စီးပွားရေး ပဉ္စလက် (၃)

ငါတို့ ကြိုးစားခဲ့ကြဖူးတယ်။ ဒါပေမယ့် ဒီလို ကုမ္ပဏီကြီးတွေကို လည်ပတ်နိုင်တဲ့ ခေါင်းကောင်းကောင်းတွေ မရှိဘဲ ဘာမှလုပ်လို့ မရဘူး။ အောင်မြင်နေတဲ့ ကုမ္ပဏီကြီးတွေကို လိုက်ကြည့်။ အဓိကအကြောင်းအရင်းကဘာလဲ။ ဦးနှောက်ပဲကွ။ သူတို့မှာ စဉ်းစားတတ်တဲ့ ပညာရှင်ကောင်းတွေ၊ စီမံခန့်ခွဲတတ်တဲ့ လူတော်တွေ၊ တီထွင်ဖန်တီးနိုင်တဲ့ ပညာရှင်တွေ ရှိကြတယ်။

မေး ။     ။ စကောလားဆုပေးထားတဲ့ ကျောင်းသားတွေ ဒီမှာ အခြေကျရေးကို အသာဘေးမှာထားပြီး အတွေ့အကြုံ၊ အသိပညာ လက်ဆင့်ကမ်းရေးမှာ သူများဆီကနေ ယိုစိမ့်ထွက်လာတဲ့ ပညာရှင်တွေကို ဖမ်းစားနိုင်ဖို့ စင်္ကာပူရဲ့ လက်ရှိကုမ္ပဏီတွေကို အားပေးထားရင် ပိုမကောင်းလောက်ဘူးလား။

ဖြေ ။    ။ သူများဆီက ယိုစိမ့်လာတဲ့ ဦးနှောက်တွေကို ဖမ်းယူနိုင်ဖို့ဆိုတာ ဦးနှောက်ရှိတဲ့သူတွေ လိုလာပြန်တယ်။ ဖီးလစ်ယိုးက SME ဆက်တာတွေ ပြင်ဆင်ရေးဆွဲဖို့ Spring Singapore ကို ညွှန်ကြားတယ်။ သူ အရင်ဆုံး လုပ်ရမယ့်အလုပ်က သူတို့ကို စီမံကွပ်ကဲရေးနဲ့ စီးပွားရေးတစ်ခု စနစ်တကျ လည်ပတ်ရေးစတဲ့ စီးပွားရေး ကကြီးကခွေးတွေ သူတို့ကို သင်ပေးရတဲ့ အလုပ်ဖြစ်နေတယ်။

စင်္ကာပူလူမျိုးတွေ စီးပွားရေးလုပ်တယ်ဆိုတာ ဘာကို ခေါ်တာလဲ သိလား။
သူတို့က ဆိုင်ဖွင့်တယ်။ ဒါပဲ။ ဆိုင်ဖွင့်တာကို စီးပွားရေးလုပ်တာလို့ ထင်နေကြတာ။ ဆိုင်ဖွင့်မယ်၊ စားသောက်ဆိုင်ဖွင့်မယ်၊ ဝယ်မယ်၊ ရောင်းမယ်။ ဒီပြင် သူတို့ ဘာလုပ်တတ်သေးတုန်း။ သမိုင်းကို ပြန်ကြည့်။ ငါတို့လူမျိုးတွေက ဘာတွေ လုပ်ခဲ့ဖူးတုန်း။

ထိုင်ဝမ်လူမျိုးတွေ ကြိုးစားခဲ့ကြဖူးတယ်။ ပြီးတော့ လက်မြှောက်လိုက်ကြတယ်။ ကိုရီးယားတွေ ကြိုးစားနေကြတယ်။ သူတို့မှာ လူဦးရေ သန်း (၅၀) လောက်ရှိတယ်။ ပြီးတော့ ဒီလူတွေက အရူးတွေ မဟုတ်ဘူး (ပြီးတော့ ဒီလူတွေက ခေသူတွေ မဟုတ်ဘူး)။ သူတို့က အလုပ်မရှိ ဖြစ်နေတဲ့ ဂျပန်ပညာရှင်တွေ၊ တက္ကသိုလ်မှာ အတူတက်ခဲ့တဲ့ ဂျပန်သူငယ်ချင်းတွေကို ကိုရီးယားထဲရောက်အောင် ခေါ်သွင်းတယ်။ အခု သူတို့ ခရီးပေါက်နေပြီ။ သူတို့ ကားတွေ ထုတ်လာတယ်။ ဖလက်တီဗွီတွေ ထုတ်လာတယ်။ ဆဲ(လ်)ဖုန်းတွေ ထုတ်လာတယ်။

Chaebol ကုမ္ပဏီက အကြီးအကဲတွေနဲ့ တွေ့လို့ ဒါတွေအစပျိုးဖို့ ဘယ်လိုလုပ်ခဲ့ကြတာလဲလို့ ငါက မေးတော့ သူတို့က ဂျပန်ပညာရှင်တွေကို ဂျပန်တွေက ပေးတာထက် လစာပိုပေးပြီး သူတို့ဆီက ပညာရပ်တွေ ရအောင်ယူတာတဲ့။

ငါတို့ ဒီလို လုပ်နိုင်သလား။ ငါတို့ SME တွေ ဒီလို လုပ်နိုင်သလား။
မင်းက လက်ပြောင်းလက်လွှဲလို့ ပြောတယ်။ ဘယ်သူ့ကို လက်ပြောင်းလက်လွှဲလုပ်မှာလဲ။ စွမ်းနိုင်တဲ့ သူတွေကိုမှ လက်ပြောင်းလက်လွှဲလုပ်လို့ရတယ်။ ပို့ဆောင်ရေးဝန်ကြီး ရေမွန်လင်းကလည်း SIA (Singapore International Airways) ကို ပုဂ္ဂလိကပိုင် လွှဲပေးဖို့ ပြောတယ်။ ငါ သဘောတူပါတယ်။ ဒါပေမယ့် SIA ကို ဘယ်သူ့ သွားရောင်းမှာတုန်း။ စီးပွားရေး အမြတ်အစွန်းများပြီး လက်ရှိ SIA ရဲ့ အနေအထားနဲ့ ခေါင်းဆောင်မှုကို ထိမ်းထားနိုင်မယ့်သူက ဘယ်သူလဲ။ Far East Holdings လား။ သူတို့ အတွေ့အကြုံ မရှိဘူး။ Hotel Properties က အောင်ကိန်စိန်လား။ လုံးဝပဲ။ ဘဏ်တွေကိုလား။ မရပြန်ဘူး။ ကဲ ... ဘယ်သူ့ကို မင်း သွားရောင်းမလဲ။

ငါတို့ ကြိုးစားခဲ့ကြဖူးတယ်။ ဒါပေမယ့် ဒီလို ကုမ္ပဏီကြီးတွေကို လည်ပတ်နိုင်တဲ့ ခေါင်းကောင်းကောင်းတွေ မရှိဘဲ ဘာမှလုပ်လို့ မရဘူး။ အောင်မြင်နေတဲ့ ကုမ္ပဏီကြီးတွေကို လိုက်ကြည့်။ အဓိကအကြောင်းအရင်းကဘာလဲ။ ဦးနှောက်ပဲကွ။ သူတို့မှာ စဉ်းစားတတ်တဲ့ ပညာရှင်ကောင်းတွေ၊ စီမံခန့်ခွဲတတ်တဲ့ လူတော်တွေ၊ တီထွင်ဖန်တီးနိုင်တဲ့ ပညာရှင်တွေ ရှိကြတယ်။

မေး ။     ။ ဒီနေ့ ကျွန်တော်တို့မှာ ရှိနေတဲ့ MNC ပုံစံနဲ့ ပတ်သက်လို့ နောက်ဆုံးမေးခွန်း မေးပါရစေ။ ဒီ MNC တွေရဲ့ ရှေ့ခရီးမှာ မစ္စတာလီ စိုးရိမ်ပူပန်မိတဲ့ အားနည်းချက်တွေ ရှိသလား။ ရှိရင် ဘာတွေလဲ။

ဖြေ ။    ။ အင်း ... အားနည်းချက်က ထိပ်သီး MNC တွေက ဒီကို မလာကြဘူး။ တို့ဆီကို ရောက်လာတာက ဗီယက်နမ်လို နိုင်ငံမှာ ထိပ်သီး MNC တွေကို မယှဉ်နိုင်တဲ့ ဒုတိယနဲ့ တတိယတန်းစား MNC တွေပဲ။ ဗီယက်နမ်မှာ လုပ်အားခ ဈေးချိုတယ်။ လူတွေကလည်း ပိုတော်တယ်။ ဒီတော့ စင်္ကာပူမှာ ထုတ်မယ့်ပစ္စည်းက ဗီယက်နမ်မှာ ထုတ်တဲ့ပစ္စည်းကို မယှဉ်နိုင်တော့ဘူး။

ဒီတော့ တို့က သူတို့အတွက် ဘာလုပ်ပေးနိုင်တုန်း။ လုပ်အားခ ဈေးမချိုဘူး။ မြေဈေးကြီးတယ်။ ဒါပေမယ့် ပေးရမယ့်ဈေးနဲ့တန်တဲ့ အကောင်းစား အခြေခံအဆောက်အဦးတွေကို ပေးရမှာပေါ့။

ဗီယက်နမ်တွေက လူတော်တွေ။ သူတို့ကျောင်းသားတွေကို ပညာသင်ဆု ပေးကတည်းက ငါတို့ သိခဲ့တာ။ အခု သူတို့ လိုက်လာပြီ။ တို့လစာ သုံးပုံတစ်ပုံ၊ တို့မြေဈေးရဲ့ လေးပုံတစ်ပုံကို ရောက်နေပြီ။ ဒီတော့ သူတို့ လုပ်မပေးနိုင်တာတွေကို တို့က လုပ်ပေးနိုင်မှ တို့ဆီကို လာကြမှာ။ ဒါတွေက တည်ငြိမ်မှု၊ လုံခြုံမှု၊ ဆက်သွယ်ရေးကောင်းမွန်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သူတို့ကလေးတွေ ပညာရေးအတွက် ကျောင်းကောင်းကောင်းတွေရှိမှုတွေပဲ။ လူတော်တွေတိုင်း သူတို့ကလေးတွေကို ကျောင်းကောင်းကောင်းမှာ ထားချင်ကြတယ်။

အခု ငါတို့ တိုးတက်မှုတစ်ခုက စင်္ကာပူအမေရိကန်ကျောင်း (SAS) ဖွင့်လှစ်နိုင်ခဲ့တယ်။ အရှေ့တောင်အာရှမှာတော့ အကောင်းဆုံးကျောင်းပဲ။

မေး ။     ။ ဒီ အားနည်းချက်တွေကို ဖြည့်ဆည်းဖို့ ဘာတွေ လုပ်သင့်လဲ။

ဖြေ ။    ။ ထိပ်သီး MNC တွေကို ဆွဲဆောင်နိုင်ဖို့ သူများထက် ရှေ့ရောက်နေဖို့ လိုတယ်။ အခု အိန္ဒိယကုမ္ပဏီ လေးထောင်လောက်နဲ့ တရုတ်ကုမ္ပဏီ လေးထောင့်ငါးရာလောက် စင်္ကာပူထဲမှာ ရှိတယ်။ စင်္ကာပူကတဆင့် ဒေသတွင်းကို ဖြန့်ကြလိမ့်မယ်။ စင်္ကာပူကို ဌာနချုပ်ယူပြီး စင်္ကာပူတွေကိုလည်း သူတို့နဲ့အတူ ခေါ်သွားလိမ့်မယ်။ ဘာလို့လဲဆိုရင် ဒေသအကြောင်းကို သူတို့က တို့လောက် မသိလို့။ တို့လူတွေက ဒေသအကြောင်း သိတယ်။ ဘာသာစကား တော်တော်များများ ပြောနိုင်တယ်။ သူတို့ ခရီးတစ်ခုရောက်ဖို့ တို့ ကူညီနိုင်တာက ဒါပဲ။ တို့အလုပ်က ကြားဝင်စေ့စပ်ပေးသူ။

ရေရှည်မှာ ငါတို့က ဟောင်ကောင်ထက် သာမယ်။ ဘာလို့လဲဆိုရင် တို့အိမ်နီးချင်း နိုင်ငံတွေရဲ့ လက်ရှိပညာရေး၊ လုပ်အားနဲ့ အခြေခံ အဆောက်အဦးတွေမှာ တို့ကို ကျော်တက်နိုင်မယ့်နိုင်ငံ လက်တလော မရှိသေးဘူး။ ရှန်ဟိုင်းဆိုရင် အခြေခံ အဆောင်အဦး သဘောအရ ထိုင်ဝမ်နဲ့ တန်းတူရည်တူ ဖြစ်နေပြီ။ သူတို့ မရှိတာက အင်္ဂလိပ်စကားနဲ့ အကူအညီအဖွဲ့။ နောက် ဆယ့်ငါးနှစ်၊ အနှစ်နှစ်ဆယ်ဆိုရင် သူတို့ ဒါတွေ ရှိလာလိမ့်မယ်။ Shenzhen မှာလည်း ဒီအတိုင်းပဲ ဖြစ်နေတယ်။

ဟောင်ကောင် အလုပ်သမားဝန်ကြီးဌာနက အတွင်းရေးမှူးတစ်ယောက်က ငါနဲ့တွေ့တော့ မေးတယ် "ဘာ့ကြောင့် ကုန်ထုတ်လုပ်မှုကို ဆက်လုပ်နေတာလဲ" တဲ့။ ငါက ပြောတယ်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းကမှ လူတွေကို အလုပ်ပေးထားနိုင်တာ။ ခင်ဗျားတို့နိုင်ငံက ခင်ဗျားတို့ထက် ပစ္စည်းပိုကောင်းအောင် ထုတ်လုပ်ဖို့ အမြဲကြိုးစားနေတဲ့ နိုင်ငံတွေနဲ့ ဝိုင်းနေတာ။ ဒီမှာက စင်္ကာပူလူမျိုးတွေရဲ့ အရည်အချင်း၊ ပညာရေးနဲ့ လုပ်အားတွေမှာ ယှဉ်နိုင်တဲ့နိုင်ငံ သိပ်မရှိသေးဘူးလို့။

မေး ။     ။ နောက်ထပ်ဝေဖန်သံတစ်ခုကတော့ စင်္ကာပူရယ် မဟုတ်ပါဘူး။ အာရှတစ်တိုက်လုံးရဲ့ ထုတ်ကုန်တွေဟာ အနောက်နိုင်ငံက ဝယ်ယူသုံးစွဲစားသုံးသူတွေအပေါ် အလွန်အမင်း မှီခိုနေရခြင်းပါ။ အခု စီးပွားရေး အကျပ်အတည်းကာလမှာ အမေရိကန်တွေက အရင်လို ဝယ်ယူစားသုံး၊ သုံးစွဲမှုတွေ မလုပ်နိုင်ကြတော့ စင်္ကာပူရဲ့ စီးပွားရေးကို လာမထိဘူးလား။

ဖြေ ။    ။ ဒါဆိုရင် အခြေခံ သဘောတရားတွေဆီ ပြန်လှည့်ရအောင်။ ကမ္ဘာတစ်ခုလုံးဟာ စီးပွားရေးကယ်ဆယ်မှုတွေနဲ့ တော်တော်ကြီး အရုပ်ဆိုးအကျည်းတန်နေတယ်လို့ မင်းထင်သလား။ ထင်တဲ့အတိုင်းဆိုရင်တော့ ငါတို့လည်း ကိစ္စချောပြီ။ အမေရိကန်တွေက အဲ့သလို အဖြစ်မခံဘူး။ ဘာ့ကြောင့်လဲ သိလား။ သူတို့ကုမ္ပဏီ အကြီးစားကြီးတွေရဲ့ ရောင်းအားက ကမ္ဘာပေါ်မှာ (၅၀) ရာခိုင်နှုန်းကျော်ကျော် ရှိတယ်။

ငါက အဆိုးမြင်သမား မဟုတ်ဘူး။ ဒီပြဿနာ ဘယ်လောက်ဆက်ကြာနေဦးမလဲဆိုတာတော့ ငါ မသိဘူး။ တကယ်လို့ အမေရိကန် Federal Reserve က အကြီးအကဲ Ben Bernake သာ တွက်ကိန်း မှန်သွားမယ်ဆိုရင်၊ သူတို့ဘဏ်စာရင်းတွေလည်း ရှင်းပေးနိုင်မယ်ဆိုရင် ၂၀၁၀ - ခုလောက်ဆိုရင်တော့ အမေရိကန်ရဲ့ စီးပွားရေးနာလံထူနေလောက်ပြီ။ သူ့တွက်ကိန်း လွဲသွားမယ်ဆိုရင်တော့ ၂၀၁၂ - ၂၀၁၃ လောက်အထိ ကြာနေဦးမယ်။ အခု သူတို့အလုပ်သမားတွေရဲ့ အလုပ်တွေကို အကာအကွယ် ပေးနေကြတယ်။ ဂျပန်တွေလည်း အတူတူပဲ။

ဒါဆိုရင် အမေရိကန်တွေက စီးပွားရေးပုံစံပြောင်းပြီး ပြည်တွင်းက ကုန်ပစ္စည်းတွေပဲသုံး၊ ပြည်တွင်းမှာပဲ ဖြန့်ချိ လုပ်လာလိမ့်မယ် ထင်သလား။

မလုပ်ဘူး။ သူတို့ တွေ့ထားတဲ့နည်းပညာတွေက ကမ္ဘာကို ပြန့်နေပြီ။ တွေ့ထားတဲ့ နည်းပညာတွေကို ဖရီးထရိတ်သုံးပြီး ကမ္ဘာကို မဖြန့်နိုင်ဘူးဆိုရင်တော့ ပြိုင်ဘက်တွေက အခွင့်ကောင်းယူသွားမှာပေါ့။ သူတို့ အရှုံးနဲ့ ရင်ဆိုင်သွားရလိမ့်မယ်။

မေး ။     ။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက စီးပွားရေးအကျပ်ရိုက်နေတော့ အာရှထဲမှာထုတ်၊ အာရှထဲမှာ ဖြန့်ရောင်းတဲ့ Intra-Asian စီးပွားရေးက ပို အလုပ်ဖြစ်နိုင်တယ်လို့ လူတော်တော်များများ ပြောနေကြတယ်။ အင်ထရာ-အေးရှား စီးပွားရေးနဲ့ ပတ်သက်လို့ မစ္စတာလီ ဘယ်လို မြင်ပါသလဲ။ ဒီစနစ်က စိတ်လှုပ်ရှားစရာလို့ မထင်ဘူးလား။

ဖြေ ။    ။ အင်း ... ဒါက ငါတို့အတွက် အပိုဆုပေါ့။ ဒါပေမယ့် ငါတို့ အာရှတိုက်ရဲ့ ယေဘုယျ ဝယ်ယူစားသုံးသူတွေက သိပ် မချမ်းသာသလို လက်လည်း မဖွာကြဘူး။ တရုတ်လူမျိုးတွေဆို တို့ထက်ပိုပြီး ငွေစုသေးတယ်။ တို့က ဝင်ငွေရဲ့ ငါးဆယ်ရာခိုင်နှုန်းကို စုလာတာ ဆယ်စုနှစ် အတော်များနေပြီ။ ဒါ့ကြောင့် ဒီနေ့ တို့မှာ ငွေပိုရှိနေတာ။ တရုတ်တွေကျတော့ ပိုစုရတယ်။ သူတို့က စစ်ဖြစ်တာ၊ ရေကြီးတာ၊ အက်ဆီးဒင့် ဖြစ်တာ၊ ငလျင်လှုပ်တာ၊ အစာရေစာ ရှားပါးတာစတဲ့ ပြဿနာတွေကို သူတို့ကိုယ်တိုင် ရှင်းယူရတာ။

သူတို့ စိတ်နေစရိုတ်ကို သိရအောင် မင်းကို ပုံတစ်ခု ပြောပြမယ်။ ဂေါက်ရိုက်ရင်းနဲ့ ငါ့ရဲ့ ဘယ်ဘက်ပခုံးက သိပ်မကောင်းဘူးဖြစ်နေတုန်း ဝန်ကြီးတစ်ယောက်နဲ့ တရုတ်ပြည်ထဲ ငါ လျှောက်သွားနေမိတယ်။ ငါ ဂေါက်ရိုက်တာ ရပ်ထားကြောင်းပြောတော့ သူက ငါ့ပခုံးအနာပျောက်အောင် ဆရာတစ်ယောက် လွှတ်ပေးမယ်လို့ ပြောတယ်။

ဒါနဲ့ ငါက "နေပါစေ။ ကိစ္စ မရှိပါဘူး။ ဆရာဝန်က ပြောတယ်။ ဒီရောဂါက ပျောက်အောင် ကုသလို့ မရဘူး" လို့။ သူက ငါနဲ့အတူ လိုက်လာပြီး တရုတ်ဆရာတစ်ယောက် ငါ့ဆီ လွှတ်ပေးတယ်။ (အခု သူ မရှိတော့ ရှာဘူး) ဒါနဲ့ ငါ့ရုံးခန်းထဲက ထိုင်ခုံပေါ်မှာ နေ့တိုင်း (၄၅) မိနစ်ကြာအောင် အနှိပ်ခံတယ်။ ခြောက်ပတ်လောက်ကြာတော့ ငါ့ပခုံးက ကောင်းသွားတယ်ဗျာ။ ကဲ ... ဘာတတ်နိုင်သေးတုန်း။

ငါ ရောက်တုန်းက ရှန်ဟိုင်းမှာ ရေတွေ ကြီးနေတယ်။ ဒါနဲ့ ငါက "ဟိုက် ... ဒုက္ခအကြီးအကျယ်ပဲ။ အပြင်က အကူအညီတွေ ယူမှရမယ်" လို့ ပြောတော့ သူက ဆက်ပြောတယ်။ "အပြင်က အကူအညီ ... ဟုတ်လား။ သူတို့ ဘယ်တော့ ရောက်လာမှာလဲ။ ရောက်ရင်တောင် ရှန်ဟိုင်းမြို့ပေါ်ပဲ ရောက်မယ်။ ကျေးရွာတွေအထိ ရောက်အောင် ဘယ်လိုလုပ်မတုန်း" တဲ့။

သူပြောတာက တရုတ်ပြည်ထဲမှာ မြို့တိုင်းရွာတိုင်းမှာ အခြေခံ လိုအပ်တာတွေ သိမ်းဆည်းထားဖို့ ဂိုဒေါင်တွေ ရှိတယ်တဲ့။ ဆန်၊ ဆီ၊ ဆား၊ စောင်စတာတွေပေါ့ကွာ။ သဘာဝဘေးအန္တရာယ် ကြုံလာရင် သူတို့ဘာသာသူတို့ အထိုက်အလျောက် ဖြေရှင်းနိုင်ကြတယ်။ ပြီးတော့ သူက "သဘာဝဘေးအန္တရာယ်ကြုံတွေ့ရရင် အစိုးရဆီက အကူအညီက တချို့နေရာတွေအထိ ရောက်အောင် မပို့နိုင်ဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ ရှင်သန်ရေးအတွက် ကျွန်တော်တို့ဘာသာ ကြိုးစားပြင်ဆင်ထားရတာ" တဲ့။

တရုတ်တွေ ပိုက်ဆံရှိရင် ဘာလုပ်တယ် ထင်လဲ။ သူတို့က စုတာ။ စုလို့ မျိုးဆက်နှစ်ဆက်၊ သုံးဆက်အတွက် လုံလောက်ပြီဆိုရင်တော့ နောက်လူတွေက ဒီထက်ပိုပြီး သုံးချင်သုံးလာကြမှာပေါ့။ ဒါပေမယ့် လာမယ့် နှစ်သုံးဆယ်၊ နှစ်လေးဆယ်အတွင်း တရုတ်တွေဟာ အမေရိကန်တွေလို အသုံးစွဲ ကြီးလာလိမ့်မယ်လို့ မထင်မိဘူး။ သူတို့က စုမယ်။ အိမ်တွေ ဆောက်မယ်။ ကြာရင် မြတ်နိုးတဲ့ပစ္စည်းတွေ ဝယ်ထားမယ်။ သူတို့က သုံးတော့ သုံးမယ်။ ဒါပေမယ့် တကယ် လိုအပ်မှ သုံးမှာ။ ဒီတော့ တရုတ်ပြည်နဲ့ အိန္ဒိယဈေးကွက်ဆိုတာက တို့အတွက် အကန့်အသတ်နဲ့ပဲ ရှိတယ်။ အာဆီယံနိုင်ငံတွေမှာရှိတဲ့ တရုတ်လူမျိုးမဟုတ်တဲ့ လူမျိုးတွေက နည်းနည်း ပိုသုံးတယ်

မလေးရှားနဲ့ အင်ဒိုနီးရှားမှာရှိတဲ့ တရုတ်လူမျိုးတွေကို ကြည့်။ သူတို့က စုပဲစုနေတာ။ ဘာ့ကြောင့် စုနေကြတာလဲ။ သူတို့သမိုင်းကို သူတို့ သိကြလို့။ ဘေးအန္တရာယ်ကြုံလာပြီဆိုရင် သူတို့ အစိုးရတွေက ဘာမှ လုပ်မပေးဘူးလေ။ ဒါ့ကြောင့်ပဲ။


ဇင်ဝေသော်
Zin Wai Thaw

ဝါရှင်တန်ပို့(စ်)နှင့် ထေရဝါဒပို့(စ်)

ဤသုတေသနစာတမ်း ထွက်လာပြီးနောက် “သာသနာတော်ကြီးတော့ ကွယ်တော့မှာပဲ” ဟူသော နိမိတ်မရှိ၊ နမာမရှိ ဝေါဟာရကို သုံးစွဲရန် အလွန်ခံတွင်းတွေ့သော ပုဂ္ဂိုလ်တို့က ရှေးနည်းအတိုင်းပင် “ဒီနေ့ခေတ် ရဟန်းတော်တွေ အပ်၊ အပ်ချည်၊ ရေစစ်တွေ မဆောင်တော့ဘူး။ သာသနာတော်ကြီးတော့ ကွယ်တော့မှာပဲ” ဟု ပြောဆိုနေကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် အောက်ပါလင့်ကို နှိပ်ပါ ။
Read more
သို့သော် ဖေ့(စ်) ဘွတ် အွန်လိုင်း သုံးသူတို့သည် အလွန် အလုပ်များလျက်ရှိသောကြောင့် လင့်ကိုနှိပ်၍ ဖွင့်ကြည့်ရန် အချိန်မရနိုင်ပါက....

ဝါရှင်တန်ပို့စ်
ဝါရှင်တန် ပို့စ်က နောက်တောက်တောက် ဆောင်းပါးတစ်ပုဒ် ပါလာပါတယ်။
ဒိုင်နိုဆော၊ မျိုးတုန်း ပျောက်ကွယ်။ The Dinosaur. Extinct
မမ်မို့သ်၊ မျိုးတုန်း ပျောက်ကွယ်။ The Mammoth.Extinct
ဒိုဒို ၊ မျိုးတုန်း ပျောက်ကွယ်။ The Dodo. Extinct
မောက်စ်။ မျိုးတုန်း ပျောက်ကွယ်ရန် အကြီး အကျယ် အန္တရာယ် ရှိ။ The mouse. Endangered.
အိုင်ပက် ယဉ်ကျေးမှု ပညာရေးလောကမှာ ထွန်းကားလာတဲ့နောက် ၁၂ အောက် အမေရိက ကလေးတွေဟာ မောက်စ်ကို မသုံးကြရုံသာမက ဒါက ဘာလဲ လို့တောင် မေးကြပါသတဲ့။

ထေရဝါဒပို့(စ်)
ပရိက္ခရာ (၈) ပါး
၁။ သင်းပိုင် (အောက်ခံသင်္ကန်း) = အခြေအနေ ကောင်းဆဲ။
၂။ ဧကသီ (အပေါ်ရုံသင်္ကန်းကြီး) = အခြေအနေ ကောင်းဆဲ။
၃။ နှစ်ထပ်သင်္ကန်းကြီး = Endangered.
၎။ သပိတ် = Endangered (except in Burma and Thailand)
၅။ သင်တုန်းဓား = Extinct
၆။ ခါးပန်းကြိုး = Endangered
၇။ အပ်၊ အပ်ချည် = Extinct
၈။ ရေစစ် = Extinct
image source

၃။ နှစ်ထပ်သင်္ကန်းကြီး
နှစ်ထပ်သင်္ကန်းကြီးကား ပျောက်ကွယ်ရန် အလွန်နီးစပ်နေပြီဟု ပညာရှင်တို့ သုံးသပ်ကြသည်။ အဓိက အကြောင်းရင်းမှာ နှစ်ထပ်သင်္ကန်းကြီးကို ချမ်းအေးသော နေရာဒေသ၊ ရာသီဥတုတို့၌ လွှမ်းခြုံနိုင်ရန် ဘုရားရှင်က မဟာကရုဏာတော်ဖြင့် ဘော့နပ်(ခ်) ပေးတော်မူခဲ့သော ထူထဲသင်္ကန်းကြီး ဖြစ်ပြီး ယခု ဂလိုဘယ်က ဝမ်းမားသသထက် ဝမ်းမားလာနေရာ သိပ်မလိုအပ်တော့သည့် သဘောများ ရှိလာခြင်းကြောင့် ဖြစ်သည်။

ထိုနှစ်ထပ်သင်္ကန်းကြီးကို အစားထိုးဖို့ တာဆူနေကြသော ပရိက္ခရာများမှာ ထိုင်းနိုင်ငံမြောက်ပိုင်း၌ ကျည်ကာအတွင်းခံ (အံသကိုဋ်သဖွယ်) အင်္ကျီများနှင့် ရာသီဥတု အေးချမ်းသော နိုင်ငံများ၌ ပို၍ ကပ်ကပ်ရပ်ရပ် (ချပ်ချပ်ရပ်ရပ်) ရှိသော အနွေးထည်၊ ဆွယ်တာလက်ရှည်တို့ ဖြစ်ကြလေသည်။

မြန်မာပြည် ရဟန်းတော်များကမူ ပို၍ပို၍ ပူလာသော ရာသီဥတုကြောင့် နှစ်ထပ်သင်္ကန်းကြီးအစား “NO OIC” အမှတ်အသားပါသော ယပ်တောင်များကို အသုံးပြုရန် အကြိတ်အနယ် ညှိနှိုင်းနေကြသည်ဟု သိရသည်။

၎။ သပိတ်
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ လွဲလျှင် သပိတ်သည်လည်း ပျောက်ကွယ်လုနီးပါး အန္တရာယ်နှင့် ကြုံတွေ့နေရသည်။ သီရိလင်္ကာရဟန်းတော်များကဆိုလျှင် သပိတ်အစားထိုး လွယ်အိတ်ကြီးများ သုံးစွဲလာကြသည်မှာ ကာလအတန်ကြာပေပြီ။ ထိုလွယ်အိတ်ကြီးများက ကြီးလည်းကြီး၊ ဆန့်လည်း အလွန်ဆန့်သည်ဟု သိရသည်။ ကမ္ဘာသည် ရွာဖြစ်လာခဲ့ပြီး ထိုလွယ်အိတ် ယဉ်ကျေးမှုက မြန်မာရဟန်းတော်များ ကြားမှာလည်း ရေပန်းစားလျက် ရှိသည်။

မြန်မာပြည်မှာပင်လျှင် စာသင်တိုက်ကြီးများ မရှိလျှင် သပိတ်ပျောက်ကွယ်ခြင်း အန္တရာယ်က အလွန်နီးကပ်လျက် ရှိသည်ဟု သုတေသီတို့ မှတ်ချက်ပြုကြသည်။ မည်သို့ဖြစ်စေ (၂၁) ရာစု၌ ရှားပါး ပရိက္ခာရာ ဖြစ်လာသော “သပိတ်” ကို မြန်မာနှင့် ထိုင်းနိုင်ငံတို့တွင် တွေ့မြင်ရနိုင်ပါသေးသည်။

၅။ သင်တုန်းဓား
မင်းတုန်းမင်း နတ်ရွာစံပြီး နှစ်ပေါင်းတစ်ရာခန့်တွင် သင်တုန်းဓားများလည်း ပျောက်ကွယ်ခဲ့ရသည်ဟု သမိုင်းသုတေသီတို့က ဆိုသည်။ ယနေ့ခေတ် သာမဏေများက သင်တုန်းဓားကို မသုံးကြရုံသာမက သင်တုန်းဓားဖြင့် ခေါင်းရိတ်ပေးမည်ဆိုလျှင် ထွက်ပြေးကြသည်ဟု ဆို၏။ ဤမှာ “ကျန်ကျောင်း” တရုတ် ဇာတ်မျောများ၏ လွှမ်းမိုးမှုကြောင့် ဖြစ်တန်ရာသည်ဟု ကောက်ချက်ချကြသည်။

သင်တုန်းဓား တုန်းသွားသော်လည်း ခေါင်းကို မတုန်း၍ကား မရ။ ထို့ကြောင့် ယနေ့ခေတ်၌ ဂျီလက်၊ တာဘိုစသော ပရိက္ခရာများကို သင်တုန်းဓားအစားထိုး သယ်ဆောင်လာကြရလေသည်။

၆။ ခါးပန်းကြိုး
ငယ်စဉ်ကတည်းက ဝတ်ခဲ့ကြသော ငယ်ဖြူရဟန်းတော်များကြားတွင် ခါးပန်းကြိုး သုံးစွဲသူ ရဟန်းတော် အလွန်နည်းပါးလာပြီ ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ခါးပန်းကြိုး ပရိက္ခရာ ကွယ်ပျောက်ရန် အချက်ပေးသံကို ကြားရသည်။ သင်းပိုင်ကို ကျွမ်းကျင်စွာ ဝတ်တတ်သော ငယ်ဖြူရဟန်းတော်တို့က ပွဲလမ်းသဘင်များမှလွဲ၍ ဤပရိက္ခရာကို သိပ် မသုံးစွဲကြတော့။ အကြောင်းကား သင်းပိုင်ဝတ်ခြင်း၌ အိတ်စပတ်များ ဖြစ်နေကြသောကြောင့် ဖြစ်သည်။

ပျောက်ကွယ်ရန် အန္တရာယ်ရှိနေပြီဟု ဆိုနိုင်သော်လည်း စိုးရိမ်စရာ အနေအထားတော့ မဟုတ်သေးဟု သိရသညည်။

၇။ အပ်နှင့် အပ်ချည်
ဤပရိက္ခရာကား လုံးဝ ပျောက်ကွယ်ခဲ့ပြီး ဖြစ်သည်။ အပ်ကို အပ်နှင့်တူသော (အပ်ထက် အရွယ်ပမာဏကြီးသော) အီလက်ထရောနစ် ဘောပင်လေးက နေရာယူထားပြီး အပ်ချည်နေရာကို တတ်ချင်းစခရိန်း (Touching screen) က နေရာယူနေပြီ ဖြစ်သည်။

ချုပ်ရိုးခိုင်မာသော သင်္ကန်းများ ပေါ်လာသည့်နောက် အပ်နှင့်  အပ်ချည်ကို သယ်ယူနေစရာ မလိုတော့သောကြောင့် အပ်နှင့် အပ်ချည်ပရိက္ခရာအစား အိုင်းပတ်များကိုသာ အစားထိုး သယ်ဆောင်ကြတော့သည်။ ထိုပစ္စည်းများ ပါခြင်းဖြင့် မိမိဘယ်မှာ ရောက်နေသည်၊ ရောက်ဖူးသည်၊ ရောက်ခဲ့သည်၊ သာသနာရေးကိစ္စ ဘာတွေ လုပ်နေသည်စသော အင်ဖိုတို့ကို မိနစ်နှင့်အမျှ ဒကာ၊ ဒကာမတို့ကို အသိပေးနိုင်ကြသည်။ သာဓုခေါ်နိုင်ကြသည်။

၈။ ရေစစ်
ဤပရိက္ခရာလည်း ကွယ်ပျောက်ခဲ့ပြီး ဖြစ်သည်။ ရေသန့်ဗူးများ ပေါ်ပေါက်လာသည့်နောက် ထိုဗူးများထဲတွင် ပါဝင်သော ရေက သန့်သည်ဖြစ်စေ၊ မသန့်သည်ဖြစ်စေ ရေစစ်ဖြင့်စစ်ပြီး သုံးဆောင်ရန် မလိုအပ်တော့ပေ။

မလိုအပ်သော ရေစစ်ကို သယ်မည့်အစား လိုအပ်သော နိမ်းကတ်များကိုသာ သယ်ဆောင် တတ်ကြတော့သည်။

စာကြွင်း (၁)
ဤမှတ်တမ်းကို “ပရိက္ခရာရှစ်ပါး စောင့်ရှောက်သယ်ဆောင်ရေးအဖွဲ့” ထံမှ ရယူခဲ့ပါသည်။ ထိုအဖွဲ့၌ အမှန်တကယ် သာသနာ့တာဝန် ထမ်းဆောင်နေကြသော ပြည်တွင်း၊ ပြည်ပ ရဟန်းတော်တစ်ပါးမှ မပါ၊ပရိက္ခရာရှစ်ပါးတွင် ရေစစ်ဟုခေါ်သော်လည်း ရေစစ်မရသော ဒန်ခွက်၊ ပလပ်စတစ် ခေါင်းရိတ်ဓား ( ဆံပင်မဆိုထားနှင့် ကြက်ဥပြုတ်ကိုပင် ခွဲ၍မရသော ) တို့ကို ရောင်းချတတ်သော သင်္ကန်းဆိုင် အချို့နှင့် လူပုဂ္ဂိုလ်များ စုပေါင်းထားသော အဖွဲ့ဖြစ်သည် ဟု  သိရသည်။ ထိုအဖွဲ့ဝင်ဖြစ်ရန် လိုအပ်ချက်သည် …
၁။ ဂလိုဘယ်လ်ဒေသန္တရဗဟုသုတမရှိသေးသူ ဖြစ်ရမည်
၂။ လူပုဂ္ဂိုလ်ပင်ဖြစ်စေ ရဟန်းဝိနည်းကို တတ်ယောင်ကား လုပ်တတ်ရမည် … တို့ ဖြစ်လေသည်။

စာကြွင်း (၂)
ဤသုတေသနစာတမ်း ထွက်လာပြီးနောက် “သာသနာတော်ကြီးတော့ ကွယ်တော့မှာပဲ” ဟူသော နိမိတ်မရှိ၊ နမမရှိ ဝေါဟာရကို သုံးစွဲရန် အလွန်ခံတွင်းတွေ့သော ပုဂ္ဂိုလ်တို့က ရှေးနည်းအတိုင်းပင် “ဒီနေ့ခေတ် ရဟန်းတော်တွေ အပ်၊ အပ်ချည်၊ ရေစစ်တွေ မဆောင်တော့ဘူး။ သာသနာတော်ကြီးတော့ ကွယ်တော့မှာပဲ” ဟု ပြောဆိုနေကြကြောင်း သိရသည်။

တချိန်တည်းမှာပင် ပြည်တွင်း၊ ပြည်ပ သာသနာပြုနေကြသော ရဟန်းတော်များကလည်း " နိမိတ်မရှိသော စကားကို အလွန်ပြောတတ်သော ပါးစပ်တို့ ဖြစ်ကြသည်။  ရေစစ်မဆောင်သဖြင့် ရေစစ်သာ ကွယ်မည်၊ ဘယ်ကလာ သာသနာကွယ်ရမည်နည်း။ သာသနာမဆောင်မှ သာသနာကွယ်မည်။ သာသနာဆောင်နေသရွေ့ အပ်နှင့် အပ်ချည်မဆောင်လည်း သာသနာ မကွယ်နိုင်” သဘာဝကျသော စကားတို့ဖြင့် တရားချပြတတ်ကြသည်ဟု သိရသည်။

မည်သို့ဆိုစေ “သာသနာ ကွယ်လိမ့်မည်” ဟု ပြောရန် အလွန်စိတ်အား ထက်သန်ကြသော လူပုဂ္ဂိုလ်တချို့ကမူ တစ်သက်လုံးက ပြောလာတာ၊ အခုမှတော့ မရပ်နိုင်၊ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ပြောတော့ ပြောရပေမည်ဟု ချေပကြသည်။

စာကြွင်း (၃)
သီရိလင်္ကာ၌ သပိတ်များ မသုံးကြတော့သဖြင့် အစိုးရကို မကျေနပ်က သပိတ်မှောက်စရာ မရှိတော့။ မှောက်မယ်မှောက် လွယ်အိပ်ကိုသာ မှောက်ရမည်။ လွယ်အိပ်ကလည်း မှောက်ရန်ရသော ပစ္စည်းမဟုတ်၊ ထို့ကြောင့် သပိတ်ကို မသုံးရင်သာနေ၊ ကျောင်းမှာတော့ ဆောင်ထားသင့်သည်ဟု အဆိုပြုသူ ရဟန်းတော်များ ရှိကြသည်။

ထိုင်း၊ အထူးသဖြင့် မြန်မာရဟန်းတော်များကမူ သပိတ်များ ရှိသဖြင့် အစိုးရက သာသနာနှင့် မလျော်သော ဥပဒေများ ကျင့်သုံးလျှင် သပိတ်မှောက်ရန် အခက်အခဲ မရှိကြပေ။ မှောက်လည်း မှောက်တော် မူကြ၏။ ထိုသပိတ်မှောက်မှု့ကြောင့် သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံတော်မူကြသော ဆရာတော်အချို့ပင် ထောင်သွင်း၊ အကျဉ်းချခြင်း ခံတော်မူကြရသည်ဟု ဝမ်းနည်းဖွယ် သတင်းကြားသိရသည်။

သပိတ်မှောက်ခြင်းကို ပါဠိလို ပတ္တနိက္ကုဇ္ဇနဟု ခေါ်ကြောင်း သိရသည်။
(ထေရဝါဒပို့ (စ်)၊  ၁၃၇၄ ခုနှစ် ၊ သီတင်းကျွတ်လဆန်း ၅ ရက်၊ စနေနေ့)


သီဟနာဒ

အလွမ်းပြေ

ရိုးသားမှု
မေး ။  ။ ရိုးသားမှုကို ငွေပေးဝယ်လို့ မရဘူး ဆိုတာကို လက်ခံပါသလား။
ဖြေ ။  ။ လက်ခံပါတယ်။
မေး ။  ။ ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ ။  ။ ရောင်းတဲ့လူ မရှိလို့ပါ။
မေး ။  ။ ဘာလို့  ရောင်းတဲ့လူ မရှိတာလို့ ထင်ပါသလဲ။
ဖြေ ။  ။ ရိုးသားမှုကို ရောင်းရင် ပုံမှန်ဝင်ငွေလည်း မရှိနိုင်လောက်ဘူး လေ။

အနားသတ် မျဉ်း
" အုတ် က မာတယ် "
" ကျောက်က  မာတယ် "
လူ နှစ်ယောက် ငြင်းခုံနေကြတာ။ သူတို့  ငြင်းခုံနေစဉ် နောက်ထပ် လူ နှစ်ယောက် ရောက်လာပြန်တယ်။
" ဘာတွေ  ငြင်းခုံနေကြတာလဲ ဗျ "
" အုတ် နဲ့  ကျောက် ဘယ်ဟာကပိုမာသလဲ  ငြင်းခုံနေကြတာပါ "
နောက်ထပ် ရောက်လာတဲ့ လူ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်တယ်။
ပြီးတော့ သူတို့ ခေါင်းမှာရှိတဲ့ " ဖု " တွေကို ကိုယ်စီ စမ်းကြည့်ရင်း
" အုတ် ရယ် ကျောက်ရယ် မဟုတ်ပါဘူးဗျာ။ ကိုယ့်ခေါင်းပေါ် ကျလာတဲ့ အရာတိုင်း မာကျောတာချည်းပါပဲ " တဲ့။
ပြိုင်တူဖြေချလိုက်ကြတယ်။


ကျနော်ချစ်ခင်လေးစားတဲ့ စာရေးဆရာတစ်ယောက်ရဲ့ စာတွေကို လွမ်းလို့
အလွမ်းပြေ ဝတ္ထုတိုလေးတွေ ( သူ့စကားအတိုင်း ) ရေးကြည့်တာပါ။
ကျနော်လည်း လေးကြောင်း၊ ခြောက်ကြောင်းပါ ဒိုင်ယာလော့ တွေကို ဝတ္ထုတို လို့ ခေါ်ချင်ပါတယ်။
စာဖတ်သူ အလွမ်းပြေ မပြေက ကျနော့် ညံ့ဖျင်းမှု အားနဲ့ပဲ ဆိုင်ပါတယ်။


လေးစားလျက်
ဇင်ဝေသော်

ပြန်ချင်တဲ့ ကွန်မင့်များ ( ၄ )

" ယန္တယား တခုလုံးကို စီးပွားေ၇း တွက် တွက် ထားတဲ့ စင်ကာပူ... "

ဒီကွန်မင့်လေးကိုကြည်ပြီး ပြုံးမိပါတယ်။ ဒါနဲ့ ပတ်သက်လို့ ( ဦး ) သီဟနာဒ မိန့်တာလေးကို ပြန်ဝေလိုက်ပါတယ်။

" ငါ ရောက်တော့ ဒီကျောင်းရဲ့ အရောင်က အစိမ်းရာင်ကြီးကွ၊ ဒါနဲ့ ငါက စပြီးဝေဖန်တာ၊ အရှေ့အလယ်ပိုင်း ရောက်နေရသလို ပဲ လို့။
ကျောင်းရဲ့ နှစ် ၅၀ ပြည့်ပွဲလုပ်တော့မယ်ဆိုတော့ ကျောင်းကို ဘာအရောင်သုတ်ရင် ကောင်းမလဲ လို့ အရင် စဉ်းစားရတာပေါ့။ ဒီဇိုင်နာ သုံးယောက်နဲ့ တွေ့ပြီးလည်း ဆွေးနွေးကြည့်တယ်။ နောက်ဆုံး ဘာသာရေးနဲ့ လိုက်ဖက်တဲ့ အခုရှိတဲ့ အရောင်ပဲ သုတ်မယ်ဆိုပြီး ကျောင်း ဥက္ကဋ္ဌ နဲ့ တိုင်ပင်ကြည့်လိုက်တယ်။

ဒီလူက ဘန္တေ၊ ကောင်းတယ်။ အရင် အရောင်ပဲ ထပ်သုတ်ရင်တော့ ငွေလှူထားတဲ့ လူတွေက ဘာမှလည်း မထူးဘူးလို့ ပြောကြလိမ့်မယ် တဲ့။

ငါ့မှာ ပရော်ဖက်ရှင်တွေနဲ့ အမြင်တွေ၊ လိုက်ဖက်မယ့် အရောင်တွေ စဉ်းစားလိုက်ရတာ၊ သူကတော့ လွယ်လွယ်လေး၊ အရင် အရောင် မဟုတ်ရင် အလှူရှင် ကွန်ပလိန်း မတက်တော့ဘူး တဲ့။
အဲဒါ စလုံး အများစုရဲ့ သဘောထားပဲ "

" ယန္တယား တခုလုံးကို စီးပွားရေး တွက် တွက် ထားတဲ့ စင်ကာပူ... "
အဲသလိုတော့ မပြောချင်ပါဘူး။ ဒါပေမယ့် တော်တော် များများ ကြုံရတာကတော့ အဲသလိုလို ပဲ။


လေးစားလျက်
ဇင်ဝေသော်

စီးပွါးရေး ပဉ္စလက် ( ၂ )

မေး ။     ။ SME တွေဖက်ကထွက်လာတဲ့ ဝေဖန်သံက အခွင့်အရေးအညီအမျှပေးမှုနဲ့ ပတ်သက်ပါတယ်။ အစိုးရရဲ့သဘောက MNC တွေကို ရေရှည်အတွက် ရည်ရွယ်ပြီး ပိုအခွင့်အရေးပေးနေတယ်။ သူတို့ကိုလည်း အဲသလို အခွင့်အရေးပေးရင် သူတို့လည်း ဝင်ပြိုင်နိုင်တယ်။ အနည်းဆုံး ပိုတော့အားကောင်းလာနိုင်တယ် ဆိုတာမျိုးပါ။ သူတို့အနေနဲ့ ကိုကာကိုလာတို့၊ ဆမ်ဆောင်းတို့ကိုတော့ မယှဉ်နိုင်ပါဘူး။ ဒါပေမယ့် ဒီလောက်မကြီးတဲ့ ကုမ္ပဏီတွေအနေနဲ့ အာရှထဲမှာတော့ဝင်ပြီး ဈေးကစားနိုင်တယ်ဆိုတာမျိုးတွေ ပြောဆိုနေကြပါတယ်။

ဖြေ ။    ။။ SME တွေဟာ အများအားဖြင့် MNC တွေကို ဖြည့်ဆည်းပေးရတဲ့ နေရာကရှိတာပါ။ ဒီတော့ MNC တွေ နိုင်ငံခြားကို ထွက်သွားပြီဆိုရင် သူတို့လည်း လိုက်သွားကြတယ်။ SME တွေက MNC တွေ မထုတ်လုပ်ချင်တဲ့ ပစ္စည်းတွေကိုပဲ ထုတ်လုပ်ကြရတယ်။ အဲဒီ MNC တွေက ငါတို့ SME တွေရဲ့ ကုန်ထုတ်မှုအားကို အရေးထားစဉ်းစားတယ်။

မယုံရင် ကြည့်။ အစပိုင်းတို့က ကုန်ထုတ်လုပ်မှု လုံးဝမရှိဘူး။ ဘယ်ကုန်သည်ပွဲစားကမှ ထုတ်လုပ်ရေးကို စိတ်မဝင်စားဘူး။ ဒါကြောင့် DBS ဘဏ်ကို ထောင်ခဲ့ရတာ(Development Bank of Singapore) ။ ဒီဘဏ်က ကုန်သည်တွေကို ငွေထုတ်မချေးချင်ဘူး။ ဘာကြောင့်လဲ၊ ကုန်သည်တွေက ကုန်ထုတ်လုပ်မှုအကြောင်းမသိလို့။

ဒီစနစ် အလုပ်ဖြစ်ခဲ့သလား။ ဟုတ်ပြီ၊ တို့မှာ NatSteel ရှိလာတယ်။ ကဲ ဒါနဲ့ ဘယ်လိုစခန်းဆက်သွားမလဲ။ ကုန်ကြမ်းတွေဝယ်ပြီး ပစ္စည်းအချောလုပ်။ ဟုတ်ပြီ။ ပစ္စည်းတွေက ဘာအတွက်ရည်စူးပြီးထုတ်မှာလဲ။ ဆောက်လုပ်ရေးအတွက်။ ပြီးတော့ ဘာရှိသေးသလဲ။

တို့ထုတ်လုပ်မှုက ကိုရီးယားနဲ့ဂျပန်က သံနဲ့ စတီး(လ်) ထုတ်လုပ်နေမှုကို ယှဉ်ပြိုင်နိုင်ကြပါ့မလား။ တရုတ်ဆိုရင်အခု သံထည်၊ စတီး(လ်) ထည်နဲ့ပတ်သက်လို့ အများဆုံးထုတ်လုပ်နေတဲ့နိုင်ငံပဲ။

ဂျပန်မှာဆိုရင်လည်း အဆင့်မြင့်နည်းပညာနဲ့ စတီး(လ်) စက်ရုံကြီးတွေ အများကြီးရှိတယ်။ လေထုညစ်ညမ်းမှုကလည်း အတော်ဆိုးမယ့် ပြဿနာပဲ။

ပါ့(သ်) (Perth) မှာရှိတဲ့ သံတူးဖော်ရေးမိုင်းတွင်းတွေဆီ ငါရောက်ဖူးတယ်။ အဲဒီမှာ သြစတေးလျလူမျိုး သံမိုင်းတွင်းပိုင်ရှင်က Ubin (သို့) Tekong မှာ စတေရှင်တစ်ခု ဆောက်ချင်တယ်။ ပစ္စည်းသယ်ယူပို့ဆောင်ဖို့ စရိတ်သက်သာအောင်လို့။ တစ်ချက်ပဲ ငါကြည့်လိုက်ရတယ်။ မဖြစ်ဘူး၊ ဒီအတိုင်းသာဆိုရင်တော့ ငါတို့ချန်ဂီ(လေဆိပ်) တစ်ခုလုံး မီးခိုးတွေဖုံးနေတာနဲ့ ဘာမှမြင်ရမှာ မဟုတ်တော့ဘူးလို့ စဉ်းစားမိတယ်။

တို့အားလုံးကို လေ့လာကြည့်ပြီးသား။ မော်တော်ကားထုတ်ကြမလား။ မော်တော်ကားထုတ်ဖို့ ပြင်ဆင်ကြည့်ကြတယ်။ ရေခဲသေတ္တာ၊ အဲယားကွန်းတွေ ထုတ်ဖို့စိတ်ကူးကြတယ်။ ဒါဆို ငါတို့က ဂျပန်တွေလောက် ကောင်းအောင်လုပ်နိုင်ကြပါ့မလား။ ဒီရီမုတ်ကွန်ထရိုးလေးကိုပဲကြည့်။ သူတို့ထွင်ထားတဲ့ စပိ(ဒ်) က သိပ်မြန်တယ်။ နှိပ်လိုက်၊ ချက်ချင်းပန်ကာလည်ပတ်မှုနှုန်းက တက်လိုက်ကျလိုက်ဖြစ်သွားတာ။ မင်းဒီလို လုပ်နိုင်လောက်ပါ့မလား။

မလုပ်နိုင်ဘူး။ မယုံရင် ငါတို့ Creative အခု ဒုက္ခရောက်နေတာကို ကြည့်။
Yeo Hiap Sen (အဖျော်ယမကာလုပ်ငန်း) တရုတ်ပြည်ကိုသွားတယ်။ သူတော်တော်လေး အကြပ်ရိုက်ခဲ့တယ်။ သူတို့က ပြောတယ်။ “ အော် မင်းတို့က ပန်းပေါင်းစုံ လဘက်ရည်ကို ဒီလိုထုတ်လုပ်သလား။ တို့က ဒီထက်ကောင်းအောင်လုပ်ပြမယ်လို့ ပြောတယ်။ ပြီးတော့ Yeo က ပန်းပေါင်းစုံ လဘက်ရည်ထုတ်ပြီး တရုတ်ပြည်ကိုပို့တော့ ကုန်ကျစရိတ်က အများကြီးပိုတက်သွားရော။ ကဲ ပြိုင်နိုင်သေးလား။ ဘယ်မှာလဲ ငါတို့ရဲ့ R & D။ မရဘူး။ လက်တွေ့ကျကျ မြင်ကြည့်ရအောင်ပါ။

မေး ။     ။ မစ္စတာလီပြောတာနဲ့ ကျွန်တော်တို့ စိတ်ပျက်ကုန်ပြီ။

ဖြေ ။    ။ ငါတော့ စိတ်မပျက်ဘူး။ ငါက လက်တွေ့ကျတယ်။ ငါပြောတာက ဒါတွေကတော့ ငါတို့အရည်အချင်း။ ဒါတွေက ငါတို့ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ။ တို့မှာရှိတဲ့စွမ်းရည်၊ စွမ်းအားတွေ အကုန်ထုတ်ပြီး အကောင်းဆုံးကြိုးစား။ တို့ဘဝတွေ ပုံပျက်ပန်းပျက်ဖြစ်မသွားနိုင်ဘူး။ လက်တွေ့ကျကျမြင်ကြည့်ပါ။

မေး ။     ။ အိုကေ၊ ကုန်ထုတ်လုပ်မှုမှာ ကမ္ဘာ့ရှေ့တန်းကိုရောက်ဖို လိုအပ်ချက်တွေ ကျွန်တော်တို့မှာ မရှိဘူး။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ အားသာချက်က ဘာလဲ။ အားလုံးကိုခြုံကြည့်ရင် အခြေခံအဆောက်အဦ ခိုင်မာတယ်။ တရားဥပဒေ စိုးမိုးတယ်။ အစိုးရမှာ တိကျတဲ့မူဝါဒတွေရှိတယ်။ ဒါတွေနဲ့တင် စင်ကာပူရှေ့ခရီးအတွက် လုံလောက်ပြီလား။
ဖြေ ။    ။ ဒါတွေမှ မရှိဘူးဆိုပါတော့၊ တို့ဘာဖြစ်သွားမလဲ။

မေး ။     ။ မှန်ပါတယ်။ ဒီအရည်အသွေးသုံးခုနဲ့တင် လုံလောက်ပြီလား။

ဖြေ ။    ။ ဒီသုံးခုက ငါတို့နဲ့ ငါတို့အိမ်နီးချင်းနိုင်ငံတွေကို ခွဲခြားပေးတာပဲ။ အရင်ဆုံး စင်ကာပူအတွက် ငါစဉ်းစားခဲ့တာက- တို့စင်ကာပူဟာ သဘာဝအရင်းအမြစ်ပိုရှိ၊ လူသားအရငင်းအမြစ်ပိုရှိ၊ နိုင်ငံပိုကျယ်ဝန်းတဲ့ အိမ်နီးချင်းတွေနဲ့ ဘယ်လို အားပြိုင်ရမလဲ- ဆိုတာပဲ။ တို့က သင်္ဘောဆိပ်ကမ်းမြို့ဆိုတော့ တို့စီးပွါးရေးအတွက် သူတို့ကို မှီခိုနေရတယ်။ ဒီပြဿနာက အထပ်ထပ်စဉ်းစား၊ နောက်ပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးပြီး သူတို့နဲ့မတူအောင် လုပ်မှရတော့မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အိမ်နီးချင်းတွေနဲ့ မတူအောင်လုပ်နိုင်မှကို ရမယ်။ နို့မို့တော့ ကိစ္စချောသွားမယ်။

ကဲ ဒါဆို ဘယ်လိုမတူအောင် ငါတို့လုပ်ခဲ့ကြသလဲ။
သူတို့က သိပ်ပြီးမသန့်ရှင်းဘူး။ ဒါနဲ့ တို့က သန့်ရှင်းအောင်လုပ်တယ်။ သူတို့ ဥပဒေက မတည်ငြိမ်ဘူး။ တို့က တသမတ်တည်းသွားတယ်။ တစ်ခုခုကို ငါတို့က သဘောတူဆုံးဖြတ်ပြီးပြီဆိုရင် အဲဒီအတိုင်းပဲ မပြောင်းဘူး။ ဒီတော့ ရင်းနှီးမြှုပ်နှံသူတွေက ငါတို့ကို ယုံကြည်စိတ်ချလာကြတယ်။ ကမ္ဘာ့အဆင့် အခြေခံ အဆောက်အဦ၊ ကမ္ဘာ့အဆင့်မီ ကူညီထောက်ပံ့တဲ့အဖွဲ့၊ အင်္ဂလိပ်လို ကောင်းကောင်းပြောနိုင်တဲ့လူထု၊ ဒါတွေပဲ ရှိတယ်။

လေကြောင်း၊ ရေကြောင်း ကေဘယ်ဆက်သွယ်ရေးတွေ ကောင်းတယ်။ အခုဆိုရင် အင်တာနက်။ ဒါတွေကြောင့် စင်ကာပူဟာ အိမ်နီးချင်းတွေနဲ့ မတူခြားနားတဲ့ နေရာလေးဖြစ်နေတယ်။

မင်း ဘန်ကောက်မှာသွားပြီး အလုပ်လုပ်မလား။ ကွာလာလမ်ပူမှာ လုပ်မလား။ ဂျကာတာ၊ မနီလာ မှာ လုပ်မှာလား။ မင်းမှာ တန်ဖိုးကြီးပစ္စည်းပါလာတယ်။ အဲဒီ ပစ္စည်း လေဆိပ်ထဲ ဘယ်သွားထားမလဲ။

ဂျူရောင်းကျွန်း (Jurong Island) ကိုကြည့်။ တို့က မြေမရှိဘူး။ ဒါနဲ့ အဲဒီကျွန်းတွေကို မြေဖို့ပြီး ဆက်ပစ်လိုက်တယ်။ အခု အဲဒီမှာ ရေနံသိုလှောင်ဖို့ လှိုဏ်တူးတော့မယ်။ ဘာကြောင့်လဲ။ တို့နိုင်ငံက လုံခြုံစိတ်ချရတဲ့ နေရာဖြစ်နေလို့။ ဒီမှာ ဥပဒေရှိတယ်။ တို့က တို့ပြောတဲ့စကားကို ဘယ်တော့မှ မသွေဖည်ဘူး။ ဒီလို တည်ငြိမ်အေးချမ်းမှုကို ဆက်ထိန်းထားမယ်။ လူတွေက ငါတို့ကိုယုံကြည် စိတ်ချနေရမယ်။

တရုတ်ပြည်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်မလား။ တရုတ်လူမျိုး ငါးဆယ်ရာနှုန်းပါမှ မင်းလုပ်လို့ရမယ်။ ဒီမှာ သူတို့ဘာသာ သူတို့လုပ်ခွင့်ရတယ်။ Exxon Mobil ဆိုရင် နောက်ထပ် လေးဘီလီယံ ထပ်ပြီးရင်းနှီးမြှုပ်နှံတယ်။ သူတို့ကုမ္ပဏီရဲ့ စီအီးအို Rex Tillerson က သူ့ရဲ့ ဘုတ်အဖွဲ့တစ်ဖွဲ့လုံး လေ့လာနိုင်ဖို့ ဒီိကိုခေါ်လာပြီးပြတယ်။ သူ့ဘုတ်အဖွဲ့နဲ့တွေ့ဆုံဖို့ ငါ့ကိုဖိတ်ဦးမယ်။ ဘာအတွက် သူတို့နဲ့ ငါ့ကိုတွေ့စေချင်တာလဲ။ သူ့ဆုံးဖြတ်ချက် မှန်တယ်ဆိုတာ သူ့အဖွဲ့ကို သိစေချင်လို့။

ဒီလိုပုံစံမျိုး စင်ကာပူကို ထပ်လုပ်ယူဖို့ မလွယ်တော့ဘူး။ ဒီစင်ကာပူကို ဖျက်ဆီးပစ်လိုက်တဲ့နောက် ဒီပုံစံမျိုးရအောင်ထပ်ပြီး တည်ဆောက်ဖို့ ဘယ်တော့မှ မဖြစ်နိုင်တော့ဘူး။

မေး ။     ။ R & D က နိုင်ငံတစ်နိုင်ငံ ဖွံဖြိုးတိုးတက်ရေးမှာ အခရာကျတယ်လို့ ပြောခဲ့တယ်နော်။
ဖြေ ။    ။ ဟုတ်တယ်။

မေး ။     ။ ပြီးတော့ စင်ကာပူအတွက် အခွင့်အလမ်းရှိတဲ့ ရွေးချယ်မှုအနေနဲ့ မစ္စတာလီ ဘေးဖယ်ထားခဲ့တာက-
ဖြေ ။    ။ ကုန်ပစ္စည်းထုတ်လုပ်မှု။

မေး ။     ။ ဒီစကားနဲ့ လက်ရှိအစိုးရ ကြိုးစားလုပ်ဆောင်နေတာတွေက ဆက်စပ်လို့မရသလိုပဲ။ အစိုးရက R & D မှာ အလေးပေးပြီး လုပ်ဆောင်နေတယ်။ လတ်တလော သုတေသနတွေ့ရှိချက်အရ ဒီနယ်ပယ်မှာ စင်ကာပူက ထိပ်မှာရောက်နေတယ်။ ကျွန်တော် စဉ်းစားမိတာက ကျွန်တော်တို့ ဘာ R & D ကို အလေးထားပြီး လုပ်ဆောင်သွားမယ်ဆိုရင် ကျွန်တော်တို့ SME တွေလည်း ပိုအားကောင်းလာပြီး စင်ကာပူပိုင်ကုမ္ပဏီကြီးတွေလည်း ……။

ဖြေ ။    ။ သုတေသနလုပ်မယ့် ဦးနှောက်တွေ တို့ဆီဘယ်မှာရှိနေလို့လဲ။ တစ်ခါက ဒတ်(ခ်ျ) အီလက်ထရောနစ်ကုမ္ပဏီ R & D ဌာနက အကြီးအကဲ ဖီးလစ်(ပ်) နဲ့ စကားပြောခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်၊ အနှစ် (၂၀) လောက်က သူရောက်လာပြီးပြောတာ ငါတစ်သက်လုံး မေ့မှာမဟုတ်ဘူး။ သူပြောတာက သုတေသနလုပ်မယ်ဆိုရင် ကိုယ်လိုချင်တာရအောင် ဘယ်လောက်အခက်အခဲရှိရှိ ကြိုးစားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်အပြည့်နဲ့ ခေါင်းတွေလိုတယ်တဲ့။

ဒီလိုလုပ်နိုင်တဲ့ စင်ကာပူရီးယန်း မင်းတွေ့ဖူးလား။ သူ့မိဘတွေ ၊ ညီအစ်ကို မောင်နှမတွေက စီးပွါးရေးလုပ်နေကြ၊ သူက သူတို့လောက် ပိုက်ဆံဝင်နိုင်မလား။ တချို့ဆရာဝန်တွေ၊ ရှေ့နေတွေက သူတို့ကလေးတွေကို ပြောကြတယ်။ “ မင်းက သုတေသနလုပ်နေတာဆို၊ ဘာအတွက် လုပ်နေတာလဲ” တဲ့။ ဒီလို စိတ်နေစိတ်ထားတွေကြားမှာ Pfizer လို၊ Merck လို၊ Glaxo Smith Kline တွေ ရှာတွေ့နိုင်မလား။ သူတို့အတွက် သုတေသနလုပ်နေကြတာတွေက ကမ္ဘာအနှံ့အပြားမှာ သောင်းပေါင်းများစွာ ရှိတယ်။

ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Novartis ရဲ့ အကြီးအကဲ ဆွစ်လူမျိုးတစ်ယောက်ကိုလည်း တွေ့ဖူးတယ်။ သူက စင်ကာပူအပေါ်မှာ သိပ်ယုံကြည်မှုရှိတယ်။ ငါက သူ့ကို “ ကျွန်တော်တို့ အခု R & D လုပ်တော့မလို့” လို့ဆိုတော့ သူက “ သိပ်မလွယ်ဘူး။ အရည်အချင်းရှိတဲ့လူတွေ အများကြီးလိုတယ်။ ဆွစ်ဇာလန်၊ ဘော့စတွနှ်မှာ ကျွန်တော်တို့ R & D ဌာနရှိတယ်။ အဲဒီမှာ တက္ကသိုလ်ခြောက်ခု၊ ခုနှစ်ခုလောက်နဲ့ ပူးပေါင်းထားရတာ” တဲ့။ ဆိုလိုတာက အရည်အချင်းကိုတော့ ဘော့စတွန်ကနေတင် ယူတာမဟုတ်ဘူး။ အဲဒီ ဒေသတွင်းမှာရှိတဲ့ သုတေသနလုပ်၊ သင်ကြားရေးလုပ်နေတဲ့ ခေါင်းပေါင်းများစွာထဲကနေ ထုတ်ယူနေကြရတာ။

Life Science မှာ သုတေသနစလုပ်ကြမယ်ဆိုကြတော့ ငါ့မှာ သံသယအကြီးအကျယ်ကို ရှိခဲ့တာ။ ဒါက ဖီးလစ် ယို တင်ပြလာတာ။ ငါကမေးတယ်-
“ဦးနှောက်စွမ်းအင် ဘယ်ကရမှာလဲ” လို့။

ငါတို့လုပ်တာမှန်သမျှ တရုတ်တွေ၊ အင်ဒီးယန်းတွေ၊ ဗီယက်နမ်တွေကလည်း လိုက်လုပ်ကြမှာ။ သူတို့ကို ငါတို့က ဘယ်လိုယှဉ်ပြိုင်မှာလဲ။ ဒီတော့ ဖီးလစ် ယိုက ပြောတယ်။ နိုင်ငံခြားက အတော်ဆုံးကျောင်းသားတွေကို ပညာသင်ဆုပေးပြီး ခေါ်မယ်တဲ့။

သူတို့က ပညာသင်ပြီး ဒီမှာ ဆက်နေပါ့မလား။ အေးလေ ကြိုးစားကြည့်ကြတာပေါ့။ ထိပ်တန်းသိပ္ပံပညာရှင်တွေ မွေးထုတ်ပြီး သူတို့ နေ၊ မနေကိစ္စက ထားလိုက်ပါ။ သူတို့ သုတေသနလုပ်ဖို့ ငွေထုတ်ပေးနေသရွေ့တော့ နေကြဦးမှာပဲ။ ဒါပေမယ့် ဒီစကောလားရှစ်ရပြီး Ph. D ဘွဲ့အတွက် တို့လွှတ်ထားတဲ့ကျောင်းသားတွေက အများအားဖြင့် အာရှတိုက်သားတွေ။ သူတို့သာ သူတို့မွေးရပ်နိုင်ငံကို ပြန်သွားလို့ကတော့ စင်ကာပူ ဒုက္ခရောက်ပြီသာမှတ်ပေတော့။

ဒီတော့ သူတို့ဒီမှာ အခြေချကောင်းပါရဲ့လို့ပဲ မျှော်လင့်ရတော့တာ။ ဒီကလူတွေနဲ့ အိမ်ထောင်ကျ၊ ဒါမှမဟုတ်လည်း သူတို့လူမျိုးခြင်း အိမ်ထောင်ကျ၊ ဒီမှာပဲ ဆက်နေထိုင်။ ဒီမှာက တရုတ်၊ ဗီယက်နမ်၊ အိန္ဒိယထက်တော့သာတယ်- ဆိုတာလေးတွေနဲ့ပဲ တွေးပြီးဖြေသိမ့်နေရတာ။ စင်ကာပူက သူတို့ကို လိုအပ်တယ်။

သူတို့က သုတေသနလုပ်ကြတယ်။ အကြောင်းက အဲဒါကသည်ပင် သူတို့ရွေးချယ်ရမယ့်လမ်းဖြစ်နေလို့။

စင်ကာပူးရီယန်းတွေက တခြားရွေးစရာရှိတယ်။ ရှေ့နေဖြစ်နိုင်တယ်။ ဆရာဝန်ဖြစ်နိုင်တယ်။ စာရင်းစစ်၊ ဘဏ်အရာရှိ၊ ပွဲစားကုန်သည်၊ အိမ်ခြံမြေရောင်းဝယ်ရေး လုပ်နိုင်တယ်။ သူ့ကို သုတေသနအလုပ်ခိုင်းလို့ သူက ဒီလိုတောင်ပြန်ပြောဦးမယ်- “အော် ခင်ဗျားတို့က ကျွန်တော့်ကို ရောဂါပိုးမွှားတွေကို သုတေသနပြုပြီး ဆေးဝါးတွေ့အောင် လုပ်ပေးစေချင်တာပေါ့လေ။ သုတေသနတစ်သက်လုံးလုပ်ပြီး ဘာမှ မရှာပဲနေပစ်လိုက်မယ်” လို့။


ဇင်ဝေသော်
Zin Wai Thaw