ရွှေပြည်တော် မျှော်လေတိုင်းဝေး


( ပုံပြင် တစ် )

ကျွန်တော်တို့ဝင်းထဲမှာ ညနေပိုင်း သန့်ရှင်းရေးလာလုပ်တဲ့ အိန္ဒိယန်း တစ်ယောက် ရှိတယ်။ သူ့နာမည်ကိုတော့ အဲလက်(စ်)လို့ အလွယ်တကူ မှတ်ထားလိုက်ရတယ်။ သန့်ရှင်းရေးလုပ်၊ ပန်းပင်တွေကို ရေလောင်း၊ အလုပ်ချိန် တစ်နာရီလောက်တော့ ကြာပါလိမ့်မယ်။ သူ့ကို ပေးတဲ့လစာက တစ်လကို စင်္ကာပူဒေါ်လာ (၅၀၀) ပါ။

သူ့အကြောင်းကို စိတ်ဝင်စားလို့ နည်းနည်းပါးပါး မေးကြည့်တော့ သူ့မှာ တစ်ခြား အချိန်ပိုင်း အလုပ်နှစ်ခု ရှိတယ်။ ဒေါ်လာ (၈၀၀) နဲ့ (၅၀၀) စီ ရတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ သူ့လစာဟာ (၁၈၀၀) ဖြစ်သွားတယ်။ သူပြောတဲ့စကားအရ သူ့မှာ အိမ်ထောင်ရှိတယ်။ သမီးတစ်ယောက်ရှိတယ်။ သူ စင်္ကာပူကို လာပြီး အလုပ်လုပ်တဲ့ ရည်ရွယ်ချက်က ဒေါ်လာ (၂၀၀၀၀) စုမိဖို့ပါတဲ့။

ဒေါ်လာနှစ်သောင်းရှိရင် ဘာလုပ်မှာလဲဆိုတော့ အိန္ဒိယကို ပြန်မယ်၊ ကိုယ်ပိုင် ဈေးဆိုင်ဖွင့်မယ်။ အဲ့ဒါဆို အိန္ဒိယမှာ ငါကိုယ်တိုင် ဘော့စ် တစ်ယောက် ဖြစ်သွားပြီလို့ သူ့စိတ်ကူးကို ပြောပြပါတယ်။ တရုတ်လိုရှာ၊ ကုလားလိုစုဆိုတဲ့ မြန်မာစကားက တော်တော်မှန်တယ်။ သူသိပ်ကြိုက်တဲ့ ကြက်သားဒန်ပေါက် ထမင်းကိုတောင် တစ်လကို တစ်ကြိမ်ပဲ စားတယ်။ စားတဲ့နေ့က သူလစာ ထုတ်တဲ့နေ့ပါ။ ကြက်သား ဒန်ပေါက်တစ်ပွဲကို ငါးဒေါ်လာပေးရပါတယ်။

ဒီမှာ သူအလုပ်လုပ်တာ သုံးနှစ်လောက်တော့ ရှိပြီ ထင်တာပဲ။ ပြီးခဲ့တဲ့ လ ကတော့ သူရောက်လာပြီး သူ့ သူငယ်ချင်းနဲ့ မိတ်ဆက်ပေးတယ်။ သူ့နာမည်က ရာဇူးတဲ့။ သူလုပ်နေတဲ့ အလုပ်တွေကို ရာဇူးက ဆက်ပြီး လုပ်တော့မယ်။ သူကတော့ အိန္ဒိယကို အပြီး ပြန်တော့မှာ ဆိုပြီး နှုတ်ဆက် သွားပါတယ်။ မင်း ဒေါ်လာနှစ်သောင်း ရပြီလားဆိုတော့ သူက လက်မထောင်ပြတယ်။ သူ့အတွက် ဝမ်းသာရပါတယ်။ သူ့နိုင်ငံ၊ သူ့ဇနီးနဲ့ သူ့သမီးလေးဆီ သူ ပြန်လို့ ရသွားပြီ။ သူ စိတ်ကူးသလို ဖြစ်ခဲ့ရင် သူကိုယ် တိုင် ဘော့စ်တစ်ယောက် ဖြစ်သွားပြီ။ ပြောဖို့ ကျန်နေတာက သူက ဗာရာဏ သီကပါ။ ဆင်းရဲတဲ့ဒေသတစ်ခုပေါ့။ ဒါ့ကြောင့် ဒေါ်လာနှစ်သောင်းနဲ့ ရင်းနှီး စားသောက်ဖို့ဆိုတာ ဖြစ်နိုင်ချေ ရှိပါတယ်။

ကျွန်တော် စိတ်ဝင်စားမိတာက သူ ဘယ်လိုစုစောင်းသွားသလဲဆိုတာ ပါဝင်သလို ဈေးကြီးလှပါတယ်ဆိုတဲ့ စင်္ကာပူရဲ့ အခြေခံစားဝတ်နေရေး စရိတ်တွေလည်း ပါပါတယ်။ တကယ်တမ်း တွက်ကြည့်ရင် နေစရာ အိမ်ခန်း ကလွဲရင် စင်္ကာပူရဲ့ အခြေခံ စရိတ်ဟာ မဖြုန်းတဲ့သူအဖို့ ဈေးမကြီးလှပါဘူး။ ဝင်ငွေနဲ့ တိုင်းတာကြည့်ရင် ဈေးချိုတယ်လို့တောင် ပြောလို့ ရပါတယ်။

တစ်လကို ဒေါ်လာ (၁၈၀၀) ရတဲ့ အဲလက်(စ်)ရဲ့ တစ်နေ့ဝင်ငွေဟာ ဒေါ်လာ (၆၀) ပါပဲ။ စားစရိတ်အတွက် ညမနက် ကြက်သားဒန်ပေါက် စားမယ်ဆို ရင်တောင် (၁၀) ဒေါ်လာပဲ ကုန်သေးတယ်။ ဝတ်ဖို့ဆိုတာကလည်း မော်ဒယ် ကျသွားတဲ့ ဂျော်ဒါနိုးတို့ ဘာတို့ကို ဝယ်ဝတ်ရင် (၅) ဒေါ်လာ၊ ဂျင်းဘောင်းဘီ ဆိုရင်လည်း ဒေါ်လာ (၂၀)၊ (၃၀)လောက်နဲ့ ရနိုင်တယ်။ နေရေး အတွက်တော့ စဉ်းစားရပါလိမ့်မယ်။ ငှါးထားတဲ့အိမ်ခန်းမှာ မိတ်ဆွေတွေ နဲ့ ပေါင်းပြီးနေမယ်ဆိုရင်တောင် တစ်လကို (၃၀၀) နဲ့ (၅၀၀) ကြားထဲမှာ ရှိပါလိမ့်မယ်။ ဆိုပါတော့ တစ်ရက်ကို နေခအတွက် (၁၅) ဒေါ်လာ။ မဖြစ်မနေ ကုန်နိုင်သေးတာက ဖုန်းခ၊ တစ်လကို အိန္ဒိယန်းတစ်ယောက် က ဒေါ်လာ (၂၀) ထက်ပိုပြီး အကုန်ခံမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ ခရီးသွားလာစရိတ်က သူ့နေရာနဲ့ သိပ်မဝေးလှတော့ MRT စီးရင် အသွားအပြန် (၁) ဒေါ်လာစီ၊ (၂) ဒေါ်လာလောက်နဲ့ အဆင်ပြေနိုင်တယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ကျန်းမာရေးကောင်းတယ်ဆိုရင် တစ်နေ့တာ သူ့ ကုန် ကျငွေဟာ ဒေါ်လာအစိတ် ကျော်ကျော်လေးပဲ ရှိသေးတယ်။ ဒီတော့ တစ်နေ့ ကို ဒေါ်လာ (၃၀)နဲ့ (၄၀) ဝန်းကျင် စုလို့ ရနိုင်တယ်။ ဒါဆိုရင် တစ်လကို ဒေါ် လာ (၁၀၀၀) လောက် သူ စုလို့ ရနိုင်တယ်လို့ တွက်လို့ ရတယ်။ ဒါ့ကြောင်းလည်း သူမှန်းထားတဲ့ ဒေါ်လာ (၂၀၀၀၀) ပြည့်သွားတာပေါ့။

လက်ဖွာတဲ့ လူချမ်းသာတွေအတွက် ပစ္စည်းတွေက ဈေးကြီးပေမယ့် အခြေခံ လူတန်းစားတွေအတွက် ဈေးချိုချိုနဲ့ ရနိုင်တဲ့ အခြေခံစားသောက်ကုန်တွေ လည်း ရှိတယ်။ ဆိုပါတော့၊ ဒေါ်လာသောင်းချီကုန်မယ့် ဘူဖေးဒင်းနား ကြီးတွေ ရှိသလို သုံးဒေါ်လာနဲ့ ကိစ္စပြီးလို့ ရတဲ့ ကြာဇံကြော်လည်း ရှိတယ် ။ ထောင်ချီပေးရတဲ့ အိုင်ဖုန်းရှိသလို ဖုန်းလိုင်းယူရင် အလကားရတဲ့ ဟန်း ဆက်တွေ လည်း ရှိတယ်။ မီလျံဝက်လောက် ပေးရတဲ့ ကားတွေ ရှိသလို တစ်ဒေါ်လာနဲ့ လိုရာကို ရောက်နိုင်တဲ့ MRT တွေ၊ ဘက်(စ်)ကားတွေလည်း ရှိတယ်။ အားလုံးဟာ အဲယားကွန်းတွေနဲ့ အေးစိမ့်နေတာပါပဲ။

 
 
( ပုံပြင် နှစ် )

ရန်ကုန်ပြန်ရောက်တော့ အထည်ချုပ်စက်ရုံမှာ လုပ်နေတဲ့ကောင်းမလေးနဲ့ စကားပြောကြည့်မိတယ်။ သူမ ရတဲ့လစာက ခြောက်သောင်းလို့ ဆိုပါတယ်။ ဘက်(စ်)ကားခက အသွား ငါးရာ၊ အပြန် ငါးရာတဲ့။ ဘက်(စ်)ကားခနဲ့တင်ပဲ သူမရဲ့လစာထဲက နှစ်သောင်းခွဲသုံးသောင်း ကုန်သွားပြီ။ ဒီကောင်မလေး ဘာနဲ့များ စားမှာပါလိမ့်။ ခရီးသွားရင်း ထမင်းအဝစား တစ်ပွဲကို တစ်ထောင့် ငါးရာက တစ်နေရာ၊ နှစ်ထောင်က တစ်နေရာ ရှင်းခဲ့ရတာကို သတိရမိတယ်။
နိုင်ငံတစ်ခုချင်းစီရဲ့ ခြားနားချက်က အဲ့ဒါပါပဲ။

တစ်နေ့ကို ဒေါ်လာငါးဆယ်ဝင်တဲ့ အလုပ်သမားတစ်ယောက်ရဲ့ စားစရိတ်က ရှစ်ဒေါ်လာနဲ့ ဆယ်ဒေါ်လာကြားမှာ ရှိတယ်။ တစ်နေ့ကို မြန်မာငွေ နှစ်ထောင်ရတဲ့ စက်ချုပ်သမတစ်ယောက်ရဲ့ စားစရိတ် က ဝယ်စားရင် နှစ်ထောင်။ (ချက်စားရင်တော့ သက်သာကောင်းပါရဲ့)
စင်္ကာပူက အလုပ်သမားတစ်ယောက်ရဲ့ ခရီးစရိတ်က (သိပ်မဝေးလှဘူးဆို ရင်) နှစ်ဒေါ်လာနဲ့ သုံးဒေါ်လာ။ မြန်မာပြည်က စက်ချုပ်သမလေးရဲ့ ခရီး စရိတ်က တစ်ထောင်။

ထားပါတော့…
ကျွန်တော် ဆက်ကြည့်မိတဲ့ ကိစ္စက ဒေါ်လာနှစ်သောင်းနဲ့ အိမ်ပြန်သွားတဲ့ အဲလက်(စ်)ရဲ့ အကြောင်းပါ။
မြန်မာပြည်ကနေ အလုပ်လာလုပ်ကြတဲ့ မြန်မာတွေ ရှိတယ်။ စာရင်းစစ်၊ အင်ဂျင်နီယာနဲ့ ကွန်ပျူတာပညာရှင်တွေ များပါတယ်။ လုပ်သက် သိပ် မရှိကြသေးဘူးဆိုရင် သူတို့ ဝင်ငွေက ဒေါ်လာ (၁၈၀၀) နဲ့ (၂၅၀၀) ကြားလောက်မှာ ရှိနိုင်ပါတယ်။ အရည်အချင်း သိပ်ရှိပြီး ထက်မြတ်တဲ့ လူငယ်အချို့နဲ့ စင်္ကာပူမှာ ကျောင်းပြီးသူ အချို့ကတော့ ဒီထက် ပိုရစရာ ရှိပါတယ်။

ထားပါတော့။ သူတို့ကိုလည်း စိတ်ကူးထဲမှာ အဲလက်(စ်)လို ပြည်တော်ပြ န်နိုင်ဖို့ ငွေစုခိုင်းလိုက်ပါတယ်။ ဥပမာ ဒေါ်လာ (၂၅၀၀) ရတဲ့ လူငယ် တစ်ယောက် ဆိုပါတော့။ ဒေါ်လာ (၈၀၀) လောက် သုံးခိုင်းပြီး ဒေါ်လာ (၁၇၀၀) လောက် အစုခိုင်းလိုက်တယ်။ မြန်မာပြည်မှာ ကျန်ရစ်တဲ့ မိသားစု အတွက်၊ မြန်မာပြည်ကနေ ထွက်မလာခင် ချေးငှါးခဲ့ရတဲ့ ကျန်ကျမှုတွေ အ တွက် တစ်လကို ဒေါ်လာ (၅၀၀) ကနေ (၉၀၀) ပြန်ပို့ရမယ်။ ဒါဆိုရင် ဒေါ်လာ တစ်ထောင်ဝန်းကျင်လောက်တော့ စုထားလို့ ရနိုင်တယ်။

ကျန်းမားရေးပြဿနာ ကြီးကြီးမားမား မဖြစ်ဘူးဆိုရင် တစ်နှစ်ကို တစ်သောင်းကျော်ကျော်တော့ စုမိပါလိမ့်မယ်။ ဆိုပါတော့၊ သုံးနှစ်ကနေ ငါးနှစ်အထိ အလုပ်လုပ်ရင်း ပိုက်ဆံရှာမယ်။ ဒေါ်လာငါးသောင်းလောက် စုမိပြီ၊ ရန်ကုန်ပြန်မယ်။ သူတို့ ဘာလုပ်စားကြမှာပါလိမ့်။

အဲလက်(စ်)ကတော့ မိဘလက်ငုတ် မပါဘဲ သူကိုယ်တိုင် ဆိုင်လေးတစ်ဆိုင် ဖွင့်ပြီး သူ့မိသားစုကို ဦးဆောင်တော့မတဲ့။ အဲလက်(စ်)ကို သတိရလို့ ရာဇူးကို မေးကြည့်တော့ သူတော်တော်လေး အဆင်ပြေနေတယ်လို့ ကြား ရတော့ ဝမ်းသာမိပါသေးတယ်။

တောင်ဒဂုံမှာ ရှိတဲ့ လယ်ကွက်သာသာ အိမ်မြေက သိန်းထောင်ချီနေသတဲ့။
ငါးနှစ်လောက် ပိုက်ဆံစုပြီး မြန်မာပြည်ကို အပြီးပြန်မယ်လို့ ကြုံးဝါးသွားတဲ့ မိတ်ဆွေတစ်ချို့ စင်္ကာပူကို ပြန်ရောက်လာတယ်။ ဟိုပြန်ရောက်တော့ ရိုးရိုး သားသားနဲ့ လုပ်စားဖို့ ခက်လို့တဲ့။ ငွေအရင်းအနှီး ရှိဖို့ထက် အကပ်ကောင်းဖို့ က ပိုအရေးကြီးနေလို့တဲ့။ အကပ် မရှိလို့ကတော့ သိန်းထောင်ချီ ပါသွား လည်း လုပ်စားဖို့ ခက်နေတုန်းပဲတဲ့။

သမ္မတကြီးကတော့ ပြန်လာဖို့ ဖိတ်ပါရဲ့။
မဆီမဆိုင်တဲ့ဟာတွေအတွက် စားပွဲအောက်ကနေ ငွေထိုးပေးနေရတာတွေ များတော့ ပြန်သွားသူ တစ်ချို့ ပြန်ရောက်လာတာကိုလည်း တွေ့ ရတယ် ။ တောင်ဒဂုံက လယ်ကွက်က သိန်းတစ်ထောင်ဆိုတော့ သူတို့ စုထား တဲ့ ဒေါ်လာနဲ့ မလောက်တာလည်း ပါမှာပေါ့။

အခြေခံပြဿနာတွေ မပြေလည်သေးရင် ပြည်ပမှာ အနေကြာတဲ့ မြန်မာေ တွ ပြန်လာဖို့ ဆိုတာကလည်း …..

ရွှေပြည်တော် - မျှော်တိုင်းဝေး …..။
ရွှေပြည်တော် - မျှော်တိုင်းဝေး …..။
ရွှေပြည်တော် - မျှော်တိုင်းဝေး …..။

( မနှစ်က မေလမှာရေးထားတဲ့ ဆောင်းပါးမို့ သတင်းအချက်အလက်နဲ့ ကုန်ဈေးနှုံးတချို့ ကွဲလွဲနိုင်ပါတယ် )


 ဇင်ဝေသော်

1 comments:

Yes..It is very true.

Reply

Post a Comment