ဖွင့်မပြောကြတဲ့ အချက်


မလေးရှားနဲ့ စင်္ကာပူ။ 
စင်္ကာပူရဲ့ အောင်မြင်မှုကို ပြောရာမှာ အခြားအချက်တွေကိုပဲ ထပ်တလဲလဲ ပြောနေကြပေမဲ့ မှန်ပြီး ပြောရခက်တာရှိတယ်။ 
ဒါက မလေးရှားမှာ မလေးလူမျိုးအများစု၊ စင်္ကာပူမှာ တရုတ်လူမျိုးအများစု ရှိနေတယ် ဆိုတဲ့အချက်ပဲ။ ဒါကို တရုတ်တွေက ဖွင့်ပြောရင် လူမျိုးချင်း ရန်သတ်ဖို့ပဲ ရှိတော့တယ်။
မလေးရှားမှာ ကန့်သတ်၊ ဟန့်တားမှုမရှိဘဲ အများစု မလေးတွေက လူနည်းစု တရုတ်၊ ကုလားတွေထက်သာအောင် မလုပ်နိုင်ဘူး။ လူမျိုးကြီးရဲ့ ဦးဆောင်မှုစွမ်းရည် နိမ့်ပါးတယ်။ ကျေးလက်တွေမှာ ဆာရုန်းလို့ခေါ်တဲ့ ပုဆိုးကြီးတွေနဲ့ မနက်စာရှိရင် အေးအေးဆေးဆေး အိပ်ယာဝင်သူတွေအများကြီး။ ရောင့်ရဲတာလား၊ စိတ်ကူးစိတ်သမ်း မရှိတာလားပဲ။ မချမ်းသာချင်တာတော့ မဟုတ်ဘူး။
စင်္ကာပူမှာရှိတဲ့ တရုတ်လူမျိုးတွေက နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနဲ့ လူမှုရေးတွေမှာ ကန့်သတ်ဟန့်တားမှုမရှိဘဲ လူနည်းစုတွေကို ဦးဆောင်မှု ပေးနိုင်တယ်။ 

မလေးရှားမှာဆို လီကွမ်းယုလည်း ဒီလို ဇာတ်လမ်းမျိုး မရေးနိုင်ဘူး။ ဒါက သေချာတယ်။
တရုတ်တွေကြားမှာလည်း သဘောတူ၊ မတူကိစ္စတွေရှိတယ်။ လေ့လာ မိသလောက်ကတော့ တရုတ်အများစုက ဘယ်တော့မှ အလုပ်ပျက်ခံပြီး ငြင်းခုံမနေကြဘူး။
နိုင်ငံတစ်နိုင်ငံမှာ အများစုရှိတဲ့လူမျိုးက ဦးဆောင်နေရာကို ရယူနိုင်ရင်၊ ဦးဆောင်စွမ်းရည်ရှိရင် တိုးတက်ဖို့ မြန်တာပါပဲ။ 
သူက အဓိက မောင်းနှင်အား၊ နေးရှင်းတစ်ခုရဲ့ ပင်မ ကာရိုက်တာ။
ဥပမာ။ အမေရိက၊ ဂျပန်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်္ကာပူ၊ ကိုရီးယား။
မလေးရှားကတော့ "ဘူမိပုတြ" ဝါဒနဲ့ မအောင်မြင်လှဘူး။
ဇင်ဝေသော်
(Aug 30, 2016)

လိုနေတာ Middle Class (သို့) Upper Middle Class


ကဗျာဆရာက စင်္ကာပူမှာလုပ်တဲ့ သူတို့ကဗျာရွတ်ပွဲမှာ ပရိသတ်တွေများလို့ အံ့သြ တကြီးဖြစ်မိတယ်၊ အနောက်နိုင်ငံကြီးတွေမှာ ဒီလောက်က်စည်စည်ကားကား မရှိဘူးလို့ဆိုပါတယ်။ ဒါနဲ့ စင်္ကာပူမှာ ဘာပဲလုပ်လုပ် လူစုရတာလွယ်တယ်၊ ဖြစ်နိုင်တာက နိုင်ငံသေးတော့ သွားလာရ လွယ်ကူတယ်၊ ဆက်သွယ်ရေးနဲ့သွားရေးလာရေးလွယ်ကူမှုက ဒါကို ဖြည့်ဆည်းပေးထားတယ်။ အထူးသဖြင့်ကတော့ လူလတ်တန်းစားတွေ များပြားခြင်းကြောင့် ဖြစ်နိုင်ပါတယ် လို့ သူ့ကို ပြောပြမိတယ်။

လူ့အဖွဲ့အစည်းတစ်ခုရဲ့ အဓိက မောင်းနှင်အား၊ သက်ဝင်လှုပ်ရှားမှုအားက လူ လတ်တန်းစားတွေဆီမှာရှိနေပါတယ်။ အနောက်မှာလည်း မြန်မာတွေ ရှိတာပါပဲ၊ ဒါပေမဲ့ သွားလာရဝေးတာရယ် လူတန်းစားကွာဟမှုရယ်ကြောင့် လူစုလူဝေးနဲ့ လုပ်ရတဲ့ ကိစ္စတွေမှာ စုရစည်းရ ခက်သွားနိုင်တယ်။ သေချာတာက စင်္ကာပူလောက် မလွယ်ဘူး။ စင်္ကာပူမှာရှိတဲ့ မြန်မာတွေက အားလုံးနီးပါး သူလို ကိုယ်လိုတွေချည်းပါ။ သေချာတာက ဒုက္ခသည်အနေနဲ့ ခုံလှုံလာသူမရှိဘူး။ အများစုက တူတူတန်တန်ဘွဲ့ ရပြီးသူတွေချည်း။ ဒါကို Middle Class (သို့) Upper Middle Class လို့ခေါ်နိုင်ပါတယ်။ ပရဟိတပဲ လုပ်လုပ်၊ ဘာသာရေးပဲ လုပ်လုပ်၊ အနုပညာကိစ္စပဲဖြစ်ဖြစ် စင်္ကာပူမှာ ပရိသတ်ပိုများနေပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုရင် Middle Class (သို့) Upper Middle Class လို့ခေါ်တဲ့ လူတန်းစားများနေလို့ပါ။

ဒါက မြန်မာလူမျိုးတွေကြာမှာပဲလား။ အချက်အလက်တွေအရ မဟုတ်ပါဘူး။
ဥပမာ သီရိလင်္ကာ Buddhist and Pali University က ဩစတေးလျ၊ အမေရိက နဲ့ကိုရီးယားတို့မှာ ပါဠိကောလိပ်တွေဖွင့်တယ်၊ ဘယ်မှာမှ စင်္ကာပူမှာလို မအောင်မြင်ဘူး။
မြန်မာနိုင်ငံက အဘိဓမ္မာစာမေးပွဲ နိုင်ငံခြားစာဖြေဌာန နှစ်ခု ချပေးထားတယ်လို့ သိရပါတယ်။ အင်္ဂလန်နဲ့စင်္ကာပူပါ။ ဒါပေမဲ့ အင်္ဂလန်ဟာစင်္ကာပူလိုအောင်မြင်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါဟာ လူတွေကြောင့်၊ အချိန်ကြောင့်မဟုတ်ဘဲ အထက်ပါ အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။

ဆင်းရဲလွန်းရင် ယုံကြည်မှုနည်းသွားးတယ်၊ ချမ်းသာလွန်းတော့ သာမန်လူတန်း စားနဲ့ ဝေးသွားတယ်။
ဒီတော့ လူ့အဖွဲ့အစည်းရဲ့ အသက်၊ သက်ဝင်လှုပ်ရှားမှုက Middle Class (သို့) Upper Middle Class လို့ခေါ်တဲ့ လူတန်းစား များနေခြင်းပါပဲ။

၈၀ ရာခိုင်နူန်းကျော်က အောက်ခြေလူတန်းစားဖြစ်နေတဲ့ လူ့အဖွဲ့အစည်းအတွက် ဘယ်အဘ၊ ဘယ်ကယ်တင်ရှင်ဆိုသူကိုမှ ကျေးဇူးတင်မနေနိုင်ကြပါဘူး။
အဲသလိုနဲ့ အွန်လိုင်းပေါ်မှာတော့ ဂျူး ဟောလီးဒေအကြောင်း ဟော့တ်ဖြစ်နေလေ ရဲ့။