သာတူညီမျှနိုင်ငံသားစိတ်


ပထမဆုံးအနေနဲ့ ပြောရရင် သာတူညီမျှနိုင်ငံသားစိတ်ပါ။ ခင်ဗျားနဲ့ကျွန်တော် နှစ်ယောက်ကြားမှာ ကြွယ်ဝမှု၊ ဂုဏ်သိက္ခာ၊ အောင်မြင်မှု၊ ရုပ်ပိုင်း စိတ်ပိုင်း ဆိုင် ရာ ခြားနားမှုတွေ ရှိနေကြပေမယ့် နိုင်ငံသားဆိုတဲ့ အသိစိတ်တူညီမှု နှစ်ယောက်စလုံးမှာ ရှိနေရပါမယ်။

ကျွန်တော်တို့ နှစ်ယောက်စလုံးမှာ
(က) တူညီတဲ့ အခွင့်အရေး
(ခ) နိုင်ငံအပေါ်ထားရှိရမယ့် တူညီတဲ့ တာဝန်နဲ့ ၀တ္တရားရှိနေရမယ်။

ကျွန်တော်တို့ နှစ်ယောက်စလုံးဟာ
(က) ဥပဒေအရဖြစ်စေ
(ခ) ကိုယ်ကျင့်တရားတန်ဖိုးအရ ဖြစ်စေတူညီနေကြတယ်။ ဒီမိုကရေစီစနစ်နဲ့ တရားဥပဒေစိုးမိုးဖို့ ဆိုရင် ဒီအချက်က မဖြစ်မနေရှိနေမှရပါတယ်။

ဒီအချက်ကိုလည်း ပညာတတ်အသိုင်းအ၀ိုင်း၊ လူကုံတန်အသိုင်းအ၀ိုင်းကတင် လက်ခံထားလို့ မရပါဘူး။ လူ့ အဖွဲ့ အစည်းတစ်ခုလုံးက လက်ခံထားမှရပါတယ်။

(လီကွမ်းယု၊ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်)

"တရုတ်က မြန်မာနဲ့ပါကစ္စတန်မှာ ဆိပ်ကမ်းကြီးတွေ တည်ဆောက်လာလိမ့်မယ်"


(လီကွမ်းယု၊ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်)

မေး။ ။အိန္ဒိယ လူဦးရေရဲ့ အသက်ပျမ်းမျှကွာဟမှု အကြောင်းကရော ဘယ်လို လဲ၊ သူတို့မှာ အသက်(၁၅)နှစ်နဲ့ (၃၅)နှစ်အကြား လူငယ်တွေ အများကြီးရှိနေ တယ်။ ဒါက စီးပွားရေးအတွက် အားသာချက် မဟုတ်ဘူးလား။
ဖြေ။ ။ လူငယ်ထုရဲ့ မောင်းနှင်အားတော့ ရှိမှာပေါ့။ သူတို့ ကလေးမွေးဖွားနှုန်း က ၂.၅ ရှိတယ်။ တရုတ်ထက် ပိုများတာပေါ့။ တရုတ်လည်း ကလေးတစ်ယောက်ပေါ်လစီနဲ့ပတ်သတ်လို့ တချိန်ချိန် မှာ နောင်တရစရာတော့ ရှိတယ်။ ဒါပေမဲ့ အိန္ဒိယရဲ့ ပြဿနာက အိမ်၊ ပညာရေး၊ စာသင်ကျောင်းနဲ့ လူနေမှု အဆင့်အတန်းပဲ။ တချို့နေရာတွေမှာဆိုရင် ကျောင်းမရှိလို့ ဆရာတွေက သစ်ပင်အောက်မှာ စာသင်ပေးကြရတယ်။ ဒီတော့ လူဦးရေများနေရင်လည်း ပညာမတတ်တဲ့လူတွေတိုးတာတာပဲ အဖတ်တင်မှာပေါ့။
..................................................................
..................................................................
......................................................................
မေး။ ။ ပစိဖိတ်သမုဒ္ဒရာထဲမှာရော သူတို့ပါဝါ ဝင်ရောက်လာနိုင်မလား။
ဖြေ။ ။ အိန္ဒိယရေတပ်က ပစိဖိတ်ထဲဝင်လာမယ်လို့ ငါတော့မထင်မိပါဘူး။ ငါထင်တာကတော့ တရုတ်ပဲ။ တရုတ်က မြန်မာနဲ့ပါကစ္စတန်မှာ ဆိပ်ကမ်း ကြီးတွေ တည်ဆောက်လာလိမ့်မယ်။ တကယ်တော့ ဒီဆိပ်ကမ်းတွေက အာဖရိကကနေ ကုန်တင်ဝင်လာမယ့် သူတို့သင်္ဘောတွေ လုံခြုံရေးအတွက်ပဲ။ ဒါပေမဲ့ အိန္ဒိယသမုဒ္ဒရာထဲသွားပြီး တရုတ်က ဗိုလ်ကျချင်လို့တော့ မရဘူး။

ထိပ်ဆုံးက ရှီ


"သစ်တစ်ပင်ခုတ် အချုပ်သုံးလ" အော်ပြီး ကိုင်းဖျာဖြတ်သူကို ထောင်ချပေမဲ့ အမြစ်ကတူးသူတွေလွတ်နေတော့ သူ့နာမည်နဲ့သိက္ခာကလည်း "ချော့ကလက် ခွေးလျက်" ဖြစ်နေတယ်"

တရုတ်သမ္မတကို သူခိုကြီးနှိပ်နှင်းမှုကြောင့် တိတ်တိတ်လေး သဘောကျနေမိ တာ၊ သူက ပြည်တွင်းပြည်ပထောက်ခံမှုမှာ နံပါတ်တစ်တဲ့။ ဟုတ်မှာ၊ နေ့တိုင်းလိုလို တရုတ်အရာရှိဟောင်း၊ သစ် သူခိုးကြီး၊ သေး၊ ဖမ်း၊ ထောင်ချသတင်းပါတယ်။ မျက်နှာပူလို့ ဦးရဲထွဋ်နာမည် မတပ်တော့ဘူး။

အိန္ဒိယသမ္မတကတော့ ပြောဖို့ စောသေးတယ်၊ ဘယ်လိုလာမလဲ မသိဘူး။



၂၀၁၂ နှစ်လယ်ပိုင်းလောက်ကများ ဟားဘတ်က သုတေသနလုပ်ခဲ့ရင် ဦးသိန်းစိန်တို့လည်း တော့ပ်တင်းမှာ ဝင်နေလောက်တယ်။ အခုဟာက "သစ်တစ်ပင်ခုတ် အချုပ်သုံးလ" အော်ပြီး ကိုင်းဖျာဖြတ်သူကို ထောင်ချပေမဲ့ အမြစ်ကတူးသူတွေလွတ်နေတော့ သူ့နာမည်နဲ့သိက္ခာကလည်း "ချော့ကလက် ခွေးလျက်" ဖြစ်နေတယ်။

အိုဗားမားလာလွန်းလို့ ဂုဏ်ယူရမလားအောက်မေ့မိပါတယ်၊ သူက အာဏာရှင်ချွေးသိပ်ရေးမဟာဗျူဟာလုပ်နေတာကိုး။ ပထမ မြန်မာ့တရားဝင်လက်နက်ကိုင်အုပ်စု၊ အခု ကက်စက်ထရို။ မြောက် ကိုရီးယားက "ကမ္ဘာမှာဆွဲဆောင်မှုအရှိဆုံး" ဖက်တီးပဲ ကျန်တော့တယ်။

ဦးသိန်းစိန်သာ ရှီ တစ်ဝက်ရှိရင် အပိုဆာလာလေးနဲ့တောင် စတေးတပ် တင် လိုက်ချင်ရဲ့၊ အခုတော့ ခပ်တိုတိုပဲ။ ပါးသွားပြီ။

ဆရာကြီးလီရဲ့အမြင်ကို သုံးသပ်ကြပါအုံး


မေး ။ ။ မြောက်ကိုရီးယားခေါင်းဆောင်တွေအနေနဲ့ လစ်ဗျားဆီကနေ သင်္ခန်းစာ ယူနိုင်သလို မြန်မာဆီကလည်း သင်္ခန်းစာယူနိုင်မယ်မဟုတ်ဘူးလား။ သူတို့ စစ် အာဏာရှင်တွေလည်း နောက်ဆုံး စိတ် ပြောင်းခဲ့ကြတာပဲ။

ဖြေ ။ ။ ဗမာစစ်ခေါင်းဆောင်တွေက ဒီပုံအတိုင်းဆိုရင် ဘယ်မှရောက်မှာ မဟုတ်တော့ဘူးဆိုတာ သဘောပေါက်လို့ပြောင်းသွားကြတာ။ ထိုင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်နေတာကို သူတို့ တွေ့ရတယ်။ ဒီပုံစံနဲ့ ဆက်ပြီးခရီးဆက်လို့ မရနိုင်တော့ဘူး၊ နောက်ဆုံး ပြိုလဲကျသွားမှာဆိုတာကို သူတို့ သိသွားကြတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားတွေက ယဉ်ကျေးမှုအရရော ပုံသဏ္ဍာန်အရပါ မတူ ကွဲပြားနေကြတယ်။ မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေ လုံခြည်နဲ့ခေါင်းပေါင်းဝတ်ထား တာကို ကြည့်၊ မြောက်ကိုရီးယားတွေလောက် ရက်စက် ခေါင်းမာပုံ မပေါက်ဘူး။ လူတွေချင်း မတူကြဘူး။
( on 12/18/2014 at 10:10 pm )


မဖတ်မိမှာစိုးလို့၊ ကွန်မင့် နှစ်ခုစလုံး သူ့ဟာနဲ့သူ သဘာဝကျတယ်။
"ဆရာကြီးလီရဲ့အမြင်ကို သုံးသပ်ကြပါအုံး" မှ................

(မြောက်ကိုရီးယားက ဒေသတွင်း ရည်ရွယ်ချက်၊ မြန်မာက ပြည်တွင်းနှိပ်စက်ရေး သက်သက်။)
Ashin Kavissara။ ။ မြောက်ကိုရီယားက တရုတ်နှင့်ရုရှားဆီက စစ်လက် နက် နျူးကလီယား အကူအညီရယူပြီး အိမ်နီချင်း ဂျပန်နှင့်တောင်ကိုရီယားကို အသေခံပြီး စိန်ခေါ်နိုင်တဲ့အနေထားရှိနေပြီ။ တရုတ်နှင့်မြောက်ကိုရီယားက ခံထားခဲ့ရတော့ ဂျပန်ကိုအခဲမကြေးဘူး၊ မမေ့ဘူး။ တောင်ကိုရီယားကိုတော့ ဂျပန်နှင့်အမေရိကန်ကိုပေါင်းလို့။ ဂျပန်ကလဲ စစ်ကိုတော်တော်ကြောက်သွား တယ်။ သူတို့က သုံပွင့်ဆိုင်ဇာတ်လမ်းနှင့်အမေရိကန်၊ ရုရှား။
မြန်မာစစ်ခေါင်းဆောင်တွေက မူလရည်ရွယ်ချက်ကိုက တရုတ်နှင့်ရုရှားဆီက လက်နက်ဝယ်ယူပြီး တိုင်ရင်းသားနှင့်ပြည်သူကိုအနိုင်ယူကာ အာဏာကို အမြဲ တမ်းဆုပ်ကိုင်ထားပြီး အိမ်ကျယ်လုပ်ဖို့ဖြစ်တယ်။
မြောက်ကိုရီယားစစ်ခေါင်းဆောင်တွေ စိန်ခေါ်တာက ဂျပန်၊တောင်ကိုရီယား၊ အမေရိကန်။
မြန်မာစစ်ခေါင်းဆောင်တွေ အမြဲတမ်း ဗိုလ်ကျအနိုင်ယူချင်တာက တိုင်းရင်း သားနှင့်ပြည်သူ။
ဘယ်သူကပိုမိုက်သလဲ?


(မြန်မာနဲ့ မြောက်ကိုးရီးယား သမိုင်းနောက်ခံ မတူ)
Phoe Wunna။ ။ မြန်မာပြည်မှာက တိုင်းပြည်တည်ထောင်ကတည်းက ဒီမို ကရေစီစနစ်နဲ့ တည်ထောင်လာတာ။ ဗိုလ်ချုပ်အောင်ဆန်း ရှိခဲ့ဖူးတယ်။ ဒေါ်စု ရှိနေတယ်။ ၈၈ အရေးတော်ပုံ၊ ရွှေဝါရောင်တော်လှန်ရေး၊ ၉၀ ရွေးကောက်ပွဲ ရလာဒ်။ အမြဲလှုပ်ရှားနေတဲ့ ပြည်တွင်း ပြည်ပ ပြည်သူတွေ ရှိနေတယ်။ မြောက် ကိုးရီးယားမှာ ဒါတွေ တခုမှ မရှိဘူး။
 
 (on 12/19/2014 at 10:20 am )

ယေဘုယျသဘော


"ယေဘုယျသဘောနဲ့ပြောရရင် ကိုယ့်အိမ်နီးချင်းတွေ အကြပ်ရိုက်နေကြရလေလေ တရုတ်အတွက် ပိုပြီးအခွင့်ကောင်းရလေလေမဟုတ်လား"

တရုတ်ကတော့ စစ်ရေးနဲ့ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးနဲ့ပဲဖြစ်ဖြစ် ကိုရီးယားနှစ်နိုင် ငံ ပေါင်းစည်းသွားမှာကို မလိုလားပါဘူး။ သူတို့က အခု မြောက်ကိုရီးယားကို ရုပ်သေးရုပ်လို ဆက်ဆံနေတာပါ။ ပေါင်းစည်း သွားပြီဆိုရင် တောင်ကိုရီးယားက ဦးစီးမိသွားမယ်၊ ဒါဆိုရင် အမေရိကန် ရေတပ်က တရုတ်ကိုရီးယား နယ်စပ် ယာလုမြစ် (Yalu River) အထိ ရောက်လာကြလိမ့်မယ်။ အမေရိကန် ရေတပ်သင်္ဘောတွေ သူတို့နိုင်ငံ ခြေရင်းအထိရောက်လာမှာမျိုးကို တရုတ်ကမလိုချင်ပါဘူး။ ပြီးတော့ ဒီအကြောင်းဟာ ကိုရီးယားစစ်ပွဲ ဖြစ်ခဲ့ရခြင်းရဲ့ အဓိကအကြောင်းရင်းတွေထဲမှာ ပါဝင်နေတယ်။ သူတို့နှစ်နိုင်ငံ ပေါင်းစည်းမိ သွားရင် အမေရိကန်တပ်တွေဆုတ်ပေးမယ်လို့ အမေရိကန်တွေက သဘောတူ ခဲ့မယ်ဆိုရင်တောင် ဒီ ပေါင်းစည်းမှုသတင်းက တရုတ်ပြည်အတွက် သတင်းကောင်းမဖြစ်နိုင်ပါဘူး။ (အမေရိကန်တပ်တွေ ဆုတ်ခွာဖို့က ရာခိုင်နှုန်းအတော်နည်းပါတယ်။)
သူတို့နယ်စပ်မှာ အားကောင်းလာတဲ့ကိုရီးယားကို တရုတ်က ဘယ်မြင်ချင်မှာ လဲ။ ယေဘုယျသဘောနဲ့ပြောရရင် ကိုယ့်အိမ်နီးချင်းတွေ အကြပ်ရိုက်နေကြရလေ တရုတ်အတွက် ပိုပြီးအခွင့်ကောင်းရလေမဟုတ်လား။
(လီကွမ်းယု၊ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်)