နားဝင်မချို (၅) "မရှိမဖြစ်ဒီမိုကရေစီလား"

လီကွမ်းယုရဲ့ Hard Truths (to keep Singapore going) ထဲက သင့်တော်မယ့် အပိုင်းတွေကို ရွေးပြီးဘာသာပြန်ထားတာပါ။ သူ့အတွေးအခေါ်၊ သူ့လုပ်ဆောင်ချက်တွေ အရင့်အရင် စာအုပ်တွေမှာ တချို့ပါခဲ့ပေမယ့် ဒီစာအုပ်ကတော့ လူငယ်ဂျာနယ်လစ်တွေနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးဖြစ်ပြီး အမေးအဖြေပုံစံဆိုတော့ ပိုပြီးသွက်နေတယ်လို့ ခံစားရလို့ပါ။ တစ်စုံတစ်ရာ ရနိုင်ကောင်းပါရဲ့လို့ မျှော်လင့်မိပါတယ်။
ဇင်ဝေသော်



မေး။          ။ လူတစ်ယောက် မဲတစ်မဲ ရွေးကောက်ပွဲမူနဲ့ နှစ်ငါးဆယ်ကြာအောင် နိုင်ငံရေးလုပ်နိုင်ခဲ့တယ်။ စင်ကာပူမှာ အဲသလို အောင်မြင်မှုမျိုးရအောင် ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရသလဲ။
ဖြေ။        ။ ငါသာ စည်းရုံးရေးကောင်းသူတစ်ယောက် မဟုတ်ခဲ့ရင် ဒါကလည်း မအောင်မြင်နိုင်ပါဘူး။ အချက်နှစ်ချက်က ငါ့ကို ကူညီခဲ့တယ်လို့ ပြောရမယ်။ နံပါတ်တစ်က- ငါတို့ဟာ အကြီးအကျယ် အကျပ်ရိုက်တဲ့ကာလကို ရင်ဆိုင်ခဲ့ရတယ်။ ဒီတော့ ငါကပြောတယ်။ ကျွန်တော်တို့ ပြောင်းလဲမလား၊ အသေထိုင်ပြီး ခံကြမလားလို့။

ဒီတော့ အလုပ်သမားဥပဒေ၊ အလုပ်ခန့်ထားခွင့် အက်ဥပဒေ၊ ကုန်သွယ်ရေး အက်ဥပဒေတွေကို ပြောင်းလဲပစ်ကြတယ်။ ပြီးတော့ ငါတို့လူထုနဲ့ အလုပ်ဖြစ်နိုင်မယ့် အခြေခံမူဝါဒတွေ ပြင်ပြီးရေးဆွဲခဲ့ကြတယ်။

အဖွဲ့အစည်းတွေဟာ သူတို့ဆန္ဒမပြခင် ခွင့်မိန့်ရယူကြရတယ်။ ဘယ်အဖွဲ့ဝင်တွေက ဆန္ဒရှိတယ်၊ ဘယ်အဖွဲ့ဝင်တွေကတော့ ဆန္ဒမရှိဘူးဆိုတာတွေကို အလေးမမူပဲ ခေါင်းဆောင်ပိုင်း အနည်းအကျဉ်းလောက်နဲ့ လုပ်တတ်တဲ့ ကွန်မြူနစ်တွေလို ဖြစ်မနေရဘူး။ ကွန်မြူနစ်တွေရဲ့သဘောက သူတို့ဆန္ဒပြမယ်၊ သူတို့နဲ့ပေါင်းပြီး ဆန္ဒမပြဘူးဆိုရင် မင်းကို ခေါက်ထားလိုက်မယ်။ ဒါမျိုးပဲ။ ဒီပြဿနာက မျှမျှတတလှုပ်ရှားသွားကြဖို့ ငါ့ကိုအကူအညီ ပေးလိုက်တာပဲ။

နောက်ဒုတိယအချက်ကတော့ မျှမျှတတကစားကြရာမှာ ရှေ့ခရီးကိုဆက်ဖို့ လူတွေကို စည်းရုံးနိုင်တဲ့စွမ်းရည် ငါ့မှာရှိနေတာပဲ။ ငါတို့ ဒီအတိုင်းခရီးသွားမယ်ဆိုရင် ကိုယ်ပိုင်အိမ်၊ ပညာသင်စရာ ကျောင်းတွေရမယ်၊ အကူအညီတွေရမယ်၊ စတာတွေကို အာမခံတယ်။ ရအောင်လည်း လုပ်ပေးခဲ့တယ်။

မေး။          ။ အနာဂတ်မှာ မစ္စတာလီလို စည်းရုံးရေးကောင်းတဲ့လူ ပေါ်လာဖို့ သိပ်မမြင်မိတော့ဘူး။ ဒါဆိုရင် ဒီစစ်စတန် အလုပ်ဖြစ်နေဖို့ အခက်အခဲ မရှိလောက်ူးလား။
ဖြေ။        ။အသေအချာ ရှိနိုင်တာပေါ့။ ဒါက ငါလို စည်းရုံးရေးသမားတစ်ယောက် မရှိတော့တာရယ်တင် မဟုတ်ပါဘူး။ အခု အီလက်ထရောနစ် မဲပေးစနစ်က အထက်တန်း အလုပ်သမားလူတန်းစား၊ အဆင့်နိမ့် လူလတ်တန်းစား၊ လူလတ်တန်းစား၊ အထက်တန်း လူတန်းစား၊ စီးပွါးရေးသမားနဲ့ နောက်ဆုံး သူဋ္ဌေးသူကြွယ်တွေအထိ တိုက်ရိုက်ဆက်သွယ်ပေးနေတယ်။ သူတို့ စိတ်ဝင်စားမှုတွေကလည်း ပိုပြီးအရောင်အသွေး စုံလာတယ်။

ဟိုတုန်းကဆိုရင် အဓိကက အသက်ရှင်သန်ရေးပဲ။ ဒါကြောင့် ဥပဒေတွေကို ပြောင်းလဲလို့ရတာ။ ဥပမာအားဖြင့် ပင်လယ်ကမ်းခြေက မြေတွေအားလုံး နစ်နာကြေးပေးစရာမလိုဘဲ သိမ်းယူနိုင်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။ တကယ်လို့ မြေပိုင်ရှင်တွေကို နစ်နာကြေးတွေ ပေးနေရမယ်ဆိုရင် ငါတို့ တိုးတက်မှုလည်း နှောင့်နှေးသွားလိမ့်မယ်။ ဒီဥပဒေကို ငါပြောင်းခဲ့တာ။ ဒီအခြေခံဖော်မက်နဲ့ ပတ်သက်တဲ့ဥပဒေကို ငါကောင်းကောင်း သဘောပေါက်ခဲ့တယ်။ ဒီလိုလုပ်မှ စင်ကာပူကို ပြန်လည်တည်ဆောက်ပြီး လူတိုင်းအညီအမျှ အကျိုးခံစားခွင့်ရလိမ့်မယ်။ ဒါက လူမှုဥပဒေ အင်ဂျင်နီယာပညာပဲ။ ဒါနဲ့ပတ်သက်လို့ မြေပိုင်ရှင်တွေဆီက ပူညံပူညံအသံတွေ မကြားခဲ့ရဘူး။ အကြောင်းကတော့ သူတို့က ငါတို့စိတ်ကြိုက် စီမံခွင့်ပေးလိုက်တယ်။ ဒါဆို သူတို့မြေတွေဟာ တဖြည်းဖြည်းနဲ့ ဈေးတွေမြင့်တက်လာမယ်။ ဒီလိုမလုပ်ရင် သူတို့မြေတွေ အသုံးမကျ၊ တန်ဖိုးမရှိ ဖြစ်သွားလိမ့်မယ်။ သူတို့က ဒါကို သဘောပေါက်တယ်။ ဒီတော့ သူတို့ကပဲ ငါ့အစီအစဉ်အောင်မြင်ဖို့ ဝိုင်းပြီးဆုတောင်းပေးကြတော့တယ်။

မေး။          ။ အဲဒီတုန်းက စင်ကာပူမှာ တူတူတန်တန် အတိုက်အခံပါတီမရှိတာလည်း အဓိကအကြောင်းတစ်ကြောင်းဖြစ်မယ်ထင်တယ်။
ဖြေ။        ။ဒါလည်း မှန်ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ဘာရီဆန်ရှိခဲ့မယ်ဆိုရင်တောင်မှ သူ့မှာ စောဒကတက်စရာ သိပ်မရှိနိုင်ပါဘူး။ မြေပိုင်ရှင်နဲ့ ဆင်းရဲသားတွေကြား ငါက မြေပိုင်ရှင်တွေကို ဦးစားပေးခဲ့လို့၊ ဒါမှမဟုတ် ဆင်းရဲသားလူတန်းစားကို အသာပေးခဲ့လို့လား။ ကန့်ကွက်ချင်တယ်ဆိုရင်တော့ အကြောင်းမရှိ အကြောင်းရှာပြီး ကန့်ကွက်လို့တော့ ရတာပေါ့လေ။ ဒါဆို ငြင်းခုံနေကြတာနဲ့ အချိန်တွေကုန်သွားမှာပဲ။

ဒါပေမယ့် တို့တကယ်တမ်း တိုးတက်လာတဲ့အခါမှာတော့ အိမ်ယာပိုင်ဆိုင်မှုဥပဒေတွေ ပြန်ပြင်ယူခဲ့ရတယ်။ မြေပိုင်ရှင်တွေကို နစ်နာကြေးအပြည့်အဝ ပေးလိုက်တယ်။ အိမ်ပိုင်ဖို့ ဈေးပိုပေးရတော့တယ်။ ဆောက်လုပ်ရေးပစ္စည်း တိုးတက်ကောင်းမွန်လာဖို့အတွက် ကုန်ကျငွေ၊ HDB အိမ်ဈေးတွေဟာ တက်လာတယ်။ ဘာကြောင့်လဲဆိုရင် အိမ်ယာပိုင်ဆိုင်မှုအတွက် ဈေးကွက်စီးပွါးရေးစနစ် ကျင့်သုံးဖို့လိုအပ်လာလို့ပဲ။

မေး။          ။ ဒီမိုကရေစီနဲ့ပတ်သက်လို့ မစ္စတာလီရဲ့ အမြင်က ဘယ်လိုပါလဲ။
ဖြေ။        ။အမေရိက နိုင်ငံရေးသိပ္ပံပညာရှင် ဆင်မြူရယ် ဟန်တင်တန်(Samuel Huntington) က ပြောတယ်။ တစ်ချို့ယဉ်ကျေးမှုတွေက ဒီမိုကရေစီကို လက်မခံနိုင်ဘူးတဲ့။ သူထောက်ပြတာတွေက ရှေးရိုးစွဲ ခရစ်ယာန်တွေနဲ့ မွတ်ဆလင်တွေကိုပါ။ ဂျပန်ကိုတော့ ချွင်းချက်လို့ သူကပြောတယ်။ ငါကတော့ ဂျပန်က ချွင်းချက်လို့မထင်မိဘူး။ ဂျပန်တွေရဲ့ ဒီမိုကရေစီကမှ စပါယ်ရှယ်ဒီမိုကရေစီပဲ။ သူတို့က အဖေကနေ သား၊ ဆာမူရိုင်းယဉ်ကျေးမှုဆန်တဲ့ ဒီမိုကရေစီပဲ။ သူတို့ ခေါင်းဆောင်တွေကလည်း ရှေးက ဆာမူရိုင်းခေါင်းဆောင်တွေအတိုင်းပဲ။ သူတို့ဟာ အမေရိကန်တွေရဲ့ လစ်ဘရယ်ဒီမိုကရေစီဆီ ကူးပြောင်းလေဦးမလားဆိုတာ ငါတော့ သိပ်မသေချာလှဘူး။

တို့လည်း တို့နဲ့သင့်တော်တဲ့ ဒီမိုကရေစီကို တည်ဆောက်ယူခဲ့ကြတာပဲ။ လစ်ဘရယ်ဒီမိုကရေစီမှာ လူတစ်ယောက်က ပါတီတစ်ခုကို ကိုယ်စားပြု အရွေးခံလိုက်ရပြီဆိုရင် အခြားပါတီတွေရဲ့ စည်းကမ်းတွေကို သူလိုက်နာစရာ မလိုတော့ဘူး။ ဒီစနစ်မျိုး စင်ကာပူမှာ ကျင့်သုံးကြည့်။ မတည်ငြိမ်တဲ့အစိုးရတစ်ခုကို စင်ကာပူရသွားမယ်။ ဒီတော့ ငါတို့က ပါတီမပြောင်းရဘူးလို့ မပြောဘူး၊ ပြောင်းနိုင်တယ်။ ဒါပေမယ့် တစ်ယောက်ယောက်က ပါတီတစ်ခုကို ပြောင်းသွားမယ်ဆိုရင် ဒီပါတီမှာ သူ့တစ်နေရာစာ လွတ်သွားတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ အဲဒါရင်ဆိုင်ရမယ်။ ဒီစနစ်က မြူစစ်ကယ် ချဲယား(စ်) ကို တားမြစ်ပေးတယ်။

(Musical chair ဆိုတာ ကစားနည်းတစ်မျိုးပါ။ မြူးဇစ်အသံကြားနေရချိန်မှာ ကစားသမားတွေဟာ ထိုင်ခုံတစ်ခုကနေတစ်ခုဆီ ကူးပြောင်းလမ်းလျှောက်နေရပါတယ်။ မြူးဇစ်ရပ်သွားတဲ့အချိန်မှာ ဦးအောင်ခုံပေါ်ထိုင်ရပါတယ်။ ထိုင်ခုံမရလိုက်သူ အရှုံးပါ။ အဲသလိုနည်းနဲ့ နောက်ဆုံးတစ်ယောက်တည်းကျန်အောင် ကစားတဲ့ကစားနည်းမျိုးပါ။)

မလေးရှားက ဒီစနစ်မရှိဘူး။ အခု သူတို့အကျပ်ရိုက်နေတယ်။ အတိုက်အခံပါတီက အခြေခံဥပဒေကို ပြောင်းလဲခွင့်မပေးဘူး။

မေး။          ။ ဈေးကွက်စီးပွါးရေးကို တစ်ကမ္ဘာလုံးက လက်ခံကျင့်သုံးပြီး ဒီမိုကရေစီအတွက်ကိုတော့ ဒီလောက်အလောတကြီး မရှိကြဘူးဆိုတာက…….
ဖြေ။        ။ ဟုတ်တယ်၊ အစိုးရကောင်းဖြစ်ဖို့၊ တည်တည်ငြိမ်ငြိမ်နဲ့ ကြွယ်ဝချမ်းသာဖို့ ဒီမိုကရေစီက မရှိမဖြစ်မဟုတ်ဘူး။ မင်းတို့ သီရိလင်္ကာကိုကြည့်။ သီရိလင်္ကာလူမျိုးတွေက တမီး(လ်) တွေကို နိုင်လိုက်တယ်။ ဒီနေ့ သူတို့ကတမီး(လ်)တွေကို တစ်ခုခုပေးချင်တယ်ဆိုရင် ဘာမှ တိုင်ပင်ဆွေးနွေးမနေဘဲ ပေးချင်တာ ပေးလိုက်ကြတာပဲ။ လူတစ်ယောက် မဲတစ်မဲစနစ်က လူနည်းစုလေးတွေကို အကျဉ်းအကျပ်ရောက်စေတာပဲ။ စင်ကာပူမှာ ဆိုရင်လည်း တို့လူနည်းစုတွေ ဒီလိုပဲဖြစ်မှာ။ ငါတို့ အခြေခံဥပဒေမှာလည်း ဒီပြဿနာမျိုးရှိလာနိုင်တယ်ဆိုတာ ငါတို့သဘောပေါက်တယ်။ ဒါကြောင့် ပေါ်လစီနဲ့ ပါးပါးနပ်နပ် ပြောင်းယူရတယ်။ ဒီလိုမဟုတ်ရင် တို့လည်း တမီး(လ်)တွေလို အဆုံးသတ်သွားစရာရှိတယ်။ Xinjiang မှာလည်း ဒီအတိုင်းဖြစ်ခဲ့ဖူးတယ်။

မေး။          ။ ဒီမိုကရေစီကျကျ ရွေးချယ်ခဲ့တဲ့အစိုးရတွေ ကမ္ဘာပေါ်မှာ အများကြီးပါ။ ဒါက ဒီမိုကရေစီဟာလည်း ဆွဲဆောင်မှုရှိတယ်လို့ မဆိုလိုနိုင်ဘူးလား။
ဖြေ။        ။ ငါတော့ မထင်ဘူး။ အကောင်းဆုံး ဆွဲဆောင်မှုက အကြမ်းမဖက်ဘဲ အစိုးရပြောင်းလဲရေးပဲ။ တရုတ်ပြည်ကိုကြည့်။ သူတို့ရဲ့အဓိကအကျဆုံး အားနည်းချက်က တော်လှန်ရေးအကြီးအကျယ်လုပ်ပြီးမှ အစိုးရပြောင်းလဲနိုင်တဲ့အချက်ပဲ။ ဆိုလိုတာက အစိုးရဟာ ယန္တရားတစ်ခုလုံး ရပ်တန့်သွားပြီး ဘေးဖယ်ခံလိုက်ရတော့တာပဲ။ စင်ကာပူမှာလည်း တို့ကအုပ်ချုပ်ရေးမှာ အံမဝင်တော့ဘူးဆိုရင် မဲစနစ်နဲ့ ကန်ထုတ်လိုက်လို့ရတာပဲ။ ဒါပေမယ့် ဒီအစိုးရက ရွေးကောက်ပွဲမှာရှုံးပြီး ဘေးရောက်သွားရင်တောင် စစ်စတန်က ရှိနေရစ်လိမ့်မယ်။ ဒါကို ခိုင်မာအောင်လုပ်ထားဖို့က အဓိကတာဝန်ပဲ။ နောက်ပြီး ရွေးကောက်တင်မြှောက်ခံထားရတဲ့ သမ္မတဟာ နိုင်ငံတော်ပြန်လည်ကောင်းမွန်လာဖို့ ဦးဆောင်မှုပေးနိုင်တဲ့ အဓိက အစောင့်အရှောက် တစ်ယောက်ပဲ။

မေး။          ။ ဘယ်လို ဆိုလိုတာပါလဲ။
ဖြေ။        ။ အစိုးရအသစ်ဟာ မြှောက်ကာပင့်ကာနဲ့ ထိပ်ကလူတစ်ယောက်ကို ပြောင်းလဲပစ်လို့မရဘူး။ သမ္မတရဲ့ ခွင်ပြုချက်မရဘဲ နိုင်ငံတော်ရဲ့ အရင်ကရှိခဲ့တဲ့ ဘဏ္ဍာတွေကို သုံးစွဲလို့မရဘူး။ ဒီဘောင်အတွင်းကနေ နိုင်ငံကိုအုပ်ချုပ်ရမယ်။ တကယ်လို့ ဒုတိယအကြိမ် ရွေးကောက်ပွဲမှာ မဲသုံးပုံနှစ်ပုံနဲ့ အနိုင်ရသွားပြီဆိုရင်တော့ ဒီဥပဒေကို သူတို့ကိုယ်တိုင် ပြောင်းလဲခွင့်ရသွားပြီ။ ဒါကလည်း သိပ်မလွယ်ဘူးလို့ ငါထင်တယ်။ သူတို့မှာ အရည်အချင်းမမီဘူးဆိုရင် ပထမအကြိမ်နိုင်လည်း ဒုတိယအကြိမ်မှာ ရှုံးမှာပဲ။

အနာဂတ်မှာ တို့ရှုံးနိုင်တယ်လို့ မြင်မထားရင် ကျောထောက်နောက်ခံ အတားအဆီးကို ထားစရာလည်းမလိုဘူး။ ငါကြိုတင်မြင်မိတာက အစိုးရတစ်ခုတည်း အမြဲအုပ်ချုပ်နေတာကို လူတွေ ငြီးငွေ့လာလိမ့်မယ်။ ဒီတော့ အတိုက်အခံကို မဲပေးကြည့်ရအောင် ဆိုတာမျိုးတွေ ရှိလာနိုင်တယ်။ တစ်ချိန်ချိန်မှာတော့ ဒါမျိုးဖြစ်လာဦးမှာပဲ။ ဘယ်တော့လည်းဆိုတာတော့ မသိဘူး။ လာမယ့် ငါးနှစ်ဆယ်နှစ်အတွင်းမှာတော့ ဖြစ်လာဦးမယ်မထင်ဘူး။ လက်ရှိအစိုးရက အရည်အချင်းရှိတယ်။ ဆိုပါတော့ စီးပွါးရေးအကျပ်အတည်းကာလမှာ အစိုးရက ကောင်းကောင်းမကိုင်တွယ်နိုင်ခဲ့ဘူး၊ လူတွေလည်း အလုပ်ပြုတ်ကြတယ်။ ဒါဆိုရင် ဒါတွေ ဖြစ်လာနိုင်တာပဲ။



ဇင်ဝေသော်

Post a Comment