သူတို့ ကြေးမုံပေါ်ကျနော်တို့ ကြေကွဲမှန်စများ


" ဒီနေရာမှာ မဆီမဆိုင် ဝင်ပြီး သတိပေးလိုက်တာက ဝင်စတန်ချာချီ ရဲ့ စကားပါ။
“A nation that forgets its past is doomed to repeat it.”
"အတိတ်ဆိုးကို သင်္ခန်းစာ ယူဖို့ မေ့တဲ့နိုင်ငံဟာ အတိတ်ဆိုးထဲကို တပတ် ပြန် လည်သွားနိုင်တယ်တဲ့ "

ဒီစာအုပ်ကို ဖတ်မိသူတိုင်း တုန်လှုပ်တယ်။ အခု အင်္ဂလိပ်လို ဘာသာပြန် လိုက်တော့ ကမ္ဘာကပါ တုန်လှုပ်သွားတယ်။ အဲဒီစာအုပ် နာမည်က “Tombstone; The untold story of Mao’s Great Famine” တဲ့။ ပြုစုသူက ဝါရင့် စာနယ်ဇင်းဆရာကြီး Yang Jisheng ပါ။ ဒီစာအုပ်ရဲ့ တရုတ်မူရင်းက “Immoral tombstone” လို့ ခေါ်ပြီး စာမျက်နှာ (၁၂၀၀) ကျော်တယ်လို့ ဆိုပါတယ်။ ၂၀၀၈ - ခုနှစ်က ထိုင်ဝမ်မှာ ထုတ်ဝေ ခဲ့ပြီး အင်္ဂလိပ် ဘာသာပြန်ကတော့ မနှစ်က အောက်တိုဘာလက ထွက်လာ ခဲ့ပါတယ်။ စာမျက်နှာ (၆၀၀) ကျော်ပဲ ရှိတော့တယ်။



ပထမဆုံး သူ ဝေဖန်တာကို ထုတ်ကြည့်ရင် မော်စီတုန်းရဲ့ ကွန်မြူနစ်၊ အာ ဏာရှင်စနစ်ရဲ့ ရက်စက်ပုံ၊ စီမံခန့်ခွဲမှု လွဲမှားပုံ၊ အရာရှိငယ်တွေရဲ့ အပေါ်ဖား ၊ အောက်ဖိ လူမဆန်ပုံ၊ အပေါ်ကလည်း ဒါတွေကို သိရက်သားနဲ့ မိန့်မိန့်ကြီး နားဝင်ချိုနေပုံတွေကို ခပ်နာနာ ဝေဖန်ရင်း ထောက်ပြသွားခဲ့တာပါ။
၁၉၅၈ - ၆၂ - ခုနှစ်တွေ ကြားမှာ အစာရေစာ ငတ်မွတ်ခေါင်းပါးမှုနဲ့အတူ ရက်စက်တဲ့ မော်စီတုန်းရဲ့ အာဏာရှင် ကွန်မြူနစ်စနစ်ဆိုးကြောင့် လူပေါင်း (၃၆) သန်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ တစ်ချက်ကောင်း မှော် အတတ် နဲ့ နိုင်ငံတော်ကြီး ရုတ်တရက် တိုးတက်ကြီးပွားစေချင်တော့ လယ်သမားတွေ ကို စတီးလ်စက်ရုံတွေမှာ အလုပ် လုပ်ခိုင်းတယ်။ တောင်သူတွေကို သဘာဝ နဲ့ မညီ၊ ရာသီနဲ့ မညီ အထက်က အစိုက်ခိုင်းတဲ့ သီးနှံကိုပဲ စိုက်ရမယ်လို့ အ မိန့် ထုတ်တယ်။ ဒီတော့ စားနပ်ရိက္ခာက မလုံလောက်တော့ဘူး။စားနပ်ရိက္ခာ မလုံလောက်တဲ့ကြားက နိုင်ငံခြားပို့ကုန်တွေ ကျမသွားဘူးဆိုတာ ပြချင်၊ကြွား ချင်တော့ ကျေးလက်မှာ ရှိသမျှ စားနပ်ရိက္ခာတွေကို မြို့ကိုသယ်၊ မြို့တွေက တဆင့် နိုင်ငံခြားကိုပို့။ ဒေသတွင်း အာဏာပိုင်တွေကလည်း ခေါက်ရိုးကျိုး ကွန်မြူနစ် အပုတ်အဆွေးစနစ်ကြောင့် အထက်လူကြီး မျက်နှာ မငြိုငြင် ဖို့ အောက်လူတွေရဲ့ မျက်နှာပေါ် ဘွတ်ဖိနပ်နဲ့ နင်းရင်း ရိက္ခာတွေ သိမ်း တယ်။

အဲဒီမှာ ကပ်ဆိုးကြီး ဆိုက်တော့တာပဲ။ သဘာဝကပ်ဆိုး၊ လူကပ်ဆိုး။ အဲဒီ ကပ်ဆိုးရဲ့ အမည်က မော်စီတုန်းရဲ့ “စက်မှုလယ်ယာ” ကွန်မြူနစ်စနစ်ပါပဲ။
ဒီစာအုပ်ရေးသူ မစ္စတာယန်းဟာ မော်စီတုန်း လက်ထက်ကတည်းက နာမည် ကြီး ဆင်ဝှါသတင်းဌာနမှာ အစိုးရသတင်းထောက် လုပ်ခဲ့တဲ့ ဝါရင့် သတင်းေ ထာက် တစ်ယောက်ပေါ့။ သတင်းထောက် မဖြစ်ခင်ကတည်းက မလိမ့်တစ် ပတ်နဲ့ သတင်းပေးပို့ပုံ သင်တန်းတွေ ကောင်းကောင်း လက်ချာ အပေးခံခဲ့ရ တယ်။ အရှင်းဆုံးပြောရရင် လူထုကြားမှာ မမှန်ရင်နေ၊ အရာရှိ သဘောကျ တဲ့ သတင်းမျိုး ရေးတတ်ဖို့ပဲပေါ့။
ဥပမာ လူထုကြီးက ငတ်သူငတ်၊ သေသူသေ၊ သတင်းစာတွေထဲမှာတော့ ပန်းတွေနဲ့ ဝေနေရမယ်။

သူ့ကို အမြင်မှန် ရစေဖို့ တွန်းအားပေးလိုက်တာကတော့ Tiananmen တော် လှန်ရေးကြီးပါပဲ။ ၁၉၈၉ - ခုမှာ ဖြစ်ပွားခဲ့တဲ့ အဒီ အရေးအခင်းကြီးမှာ အ သက် ဆုံးပါးသွားခဲ့ရတဲ့ အနာဂတ် ကျောင်းသားလူငယ်တွေကို ကြည့်ရင်း အကြီးအကျယ် တုန့်လှုပ်ခဲ့ရတယ်။ အထူးသဖြင့်တော့ အဲသလိုအရာရှိကြိုက် သတင်းတွေ ပေးပို့ဖို့ လုံးဝ ရပ်နားလိုက်ပြီး သတင်းထောက်တာဝန်၊ စကော လားတာဝန် ကြေဖို့ သတင်းမှန်၊ အချက်အလက်မှန်တွေကိုပဲ ရေးတော့တယ် လို့ သူက ဝန်ခံစကား ဆိုထားတယ်။

ကမ္ဘာ့စာနယ်ဇင်းလောကနဲ့ ပညာရှင်တွေက မစ္စတာယန်းရဲ့ စာအုပ်ကိုေ သာင်းသောင်းဖျဖျ ကြိုဆိုကြတယ်။ ပြီးတော့ ဒီစာအုပ်ဟာ ကွန်မြူနစ်စနစ်၊ အာဏာရှင်စနစ်ရဲ့ လူမဆန်မှုတွေအကြောင်း ပြောပြဖို့ဆို မရှိမဖြစ် အရေးပါ တဲ့ တက်(ခ်)ဘုတ်လို့တောင် ဆိုကြပါတယ်။

ဟုတ်ပြီ။ သူ ဘယ်လောက်အထိများ ပြောပြခဲ့လို့လဲ။
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားတဲ့ကာလဟာ (၇) နှစ်ကနေ (၈) နှစ်အထိ ကြာ တယ်။ ဒီစစ်ပွဲကြောင့် ကမ္ဘာတစ်ဝှမ်းလုံး သေဆုံးရသူ ဦးရေ သန်း (၄၀) နဲ့ (၅၀) ကြားမှာ ရှိတယ်။
တရုတ်ပြည် ငတ်မွတ်ဘေးဆိုက်တာက သုံးနှစ်ကျော်ကျော် လေးနှစ်ကာလ ကြာမယ်။ ဒီကာလထဲမှာ သေဆုံးသူ (၃၆) သန်း ရှိတယ်လို့ သူက နှိုင်းယှဉ်ပြ တယ်။ အများစုက အဆိုးဝါးဆုံး ခြောက်လ ကာလထဲမှာ သေဆုံးကြရတယ် ။ သေဆုံးသူ အရေအတွက်က များလွန်းတော့ ကြေကွဲဝမ်းနည်းနေဖို့တောင် အချိန်မရတော့ဘူး။

သူ့မူရင်းစကားကို ချန်မထားခဲ့ချင်လို့ အင်္ဂလိပ်လို ထည့်ပေးလိုက်တယ်။
“No sympathy, no grief, no tears, no shock, no dread, tens of millions departed this world in an atmosphere of mute apathy”.
သေဆုံးသူတွေရဲ့ အလောင်းကို မီးသင်္ဂြိုဟ်ချိန် မရှိ၊ မြေမြှုပ်ချိန် မရှိ၊ တချို့ အစာရှာရင်း လမ်းဘေးမှာ သေဆုံးလို့ သူတို့ပါးစပ်ပေါက်၊ နှာခေါင်းပေါက်ေ တွ ထဲက ကြွက်တွေ၊ ပိုးလောက်လန်းတွေ ဝင်ထွက်နေကြတာတောင် တွေ့ ရတယ်။
တဖြည်းဖြည်း အစာရေစာ ခေါင်းပါးလာလိုက်တာ သစ်ဥ၊ သစ်ဖု၊ သစ်ခေါက်တောင် ရှာဖွေ စားစရာ မရှိတော့ဘူး။ အဲဒီအချိန်မှာ လူသားစားဝါ ဒတောင် ထွန်းကားလာခဲ့တယ်တဲ့။ ဒီနေရာမှာ ရှေးဟောင်း လူသားစားဝါဒနဲ့ လတ်တလော တရုတ်ပြည်ရဲ့ လူသားစားဝါဒကို တွဲ နှိုင်းယှည်ပြလိုက်တာက ရင်နာဖွယ် ပိုလို့တောင် ကောင်းနေသေးတယ်။

ရှေးဟောင်းလူသားစားဝါဒက ကိုယ့်ကလေးကို မစားရက်လို့ ကလေးချင်း လှဲလှယ်ပြီး စားကြတယ်။ တရုတ်ပြည်မှာတော့ ကလေးချင်းတောင် မလဲတော့ဘဲ ကိုယ့်ကလေးကို ပြန်စားတဲ့ အခြေအနေ ရောက်သွားတယ်။
ဒီလို ဖြစ်နေချိန်မှာ သူ ရင်အနာဆုံးကတော့ပြည်သူတွေ ငတ်ပြတ်သေနေ ကြတဲ့ ကြားက စားနပ်ရိက္ခာတွေကို ကုန်လှောင်ရုံတွေထဲ ထည့်၊ သော့ခက်၊ အလောင်းချင်း ထပ်နေတဲ့ကြားက နိုင်ငံခြားပို့ကုန် အဆက်မပြတ် ပို့နေတယ် ဆိုတဲ့ လူကြီးအကြိုက်လိုက် လူမိုက်တွေရဲ့ လုပ်ဇာတ်တွေလို့ ဆိုပါတယ်။

သက်ကြီးရွယ်အိုတွေများ မကျန်းမာရင် “နိုင်ငံတော်အတွက် ဘာမှ လုပ် မပေးနိုင်တော့ဘူး။ ဒီလူကြီးတွေ မြန်မြန် သေပါစေ” တဲ့။

ဒါတွေကို ရေးဖို့ ဌာနဆိုင်ရာတွေမှာ ရှိတဲ့ အချက်အလက် မှတ်တမ်းတွေသာ မက ဒီကပ်ဆိုးကြီးကို အရှင်လက်လက် ကြုံတွေ့ခဲ့ရသူတွေကိုလည်း ပါးစပ် အင်တာဗျူးတွေနဲ့ မေးမြန်းယူခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ကြိုးပမ်းအား ထုတ်မှု့ကြောင့် တစ်သက်လုံး ဖုံးထားခဲ့တဲ့ မော်စီတုန်း၊ ကွန်မြူနစ်နဲ့ အာဏာ ရှင်စနစ်ရဲ့ ရက်စက်ယုတ်မာပုံတွေဟာ ကမ္ဘာ့စာဖတ် ပရိသတ်လက်ထဲ ဒီနေ့ ရောက်လာခဲ့တာလို့ ဆိုရမှာပါ။ သဘာဝ ဘေးအန္တရာယ်ထက် ရက်စက် တဲ့ စနစ်ဆိုးကြီးကြောင့် ဒီလောက် သေဆုံးခဲ့ရတာလို့ အကျဉ်းချုပ်မှတ်ချက် သူက ပေးခဲ့တယ်။

သူပြောတဲ့ အရေအတွက်ကို လူတိုင်း လက်ခံတာတော့ မဟုတ်ပါဘူး။
အနည်းဆုံး ၁၉၈၁ - ၁၉၈၄ - ခုတွေမှာ မှတ်တမ်း ထိန်းသိမ်းခဲ့တဲ့ မော်စီတုန်း ဝါဒလက်ကိုင် ဗျူရိုကြီးဖြစ်တဲ့ မစ္စတာ Li Chengrui ကတော့ သေပျောက် မှု ဖော်ပြရာမှာ များလွန်းနေတယ်။ (၃၆) သန်းအစား (၁၅) သန်းသာ မှတ် တမ်းထဲမှာ ရှိတယ်လို့ ပြောပါတယ်။

စောင့်ကြည့်တတ်တဲ့ မျက်စေ့နဲ့ ကမ္ဘာ့ပညာတွေကတော့ အာဏာရှင်တွေရဲ့ လက်အောက်မှာ ကောင်းသတင်းဆို ချဲ့ကားပြောတတ်ပြီး ဆိုးတဲ့သတင်း ကိုတော့ အရေအတွက် အမှန် မဖော်ပြတတ်၊ လျှော့ပြီးဖော်ပြတတ်တာဟာ သဘာဝပဲ။ ဒါကြောင့် တာဝန်ရှိသူရဲ့ မှတ်တမ်းထဲမှာ တကယ်သာ (၁၅) သန်းအထိ ရှိနေမယ်ဆိုရင် အပြင်မှာ တကယ် သေဆုံးခဲ့ရတဲ့ အရေအတွက် ဟာ မစ္စတာယန်းဖော်ပြထားတဲ့ (၃၆) သန်းထက် လျော့စရာ အကြောင်း မ ရှိနိုင် ဘူးလို့ သုံးသပ်ကြပါတယ်။

ဒီနေရာမှာ မဆီမဆိုင် ဝင်ပြီး သတိပေးလိုက်တာက ဝင်စတန်ချာချီရဲ့ စကား ပါ။
“A nation that forgets its past is doomed to repeat it.” တဲ့။
အတိတ်ကို သင်္ခန်းစာ ယူဖို့ မေ့တဲ့နိုင်ငံဟာ အတိတ်ဆိုးထဲကို တပတ် ပြန် လည်သွားဦးမယ်တဲ့။
အဲဒီမှာ ကြောက်မက်ဖွယ် ခေါင်းလောင်းသံကို ကြားလိုက်ရတော့တာ ပါပဲ ။ မော်စီတုန်းကြီးလို့ ဆိုပေမဲ့ ကျနော်တို့မှာလည်း မော်စီတုန်းလေးတွေ ပိုင် ဆိုင်ခဲ့ဖူးတယ် (ပိုင်ဆိုင်နေဆဲလားတောင် မသိ)။ အထက်ဖား အောက်ဖိ အရာရှိ ဗရုတ်သုက္ခတွေ ဒီနေ့အထိများ မင်းမူနေဆဲလား မသိ။
သူတို့ ကြေးမုံထဲက ပုံရိပ်တွေလိုပဲ ကျနော်တို့မှာလည်းမှန်စကွဲတွေနဲ့ … ဟူး …..။

လေးစားပါတယ် ဝင်စတန်ချာချီ။

(စိတ်ဝင်စားရင် ဝယ်ဖတ်ကြည့်ပါ။ စာမျက်နှာ (၆၀၀) ကျော်။ စာအုပ်ရောင်းဈေး ဆင်း (၅၆) ဒေါ်လာ)


 ဇင်ဝေသော်

Post a Comment