တစ်ကိုယ်ရေဘ၀ (ထွက်သွားဖို့ အသင့် ဖြစ်နေပြီ) - ၅


နောက်ဆုံးမှာတော့  ဘ၀အတွက် ကျေနပ်စရာအကောင်းဆုံးအရာတွေဟာ နှစ်ပေါင်းများစွာ လူတွေရဲ့ ထောက်ခံမှုရအောင် စည်းရုံးရတာ၊ ဒီနိုင်ငံကို အရည်အချင်းပဓာန န်ုင်ငံ၊ ကိုယ်ကျင့်တရား ပျက်မှု မရှိတဲ့နိုင်ငံ၊ လူမျိုးအားလုံးတန်းတူ ရည်တူရှိတဲ့နိုင်ငံ ဖြစ်လာအောင်  ကြိုးပမ်းခဲ့ရမှုတွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ ကျွန်တော့် သက်တမ်းထက် ပိုရှည်ကြာရစ်ခဲ့ ပါလိမ့်မယ်။
(လီကွမ်းယု)


တစ်ရက်ပြီးတစ်ရက် ကျွန်တော့်ရဲ့ ရုပ်ပိုင်းခွန်အားတွေဟာ လျော့ပါးလာနေပါတယ်။ လူတွေ နဲ့တွေဆုံ လက်ဆွဲနှုတ်ဆက်၊ ကလေးတွေကိုပွေ့ဖက်ဖို့ နေ့လည်ခင်း နှစ်နာရီမှာ အပြင် ထွက်ပါဆိုရင် ကျွန်တော့်အနေနဲ့ လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။ လွန်ခဲ့တဲ့ အနှစ် ၂၀ -၃၀ တုန်းကဆိုရင် ဒါမျိုးတွေ လုပ်နိုင်မှာဖြစ်ပေမဲ့ ဒီနေ့ မလုပ်နိုင်တော့ပါဘူး၊ ဒီနှစ်တွေအတွင် ရုပ်ပိုင်းစွမ်းအင်တွေ ကျဆင်း လာနေတော့ ဘ၀ကို အရှိတိုင်း လက်ခံထားလိုက်ယုံပါဘဲ။ တစ်ခါတစ်ခါ ကျွန်တော့်အတွင်းရေးမှူးက အခန်းထဲမှာ ကျွန်တော်အနားယူနေတာကို မြင်ပြီး စည်းဝေးပွဲကိုပယ်ဖျက်လိုက်ရမလားလို့ မေးတတ် ပါတယ်။ ဒါဆိုရင် ကျွန်တော်က  "မဖျက်နဲ့၊ သွားရအောင်"လို့ ပြန်ပြောတတ်ပါတယ်။ ကိစ္စရပ် တစ်ခုခု အပေါ် အာရုံစိုက်နိုင်ဖို့ ၁၅ မိနစ်လောက် မျက်စိမှိုတ်ပြီး အနားယူဖို့လိုအပ်ပါတယ်။ ဒီလိုမှ မရဘူးဆိုရင်တော့ "အစည်းအဝေးကို ဖျက်လိုက်တော့၊ တစ်ရေးတစ်မော အနားယူမယ်" လို့ ပြောလိုက်ရပါတယ်။ ဒီရုပ်ခန္ဒာကြီး ဘယ်လိုရှိနေမလဲ ဆိုတာကို ကြိုတင်ခန့်မှန်းထားလို့ မရပါဘူး။ ဘယ်လောက်ပဲကြိုးစားပြီး စနစ်တကျ နေနေ အကျရွယ်ဟာ အကျရွယ်ပါပဲ။

        နောက်ဆုံးမှာတော့  ဘ၀အတွက် ကျေနပ်စရာအကောင်းဆုံးအရာတွေဟာ နှစ်ပေါင်းများစွာ လူတွေရဲ့ ထောက်ခံမှုရအောင် စည်းရုံးရတာ၊ ဒီနိုင်ငံကို အရည်အချင်းပဓာန န်ုင်ငံ၊ ကိုယ်ကျင့်တရား ပျက်မှု မရှိတဲ့နိုင်ငံ၊ လူမျိုးအားလုံးတန်းတူ ရည်တူရှိတဲ့နိုင်ငံ ဖြစ်လာအောင်  ကြိုးပမ်းခဲ့ရမှုတွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ ကျွန်တော့် သက်တမ်းထက် ပိုရှည်ကြာရစ်ခဲ့ ပါလိမ့်မယ်။ ကျွန်တော် အာဏာရယူစဉ်က ဒီလိုမျိုးမဟုတ်ခဲ့ပါဘူး။ လင်ယုဟောက်(Lim yew Hock)အစိုးရဟာ အကျင့်ပျက် ချစားနေပါတယ်။ သူ့အစိုးရရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ မက်ပက်ရှီး(Mak Pak Shee)
ဆိုတဲ့ နာမည်ကို လူငယ်တွေရင်းနှီးကျွမ်းဝင်မှု ရှိကြမှာမဟုတ်ပါဘူး။သူကမုတ်ဆိတ်မွေးနဲ့ အိန္ဒီးယန်း ကင်တိုနီး အစပ်(ကပြား) ဖြစ်ပြီး အခကြေးငွေနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ ကြားပွဲစားလုပ်စားနေသူပါ။  

          လက်ရှိစင်္ကာပူဟာ အကျင့်ပျက်မှုတွေ ပျံ့နှံ့နေတဲ့ဒေသတွင်းမှာ အကျင့်ပျက်မှုမရှိတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ဒီလမ်းစဉ်အတိုင်း သွားနိုင်ဖို့လည်း စည်းကမ်းဥပဒေတွေကို သတ်မှတ်ခဲ့ရတယ်။ အကျင့်ပျက်မှုတိုက်ဖျက်ရေး အဖွဲ့နဲ့ အတူ ထိထိရောက်ရောက် ကိုင်တွယ်ရပါတယ်။ ၀န်ထမ်းတွေဟာ လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်မှုနဲ့မဆိုင်ဘဲ သူတို့ လုပ်ရည်ကိုင်ရည်နဲ့ရာထူးတွေ တက်လာကြ တယ်။ ဒီစည်းကမ်းဥပဒေတွေကို ဆက်လက်ကျင့်သုံးသွားကြမယ်ဆိုရင် ကျွန်တော်တို့လည်း တိုးတက်မြဲတိုးတက် နေမှာပါပဲ။ ဒါကသည်ပင်ကျွန်တော့်ရဲ့ အကြီးမားဆုံး မျှော်လင့်ချက် ဖြစ်ပါတယ် ။ 

  ပြီး
၂၆၊၁၂၊၁၄
ဇင်ဝေသော်
 

တစ်ကိုယ်ရေဘ၀ (ထွက်သွားဖို့ အသင့် ဖြစ်နေပြီ) - ၎


ကျွန်တော့်ဇနီးကလည်း ဒုတိယ ဘ၀ရှိတယ်ဆိုတာကိုမယုံကြည်ပါဘူး။ (ဒုတိယဘ၀)မရှိဘူးဆိုစေဦးတော့ ရှိတယ်လို့ ယုံကြည်ခြင်းက စိတ်သက်သာရာ ရစေတယ်ဆိုတာကိုတော့ သူမက၀န်ခံပါတယ်။
(လီကွမ်းယု)

လူ့အဖွဲ့အစည်းတိုင်းမှာ ဘ၀သံသရာနဲ့ပတ်သက်တဲ့  ဖွင့်ဆိုရှင်းပြမှုတွေ ရှိနေပါတယ်။ အမေရိကကိုသွားမယ်ဆိုရင်  ခရစ္စယန်ဘာသာရေးကို အလွန်ကိုင်းရှိုင်းသူတွေကို တွေ့ရမယ်။ အထူး သဖြင့်တော့ တောင်ပိုင်းတစ်ပိုင်းလုံးကလူတွေဟာ သမ္မာကျမ်းစာကို အသေအလဲ ယုံကြည်ကြ ပါတယ်။ တရုတ်ပြည်မှာလဲ ဆယ်စုနှစ်များစွာ မော်စီတုန်းဝါဒ၊ မာ့က်(စ်)၀ါဒက အညွန့်ချိုးခဲ့တဲ့ ကြားက နေပဲ ဘိုးစဉ်ဘောင်ဆက်ကိုးကွယ်မှုတွေ၊ ဗုဒ္ဓဘာသာနဲ့တာအိုဘာသာရဲ့ ဘာသာရေး အလေ့အထ တွေ ရှိနေလျက်ပါ။ အိန္ဒိယမှာဆိုရင် လူဝင်စားယုံကြည်မှုက ပြန့်နှံ့လို့နေပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် ဘာသာမဲ့ (ဖန်ဆင်းရှင် မယုံကြည်)လို့ မသတ်မှတ်ပါဘူး။ ထာဝရဘုရားရှင်နဲ့ ပတ်သက်လို့ လက်ခံတာမဟုတ် ငြင်းဆန်တာမဟုတ်ပါ။ လူပြောသူပြောအရ ကမ္ဘာဆိုတာ မဟာပေါက်ကွဲမှုကြီး ကနေ စတင်ဖြစ်ပေါ်လာတယ်။ ဒါပေမဲ့ လူသားဟာ နှစ်ပေါင်းနှစ်သောင်းကျော် အတွင်းမှာ တွေးခေါ် စဉ်းစားတတ်တဲ့ သတ္တ၀ါ၊ မိမိကိုယ်ကို သုံးသပ်ဆင်ခြင်နိုင်တဲ့ သတ္တ၀ါ အနေနဲ့ ဖွံ့ဖြိုးတိုးတက်လာ ခဲ့ပါတယ်။ ဒါဟာအဆင့်ဆင့်ပြောင်းလဲမှု ဒါဝင်ဝါဒရဲ့  အကျိုးဆက်ပဲလား၊ ဒါမှမဟုတ် ဒါဟာ ထာဝရ ဘုရားရှင်ရဲ့ ဖန်ဆင်းမှုလားဆိုတာ ကျွန်တော် မသိပါဘူး။ ဒီတော့ ထာဝရဘုရားရှင် ယုံကြည်သူတွေကို တွေ့လာရင်လည်း ပြက်ရယ်လည်းမပြုပါဘူး။ ထာဝရဘုရားရှင် ရှိတယ်ဆိုတာကို ယုံကြည်ဖို့မလိုအပ်သလို မရှိပါဘူးလို့ငြင်းဆန်နေစရာလဲ မလိုအပ်ပါဘူး။ ကျွန်တော့်မှာ အလွန်ရင်းနှီး တဲ့  ဟွန်စွီဆင် (Hon Sui Sen) ဆိုတဲ့မိတ်ဆွေရှိပါတယ်။ သူက ရိုမန်ကက်သိုလစ် ဘာသာဝင်ပါ၊ သူသေခါနီးကာလမှာ ခရစ်ယန်ဘုန်းတော်ကြီးက သူ့ဘေးမှာရှိနေပါတယ်။ အသက် (၆၈ )နှစ်မှို့ ငယ်ရွယ်သေးတယ်ဆိုပေမဲ့ သေရမှာကို သူလုံးဝကြောက်ရွံ့မနေခဲ့ပါဘူး။ ရိုမန်ကက်သိုလစ် ဘာသာ ကို ယုံကြည်သူတစ်ယောက်အနေနဲ့ နောက်ဘ၀မှာ သူ့ဇနီးနဲ့ ပြန်ဆုံရမယ်လို့ သူယုံကြည်နေပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့ကိုယ်ကျွန်တော် အဲသလိုဖြစ်လာမယ်လို့ မထင်မိပါဘူး။ ကျွန်တော့်ဇနီး သေဆုံးသွားသလို ကျွန်တော်လည်း သေဆုံးရတယ်၊ ဒါပါပဲ။ အဲသလိုမဟုတ်ရင် အခြား ကမ္ဘာတစ်ခုမှာလဲသတ္တ၀ါတွေနဲ့ ပြည့်သိပ်နေပါလိမ့်မယ်။ နှစ်ပေါင်း ထောင်ပေါင်းများစွာကစလို့  သေဆုံးခဲ့တဲ့ လူတွေအားလုံး နေထိုင်လောက်အောင် ကျယ်ပြန့်တဲ့ ဧရာမ ကောင်းကင်ဘုံ ဆိုတာကြီးရော ရှိသလား။ ဒီကိစ္စအတွက် မေးခွန်းအကြီးစားကြီး ကျွန်တော့်မှာ ရှိနေပါတယ်။ ဒါပေမဲ့ ဆွီစင်ကတော့ ဒါကိုယုံကြည်နေတဲ့အတွက် သူ့ရဲ့နောက်ဆုံးအချိန်တွေကို ဖြတ်သန်းရစဉ် ခရစ္စယန်ဘုန်းကြီးဘေးမှာ တည်တည် ငြိမ်ငြိမ်ရှိနေခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် နိုင်ဝင်ဘာလထဲမှာ ဆုံးသွားတဲ့ သူ့ဇနီးနဲ့ ပြန်လည်ဆုံတွေ့ရမယ်လို့ သူယုံကြည်နေပါတယ်။

         သူတို့ဘာသာထဲဝင်ဖို့ စည်းရုံးနေကြတဲ့ ကျွန်တော့်ဘေးကလူတွေလည်း မျှော်လင့်ချက် မရှိဘူး ဆိုပြီး ကျွန်တော့်ကို စည်းရုံးဖို့ လက်လျှော့သွားကြပါပြီ။ ကလေးဘ၀ကတည်းက ရင်းနှီးလာခဲ့တဲ့  အမျိုးသမီး မိတ်ဆွေတစ်ယောက် ကျွန်တော့်ဇနီးမှာလည်းရှိပါတယ်။ သူကလည်း ကျွန်တော်ဇနီးကို သူတို့ဘာသာထဲဝင်ဖို့ အမြဲနားချနေတတ်တယ်။ နောက်ဆုံးတော့ ကျွန်တော့်ဇနီးက အဲဒီ အမျိုးသမီးကို အတွေ့မခံတော့ပါဘူး။ "အတော်စိတ်ပျက်စရာကောင်းတာပဲ၊ တွေ့လိုက်တိုင်း ခရစ်ယန် ဘာသာထဲ ၀င်ဖို့ပဲပြောနေတယ်" လို့ ကျွန်တော့််ဇနီးက ပြောပါတယ်။ ကျွန်တော့်ဇနီးကလည်း ဒုတိယ ဘ၀ရှိတယ်ဆိုတာကိုမယုံကြည်ပါဘူး။ (ဒုတိယဘ၀)မရှိဘူးဆိုစေဦးတော့ ရှိတယ်လို့ ယုံကြည်ခြင်းက စိတ်သက်သာရာ ရစေတယ်ဆိုတာကိုတော့ သူမက၀န်ခံပါတယ်။

ဆက်ရန်

မန်းလေးက ပွင့်လင်းမြင်သာမှု မရှိဘူး


ဆောင်းတွင်းမို့ ထင်ရဲ့
မန်းလေးက ပွင့်လင်းမြင်သာမှု မရှိဘူး
ရောင်စုံပန်းကားတွေ
မေမြို့ဖက်ဆီက လိမ့်ဆင်းလာတယ်
မျက်မှန်ပါဝါ တိုးဖို့လိုနေပြီလား
ဦးဝင်းတင်ပြောတဲ့ပန်းတွေ
မတွေ့မိဘူး။

(May be but there is no flower yet)
We are heading home, my village.

image source

မန်း နပသထဲက လီကွမ်းယုနဲ့ဟန်တင်တန်


မန်းလေးလမ်းမကိုကြည့်ရင်း ကားဆရာက တက်ခေါက်တယ်။ စည်းကမ်းကိုမရှိဘူး။ ဝင်ချင်တဲ့နေရာကနေဝင် ထွက်ချင်တဲ့နေရာကနေထွက်လို့လည်း စကားဆက်တယ်။
လမ်းစည်းကမ်း မလိုက်နာလို့ ဖမ်းရရင်လည်း အချုပ်ခန်း ထောင်ခန်းတွေ ဆန့်မှာမဟုတ်ဘူးလို့ သူ့ကိုထောက်ပေးလိုက်တော့
တရားမျှတအောင်သာလုပ်ပါ။ နိုင်ငံရေး အကျဉ်းသားလောက် များများဖမ်းစရာ မလိုပါဘူး လို့ သူကပြန်ပြောတယ်။
ရိုးရိုးလေးပြောသွားတာပဲ။ ပြုံးလိုက်မိတယ်။
သူပြောတာ ဟုတ်လောက်မယ်။
01/09/2015
4:23 pm

မန်း နပသထဲက လီကွမ်းယုနဲ့ဟန်တင်တန်ကို ဘယ်လိုလက်ခံမလဲ။ သူ တို့ထိုးဖောက်အား ဘယ်လောက်ရှိမလဲတော့ မသိပါ။ လီကွမ်းယုကို ကျကျနနဖတ်ပြီး ဟန်တင်တန်ဆီကို ဖြည်းဖြည်းကူးကြည့်မယ်ဆိုရင်တော့ မဆိုးလောက်ဘူးလို့ မျှော်လင့်ရပါတယ်။

မနေ့က အသက် ၂၄ နှစ်နဲ့ကိုယ်ပိုင်စီးပွားရေးလောကထဲရောက်နေတဲ့ ညီမငယ်ညီငယ်တွေနဲ့စကားပြောမိတော့ စိတ်ထဲမှာကျေနပ်မိတယ်။ သူတို့အရွယ်တွေနဲ့ နိုင်ငံရေး အရွေ့ စီးပွားရေးအရွေ့ကို ကောက်ချက်ချက်ချနေပုံက ရဲတင်းတယ် အားပါတယ်။
တကယ်တော့ ကိုယ်က ပြောသူထက် နားထောင်သူပဲ ဖြစ်ချင်တာပါ။

ဒီကနေဆက်ပြီးတွေးမိတာက ရဟန်းနဲ့ English စာပါပဲ။ လာအိုမှာတွေ့ခဲ့ရတဲ့ နိုင်ငံခြား ခရီးလမ်းညွှန်အားလုံးလိုလိုဟာ ဆရာဘုန်းကြီးဆီက English စာ သင်ယူခဲ့ရပါတယ်လို့ ပြောကြတယ်။ ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်တယ်ဆိုရာမှာ အဲသလို သူတို့လိုအပ်ချက် အသက်မွေးဝမ်းကြောင်းမှုတွေနဲ့ ချိတ်ဆက်ပေးထားနိုင်ရင် ပိုခိုင်မာသလို ပိုပြီးလည်း လက်တွေ့ကျမယ်။

ဘောလုံးစကားနဲ့ပြောရင် ခံစစ်ဆိုတာ စနစ်တကျတိုက်စစ်ဆင်နေမှုပါပဲ။
ဘာမှမဟုတ်ပါဘူး။ မလွန်ခင် ရပ်လိုက်တော့မယ်။
01/09/2015
8:21 pm

အမြတ်ရသွားသည့် ဆရာမော်ဒန်


အရွယ်ကြောင့်ဖြစ်မည်ထင်ပါသည်။ (အခြားအကြောင်းလည်း ဖြစ်နေနိုင်ပါသည်) ယခု ကျနော်တို့ ပြန်တွေ့စဉ် ကိုယ်စီ သောက်စရာဆေးထုတ်များ ယူလာကြရသည်။ သူက သွေးတိုးပြီး. ကိုယ်က အစာအိမ် ကွန်ပလိန်းဖြစ်သည်။
အသက်လေးဆယ်ကျော်လာပြီး ကိုယ်လုပ်ချင်တာတွေလည်း လုပ်နေရပြီမို့ (သူလုပ်ချင်တာတွေက ဘာတွေလဲဆိုတာတော့ မသိပါ။ အခုအထိတော့ ပြောက်ဆုံးနေသည့် တ ဝဂ်ကို သူရှာရသေးဟန် မတူပါ)သေလိုက သေစေဟု သူကဆိုလာသည်။ ထို့ကြောင့် တစ်ရက်ပိုနေရရင် တစ်ရက် ဘောနပ်ပေါ့လို့ သူ့ကို ထောက်ပေးလိုက်သေးသည်။

ည. အိပ်စဉ် ဒုန်း ဆိုသည့် အသံကြီး ကြားလိုက်ရသည်။ သူကုဋင်ပေါ်က ခေါင်းအုံး ပြုတ်ကျတာတွေ့ရသည်။
မဖြစ်နိုင်။ ခေါင်းအုံးကျသံက ဒုန်း မမည်သင့်။
အသေအချာကြည့်တော့ သူ့ဖွားဖက်တော် အိုင်ပက် အဲ ဖြစ်နေသည်။
ကောက်တင်ပေးမည်ဟု စဉ်းစားမိသော်လည်း ပြန်တင်ခြင်းသည် ပြန်ကျခြင်းအကြောင်းတရားအစစ်မို့ မတင်ဖြစ်။ ဒီစက်ကို ရပ်မှရမည်။

မနက်ရောက်မှ သူ့ကိုပြောပြီး သူ့အပ်ပဲ ကွဲသွားသလား အစစ်ခိုင်းလိုက်တော့သည်။ ကွဲတော့ အရင်း. မကွဲတော့ ဘောနပ်ပေါ့။ မကွဲရှာ။
ထိုမနက်က သူ ပန်းသီးဘောနပ် ရသွားသည်။
.....။
မနေ့ကအထိ ပို့စ်တွေ တက်နေဆဲမို့ သေသေးဟန်လည်း မတူပါ။ နောက်တစ်ရက် ဘောနပ်။