မောင်သစ်ဝေ (မြင်းခြံ) သို့ ဆေးပြင်းလိပ် လက်ဆောင်

       ရင်ချင်းအပ်ပြီး ပေါင်းခဲ့ရတဲ့မိတ်ဆွေ နည်းလွန်းတယ်။ ကိုယ့်ရဲ့ညံ့ဖျင်းမှုလို့ပြောရင် ဝန်ခံတယ်။ ဟန်မဆောင်ချင်ဘူး။ ဘဝတွေဟာ နိုင်ငံကျော်အောင် မခမ်းနားခဲ့ကြဘူး။ (တစ်ချို့တစ်ချို့ ပြောသလို) စာပေနယ်ထဲကမိတ်ဆွေ တွေကိုပြန်ကြည့်တော့ ကဗျာတစ်ခုတည်းကိုပဲ ရူးရူးမိုက်မိုက် ရေးရဲတဲ့ မိတ်ဆွေနှစ်ယောက် ရှိခဲ့တယ်။ (ကိုယ်မပါခဲ့ဘူး)။


          အဲဒီအထဲမှာ မောင်သစ်ဝေ(မြင်းခြံ) ဆိုတဲ့ ခပ်ညံ့ညံ့ သတ္တဝါပါတယ်။ ခပ်ညံ့ညံ့လို့ သာပြောရတာပါ၊ ဇင်ဝေသော်ဆိုတဲ့ သတ္တဝါထက်တော့ အများကြီးသာပါတယ်။

          ပြီးတော့ အခုရက်ပိုင်းအတွင်းမှာ ၀မ်းနည်းဖွယ်ရက်စွဲတွေကို  ဖြတ်သန်းရင်း တိတ်တခိုး လေးစားမိတဲ့ မိတ်ဆွေစာရေးဆရာတစ်ယောက် တိုးခဲ့တယ်။ သူဟာ သိုသိပ်တယ်။ မယုတ်မာဘူး။ လူတစ်ယောက်အတွက် မိတ်ဆွေတစ်ယောက်နဲ့ ပတ်သက်လို့ အပြန်အလှန်မှားခဲ့ကြတဲ့ အမှား တစ်ခုစီကို (ဒါကကျနော့် အမြင်ပါ။) သိုသိပ်စွာ သိမ်းဆည်းဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်။ ကျွန်တော်လည်း သိုသိပ်စွာ လေးစားခဲ့ရတယ်။

          ဆိုင်တော့ မဆိုင်လှဘူး။ “ ကမ်းလက်” မတင်ခင်ကတည်းက အဲဒီမိတ်ဆွေကို ရင်ထဲက သတိရနေခဲ့လို့ “ အက်ဂျစ်တစ်များနဲ့ ကောင်းကင်” နဲ့ “ ရောမ မရောက်သော လမ်းများ” ဆိုတဲ့ ဝတ္တုတိုလေးနှစ်ပုဒ် ရေးမိတယ်။ မိတ်ဆွေပြုံးလာမယ့် အပြုံးကို ဘလော့(ဂ်) ကနေ ပြန်ပြုံးပြဖို့ ရေးခဲ့တာပါ။ ဒါပေမယ့် “ အက်ဂျစ်တစ်များနဲ့ ကောင်းကင်” ကိုသာ တင်နိုင်ခဲ့ပြီး “ ရောမ မရောက်သောလမ်းများ” ကိုတော့ တင်ဖို့ အခွင့်မသာခဲ့ဘူး။ အစောကြီးကတည်းက ကြိုရေးထားတာမို့ လိပ်ပြာတော့သန့်တယ်။ ဒါပေမယ့် မလုပ်သင့်ဘူး။ မီဒီယာဆိုတာ sensitive  ဖြစ်တယ်။ မောင်စူးရဲ (တန့်ဆည်) ပြောတဲ့ ပိုင်နက် လက်တစ်သစ်ဆိုတာ အဲဒီမီဒီယာပါပဲ။

          “အချစ်များစွာနဲ့……ကျည်ဆန်သုံးတောင့်” ဆိုတဲ့ ဆောင်းပါးလည်း မတင်ဖြစ်ဘူး။ မတင်ဖြစ်တော့ဘူး လို့လည်း ထင်တယ်။ ဘာမှတော့ မဆိုင်ဘူး။ အကြောင်းတိုက်ဆိုင်တဲ့ တစ်ညညမှာ တဟားဟားရယ်မောရင်း စကားပြောကြဖို့ ရေးခဲ့တဲ့ ဆောင်းပါးပါ။ အဲဒီမိတ်ဆွေကို ဂုဏ်ပြုဖို့ နောက်ထပ်စာတစ်ပုဒ် ရေးမိသေးတယ်။ ဟုတ်တယ်။ သူဟာ စကားလုံးတွေကို ထွေးထုတ်ပေမယ့် စကားလုံးတွေနဲ့ ရစ်ပတ်နေသူမဟုတ်ဘူး။ မင်းမှားတယ်။ ငါမှားတယ်။ တို့မှားတယ်။ တိတ်ဆိတ်။ ငြိမ်သက်။ ငြိမ်းချမ်း။ သို့သော်…….( ဒါက ကျွန်တော့်အမြင်ပါ၊ လူတိုင်းမှာ ကွဲလွဲခွင့်ရှိတယ်)။


          ဇင်ဝေသော်ဆိုတဲ့ကောင်ဟာ အမြဲတမ်းလမ်းခွဲလျှောက်တတ်သူပါ။

          မိတ်ဆွေကဗျာဆရာတွေက ကဗျာတွေကိုရေးပြီး တစ်လတစ်ခါ မဂ္ဂဇင်းစာမျက်နှာကို စောင့်ဖတ်နေရချိန်မှာ ဇင်ဝေသော်ဆိုတဲ့ကောင်က ဘယ်သူ့ကိုမှ အသိမခံဘဲ တစ်ပတ်တစ်ခါ စာမူခရတဲ့ ဘောလုံးဆောင်းပါးတွေ ရေးပြီးလမ်းခွဲလျှောက်ခဲ့တယ်။ ခြောက်လကြာမှပါတဲ့ ကဗျာ တစ်ပုဒ်။ ကဗျာတစ်ပုဒ်မှ စာမူခ အလွန်ဆုံး (၅၀၀)။
(တို့ဝမ်းစာကို တို့သိမှရမယ်။)

          ဒီလက်နဲ့ အားကစားဂျာနယ်မှာရေးရင် တစ်လကိုစာမူခ (၃၀၀၀) ရနိုင်တယ်။ ဒါဟာ ဇင်ဝေသော်ရွေးခဲ့တဲ့ လမ်းပါပဲ။ ခွင့်လွှတ်ကြပါကွာ။

          ဘာပဲပြောပြော ရင်ထဲမှာရှိပြီး စာရေးဆရာလို့ ကိုယ်တိုင်လည်း အသိအမှတ်ပြုတဲ့ မိတ်ဆွေတွေကိုတော့ တတ်နိုင်သလောက် ဂုဏ်ပြုချင်တယ်။ အဲဒါ မောင်သစ်ဝေ(မြင်းခြံ) ဆိုတဲ့ ကဗျာဆရာပါပဲ။

          အထူးသဖြင့်တော့-
           လေအေးတစ်ပေါက်သောက်ရဖို့
          ပိတ်ထားတဲ့ တံခါးအောက်
          ဝမ်းလျားထိုး ထိုးမှောက်ခဲ့ရ…”
 ဆိုတဲ့ အပိုဒ်လေးပါ။

          သူငယ်ချင်းရေ၊ ဇင်ဝေသော်ဆိုတဲ့သတ္တဝါဟာ ရင်ထဲကချစ်တဲ့ မိတ်ဆွေတွေကို အလွယ်တကူ မမေ့တတ်ဘူးဆိုတာ မင်းသိရင်  ငါမဆက်သွယ်ဖြစ်တာကို ဖြည့်စွက်နားလည်ပေးပါ။

          ဟောဒီမှာ မင်းရဲ့ အမြတ်နိုးဆုံးကဗျာတစ်ပုဒ်။

          ငွေကြေးနဲ့တိုင်းရင် ဘာမှမဟုတ်ပေမယ့် ငါ့အတွက်တော့ သရဏဂုံတစ်ပုဒ် ရွတ်ရသလိုပါပဲ။ ငါ့ဘလော့(ဂ်) ပေါ်က မင်းရဲ့ဆေးပြင်းလိပ်။ တစ်လိပ်ပြီးတစ်လိပ် ညှိပြီးဖွာလိုက်စမ်းပါ။ ရွှံ့ဗွက်ထူထူ သာကေတလမ်းတွေပေါ်က နားလည်မှုတွေဟာ ဘဏ်အကောင့်ထဲက အစိမ်းရောင် ဒေါ်လာ တွေထက် ပိုပြီးထူထပ်ပါတယ်။ ငါကမင်းလောက် အငတ်မခံနိုင်တော့ ကဗျာဆရာ တစ်ယောက်တော့ မဖြစ်ခဲ့ဘူးပေါ့ ။ဒါပေမယ့်နောင်တတော့မရမိပါဘူး ။ နောင်တမရပေမယ့် မင်းဆေးပြင်းလိပ်ကလေး ကိုတော့ မီးညှိလိုက်မိတယ်။


 
ဆေးပြင်းလိပ်
မောင်သစ်ဝေ (မြင်းခြံ)

မနေ့ကလို
ဒီနေ့ကို တွေ့ရတော့
ဒီနေ့လို မနက်ဖြန်တွေမှာ

လူ့ဘဝရဖို့
ဘယ်နှစ်ခါ ပဋိသန္ဓေနေယူရမလဲ
မေးခွန်းတွေ တစ်လိပ်ပြီးတစ်လိပ်
မီးညှိသောက်ခဲ့ပေါ့။

တစ်ကိုယ်ရည်စာ
အခန်းကျဉ်းကျဉ်းလေးမှာတောင်
ခြင်ကောင်တွေလို
ဝေဒနာတွေ အော်မြည်ပျံသန်း
အိပ်စက်ခြင်းနဲ့ စိတ်ဝမ်းကွဲခဲ့ရ။

သတင်းစာထဲမပါတဲ့
နာရေးတွေနဲ့
ကြေကွဲနာကျင်ခဲ့ရ။

အစာအိမ်နဲ့တွဲပြီး
ပိုက်ဆံနဲ့တွဲပြီး
အနုပညာနဲ့တွဲပြီး
အဲဒီသုံးခု ညီညီညာညာနဲ့တွဲပြီး
လူဖြစ်ခွင့် လွဲချော်ခဲ့ရ။

အလိုတစ်ခုရဖို့
အလုပ်နှစ်ခုထည့်ချိန်တာတောင်
လျှာထွက်မလာတဲ့ ချိန်ခွင်ပျက်ကြီးကို
အလိုမကျဖြစ်ခဲ့ရ။

မလောက်မငှ
ပျော်ရွှင်ခြင်းကို
ဒုက္ခများများနဲ့ စားခဲ့ရ။
လေအေးတစ်ပေါက် သောက်ရဖို့
ပိတ်ထားတဲ့ တံခါးအောက်
ဝမ်းလျားထိုးထိုးမှောက်ခဲ့ရ။

အရိပ်ကို စုပ်ယူအုံဖွဲ့
ပျားကောင်တွေကြောင့်
ဖူးယောင် ဒဏ်ရာရခဲ့ရ။

ဘဝကို
ဖဲချပ်လို ကုလားဖန်အထိုးခံခဲ့ရ
ဝေဖဲထဲမပါ
ဆွဲဖဲထဲမပါ
အောက်ဆုံးဖဲ ဖြစ်ခဲ့ရ။

အဲဒါတွေ ရခဲ့တဲ့နေ့ကလို
ဒီနေ့ကို တွေ့ရတော့
ဒီနေ့လို မနက်ဖြန်ကို
တွေ့နေရဦးမလား
မေးခွန်းတွေ တစ်လိပ်ပြီးတစ်လိပ်
မီးညှိသောက်နေရပေါ့

(ဟန်သစ်၊ ဖေဖော်ဝါရီ- ၉၆)


ဇင်ဝေသော်








မောင်သစ်ဝေ(မြင်းခြံ) ၏ ဆေးပြင်းလိပ်ကို ညှိလိုကညှိ ဖွာလိုကဖွာ လွှင့်ပစ်လိုက လွှင့်ပစ် ၊ ကျနော်ကတော့ ဆေးပြင်းလိပ်နှင့် မီးခြစ်တစ်လုံး စာဖတ်ပရိတ်သတ်လက်ထဲ ထည့်ပေး လိုက်ပါပြီ။






Copyright © 2011 ကမ်းလက်. All rights reserved.

Post a Comment