ဥယျာဉ်မှားတဲ့သစ်ပင်(သို့) ခရီးကြမ်း သုံး

ဒီနေ့က အဖေများနေ့မို့ ကျနော့်ကဗျာကို ခုန်ပြီး အဖေများဆီ ဂါရဝလှမ်း ဆက် လိုက်မိတယ်။

ရမ္မ သုဘ သုရမ္မ
ကါလဖဲချပ်တွေ ကုလားဖန်ထိုး
အမျိုးမျိုးပြောင်း ခံစားလို့တော့ ရပါရဲ့
ဒါပေမယ့်
မပြောင်းရွှေ့ဘဲ နေမြဲ နေမရတာကိုက
အနိစ္စကို ကွယ်သယောင်နဲ့
အနိစ္စကို ပုံဆောင် နေပြန်ရော။

တဏှာက သွားရည် တမြားမြား
ဖွင့်ထွားထွား အာရုံက အားကောင်းမောင်းသန်
ချမ်းသာတာတော့မှန် ရဲ့
အကောင်ထွားထွား ကာမဂုဏ် မရှိဘဲ
မပျော်ဘဲမနေနိုင်တာကိုက
ဒုက္ခကို ကွယ်သယောင်နဲ့
ဒုက္ခကို ပုံဆောင် ပြပြန်ရော။

အရွယ်ဟိုင်း သစ်ရွက် မရှိ
ဇရာဖိ ပန်းလည်းမမြင်
ခမည်းတော်ရဲ့ ဥယျာဉ် အတုဟာ
စိမ်းလန်းတာတော့မှန် ရဲ့
ဒါပေမယ့်
အရွယ်လွန် အမျိုးသမီး တစ်ယောက်
အပြင်လွန်ချယ်သထားသလို
အနတ္တကို ကွယ်သယောင်နဲ့
အနတ္တကို ပုံဆောင်ပြနေပြန်ရော။


ဘာတဲ့
ငါ့သား ဆုံးပြီတဲ့လား
ဒီမှာ မှတ်ထားကြ
သူများခုတ်တဲ့ဓါးချက်နဲ့
ဘယ်တော့မှ ငါ့သား အသက်မထွက်ဘူး။

ခုတ်သူတွေ အား ချိနဲ့
ခုတ်တဲ့ဓါး ကျိုးပဲ့
ဓမ္မပါလ ဘဝက
ခမည်းတော်ပြောခဲ့တဲ့ စကားလေ။

မှန်ပါရဲ့ ခမည်းတော်
သူများဓါးကို အကြိမ်ကြိမ်အောင်နိုင်ရင်း
ကိုယ့်ဓါးကို အလီလီဦးကြို့ခဲ့ရ

သူ့အား ကိုယ့်အား ချိနဲ့
သူ့ဓါးကိုယ့်ဓါး ကျိုးပဲ့
ဘယ်သူ့ အား ဓါးနဲ့ မခုတ်ရတဲ့ စစ်တလင်း
သား ဆင်းပါရစေတော့။

ခွင့်လွှတ်ပါ ခမည်းတော်
အုပ်ချုပ်ရေးဆိုတာ
နန္ဒလည်း စွမ်းနိုင်
ခမည်းတော်လည်း စွမ်းနိုင်
သာကိယတိုင်းလည်း စွမ်နိုင်
စကြဝဠာရဲ့ မီးတိုင်ကို ညှိဖို့
အဖေ့သားကလွဲလို့
စွမ်းကြမယ် မဟုတ်ဘူး။


သာကိယ မျိုးဆက်အောက်မှာ
မစွမ်းနိုင်တာ မရှိစေရဘူး
သုဒ္ဓေါဓနရဲ့ သိက္ခာ
သိဒ္ဓတ္တရဲ့ သိက္ခာ
သာကိယမင်းတို့ သိက္ခာ
စကြဝဠာမီးတိုင် ညှိရင်း
ကမ္ဘာတည်မယ့် ကဗ္ဗည်း ထွင်းမလို့ပါ။

အာဟာရ မပြည့်တဲ့ အမှန်တရား
ခမည်းတော် မှီဝဲထားလို့ပါ
ဓားပိုင်သူက ဓားဘုရင်
လေးကျွမ်းကျင်တော့ လေးဆရာ
စကြာရှင်ကိုတော့စက္ကဝတ္ဘီ
သင်္ခါရ ကိုလိုနီက လွတ်ကြပလား
ဒီ ဓါး လေး စကြာ ကျိုးတော့
ဒီလူဟာ ဓါးကျိုး ပိုင်ရှင်ပေါ့
ဓမ္မကို ပိုင်တော့ ဓမ္မဘုရင်
ဓမ္မသာ ကျိုး ပဲ့ခြင်း ကင်းစင်တယ်။

သူ့ပညာကို သူယုံတဲ့
သူ့သိဒ္ဓတ္တကို သူယုံတဲ့
ကေါဏ္ဍည လက်ညှိုး တစ်ချောင်းကြောင့်
ကပိလဝတ္ထု ကသောင်းကနင်း ဖြစ်ရသတဲ့
မာရ ရဲ့ လက်ညှိုးဆယ်ချောင်းကြောင့်
လွတ်လပ်မှူတွေ ရောင်းစားတာ ခံ ရ
ဒုက္ခတွေ မနိုင် မနင်း ထမ်းပိုး
ရိုကြိုး တဲ့ အိမ်ခွေးတွေလို
ဒါကိုကျ ကပိလဝတ္ထု မသိလိုက်ဘူး။

ခွင့်လွှတ်ပါ ခမည်းတော်
သုဒ္ဓေါဓနရဲ့ သိက္ခာ
ကပိလဝတ္ထု ရဲ့သိက္ခာ
သာကိယ သိက္ခာ
သိဒ္ဓတ္တရဲ့ သိက္ခာ
ဘာမှ မဟုတ်တာတွေအတွက်
ပန်းလက်ဝါး နဲ့ လေးကြမ်တင်
သားမွှေးမျှင်ကို ထိအောင်ခွင်း
ခွင်းပြီးသားကိုထပ်စိပ်ဖြာ
ဒါတွေ ကိုစွမ်းနိုင်လို့ ..တဲ့
တစ်ရာ့တစ်ပါး မင်းတို့က ဦးခိုက်
ယသော်ဓရာကို သိမ်းပိုက်
ဆယ်ကျော်သက် ဘုရင်မိုက်လေး ဖြစ်ခဲ့ရတယ်။

...................................
...................................
....................................
သွားပါရစေတော့ ခမည်းတော်
ပုံရိပ်တစ္ဆေသုံးကောင်
နေ့ကြောင်တောင်ဝင်ခြောက်တဲ့နောက်
တစ်ယောက်တည်းက တစ်ဖက်
လောကကြီးက တစ်ဖက်
အမျက်သိုချင်
တစ်သက်စာသာ သိုလိုက်ပါတော့
ကာမနယ်ထဲက အဖေ့သားဟာ
တကယ်ကို
ဥယျာဉ်မှားနေတဲ့ သစ်ပင်ပါ။ ။

(ဆက်ရန်)

**ဖိုးလပြည့်နဲ့ မော်တော်ပီကယ်**

လွတ်လပ်မှုကို မြတ်နိုးတဲ့ လူတစ်စုဟာ အတူတကွ လွတ်လွတ်လပ်လပ် အရက်သောက်ကြဖို့ လိုအပ်တာတွေယူလာခဲ့ပြီး အပြင်ထွက်လာခဲ့ကြတယ်။ လူသွားလူလာ တော်တော်ရှင်းတဲ့နေရာ ရောက်တော့ ဒီနေရာမှာပဲ သောက် ကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမဲ့ ပြဿနာက ဒီနေရာမှာဆိုပေမဲ့ ကားလမ်းပေါ်မှာလား၊ လမ်းဘေးက သစ်ပင်အောက်မှာလားဆိုတာ ဆုံးဖြတ် ဖို့ ကျန်နေသေးတယ်။

ဒါနဲ့ သူတို့ထဲက တစ်ယောက်က ကားလမ်းပေါ်မှာဆို ပိုပြီး လင်းလင်း ထင်း ထင်းရှိတယ်၊ ကားလမ်းပေါ်မှာပဲ သောက်ကြမယ်လို့ အကြံပြုတော့ အားလုံး သဘောလိုက်ကြတာပေါ့။ သူတို့သောက်လို့ အရှိန်တော်တော်ရတော့ လမ်းပေါ်မှာ ကားတစ်စီး အရေးတကြီးနဲ့ အမြန်မောင်းလာတယ်။ သူတို့အဖွဲ့ကို လည်း သတိထားမိပုံ မရပါဘူး။ အနားရောက်တော့မှ ကားလမ်းပေါ်မှာ လူ တစ်စုထိုင်နေတာကိုရုတ်တရက်ကြီး တွေ့လိုက်ရပြီး ဘေးရှောင်လိုက်ရတော့ အရှိန်မထိန်းနိုင်ဖြစ်ပြီး ကားက သစ်ပင်ကို သွားဆောင့်မလိုအထိ ဖြစ်သွား တယ်။

ဒါကို တွေ့လိုက်ရတော့ စောစောက အကြံပေးသူက
"တွေ့လား၊ ငါတို့ ကားလမ်းပေါ်မှာ မ သောက်လို့ သစ်ပင်အောက်မှာ များ သောက်မိရင် အားလုံး သေသူသေ၊ ကျိုးသူကျိုး ဖြ စ်နေပြီ တဲ့။

ဒီပုံပြင်ရဲ့ မော်ရယ်က " ဖိုးလပြည့်နဲ့ မော်တော်ပီကယ်" တဲ့။

ပေါ့ပေါ့ပါးပါး အင်တာဗျူး

မေး။ ။ လူစိမ်းအမျိုးသားနဲ့ အမျိုးသမီးနှစ်ယောက်ကို လင်မယား ဖြစ်တယ် လို့ ဘာကြောင့်ပြောနိုင်တာလဲ။
ဖြေ ။ ။ အမျိုးသားနဲ့ အမျိုးသမီးနှစ်ယောက်စလုံးက ကလေးတစ်ယောက်ထဲ ကို ဝိုင်း အော်ငေါက်နေလို့ပါ။ တစိမ်းတွေဆို အဲသလို မလုပ်ပါဘူး။

မေး။ ။ တရားနာတဲ့အခါ ဘယ်တရားမျိုးက ကောင်းပါသလဲ။

ဖြေ ။ ။ အစ၊ အလယ်၊ အဆုံး ကောင်းတဲ့တရားမျိုးပါ။ အထူးသဖြင့် အစနဲ့ အဆုံး သိပ်မကွာတဲ့ တရားက ပိုကောင်းပါတယ်။

မေး။ ။ အရွယ်တင် နုပျိုအောင် ဘာလုပ်ရမလဲ။
ဖြေ ။ ။ အစား အအိပ်မှန်ပါစေ၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ၊ စိတ်ကောင်းမွေးပါ။ အထူးသဖြင့် အသက်ကိုမေးလာရင် လိမ်ပြောပါ။

(ဒုတိယ အမေးကို ဖြေတာက ဂျော့ဂ်ျ ဘားနတ်ရှောပါ၊ ကျန်တာတွေ မသိပါ)

သတင်းစာဖတ်ခြင်း အကျိုး (နဝမတန်း စာစီစာကုံး)

ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂက ထုတ်ပြန်သော ငြိမ်းငြိမ်းချမ်းချမ်းအရှိဆုံး ထိပ် တန်း နိုင်ငံ ၂၀ တွင် အာရှမှ သုံးနိုင်ငံပါဝင်သည်ဟု သိရပါသည်။ ထို စာရင်း က ထူးတော့ မထူးခြားလှပါ၊ ထို ငြိမ်းငြိမ်းချမ်းချမ်းအရှိဆုံး ထိပ်တန်း နိုင်ငံ ၂၀ က အိုက်စ်လန့်မှာ အစပြုခဲ့သဖြင့် ရေခဲထူထပ်သောနိုင်ငံများနိုင်ငံများ၊ ရာသီဥတု အေးချမ်းသော နိုင်ငံများဟု မှတ်ယူနိုင်ပါသည်။
ဂျပန် အဆင့်ခြောက်၊ စင်္ကာပူ အဆင့် ၁၆ နှင့် ဘူတန် အဆင့် ၂၀ တို့ ဖြစ်ကြ ပါသည်။ အဆင့် ၂၀ တွင် ကျနော်တို့နိုင်ငံမပါဝင်ပါ။

ထို့ကြောင့် အောင့်သက်သက်ဖြင့် တစ်နေရာတွင် တွေ့လိုတွေ့ငြား ဆက် လက်ရှာဖွေကြည့်မိပါသည်။ အရှေ့တောင်အာရှနိုင်ငံများ စာရင်းတွင် ကျနော်တို့နိုင်ငံကို တွေ့လိုက်ရသည်။ အရှေ့တောင်အာရှ (၁၀ ) ဆယ်နိုင် ငံအနက် အဆင့် ၉ တွင် ရပ်တည်နေသည်ကိုတွေ့ရပါသည်။ အဘယ့်ကြောင့် အဆင့် ၉ မှာရှိနေရသည်ကို လေ့လာကြည့်ရာ ထိုစာရင်းတွင် ဘရူးနိုင်း မပါဝင်သည်ကို ထပ်တွေ့ရပြန်ပါသည်။
အရှေ့တောင်အာရှ နိုင်ငံများတွင် စင်္ကာပူက တစ် ဖြစ်ပြီး ထိုင်းက အဆင့် ရှစ် ဖြစ်သည်။ ထိုင်းက အဘယ့်ကြောင့် အဆင့် ရှစ်မှာရှိပြီး ကျနော်တို့က အဘယ့်ကြောင့် အဆင့် ၉ မှာရှိနေရသည်ကိုရှာဖွေကြည့်မိသော်လည်း အဖြေ မရခဲ့ပါ။

သို့သော် ဆောင်းပါးများ ဖော်ပြသည့် သတင်းစာနောက်ပိုင်းမှာ ဆောင်း ပါး တစ်ပုဒ်တွေ့လိုက်ရပါသည်။ အမျိုးသမီးကြီး နှစ်ဦးနှင့် အမျိုးသားကြီး တစ် ဦး နိုင်ငံ နာမည်ကို ဘားမားဟု ခေါ်မလား၊ မြန်မာဟု ခေါ်မလားဟု အော်ဖစ် ရှယ် ငြင်းခုံနေကြသည်ကို တွေ့လိုက်ရပါသည်။ ထို့ကြောင့် ထိုင်းက ကျနော် တိုရှေ့ ရောက်သွားသည်ဟု ဆိုက ရကောင်းရနိုင်ပါသည်။

အမှန်မူ ကျနော်တို့နိုင်ငံက ပျော်စရာ ကောင်းလှပါသည်။ မီးပျက်နေသည် ဆိုလျင်ပင် နိုင်ငံ၏နာမည်နှင့်ပတ်သက်ပြီး အမှောင်ထဲမှာ ထိုင်ငြင်းနေလို့ ရပါသည်။ အပူပိုင်းနိုင်ငံဖြစ်ခြင်း၊ မီးအမြဲလိုလိုပျက်နေခြင်းကြောင့် အေးအေး ချမ်းချမ်းအရှိဆုံး နိုင်ငံများတွင် ပါဝင်ဖို့တော့ မလွယ်ပါ။

သို့သော် လူတိုင်း (ဘရာဇီးမှာ လူတိုင်းဘောလုံးနည်းပြ အရည် အသွေးရှိ သလို) သမ္မတဖြစ်နိုင်သော အရည်အသွေးရှိသောနိုင်ငံဖြစ်သဖြင့် ဆက် လက်ငြင်းခုံနေစရာ Hot issue များ သူများထက် ပိုရှိနေပေလိမ့်မည်။ ထို့ကြောင့် ပျင်းစရာတော့ မကောင်းလှပါ။ ပျော်စရာပင် ကောင်းနေပါသေး သည်။

ဤသည်မှာ ယနေ့ သတင်းစာဖတ်ရခြင်း အကျိုးဖြစ်ပါသည်။
အချိန်းရှိလျှင် အနည်းဆုံး နိုင်ငံ့အမည်ကို အောဖစ်ရှယ် ထိုင်ငြင်းနေလို့ ရသည်ဟု လေ့လာမိလိုက်ပါသည်။

ဇင်ဝေသော်၊ (နဝမတန်း)

ဘနားနား ယူနီဗာစီတီ (ကျောင်းတွင်းမှတ်စု)

ယနေ့ ကမ္ဘာ့တက္ကသိုလ်များ အမည်ဆီ အာရုံကျသည်။ ကမ္ဘာကျော် တက္က သိုလ်ကြီးများ ဖြစ်ကြသည့် ဟားဘတ်၊ ယေးလ်၊ မန်ဆာချူးဆက် ၊ အောက် စဖို့ဒ် စသော တက္ကသိုလ်ကြီးများတွင် "အင်တာနေရှင်နယ်" ဘာညာ စသော ဟိန်းလုံး ဟောက်လုံးကြီးများ မတွေ့ရ၊ နာမည်ရိုးရိုးလေးတွေသာတွေ့ရသည် ။ အမည်က ရိုကျိုး၍ အလုပ်က ကြီး ကျယ်သည်။
အမှန်မူ တက္ကသိုလ်အမည်သည် တိုလေလေ ဘောင်ကျယ်လေလေဖြစ်ပြီး ရှည်လေလေ ဘောင်ကျဉ်းလေလေဖြစ်၏။

ဥပမာ သီရိလင်္ကာက "Buddhist and Pali University" ကို ကြည့်ပါ။ Buddhist University ဆိုလျှင် ဗုဒ္ဓဘာသာအားလုံးနှင့်ဆိုင်သည်။ Pali ဟု ထည့်လိုက်သဖြင့် သက္ကဋ စသော အခြားဘာသာစကားနှင့် ယဉ်ကျေးမှုတို့ ကို ကန့်လိုက်သလို ဖြစ်သွားသည်။
မဟာယာနတို့က ပို၍ ဘောင်ကျယ်သည်၊ Buddhist University ဟု အမည်ပေးလိုက်သည်။ ထေရဝါဒကို ကန့်မထားခဲ့။ ပါဠိကိုလည်း ကန့်မထား ခဲ့။ သင်ကြားပေးနိုင်အောင်လည်း ထေရဝါဒ ပါဠိ ပညာရှင်တို့ကို ခန့်အပ်၏။

ကျွန်ုပ်တို့နိုင်ငံက ပရမတ်နှင့် ပညတ်အကြောင်း တော်တော်ပြောကြ၏။ "ဒါတွေက ပညတ်တွေပါ" ဟုလည်း ဆိုမိန့်တတ်ကြ၏။ အမှန်မူ ထိုနိုင်ငံတွင် ပညတ်၏ ကျေးကျွန်တော်တော်များ၏။
"ကမ္ဘာ့အဆင့်မီ"
"အင်တာနေရှင်နယ်"
"အပြည်ပြည်ဆိုင်ရာ" စသောအမည်များကို နှစ်လို အားရ သုံးစွဲတတ်ကြ၏။ ထို စကားလုံးတို့က ပါဠိစကားနှင့်ဆိုလျှင် ပဒ ပူရဏ (အဓိပ္ပါယ်မရှိ၊ ပုဒ်ပြည့်ရုံ အပိုထည့်စကား ဟူ၏) များသာဖြစ်သည်။
လူပုဂ္ဂိုလ်များ သုံးစွဲသည်က တော်သေး၏။ ထို ပဒ ပူရဏပညတ်ပိုးက နိုင် ငံတော်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းကိုပင် ဝင်ကိုက်နေသည် တွေ့ရ၏။

ရန်ကုန်မှာ ရှိစဉ်က မရမ်းကုန်းမှာရှိသော ထို "အင်တာနေရှင်နယ်" ဆိုသည့် တက္ကသိုလ်ကြီးမှာ ဒီပလိုမှာတက်နေသော ဂျာမန်အမျိုးသမီး တစ်ယောက်နှင့်တွေ့ပြီး စကားစမည်ပြောမိရာ သူမက "ဘနားနား ယူနီ ဗာစီ တီ" မှာ ကျောင်းတက်နေသည်ဟုဆိုသည်။ အကြောင်းကိုမေးတော့ နေ့တိုင်း ထမင်းစားအပြီး ငှက်ပြောသီး တစ်လုံးစီပေးသောကြောင့်ဟူ၏။

မှန်၏။ "ဘနားနား ယူနီဗာစီတီ" ဟုဆိုသဖြင့် သူတို့ (ကျောင်းသားတို့) ကို ပန်းသီးပေးစရာမလိုတော့။ ဘနားနားက ချိပါး (Cheaper) ဖြစ်၏။