ဆန္ဒအသေများ

ဦးခင်ညွန့်ကြီး ဘုန်းကြီးဝတ်နေတာ တွေ့ရလို့ ၂၀၀၇ ခု က ရေးခဲ့တဲ့ စာမူကို အမှတ်တရ ပြန်တင်ပေးလိုက်တာ ပါ။

အပိုင်း ( ၁ )

(အလေးတွေများလာလို့ ဒီနေ့ ခပ်ပေါ့ပေါ့လေးနဲ့ စ, ပါရစေ။)
-  အမေရိက ကနေမပြန်ခင် ပဲရစ်လေးနဲ့ ရှမ်ပိန် အတူတူသောက်ပြီး နယူးယောက်မြို့ထဲကို မူးမူးနဲ့ ကားလျှောက်မောင်းချင်တယ်။
-  အင်္ဂလန်ကိုရောက်မှ မန်ချက်စတာက အိုးထရက်ဖို့(ဒ်) ကွင်းကြီးထဲမှာ ဂုရုကြီး ဖာဂူဆန်နဲ့ တစ်ယောက်ကြေး သူနိုင်ကိုယ်နိုင် ဘောလုံးကန်ချင်တယ်။
-  ပေါ်တူဂီကို ရောက်အောင်သွားပြီး မော်ရင်ညိုနဲ့လည်း စကားကြီး စကားကျယ် စကားနိုင် လုချင်သေးတယ်။
-  မသေခင် ရှာရာပိုဗာလေးနဲ့ ရုရှားဒုံးပျံအပြတ်ဝယ်ပြီး လကမ္ဘာကိုသွား၊ ရိုးလက် နာရီကြော်ညာရိုက်ရင်း တင်းနစ်တစ်ပွဲလောက် ရိုက်ချင်တယ်။
-  အတွင်းရေးမှူး (၁)ဟောင်း ဦးခင်ညွန့်ကို ဘုန်းကြီးဝတ်ခိုင်းပြီး မစိုးရိမ်တိုက်ထဲမှာ သီတင်းသုံးဖို့ပြော၊ သံဃာတွေကို ထောက်လှမ်းရေးပညာ စစ်ပညာတွေ သင်တန်းပေးစေချင်တယ်။
-  ဒီမိုကရေစီမရခင် ၂၀၀၇ခုနှစ် နှောင်းပိုင်းမှာ သန်းရွှေက နိုင်ငံတော် လူထုကို ပြောလာမဲ့ ဂန္တမြောက် မိန့်ခွန်း တစ်ပုဒ် နားထောင်ချင်သေးတယ်။
-  မုသာဝါဒကင်းတဲ့ စစ်အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲလေး တစ်ခုလောက်လည်း ဒီမိုကရေစီ မရခင် ကြုံတွေ့ဖူးချင်သေးတယ်။

ယုံချင်မှသာယုံပါ။ ဒါတွေဟာ လတ်တလော ကျွန်တော့် ရင်ခွင်မှာ ပြင်းပြဆာလောင်နေတဲ့ ဆန္ဒ စစ်စစ်တွေ ဖြစ်ပါတယ်။ ခွင့်ပြုမယ်ဆိုရင် ဒီစာကို ဖတ်ပြီး မပြုံးမိကြဖို့လည်း တောင်းပန်ချင်ပါတယ်။ မဖြစ်နိုင်တာတွေလို့လည်း မတွေးကြပါနဲ့။ စဉ်းစားကြည့်ပါ...။

နယူးယောက်လည်း ရှိပြီးသား။ ပဲရစ်ဟစ်(လ်)တန်ကလည်း ရှိပြီးသား။ ရှမ်ပိန်တွေ့ရင် ပဲရစ်လည်း မသောက်ပဲ မနေနိုင်။ သောက်လို့ မူးရင် မြို့ထဲကား ပတ်မောင်းချင်တာကလည်း သူမ ၀ါသနာ။ ကျွန်တော် ကြိုးစားဖို့ဆိုလို့ သူနဲ့ လေပေးဖြောင့်ဖို့ လောက်ပဲလိုပါတော့တယ်။ ဒါဟာ ဖြစ်နိုင်ပါတယ်။ မူးပြီး ကားလျှောက်မောင်းလို့ အဖမ်းခံရတော့လည်း သူတို့ ထောင်က အင်းစိန်၊ အိုးဘိုမှာ ရှိတာမှ မဟုတ်ပဲ။ မကျိုး၊ မပဲ့၊ ဦးနှောက်မပျက်ပဲ ထောင်ထဲက ထွက်လာလို့ ရပါတယ်။ ဇင်ဝေသော်လို ရုပ်သန့်သန့်၊ ခပ်ထက်ထက် မြန်မာလူငယ်တစ်ယောက်ကို ပဲရစ် အနေနဲ့ လက်မခံနိုင်စရာ မရှိပြန်ပါဘူး။ ထားပါတော့... သူများတွေ မနာလိုစရာတွေ။

ကျွန်တော်လို လူနဲ့ ဘောလုံးကန်ခွင့် ရတာကို ဖာဂူဆန်ကြီးကလည်း အားရ၀မ်းသာ ကြိုဆိုလာနိုင်ပါတယ်။ သူက (၆၅)နှစ်၊ ကျွန်တော်က (၃၅)နှစ်၊ သူ့လစာက တစ်နှစ်ကို ပေါင် လေးသန်းကျော်။ ကျွန်တော့် လစာက တစ်နှစ်လေးပေါင်။ မိနစ်ကိုးဆယ်နဲ့ အဖြေမပေါ်ရင် မိနစ်(၃၀) တိုးပြီး ဆက်ကစားကြဖို့ပါ။ အလောင်းအစား ၀ါသနာပါရင် ဘာမှန်းမသိတဲ့ ဈေးကွက်ဂဏန်းတွေကို လောင်းမဲ့အစား မျိုးချစ်စိတ်နဲ့ ကျွန်တော့်ဖက်က လောင်းကြဖို့ အကြံပြုပါရစေ။

ငဇင်ကာ မော်ရင်ညိုကလည်း သူ့ကိုယ်သူ “Special One” ဆိုတဲ့ နာမည်ပေးပြီး ခွေးနဲ့တောင် စကားနိုင်လုတတ်သူပါ။ ဒီကိစ္စကလည်း မဖြစ်နိုင်စရာ လုံးဝ မရှိပါဘူး။

ဒုံးပျံတစ်စင်းဝယ်ပြီး ရှာရာပိုဗာလေးနဲ့ လကမ္ဘာပေါ်ကို နှစ်ယောက်ထဲ သွားဖို့ကလည်း မခက်ပါဘူး။ ဒုံးပျံတွေကလည်း တီထွင်ပြီးသား, လကမ္ဘာဆိုတာကလည်း ရှိပြီးသား, ရှာရာပိုဗာကို ပိုးနိုင်ရင် ဒုံးပျံဝယ်ဖို့ ပိုက်ဆံကလည်း သူ့မှာ ရှိပြီးသား။ (ကျွန်တော်က မြန်မာဆိုတာ သတိရပါ။) တစ်ခုတော့ ရှိတာပေါ့။ နှစ်ယောက်ထဲ တင်းနစ်ရိုက်ကြရင်တော့ ကျွန်တော်က မသိမသာလေး အလျော့ပေးလိုက်ဖို့တော့ လိုတာပေါ့။ ဒါမှ သူလည်း စိတ်ချမ်းသာ၊ ကျွန်တော်လည်း လူကြီးလူကောင်း ဆန်ရာရောက်။ သိသိသာသာကြီး လုပ်လိုက်လို့သူ စိတ်ဆိုးမှာကလည်း စိုးရသေးတယ်။

ဘောလုံးပွဲ ၀ါသနာပါသူတိုင်း ပြင်သစ်က ဇိဒန်းကို သိကြမှာပါ။ ဒါနဲ့အတူ ဘောလုံးကို မတိုက်ပဲ အီတလီက မက်တာရာဇီရဲ့ ရင်ဘတ်ကို ဆောင့်တိုက်လိုက်တာ ဟိုကောင် ကားကနဲ ကျသွားတာကိုလည်း မျက်စိထဲက မထွက်ကြ လောက်သေးပါဘူး။ ကျွန်တော် ဒါကို ကြည့်ပြီး တော်တော်လေး စိတ်ပျက်မိပါတယ်။ ကျွန်တော်က ပြင်သစ် အားပေးတာလေ။ ဒါပေမယ့် ခေါင်းနဲ့ အတိုက်ခံရတဲ့ မက်တာရာဇီ နေရာမှာ သန်းရွှေကြီးကို အစားထိုးကြည့်လိုက်တော့မှ နည်းနည်း ပျော်သလို ခံစားလာရတယ်။ အဲဒီကထဲက စပြီး ဒီဆန္ဒက မသေနိုင် ဖြစ်နေခဲ့တာပါ။ ဒါကြောင့် ဥရောပ ရောက်ခိုက် ဇီဒန်းနဲ့ ဆွေးနွေးကြည့်ချင်တာပါ။ (၀ိုက်လက်သီး ပြင်းပြင်းတွေကို အပိုင်း(၂)မှာ ဆက်လက်ရှုစားကြပါ။)

အပိုင်း ( ၂ )

စာပို့သမားဘ၀ကနေ လာခဲ့ရရှာတဲ့ မောင်သန်းရွှေဟာ “ယတြာကိုးလို့ မင်းဆိုး” ဖြစ်ခဲ့ရတာကြောင့် မာတင်လူသာကင်း မဖြစ်နိုင်ဘူး ဆိုတာလောက်တော့ ကျွန်တော်လည်း သဘောပေါက်ပါတယ်။ ဒါပေမယ့် နိုင်ငံကို အုပ်ချုပ်မယ်ဆိုတဲ့ လူတစ်ယောက်က လူထုကို နှုတ်ခွန်းဆက်စကားလေးလောက်တော့ ပြောနိုင်ရမှာပေါ့။

ဒီလို အသံတိတ်ရုပ်ရှင်ကားကြီး လုပ်လို့တော့ ဘယ်ကောင်းပါ့မလဲ။
ယုံချင်မှတော့ယုံပါ။ ဦးစောမောင်ကြီးကို ဖြုတ်ချပြီး တက်လာခဲ့တဲ့နောက် နိုင်ငံတော်ကို နှုတ်ခွန်းဆက် မိန့်ခွန်းပြောဖို့ အသံထွက်လေ့ကျင့်ရင်း ကြိုးစားပြီး ကျက်ခဲ့တယ်လို့တော့ ကြားဖူးပါတယ်။ နောက်ပိုင်း သူမပြောဖြစ်ခဲ့တဲ့ အကြောင်းကတော့...

သူအသံထွက် လေ့ကျင့်နေရင်း မိကြိုင်ကြိုင်ယတြာချေဖို့ မွေးထားတဲ့ သာလိကာမလေးက ဗိုလ်ချုပ်ကြီးမရခင် အလွတ်ရသွားလို့ စိတ်ပျက်ပြီး မပြောဖြစ်တော့တာပါတဲ့။ ကြာတော့ မပြောလဲ ရတာပဲကွာဆိုပြီး မပြောပဲနေလိုက်တော့တာပါတဲ့။ ကဲ မခက်ဘူးလား။

ဒါပေမယ့် သူ့ဖခင်ကြီးတွေလိုပါပဲ။ အ၀င်မှာ မပြောခဲ့ရင်တောင် အထွက်မှာတော့ အသေထွက်ထွက်၊ အရှင်ထွက်ထွက် ပြောကို ပြောရပါလိမ့်မယ်။ ဒါကို သမိုင်းက ထောက်ခံပါတယ်။

အနီးကပ်ဆုံး ဦးစောမောင်ကိုကြည့်ပါ။ (“ဦး” သုံးခွင့်ပြုပါ။)
သူပြောတာက (ကျွန်တော် ချောသွားအောင် ပြင်မယ်နော်၊ တော်ကြာ ဘာမှန်းမသိဖြစ် သွားလိမ့်မယ်) သူ့တို့က တပ်မတော်သားတွေပါ။ တပ်မတော်ဆိုတာ နိုင်ငံတော်ကို ကာကွယ်ဖို့ အတွက်ပဲဖြစ်တယ်။ နိုင်ငံတော် ငြိမ်သက်အေးချမ်းသွားရင် သူတို့ဌာနေ မိခင်တပ်ရင်းကို ပြန်သွားမှာပါ တဲ့။ သူတော်ကောင်းစကားပါ။ သူကလည်း စာပို့သမားတို့ အုပ်စုထဲမှာတော့ အရိုးသား အဖြူစင်ဆုံး လူကြီးပါ။ သူပြောနေစဉ်မှာ စာပို့သမားက နောက်ကျောကို သေနပ်နဲ့ထောက်လိုက်တာကို သူမသိလိုက်ရှာပါဘူး။ ၀မ်းနည်းစရာ သမိုင်းအကွေ့အပြောင်းပါပဲ။

ပြီးတော့ မောင်နေ၀င်း။ (သူ့ကိုတော့ “ဦး”မသုံးနိုင်ပါဘူး။ ခွင့်လွှတ်ပါ။)
သူလည်း အထွက်မှာတော့ ရာဇ၀င်တွင်မဲ့စကားကို မျက်ရည်တွေနဲ့ ပြောသွားခဲ့တာပါပဲ။ ကျောင်းသား သမဂ္ဂကြီးကို ဗုံးဖောက်ခွဲခဲ့တာ၊ ခိုင်းခဲ့တာ သူမဟုတ်ပါဘူးတဲ့။ ဗုံးဖောက်ခွဲလိုက်ရမလားဆိုတဲ့ မေးခွန်းကို “OK”လို့သာ ပြောလိုက်တာပါ တဲ့။ ပြီးတော့ ပိုပြီးတော့ ရာဇ၀င်တွင်တဲ့စကားက တပ်မတော်ဆိုတာ သေနတ်ကို မိုးပေါ်ထောင် မဖောက်ဘူးတဲ့။ ရှေ့ဆက်ကြည့်ဦးမလား။

မြန်မာတို့ နောက်ဆုံး မင်းဆက်ရဲ့ နောက်ဆုံး (ပိုး)မင်းသား သီပေါ။
သူလည်း နှုတ်ခွန်းဆက် မိန့်ခွန်းပြောခဲ့တာပါပဲ။ သူ့မိဖုရားကို ပြောသလိုလိုနဲ့ တိုင်းပြည်ကို ပြောသွားတဲ့စကားလေ။ မှတ်မိကြမှာပါ။ သီပေါရဲ့ အော်ရီဂျင်နယ် အသံတော့ မဟုတ်ဘူးပေါ့ဗျာ။ ရွှေမန်းတင်မောင်ရဲ့ ကော်ပီပေါ့။ ဘာတဲ့...။

“သွားတော့မယ်ကွယ့် စုရေ...စုရေ”တဲ့။
ကျွန်တော် အပြင်းပြဆုံး ဆန္ဒက မများပါဘူး။ မကြီးပါဘူး။ ဒါလေးပါ။ သွားတော့မယ်ကွယ့် စုရဲ့ ဆိုတဲ့ အသံလေးပါ။ ယောက်ျား မျက်ရေလေး တစ်စက်နှစ်စက်နဲ့ပေါ့။

သက္ကရာဇ် ၂၀၀၇ခု နှစ်ကုန်ပိုင်းမှာ ဒီလို ဂန္တ၀င်မြောက်စကားကို ကြားချင်နေပါတယ်။
ဘာဖြစ်လို့ ဒီစကားလေးကိုများ ဂန္တ၀င်မြောက် ရာဇ၀င်မြောက်လို့ ပြောနေရတာလဲလို့တော့ မေးစရာရှိပါတယ်။

မြောက်ပါသော် ကောဗျာ။ အဲဒီ စကားတစ်ခွန်းဟာ မာတင်သူသာကင်ရဲ့ ကမ္ဘာကျော် မိန့်ခွန်းထက်ပိုပြီး အဓိပ္ပါယ် ရှိပါတယ်။ စာပို့သမားကသာ ဒီစကားပြောလိုက်ရင် (၅၂)သန်းကျော် လူထုနဲ့ တစ်ကမ္ဘာလုံးရဲ့ ငါးဆယ်ရာခိုင်နှုန်းလူထုက ညှိနှိုင်းမထားပဲ လက်ခုပ်တွေ တီးကြမှာပါ။

ဒုတိယ ကမ္ဘာစစ် ဗုံးဒဏ်တွေကျပြီးတဲ့ နောက်တစ်နှစ်မှာ ဘယ်တုံးကမှ ဒီလို မပွင့်ဖူးတဲ့ နှင်းဆီတွေ ဂျာမနီမှာ ပွင့်လိုက်သလိုမျိုး ကျွန်တော်တို့ နိုင်ငံဟာလည်း ဒီစကားပြောပြီး တစ်နှစ်လောက်မှာ မပွင့်ဖူးတဲ့ နှင်းဆီတွေ အပြိုင်အဆိုင် ပွင့်လာပါလိမ့်မယ်။

ဒါကြောင့် “သွားတော့မယ်ကွယ့် စုရဲ့” ဆိုတဲ့ စကားဟာ ဂန္တာဝင်မြောက်တယ်ဆိုတာကို ထောက်ခံပေးကြပါ။

ဒီဆန္ဒဟာ မသေသေးပါဘူး။ ဘယ်တော့မှလည်း သေမှာမဟုတ်ပါဘူး။

နောက်ဆုံး ဆန္ဒကတော့ စစ်အစိုးရရဲ့ မုသာဝါဒကင်းတဲ့ သတင်းစာ ရှင်းလင်းပွဲလေးပါ။ ဒီ ဆန္ဒအတွက်တော့ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲမိသလို၊ ခင်ဗျားတို့ကလည်း ကျွန်တော့်ကို ကျိန်ဆဲနိုင်ပါတယ်။

ဟိုတစ်နေ့က TODAY သတင်းစာထဲမှာ တွေ့လိုက်ရတယ်။ ဒါဝင်ကြီးသာ သူ့ကို မြင်သွားရင် လူဆိုတာ မျောက်က ဆင်းသက်လာတာ ဆိုတဲ့ သူ့အယူအဆကို နောင်တရစရာ ရှိပါတယ်။ မဟုတ်ဘူး “၀က်”က ဆင်းသက်လာတာလို့လည်း ရှက်ရယ် ရယ်ရင်း သူ့အဆိုက ပြင်သွားနိုင်ပါတယ်။

အဲသလို ၀က်နဲ့ ဆင်ဆင်တူ သတ္တ၀ါမျိုးကွဲ ပြောသွားတာတွေက...
ခွင့်လွှတ်ပါဗျာ။ ရှာသာ ဖတ်ကြပါတော့။

ဆောင်းပါး၏မူလနေရာ
ဆန္ဒအသေများ (၁)
ဆန္ဒအသေများ (၂)

ဇင်ဝေသော်

Post a Comment