အဘိဓမ္မာသည် ဂျာနယ်လစ်နှင့်တူ၏

          သာမဏေဝတ်တော့ ဘကြီးဘုန်းကြီးက မိန့်သည်။ မောင်ရင့်အဖိုးက အဘိဓမ္မာမှာ နာမည်ကြီး။ သူ့နာမည် ဦးဘိုးအေးဆိုတာပင် လူများကမခေါ် “အဘိဓမ္မာ အေး” ဟု ခေါ်သည်ဟု ဖြစ်သည်။ ကြားဖူးသည်တော့ ထင်၏။ ငယ်လွန်း၍့ မမှတ်မိ။ တန်းစီခြင်း အတတ်ပညာ၌ မထူးချွန်သော သီဟနာဒသည် မိသားစုထဲတွင်ပင် နောက်ဆုံးသား ဖြစ်ခဲ့ရ၏။ ထို့ကြောင့် အဖွားနှစ်ယောက်စလုံးနှင့် အဖိုးတစ်ယောက်ကို မမြင်ဖူးလိုက်။ ဤဦးဘိုးအေး (သို့) အဘိဓမ္မာအေးကိုတော့ မြင်ဖူးလိုက်သည်။ အဖိုးကား (၉၄) မှ ဆုံးသည် ။
         
          ထိုအဖိုးကို အားနာ၏။ သီဟနာဒသည် အဘိဓမ္မာ၌ ညံ့၏။ သူများတွေ မြင်သလို မမြင်။ ကြည့်ပါ။ အဘိဓမ္မာသည် ဂျာနယ်လစ်နှင့် တူ၏။ မရှင်းသေးဟု ထင်၏။ ရှင်းဦးအံ့။ ရှင်းလိုက်မှ ပိုရှုပ်သော် မတတ်နိုင်။ ရှင်းတော့ ရှင်းချင်သည်။ ရှင်းမည်။

          ဘုရားရှင်သည် ဝက်ကြီးတစ်ကောင်ကို ကြည့်တော်မူပြီး ပြုံးတော်မူ၏။ ထိုအပြုံးကား သိုသိပ်၏။ အရှင် အာနန္ဒတစ်ပါးသာ သိသည်ဟု ဆို၏။ ထို့ကြောင့် အရှင်က မေးလျှောက်၏။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကား ရယ်ချင်၍ ပြုံးသည်ဟု မဖြေ ။ ထိုဝက်ကြီး ဖြစ်ရခြင်းအကြောင်း အကုသိုလ်ကို မြင်၍ပြုံးသည်ဟု ဖြေတော်မူ၏။ ထိုအကုသိုလ်သည် ဘယ်လိုအကုသိုလ်ဖြစ်သည်ဟု သီဟနာဒ မမှတ်မိ။ အရေးမကြီး၊ မမှတ်မိလည်း ဆောင်းပါးဆက်ရေးလို့ရသည် ။
          


          ဘုရားရှင် ပြုံးတော်မူ၏။

          အဘိဓမ္မာက ဤ၌မရပ်။ အဘယ်စိတ်ဖြင့် ပြုံးတော်မူသနည်းဟု မေးခွန်းထုတ်၏။ ဖြေ၏။ ဟသိတုပ္ပါဒ် စိတ်ဖြင့် (သို့) သောမနဿသဟဂုတ်၊ ဥာဏသမ္ပယုတ် အသင်္ခါရိကစိတ်ဖြင့် ပြုံးသည်ဟု ဖြေသည်ထင်၏။ (မှားက ပြင်တော်မူကြပါ နောင်တော် ညီတော်တို့)။ သီဟနာဒသည် အဘိဓမ္မာ၌ ညံ့၏။

          သို့သော် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကတော့ “ ငါ ဝက်ကြီးကို တွေ့၏။ ပြုံးရမည်။ မည်သည့်စိတ်ဖြင့် ပြုံးလိုက်ရမည်နည်း” ဟု စဉ်းစားတော်မူခဲ့ဟန် မတူချေ။

          လူတိုင်း ပြုံး၏။ သီဟနာဒလည်း ပြုံး၏။ ဒေါသဖြစ်ခိုက်တော့ ပြုံး၍မရ။ ထားတော့။ ထိုအပြုံးသည် ကျေနပ်ပြုံး ဖြစ်နိုင်၏။ သရော်ပြုံးလည်း ဖြစ်နိုင်၏။ မထီတရီအပြုံးလည်း ဖြစ်နိုင်၏။ ဆိတ်ကလီစာကို မြင်သောအပြုံးလည်း ဖြစ်နိုင်၏။ ဟန်လုပ်အပြုံးကတော့ဖြင့် အဘိဓမ္မာနှင့် မညီ။ မည်သို့ဆိုစေ ပြုံးကြ၏။ သို့သော် မပြုံးမီ ငါဘယ်စိတ်ဖြင့် ပြုံးလိုက်မည်ဟုကား မစဉ်းစားမိ။ ဤကိစ္စ အဘိဓမ္မာက ဝင်၍မွှေ၏။ ဘာစိတ်ဖြင့် ပြုံးသည်၊ ညာစိတ်ဖြင့် ပြုံးသည်စသဖြင့် ဖြစ်၏။

          “ ရှစ်ပုထုဇန် ၊ ခြောက်သက္ခန်
          ငါးတန် ရဟန္တာ
          ဟာသအကြောင်း ထူးပြားရှောင်း
          စိတ်ပေါင်း တေရသာ” 
ဟု ဆို၏။

          ကလေးလေးတစ်ယောက် ဘုန်တော်ကြီးတစ်ပါးကို ဆွမ်းလောင်း၏။
     
          အဘိဓမ္မာကား ဤ၌မရပ်၊ အဘယ်စိတ်ဖြင့် ဆွမ်းလောင်းသည်ဟု ဂျာနယ်ဝင် လစ်(စ်)၏။ သူ့ဘာသာသူ စိတ်ကူးပေါက်၍ လှူလျှင် သောမနဿသဟဂုတ်၊ ဥာဏဝိပ္ပယုတ် အသင်္ခါရိက ကုသိုလ်ဟု ဆို၏။ မိဘ စသူတို့က တိုက်တွန်း၍ ကျေကျေနပ်နပ်လုပ်လျှင် သောမနဿသဟဂုတ် ဥာဏဝိပ္ပယုတ် သသင်္ခါရိက မဟာကုသိုလ်ဟု ဆို၏။

          ကလေးကမူ ငါသည် ဤစိတ်ဖြင့် လောင်းလှူမည်ဟု စဉ်းစားမိမည်မဟုတ်၊ လောင်းလှူမည်။ ဆွမ်း၊ ဟင်း မဖိတ်မစင်ရအောင် လောင်းလှူမည်။ သို့မဟုတ်လျှင် သင်္ကန်းတွေ ပေမည်။ ဤမျှသာ ဖြစ်၏။

          ဤသို့၊ ဤသို့ ။ စသဖြင့်၊ စသဖြင့် အဘိဓမ္မာက သရုပ်ခွဲလေတော့၏။
          ဥပမာဆောင်အံ့။

          ဒေးဗစ်ဘက်ခမ်း ကတုံးရိတ်၏။ ဘရစ်တနီစပီးယား ကတုံးရိတ်၏။ ထိုကတုံး နှစ်လုံးကို ဂျာနယ်လစ်က ဘာကြောင့် ကတုံးရိတ်သည်။ အဘယ်သို့ ကတုံးရိတ်သည် စသဖြင့် သရုပ်ခွဲတော့၏။ သတင်းပိုကြီးသွား၏။ လူပို စိတ်ဝင်စားသွား၏။

          ထို့ကြောင့် စဉ်းစားမိ၏။

          သုတ္တန် ဒေသနာတည်းဟူသော Action များကို အဘိဓမ္မာက အဘယ့်ကြောင့်၊ အဘယ်သို့ စသဖြင့် ဂျာနယ်ဝင်လစ်တော့၏

          မှန်၏ ။ အဘိဓမ္မာကား ဂျာနယ်လစ်နှင့် တူလှပေတော့၏ ။


                                     

သီဟနာဒ













မှတ်ချက် ။    ။"အဘိဓမ္မာသည် အယ်ဒီတာနှင့်လည်းတူ၏ " ဟူသောဆက်လက်ဖော်ပြမည့်ဆောင်းပါးကို ဖတ်ပြီးမှသာ အဘိဓမ္မာနှင့်ပတ်သက်၍ ပြောလိုသည့်စကား၏ အဓိပ္ပါယ်ကို ခြုံငုံမိလိမ့်မည် ဖြစ်ကြောင်း စာဖတ်သူများအား မေတ္တာဖြင့် အသိပေးအပ်ပါသည်။ 

လေးစားစွာဖြင့် 
ကမ်းလက်      











Copyright © 2011 ကမ်းလက်. All rights reserved.

“ငါ့” ပုံတူ

ခန္ဓာကိုယ် ဘယ်လောက်ထွားထွား
သူ့အတ္တ အနားလာလာရပ်တိုင်း
သေးမွှား-မွှားသွားတဲ့လူ ။


လက်ကို ဓားရှမိတာများ
ဒီလက်ကြောင့် ဒီဓားရှလို့ရသွားတာဆိုပြီး
သူ့လက်သူ ကြိမ်ဆဲနေတဲ့လူ။

စာခြောက်ရုပ်တွေကို ကြည့်ရင်း
လူတွေကို ကြောက်ကြောက်လာလို့တဲ့
သူကိုယ်တိုင် လူခြောက်ရုပ်ဖန်ဆင်းထားတဲ့လူ။

အနိုင်မရှိ အရှုံးမရှိ
ညှိကစားတဲ့ ပွဲတွေကို စိတ်ပျက်လို့တဲ့
သူ့အသားတစ် တစ်ခုချိန်ခွင်ပေါ်ပစ်တင်လိုက်တဲ့လူ ။

ယဉ်ကျေးတဲ့ လျှာတွေကိုကြည့်ရင်း
လည်ရမှာပျင်းလို့ဆိုပြီး
ပဋိစ္စသမုပ္ပါဒ်စက်ထဲ အေးအေးဝင်လှဲနေတဲ့လူ ။

 

မသိရင်ခက်မယ်
တိမ်တစ်အုပ်နဲ့ ပစ်ပေါက်လို့
ငါမှောက်လျက် လဲခဲ့ရတာဆိုပြီး
အရိုးကွဲအောင်ချမ်းတဲ့ဆောင်းကိုမှ
အသည်းကွဲအောင်လွမ်းပြ နေတဲ့လူ။


အဲဒီလူလေ
ဇင်ဝေသော်ဆိုတဲ့ လူကလွဲလို့
ဘယ်သူရှိဦးမှာလဲ ။


ဇင်ဝေသော်









Copyright © 2012 ကမ်းလက်. All rights reserved.

ကမ်းလက်မှ ကမ်းလက်သို့ (နှစ်လပြည့်မွေးနေ့)

ဒီဇင်ဘာ(၂၈) ရက်သည် ကမ်းလက်၏ နှစ်လပြည့်မွေးနေ့ ဖြစ်၏။ ထို့ကြောင့် ကမ်းလက်၏သန္ဓေနှင့် ကမ်းလက်၏ လားရာကို စာဖတ်သူထံ ရင်ဖွင့်ချင်ပါသည်။

သီဟနာဒကိုယ်တိုင် စာရေးချင်စိတ်ဗိုင်းရပ်(စ်) ကူးစက်ရာမှ စတင်ပြီးကမ်းလက်ဖြစ်လာရသည်ဟု ဆိုရသော်မှားမည်မထင်။ လွန်ခဲ့သောငါးနှစ်ခန့်ကလည်း ထိုပိုးအကိုက်ခံခဲ့ရဖူး၏။

“ မိုးမခ” ၌ “ အနီရင့်ရင့် မြစ်တစ်စီး” ဟူသောဆောင်းပါး အဘယဂိရိဟူသော ကလောင်ဖြင့် ရေးမိရာမှ ထိုပိုး ကိုက်သည် ကို ခံခဲ့ရ၏။ ထို့နောက် ကလောင်သုံးမျိုးဖြင့် ကိုယ်ယုံကြည်ရာ၊ မြတ်နိုးရာတို့ကို ရေးခဲ့၏။ အချိန်အတန်ကြာသော အခါ ကိုယ်ပိုင် ဘလော့(ဂ်) ကလေးရှိလျှင် ကောင်းမည်ဟု စဉ်းစားမိကာ မိတ်ဆွေများနှင့် ပူးပေါင်းပြီး ဘလော့(ဂ်) လေးတစ်ခု လုပ်ဖြစ်ကြ၏။

ဝမ်းနည်း၏။ ထိုဘလော့(ဂ်) လေး သေသွားခဲ့၏။ အဓိကတရားခံက မိမိဖြစ်၏။ လိုအပ်သော စာမူများပုံမှန်မပေးနိုင်တော့။ အကြောင်းကားထိုပိုးသေသွားသောကြောင့်ဖြစ်၏။ ထိုပိုးသေလျှင်(၆) လခန့် ကြာတတ်၏။ ပိုးမရှိလျှင်လည်း စာမရေးတတ်။

ယခုလည်း ဤနည်းအတိုင်းပင်ဖြစ်၏။ ဒကာမငယ်ရေး၍ ဒကာမငယ်ပို့လိုက်သော စာလေး တစ်ပုဒ်ကိုခံစားပြီး စာတစ်ပုဒ်ရေးမိရာမှ ထိုဗိုင်းရပ်(စ်) ဝင်လာတော့၏။ ဘလော့(ဂ်)လေး တစ်ခုလုပ်ချင်၏။ မည်သူနှင့် ပူးပေါင်းရမည်နည်း။ စဉ်းစားရ၏။ မိမိက ဂျိုင်းရင့် တက်(ခ) နိုဖုတ်(ဘ်) ဖြစ်၏။ မောက်(စ်)ကိုင်လျှင် လက်တွန့်၏။ သုံးဖွဲ့ စဉ်းစားမိ၏။ နောက်ဆုံး ယနေ့ တီး(မ်) ကမ်းလက်နှင့် လက်တွဲဖြစ်၏။

ပထမဘလော့(ဂ်) ကပေးခဲ့သော သင်ခန်းစာကို ယူခဲ့၏။

ကမ်းလက်ကို မသေစေလို။ ထို့ကြောင့် သီဟနာဒနှင့် ဇင်ဝေသော်တို့၏ ဆောင်းပါး၊ ဝတ္တု၊ ကဗျာ ပုဒ်ရေ (၇၀) ခန့် ရှိနေရမည်။ ထိုပိုး(၆) လခန့် သေမည်ဆိုလျှင်ပင် ကမ်းမိသောလက်ကို ဆက်လက်ကမ်းထားနိုင်ရမည်။ ဤသည်မှာ ကမ်းလက်၏လားရာ ဖြစ်၏။ ထိုအခါ ခေါင်းသိပ်စားရန်၊ ရင်ဘတ်ဖြင့် ခံစားရေးရန် အလွန်အမင်းမလိုသော ဘာသာပြန်ကို ဆုထားမျက်ချယ်က ကြားဝင် ပေးထားနိုင်၏။ ကြားကန်ထားနိုင်၏။ ထိုဒကာမကို ဖတ်သင့်သောစာအုပ်များ ညွှန်ကြားထားရုံသာ။

မအားမလပ်သည့်ကြားမှ စာရိုက်ခြင်းကအစ လုပ်ပေးနေရသည့် ကမ်းလက်အဖွဲ့သည် မေခဖြစ်၏။ စာပေရေးသားသူများသည် မေလိခတို့ဖြစ်ကြ၏။ ကမ်းလက်သည် ကွင်းဆက်ဖြစ်၏။ ကွင်းဆက်တိုင်းသည် အရေးကြီး၏။ စာဖတ်သူများကားကမ်းလက်၏ အဓိကလားရာ ဖြစ်၏။ အစစ အဆင်ပြေကြပါစေ….။



သီဟနာဒ (3D - ဘာသာရေး)
(ကမ်းလက်၏ ကိုယ်စား)


သီဟနာဒ၏ လက်ရေးမူကို ကမ်းလက် နှစ်လပြည့် အမှတ်တရအဖြစ် …








Copyright © 2012 ကမ်းလက်. All rights reserved.

အသံတိတ်ရုပ်ရှင်


ညီမလေးရေ -

ဟိုးရှေးရှေး ဘုရားရှင်တစ်ပါးပါးရဲ့ လက်ထက်တော် အခါတုန်းကတဲ့ကွယ် (ဆောရီးပဲ၊ ဘုရားရှင်ရဲ့ ဘွဲ့တော် မေ့သွားလို့၊ ဘုရားရှင်တစ်ပါးရဲ့ လက်ထက်တုန်းက ဆိုတာတော့ သေချာတယ်။)


 

ကလေးလေးတွေကို စာသင်ပေးတဲ့ ဆရာမလေးတစ်ယောက် ရှိသတဲ့။ သူမယုံကြည်တာက “The most profound statements are often said in silent.” တဲ့။ အနက်နဲဆုံး ဖွင့်ဆိုချက်တွေဟာ အသံတိတ်ပဲများတယ်လို့ ဖွင့်ဆိုရမလားပဲ။ ဆရာမလေးက ဒါကိုယုံကြည်သလို သူမစာသင်ပေးတဲ့ ကလေးတွေကိုလည်း ပုံတိုပတ်စလေးတွေ သုံးသုံးပြီး ဒီအဓိပ္ပါယ်လေးကို ပြောပြလေ့ရှိသတဲ့။




          တစ်နေ့ ၊ ဆရာမလေးက
          “ကလေးတို့ရေ၊ လူတစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးမှာ နားလည်မှုနဲ့ မေတ္တာတရားက ဘယ်လောက် အရေးကြီးသလဲ” လို့မေးသတဲ့။ ဒီတော့ ကလေးတွေက -
“ ----------------------------------”
“ ----------------------------------”
    “ ---------------------------------” တဲ့။

       
 
          ဒီတော့မှ ဆရာမလေးက သူပြောမိတာကို သတိရပြီး ပြုံးသတဲ့။
ဒါနဲ့စကားမစပ် ကလေးလေးတွေက သူတို့ဆရာမလေးကို သိပ်ချစ်ကြတာတဲ့။ ဘာကြောင့်လဲ သိလား။ နက်နဲတဲ့ မေးခွန်းတွေ ဆရာမလေးကမေးရင် ဖြေစရာမလို လို့တဲ့။

ဒါပဲနော်၊ ချစ်လို့ပြောတာ၊ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ မှတ်ထား။
မှတ်ထား၊ ဒါပဲနော်၊ ချစ်လို့ပြောတာ၊ ဟုတ်ဟုတ် မဟုတ်ဟုတ်။
ဟုတ်ဟုတ် မဟုတ်ဟုတ်၊ မှတ်ထား၊ ချစ်လို့ပြောတာ၊ ဒါပဲနော်။
ဇင်ဝေသော်






 


Copyright © 2011 ကမ်းလက်. All rights reserved.

စည်နှင့် ဖိုင်းယားအလမ်း


ညီမလေးရေ -
          အမတ်ကြီးတစ်ယောက်ဟာ စည်ကြီးတစ်လုံးကိုထမ်းပြီး စာသင်ခန်းထဲကို ဝင်လာသတဲ့။ ဝင်လာပြီး သူ့စည်ကြီးကိုချကာ တီးပြသတဲ့။ တီးလိုက်တော့ စည်ကြီးကမြည်တာပေါ့ကွယ်။ ပြီးတော့ သူက ပြောတယ်။

          “ ပညာရှိဆိုတာ စည်လိုပဲ။ တီးမှသာ မြည်တယ်။ မတီးရင် မမြည်ဘူး။” ဆိုပြီး ပညာရှိ တစ်ယောက်ရဲ့ ဂုဏ်ပုဒ်တွေကို ပြောပြတာပေါ့။ ဒီတော့ ကျောင်းသားလေးတစ်ယောက်က-

          “ သူက ပညာရှိဖြစ်ပြီး တီးပေးမယ့်သူရှိမှ မြည်တာလား၊ တီးပေးမယ့်သူမရှိရင် သူ့ပညာတွေက နှမြောစရာကြီး။ သုသာန်ထဲ ပါသွားမှာပေါ့” လို့ ချင့်ချင့်ချိန်ချိန်နဲ့ ပြောသတဲ့။ ပြီးတော့-

          “ ပညာရှိရိုးမှန်ရင် တီးသူရှိရှိ၊ မရှိရှိ မြည်သင့်တဲ့အချိန် မြည်နေသင့်တာပေါ့” လို့ ဆိုလိုက်တဲ့ အချိန်မှာတော့ အမတ်ကြီးဟာ-

          “ မင်းတို့ခေတ်လူငယ်တွေ တယ်ပြောရခက်တာပဲ” ဆိုပြီး စာသင်ခန်းထဲက ထွက်သွား တော့သတဲ့။

                                              
          အဲဒီအမတ်ကြီးပြီးတဲ့နောက်မှာ စာသင်ခန်းထဲ ဝင်လာတာက (၂၁) ရာစု ရဟန်းတော် တစ်ပါးတဲ့ကွယ်။ သူ့လက်ထဲမှာ ဘာလေးမှန်းမသိတဲ့ ပစ္စည်းလေးကိုလည်း ကိုင်ထားသတဲ့။ ပြီးတော့ သူက သူကိုင်ထားတဲ့ပစ္စည်းလေးကို ရှေ့မှာချပြီး မီးခိုးငွေ့တွေထွက်လာအောင် ထင်းတွေကို မီးရှို့လိုက်သတဲ့။ ထင်းတွေက သိပ်မခြောက် သေးတော့ မီးမတောက်သေးပဲ မီးခိုးတွေအူပြီး ထွက်လာ တော့တာပေါ့။

          မီးခိုးတွေလည်းထွက်လာရော သူ့ပစ္စည်းလေးက တဂင်ဂင်နဲ့ ထမြည်တော့တာပဲတဲ့။ ဒီတော့မှ- အဲဒီ (၂၁) ရာစုရဟန်းက-

 “ ကလေးတို့ရေ၊ ဒါဟာ ဖိုင်းယားအလမ်းလို့ခေါ်တယ်။ သူ့ပတ်ဝန်းကျင်မှာ စိုးရိမ်လောက်တဲ့ အပူဓာတ်ရှိနေရင်ဖြစ်စေ၊ မီးခိုးတွေ သိပ်အူနေရင်ဖြစ်စေ ထမြည်တော့တာပဲကွဲ့။ ဒီဖိုင်းယား အလမ်း လေးက ပညာတော့သိပ်မရှိရှာဘူးတဲ့ကွဲ့။ ဒါပေမယ့် သူမြည်ရမယ့် အချိန် ကိုတော့ ကောင်းကောင်း  ကြီး သိတယ်တဲ့ ကွယ်” လို့ ရှင်းပြသတဲ့။

          ကျောင်းသားလေးတွေက လက်ခုပ်တွေဝိုင်းတီးပြီး-

          “ ဒီလိုမှပေါ့၊ ပညာရှိဆိုမှတော့ မြည်သင့်တဲ့အချိန်ကို သိနေရမှာပေါ့။ တီးပေးမယ့်သူကို စောင့် နေလို့ ဘယ်ရမလဲ” လို့ ပြောကြသတဲ့။
          ဒါနဲ့ (၂၁) ရာစု ရဟန်းက-

          “ မေးစရာရှိရင် မေးကြပါ” လို့ ကျူ အင်(န်) အေ ဆက်ရှင်ကို စိန်ခေါ်သတဲ့။
          ဘယ်သူမှ မမေးကြတော့ပါဘူး။


          (၁၉) ရာစု ပညာရှိဟာ (၂၁) ရာစုမှာတော့ အထာကိုင်နေတဲ့လူကြီးဆိုတာ သူတို့သဘော ပေါက်သွား ကြပြီလေ။


          ဒါပါပဲကွယ်။ ဒီပုံပြင်ရဲ့ မော်ရယ်(လ်)က ဘာညာဆိုပြီး ဆရာကြီးလေသံနဲ့ လုပ်မနေ တော့ပါဘူး။


          ပညာရှိဖြစ်ဖို့ထက် အသုံးဝင်နေဖို့ပဲလိုတာပါ။
                                                                                          ဇင်ဝေသော်











Copyright © 2011 ကမ်းလက်. All rights reserved.