Let it go. Let it be


ဗုဒ္ဓဘာသာအဆုံးအမနှင့် ဆက်စပ်ပြီး ပေါင်းသင်းဆက်ဆံရေး နှစ်မျိုး
ယူဆနိုင်ပါသည်။
၁။ သက်ရှိချင်း ပေါင်းသင်းဆက်ဆံရေး
၂။ သဘာဝဖြစ်စဉ်နှင့် ပေါင်းသင်းဆက်ဆံရေးတို့ ဖြစ်ပါသည်။
သက်ရှိချင်း ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဗြဟ္မဝိဟာရ တရား လေးပါးဖြင့် အချုပ်ကြည့်ယူနိုင်ပြီး သဘာဝဖြစ်စဉ်နဲ့ လူသားကြားက ဆက်ဆံရေးကိုမူ(ဉာဏ်စဉ် ၁၁ ပါးရှိသော်လည်း)
၁။ ဥဒယဗ္ဗယ(အဖြစ်အပျက်သိ ဉာဏ်)ဉာဏ်
၂။ ဥဒယ(အဖြစ်က ပိုထင်ရှားဉာဏ်)ဉာဏ်
၃။ ဘယ(အပျက်က ပို ထင်ရှားဉာဏ်) ဉာဏ်
၎။ သင်္ခါရုပေက္ခာဉာဏ်(အဖြစ်အပျက် သို့ အကောင်းအဆိုးအပေါ် ဥပေက္ခာဉာဏ်ဆိုက်ခြင်း)ဉာဏ်တို့နှင့် တွဲစပ်ကြည့်နိုင်ပါသည်။

ဤ၌ သိသိသာသာဆက်စပ်မှုရှိနေကြောင်း သုံးသပ်လို့ ရပါသည်။ အထူးသဖြင့် ဝေါဟာရပါ ဆက်နွယ်နေခြင်းဖြစ်သည်။ ယင်းတို့ကား
၁။ ဗြဟ္မဝိဟာရုပေက္ခာ(သက်ရှိအပေါ်ထားရှိသည့် ဥပေက္ခာ၊ ဗြဟ္မစိုရ် ပွားမှရသည်)။
၂။ သင်္ခါရုပေက္ခာတို့ဖြစ်သည်။(သဘာဝဖြစ်စဉ်အပေါ်ထားရှိသည့် ဥပေက္ခာ၊ ဝိပသနာပွားမှရသည်)

ဗြဟ္မဝိဟာရတရား လေးပါး၌
မေတ္တာက သတ္တဝါပညတ်နှင့်ပတ်သက်လို့ ယေဘုယျသဘောဆန်သည်။ ဆိုလိုသည်မှာ သုခိတ၊ ဒုက္ခိတ သတ္တဝါ မကွဲပြား။
ကရုဏာက ဒုက္ခိတ(ဆင်းရဲ သို့ အားနည်းသည့်ဖက်)သတ္တဝါပညတ်ကို အာရုံပြုပြီး
မုဒိတာက သုခိတ(ချမ်းသာ သို့ အားသာသည့်ဖက်) သတ္တဝါပညတ်ကို အာရုံပြုသည်။
ဥပေက္ခာက ယင်း နှစ်မျိုးလုံးကို ကျော်လွန်သွားပြီး သုခိတ အပေါ်မှာရော ဒုက္ခိတ အပေါ်မှာပါ တုန်လှုပ်မှုကင်းသွားတော့သည်။

ဝိပသနာတွေ့ ဉာဏ်စဉ်များတွင်
၁။ ဥဒယဗ္ဗယ(အဖြစ်အပျက်သိ ဉာဏ်)ဉာဏ် က ယေဘုယျဆန်ပြီး မေတ္တာနှင့် တူသည်။
၂။ ဥဒယ(အဖြစ်က ပိုထင်ရှားဉာဏ်)ဉာဏ်က အဖြစ်သဘောကို တွေ့မြင်ခြင်းဖြစ်ရကား ဘဝ၏ အပြုသဘော၊ အကောင်း သဘောကို တွေ့မြင်ခြင်းဖြစ်သည်။ ထို့ကြောင့် မုဒိတာနှင့်တူသည်။
၃။ ဘယ(အပျက်က ပို ထင်ရှားဉာဏ်) ဉာဏ်က အပျက်သဘောကို ထင်ရှားစွာတွေ့မြင်ခြင်းဖြစ်သဖြင့် ဘဝ၏ အဆိုးဖက်အခြမ်းကို တွေ့မြင်ခြင်းဟု ဆိုနိုင်သည်။ သူက ကရုဏာနှင့် သဘာဝချင်းတူသည်။
၎။ သင်္ခါရုပေက္ခာက ယင်း အဆိုးအကောင်းတို့ အကြားက ဟန်ချက် (သို့) ဘဝဖြစ်စဉ်ကို နှစ်ဖက်မြင် မြင်သွားခြင်းမျိုးဖြစ်သည်။ တည်ငြိမ်သွားတော့သည်။

ဆိုလိုသည်မှာ ဥပေက္ခာရောက်ဖို့ လမ်းစဉ်(ဆင်းရဲ၊ ချမ်းသာ။ အဆိုး၊ အကောင်း) တူညီနေသည်။ ကွဲပြားသည်က သတ္တဝါအပေါ် ရှုမှတ်ခြင်းနှင့် သဘာဝအပေါ် ရှုမှတ်ခြင်းပင်ဖြစ်သည်။ ရှုမှတ်ပုံခြင်း ကွဲပြားသည်အားလျော်စွာ အကျိုးသက်ရောက်မှုလည်း ကွဲသွားသည်။

လူအချင်းဆက်ဆံရေး အပေါ် ရာနှုန်းပြည့် Let it go ဖြစ်ဖို့ ဗြဟ္မဝိဟာရုပေက္ခာ (သက်ရှိအပေါ်ထားရှိသည့် ဥပေက္ခာ) ရှိမှရသည်။
သဘာဝဖြစ်စဉ်အပေါ် ရာနှုန်းပြည့် Let it be ဖြစ်ဖို့ သင်္ခါရုပေက္ခာလိုသည်။
ဤက ဗုဒ္ဓဘာသာကို ရှုထောင့်တစ်မျိုးဖြင့် ပေါင်းစပ်ကြည့်သည့် လူသားနှင့် သက်ရှိသက်မဲ့ ဆက်ဆံရေးဖြစ်ပါသည်။
(ယနေ့ည လက်ချာ Let it go Let it be ကို အချုပ်ရေးလိုက်ခြင်းဖြစ်ပါသည်။ အချုပ် လွန်သွားပြီလား မဆိုတတ်။)

Post a Comment