အရှင်သိရီဓမ္မ၊(ဓမ္မဥယျာဉ်) ဒေါက်တာ အရှင်ဣန္ဒကနဲ့ သီဟနာဒ


လပတ်လည် (လှည့်ကြည့်မိသည့် ထောင့်ချိုးများ)

လပတ်မလည်မိတာ လေးလရှိပြီ။ ယနေ့တော့ မမေ့လျော့သော၊ မေ့လျော့နေ မိသော ကျေးဇူးတရားတို့အကြောင်း ရေးချင်နေမိသည်။
ကိုယ်ပိုင်အိပ်မက်များနဲ့ လူငယ်၊ ရဟန်းငယ်တိုင်း လုံးခြာလည်နေသည့် ဘဝငယ် ငယ်လေးများကို သတိတရဖြစ်မိသည်။ သူရည်သွေး၊ ကိုယ်ရည်သွေးလိုချင်း မဟုတ်ဘဲ ကျေးဇူးအောက်မေ့မှုများဟုသာ မှတ်ယူစေချင်ပါ၏။

အရှင်သိရီဓမ္မ(ယခု နယူးဇီလန်ရောက်နေ)နဲ့ သီဟနာဒ
********************************************************
မိမိက စာရေးဝါသနာပါသဖြင့် စာရေးနေချိန်။ ဘာသာသွေမဂ္ဂဇင်းက လစဉ်ဖော်ပြပေးနေချိန်၊ အခြားမဂ္ဂဇင်းနှစ်စောင်င်နဲ့ ဂျာနယ်တစ်စောင်က မကြာ မကြာ ထည့်ပေးချိန်။ နွမ်းပါးသည့် စာသင်သားဘဝမှာ ကုသိုလ်လည်းရ ဝမ်းလည်း ဝဟု ယုံကြည်မိ၏။
ဘာသာသွေမဂ္ဂဇင်းမှာ အတန်ငယ်ရေးမိတော့ ထုတ်ဝေသူ ပေါ်လာသည်။ ဗုဒ္ဓဘာသာအမြင် သစ်သည်၊ ထုတ်မည်။ သို့သော် ရဟန်းကလောင်အမည် ကို ပြောင်းပေးရမည်၊ သို့မှ စာဖတ်သူက စိတ်ဝင်စားမည်ဟု သူကဆိုလာသည်။ မလေးငြိမ်စကားဖြင့် သာဓုခေါ်၏၊ မခေါ်၏။ သူ့ အဆိုမှန်ကန်ကြောင်း လက်ခံပါ ၏၊ သို့သော် မိမိက ဤကိစ္စကို လုံးဝလက်မခံ။ ကလောင်အမည် မပြောင်းနိုင် ဟုပြောရာ သူနဲ့လည်း အပေးအယူ မတည့်ကြတော့။

ထိုစဉ် အရှင်သိရီဓမ္မက
"ဒီလောက်ကြီးရေးလာပြီးမှတော့ ငါထုတ်ပေးမယ်။ နှစ်သိန်းဆိုရင်လောက်တယ် မဟုတ်လား။ မလောက်ရင် ငါထပ်ပေးမယ်" ဟုဆိုပါသည်။ ပေးဟူသည် ပေးခြင်းဖြစ်သည်။ အကြွေးပေးခြင်းမဟုတ်။
သို့ဖြင့် ထုတ်လိုက်ကြသည်။ တာရာမင်းဝေသုံးသလိုဆိုရင်"အနုပညာအရအာင်မြင်တယ်" ဖြစ်ပြီး ငွေကြေးအရ မအောင်မြင်ပါ။ စာအုပ်က အထိုက်အလျောက်ရောင်းရသည်(ဘယ်လောက် ရိုက်သည် မသိ၊ ရိုက်သလောက်တော့ ကုန်သွားသည်)၊ ငွေကတော့ ပြန်ဝင် မလာပါ။ ထို့ကြောင့် စိတ်ပျက်ပျက်ဖြင့် ဤလောကနဲ့ အတန်ငယ် ကင်းသွားခဲ့ သည်။
မိမိထက်အသက်ရှူ ပိုချောင်သော်လည်း အရှင်သိရီဓမ္မသည် တောသား၊ လယ် သမားသားသာဖြစ်ပါသည်။ ထိုခေတ်က ငွေနှစ်သိန်း။ မိမိဆီလည်း တစ်ပြားမှပြန် မဝင်၊ သူ့ကိုလည်း တစ်ပြားမှပြန်မပေးနိုင်။
သူ သီရိလင်္ကာကိုသွားတော့ မရှိမဲ့ ရှိမဲ့ အမေရိကန်ဒေါ်လာလေး ၂၀၀ စုပေး လိုက်သည်။ အခြားသူငယ်ချင်းများနဲ့တွေ့တော့
"ဒီကောင်ကြီးက ငါ့ကိုချစ်တယ်၊ ဒေါ်လာ ၂၀၀ တောင် ပေးလိုက်တယ်" ဟု ပြောတတ်လေသည်။
အမှတ်မရှိသည့် ထိုအရှင်က အခု
"ဟေ့ကောင် စာပေကိစ္စတွေလုပ်မှာဆို ငါ့ပြောအုံး၊ ငါ ပိုက်ဆံပေးမယ်"
ဟု ဆိုနေဆဲ။
(သူနှင့် သီဟနာဒကြားမှာ ငါးနှစ်အတွင်း အီးမေးမပို့၊ ဖုန်းမဆက်ကြဟုဆိုလျင် အတန်ငယ်ထူးဆန်းနေပါလိမ့်မည်။ ဒါက အမှန်ဖြစ်ပါသည်။ ဒါတွေလိုသည်ဟု ကျွန်ုပ်တို့နှစ်ယောက်စလုံးက မထင်ကြပါ(သို့)မရှိလည်း ဖြစ်ပါသည်။ သူလိုလျင် သီဟနာဒရှိသမျှ သူ ယူခွင့်ရှိပြီး သီဟနာဒလိုလျင်လည်း သူ့ရှိသမျှ ယူခွင့်ရှိနေ ဆဲပင်)





ဒေါက်တာ အရှင်ဣန္ဒကနဲ့ သီဟနာဒ
*************************************
ဤကိစ္စက ပို၍ပင်ကြေကွဲဖွယ်ကောင်းသေးသည်။ အကယ်၍ အရှင်ဣန္ဒကသာ အရှင်ဣန္ဒကမဟုတ်ခဲ့လျင် သူ့အိပ်မက်တွေ ကပေါက်ကချာဖြစ်သွားနိုင်သည့် ကိစ္စပင်ဖြစ်သည်။
သာသနာ့တက္ကသိုလ်(မန္တလေးမှာ) ရှိနေကြဆဲ။ မယ်တော်ကြီး ကျန်းမာရေးကြောင့် ရွာပြန်စဉ် ဣန္ဒကဆီက နဝကမ္မတစ်ချို့ ချေးယူသွားခဲ့သည် (ဘယ်လောက်လဲ မမှတ်မိ)။ ထို စေ့စေ့ကုတ်ကုတ်လေးများကို မိခင်၏ ကျန်းမာရေးကြောင့်ဟုသာ ယူခဲ့ရသည်၊ ထို စေ့စေ့ကုတ်ကုတ်လေးများသည် သူ သီရိလင်္ကာကို ပညာသင်သွားဖို့ဆိုပြီး စုထားသော ကျေးလက်က သမ္မာ အာဇီဝ ချွေးပေါက်များဖြစ်ကြလေ၏။ မယ်တော်ကြီးကျန်းမာရေး၊ တက္ကသိုလ်လွန် နာဂတောင်တန်း၊ နာဂတောင်တန်းလက်ဆောင် ငှက်ဖျားဇီဝ၊ အကြောင်းစုံစွာရောက်လာပြီး အရှင်ဣန္ဒက၏ သမ္မာအာဇီဝ ချွေးပေါက်များကို လုံးဝ မေ့လျော့နေမိတော့၏။
မည်သို့ဆိုစေ ဤအမှားမျိုးသည် ကိုယ်တိုင်ပင် ခွင့်လွှတ်ရခက်သည့် အမှားပင်။ တစ်လောက အတူနေ ရဟန်းက စကားစပ်မိရင်းပြောမှ ယင်း သမ္မာအာဇီဝ ချွေးပေါက်များကို သတိရတော့သည်။ မိမိက ဝေရဉ္ဇာပုဏ္ဏား လက်သစ်တည်း။




အခုတော့ သူ့အိပ်မက်လည်း အတောင်စုံပြီ၊ သူယုံကြည်ရာတွေကိုလည်း ပါရမီဝေစုအလိုက် လုပ်ခွင့်ရပြီ။
ကြံဖန်ပြီး သူ့အတွက် ဝမ်းသာမိပါသည်။
ဘာပဲဖြစ်ဖြစ် ယုံကြည်ရာ လုပ်တတ်သူ။
ဘာတွေပဲ ကြုံကြုံ ခြေကုန်ထုတ် ရောက်အောင် သွားတတ်သူ။
ဒီတစ်ခေါက် ရန်ကုန်ပြန်မှ သူ့ကိုတွေ့ပြီး မိမိရဲ့ ဧရာမအမှား၊ ဧရာမအမေ့၊ ဧရာမ အလွဲအတွက် ညွတ်ညွတ်နူးနူးတောင်းပန်ရပါဦးမည်။
ထို့အတူ ပေးဆပ်ရန်ရှိသည့် ကတညုတ ကတဝေဒီများကလည်း အပျိုရည်မပျက်၊ နဂိုရည်မပျက် အုပ်စုဖွဲ့ ရှိနေဆဲ။

Post a Comment