အပျံ သင်နေတဲ့ ကောင်းကင်


ပစ်မှတ်က တကယ် ရဲ တော့
ကျည်ဆံလည်း နည်းနည်းရွံ့တာပဲ

ပင်လယ်က အဲသလောက် လှိုင်းငြိမ်ရင်
ကောင်းကင်လည်း
အပျံ သင်နေတတ်တယ်။ ။


ဇင်ဝေသော်

စင်္ကာပူ ဖွင့်လာမယ့်တံခါး


ဦးနေဝင်းရဲ့ တော်လှန်ရေးကောင်စီခေတ်က သူဋ္ဌေးတချို့ စင်္ကာပူ ရောက်လာတဲ့အကြောင်း အရင် ဆောင်းပါးထဲမှာ အစချီခဲ့ပါတယ်။ ပစ္စည်းတွေကို ပြည်သူပိုင် သိမ်းတဲ့ခေတ်မို့လို့ ယူဆစရာ ရှိပါတယ်။ အဲဒီအချိန်မှာ စင်္ကာပူက တံခါးဖွင့်ဝါဒကို စတင်ကျင့်သုံးခိုက်ဆိုတော့ လူမျိုးစွဲ၊ နိုင်ငံစွဲ သိပ်မရှိတဲ့ သူဋ္ဌေးတွေ ဒီဘက်ကို ရှောင်ထွက်လာကြတာလို့ ယူဆနိုင်ပါလိမ့်မယ်။ ၂၀၀၂ - ခု မတိုင်မီ မြန်မာ့အဲယားဝေးရဲ့ ရှယ်ယာ ရာခိုင်နှုန်း တော်တော်များများပိုင်တဲ့သူဋ္ဌေးက မြန်မာပြည်ကနေ စင်္ကာပူ ရောက်လာတဲ့ စင်္ကာပူရီးယန်း တစ်ယောက်ပါ။ ကျနော်တို့နဲ့ သိပ်ပြီး အလှမ်းဝေး၊ သမိုင်းကိုလည်း စိတ်မဝင်စားလို့ ဒီကိစ္စ ဒီမှာပဲ ရပ်ပါတော့မယ်။

နောက်ပိုင်းကာလမှာတော့ တံငါရွာကနေ ကုန်းထလာနေတဲ့ စင်္ကာပူအတွက် မြန်မာ အင်ဂျင်နီယာတွေ အစုလိုက်၊ အဖွဲ့လိုက် ရောက်လာကြပြန်ပါတယ်။

၁၈ - နှစ်သားလောက်က ကြားဖူးတဲ့ အဖြစ်အပျက်က မြန်မာစစ်ဗိုလ်ချုပ်ကြီး ကျန်းမာရေးအတွက် ခွဲစိတ်ကုသဖို့ စင်္ကာပူ ရောက်လာချိန် သူ့ကို ခွဲစိတ်မယ့် ဆရာဝန်က မြန်မာဆရာဝန် ဖြစ်နေခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းပါ။ တကယ်ပဲလား၊ ကြံဖန်ပြောကြတာလားဆိုတာ မရေရာလို့ ဒီကိစ္စကိုလည်း ဒီမှာပဲ ရပ်ရပါလိမ့်ဦးမယ်။ ( လတ်တလော စာရင်းအရတော့ စင်္ကာပူကိုလာပြီး ဆေးကုသမှုခံယူတဲ့ တော့ပ် ဖိုက် နိုင်ငံခြားသားတွေထဲမှာ မြန်မာပါနေတယ် )

အခု စင်္ကာပူက မြန်မာတချို့အတွက် တံခါးဖွင့်ပေး လာပြန်ပါတယ်။ အဲဒါကတော့ အမျိုးသား သူနာပြု (သို့မဟုတ်) ထားလို အမျိုးသားတွေ အတွက်ပါပဲ။ သူတို့လူမျိုးတွေက ကွန်ပလိန်း ထူပေမဲ့ အစိုးရက ပြည်သူကို တော်တော် ဂရုစိုက်ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်ခြောက်နှစ် လောက်ကတည်းက လမ်းကူး ပလက်ဖောင်းတိုင်း ဝှီးချဲယား တွန်းသွားလို့ရအောင် ဆင်ခြေလျှော လုပ်ပေးနေတယ်။ တစ်မြို့လုံး အနှံ့ပဲ။
ဒါနဲ့ ဆက်စပ်ပြီး ခဏနေမှ သတင်းစာမှာ ဖတ်လိုက်ရတာက လာမယ့် ၂၀၂၀၊ ၂၀၃၀ - မှာ ဝှီးချဲယားပေါ် ရောက်လာမယ့် သက်ကြီးရွယ်အိုတွေ ပိုများလာမယ်ဆိုတာ ကြိုတွက်ချက်မိလို့ သူတို့အတွက် ကြိုတင်ပြင်ဆင်တာလို့ သိလိုက်ရပါတယ်။ လေးစားစရာ စီမံကိန်းပါ။
သူ့လူမျိုးတွေ အသက်ကြီးရင့်လာတာရယ်၊ ကလေးမွေးဖွားနှုန်း ကျဆင်းလာတာရယ်ကို အခြေခံပြီး  ဒီနေ့ သူတို့ပြောတဲ့ စက္ကူဖြူစီမံကိန်း စခဲ့တော့တာပါပဲ။ စာဖတ်သူတစ်ယောက်က ဒီအကြောင်း ဆောင်းပါးရေးဖို့ ပြောပေမဲ့ ကိုယ့်လူမျိုးနဲ့ တိုက်ရိုက်ကြီး ပတ်သက်နေတာ မဟုတ်လို့ အာရုံ မကျမိဘူး။

ကိုယ်နဲ့ ပတ်သက်နေတာက အဲဒီ အမျိုးသား သူနာပြုကိစ္စပါ။ အမျိုးသမီးဆိုတော့ လူနာကို ပွေ့ရာချီရာမှာ အား သိပ်မရှိဘူးပေါ့။ ဒါတင် မကပါဘူး၊ တခြား လူမှုရေးပြဿနာအချို့လည်း မစောင့်စည်းရင် ဖြစ်လာနိုင်ပြန်ပါတယ်။ သူနာပြု ဆိုပေမဲ့ ဆေးရုံသူနာပြုမှ မဟုတ်တာ။ အိမ်မှာ ကျန်ရစ်ခဲ့တဲ့ အဘိုးကြီး၊ အဘွားကြီးတွေကို သီးသန့် စောင့်ရှောက်ရတဲ့ ကိစ္စပဲ။
အခုတော့ အကွက်မြင်တဲ့ အေဂျင်စီတွေက အမျိုးသား သူနာပြုတွေကို ခေါ်ယူပြီး သင်တန်းတွေ ပေးနေကြတယ်လို့ သတင်းစာမှာ ဖတ်လိုက်ရပြန်ပါတယ်။ မြန်မာတွေဖက်က ကြည့်ရင်လည်း ကိုယ့်နိုင်ငံထက်တော့ ဝင်ငွေကောင်းနေတော့ မလာချင်လှပေမဲ့ လာရမယ့် ခရီးမျိုးတော့ ဖြစ်နေမှာပေါ့။ နောက်ပြီး သက်ကြီးရွယ်အို တစ်ယောက်ကို စောင့်ရှောက်ရတာဟာ စိတ်အခန့်မသင့်တာ၊ အိပ်ရေး ပျက်ရတာမျိုးတွေ ရှိနိုင်ပေမဲ့ နေပူကျဲကျဲထဲ အလုပ်လုပ်ရတာမျိုး မဟုတ်သလို အဲဒီလစာထက်လည်း အနည်းနဲ့အများ ပိုနေမှာပဲလေ။

စင်္ကာပူမှာ သက်ကြီးရွယ်အိုတွေ တိုးပွားလာတာ တို့နိုင်ငံနဲ့ မဆိုင်ဘူးလို့ ထင်စရာ ရှိပေမဲ့ ကမ္ဘာကြီးက ဂလိုဘယ်ဖြစ်နေတော့ ဆိုင်တော့ ဆိုင်နေတာပဲ။ လာမယ့်နှစ်တွေမှာ S-pass ကိုင်ထားတဲ့ မြန်မာတွေရဲ့ အနာဂတ်က သိပ် မသေချာလှပေမဲ့ သူတို့နိုင်ငံရဲ့ အခြေအနေနဲ့ လိုအပ်ချက်ကြောင့် အမျိုးသား သူနာပြုတွေရဲ့ တံခါးကိုတော့ စင်္ကာပူက လျောလျောလျူလျူ ဖွင့်ပေးလာတော့မှာ သေချာပါတယ်။

တချိန်က မြန်မာ (၁၀) ယောက်မှာ (၈) ယောက်က အင်ဂျင်နီယာ။
တဖြည်းဖြည်းနဲ့ မြန်မာ (၁၀) ယောက်မှာ အမျိုးသား သူနာပြုက (၅) ယောက် ဆိုတာများ ဖြစ်လာလေဦးမလား။

တံခါးဖွင့် စီပွားရေးစနစ်အစမှာ သူဌေးတချို့ရလိုက်သလို.....
တံငါရွာကနေ မြို့ပြအကူးမှာ အင်ဂျင်နီယာတွေ ရလိုက်သလို......
ဇရာတရားနဲ့ စင်္ကာပူဟာ မြန်မာသူနာပြုတွေကို အရယူမယ့်သဘောတော့ ရှိနေတယ်။

ဘာပဲပြောပြော သူတို့ဘဝတွေ အဆင်ပြေသွားကြရင် ကျေကျေနပ်နပ် သာဓုခေါ်ကြရမှာပါပဲ။
အဲ … တချိန်က မင်္ဂလာဒုံလေဆိပ်တွေ၊ သမ္မတရုပ်ရှင်ရုံတွေ၊ ဆရာဝန်၊ အင်ဂျင်နီယာတွေနဲ့ ခန်းနားခဲ့တဲ့ နိုင်ငံဟာ အမျိုးသား သူနာပြုတွေ ထုတ်ပေးနိုင်ရုံနဲ့တော့ ကျေနပ်စရာ မကောင်းလှတော့ဘူးလေ။
ပြုပြင်စရာ၊ ကြိုးစားစရာ များစွာနဲ့ … မြန်မာ။


ဇင်ဝေသော်
 

ဝါကျများ စုစည်းမှု


( မင်းတို့လိုကောင်မျိုးတွေဆို ဘယ်နေရာ တွေ့တွေ့ မင်းတို့က စပြီး မခေါ်ရင် မခေါ်နိုင်ဘူး လို့ ရွှတ်နောက်နောက် ပြောခဲ့တဲ့ သူငယ်ချင်း သို့ )

-စိတ်ထင်လို့ မဟုတ်ပါဘူး၊တစ်ခုခုကို မျှော်လင့်မထားရင် နာရီတိုင်းရဲ့ အသွားနှုန်းဟာလည်း အတူတူပဲနေမှာပါ။
-ဘယ်သူ အကြီးဆုံးလည်း မမေးခင်အထိ လူသားအားလုံးဟာ ညီအကိုပဲလို့ ဆိုကြတယ်မဟုတ်လား။
-ဘာရယ် မဟုတ်ဘူး၊ လမ်းမလျှောက်တာ ကြာလို့ လမ်းလျှောက် ကြည့်တာ ပါ။
-တကယ်က လမ်းလျှောက်တာထက် စိတ်လျှောက်နေတာက ပိုမြန်ပါတယ်။
-စိတ်တကယ်လျှောက်နေရင် ခြေလှမ်းတိုင်း၊ အသက်ရှူမှုတိုင်းဟာလည်း အတူတူဖြစ်သွားတယ်။
-အနှေးအမြန်ဆိုတာလည်း မရှိတော့ပါဘူး။

-အနှေးအမြန် မရှိလည်း လူက ရွေ့နေတယ်။ခြေလှမ်းတွေက လှမ်းနေဆဲ ထင်တယ်။
-ရွာဘက်မှာ ( မြန်မာပြည် အလယ်ပိုင်းမှာ ) ငလျင်လှုပ်လို့တဲ့။ ဟုတ်လား။ ဘယ်လောက် စကေးအထိ လှုပ်တာလဲ။
-ဒါတော့ မသိဘူး။ ရွာကလူတွေအတွက် မစိုးရိမ်မိဘူးလား။
- မစိုးရိမ်လှပါဘူး။ ရွာမှာ ငလျင်လှုပ်လို့ တိုက်ပြိုကျပြီး လူပေါ်ပိ သေရအောင် တိုက်မြင့်မြင့်တွေ မရှိဘူး။
-ဘာပဲဖြစ်ဖြစ် စိုးတော့ စိုးရိမ်သင့်တာပေါ့။ အင်း ဟုတ်တယ်။ စိုးရိမ်သင့်တယ်။
- ငလျင်လှုပ်လို့ အိမ်ပေါ်က ဝါးလုံးအချင်တွေ ဘာတွေ ပြုတ်ကျရင်တော့ ခေါင်းလောက်တော့ ပေါက်နိုင်တယ်။
- သေလောက်အောင်တော့ မဖြစ်နိုင်ဘူး။
-မဟုတ်ဘူး၊ ဒီနှစ် ငလျင်လှုပ်တော့ မြေဩဇာတွေ ဟာသွားလို့ ပြောင်းဖူးတွေက မချိုဘူး။
-ဟုတ်သလား။ ဒါမျိုးတွေ ရှိသလား၊ ရှိတယ်။ စားကြည့်၊ တကယ် မချိုဘူး။ ချိုပါတယ်။
-ငလျင်လှုပ်တော့ ဒီနှစ် ထန်းရေချိုလည်း မရှိလောက်ဘူး။ ထန်းရေချိုတွေရော အချိုပေါ့သလား။
-ထန်းရေတွေမချိုတော့ရင် ထန်းလျက်တွေလည်း ချိုမှာမဟုတ်တော့ဘူး နော်။
-မဆိုင်ဘူးထင်တယ်။ စကား ကပ်ပြီး မမေးနဲ့။
-မေးတော့ မေးရဦးမယ်။အမှားတစ်ခုရဲ့ အခြေက ကိုယ့်ကြောင့်စတာ၊
-ဒါပေမယ့် အဲဒီအမှားကို အခြေခံပြီး လူနှစ်ယောက်ပျော်ရွှင်နေကြတယ် ဆိုရင် အဲဒီ အမှားကို ၀န်ခံပြီး ပြောပြသင့်လား။
- ပြောပြသင့်တယ်။
- ပြောပြလိုက်ရင် နှစ်ယောက်စလုံးရဲ့ အပျော်တွေ ရပ်တန့်သွားကြလိမ့်မယ်။
-တကယ် ရပ်သွားမှာလား။ ထင်တယ်။ မရပ်သေးဘူး၊ဆက်လျောမယ်လေ။
- ဒီအတိုင်း ထားရင်လည်း ဘယ်သူ့မှတော့ မထိခိုက်ဘူး။
-အင်းလေ။ တိုက် မြင့်မြင့်ကြီးတွေမှ မရှိတာ။ အလွန်ဆုံးဖြစ်လှ အချင်တွေ ဘာတွေ ပြုတ်ကျလို့ ခေါင်းပေါက်ရုံပေါ့။
- ဘာဆိုင်လို့လဲ။ အခုပြောနေတာ ( စဉ်းစားနေတာ ) ငလျင်အကြောင်း မဟုတ်တော့ဘူး။ အော် ဟုတ်လား။ ရုတ်တရက်ကြီး။
-ရုတ်တရက်ကြီး ကိုယ့်နာမည်တွေ့လိုက်တော့ ဒိန်းခနဲ လန့်သွားတာပေါ့။
-ဟုတ်လား။ နာမည်က အဲလို ကြောက်စရာကောင်းသလား၊ ကြောက်စရာကောင်းရင် နာမည် မမှည့်နဲ့တော့လေ။
-ဘာဆိုင်လို့လဲ၊ မျော်လင့် မထားတဲ့နေရာမှာ မျော်လင့် မထားတာတွေ့ရင် လန့်တတ်တာပဲ၊ ဘာတွေ့တာနဲ့ ဆိုင်ဘူး။
-ဟုတ်လား၊စာမေးပွဲ ဂေဇက်ထဲမှာ ကိုယ့်နာမည် တွေ့လိုက်ရသလိုလား။ မနောက်နဲ့၊ မတူဘူး၊
-အင်း ဟုတ်တယ်၊ မတူဘူး။
-တူတယ်၊ တူတာကိုမဟုတ်ဘူး၊ သူမှ သူ ရယ်၊ အခု နည်းနည်းဝနေလို့။ လှမ်းခေါ်လိုက်ရအောင်လေ။
-မခေါ်ပါဘူး၊ စင်္ကာပူရောက်သွားပြီး ဘဝင်ကိုင်နေလို့ မမြင်ချင်ယောင် ဆောင်သွားတာနေမှာ။
-မဟုတ်လောက်ပါဘူး၊ အရင်ကလည်း သူမြင်ချင်မှ မြင်တတ်တာ၊ အဲလိုစိတ် မရှိလောက်ပါဘူး။
-ရှိရှိ မရှိရှိ သူတို့လိုလူကို ကိုယ်ကစပြီးတော့ နှုတ်မဆက်နိုင်ပါဘူး၊ လက်ဆောင်လိုချင်လို့၊ တစ်ခုခု အကျွေးခိုင်းမလို့ နှုတ်ဆက်တယ်ထင်မှ ဟုတ်ပေ့။

-အရင်က တစ်ယောက်က မမြင်ရင် တစ်ယောက်က လှမ်း ခေါ်တယ်။ အခု.......


ဇင်ဝေသော် 

စားကြမယ်ဟေ့ ကောင်းကောင်း ( တနင်္ဂနွေ အပျင်းပြေ )


ငါးမန်းသားအဖ ပင်လယ်ထဲမှာ အစာရှာထွက်ကြတယ်။ သူတို့ဘေးမှာ ဝဝ ဖြိုးဖြိုးငါးလေးတွေလည်း ကြောက်လန့်တကြားနဲ့ ဟိုပြေး ဒီပြေး ဖြစ်နေကြ တာပေါ့။ သား ငါးမန်းက လျှာတပြင်ပြင်နဲ့ စားချင်လှပြီ။
အဖေငါးမန်းက
" မစားနဲ့ဦး ငါ့သား၊ ဒီထက်အရသာရှိတဲ့ ငါးတွေကိုတွေ့မှ စားရအောင်။ အခုတော့ ငါတို့ ငါးမန်းတောင်၊ ငါးမန်းစွယ်တွေကို အသားကုန်ထုတ်ပြပြီး တစ်ပတ်လောက် ကူးကြဦးစို့ " ဆိုပြီး ပင်လယ်ထဲဆက်ကူးနေကြတယ်။

တစ်ပတ်ပြည့်တော့မှ
" စားချင်ရင် စားလို့ရပြီ၊ ငါးအားလုံးဟာ စောစောကထက် အရသာပိုရှိသွားပြီ " လို့ အဖေငါးမန်းက ပြောတယ်။
" ဖေဖေကလည်း ဒီငါးတွေက အတူတူပဲဥစ္စာ၊ သားတို့တွေ့ခဲ့တဲ့ငါးတွေပဲ၊ ဘာဖြစ်လို့ အရသာပိုရှိသွားရတာလဲ "
" မတူဘူး သားရဲ့။ ငါတို့ ငါးမန်းတောင်၊ ငါးမန်းစွယ်တွေကိုမြင်ပြီး သူတို့ ကြောက်ချေး၊့ ကြောက်သေးတွေပါပြီးကြပြီးပြီ။ ဒီတော့ ပိုသန့်ရှင်း၊ ပိုလည်းအရသာရှိသွားတာပေါ့ " တဲ့။

သား ငါးမန်းအတွက် ငါးကောင်းကောင်းစားရရေး ပညာတစ်ခု ရသွားတာပေါ့။

( R.D, July,2012 )


ဇင်ဝေသော် 

မပါလည်း ဖြစ်တဲ့ ဝေါဟာရများ ( ၂ )


သူတို့ဆွဲထုတ်ထားတဲ့ စကားလုံးတွေဟာ အထူးသဖြင့် အမေရိကန် မီဒီယာ ကြီးတွေဖြစ်ကြတဲ့ တိုင်းမ်တို့ နယူးစ်ဝိက်တို့မှာသုံးစွဲလာနေတဲ့ ဝေါဟာရ များ ဖြစ်ပါတယ်။ ဥပမာဝါကျတွေကကို မူရင်းမဂ္ဂဇင်းနဲ့ ဂျာနယ်တွေထဲကပါ။

1 ) a few (short) years
2 ) ( general ) public.
This is the first time that the general public has been given the opportunity to determined the content of a Super Bowl commercial. ( Times )
3 ) ( information ) report
4 ) knowledge ( base ).
This revelation adds to our knowledge base
5 ) ( live ) operator.
Should you not reach to a live operator please leave your message.
6 ) mired ( together )
7 ) now ( currently )
8 ) on ( the face of ) the earth.
Americans are the most wasteful people on the face of the earth.
9 ) ( period of or point in ) time.
A very short period of time
10) ( personal ) opinion
11) ( planned ) strategy
12) (purchase ) price
13) risk ( factor )
14) ( separate ) pieces.
The company owns 152 separate pieces of property.


ဇင်ဝေသော်