အဘိဓမ္မာသည် ဂျာနယ်လစ်နှင့်တူ၏

          သာမဏေဝတ်တော့ ဘကြီးဘုန်းကြီးက မိန့်သည်။ မောင်ရင့်အဖိုးက အဘိဓမ္မာမှာ နာမည်ကြီး။ သူ့နာမည် ဦးဘိုးအေးဆိုတာပင် လူများကမခေါ် “အဘိဓမ္မာ အေး” ဟု ခေါ်သည်ဟု ဖြစ်သည်။ ကြားဖူးသည်တော့ ထင်၏။ ငယ်လွန်း၍့ မမှတ်မိ။ တန်းစီခြင်း အတတ်ပညာ၌ မထူးချွန်သော သီဟနာဒသည် မိသားစုထဲတွင်ပင် နောက်ဆုံးသား ဖြစ်ခဲ့ရ၏။ ထို့ကြောင့် အဖွားနှစ်ယောက်စလုံးနှင့် အဖိုးတစ်ယောက်ကို မမြင်ဖူးလိုက်။ ဤဦးဘိုးအေး (သို့) အဘိဓမ္မာအေးကိုတော့ မြင်ဖူးလိုက်သည်။ အဖိုးကား (၉၄) မှ ဆုံးသည် ။
         
          ထိုအဖိုးကို အားနာ၏။ သီဟနာဒသည် အဘိဓမ္မာ၌ ညံ့၏။ သူများတွေ မြင်သလို မမြင်။ ကြည့်ပါ။ အဘိဓမ္မာသည် ဂျာနယ်လစ်နှင့် တူ၏။ မရှင်းသေးဟု ထင်၏။ ရှင်းဦးအံ့။ ရှင်းလိုက်မှ ပိုရှုပ်သော် မတတ်နိုင်။ ရှင်းတော့ ရှင်းချင်သည်။ ရှင်းမည်။

          ဘုရားရှင်သည် ဝက်ကြီးတစ်ကောင်ကို ကြည့်တော်မူပြီး ပြုံးတော်မူ၏။ ထိုအပြုံးကား သိုသိပ်၏။ အရှင် အာနန္ဒတစ်ပါးသာ သိသည်ဟု ဆို၏။ ထို့ကြောင့် အရှင်က မေးလျှောက်၏။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကား ရယ်ချင်၍ ပြုံးသည်ဟု မဖြေ ။ ထိုဝက်ကြီး ဖြစ်ရခြင်းအကြောင်း အကုသိုလ်ကို မြင်၍ပြုံးသည်ဟု ဖြေတော်မူ၏။ ထိုအကုသိုလ်သည် ဘယ်လိုအကုသိုလ်ဖြစ်သည်ဟု သီဟနာဒ မမှတ်မိ။ အရေးမကြီး၊ မမှတ်မိလည်း ဆောင်းပါးဆက်ရေးလို့ရသည် ။
          


          ဘုရားရှင် ပြုံးတော်မူ၏။

          အဘိဓမ္မာက ဤ၌မရပ်။ အဘယ်စိတ်ဖြင့် ပြုံးတော်မူသနည်းဟု မေးခွန်းထုတ်၏။ ဖြေ၏။ ဟသိတုပ္ပါဒ် စိတ်ဖြင့် (သို့) သောမနဿသဟဂုတ်၊ ဥာဏသမ္ပယုတ် အသင်္ခါရိကစိတ်ဖြင့် ပြုံးသည်ဟု ဖြေသည်ထင်၏။ (မှားက ပြင်တော်မူကြပါ နောင်တော် ညီတော်တို့)။ သီဟနာဒသည် အဘိဓမ္မာ၌ ညံ့၏။

          သို့သော် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကတော့ “ ငါ ဝက်ကြီးကို တွေ့၏။ ပြုံးရမည်။ မည်သည့်စိတ်ဖြင့် ပြုံးလိုက်ရမည်နည်း” ဟု စဉ်းစားတော်မူခဲ့ဟန် မတူချေ။

          လူတိုင်း ပြုံး၏။ သီဟနာဒလည်း ပြုံး၏။ ဒေါသဖြစ်ခိုက်တော့ ပြုံး၍မရ။ ထားတော့။ ထိုအပြုံးသည် ကျေနပ်ပြုံး ဖြစ်နိုင်၏။ သရော်ပြုံးလည်း ဖြစ်နိုင်၏။ မထီတရီအပြုံးလည်း ဖြစ်နိုင်၏။ ဆိတ်ကလီစာကို မြင်သောအပြုံးလည်း ဖြစ်နိုင်၏။ ဟန်လုပ်အပြုံးကတော့ဖြင့် အဘိဓမ္မာနှင့် မညီ။ မည်သို့ဆိုစေ ပြုံးကြ၏။ သို့သော် မပြုံးမီ ငါဘယ်စိတ်ဖြင့် ပြုံးလိုက်မည်ဟုကား မစဉ်းစားမိ။ ဤကိစ္စ အဘိဓမ္မာက ဝင်၍မွှေ၏။ ဘာစိတ်ဖြင့် ပြုံးသည်၊ ညာစိတ်ဖြင့် ပြုံးသည်စသဖြင့် ဖြစ်၏။

          “ ရှစ်ပုထုဇန် ၊ ခြောက်သက္ခန်
          ငါးတန် ရဟန္တာ
          ဟာသအကြောင်း ထူးပြားရှောင်း
          စိတ်ပေါင်း တေရသာ” 
ဟု ဆို၏။

          ကလေးလေးတစ်ယောက် ဘုန်တော်ကြီးတစ်ပါးကို ဆွမ်းလောင်း၏။
     
          အဘိဓမ္မာကား ဤ၌မရပ်၊ အဘယ်စိတ်ဖြင့် ဆွမ်းလောင်းသည်ဟု ဂျာနယ်ဝင် လစ်(စ်)၏။ သူ့ဘာသာသူ စိတ်ကူးပေါက်၍ လှူလျှင် သောမနဿသဟဂုတ်၊ ဥာဏဝိပ္ပယုတ် အသင်္ခါရိက ကုသိုလ်ဟု ဆို၏။ မိဘ စသူတို့က တိုက်တွန်း၍ ကျေကျေနပ်နပ်လုပ်လျှင် သောမနဿသဟဂုတ် ဥာဏဝိပ္ပယုတ် သသင်္ခါရိက မဟာကုသိုလ်ဟု ဆို၏။

          ကလေးကမူ ငါသည် ဤစိတ်ဖြင့် လောင်းလှူမည်ဟု စဉ်းစားမိမည်မဟုတ်၊ လောင်းလှူမည်။ ဆွမ်း၊ ဟင်း မဖိတ်မစင်ရအောင် လောင်းလှူမည်။ သို့မဟုတ်လျှင် သင်္ကန်းတွေ ပေမည်။ ဤမျှသာ ဖြစ်၏။

          ဤသို့၊ ဤသို့ ။ စသဖြင့်၊ စသဖြင့် အဘိဓမ္မာက သရုပ်ခွဲလေတော့၏။
          ဥပမာဆောင်အံ့။

          ဒေးဗစ်ဘက်ခမ်း ကတုံးရိတ်၏။ ဘရစ်တနီစပီးယား ကတုံးရိတ်၏။ ထိုကတုံး နှစ်လုံးကို ဂျာနယ်လစ်က ဘာကြောင့် ကတုံးရိတ်သည်။ အဘယ်သို့ ကတုံးရိတ်သည် စသဖြင့် သရုပ်ခွဲတော့၏။ သတင်းပိုကြီးသွား၏။ လူပို စိတ်ဝင်စားသွား၏။

          ထို့ကြောင့် စဉ်းစားမိ၏။

          သုတ္တန် ဒေသနာတည်းဟူသော Action များကို အဘိဓမ္မာက အဘယ့်ကြောင့်၊ အဘယ်သို့ စသဖြင့် ဂျာနယ်ဝင်လစ်တော့၏

          မှန်၏ ။ အဘိဓမ္မာကား ဂျာနယ်လစ်နှင့် တူလှပေတော့၏ ။


                                     

သီဟနာဒ













မှတ်ချက် ။    ။"အဘိဓမ္မာသည် အယ်ဒီတာနှင့်လည်းတူ၏ " ဟူသောဆက်လက်ဖော်ပြမည့်ဆောင်းပါးကို ဖတ်ပြီးမှသာ အဘိဓမ္မာနှင့်ပတ်သက်၍ ပြောလိုသည့်စကား၏ အဓိပ္ပါယ်ကို ခြုံငုံမိလိမ့်မည် ဖြစ်ကြောင်း စာဖတ်သူများအား မေတ္တာဖြင့် အသိပေးအပ်ပါသည်။ 

လေးစားစွာဖြင့် 
ကမ်းလက်      











Copyright © 2011 ကမ်းလက်. All rights reserved.

Post a Comment