ဘမာဘုန်းကြီး :)


မပေနိုင်တော့တဲ့အဆုံး သာသနာပြုဘုန်းက နာဂရွာလေးကနေ ညမှာ တိတ်တဆိတ် ထွက်ပြေးလေရော။
သိသွားတဲ့ရွာသားတွေက လှံတွေ ဓါးတွေကိုယ်စီဆွဲပြီး လိုက်ဖမ်းကြသတဲ့။
မှီလည်းမှီရော လှံတွေနဲ့ချိန်ထားပြီး ဘမာဘုန်းကြီး ကောင်းကောင်းထား ကောင်းကောင်းမနေဘူး။ နောက်တစ်ခါ ဒါမျိုးလုပ်ရင် လှံစာမိပြီသာမှတ် တဲ့။
ဟဲ ဟဲ လစ်ပီ။

အရိပ်.......


လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ယမိုက်၊ ၁၀ တန်း အင်္ဂလိပ်တွေနဲ့ ထိုင်ဖူးတဲ့နေရာလေး။ အခုလည်း အေးမြဆဲပါပဲ။ သစ်ရွက်တို့ အနိစ္စကြားမှာ အရိပ်လေးက မပြောင်းဘူး။



စင်္ကာပူမှာ နေရတာ မငြီးငွေ့သေးဘူးလား


စင်္ကာပူမှာ နေရတာ မငြီးငွေ့သေးဘူးလားလို့ ရဟန်းငယ်တစ်ပါးကမေးတော့
ငြီးငွေ့စရာ မရှိဘူးဆိုတာလောက်ပဲ ဖြေခဲ့မိတယ်။

ကိုယ်တကယ်သိတဲ့ စင်္ကာပူက နားလည်မှုရှိတဲ့ အသိုင်းအဝိုင်းလေးရယ်၊ ကိုယ်လုပ်ချင်ရာ လုပ်ခွင့်ရနေခြင်းရယ်ပါ။ ဆင်တိုဆာတွေ စူပါမားကက်တွေ မပါဘူး။ နေရာတော်တော်များများကို ရောက်လည်း မရောက်ဖူးဘူး။

နောက်ပြီး စင်္ကာပူက ရဟန်းတစ်ပါးဟာ အသက်မွေးဝမ်းကျောင်းမှုက အစ လွတ်လပ်နေတယ်။ မိရိုးဖလာယဉ်ကျေးမှုအရ အမြင်ရိုင်းနိုင်ပေမဲ့ သူ့စနစ်နဲ့သူ လစာ ဆိုတာကလည်း စိတ်ကို ပိုလွတ်လပ်စေတယ်။ ဟင် ဘုန်းကြီးတွေကလည်း လစာနဲ့လားလို့မေးရင် နိုင်ငံဥပဒေအရ ဟုတ်ပါတယ်လို့ပဲ ဖြေရမှာပါ။

တဖြည်းဖြည်း ပြောင်းလဲယူလာတဲ့ စနစ်ကြောင့် ငါ့မှာ တာဝန်တွေရှိပါလားဆိုတဲ့ အသိစိတ်ထက်ပိုပြီး ငါမရှိရင်တော့ မဖြစ်ဘူးဆိုတဲ့ အတွေးမျိုး မရှိဘူး။ ဒီလူမရှိရင် ဟိုလူလုပ်ပေါ့။ ဒါကလည်း လွတ်လပ်ခြင်း တစ်မျိုးပါပဲ။ ငါမရှိတော့ရင် မြန်မာဘုန်းကြီး ရှိနိုင်ပါတော့မလား ဆိုတဲ့အတွေးမျိုးတောင် မရှိချင်တော့ဘူး။ စွမ်းတဲ့သူ လူကြီးဖြစ်ပေါ့။ ဒါက ဒီမိုကရက်တစ်ပဲ။ ဘုရားစကားတော်တွေနဲ့လည်း ကွက်တိပါပဲ။




စာရေးစာဖတ်ကို ဘ၀ရဲ့ အဓိက အစိတ်အပိုင်းထဲ ထည့်ထားတော့ ဘယ်နေရာမှာပဲနေနေ ဒါတွေလုပ်ခွင့်ရနေတဲ့နေရာဟာ ပျော်စရာပါပဲ။ ဒါတွေ လုပ်ခွင့်မရတဲ့နေ့မှာ စင်္ကာပူဟာ ငြီးငွေ့စရာ ဖြစ်လာပါလိမ့်မယ်။ အခုတော့ မီးမပျက်၊ ခြင်မရှိ၊ တစ်ကိုယ်ရေ လွတ်လပ်ခွင့် အပြည့်ရှိတဲ့နေရာလေးကို သမုဒယပါးပါးနဲ့ တွယ်နေဆဲပါပဲ။

ဒီနှစ်တွေအတွင်း ရေးမိတဲ့ စာမျက်နှာတွေကို ပြန်ရေတွက်ကြည့်မိတော့ မဆိုးလှဘူး ဆိုတာလောက်တော့ ပြနေပြန်တယ်။ ဒါနဲ့ပဲ.....



ကျနော် မေတ္တာဆက်ပို့မယ်၊ စာဆက်ရေးမယ်။


ဇင်ဝေသော်ရဲ့ အကောင့်ပျောက်မှုက ဇင်ဝေသော် ရေးမယ့်စာတွေကို မတားဆီးနိုင်ပါဘူး။
ဖိုးစိန်ဆင့်သား အငယ်ကောင်ကလည်း အတူတူပါပဲ။
ချစ်ခင် လေးစား ပညာရှင်ဆန်မှုတွေအတွက်...
ကျေးဇူးအထူးတင်ပါတယ် လူကြီးမင်းတို့ရေ။

**ဝိဘဇ္ဇ ဟေဝန်**

ဒီမိုကရေစီ၊ လူ့အခွင့်အရေးများနှင့် ရင်းနှီးကြွမ်းဝင်ရာမှ အစပြုကာ ကေသ မုတ္တိရွာ၊ ကာလာမ မျိုးဆက်၊ ဝိဘဇ္ဇဝါဒနှင့် ဘုရားရှင်၏ ခေတ်မီသော ရပ် တည်ချက်တို့ အနောက်မှာပင် လူကြိုက်များခဲ့သည်။

သို့သော်
ဝိဘဇ္ဇ=စူးစမ်းဝေဖန်၊ ပိုင်းခြား စီစစ်ဟူသည်
၁။ သူတပါးကို ဝေဖန်ပြောဆိုခြင်းလား
၂။ မိမိဘာသာ စီစစ်၍ လက်ခံခြင်းလား။
ကေသမုတ္တိသုတ်ကတော့ ဒုတိယ အဓိပ္ပါယ်ကို ပို၍ အားပေးနေ သလို တွေ့မြင်ရသည်။ ပထမလည်း ပါပါသည်။

ဒုတိယ သို့သော်
ဝိဘဇ္ဇ=စူးစမ်းဝေဖန်၊ ပိုင်းခြား စီစစ်ဆိုရာ၌
၁။ လုံလောက်သော ထိုထို ဘာသာရပ်ဆိုင်ရာ ဗဟုသုတ
၂။ ခိုင်မာသော စာပေ၊ အတွေ့အကြုံ
၃။ ပွင့်လင်းလွတ်လပ်သော အမြင်
၎။ အလယ်အလတ်ကျသော သဘောထားရပ်တည်မှု
ဒါတွေရှိမှ ထို ဝိဘဇ္ဇလည်း မှန်ပေလိမ့်မည်။
(၁ နှင့် ၂ က ယနေ့ခေါ်ကြသည့် Research သဘောတရားဖြစ်ပြီး
၃ နှင့် ၄ က Open-minded ဖြစ်နေခြင်းသဘော ဖြစ်ပေသည်။)

တစ်ဆင့်ခြင်း မြင့်လာသော မင်္ဂလသုတ်တော်မှာတော့
၁။ ကာလေန ဓမ္မသာဝနာ (တရားနာ၊ လေ့လာဆည်းပူး) ပြီးမှ
၂။ ကာလေန ဓမ္မသာကစ္ဆာ (တရားဆွေးနွေး၊ ဝေဖန်ပိုင်းခြား) လုပ်ရန် လမ်းညွှန်ချက်တွေ့ရသည်။
လုံလောက်သော ဗဟုသုတ၊ အတွေ့အကြုံ စသည်မရှိသေးပဲ
ထိုထို ဝေဖန်စိစစ်မှုတို့ မှန်ရန်မလွယ်ကူဟု ဆိုလိုတော်မူဟန်ရှိသည်။

ဘုရားရှင်သည် ဝိဘဇ္ဇဝါဒကို အားပေးတော်မူ၏။ ၅၀ ရာခိုင်းနှုံး မှန်သည် (ဟုထင်၏)
ထို့အတူ ဝိဘဇ္ဇကြရန် ဗဟုသုတနှင့် အတွေ့အကြုံရှိဖို့လည်း လိုကြောင်း ထောက်ပြတော်မူ၏။ ရာနှုံးပြည့် မှန်သည် (ဟုထင်၏)

(05/06/2013)