သပိတ်ဝင် အိပ်ဝင် မဟုတ်ဘူး ဗျ


အချင်းချင်းပြန်ရေးရဦးမှာပဲ။ မတတ်နိုင်ဘူး။ စောစောက ဆရာသမားတွေ လာတော့ သူတို့ချင်း ပြောနေကြတာ ကြားလိုက်မိတယ်။
"ဒီကောင်ကြီး စာအုပ်ကကို တော်တော်ရမှာ နော်"
ကြားမိတာနဲ့ သူတို့စကားဝိုင်းထဲ ဝင်သွားလိုက်တယ်။
"ဘယ်လိုရတာလဲ ဦးဇင်း"
"တစ်အုပ် လေးထောင်လေကွာ၊ အုပ်ရေ ငါးထောင်ဆိုရင်"
"ဟောဗျ၊ စာအုပ်ဆိုင်တွေ မပေးတော့ဘူးလား၊ နောက်ပြီး ဖြန့်ချီပေးသူ"
ဒီတစ်ခါ ဟောဗျာက သူတို့အလှည့်
"ဟောဗျ၊ သူတို့ကိုပေးရသေးတာလား၊ ဘယ်လောက် ပေးရလို့လဲ"
ဒီတစ်ခါ ဟောဗျာက ကိုယ့်အလှည့်
"ဟောဗျ၊ ပေးရတာပေါ့။ ဖြန့်ချီပေးသူကို ၁၅ ရာခိုင်နှုန်း၊ စာအုပ်ဆိုင်တွေကို ၁၅ ရာခိုင်နှုန်း"
"သိပေါင်ကွာ လေးထောင်ဆို လေးထောင် မင်းပဲရတာမှတ်နေတာ"
ဆရာတွေ ရိုးသားချက်က အဲသလိုလေ။

"သတင်းစာကြော်ငြာ၊ စာအုပ်မိတ်ဆက်ပွဲ အတွက်ကုန်တာတွေ ရှိသေးတယ်၊ ဒါတောင် လေယာဉ်စရိတ်တွေ၊ စထရိတ်တိုင်းမ် ပေးရတာတွေ မပါသေးဘူး၊ ရတယ်ဆိုတာက စာချုပ်အရ နှစ်လမှ တစ်ခါ၊ နားလည်မှုအရ နှစ်ပတ် တစ် ခါပေးနေလို့ အသစ်ထပ်လုပ်တာလေးတွေအတွက်တော့ ငွေထပ် မလွှဲရသေး ဘူး"
ဒါကို ရန်ကုန်ဆရာက ထောက်ခံတယ်။
"ဟုတ်တယ်၊ သူ့စာအုပ်တွေက ထွက်သွားတာပဲ ရှိသေးတာ၊ ဝင်မလာသေး ဘူး"တဲ့။
ပြောမနာဆိုမနာ ဆရာတွေမို့
"ဦးဇင်းတို့ကလည်း ဆွမ်းစားကြွလို့လှူလိုက်တာကမှ သပိတ်ဝင်အိပ်ဝင်၊ တစ်ခါတည်း ရ၊ လုံးကနဲ ရ၊ ဘယ်သူ့မှလည်း ခွဲပေးစရာ မလို" လို့လေ။



ဒီခေတ်မှာ (စောစောကတော့ ဘာသာရေးလောက်ပဲ ရေးကြတာလေ၊ ဥပမာ ငါ့ကို မချစ်နဲ့၊ အချစ်နဲ့ ဝိပသနာတို့လို) ပုံစံမျိုးစုံ၊ လိုင်းမျိုးစုံနဲ့ ရဟန်းလတ်တွေ စာရေးလာနေလို့ အားလုံးကိုယ်စား ပုံရိပ်လေးတစ်ခု စာဖတ်သူတွေအတွက်
ပေးလိုက်ရတာပါ သစ္စာမိုးဝေ ရေ။
စာရေးနေသူတွေက သူသူကိုယ်ကိုယ် မနေနိုင်လို့(သို့)ဝဋ်ကြွေးမို့ ရေးနေကြတယ် ထင်ပါတယ်။ (အခြားလုပ်စရာတွေလည်း ရှိသားနဲ့)

Post a Comment