“ထား”


“ထား” ဆိုတာ သူမနာမည် မဟုတ်သလို “ထား” လို့ ခေါ်တယ်ဆိုတာကို လည်း သူမကိုယ်တိုင်ကတောင် မသိနိုင်ပါဘူး။ ဒါပေမဲ့ တစ်ခုခု၊ တစ်ယောက်ယောက်၊ တစ်စုံတရာကို ထားခဲ့ရမယ်ဆိုတာ သေချာသွားလို့ သူမကို “ထား” လို့ စိတ်ထဲမှာ ခေါ်လိုက်မိတာပါ။ ထားက အသားညိုတယ်၊ မျက်နှာချိုတယ်၊ စိတ်ရင်း ဖြူတယ်၊ တိုင်းရင်းသားလေသံ နည်းနည်း ဝဲတယ်။ နယ်က၊ ရွာလေး တစ်ရွာကပါ။

သူမနဲ့ လုပ်ဖော်ကိုင်ဖက် အမကြီးတစ်ယောက်နဲ့ ဆက်စပ်ပြီး ထားကိုကျနော် သိခဲ့ရတာ။ သူမ စင်္ကာပူကို ရောက်လာခဲ့ရတာက လူအိုရုံမှာ သူနာပြုအကူ (နာ့စ်) တစ်ယောက်အနေနဲ့ အလုပ်လုပ်ဖို့ ရောက်လာခဲ့တာပါ။ ကိုယ်ရေး ကိုယ်တာ သိပ်ဆန်သွားမှာစိုးလို့ လစာကို မမေးမိပေမဲ့ စင်္ကာပူဒေါ်လာ လေး ရာနဲ့ ငါးရာကြားမှာ ဖြစ်လိမ့်မယ်လို့တော့ အကြမ်းဖျင်း တွက်ဆလို့ ရပါ တယ် ။ နေစရိတ်နဲ့ စားစရိတ်က အလုပ်ရှင်က တာဝန်ယူထားတာရယ်၊ အပြင် ထွက်ခွင့် သိပ်မရတာရယ်၊ ကွန်ပျူတာ အင်တာနက် သုံးခွင့် မရတာ ရယ်ကြောင့် သူမရတဲ့ လစာလေးထဲကနေ ယိုဖိတ်စရာ အပေါက်တော့ သိပ် မရှိနိုင်ပါဘူး။

သူမ စိတ်လိုလက်ရ ရှိတုန်း ပြောပြလို့ သူမအကြောင်း သိလိုက်ရတာက သူမမှာ (၆၅) နှစ် ကျော်နေပြီး ဖြစ်တဲ့ မိဘနှစ်ပါးလုံး ရှိသေးတယ်။ အမကြီး တစ်ယောက် ရှိတယ်။ သူမ အမကြီးကတော့ သူ့အိမ်ထောင်နဲ့ ကလေးနှစ်ယောက်နဲ့။ မိဘကို လုပ်ကျွေးခွင့်ရအောင် စင်္ကာပူကို အရဲစွန့်ပြီး တစ်ယောက်တည်း ထွက်လာခဲ့တာ။ ဒါပါပဲ။ အဲ … သူမရတဲ့ လစာလေးထဲ ကနေ တစ်လကို ဒေါ်လာနှစ်ရာ မိဘတွေဆီ ပုံမှန် ပို့ပေးတယ်။

သူမ ပြောပြတာက ဒါအကုန်ပေမဲ့ ကျနော့်အတွေးက ကုန်မသွားခဲ့ဘူး။ မိဘတွေကို ထောက်ပံ့ဖို့ ထွက်လာခဲ့တော့ မိဘတွေကို ပြုစုခွင့် သူမ လက် လွှတ်ခဲ့ရတယ်။ သူမက လူအိုရုံမှာ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်နေ ရချိန်မှာ သူမရဲ့ သက်ကြီးရွယ်အို မိဘနှစ်ပါးကို ဘယ်သူက စောင့်ရှောက်နေ မလဲ။ သမီးကြီးကလည်း သူ့အိမ်ထောင်နဲ့သူ၊ သူ့ကလေး နှစ်ယောက်နဲ့သူ၊ မိဘနှစ်ပါးအတွက် အချိန်ပေးနိုင်မယ် မဟုတ်ဘူး။ ဒါဆိုရင်တော့ ဒီ ဇနီးမောင်နှံဟာ တစ်ယောက်ကိုတစ်ယောက် ဖေးမ ရင်း စောင့်ရှောက်လို့ ပဲ နေကြရလိမ့်မယ်။
ဒါဟာ သူမကို “ထား” လို့ ခေါ်မိခြင်းရဲ့ ပထမ အကြောင်းတရားပါ။
တစ်လကို ဒေါ်လာနှစ်ရာ ထောက်ပံ့နိုင်ဖို့ ကိုယ်ပိုင် မိဘတွေကို “ထား” ခဲ့ရပြီး ကိုယ့်မိဘ မဟုတ်တဲ့ သူစိမ်းတစ်ရံ သက်ကြီးရွယ်အိုတွေကို ရပ်ဝေးမြေခြား လာပြီး စောင့်ရှောက်နေရလို့ ထားလို့ ခေါ်မိတာပါ။

ဒီအသက်၊ ဒီအရွယ်ဆိုတော့ ချစ်သူတွေ ဘာတွေလည်း သူမမှာ ရှိနေနိုင် ပြီပေါ့။ စင်္ကာပူကို အရဲစွန့်ပြီး တစ်ယောက်ထဲ ထွက်လာခဲ့တဲ့ မိန်းကလေး တစ်ယောက်မှာ ချစ်သူနဲ့ တစ်ချိန်ချိန်မှာ အတူတူ နေရဖို့ဆိုတဲ့ အိပ်မက်ကို လည်း ထားခဲ့ရမှာပေါ့။ ဒါဆို သူမနာမည်က “ထား” ဆိုတာထက် “ထားထား” လို့တောင် ခေါ်ဖို့ သင့်နေပြန်ပါပြီ။
တစ်လကို ဒေါ်လာနှစ်ရာ မိဘတွေဆီ ပို့ပေးတယ်ဆိုရင် ကျန်တဲ့ ဒေါ်လာနှစ် ရာလောက်ကို သူမချစ်သူနဲ့ နီးစပ်ဖို့ ကြိတ်ပြီးတော့များ စုစောင်းနေရှာမလား။ စတင် တွေ့ရှိချိန်ကစလို့ ချစ်စရာ၊ ခင်စရာကောင်းတဲ့ ထားနဲ့ ပတ်သက်လို့ ဖြူ စင်စွာ တွေးကြည့်ခဲ့မိပါတယ်။

ကျနော်သိတဲ့ “ထား” ဟာ စိုင်းထီးဆိုင် သီချင်းထဲက ထားမဟုတ်သလို တစ်ပြည်သူ မရွှေထားထဲက ထားလည်း မဟုတ်ရှာဘူး။ သက်ကြီးရွယ်အိုတွေကို ပြုစုရတာဟာ ကုသိုလ်ရတဲ့ အလုပ်လို့ ဗုဒ္ဓဘာသာ ဝင်ပီပီ နှလုံးသွင်းထားမှာ ဖြစ်သလို ကိုယ့်မိဘတွေကို ပြုစုခွင့်နဲ့ အကြောင်း မလှစွာ လွဲချော်နေရတာကိုလည်း သူမ ကြိတ်ပြီး ကြေကွဲနေရှာမှာပါ။

ကျနော်သိတဲ့ “ထား” လို ထားတွေ စင်္ကာပူမှာ ဘယ်နှစ်ယောက်များ ရှိနေ မလဲ???

အရင်တစ်ပတ်ကပဲ ထားနဲ့တွေ့တော့ သူ ရွာပြန်တော့မယ် ဆိုတဲ့ အကြောင်း ပြောပြပါတယ်။
“ဘာ ဖြစ်လို့လဲ၊ ဒီမှာ အဆင်မပြေလို့လား”
“မဟုတ်ပါဘူး။အဆင်ပြေပါတယ်။အရင်တုန်းက အေးဂျင့်ကို ပေးစရာတွေကလည်း မကျေသေးတော့ ဒါတွေကျေအောင် ကြိတ်မှိတ်ပြီး လုပ်နေရတာပေါ့။ အခုတော့ ကျေသွားပါပြီ။ စိတ်လည်း ပေါ့သွားတယ်။ ဒေါ်လာလေး သုံးလေးရာနဲ့ သက်ကြီးရွယ်အို မိဘနှစ်ပါးကို စောင့်ရှောက်သူ မရှိဘဲ ပစ် ထားခဲ့ရတာကို စိတ်လည်း မကောင်းပါဘူး။ ရှိတဲ့ပိုက်ဆံလေးနဲ့ ရင်းနှီး စားသောက်ပြီး မိဘတွေနားမှာပဲ နေသင့်တယ် ထင်လို့ ပြန်မယ်လို့ ဆုံးဖြတ် လိုက်တာပါ”

စိတ်ထင်မှ ပြောတတ်တဲ့ ထားဟာ ဒီတစ်ခါတော့ ရှည်ရှည်မျောမျောကို ရှင်းပြရှာတယ်။
ဒီတစ်ခါတော့ “ထား” ဟာ ကျနော်နဲ့အတူ စင်္ကာပူကိုပါ ထားခဲ့ဖို့ ဆုံးဖြတ် လိုက်ပါတော့တယ်။ ကျနော်ကတော့ ထားအတွက်၊ ထားမိဘနှစ်ပါးအတွက်၊ အကယ်၍ စောင့်နေသူ ရှိခဲ့ရင် ထားချစ်သူအတွက် ဝမ်းသာမိပါတယ်။
အဲ သူမ “ထား” ခဲ့သမျှတွေထဲမှာ ဒီတစ်ခါ ထားခဲ့ခြင်းဟာ ပိုပြီး အဓိပ္ပါယ် ရှိတယ်လို့လည်း တွေးနေမိတယ်။ မှန်ချင်မှတော့ မှန်မှာပေါ့။ ထားခဲ့ပါ ထားရယ်။ ထားခဲ့ရမယ့် အရာအားလုံးဟာ ထားကို ထားခဲ့ရမှာပဲ မဟုတ်လား။

အထားခံရတဲ့ ကျနော်က ဝမ်းသာမိသလိုမျိုး နောက် အထားခံလိုက်ရတဲ့ စင်္ကာပူကရော ဝမ်းသာနိုင်မလား။ ဒီကိစ္စကို သေသေချာချာ မသိဘူး။ စင်္ကာပူက “ထား” တို့လို မိန်းကလေးတွေကို တကယ် ထားချင်ပါတယ်။
ဘာလို့လဲ သိလား။
သူတို့ မလုပ်ချင်တဲ့ အလုပ်တွေကို ထားတို့က လာလုပ်ပေးနေလို့ပဲပေါ့။ သူမကို ထားချင်တဲ့ စင်္ကာပူကို ထားခဲ့ပြီး “ထား” တစ်ယောက် ပြန်သွားခဲ့ တယ်။

မိတ်ဆွေအပေါင်းအသင်းတွေ လာလို့၊ ပြန်လို့ အကြိုအပို့ မလုပ်တတ်တဲ့ ကျနော်ဟာ ထားပြန်တဲ့နေ့က ချန်ဂီလေဆိပ်ကို လိုက်ပို့လိုက်မိတယ်။ “ထား” ပြီး ပြန်သွားတဲ့ “ထား” ကို ဂုဏ်ပြုဖို့ပါ။
အဲဒါ အဖြူထည် ရင်းနှီးလိုက်ရတဲ့ ကျနော်သိတဲ့ “ထား” ပါပဲ။
“ထား” မှ ရယ်လို့လည်း မဟုတ်ပါဘူး။ ကျနော်တို့ အားလုံးလည်း ထားခဲ့ရမှာ မှန်သမျှကို ထားခဲ့ကြရဦးမှာပဲ မဟုတ်လား။
ဒါပေမဲ့ အဲဒီနေ့က ချန်ဂီလေဆိပ်မှာ တမာရနံ့လိုလို ဘာလိုလို ရနံ့ တစ်ခု တောင် ခပ်သင်းသင်းရလိုက်မိတယ်။


ဇင်ဝေသော်

Post a Comment