အမေရိကန်နဲ့ တရုတ်တို့ကြားက အခြေခံ ကွဲလွဲမှုများ


(ကစ်ဆင်းဂျား၊ World Order)

အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်ပြည်ဟာ လက်ရှိကမ္ဘာ့အစီအမံထဲမှာ မရှိမဖြစ် မဏ္ဍိုင်ကြီးနှစ်ခု ဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံးက သူတို့ အပြုအမူကို သူတို့သတ်မှတ်ချက်ပေတံနဲ့ တိုင်းတာ သတ်မှတ်ရင်း အပြည်ပြည်ဆိုင်ရာ စနစ်ကို လက်ခံသည်မဟုတ်၊ လက်မခံသည်လည်း မဟုတ် သဘောထား ရှိကြပါတယ်။
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့တန်းတူ ပါဝင်ရမယ့် အခန်းကဏ္ဍမျိုးကို တရုတ် အနေနဲ့ ဘယ်တုန်းကမှ မရရှိခဲ့ဘူးသလို အမေရိကန်တွေအနေနဲ့လည်း ဒီလောက် နိုင်ငံပမာဏကြီးမား၊ စီးပွားရေးအင်အား တောင့်တင်းပြီး ဖွဲ့စည်းပုံ မတူတဲ့ နိုင်ငံနဲ့ ပူးပေါင်းလုပ်ဆောင်ရမယ့် အတွေ့အကြုံမျိုး မရှိခဲ့ဖူးပါဘူး။

သူတို့နှစ်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ နိုင်ငံရေး နောက်ခံဘက်ကဒေါင်းကလည်း သိသိသာကြီး ကွဲပြားနေပါတယ်။ အမေရိကန်က ပေါ်လစီတစ်ခုကို ချဉ်း ကပ်ရာမှာ လက်တွေ့သဘောတရားဆန်ပြီး တရုတ်က သဘောတရားရေး ဆန်တယ်။ သူ့ကို ခြိမ်းခြောက်နိုင်တဲ့ အိမ်နီးချင်းအင်အားကြီးနိုင်ငံ အမေရိ ကန်မှာ ဘယ်တုန်းက မရှိခဲ့ဖူးဘူးပေမဲ့ တရုတ်ကတော့ ခြိမ်းခြောက်ခြင်း မခံရတဲ့ အချိန်ရယ်လို့ကို မရှိခဲ့ပါဘူး။ အမေရိကန်က ပြဿနာတိုင်းမှာ အဖြေ ရှိတယ်လို့ ခံယူပြီး တရုတ်က တော့ လက်ရှိပြဿနာရဲ့ အဖြေဟာ နောက်ပြဿနာအသစ်ကို အစပျိုးလိုက်ခြင်း သာဖြစ်တယ်လို့ ခံယူပါတယ်။ အမေရိကန်က လတ်တလော ကိစ္စရပ်တစ်ခုကို ချက်ချင်း တုန့်ပြန် အဖြေရှာတတ်ပေမဲ့ တရုတ်ကတော့ တစ်ဆင့်ခြင်း ပြောင်းလဲ အဖြေရှာယူတတ်ပါတယ်။ အမေရိကန်တွေက လုပ်ဆောင်စရာတွေထဲက တကယ် အလုပ်ဖြစ်နိုင်မယ့် အချက်တွေကို ဦးစားပေး လုပ်ဆောင်တတ်ပြီး တရုတ်ကတော့ ဒီသဘောတရားတွေနဲ့အညီလုပ်ရင် ဘယ်မှာ အဆုံးသတ် သွားလေမလဲဆိုတာကို ဝေဖန်သုံးသပ်တတ်ပါတယ်။ တရုတ်တွေရဲ့ တွေးတောစဉ်းစားပုံကို ကွန်မြူနစ်ဝါဒနဲ့ တရုတ်ရိုးရာ ယဉ်ကျေးမှုက ပုံသွင်း ပေးလိုက်တာဖြစ်ပြီး အဲဒီ အချက် နှစ်ချက်စလုံးကလည်း အမေရိကန်တွေနဲ့ အကျွမ်းတ၀င် မရှိပြန်ပါဘူး။

ကမ္ဘာ့နိုင်ငံရေးအစီအမံထဲမှာ တရုတ်နဲ့ အမေရိကန်တို့ဟာ အခုမှ နဖူးတွေ့ ဒူးတွေ့ တွေ့ကြုံနေကြရ တာဖြစ်ပါတယ်။ တရုတ်ကလည်း သူတို့ပေါ်လစီ ဟာ သူများနဲ့မတူ၊ အများအားဖြင့် သူတို့ကိုယ်ပိုင်ဟန်ပေါ်မှာ အခြေခံတယ် လို့ ယုံကြည်ပြီး အမေရိကန်တွေကလည်း သူတို့ပေါ်လစီဟာ သူများနဲ့ မတူ၊ သူများထက် သာတယ်။ သူတို့တန်ဖိုးတွေကို ကမ္ဘာ့နိုင်ငံတိုင်းက ကျင့်သုံးလာအောင် ထောက်ပံ့ ကူညီပေးဖို့လည်း သူတို့မှာ တာဝန်ရှိနေ တယ်လို့ ယုံကြည်ထားကြ ပါတယ်။
မတူညီတဲ့ ယဉ်ကျေးမှု၊ မတူညီတဲ့ အမြင်တွေနဲ့ အင်အားကြီး လူ့အဖွဲ့ အစည်းကြီးနှစ်ခုဟာ သူတို့ပြည်တွင်းရေး သတ်မှတ်ချက်တွေနဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းထဲမှာ ထိပ်တိုက်တွေ့ဆုံနေကြပါပြီ။

သူတို့အချင်းချင်း ပြိုင်ဖက်တွေအနေနဲ့ ရှုမြင်ကြလေမလား။ မိတ်ဆွေတွေ အနေနဲ့ ဆက်ဆံလာကြ မလား။ ၂၁ ရာစု ကမ္ဘာ့နိုင်ငံရေးအစီအမံ ဘယ်လိုဖြစ်လာလေမလဲ ဆိုတဲ့အချက်ဟာ သူတို့ ဘယ်လိုတုန့်ပြန်လာမလဲ ဆိုတာအပေါ်မှာ မူတည်နေပါတော့တယ်။

မဘသနဲ့ ဆရာတော် ဦးတိလောကာဘိဝံသ အကြောင်း


အလွန်ရှည်လျားလှတဲ့ မဘသနဲ့ ဆရာတော် ဦးတိလောကာဘိဝံသ အကြောင်း သတင်းဆောင်းပါးကြီး ပါလာပါတယ်။

*မဘသဟာ အခုအခါ နိုင်ငံရေးထဲကို ပေါ်ပေါ်ထင်ထင် ဝင်လာတဲ့ ဘာသာရေးအဖွဲ့အစည်း ဖြစ်လာကြောင်း

*အစမှာ ပညာရှင်များ မပါဝင်ခဲ့ပေမဲ့ အခု ဥပဒေပညာရှင်တွေက ကူညီပံ့ပိုးလာနေကြောင်း

*ဆရာတော် ဦးတိလောကာဘိဝံသ သီတင်းသုံးရာကျောင်းကို နိုင်ငံခြား သံအရာရှိတွေ လာရောက်တတ်ကြောင်း

*အမေရိကန် သံအမတ်ကိုယ်တိုင် ဘာသာပေါင်းစုံ ညီညွတ်ရေးနဲ့ ဘာသာရေးဟာ နိုင်ငံရေးထဲ ဝင်မပါသင့်ကြောင်း ကိစ္စတွေနဲ့ပတ်သက်လို့ သွားရောက် ညှိနှိုင်းခဲ့ကြောင်း

*တစ်နိုင်ငံလုံးမှာ မဘသ ရုံးခွဲပေါင်း ၂၅၀ ရှိကြောင်း

* အဖွဲ့ချုပ်အနေနဲ့ မဘသကိုရော စစ်အာဏာရှင်အုပ်စုကိုပါ သူတင်ကိုယ်တင် ယှဉ်ပြိုင်ရဖွယ် ရှိနေကြောင်း ..........။



တောမီးလောင် တောကြောင်လက်ခမောင်း ခတ်


၁၉၅၇ ခု၊ မော်စကိုမြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ ကွန်မြူနစ် ပါတီခေါင်းဆောင်များ အစည်းအဝေးမှာ အနုမြူစစ်ပွဲဖြစ်ခဲ့ရင်တောင် များပြားတဲ့ လူဦးရေ၊ ခိုင်မာတဲ့ ယဉ်ကျေးမှုကြောင့် တရုတ်က သေချာပေါက် အောင်နိုင်သူ ဖြစ်နေမယ်၊ ဒီစစ်ပွဲကြောင့် လူပေါင်း သန်းရာချီပြီး သေဆုံးမယ်ဆိုရင်တောင် တရုတ်ပြည်ဟာ သူ့ရဲ့ တော်လှန်ရေးလမ်းစဉ်ကနေ သွေဖီသွားမှာ မဟုတ်ဘူး ပြောခဲ့လို့ အားလုံး အံ့သြတကြီး ဖြစ်ခဲ့ရပါတယ်။.........
၁၉၇၁ ခုမှာ လျှို့ဝှက်ခရီးစဉ် အဖြစ် ဘေဂျင်းမြို့ကို ကျွန်တော် သွားတော့ ကျောက်အိန်လိုင်က သူ့ ခေါင်းဆောင်ရဲ့ သဘောထားကို “တောမီးလောင် တောကြောင်လက်ခမောင်း ခတ်” လို့ ဟာသသံစွက်ပြီး ပြောပြခဲ့ပါသေးတယ်။......
“ရှေ့သို့” ဆိုတဲ့ ကြွေးကြော်သံနဲ့ ၁၉၅၈ ခုမှာ အန္တရာယ်ကြီးလှတဲ့ စက်မှုတော်လှန်ရေးကြီး ပြုလုပ်ခဲ့ပြီး ၁၉၆၆ ခုမှာ ယဉ်ကျေးမှု တော်လှန်ရေးကြီး ဆက်လက်ဆင်နွှဲခဲ့ပါတယ်။ ဒီစီမံကိန်းကြောင့် ပညာတတ် လူငယ်မျိုးဆက် တစ်ဆက်လုံး နယ်စပ် ကို ရောက်သွားကြရပြီး မော်ရဲ့ ပန်းတိုင် အတွက် လူသန်းပေါင်းများစွာ လည်း အသက်တွေ စတွေးခဲ့ကြရပါတယ်။
တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်း မုန်းခြင်းအလျဉ်းမရှိဘဲ သတ်ဖြတ် လိုက် ရတာတွေကို မလွှဲသာမရှောင်သာတဲ့ သမိုင်း အလှည့်အပြောင်း တစ်ခုလို့ တရုတ် ခေါင်းဆောင်တွေက ယူဆခဲ့ကြပါ တယ်။

ကစ်ဆင်းဂျား၊ World Order

ကျန်တဲ့ ဘုန်းကြီးတွေလည်း အမျိုးချစ်ပါတယ်


ရပ်သီချင်းတွေနဲ့ အမျိုးချစ်ပြနေတဲ့ ဘုန်းကြီးကိုမြင်ရတော့ ရွာက ဒေါ်စိန့်ပြော တာကို သတိရမိတယ်။
ပွဲဈေးတန်းမှာ မုန့်ဆိုင်တွေ သူ့ဆိုင်ကိုယ့်ဆိုင် ပြိုင်ရောင်းနေကြတော့ တစ်ဖက်ဆိုင်က...
"လာကြနော်၊ ဒီဆိုင်က မုန့်တွေကမှ ကောက်ညှင်းအစစ်တွေနဲ့ လုပ်ထားတာ" လို့ အော်ရောင်းသတဲ့။
ဒီတော့ ဒေါ်စိန့်က...
"နင့်နယ်ဟယ်၊ မုန့်ကို ကောက်ညှင်းနဲ့လုပ်တာများ အထူးအဆန်းလုပ်ပြီး အသံနာအောင် အော်နေရသေးတယ်။ မုန့်ကို ဘယ်သူက ချောင်းထဲက သလဲနဲ့ လုပ်လို့ရမှာတုန်းဟဲ့" တဲ့။

ခုလည်း အဲသလိုပဲ။ ဒီဘုန်းကြီးနှယ် ရုပ်ပျက်၊ လက်ဖဝါးနာအောင် ရပ်သီချင်းတွေနဲ့ လက်ခုပ်တီးပြီး အမျိုးချစ်ပြနေရသေးတယ်၊ ကျန်တဲ့ ဘုန်းကြီးတွေလည်း အမျိုးချစ်ပါတယ်။

ဒီထက် နယ်ပယ် ကျယ်ကျယ် ဆုံးဖြတ်ချက်တွေနဲ့ မဲချူလို့ မရနိုင်တော့ဘူးလားလို့ပဲ


၁။ ထိုင်းဗုံးကိစ္စက ဘာသာရေးနဲ့ မဆိုင်သလို၊ နိုင်ငံရေးလိုလိုနဲ့ အခုတော့ ခေါင်းမြီးခြုံတွေပါလာပြီ။ ငှားရမ်းထားတဲ့ သူမအိမ်မှာ ဗုံးနဲ့ဆိုင်တဲ့ ပစ္စည်းတွေ တွေ့လို့ သူမနဲ့အတူ နောက်လေးယောက်ကို ထပ်ပြီး ဝရမ်း ထုတ် ထားရပါသတဲ့။

၂။ ကတော့ ဦးသိန်းစိန် လက်မှတ်ထိုးခဲ့တဲ့ တစ်လင်တစ်မယားနဲ့ လစ်ဗင်း တူဂဲသားကိစ္စပါ။ တစ်လင်တစ်မယားဥပဒေ တည်သွားရင် အဓိက ထွက်ေ ပါက်က လစ်ဗင်း တူဂဲသားဖြစ်လိမ့်မယ်ဆိုတဲ့ ခပ်လွယ်လွယ်ကောက်ချက်နဲ့ လစ်ဗင်း တူဂဲသားကို ခပ်နာနာ ဖိလိုက်ဟန် တူပါရဲ့။ အမျိုးသားရေးဝါဒီတွေရဲ့ မဲကို လှမ်းချူယူလိုက်တဲ့ ရွေးကောက်ပွဲဝင် ဆုံးဖြတ် ချက် ဖြစ်ဟန်လည်း တူတယ်။ ဒီထက် ပညာပါပြီး ဒီထက် နယ်ပယ် ကျယ်ကျယ် ဆုံးဖြတ်ချက်တွေနဲ့ မဲချူလို့ မရနိုင်တော့ဘူးလားလို့ပဲ တွေးမိပါတယ်။