စပါးနှံနှင့် ပြောင်းဖူး

ညီမလေးရေ-
          ဒီတစ်ခါတော့ စာသင်ခန်းထဲကို ပထမဝင်လာတာက ရသေ့ကြီးတဲ့ကွယ်။ သူ့လက်ထဲမှာလည်း ငိုက်နေတဲ့စပါးနှံတစ်နှံ ကိုင်ထားသတဲ့။ ကလေးတွေက စာကလေးတွေများ အစာကျွေးဖို့လားလို့ စဉ်းစားနေတာပေါ့။

          မဟုတ်ပါဘူးကွာ၊ ရသေ့ကြီးက စပါးနှံကိုပြပြီး-


          “ပညာရှိဆိုတာ အဆံပြည့်နေတဲ့ စပါးနှံလို ငိုက်နေတယ်။ ထောင်ထောင်လွှားလွှား မရှိတော့ဘူး” ဆိုပြီး ပညာရှိရဲ့ ဂုဏ်ပုဒ်တွေကို ရှင်းပြသတဲ့။


          ဒီတော့ ကျောင်းသားလေးတစ်ယောက်က-
          “ပညာရှိမဖြစ်ချင်တော့ပါဘူး။ ပညာရှိဖြစ်ရင် လူတကာကို မော့မကြည့်ရဲတော့ဘူး။ ကျွန်တော်တို့မှာ အဲသလောက်ပျော့တဲ့ ခါးရိုးတွေမရှိဘူး။ လူတွေ့တိုင်းကို ဦးညွှတ်အရိုအသေ မပေးနိုင်ဘူး၊ စပါးနှံဆိုတာက လေလာရာ ယိမ်းတတ်တဲ့ သဘောလည်းရှိတယ်၊ ကျနော်တို့က အဲလိုကြီး လိုက်မယိမ်းနိုင်ပါဘူး” လို့ တွေးတွေးဆဆ ပြောသတဲ့။

          ဒီတော့ ရသေ့ကြီးက-
          “မင်းတို့ခေတ် လူငယ်တွေ တော်တော်ပြောရခက်တာပဲ” ဆိုပြီး စိတ်ဆိုးဆိုးနဲ့  စာသင်ခန်းထဲက ထွက်သွားသတဲ့။


  ရသေ့ကြီး စာသင်ခန်းထဲက ထွက်သွားတော့ (၂၁) ရာစု ရဟန်းတစ်ပါး ဝင်လာသတဲ့ကွယ်။ သူ့လက်ထဲမှာ ပြောင်းဖူးကြီးတစ်ဖူးလည်း ကိုင်ထားသတဲ့။ အဲဒီ ရဟန်းက-


       “ကလေးတို့ရေ၊ ဒီပြောင်းဖူးကြီးကို ကြည့်ကြကွဲ့။ ဒီပြောင်းဖူးကြီးဟာ အဆံလည်းပြည့်နေပြီး၊ နေတာကလည်း ပညာရှိဆန်ဆန် ခပ်ဖြောင့်ဖြောင့် ခပ်မှန်မှန်ပဲ။ သူတတ်ထားတဲ့ ပညာကို ဘယ်အာဏာ ဘယ်ပါဝါနဲ့မှ မလဲနိုင်ဘူးလို့လည်း ခံယူထားတယ်ဒီတော့ ဒီပြောင်းဖူးကြီးက လူတွေ့တိုင်း ဦးညွှတ်အရိုအသေ မပေးတော့ဘူးတဲ့သူ့ခါးက သိပ်မပျော့လို့လည်း နေမှာပေါ့ကွယ် ၊ ဒီတော့ သူကလေလာတိုင်းလည်း လိုက်ယိမ်းစရာ မလိုတော့ဘူး” လို့ ရှင်းပြသတဲ့။
 
  ဒီတော့ ကလေးတွေက “ဟုတ်တာပေါ့၊ ပညာတတ်ပြီး ဘာမှမဟုတ်တဲ့လူတွေကို လိုက်ဦးညွှတ်ရတာ၊ လေလာတိုင်း လိုက်ယိမ်းနေရတာ ခါးညောင်းပါတယ်” လို့ ပြောကြသတဲ့။        ။


ဒါပါပဲ ညီမလေးရယ်-
   ဒီပုံပြင်က အန္တရာယ်ကြီးသကွဲ့ ။ ညီမလေးကို ချစ်လို့ (အားကြီးချစ်လို့)  ပြောတာ။ သူများတွေကို လျှောက်မပြောရဘူးနော်။ သဘောတူသော်ရှိ၊ မတူသော်ရှိပေါ့ကွယ်။ မှတ်ထားနော် ညီမလေး။



ဇင်ဝေသော်



















Copyright © 2011 ကမ်းလက်. All rights reserved.

ဆင်ရယ်၊ ထီးရယ်၊ အိမ်သာကြွေခွက်ရယ်

ညီမလေး…. ရေ

တစ်ခါကတဲ့ကွယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေသတဲ့။ တစ်ခုသော ညနေချမ်းမှာတော့ ဆင်ရယ်၊ ထီးရယ်၊ အိမ်သာကြွေခွက်ရယ်   ရောက်လာရတဲ့ အကြောင်းကတော့ ဘယ်လိုကံတွေ ၊ ဘယ်ဘဝက၊ ဘယ်လို ပြုလုပ်ခဲ့ကြလို့ ဒီလိုဖြစ်နေရတယ် ဆိုတာ သိချင်ကြလို့တဲ့ကွယ့်။

ပထမဆုံးဆင်ကြီးက ဘာကြောင့် သူ့နှာခေါင်းကြီး ဒါလောက်ရှည်နေရတာလည်းလို့ မေးလျှောက်သတဲ့။


ဂရိပုံပြင်ထဲက ကောင်လေးကို မယုံလို့တဲ့။ ဂရိပုံပြင်ထဲက ကောင်လေးခမျာမှာတော့ စကား အမှားတစ်ခွန်းပြောမိ တိုင်း နှာခေါင်းလေး လက်တစ်သစ် ပိုရှည်တယ်တဲ့။ ဒါကြောင့် သူ့ခမျာ လေသံတောင် သိပ်မဟရဲတော့ဘူးပေါ့။ သင်က ဒါကို မယုံကြည်ပဲ လိမ်ပြောလည်း ဘာမှ မဖြစ်ပါဘူးဆိုပြီး ဘဝ တစ်လျှောက်လုံး လိမ်ညာလာခဲ့တာ။ အဲဒါကြောင့် ဒီဘဝမှာ ဆင်ကြီးဖြစ်လာတာတဲ့။ ဆင်ကြီးလည်း တော်တော် သံဝေဂရသွားသတဲ့။

ဒါနဲ့ ထီးကလည်း သူဘယ်ကံကြောင့်ထီး ဖြစ်ရတယ်ဆိုတာ မေးလျှောက်တာပေါ့။

ဒါနဲ့ ဘုရားရှင်က သင်ဟာ တစ်ခုသော ဘဝမှာ ပရဟိတ အလုပ်လုပ်သူဖြစ်ခဲ့တယ်။ ဒါပေမယ့် ပရဟိတ လို့သာပြောပြီး အတ္တဟိတ အတွက် လုပ်ခဲ့ကများနေတော့ ဒီဘဝမှာ ထီးဖြစ်ရတာတဲ့။ ထီးဆိုတော့ သူတစ်ပါး ကို နေအပူကနေ ကာကွယ်၊ မိုးရေမိုးပေါက်တွေကနေ ကာကွယ်ပေးရပေမယ့် သင်ထီးခမျာတော့ နေပူနဲ့လောင်၊ မိုးရေတွေနဲ့ ရွှဲစိုနေရတယ်လို့ ဖြေသတဲ့။ ထီးခမျာလည်း သံဝေဂတော်တော်ရသွားရှာသတဲ့။

အိမ်သာကြွေခွက်ကြီးကလည်း မနေနိုင်မထိုင်နိုင် သိချင်တော့တာပေါ့ကွာ။ ဒါနဲ့ သူ့အတိတ်ကံကိုမေးတာပေါ့။
 

ဒီတော့ ဘုရားရှင်က တစ်ခုသော ဘဝမှာ သင်ဟာ ရည်းစားပစ်တာကို ခံခဲ့ရဖူးတယ်။ သင့်ရည်းစားယူသွားတဲ့ အမျိုးသမီးက သင့်ထက်ပိုပြီး အသားဖြူတော့ သင်က အသားမည်းလို့ ရည်းစားပစ်တာ ခံရတယ်။ အသားဖြူရင်ဒီလိုဖြစ်မှာ မဟုတ်ဘူးဆိုပြီး ကုသိုလ်ကောင်းမှုလုပ်သမျှ ဘယ်ဘဝရောက်ရောက် ဖြူဖြူဖွေးဖွေးလေး ဖြစ်ရပါလို၏ လို့ဆုတောင်းတယ်။ တကယ်တော့ သင့်ရည်းစားက သင့်ကို ပစ်ထားခဲ့တာဟာ အသားမည်းလို့ မဟုတ်ဘဲ စိတ်မည်းလို့တဲ့။


အဲ စိတ်ဖြူဖို့ထက် အသားဖြူဖို့ကိုပဲ ဆုတောင်းခဲ့လို့ အဲဒီကောင်းမှု၊ မကောင်းမှုရောနေတဲ့ ကံတွေကြောင့် ရုပ်ဝတ္ထုဘဝကို ရောက်တာတောင် ဖြူစင်ပြီး ဘယ်သူမှ ငုံ့ပြီး မွှေးမွှေးမပေးချင်တဲ့ အိမ်သာကြွေခွက်ကြီးဖြစ်ရတာလို့ ဖြေသတဲ့။

ဒီအထဲမှာ နောင်တ အရဆုံးကတော့ ဖြူစင်တာတောင် မွှေးမွှေးပေးတာ မခံရဖူးရှာတဲ့ အိမ်သာကြွေခွက်ကြီးတဲ့ကွယ်။

ဒေသနာလည်းဆုံးရော

ဆင်ရယ်၊ ထီးရယ်၊ အိမ်သာကြွေခွက်ကြီးရယ်ဟာ အမှန်တွေပဲပြောဖို့၊ ပရဟိတသက်သက်လုပ်ဖို့
၊ စိတ်ဖြူဖို့သာ ပဓာန လို့အမြင်မှန်ကိုယ်စီရသွားကြသတဲ့ကွယ်။

နှစ်သိန်းလေးသောင်း သတ္တဝါတွေလည်း တရားထူးတွေရကြသတဲ့ ။ ဒါပါပဲ ညီမလေးရယ်။ ချစ်လို့ပြောတာမှတ်ထားရမယ်နော်။ ဟုတ်ဟုတ် … မဟုတ်ဟုတ်။





 

ဇင်ဝေသော်















Copyright © 2011 ကမ်းလက်. All rights reserved.

အသံတိတ်ရုပ်ရှင်


ညီမလေးရေ -

ဟိုးရှေးရှေး ဘုရားရှင်တစ်ပါးပါးရဲ့ လက်ထက်တော် အခါတုန်းကတဲ့ကွယ် (ဆောရီးပဲ၊ ဘုရားရှင်ရဲ့ ဘွဲ့တော် မေ့သွားလို့၊ ဘုရားရှင်တစ်ပါးရဲ့ လက်ထက်တုန်းက ဆိုတာတော့ သေချာတယ်။)


 

ကလေးလေးတွေကို စာသင်ပေးတဲ့ ဆရာမလေးတစ်ယောက် ရှိသတဲ့။ သူမယုံကြည်တာက “The most profound statements are often said in silent.” တဲ့။ အနက်နဲဆုံး ဖွင့်ဆိုချက်တွေဟာ အသံတိတ်ပဲများတယ်လို့ ဖွင့်ဆိုရမလားပဲ။ ဆရာမလေးက ဒါကိုယုံကြည်သလို သူမစာသင်ပေးတဲ့ ကလေးတွေကိုလည်း ပုံတိုပတ်စလေးတွေ သုံးသုံးပြီး ဒီအဓိပ္ပါယ်လေးကို ပြောပြလေ့ရှိသတဲ့။




          တစ်နေ့ ၊ ဆရာမလေးက
          “ကလေးတို့ရေ၊ လူတစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးမှာ နားလည်မှုနဲ့ မေတ္တာတရားက ဘယ်လောက် အရေးကြီးသလဲ” လို့မေးသတဲ့။ ဒီတော့ ကလေးတွေက -
“ ----------------------------------”
“ ----------------------------------”
    “ ---------------------------------” တဲ့။

       
 
          ဒီတော့မှ ဆရာမလေးက သူပြောမိတာကို သတိရပြီး ပြုံးသတဲ့။
ဒါနဲ့စကားမစပ် ကလေးလေးတွေက သူတို့ဆရာမလေးကို သိပ်ချစ်ကြတာတဲ့။ ဘာကြောင့်လဲ သိလား။ နက်နဲတဲ့ မေးခွန်းတွေ ဆရာမလေးကမေးရင် ဖြေစရာမလို လို့တဲ့။

ဒါပဲနော်၊ ချစ်လို့ပြောတာ၊ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ မှတ်ထား။
မှတ်ထား၊ ဒါပဲနော်၊ ချစ်လို့ပြောတာ၊ ဟုတ်ဟုတ် မဟုတ်ဟုတ်။
ဟုတ်ဟုတ် မဟုတ်ဟုတ်၊ မှတ်ထား၊ ချစ်လို့ပြောတာ၊ ဒါပဲနော်။
ဇင်ဝေသော်






 


Copyright © 2011 ကမ်းလက်. All rights reserved.

စည်နှင့် ဖိုင်းယားအလမ်း


ညီမလေးရေ -
          အမတ်ကြီးတစ်ယောက်ဟာ စည်ကြီးတစ်လုံးကိုထမ်းပြီး စာသင်ခန်းထဲကို ဝင်လာသတဲ့။ ဝင်လာပြီး သူ့စည်ကြီးကိုချကာ တီးပြသတဲ့။ တီးလိုက်တော့ စည်ကြီးကမြည်တာပေါ့ကွယ်။ ပြီးတော့ သူက ပြောတယ်။

          “ ပညာရှိဆိုတာ စည်လိုပဲ။ တီးမှသာ မြည်တယ်။ မတီးရင် မမြည်ဘူး။” ဆိုပြီး ပညာရှိ တစ်ယောက်ရဲ့ ဂုဏ်ပုဒ်တွေကို ပြောပြတာပေါ့။ ဒီတော့ ကျောင်းသားလေးတစ်ယောက်က-

          “ သူက ပညာရှိဖြစ်ပြီး တီးပေးမယ့်သူရှိမှ မြည်တာလား၊ တီးပေးမယ့်သူမရှိရင် သူ့ပညာတွေက နှမြောစရာကြီး။ သုသာန်ထဲ ပါသွားမှာပေါ့” လို့ ချင့်ချင့်ချိန်ချိန်နဲ့ ပြောသတဲ့။ ပြီးတော့-

          “ ပညာရှိရိုးမှန်ရင် တီးသူရှိရှိ၊ မရှိရှိ မြည်သင့်တဲ့အချိန် မြည်နေသင့်တာပေါ့” လို့ ဆိုလိုက်တဲ့ အချိန်မှာတော့ အမတ်ကြီးဟာ-

          “ မင်းတို့ခေတ်လူငယ်တွေ တယ်ပြောရခက်တာပဲ” ဆိုပြီး စာသင်ခန်းထဲက ထွက်သွား တော့သတဲ့။

                                              
          အဲဒီအမတ်ကြီးပြီးတဲ့နောက်မှာ စာသင်ခန်းထဲ ဝင်လာတာက (၂၁) ရာစု ရဟန်းတော် တစ်ပါးတဲ့ကွယ်။ သူ့လက်ထဲမှာ ဘာလေးမှန်းမသိတဲ့ ပစ္စည်းလေးကိုလည်း ကိုင်ထားသတဲ့။ ပြီးတော့ သူက သူကိုင်ထားတဲ့ပစ္စည်းလေးကို ရှေ့မှာချပြီး မီးခိုးငွေ့တွေထွက်လာအောင် ထင်းတွေကို မီးရှို့လိုက်သတဲ့။ ထင်းတွေက သိပ်မခြောက် သေးတော့ မီးမတောက်သေးပဲ မီးခိုးတွေအူပြီး ထွက်လာ တော့တာပေါ့။

          မီးခိုးတွေလည်းထွက်လာရော သူ့ပစ္စည်းလေးက တဂင်ဂင်နဲ့ ထမြည်တော့တာပဲတဲ့။ ဒီတော့မှ- အဲဒီ (၂၁) ရာစုရဟန်းက-

 “ ကလေးတို့ရေ၊ ဒါဟာ ဖိုင်းယားအလမ်းလို့ခေါ်တယ်။ သူ့ပတ်ဝန်းကျင်မှာ စိုးရိမ်လောက်တဲ့ အပူဓာတ်ရှိနေရင်ဖြစ်စေ၊ မီးခိုးတွေ သိပ်အူနေရင်ဖြစ်စေ ထမြည်တော့တာပဲကွဲ့။ ဒီဖိုင်းယား အလမ်း လေးက ပညာတော့သိပ်မရှိရှာဘူးတဲ့ကွဲ့။ ဒါပေမယ့် သူမြည်ရမယ့် အချိန် ကိုတော့ ကောင်းကောင်း  ကြီး သိတယ်တဲ့ ကွယ်” လို့ ရှင်းပြသတဲ့။

          ကျောင်းသားလေးတွေက လက်ခုပ်တွေဝိုင်းတီးပြီး-

          “ ဒီလိုမှပေါ့၊ ပညာရှိဆိုမှတော့ မြည်သင့်တဲ့အချိန်ကို သိနေရမှာပေါ့။ တီးပေးမယ့်သူကို စောင့် နေလို့ ဘယ်ရမလဲ” လို့ ပြောကြသတဲ့။
          ဒါနဲ့ (၂၁) ရာစု ရဟန်းက-

          “ မေးစရာရှိရင် မေးကြပါ” လို့ ကျူ အင်(န်) အေ ဆက်ရှင်ကို စိန်ခေါ်သတဲ့။
          ဘယ်သူမှ မမေးကြတော့ပါဘူး။


          (၁၉) ရာစု ပညာရှိဟာ (၂၁) ရာစုမှာတော့ အထာကိုင်နေတဲ့လူကြီးဆိုတာ သူတို့သဘော ပေါက်သွား ကြပြီလေ။


          ဒါပါပဲကွယ်။ ဒီပုံပြင်ရဲ့ မော်ရယ်(လ်)က ဘာညာဆိုပြီး ဆရာကြီးလေသံနဲ့ လုပ်မနေ တော့ပါဘူး။


          ပညာရှိဖြစ်ဖို့ထက် အသုံးဝင်နေဖို့ပဲလိုတာပါ။
                                                                                          ဇင်ဝေသော်











Copyright © 2011 ကမ်းလက်. All rights reserved.

ဆုံလည်နွား

ညီမလေးရေ....
တစ်ခါက ပေစုတ်စုတ်ကောင်လေးတစ်ယောက်ဟာ နွားပြာကြီးနဲ့အတူ ဆီဆုံမှာ ဆီကြိတ်နေသတဲ့။ ကောင်လေးက အပေါ်မှာထိုင်၊ နွားပြာကြီးကတော့ရုန်းပေါ့ ။

အဲဒီဆီဆုံနားကို ရောက်ရောက်လာတဲ့သူတွေက သူတို့ကိုယ် သူတို့ ပညာရှိယောင်ယောင် ဘာယောင်ယောင်နဲ့ ပြောကြသတဲ့ ။

"အင်း- အဲဒါကြောင့် ဆရာတော်ကြီးတစ်ပါးက ရေးတာ ၊ သွားတာသွားရ ရှေ့မရောက် ၊ ပြေးမလွတ်တဲ့ ဆုံလည်နွားလို" တဲ့။



အဲဒီစကား ကြားစ တုန်းကတော့ နွားပြာကြီး တော်တော်စိတ်ဆိုးသတဲ့ ...ညီမလေးရဲ့။ စိတ်ဆိုးတဲ့ မျက်လုံးကြီးတွေနဲ့လည်း လှမ်းလှမ်းကြည့်သတဲ့ ။ ချိုနဲ့ ဗိုက်ကိုကော်လိုက်ရရင် ဗိုက်ပေါက်တော့မယ်လို့လည်း ကြုံးဝါးနေသတဲ့ ။ ဒါပေမယ့် ကြာလာတော့ စိတ်မဆိုးတဲ့ အပြင် လူတွေကို သနားလို့တောင်လာသတဲ့။ ပြီးတော့ ရယ်ချင်စိတ်လေးနည်းနည်းပေါက်လာတာနဲ့ -
"၀မ်းထရိမ်း" လို့ကောက်ရယ်လိုက်သတဲ့ ။
နွားကြီးရယ်တာကို သိလိုက်တဲ့ကောင်လေးက
"သူငယ်ချင်း - ဘာတွေသဘောကျပြီး ရယ်နေတာလဲ"

"လူတွေကိုသနားလို့ပါကွာ ၊ ပြီးတော့ ဘာမှနားမလည်ဘဲ လျှောက်လျှောက်ပြောနေကြပါလားလို့ - စဉ်းစားမိလို့ပါ။ စဉ်းစားကြည့်လေကွာ၊ ဆုံလည်နွား ရှေ့မရောက်တာ လူတိုင်းသိတဲ့ ကိစ္စပဲ။  နွားသာဖြစ်တာ ၊ ငါကမာနကြီးတယ် ။ လူတိုင်းသိတဲ့ ကိစ္စမျိုး သိပ်ပြောချင်တာ မဟုတ်ဘူး။ လူတွေမသိတာက ရှေ့မရောက်ပေမယ့် ဆီထွက်တယ်လေကွာ၊ ဆီဆုံဆိုတာ ဆီထွက်ဖို့။ ရှေ့ရောက်ဖို့ မဟုတ်ဘူးလေ။"  လို့ ရှင်းပြသတဲ့။

"စိတ်မရှိပါနဲ့ကွာ၊  သူတို့မသိလို့ပါ၊ သူတို့သာ 'ဆုံလည်နွား' စကားလုံးနဲ့ ဆုံလည်နေကြတာ။ ဆီလည်းမထွက်ဘူး၊ တံတွေးတွေပဲထွက်တယ် ၊ ရွံစရာကြီးကွာ။ " လို့ပြောတော့ နွားပြာကြီးက အားရပါးရ ရယ်သတဲ့။

"၀မ်းထရိမ်း" (ရထားတစ်စင်းလို့ ဘာသာ မပြန်စေချင်ပါ။)
ကဲ - ဒါပါပဲ ညီမလေးရေ ...

ဆရာကြီးလေသံနဲ့ ဒီပုံပြင်ရဲ့ မော်ရယ်က ဘာညာတွေ လုပ်မနေတော့ပါဘူး။ ပျင်းလို့။

ညီမလေးလည်း မညံ့စေနဲ့နော်၊ နွားပြာကြီးက ရယ်လိမ့်မယ်။ အဲ - 'ဆုံလည်နွား ၊ ဆုံလည်နွား' လို့လည်း မပြောပါနဲ့ကွာ။

ဆီမပါဘဲ လဲတို့တွေ ထမင်းမစားတတ်ဘဲနဲ့

မချစ်လို့ မပြောတာမဟုတ်ဘူးနော်။ မှတ်မထားနဲ့လို့လည်း မပြောဘူး။

ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ဒါပဲ။ 

(ပုံကို http://www.themyanmarpost.com မှရယူပါသည်။)


ဇင်ဝေသော်
 









Copyright © 2011 ကမ်းလက်. All rights reserved.

လိပ်၊ ငါး ၊ ဖား ၊ မြွေ၊ ဆင်၊ ကျား



ကလေးတို့ရေ
တစ်ခါတုန်းကတဲ့ကွယ်၊ (ဒါပေမယ့် ဖေကြီးပြောတာမဟုတ်ဘူး။ သီဟနာဒ ဆရာတော်လေး ပြောပြတာကို ပြန်ရေးတာ) ။ ရွာတစ်ရွာမှာ ကျောင်းထိုင်ဘုန်းကြီး ငယ်ငယ်တစ်ပါး ကျောင်းထိုင်သတဲ့။ အဲဒီကျောင်းရဲ့ ကျောင်းအစ်မကြီးမှာ တစ်ဦးတည်းသော သားကလေး ရှိသတဲ့။

တစ်နေ့တော့ ရောဂါတစ်ခု ဖြစ်ပြီး အဲဒီတစ်ဦးတည်းသော သားကလေး ဆုံးပါးသွားရှာသတဲ့။ ကျောင်းအစ်မကြီးခမျာ သောက ပရိဒေဝတွေ တဟုန်းဟုန်း တောက်ရှာတော့တာပေါ့။ ဒါနဲ့ ကျောင်းထိုင်ကိုယ်တော်လေးက ဒကာမကြီးအိမ်ကို ကြွပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ တရားပြသတဲ့ကွဲ့။

ဒါနဲ့ဒကာမကြီးက “သိတော့ သိပါရဲ့ ၊ တကယ်လက်တွေ့ကျဖြေဖို့ခက်သမို့ ငိုနေရခြင်းသာ ဖြစ်ပါတယ်ဘုရား” လို့ လျှောက်ရှာသတဲ့။

ဒီလိုနဲ့ လအတန်ကြာတော့ ကျောင်းထိုင်ကိုယ်တော်လေးရဲ့ တစ်ဦးတည်းသော အစ်မက မွေးတဲ့ တစ်ဦးတည်းသော သမီးလေး ခမျာမှာလည်း ရောဂါတစ်ခုနဲ့ ဆုံးပါး သွားပြန်ရောတဲ့ကွယ်။ အဲဒီဆရာတော်လေးက သူ့တူမလေးကို သိပ်ချစ်ရှာဆိုပဲ။ ဒီတော့ သူလည်းလေ လောကီသားပေမို့ ငိုရှာသတဲ့။

ဒကာမကြီးက တရားနဲ့ ဖြေတော်မူပါဘုရားလို့ လျှောက်သတဲ့။

ဒီတော့ အဲဒီကိုယ်တော်လေးက “ ဒကာမကြီးက အမျိုးမတော်တော့ ပြောအားရှိတာပေါ့။ ဒီကလေးမလေးက ဦးပဉ္ဇင်းရဲ့ တစ်ဦးတည်းသော တူမလေးမို့ ဖြေလို့ မရဘူးလို့ “မိန့်တော်မူပါသတဲ့။
                             
~~~~~~~~~~~~~~~~

နောက်ပုံပြင်တစ်ခုကတော့ အမေရိကန်က တေးရေးဆရာတစ်ယောက်အကြောင်းပါ။ ကလေးတို့ ရှာကြည့်ရင် သူ့အကြောင်းကို သိရလိမ့်မယ် ။ “Don’t Worry, Be Happy“ ဆိုတဲ့ သီချင်းလေးကို ရေးခဲ့သူလေ။


ဒုန့်ဝေါရီး ဘီဟက်ပီး လို့သာရေးခဲ့ပေမယ့် သူ့ဘဝကိုတော့ ဒုန့်ဝေါရီး မဖြစ်၊ ဟက်ပီး ဖြစ်အောင်နေမသွားနိုင်ဘဲ စိတ်ဆင်းဆင်းရဲရဲနဲ့ နေနေရရှာသတဲ့။ တချို့က သူ့ကိုယ်သူ သတ်သေသွားတယ် လို့တောင်ဆိုကြသကွဲ့ ။

ဖေကြီးရဲ့ ကျောင်းသားတစ်ယောက် ပြောပြတာကတော့ သတ်သေသည် အထိတော့ မရောက်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်  စိတ်မချမ်းမြေ့ဖွယ်ဘဝမှာ နေသွားရတယ်ဆိုတာကတော့ မှန်သတဲ့။

ဒါပါပဲကွယ်။
ဒီပုံပြင်လေးနှစ်ပုဒ်ရဲ့ မော်ရယ်ကတော့ လူတွေဖြစ်ကတတ်ဆန်း ပြောတတ်တဲ့ ပုံပြင်တွေထဲမှာ ခြောက်ကောင်ဝိုင်းထဲက လိပ်၊ ငါး ၊ ဖား၊ မြွေ၊ ဆင်၊ ကျားဆိုတဲ့ သတ္တဝါလေးတွေ မကြာမကြာပါလာ တတ်တယ်ဆိုတာပါပဲကွယ်။  အဲ.. မေ့လို့ ။ ဖေကြီးပုံပြင်ထဲမှာ တစ်ကောင်မှ ပါမသွားရှာဘူး။ 

ဦးကိုမောင်















Copyright © 2011 ကမ်းလက်. All rights reserved.              

ကံ၊ ကံ၏အကျိုး


ကျောင်းသားဘဝတုန်းက ပေါက်ပေါက်ရှာရှာ အလှူခံတတ်တဲ့ သူငယ်ချင်း (သိပ်တော့မရင်နှီး) တစ်ယောက်ရှိဖူးတယ်။

သူဘယ်ကရလာသလဲ မသိဘူး။ ခေါင်းတော်နဲ့ ကိုယ်တော် ဆက်လို့မရတဲ့ ရှေးဟောင်းဘုရားဆင်းတုတော်လေး သူ့အခန်းထဲမှာ ရှိတယ်။ အဲဒီ ဆင်းတုလေးပြုပြင်ဖို့ဆိုပြီး သူငယ်ချင်းတွေဆီက အလှူခံတယ်။ ကျွန်တော်က ဒါကို သိပ်ကြည့်လို့မရဘူး။ ကျွန်တော့်ဆီက အလှူခံမယ့် အလှည့်လည်းရောက်လာရော….

သူငယ်ချင်းရာ… ပြောလို့သာပြောရတာ ငါက ဘုရားကို မင်းလောက်တောင် သံယောဇဉ်မရှိဘူး။ ဒီအတွက်တော့ မလှူချင်ဘူးကွာ။ မင်းခေါင်းပြတ်သွားလို့ ပြန်ဆက်ဖို့ ငွေလိုရင်တော့ ငါတတ်နိုင်သ၍ ထည့်ပါ့မယ်။ ငါ့ကို အသိပေးပါဦး “ လို့။

သူတစ်ချိုးတည်းလစ်ထွက်သွားတယ်။

ကဲဗျာ… တိုက်ဆိုင်ပုံက - ဖြစ်ချင်တော့ အခမ်းအနားတွေ၊ ဘာတွေရှိရင် သူက ဓာတ်ပုံရိုက်၊ ဗွီဒီယိုရိုက် တာဝန်ယူလေ့ရှိသူလေ။ အဲသလိုပြောမိပြီးတဲ့နောက် - အဖွဲ့လိုက်ဓာတ်ပုံတွေရိုက်တိုင်း ကျွန်တော့်ပုံဟာ ဘယ်တော့မှ ခေါင်းပါမလာတော့ဘူး။ ကံ၊ ကံ၏အကျိုး။


အဲ.. ပြောဖို့မေ့နေတယ်။ ကျွန်တော့်အရပ်က ၅ပေနဲ့ ၁၁လက်မရှိပါတယ်။ ဒါကြောင့်ပါ။
 
ဦးကိုမောင်















Copyright © 2011 ကမ်းလက်. All rights reserved.