စင်္ကာပူ ဖွင့်လာမယ့်တံခါး


ဦးနေဝင်းရဲ့ တော်လှန်ရေးကောင်စီခေတ်က သူဋ္ဌေးတချို့ စင်္ကာပူ ရောက်လာတဲ့အကြောင်း အရင် ဆောင်းပါးထဲမှာ အစချီခဲ့ပါတယ်။ ပစ္စည်းတွေကို ပြည်သူပိုင် သိမ်းတဲ့ခေတ်မို့လို့ ယူဆစရာ ရှိပါတယ်။ အဲဒီအချိန်မှာ စင်္ကာပူက တံခါးဖွင့်ဝါဒကို စတင်ကျင့်သုံးခိုက်ဆိုတော့ လူမျိုးစွဲ၊ နိုင်ငံစွဲ သိပ်မရှိတဲ့ သူဋ္ဌေးတွေ ဒီဘက်ကို ရှောင်ထွက်လာကြတာလို့ ယူဆနိုင်ပါလိမ့်မယ်။ ၂၀၀၂ - ခု မတိုင်မီ မြန်မာ့အဲယားဝေးရဲ့ ရှယ်ယာ ရာခိုင်နှုန်း တော်တော်များများပိုင်တဲ့သူဋ္ဌေးက မြန်မာပြည်ကနေ စင်္ကာပူ ရောက်လာတဲ့ စင်္ကာပူရီးယန်း တစ်ယောက်ပါ။ ကျနော်တို့နဲ့ သိပ်ပြီး အလှမ်းဝေး၊ သမိုင်းကိုလည်း စိတ်မဝင်စားလို့ ဒီကိစ္စ ဒီမှာပဲ ရပ်ပါတော့မယ်။

နောက်ပိုင်းကာလမှာတော့ တံငါရွာကနေ ကုန်းထလာနေတဲ့ စင်္ကာပူအတွက် မြန်မာ အင်ဂျင်နီယာတွေ အစုလိုက်၊ အဖွဲ့လိုက် ရောက်လာကြပြန်ပါတယ်။

၁၈ - နှစ်သားလောက်က ကြားဖူးတဲ့ အဖြစ်အပျက်က မြန်မာစစ်ဗိုလ်ချုပ်ကြီး ကျန်းမာရေးအတွက် ခွဲစိတ်ကုသဖို့ စင်္ကာပူ ရောက်လာချိန် သူ့ကို ခွဲစိတ်မယ့် ဆရာဝန်က မြန်မာဆရာဝန် ဖြစ်နေခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းပါ။ တကယ်ပဲလား၊ ကြံဖန်ပြောကြတာလားဆိုတာ မရေရာလို့ ဒီကိစ္စကိုလည်း ဒီမှာပဲ ရပ်ရပါလိမ့်ဦးမယ်။ ( လတ်တလော စာရင်းအရတော့ စင်္ကာပူကိုလာပြီး ဆေးကုသမှုခံယူတဲ့ တော့ပ် ဖိုက် နိုင်ငံခြားသားတွေထဲမှာ မြန်မာပါနေတယ် )

အခု စင်္ကာပူက မြန်မာတချို့အတွက် တံခါးဖွင့်ပေး လာပြန်ပါတယ်။ အဲဒါကတော့ အမျိုးသား သူနာပြု (သို့မဟုတ်) ထားလို အမျိုးသားတွေ အတွက်ပါပဲ။ သူတို့လူမျိုးတွေက ကွန်ပလိန်း ထူပေမဲ့ အစိုးရက ပြည်သူကို တော်တော် ဂရုစိုက်ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်ခြောက်နှစ် လောက်ကတည်းက လမ်းကူး ပလက်ဖောင်းတိုင်း ဝှီးချဲယား တွန်းသွားလို့ရအောင် ဆင်ခြေလျှော လုပ်ပေးနေတယ်။ တစ်မြို့လုံး အနှံ့ပဲ။
ဒါနဲ့ ဆက်စပ်ပြီး ခဏနေမှ သတင်းစာမှာ ဖတ်လိုက်ရတာက လာမယ့် ၂၀၂၀၊ ၂၀၃၀ - မှာ ဝှီးချဲယားပေါ် ရောက်လာမယ့် သက်ကြီးရွယ်အိုတွေ ပိုများလာမယ်ဆိုတာ ကြိုတွက်ချက်မိလို့ သူတို့အတွက် ကြိုတင်ပြင်ဆင်တာလို့ သိလိုက်ရပါတယ်။ လေးစားစရာ စီမံကိန်းပါ။
သူ့လူမျိုးတွေ အသက်ကြီးရင့်လာတာရယ်၊ ကလေးမွေးဖွားနှုန်း ကျဆင်းလာတာရယ်ကို အခြေခံပြီး  ဒီနေ့ သူတို့ပြောတဲ့ စက္ကူဖြူစီမံကိန်း စခဲ့တော့တာပါပဲ။ စာဖတ်သူတစ်ယောက်က ဒီအကြောင်း ဆောင်းပါးရေးဖို့ ပြောပေမဲ့ ကိုယ့်လူမျိုးနဲ့ တိုက်ရိုက်ကြီး ပတ်သက်နေတာ မဟုတ်လို့ အာရုံ မကျမိဘူး။

ကိုယ်နဲ့ ပတ်သက်နေတာက အဲဒီ အမျိုးသား သူနာပြုကိစ္စပါ။ အမျိုးသမီးဆိုတော့ လူနာကို ပွေ့ရာချီရာမှာ အား သိပ်မရှိဘူးပေါ့။ ဒါတင် မကပါဘူး၊ တခြား လူမှုရေးပြဿနာအချို့လည်း မစောင့်စည်းရင် ဖြစ်လာနိုင်ပြန်ပါတယ်။ သူနာပြု ဆိုပေမဲ့ ဆေးရုံသူနာပြုမှ မဟုတ်တာ။ အိမ်မှာ ကျန်ရစ်ခဲ့တဲ့ အဘိုးကြီး၊ အဘွားကြီးတွေကို သီးသန့် စောင့်ရှောက်ရတဲ့ ကိစ္စပဲ။
အခုတော့ အကွက်မြင်တဲ့ အေဂျင်စီတွေက အမျိုးသား သူနာပြုတွေကို ခေါ်ယူပြီး သင်တန်းတွေ ပေးနေကြတယ်လို့ သတင်းစာမှာ ဖတ်လိုက်ရပြန်ပါတယ်။ မြန်မာတွေဖက်က ကြည့်ရင်လည်း ကိုယ့်နိုင်ငံထက်တော့ ဝင်ငွေကောင်းနေတော့ မလာချင်လှပေမဲ့ လာရမယ့် ခရီးမျိုးတော့ ဖြစ်နေမှာပေါ့။ နောက်ပြီး သက်ကြီးရွယ်အို တစ်ယောက်ကို စောင့်ရှောက်ရတာဟာ စိတ်အခန့်မသင့်တာ၊ အိပ်ရေး ပျက်ရတာမျိုးတွေ ရှိနိုင်ပေမဲ့ နေပူကျဲကျဲထဲ အလုပ်လုပ်ရတာမျိုး မဟုတ်သလို အဲဒီလစာထက်လည်း အနည်းနဲ့အများ ပိုနေမှာပဲလေ။

စင်္ကာပူမှာ သက်ကြီးရွယ်အိုတွေ တိုးပွားလာတာ တို့နိုင်ငံနဲ့ မဆိုင်ဘူးလို့ ထင်စရာ ရှိပေမဲ့ ကမ္ဘာကြီးက ဂလိုဘယ်ဖြစ်နေတော့ ဆိုင်တော့ ဆိုင်နေတာပဲ။ လာမယ့်နှစ်တွေမှာ S-pass ကိုင်ထားတဲ့ မြန်မာတွေရဲ့ အနာဂတ်က သိပ် မသေချာလှပေမဲ့ သူတို့နိုင်ငံရဲ့ အခြေအနေနဲ့ လိုအပ်ချက်ကြောင့် အမျိုးသား သူနာပြုတွေရဲ့ တံခါးကိုတော့ စင်္ကာပူက လျောလျောလျူလျူ ဖွင့်ပေးလာတော့မှာ သေချာပါတယ်။

တချိန်က မြန်မာ (၁၀) ယောက်မှာ (၈) ယောက်က အင်ဂျင်နီယာ။
တဖြည်းဖြည်းနဲ့ မြန်မာ (၁၀) ယောက်မှာ အမျိုးသား သူနာပြုက (၅) ယောက် ဆိုတာများ ဖြစ်လာလေဦးမလား။

တံခါးဖွင့် စီပွားရေးစနစ်အစမှာ သူဌေးတချို့ရလိုက်သလို.....
တံငါရွာကနေ မြို့ပြအကူးမှာ အင်ဂျင်နီယာတွေ ရလိုက်သလို......
ဇရာတရားနဲ့ စင်္ကာပူဟာ မြန်မာသူနာပြုတွေကို အရယူမယ့်သဘောတော့ ရှိနေတယ်။

ဘာပဲပြောပြော သူတို့ဘဝတွေ အဆင်ပြေသွားကြရင် ကျေကျေနပ်နပ် သာဓုခေါ်ကြရမှာပါပဲ။
အဲ … တချိန်က မင်္ဂလာဒုံလေဆိပ်တွေ၊ သမ္မတရုပ်ရှင်ရုံတွေ၊ ဆရာဝန်၊ အင်ဂျင်နီယာတွေနဲ့ ခန်းနားခဲ့တဲ့ နိုင်ငံဟာ အမျိုးသား သူနာပြုတွေ ထုတ်ပေးနိုင်ရုံနဲ့တော့ ကျေနပ်စရာ မကောင်းလှတော့ဘူးလေ။
ပြုပြင်စရာ၊ ကြိုးစားစရာ များစွာနဲ့ … မြန်မာ။


ဇင်ဝေသော်
 

Post a Comment