟုတ်)။ သို့- ဆိုသော် ဘုရားရှင်သည် ဒီဇိုင်းနားဖြစ်သည်သာမက လိုက်(ဖ) စတိုင်ပါ နားလည်တော်မူသော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ကြီးဟုပင် ဆိုရချေတော့အံ့။



ငြင်းဆိုရဲသူ ငြင်းဆိုလော့။ သီဟနာဒသည် သီဟနာဒ ဥာဏ်မှီသလောက်သာ ဘုရားရှင်ကို ပူဇော်နိုင်၏။



သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

လရောင်တမ်းခြင်း


        
        နှင်းတွေ အသေအပျောက်များလို့ ထင်ရဲ့
ကြယ်စင်တွေ အိပ်တန်းတက်စောလိုက်တာ။

တကယ်တော့…
ပင်လယ်ဆိုတာ အပြာရောင် မိုးကောင်းကင်
ကောင်းကင်ဆိုတာကသာ
တိမ်နဲ့ မိုးထားတဲ့ တဲတစ်လုံး။
 ဘယ်ကစပြောရမလဲနော်။ တို့တွေဆုံခဲ့တာက ကိုပဲ ငြင်းဆန်ခြင်းနဲ့ တွေ့ဆုံခဲ့ကြတာ မဟုတ်လား။ အားလုံးက လက်ခုပ်တစ်ဖြောင်းဖြောင်း တီးနေချိန်မှာ လက်ဖဝါးတွေကို အားနာပြီး ယဉ်ယဉ်ကျေးကျေး ငြင်းဆန်ခဲ့တာဆိုလို့ တို့နှစ်ယောက်ပဲရှိခဲ့တယ်လေ။ ကိုယ်တို့ အချင်းချင်းတွေထဲမှာဆိုတော့ နာမည်တွေ၊ ထောက်ခံ ကန့်ကွက်တာတွေကိုက မိနစ်ပိုင်း အတွင်းမှာပဲ ပေါ်လာတာပဲ မဟုတ်လား။ ထောက်ခံသူ လေးဆယ့်ရှစ်၊ ကန့်ကွက်သူ  နှစ်တဲ့။ ကန့်ကွက်သူ နှစ်ယောက်က မိငယ်နဲ့ ကိုယ်နဲ့။

ကိုယ်မမှားဘူး ဆိုရင် ကိုယ်နဲ့ မိငယ်နဲ့ စသိတာ အဲဒီနေ့က။
အပြန်လမ်းမှာ လူတွေက အလုပ်ရှုပ်တယ်သာပြောတယ်။ ဘယ်ဖက်နားရွက် ယားတာကို ညာလက်နဲ့ ကုတ်ပြီး ညာဖက်နားရွက် ယားတော့ ဘယ်ဘက်လက်နဲ့ ကုတ်တယ်လို့ ဆိုတော့ မင်းလွတ်လွတ်လပ်လပ် ရယ်လိုက်တယ်လေ။ အဲဒီနောက်မှာတော့ တစ်သီးတစ်သန့်ဆန်တဲ့ ကိုယ်နဲ့ သီးသန့်ဆန်တဲ့ မိငယ်ဟာ တစ်တွဲတွဲ ဖြစ်လာခဲ့ကြတော့တယ်။ မြှောက်တာမဟုတ်ဘူး။ မိငယ်က လှတော့ တကယ်လှတယ်။ လှတယ်လို့တော့ ထပ်မပြောတော့ပါဘူးကွယ်။မင်းလည်း မင်းလှတာ သိတာပေါ့။



         “ မိငယ်က တစ်ယောက်တည်းနေတာ တွေ့တွေ့နေရလို့ ရယ်စရာတွေ ဘာတွေ မပြောတတ်ဘူး ထင်နေတာ “
              “ ကို က တစ်ယောက်တည်းနေတာ တွေ့တွေ့နေရလို့ ရယ်စရာတွေ ဘာတွေ မပြောတတ်ဘူးထင်နေတာ “ 
 ဒီဝါကျက ကိုယ်တို့ ပြိုင်တူ ပြောမိတဲ့ ဝါကျကလေးနော်။

“ မိငယ်က ဘာဖြစ်လို့ သီးသန့် ဆန်တာလဲ “
“ ကိုအရင်ပြောမှ မိငယ်ပြောမှာ “

“ ကိုမသိချင်တဲ့ မေးခွန်းတွေ ယဉ်ကျေးမှုအရ မေးမေးနေရတာ ပျင်းလို့၊ ပြီးတော့ ကိုယ့်ကို ယဉ်ကျေးမှုအရ မေးတဲ့ လူတွေကလည်း အဖြေကို တကယ်သိချင်တာ မဟုတ်ဘဲနဲ့ မေးမေးနေကြတာမို့ ကိုယ့်အဖြေကို အားနာလို့ စကားသိပ်များတဲ့ လူတွေနဲ့ စကားမပြောချင်လို့ “

“ တိုက်ဆိုင်လိုက်တာ ။ မိငယ်လဲ ကို့လိုပဲ။ ဒါကြောင့် မိငယ်ပေါင်းတာဆိုလို့ မမခိုင် တစ်ယောက်ထဲပဲရှိတယ်။  “

“ ဒါနဲ့ ဟိုတစ်နေ့က ဆရာပြောတဲ့ အယူအဆကို ဘာလို့ကန့်ကွက်ခဲ့တာလဲ။ “
“ ဒါဖြင့် ကိုကရော“

 “ ဒီတစ်ခါ တော့လူလည်ကျလို့ မရဘူး။ မိငယ်ပြောပြီးမှ ကိုပြောမှာ “

 “ တကယ်လို့ ဒီခေတ်ကြီးထဲမှာ အဲဒီ့ ငါးသုံးကောင်သာ တကယ်ရှိရင် အရင်ဆုံးအသတ်ခံရမယ့် ငါးက ပညာရှိငါးဖြစ်နေလို့ ဆရာ့ကို ငြင်းခဲ့တာပါ။ ကိုကရော “

“ မိငယ်လိုပဲ။ တို့ခေတ်မှာ ပညာရှိငါးတွေ အရင်သေတတ်တာပဲလေ။ ဒါနဲ့ ဆရာ့မျက်နှာကို မိငယ်ကြည့်လိုက်သလား။ ဆရာ သိပ်အံ့သြသွားတယ်။ “

 “ ဆရာက တစ်နေ့နေ့မှာ ထပ်တွေ့လို့ ဘာဖြစ်လို့ ကန့်ကွက်တာလဲလို့ဆိုရင် ကို ဖြေမှာလား“

“ မဖြေပါဘူးကွာ၊ ပညာရှိ မလုပ်ချင်ပါဘူး။ အသေစောတတ်လို့  “

ကိုယ်တို့နှစ်ယောက် လွတ်လွတ်လပ်လပ် ရယ်မိကြပြန်ရော။

မိငယ်ချစ်စရာကောင်းတယ်ဆိုတဲ့ အထဲမှာ ဟိုသွားချင်၊ ဒီသွားချင်၊ ဟိုဟာဝယ်ချင်၊ ဒီဟာဝယ်ချင်တွေ သိပ်မများတာလည်းပါတယ်။ နေတာ ထိုင်တာသာ သီးသန့်ဆန်တာ မဟုတ်ဘူး။ မိငယ်ရဲ့ အဖြေတွေကလည်း သီးသန့်ဆန်တယ်။

ကိုယ်တို့ တတွဲတွဲဖြစ်နေတာကို ဘယ်သူကမှ မယုံကြည်ကြဘူး။ ကိုယ့်သူငယ်ချင်း တစ်ယောက်ကဆို မင်းတို့နှစ်ယောက်က ခေါဘုတ်လိုပဲတဲ့။ မိငယ်က ခေါဘုတ်ဝေါဟာရကို သိမှာမဟုတ်ဘူး။ ခေါဘုတ်ဆိုတာ ကောက်ညှင်းဆန် အဖြူနဲ့ ငချိတ်ကောက်ညှင်း နှစ်ခုပေါင်းထားတဲ့ ကောက်ညှင်းမုန့်တစ်မျိုးပါ။ ဖြူဖြူလေးနဲ့ မည်းမည်းလေးပေါ့ ။ ဒါပါပဲ။

ဒါနဲ့ မမခိုင်က ကိုယ့်ကိုမေးတယ်။ မင်းတို့က သမီးရည်းစားတွေ ဖြစ်နေကြပြီလားတဲ့။ မဖြစ်သေးပါဘူးလို့ ကိုယ်ဖြေလိုက်တယ်။ တကယ် မဖြစ်သေးတာလားလို့ ထပ်မေးတော့ ဖြစ်သွားပြီလို့ ကိုယ်ဖြေလိုက်တယ်။ မမခိုင်က ရယ်တယ်။ ဘာဖြစ်လို့ ရယ်တာလည်းဆိုတော့ ဟိုကောင်မလေးကို မေးတော့လည်း ဒီအတိုင်းပဲ ဖြေတယ်တဲ့။ ကိုယ်ဖြင့် ဝမ်းသာလိုက်တာ။ မိငယ်ဖြေလိုက်တဲ့ အဖြေနဲ့ တူနေလို့လေ။

တကယ်တော့လည်း ဒီအဖြေက အမှန်ပဲ။ ရမ္မက်ပြင်းပြင်း စကားတွေ ၊ အနမ်းတွေနဲ့ မကျူးကျော်ကြ ၊ မဖျားယောင်းကြ။ ဒါတွေနဲ့မှ သမီးရည်းစား အရာမြောက်ရင် တို့က သမီးရည်းစားမှ မဟုတ်ဘဲ။ အဲ.. သံယောဇဉ်တွေ နားလည်မှုတွေနဲ့ တွယ်ကပ်ထားတဲ့ လူနှစ်ယောက်ကို သမီးရည်းစားလို့ ပြောရင် တို့က သမီးရည်းစားတွေပဲလေ

ကိုယ်တို့ရဲ့ ငါးနှစ်သက်တမ်းထဲမှာ
မင်းက မင်းအမေဆီ ပြန်သွားတိုင်း သွားသူက ကိုယ်ဖြစ်၊ ကျန်ရစ်သူက မင်း။ ကိုယ်ခရီးထွက်ပြန်တော့၊ ခရီးထွက်သူက မင်း၊ ကျန်ရစ်သူက ကိုယ်။

တကယ်ပါ မိငယ်ရေ။ စကားလုံးတွေ မဖောင်းပွပေမယ့် မင်းက ကိုယ်ဖြစ်၊ ကိုယ်က မင်းဖြစ်နဲ့ မင်းနဲ့ကိုယ်ခွဲလို့ရော ရလို့လား။ ယုံတာပေါ့ မိငယ်ရယ် “ချစ် “ ဆိုတာ အသာထား “ကြိုက် “ ဆိုတဲ့ စကားလုံးလေး သုံးလို့ အကြိမ် တစ်ထောင်ရယ်မောရမယ်ဆိုရင်တောင် မင်းခပ်တည်တည် နေလာခဲ့တဲ့ မိန်းကလေးပဲ။

“ မင်းသိပြီးပြီလား မင့် မိငယ်ပြန်ရတော့မှာ“
“ ဟုတ်ကဲ့ ကျွန်တော်သိပါတယ် မမခိုင် “
“ မင်းဘယ်လိုမှ မခံစားရဘူးလား “
“ မိငယ်ခံစားရသလောက်တော့ ခံစားရပါတယ် “

“ သူပြန်လာမယ်လို့ ပြောသလား“
“ ပြောတယ် “
“ ယုံသလား “
“ ယုံတယ် “
“ ဘာဖြစ်လို့ ယုံတာလဲ “

“ သူကျွန်တော့ကို ယုံလို့။ ဒါပေမယ့် သူပြန်လာနိုင်မယ် မဟုတ်တော့ဘူး။ ကျွန်တော့ကို သူမလိမ်ဘူး။ သူပြန်လာဖို့ ကြိုးစားလိမ့်မယ်။ သူဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ကြိုးစားမှု မှန်သမျှကလည်း လုံလောက်မှာတော့မဟုတ်ဘူး“

“ မင်းတို့ကို မမခိုင်သနားတယ် “ 
“ကျေးဇူးတင်ပါတယ် မမခိုင် ကျွန်တော်တို့ သေသေချာချာ အချိန်ယူ ပြင်ဆင်ထားကြတာပါ။ သိပ်ပြီး ရုပ်ပျက်၊ ဆင်းပျက် မဖြစ်လောက်ပါဘူး “

“ ဧပြီလ ၂၅-ရက်နော် “
“ ဟုတ်ကဲ့ ညနေ လေးနာရီခွဲပါ “

တကယ်တော့ မိငယ်ရယ် တို့ဟာ သေချိန်ကို စောင့်နေတဲ့ မြွေဆိပ်တက်ရောဂါသည်တွေလိုပါပဲ။ (၂)နာရီပဲရှိတော့တယ်။ အဲဒီမြွေဆိပ်ဟာ ခြေဖျားကနေ တရိပ်ရိပ်ကို တက်လာတာပါ။ စက္ကန့်လေးတွေနဲ့ အတူ မြွေဆိပ်တွေ ပြေးတက်လာနေတာပါ။ မမခိုင်လည်းတို့ဘေးမှာ မရှိဘူး။ မင်းက ဘန်ကောက်ရောက်ရင် ဖုန်းဆက်လိုက်မယ်လို့ပြောတယ်နော်။ ဒါနဲ့ ကိုယ့်ဆီက ဘာတွေ ရသွားခဲ့သလဲ။ ဘာမှ သုံးလို့မရတဲ့ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ် သိုဝှက်ထားတဲ့ ဘဝအစိတ်အပိုင်း တစ်ချို့ ။ ဒါပဲပေါ့။ ဒါပေမယ့် ဒါတွေဟာ မိငယ်ဘဝအတွက် ခွန်အားတွေလို့ မင်းဂုဏ်ယူပြန်တယ်။ မင်းမလိမ်ဘူး ဆိုတာ ကိုယ်ယုံတယ်။ ကိုယ်ကရော မိငယ်ဆီက ဘာတွေရလိုက်သလဲ။ အတူတူပဲပေါ့။ ကိုယ့်အပေါ် ယုံကြည်တဲ့ မင်းယုံကြည်ချက်၊ မင်းသိုသိပ်ထားတဲ့ မင်းဘဝရဲ့ အစိတ်အပိုင်း တစ်ချို့ ။ ဒါတွေကလည်း ကိုယ့်ဘဝရဲ့ ခွန်အားတွေပဲပေါ့ကွယ်။

ငါ့လ ငါ့ကမ္ဘာမှာတော့
ငါဟာ နေတစ်စင်းပါပဲ
မင်းည မင်းကမ္ဘာမှာ
မင်းဟာ လတစ်စင်းပါပဲ
အလင်းနှစ်တွေ ဝေးကွာလွန်းလို့သာ
အလင်းနှစ်တွေ ဝေးကွာလွန်းလို့သာ…

မင်းကမ္ဘာမှာ ငါနေတစ်စင်းဖြစ်ခွင့် မရဘူးပေါ့။ ဒါပေမယ့် မိငယ်ရယ် ကမ္ဘာဟာ နေတစ်စင်းနဲ့တင်ပဲ တစ်ဖျစ်ဖျစ်လောင်နေပါပြီ။ အဲ… တိမ်စင်တဲ့ ညညတွေမှာတော့ ကြယ်တာရာလေး တစ်စင်းအနေနဲ့ မင်းကို လာလာပြီး ချောင်းကြည့်နေမိဦးမှာပါ။

ဘယ်သူမှ မသိတဲ့ ကတိလေးတောင်ရှိခဲ့ကြရဲ့။

ငါသေဆုံးရင် မင်းဆီကို စာရေးဖို့ ၊ မင်းသေဆုံးရင် ငါ့ဆီစာရေးဖို့။
တစ်ယောက်ရဲ့ ဈာပနကို တစ်ယောက်က ပို့စရာမလိုဘူး။ တစ်ယောက်ယောက်တော့ လောကကြီးထဲမှာ မရှိတော့ဘူး ဆိုတာ အသိပေးရုံပါပဲ။ တို့ ချစ်ချင်းမှာ ဗီဇာတွေ လေယာဉ် လက်မှတ် တွေမလိုပါဘူးကွာ။ ချစ်တတ်ရင် ဒါတွေ မပါလည်း ချစ်လို့ရတာပါပဲ။

အဲ.. မင်းလေယာဉ်လည်းထွက်သွားရော………
ငါဟာလေ မြေပေါ်မှာလမ်းလျောက်နေတဲ့ လူငယ်တစ်ယောက်မဟုတ်တော့ပဲ ကမ္ဘာမြေကို ခြေထောက်နှစ်ဖက်နဲ့ ရွက်ထားရတဲ့ လူငယ်လေးတစ်ယောက် ဖြစ်နေခဲ့တယ်။ မင်းလည်းပဲ လေယာဉ်ကြမ်းပြင်ကို ခြေထောက်နဲ့ ရွက်ထားရတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေမယ်ဆိုတာ ပက်ပက်စက်စက်ယုံတယ်။


မိငယ်ရဲ့ စာကို ကိုယ်မမျှော်ဘဲ စောင့်နေတယ် ~




   
ဇင်ဝေသော်











Copyright © 2011 ကမ်းလက်. All rights reserved.

ဆုံလည်နွား

ညီမလေးရေ....
တစ်ခါက ပေစုတ်စုတ်ကောင်လေးတစ်ယောက်ဟာ နွားပြာကြီးနဲ့အတူ ဆီဆုံမှာ ဆီကြိတ်နေသတဲ့။ ကောင်လေးက အပေါ်မှာထိုင်၊ နွားပြာကြီးကတော့ရုန်းပေါ့ ။

အဲဒီဆီဆုံနားကို ရောက်ရောက်လာတဲ့သူတွေက သူတို့ကိုယ် သူတို့ ပညာရှိယောင်ယောင် ဘာယောင်ယောင်နဲ့ ပြောကြသတဲ့ ။

"အင်း- အဲဒါကြောင့် ဆရာတော်ကြီးတစ်ပါးက ရေးတာ ၊ သွားတာသွားရ ရှေ့မရောက် ၊ ပြေးမလွတ်တဲ့ ဆုံလည်နွားလို" တဲ့။



အဲဒီစကား ကြားစ တုန်းကတော့ နွားပြာကြီး တော်တော်စိတ်ဆိုးသတဲ့ ...ညီမလေးရဲ့။ စိတ်ဆိုးတဲ့ မျက်လုံးကြီးတွေနဲ့လည်း လှမ်းလှမ်းကြည့်သတဲ့ ။ ချိုနဲ့ ဗိုက်ကိုကော်လိုက်ရရင် ဗိုက်ပေါက်တော့မယ်လို့လည်း ကြုံးဝါးနေသတဲ့ ။ ဒါပေမယ့် ကြာလာတော့ စိတ်မဆိုးတဲ့ အပြင် လူတွေကို သနားလို့တောင်လာသတဲ့။ ပြီးတော့ ရယ်ချင်စိတ်လေးနည်းနည်းပေါက်လာတာနဲ့ -
"၀မ်းထရိမ်း" လို့ကောက်ရယ်လိုက်သတဲ့ ။
နွားကြီးရယ်တာကို သိလိုက်တဲ့ကောင်လေးက
"သူငယ်ချင်း - ဘာတွေသဘောကျပြီး ရယ်နေတာလဲ"

"လူတွေကိုသနားလို့ပါကွာ ၊ ပြီးတော့ ဘာမှနားမလည်ဘဲ လျှောက်လျှောက်ပြောနေကြပါလားလို့ - စဉ်းစားမိလို့ပါ။ စဉ်းစားကြည့်လေကွာ၊ ဆုံလည်နွား ရှေ့မရောက်တာ လူတိုင်းသိတဲ့ ကိစ္စပဲ။  နွားသာဖြစ်တာ ၊ ငါကမာနကြီးတယ် ။ လူတိုင်းသိတဲ့ ကိစ္စမျိုး သိပ်ပြောချင်တာ မဟုတ်ဘူး။ လူတွေမသိတာက ရှေ့မရောက်ပေမယ့် ဆီထွက်တယ်လေကွာ၊ ဆီဆုံဆိုတာ ဆီထွက်ဖို့။ ရှေ့ရောက်ဖို့ မဟုတ်ဘူးလေ။"  လို့ ရှင်းပြသတဲ့။

"စိတ်မရှိပါနဲ့ကွာ၊  သူတို့မသိလို့ပါ၊ သူတို့သာ 'ဆုံလည်နွား' စကားလုံးနဲ့ ဆုံလည်နေကြတာ။ ဆီလည်းမထွက်ဘူး၊ တံတွေးတွေပဲထွက်တယ် ၊ ရွံစရာကြီးကွာ။ " လို့ပြောတော့ နွားပြာကြီးက အားရပါးရ ရယ်သတဲ့။

"၀မ်းထရိမ်း" (ရထားတစ်စင်းလို့ ဘာသာ မပြန်စေချင်ပါ။)
ကဲ - ဒါပါပဲ ညီမလေးရေ ...

ဆရာကြီးလေသံနဲ့ ဒီပုံပြင်ရဲ့ မော်ရယ်က ဘာညာတွေ လုပ်မနေတော့ပါဘူး။ ပျင်းလို့။

ညီမလေးလည်း မညံ့စေနဲ့နော်၊ နွားပြာကြီးက ရယ်လိမ့်မယ်။ အဲ - 'ဆုံလည်နွား ၊ ဆုံလည်နွား' လို့လည်း မပြောပါနဲ့ကွာ။

ဆီမပါဘဲ လဲတို့တွေ ထမင်းမစားတတ်ဘဲနဲ့

မချစ်လို့ မပြောတာမဟုတ်ဘူးနော်။ မှတ်မထားနဲ့လို့လည်း မပြောဘူး။

ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ဒါပဲ။ 

(ပုံကို http://www.themyanmarpost.com မှရယူပါသည်။)


ဇင်ဝေသော်
 









Copyright © 2011 ကမ်းလက်. All rights reserved.