အထားအသို မှားခဲ့တဲ့ စစ်တပ်နဲ့ အကျပ်အတည်း ကြားက သမ္မတ

စထရိတ်တိုင်းက မနေ့က ကတည်းက သူတို့ရဲ့ ဝါရင့် သတင်းထောက် Nirmal Ghosh နဲ့ သမ္မတကြီး ဦးသိန်းစိန် တို့ အင်တာဗျူးမယ့်အကြောင်း ကြိုတင်ကြေငြာထားလို့ သတင်းစာကို အလောတကြီး ကောက်ကိုင်လိုက်တော့ နိုင်ငံခြား သတင်းအနေနဲ့ပဲ တွေ့ရပြီး အင်တာဗျူး အတွက်တော့ More from the interview with Myanmar President Thein Sein in tomorrow's Straits Time လို့ ထပ်ညွှန်းတာကို တွေ့လိုက်ရပြန်ပါတယ်။ ထားပါတော့၊ အသစ်အဆန်းကြီး မဟုတ်လှပေမယ့် တစွန်းတစ တော့ သိခဲ့ရပါတယ်။

ဆောင်းပါးကို ချုပ်လိုက်ရင်
၁။ စစ်တပ်ရဲ့ လတ်တလော အခန်းကဏ္ဍ
၂။ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ကျန်ရှိနေခြင်း ကိစ္စ နဲ့
၃။ မြန်မာနိုင်ငံ လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲ တို့ ဖြစ်ပါတယ်။

သူ ပထမဆုံးတင်ပြထားတာကတော့
"This is an armed forces that the country had to rely on for a very long time for security reason and to meet external threats."

ကျနော် ပြောချင်တဲ့ အထားအသို မှားခဲ့တဲ့ စစ်တပ် ဆိုတာ ဒါပါပဲ။ မြန်မာပြည်ရဲ့ ဒီပလိုမက်တစ် ခပ်ညံ့ညံ့ အစိုးရ အဆက်ဆက်က ထစ်ကနဲ ရှိရင် စစ်တပ်နဲ့ပဲ ဖြေရှင်းခဲ့တော့ စစ်တပ်က သူနေရမယ့်နေရာမှာ မရှိတော့ဘဲ နေရာပျောက်နေတာပါ။ စစ်တပ်ရဲ့ အဓိက တာဝန်က ကာကွယ်ရေးပါ။ လက်နက်ကိုင် ပုန်ကန်မှု မရှိသေးသမျှ ပြည်ထဲရေး ကိစ္စကို ရဲ ကပဲ ရှင်းရမှာပါ။ သမ္မတကြီးပြောတဲ့ meet external threats ကတော့ စဉ်းစားစရာပါ။ လွတ်လပ်ရေး ရပြီးကတည်းက ပြည်ပနိုင်ငံရဲ့ စစ်ရေးအရ ခြိမ်းခြောက်မှု ဆိုတာ မကြားခဲ့ရ ဖူးပါဘူး။ ဒါဟာ ကျနော် ဉာဏ်မမီတဲ့ ကိစ္စလည်း ဖြစ်နိုင်ပါတယ်။ ပြည်ပက တရုတ်ကို ပြောတာလား၊ ဥရောပ အုပ်စုလား၊ အမေရိကန်လား။ တရုတ်က စစ်ရေးထက် စီးပွားရေးကို ပိုပြီး အာသာ တငန်းငန်း ဖြစ်ပါတယ်။ အမေရိက ဆိုရင်လည်း လက်ရှိ စစ်တပ်နဲ့ မလုံလောက်ပါဘူး။ ဆိုလိုတာက မြန်မာ စစ်တပ်ဟာ ဆဒန် ဟူစိန်ရဲ့ စစ်တပ်လောက်အဆင့် မရှိဘူး ဆိုတာပါ။ ဥရောပ ကတော့ သူတို့ အရှေ့ ဥရောပ နိုင်ငံရေးတွေကိုတောင် မနိုင် မနင်းမို့ ပါးစပ် သေနတ်လောက်ပဲ ပစ်နိုင်ပါလိမ့်မယ်။

ကျနော်တို့မှာ ပြောပလောက်တဲ့ external threats မရှိပါဘူး။ ရှိတာက အင်တာနယ် သရက်တ် ပါ။ လက်နက်ကိုင်ထားသူ အချင်းချင်းကတော့ ညှိနှိုင်းမှု၊ နားလည်မှု အရ မယူနိုင်ဘူး ဆိုရင် ဘယ် အစိုးရ မဆို စစ်တပ်သုံးကြမှာပါပဲ။ ကျနော်ပြောတဲ့ ဒီပလိုမက်တစ် ညံ့ခဲတဲ့ အစိုးရ အဆက်ဆက် ဆိုတာ ဒီကိစ္စပါ။ လတ်တလော သတင်းစာတွေမှာ မြန်မာ့ ပြည်တွင်းရေးနဲ့ ပတ်သက်လို့ တော်တော်ရေးထားတာ တွေ့ရပါတယ် ၊ပြည်တွင်းရေးမှာ စစ်တပ် အင်အားသုံး ဖြေရှင်းခြင်းဟာ လတ်တလော အတွက်သာဖြစ်ပြီး ရေရှည်မှာ ပိုပြီး ဆိုဝါးတဲ့ အခြေအနေကို ချန်ထားရစ်ပါတယ်။ အင်ဒိုနီးရှား လိုပါပဲ။ အင်ဒိုနီးရှား မှာ ကောင်းမွန်တဲ့ စစ်တပ်ပါဝင်မှု ဆိုလို့ ဆူနာမီ ဘေးဒုက္ခ ကျရောက်ချိန်မှာ ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ အားတက်သရော ပါဝင်ခြင်းပဲ ရှိပါတယ်။ လူထုက လေးစားတာလည်း ဒါပါပဲ တဲ့။

၈၈ အရေး အခင်းလို၊ ရွှေဝါရောင် အရေး အခင်းလို ကိစ္စတွေဟာ ရဲလောက်နဲ့ ဖြေရှင်းရမှာပါ။ ဆိုလိုတာက ပြည်သူလူထု၊ ရဟန်းသံဃာတွေမှာ ဘာလက်နက်မှ မရှိကြပါဘူး။ ဒီလို ကိစ္စတွေမှာ စစ်တပ် ဝင်ဝင်ပါတော့ နောက်ထပ်ဒုက္ခရောက်ရသူက ပြည်ထဲရေးမှာ အဓိက တာဝန်ရှိတဲ့ ပုလိပ် တွေပဲဖြစ်ပါတယ်။ ပုလိပ် တွေဟာ အခုတော့ လူမလေး ခွေးမကြောက် ပြက်လုံးသာသာပဲ ရှိပါတော့တယ်။ အစိုးရ အတွက်၊ စစ်တပ်အတွက်၊ ပုလိပ်တွေအတွက် နောက်ဆုံး နိုင်ငံတော်အတွက် လုံးဝ အဓိပ္ပါယ်မရှိ တဲ့ အထားအသို မှားယင်းခဲ့မှုပါ။

"So, it is important at this time that they are not left behind entirely. They have a limited roles within the constitution. But they are not involved in any way in the direct affairs of government policy."

စစ်တပ်ကို လုံးလုံး လျားလျား ချန်တားခဲ့လို့ မရဘူး ဆိုတာကတော့ တော်တော် များများ လက်ခံကြမှာပါ။ ဒါကလည်း ရှေ့မှာ ကျနော်ပြောခဲ့သလို မဆိုင်ရာတွေ ဝင်ပါထားခဲ့ကြလို့ပါ။ ထားပါတော့ ဒီ အချိန်မှာ အပြစ်လျှောက်ပြောတာ အဓိပ္ပါယ် မရှိပါဘူး။ စစ်တပ်ကို လုံးလုံး လျားလျား ချန်တားခဲ့လို့ မရဘူး။

နည်းနည်း စဉ်းစားစရာ ရှိတာက သမ္မတ ကြီဟာ အနည်းနဲ့ အများ ဦးသန်းရွှေကို နားကျအောင် ပြောနိုင်သူလို့ သူ့ စကားတွေ အရ တွက်ဆ လို့ ရပါတယ်။ မှန်ခဲ့ရင် နိုင်ငံ အတွက် တော်တော်ကောင်းပါတယ်။

"We can't yet say this is a stable and peaceful country."
"We want very much to have lasting peace, but exactly how the coming years will work out in terns of our efforts to have lasting peace remain uncertain."
ဒီစကား အတွက်တော့ ကျနော်တို့ သမ္မတ ကြီးဟာ သူတို့ အုပ်စုထဲမှာ အရိုးသားဆုံး၊ အရှိကို အရှိအတိုင်း မြင်နိုင်ဆုံး ရှားရှား ပါးပါး စစ်လူထွက် လို့ လက်ခုပ် တီးရမယ် သဘောပါ။

"There can't be peace without democracy, and there can't be democracy without peace."

ဒီ စကားကိုတော့ မြန်မာကသာမက ကမ္ဘာ ကပါ အသိအမှတ် ပြုကြရပါလိမ့်မယ်။ ကွန်ဂရက်ကျူလေးရှင်း ပါ သမ္မတ ကြီး ခင်ဗျား။

၂။နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ကျန်ရှိနေခြင်း ကိစ္စ ကိုတော့ လက်ရှောင် ထားခဲ့ပါတယ်။
"The problem right now is we really need investments, we need loans to help to economic forward, (but ) there are still restrictions from many Western countries in terns of our ability to do this."

"It is extremely important that (financial and other economic ) sanctions belifted to make possible the sort of trade and investments the country desperately needs at this time."

ငါက နင့်ကို စောင့်ကြည့်၊ နင်က ငါ့ကို စောင့်ကြည့် ပြဿနာက အခု မှ စတာပါ။ အနောက် နိုင်ငံ တွေကလည်း ခဲ မှန်ဖူးတဲ့ စာ သူငယ်။ မြန်မာ အစိုးရကလည်း ဒီ တစ်ခါတော့ တကယ် မပစ် တော့ပါဘူး။ ရိုးရိုး သားသား ထင်ပါရဲ့ လို့ ကောက်ချက် ဆွဲလို့ ရပေမယ့် သမိုင်းက ခပ် ကွေးကွေးဆိုတော့ ...။ သူတို့ ဘယ်လောက် ကြာကြာ စောင့်ကြည့်ကြမယ် ဆိုတာဟာ နိုင်ငံ့ စီးပွားရေး နဲ့ လုံးဝ ဆက်စပ်နေတယ်။ ဒီ ပြဿနာကို ရှင်းပေးနိုင်တာက ဒေါ်စု ပဲရှိတယ်။ ဒေါ်စုက နည်းည်းတွန်းရင် အနောက် အုပ်စု အရွေ့က ပို မြန်မယ်။ ဒီမှာ ပြဿနာ ရှိလာပြန်ရော။

ဒေါ်စု ကိုယ်တိုင်ကရော ကြားဝင်ပေးရအောင် ဗိုလ်ချုပ်ကြီးတွေရဲ့ စကားကို ယုံကြည်သလား။ သူမကလည်း ခဲ အကြိမ်ကြိမ် မှန်ထားရရှာတဲ့ ဒဏ်ရာ ဗရပွနဲ့ စာသူငယ်။ သူမက ရာနှုန်းပြည့် ယုံကြည်ရင် ကြားဝင်မယ်၊ သူမ ကြားဝင်ရင် ပြဿနာ ပြေလည်မယ်။ သိနေကြပေမယ့် ပြေလည်ဖို့ကတော့ အချိန် လိုဆဲပါပဲ။

သမ္မတ ကြီး အမှန်တွေပြောနေတာလို့ ရာခိုင် နှုန်း များများက ယုံကြည်ကြပါတယ်၊ ခက်တာက သမိုင်းပါ။

"ရေနစ်နေလို့ပါ ကယ်ကြပါအုံး " လို့ စရင်း နောက်ရင်း အော်တာများတော့ တကယ်လည်း နစ်ရော စ တယ်ထင်လို့ ဘယ်သူမှ ထွက်မလာကြတော့ ဘူး တဲ့။ ဖြစ်နိုင်ရင် ဝင် အော် ပေးချင်တယ်။

"ဒီ တစ်ခါတော့ တကယ် နစ်တာ ပါဗျို့ " လို့။
ကိုယ်က ဝင်အော်လိုက်မှ "ဟဲ ဟဲ စ တာ" ဆိုမှ ဒုက္ခ။


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

ပွဲစဉ်ရဲ့အဖြေကို ပြောင်းလဲပစ်လာနိုင်တဲ့ .. မြန်မာ (By: Kavi Chongkittavorn)

Myanmar set to be game changer.
By: Kavi Chongkittavorn.

(ထိုင်းနိုင်ငံ၊ The Nation သတင်းစာက လက်ထောက်အယ်ဒီတာဖြစ်သူရဲ့ လက်ရာပါ။ အကောင်းဖက်က မြင်တာ နည်းနည်းများ သွားသလားလို့ ထင်မိပေမယ့် ကိုယ့်နိုင်ငံအကြောင်း အကောင်းရေးထားတာဆိုတော့ - ဘာသာပြန်လိုက်မိတာပါ။ ထိုင်းဆိုတော့ မြန်မာ ကိုအထင်ကြီးတာတော့ မဆန်းလှပါဘူး။ သမိုင်းစာအုပ်ကို ပြန်ကြည့်ရင်ပေါ့။)

ထိုင်းနဲ့ မြန်မာဟာ ရာစုဝက်လောက်အတွင်းမှာ မတူညီတဲ့ ဇာတ်အိမ်တွေနဲ့  တည်ဆောက် ထားခဲ့ကြတယ်။ ထိုင်းကတော့ ဒီမိုကရေစီရဲ့ အခွင့်ထူး၊ စီးပွားရေးအနာဂတ် အလားအလာတွေနဲ့  အရှေ့ တောင်အာရှမှာ အတောက်ပဆုံးကြယ်တစ်ပွင့်လိုဖြစ်နေခဲ့ပြီ။ မြန်မာကတော့ ကမ္ဘာ့  တံခါးရွက်တွေပိတ် အထီးကျန်ဆန်လှတဲ့ ဆင်းရဲသားတဲကုတ်လေးလို ရှိခဲ့တယ်။

အခု အားလုံးပြောင်းလဲလာနေတယ်။ အခုဆိုရင် မြန်မာမှာ ပိုကောင်းတဲ့ဇာတ်လမ်းတွေ ပြောလာနိုင်မယ့် အနေအထားမှာရှိနေတယ်။

သမ္မတဟောင်းသက်ဆင်ရဲ့ ကံကြမ္မာနဲ့  ဆက်နွယ်ပြီး မငြိမ်သက်တဲ့ နိုင်ငံရေးဆူညံမှုတွေ ဆက်ရှိနေပြီး မြန်မာကတော့ ပွင့်လာတဲ့ တံခါးတွေနဲ့ အတူ လှမ်းမြင်နေရတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြောင်းလဲမှုတွေ အတော်ခရီးပေါက်နေပါပြီ။

သူတို့ ပြောင်းလဲမှု အမြန်နှုန်းကများလွန်းတော့ ကမ္ဘာ့ အဖွဲ့ အစည်းတွေကတောင် အံ့သြတကြီးဖြစ်နေကြရတယ်။ လတ်တလောလေး တင်မှာပဲ သမ္မတဦးသိန်းစိန်က နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ ပိုပြီး အာရုံစိုက်လာမိအောင် စီးပွားရေးအတူတူပူးပေါင်းဆောင်ရွက်ဖို့  ထပ်ပြီး တပ်လှန့် ခဲ့ပြန်တယ်။ စီးပွားရေးနဲ့  အုပ်ချုပ်ရေးနယ်ပယ်တွေမှာ အားနည်းချက်တွေ ရှိနေဆဲ ဆိုတာတောင် ဒီအချက်က ပြည်ပရင်းနှီးမြှပ်နှံလိုသူတွေကို မဟန့် တားနိုင်ခဲ့ပါဘူး။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကာလအတွင်း ထိုင်းနိုင်ငံကတော့ အသိအမှတ်ပြုလောက်တဲ့ နိုင်ငံရေးမူဝါဒ တိတိကျကျမရှိဘဲ ပြည်တွင်း မငြိမ်သက်မှုနွံ ထဲမှာ နစ်နေခဲ့တယ်။ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ Pheu Thai ပါတီနဲ့ နိုင်ငံတော်တရားရုံး ချုပ်တို့ အကြား ဖြစ်ပွား ခဲ့တဲ့ပြဿနာဟာ ချက်ချင်းပြေလည်ဖို့  လမ်းစမမြင်သေးတာကြောင့် နိုင်ငံရေးတည်ငြိမ်ဖို့ နဲ့  စီးပွားရေးယုံကြည်မှုတွေရဖို့  ဆိုတာ အလှမ်းကွာဝေးနေဆဲပါပဲ။ ဒီကာလဟာ နှစ်အထိမကြာဘူးဆိုရင်တောင် လပေါင်းများစွာ ကြာနေဦးမယ့်သဘောပါ။ အဲ့ဒီအားနည်းချက်ကြောင့် ထိုင်းနိုင်ငံရဲ့စီးပွားရေးအရှိန်အဟုန်ကို နှောင့်နှေးစေခဲ့ပြီး အနာဂတ်စီးပွားရေးကိုလည်း အကြီးအကျယ်ထိခိုက်စေခဲ့တယ်။ ဒီအချက်က ထိုင်းနိုင်ငံရဲ့ ပုဂ္ဂလိကစီးပွားရေးကိုပါ လာရောက်ထိခိုက်နေတယ်။

အမှန်တကယ်ပြောရရင် ပုဂ္ဂလိကစီးပွားရေးသမားတွေဟာ အခုမြန်မာပြည်မှာ ရင်းနှီးမြှပ်နှံဖို့  အကြောင်းတွေပြောလာနေကြ ပါပြီ။ နိုင်ငံရေးသာတည်ငြိမ်နေမယ်ဆိုရင် ထိုင်းမှာ ရင်းနှီးမြှပ်နှံမယ့် အပြည်ပြည်ဆိုင်ရာစီးပွားရေးသမားဟာ ထိုင်းနိုင်ငံကိုကျော်ပြီး ကီလိုမီတာ ၂၀၀၄ သာကွာတဲ့ မြန်မာပြည်ထဲမှာ ရင်းနှီးမြှပ်နှံကြမှာပါ။

ထိုင်းနိုင်ငံနဲ့ မတူဘဲ မြန်မာကတော့ ပါတီနှစ်ခုရဲ့ ခြားနားချက်တွေကို စုပေါင်းအကောင်အထည် ဖော်နေပုံဟာ တော်တော်ကောင်းတယ်လို့  ဆိုရပါလိမ့်မယ်။ ဒီအချက်က ကမ္ဘာရဲ့ယုံကြည်မှုကိုရစေပါတယ်။ သမ္မတဦးသိန်းစိန် နဲ့ အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့ အတူပူးပေါင်းပြီး ပါတီနှစ်ခုကို ဦးဆောင်နေတာဟာ ထင်ရှားတဲ့သာဓကပါပဲ။

ဒေါ်အောင်ဆန်းစုကြည်သာ နိုင်ငံရေးထဲမှာ တက်တက်ကြွကြွပါဝင်နေမယ်၊ နေပြည်တော်နဲ့ လည်း နားလည်မှုမျှနေမယ်ဆို ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာရဲ့အဓိကမောင်းနှင်အားတစ်ခုဖြစ်လိမ့်မယ်။ သူမကပဲ မြန်မာနဲ့ ကမ္ဘာကိုဆက်စပ်ပေးပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့  ဈေးကွက်လက်ဦးအောင် ရရှိမှု တို့ ကို ဖန်တီးပေးပါလိမ့်မယ်။

ဝေးကွယ်ပျောက်သွားတဲ့ “Roads to Socialism” နိုင်ငံရေးဆောင်ပုဒ်နေရာကို “All Roads lead to Burma” ကအစားထိုး လိုက်နိုင် ပါပြီ။ မြို့ ကြီးတွေဆီကနေ မြန်မာပြည်ကိုပျံသန်းတဲ့ လေယာဉ်တိုင်းဟာ ခုံအပြည့်ချည်းပါပဲ။

ဒီနှုန်းထားကိုသာထိန်းထားနိုင်ရင် အရှေ့တောင်အာရှရဲ့ နိုင်ငံရေးနဲ့  နည်းဗျူဟာအချက်အချာဟာ မြန်မာဆီကို အမြန်ရွေ့ လျားတော့ မယ့်သဘော ရှိပါတယ်။ ဒုတိယကမ္ဘာစစ်ကတည်းက မမြင်ရတော့တဲ့ အမေရိကန်နဲ့  အနောက်ဥရော ပနိုင်ငံသားတွေ မြန်မာပြည် ထဲမှာတွေ့ ကြရပါတော့မယ်။

လမ်းညွှန်ချက်အသစ်ကို ကြည့်ရတာကတော့ တုန့် နှေးမှုတစ်ချို့ရှိနေတယ်ဆိုရင်တောင် အရှေ့တောင်အာရှ ရဲ့ပွဲစဉ် အဖြေကို ပြောင်း လဲတော့မယ့်သဘောကို မြင်တွေ့ နေကြရပါတယ်။ အဓိကအချက်ကတော့ နိုင်ငံရဲ့ ရပ်တည်ရာနေရာပါ။ မြန်မာဟာ တရုတ်နဲ့ အိန္ဒိယကြားမှာရှိနေပြီး ဘင်္ဂလားပင်လယ်အော်ကိုလည်းအပေါ်စီးက လှမ်းကြည့်နေနိုင်တယ်။ အဲ့ဒီအချက် ဟာ နိုင်ငံ ရဲ့ ခေတ်သစ်သမိုင်းကိုရေးဖို့  အကောင်းဆုံးအားသာချက်ပါ။

နောက်ပြီး မြန်မာဟာ ကမ္ဘာရဲ့အကြီးအကျယ်ဒဏ်ခတ်မှုကနေ အသက်မသေရှင်သန်နိုင်ခဲ့တယ်။ မြန်မာဟာ ဆယ်စုနှစ်များစွာ အထီးကျန်ခြင်း၊ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့ ခြင်းဒဏ်ကို အလူးအလဲခံခဲ့ရပြီး တရုတ်နိုင်ငံတစ်နိုင်ငံထဲကိုပဲ မှီခိုအားကိုးနေ ခဲ့ရတယ်။ နေပြည်တော်ဟာ အဲ့ဒီတံခါးပေါက်သေးသေးဝါဒကို အမြန်ပဲရိုက်ချိုးခဲ့တယ်။ ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုးရှိတဲ့ ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်းကို ရပ်တန့် ထားတာ၊ မြန်မာနဲ့ အမေရိကတို့ ရဲ့ဆက်ဆံရေး ရုတ်တရက်ပြောင်းလဲတာ မြန်မာရဲ့ ဦးတည်ချက်တိကျမှုနဲ့  သည်းခံမှုကိုပြနေပါတယ်။ တရုတ်ပြည်ကိုဒီလိုဆက်ဆံရဲမှုဆိုတာဟာ ဒေသတွင်းမှာ တွေ့ ရခဲပါတယ်။ ဒီအချက်ကလည်း မြန်မာရဲ့ ရဲဝံ့မှုနဲ့  ရည်ရွယ်ချက်ရှင်းရှင်းလင်းလင်းရှိမှုကို ထင်ဟပ်စေပါတယ်။ မြန်မာကိုလွှမ်းမိုးထားတဲ့ တရုတ်ရဲ့ပါ ဝါတွေကို ငြင်းဆိုရဲတာဟာ မြန်မာနိုင်ငံရဲ့ မြင်ကွင်းသစ် တစ်ခုပါ။ နိုင်ငံရေးပုံမှန်ပြန်ရောက်ပြီး ပိုပြီးကျယ်ပြန့် တဲ့ဈေးကွက်ထဲကို သူတို့  တိုးဝင်လာခဲ့ကြပါတယ်။

အိမ်နီးချင်းအာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရာမှာလည်း ရှုပ်ရှုပ်ထွေးထွေးမရှိလှပါဘူး။

မြန်မာဟာ ၂၀၁၁ ခု အာဆီယံအစည်းအဝေးကို လက်ခံကျင်းပဖို့ စိုင်းပြင်းနေတယ်။ ဒီအစည်းအဝေးမှာ သူတို့ ပါဝင်လာမယ့် အခန်းကဏ္ဏကိုလျှော့တွက်လို့  လုံးဝမရပါဘူး။ နေပြည်တော်ဟာ အိမ်နီးချင်းတွေနဲ့  ရှိနေခဲ့တဲ့ တင်းမာမှုတွေကို အများကြီးလျှော့ ချရင်းပျော့ပြောင်းလာနေပါတယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာလက ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖီလစ်ပိုင်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး လူ့ အခွင့်အရေးအဖွဲ့ ကို ဖွဲ့  စည်းခဲ့တယ်။ ဧပြီလမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အာဆီယနိုင်ငံတွေကို လာရောက်လေ့လာဖို့  ဖိတ်ကြားခဲ့တာဟာလည်း အရှေ့တောင်အာရှမှာ မြန်မာဟာ ပထမဆုံးနိုင်ငံပါ။

အကြီးမားဆုံးပြောင်းလဲမှုကတော့ လွတ်လပ်စွာပြောဆိုရေးသားခွင့်ပြုလိုက်တယ်ဆိုတဲ့ အချက်ပါပဲ။သတင်းနဲ့ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ပြန်ကြားရေးနဲ့  လူထုဆက်ဆံရေးဒါရိုက်တာ ဦးရဲထွန်းက ၁၉၆၂ ခုက ပြဌာန်းထားတဲ့ သတင်းတည်းဖြတ်မှုဆိုင်ရာဥပဒေ ဟာ အရင်လကုန်ကတည်းက တရားမဝင်တော့ဘူးလို့  ကြေငြာခဲ့ပါတယ်။ လတ်တလောမှာတော့ ပရော်ဖက်ရှင်ဆန်ဆန် အလုပ်လုပ်သွားဖို့တည်ဆောက်သွားပါလိမ့်မယ်လို့  သူကဆိုပါတယ်။

ဒီလိုပြောင်းလဲမှုတွေ ဆက်လက်လုပ်နေရင်း လွတ်လပ်စွာပုံနှိပ်ထုတ်ဝေခွင့်ပါပြုလိုက်မယ်ဆိုရင် မြန်မာရဲ့သိက္ခာဟာ တက်လာ မှာဖြစ် ပါတယ်။ အရင်နှစ် မတ်လကစလို့  မြန်မာရဲ့တိုး တက်လာနေတဲ့နှုန်းဟာ အာဆီယံအဖွဲ့ ဝင်အသစ်လေးနိုင်ငံထဲမှာ အား အကောင်း ဆုံးပါ။ အာဆီယံရဲ့ ဥက္ကဌအနေနဲ့  မြန်မာဟာ လူအခွင့်အရေးဆိုင်ရာအခြေခံမူကို ချပြပြီး အလှည့်ကျလာမယ့်ငါးနှစ် အတွင်း မှာ စောင့်ကြည့်ရင်း သုံးသပ်ဖို့  ခြေလှမ်းစလာပါလိမ့်မယ်။

မြန်မာက လတ်တလော သတင်းခေါင်းကြီးပိုင်းမှာ နေရာယူနေစဉ် ထိုင်းနဲ့ မြန်မာတို့ ရဲ့ နှစ်နိုင်ငံ ပူးတွဲသဘောတူမှုကတော့ အရှုပ်အထွေး တစ်ခု ဖြစ်လာနိုင်စရာရှိနေပြန်ပါတယ်။ ထိုင်းနိုင်ငံထဲကို တရားမဝင် လာရောက်နေထိုင်နေတဲ့ သုံးမီလီယံရှိမြန်မာ အလုပ်သမားတွေ နဲ့  မြန်မာပြည်တွင်းကနေ ထွက်ပြေးလာတဲ့ တိုင်းရင်းသားတွေဟာ ထိုင်းနဲ့ မြန်မာ အနာဂတ်ပူးပေါင်းလုပ်ဆောင်ရေးကို အတားအဆီး သဖွယ် ဖြစ်နေပါလိမ့်မယ်။ ဒါတောင်မှ တင်းကြပ်မှုမရှိတဲ့ နိုင်ငံခြားစည်းနဲ့ လူအရောင်းအဝယ်ကိစ္စကို ထည့်သွင်းစဉ်းစားမထားရသေးပါဘူး။

ဒေါ်အာင်ဆန်းစုကြည်ရဲ့ လတ်တလော ဘန်ကောက်ခရီးစဉ်မှာ ဒီအလုပ်သမားတွေနဲ့  တိုင်းရင်းသားတွေ အတွက် လောလော ဆယ်မှာတော့ ထိုင်းအစိုးရက ပိုပြီးသင့်မြတ်အောင် ကိုင်တွယ် ထိန်းသိမ်းထားနိုင်တဲ့ စွမ်းရည်ရှိနေပါတယ်လို့  သူမကပြောသွားခဲ့တယ်။

ဒါတင်မကပါဘူး။ နိုင်ငံရေး တည်ငြိမ်မှုရဖို့  နေပြည်တော်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  တွေနဲ့  ပင်လယ်ထဲမှာ သောင်တင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာလည်း ထိုင်းနိုင်ငံရဲ့ပြည်တွင်းရေးကို ထိပါးစေပါလိမ့်မယ်။

ထားဝယ်မြို့ မှာ တည်ဆောက်မယ့်ဒေါ်လာ ၈.၆ ဘီလီယံတန်ဖိုးရှိ ပင်လယ်ကမ်းခြေတည်ဆောက်ရေး ပရောဂျက်ကလွဲရင် ထိုင်း-မြန်မာ စီးပွားရေးပူးပေါင်းမှုဆိုတာ မရှိသလောက်ပါ။ ပြုပြင်ပြောင်းလဲရေးကာလမှာ ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကြား ဝင်ဖြေရှင်းပေးနိုင်မယ့် အမေရိကလို၊ ဂျပန်လို တတိယနိုင်ငံတွေဟာ အရေးကြီးလှပါတယ်။ မဲခေါင်မြစ်ဝှမ်းနဲ့  ပတ်သက်တဲ့ ပရောဂျက် အတွက် အမေရိက က ဦးဆောင်ခဲ့တယ်။ မြန်မာကိုလည်း ပါဝင်ဖို့  ဖိတ်ကြားခဲ့ကြတယ်။ ဒီမြစ်နဲ့ ဆက်စပ်နေ တဲ့ နိုင်ငံတိုင်း မြစ်ရေ ကိုအတူတကွ ထိန်းသိမ်းစောင့်ရှောက်ကြဖို့  စတင်ခဲ့ကြတာပါ။

အိမ်နီးချင်းအာဆီယံနိုင်ငံတွေရဲ့ အားနည်းချက်တွေကို အမိအရယူပြီး မြန်မာဟာ ဒေသတွင်းမှာ အဓိကကျတဲ့ ကစားသမား အဖြစ် နေရာယူနေပြီ ဖြစ်ပါတယ်။

တရုတ်ပြည်ရဲ့ လွှမ်းမိုးမှုကို မလိုလားတဲ့ အခြားစူပါပါဝါကြီးတွေပါ ပါဝင်လာကြပြီး ပိုမိုကျယ်ပြန့်  လာတဲ့အတွက် မြန်မာနိုင်ငံရဲ့ လုံခြုံရေးနဲ့  မဟာဗျူဟာဆိုင်ရာအချက်တွေကလည်း ပိုပြီးအားကောင်းလာဖွယ် ရှိနေပါတော့တယ်။



ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

အချိန်ကိုက် အနိစ္စ

ကြော်ငြာ ဆိုတာရဲ့ မြန်မာလို ဖွင့်ဆိုချက်က သိပ်ပြီးမကောင်းလှဘူး၊ ကြော်အောင် ညာနေရတာ တဲ့။ ဒါကို ရှေးစကားပုံ လေးက ထောက်ခံပေးထားတယ်။
"ကြော်ငြာဆိုတာ ဥပဒေက ခွင့်ပြုထားတဲ့ တရားဝင် လိမ်ညာမှု" တဲ့။

ကြော်ငြာကိုပဲ အားတစ်ခုအနေနဲ့ သဘာဝ ကျကျ မြင်သူတွေလည်း ရှိပါတယ်၊ ဥပမာ စတူးဝပ် ကလစ် လိုပေါ့။ သူက ပြောတယ်
" စီးပွားရေးကို ကြော်ငြာ မပါဘဲ လုပ်တာဟာ အမှောင်ထဲမှာ မိန်းကလေးကို မျက်စ ပစ်ပြတာ နဲ့ အတူတူပါပဲ" တဲ့။

ဒါကို တစ်ဝက်တစ်ပျက်ဘဲ လက်ခံတဲ့ သူတွေလည်းရှိတယ်။ သူကတော့ ဆရာကြီး အော်စကာဝိုင်း ပါ။
"သဘာဝကျဖို့ ဆိုရင် နည်းနည်းပါးပါး လိမ်ညာ ဟန်ဆောင် တတ်ဖို့လည်း လိုသေးတယ်" တဲ့။

ဒါကို လက်ခံတာလား ကန့်ကွက်တာလား မသိဘူး။ နောက်ထပ် ဆရာကြီး မက်ခ်တွိမ်း က ပြောလာပြန်တယ်။
"အမှန်ကိုပဲ ပြောမယ်ဆိုရင် ဘာမှ မှတ်မိနေစရာလည်း မလိုဘူး" တဲ့။
သဘောကျတယ်။ အကိုးအကား မပါလည်း အမှန်က အမှန်ပဲ မဟုတ်လား။ ရဲ စခန်းမှာ၊ တရားရုံးထဲမှာ မဟုတ်ဘူး ဆိုရင်ပေါ့။

ဒီကိစ္စကို ဆွပေးလိုက်တာက ခရစ္စတီး ပါ။ သူက
"အခြားတစ်ယောက် ကို အကဲခတ်တဲ့ နေရာမှာ မိန်းမတွေက မှားခဲ တယ်" တဲ့။

သူမှ ပြောလို့ မဆုံးသေးဘူး ရှယ်ရီဂရေး ဒီတာ က
"ပျက်တတ်တဲ့ ပစ္စည်း မှန်သမျှ ပျက်ကြတာချည်းပဲ။ ဒါပေမယ့် ချက်ချင်းတော့ မပျက်ဘူး။ သူတို့ပစ္စည်း ရောင်းတုန်းက ပါလာတဲ့ အာမခံ ဒိတ် ကို ကျော်တဲ့ နောက် တစ်နေ့မှာမှ ပျက်ကြတယ်" တဲ့။

အနိစ္စကတောင် ဒီခေတ်မှာ ကွက်တိ ရောက်လာတတ်တယ်။ ဒါကြောင့်ပြောကြတာနေမှာ ဒီခေတ်မှာ သောက်ရမယ့် ဆေးတွေက အစ အားလုံးကို ယုံနေကြရတယ် ဗျာ တဲ့။


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

တွစ်တီး တွစ်တာ

၁) ကင်ဂျုံအီး တွစ်တာ ( မြောက် ကိုရီးယား)
၁။ မနက် အိပ်ယာထ၊ ပစ်လွှတ်လိုက်တဲ့ ဒုန်းပျံ ပင်လယ်ထဲ ကျရတဲ့ ကိစ္စ ခေါင်းထဲ အလိုလိုရောက်။
၂။ တာဝန်ရှိ အင်ဂျင်နီယာဆီ လှမ်းတွစ် "ကောင်းကင်ကြီး ဒီလောက်ကျယ်တာ ကောင်းကင် မထိဘဲ ဘာလို့ ပင်လယ်ကို ထိရတာလဲ"
၃။ စက်ဆီ ဈေးကြီးလို့ ဈေးသက်သာအောင် ကင်မ်ချီ နဲ့ အစားထိုး လိုက်မိလို့ပါ။
၎။ စိတ် တော်တော်တိုသွားတယ်။ အမှန်တွေ လျှောက်ပြောနေတဲ့ ကောင်ကို ထောင်ထဲ ထည့်လိုက်ကြ။

၂) ဟူကျင်းတောင် တွစ်တာ (တရုတ်)
၁။ မနက် ၆ နာရီ အိပ်ယာထ၊ ၁၀ မိနစ် ကြာအောင် ဒလိုင်းလားမား ကို ကြိမ်စာတိုက်၊ ဂူးဂဲလ် မြေပုံကို စစ်ဆေး၊ အကြံပေး အဖွဲ့ကို ဩဝါဒ ချွေ။
၂။ တရုတ်ပြည် နယ်နိမိတ်တွေကို ထောက်ပြ၊ ဒီမြေတွေမာ ရှေး ပဝေသဏီ ကတည်းက တရုတ်ပြည် ( မားသားလန်ဒ် ) ထဲ ပါဝင်တယ်ဆိုတာ အဆိုပြုကြဖို့ ပြော။
၃။ သူတို့ သုတေသနလုပ်ကြ။ ဒါတွေဟာ တိဗက်၊ အရှေ့ တာကစ်စတန်နဲ့ ထိုင်ဝမ် တို့ ဖြစ်တယ် လို့ သတင်း ပြန်ပို့ကြ။
၎။ ရှေး ပဝေသဏီ ကတည်းက ဒီမြေတွေဟာ တရုတ်ပြည်ပိုင်ဆိုတာ သူတို့ တောင်းဆိုထားကြောင်း တင်ပြကြ။
၅။ မြေပုံထဲက အခြားနေရာကို လက်ထောက် ပြ၊ ဒီနေရာကိုလည်း တောင်းဆိုဖို့ ပြော။
၆။ အဲဒါ အောစတေးလျ၊ အမေရိကန် သမုဒ္ဒရာ နဲ့ ဆက်စပ် နေတယ် လို့ တင်ပြလာကြ။
၇။ ဘာဖြစ်ဖြစ် ဒါကိုလည်း တရုတ်ပြည်ပိုင် လုပ်ဖို့ ညွှန်ကြား။ ဒီကောင်တွေ မလုပ်နိုင်ကြတော့ ဘူး။ ဝန်ထမ်းကောင်းတွေ မရှိတော့တာဟာ ကွန်မြူနစ် စနစ် ကျရှုံးသွားလို့ လို့ နောင်တ ရမိ။

၃) ဦးသန်းရွှေ တွစ်တာ (ဘားမား (အော်) မြန်မာ)
၁။ မနက် ၅ နာရီ အိပ်ယာထ၊ တစ်သက်လုံး နိုင်ငံကို မိန့်ခွန်းမပြောခဲ့ရတာကို နောင်တရ။ ဟိုကောင်လေး သိန်းစိန် ငါ့ထက်သာတာ တွေးမိ။
၂။ ငါ့ မြေးလေး ကစားနေတဲ့ နောက်ဆုံးပေါ် တီဗွီဂိမ်းက ဘာဆိုလား။ ကြိုင်ကြိုင် နောက်ဆုံး ယတြာချေ တဲ့ ဆရာတော်က ဘယ်သူဆိုလား။ ကျောင်း ရေစက်ချပွဲတစ်ပွဲမှာ ဖိနပ်ချွတ်မိတာ ဘယ်နေရာပါလိမ့်။ ငါ မူးနေ၊ မ တွစ်မိ။
၃။ ဗိုလ်ချုပ်ကြီးတွေကို ဩဝါဒပေး "ရှစ်လုံးကို နှုတ်ထွက်ခိုင်း၊ လူထုက ငါ့ကို ရီဗော်လူးရှင်းနစ်စ်ထ် လို့ထင်ရစ်၊ ကျေးဇူးတင်ရစ် ကြပါစေ။"
၎။ "တို့ ခေတ်က ကုန်သွားပါပြီ လူကလေး သိန်းစိန်ရာ၊ ငါ့ကို သာ ၂၁ ရာစု နိုင်ငံတော်ဖခင်ကြီးဖြစ်အောင် လုပ်ပေးခဲ့ " သိန်းစိန် ဆီ တွစ်။
၅။ တစ်သက်လုံး နိုင်ငံကို မိန့်ခွန်းမပြောခဲ့ရတာကို နောင်တ ထပ်ရမိ။ သိန်းစိန်က "အိုကေဆာ" လို့ ပြန်တွစ်။
၆။ ကုန်းဘောင်ခေတ် ဘုရင် အဝတ်အစားတွေယူခဲ့ဖို့ ပြော။ အိပ်ယာထဲ ဝတ်ပြီးအိပ်ရအောင်။
၇။ အိပ်မက်ထဲ အနော်ရထာနဲ့တွေ့။ ကျန်စစ် ဘုရင် နဲ့ တွေ့၊ ဘုရင့်နောင် နဲ့ တွေ့၊ အလောင်းဘုရားနဲ့ တွေ့။ အသောက နဲ့ တွေ့။
ဟင့် အင်၊ သီပေါ နဲ့ မတွေ့ချင်။ အဲ မှားလို့၊ သူ့ မိဖုရားနဲ့ မတွေ့ချင်။ အဲ မှားလို့ နာမည်တူတာတောင် မကြားချင်။

၁၊ ၂။ မစ္စတာ ဂျန်းမ်
၃။ ဇင်ဝေသော်


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

✿ဝေးခဲ့ ပြီပန်းခရမ်းပြာ ✿

ပန်း ခရမ်းပြာ၊
ပြီးတော့.. ဝေးခဲ့ပြီ ပန်း ခရမ်းပြာ၊
ရူးသွပ်ဖို့ တန်ဖိုး နည်းနည်း ကြီးခဲ့ရင်တောင်
အကြွေးနဲ့ လောင်းကြေးထပ် ပေးဆပ် ခဲ့ရတဲ့ နောက်
ကျနော်တို့ ဘလော့ဂ်ဟာ ခရမ်းပြာ အရောင်နဲ့ စေ့စပ် ခဲ့တယ်။

အမေစု
ခရမ်းရောင် ဝတ်ဆင်တိုင်း
ဘယ်သူမှ မပေးဘဲ ကျနော်တို့ ဘော့နပ်စ် ရခဲ့တယ်။

ဒီတစ်ခေါက် ဒီပိတုန်းသယ်လာတဲ့ သံစဉ်ဟာ
တိတ်ဆိတ် ပီယာနိုအတွက် .............


"ဝေးခဲ့ပြီ ပန်း ခရမ်းပြာ "


Credit to myanmarmedia

ကမ်းလက်








Copyright © 2012 ကမ်းလက်. All rights reserved.