လူသိနည်းသော ရဟန်းဒုက္ခ (၂)

စာဦးအမှာ။       ။ အမှာစကားထားချင်သည်။ တကယ်ဆိုရသော် လူသိနည်းသော ရဟန်းဒုက္ခဆိုသည်ထက် လူမသိသော ရဟန်းဒုက္ခဟုဆိုက ပို၍သင့်မည်ထင်၏။ မြန်မာဗုဒ္ဓဘာသာများနှင့်နေမည်ဆိုလျှင် ဤဒုက္ခမျိုးကြုံတွေ့ရန် အခွင့်အလမ်းအလွန် နည်းပါး၏။ လူမျိုးခြားဗုဒ္ဓဘာသာ၊ အထူးသဖြင့် စစ်စစ်ပေါက်ပေါက် သိလိုမေးမြန်းလိုသော လူငယ်ဗုဒ္ဓဘာသာဝင်များနှင့် ဆက်ဆံရမှသာ ကြုံတွေ့ရနိုင်သည်။ ဤဆောင်းပါးသည် နိုင်ငံခြားသာသနာပြုရန် ခြေလှမ်းပြင်နေကြသည့် ညီငယ်ရဟန်းတော်များကို မျှဝေလိုခြင်းဖြစ်သည်။ ဗဟုသုတအလို့ငှာ ဖတ်လိုသော လူဒကာ၊ ဒကာမတို့လည်း ဖတ်ရှုနိုင်ပါသည်။ သို့သော် သတိသမ္ပဇဉ်ဖြင့် နားလည်ခွင့်လွှတ်ကာ ဖတ်ရှုပေးကြရန် မေတ္တာရပ်လို၏။


--------------------


       သက္ကရာဇ် ၂၀၁၀ နှင့် ၂၀၁၁-၌ အမျိုးသမီးငယ် (၇) ဦးခန့်၊ အမျိုးသားငယ် (၁၀) ဦးခန့် သီဟနာဒ နာမည်တပ်ကာ ယင်းတို့၏ ကိုယ်ရေးကိုယ်တာများ ဘေးလူမရှိ၊ မျက်နှာချင်းဆိုင် ဆွေးနွေးလိုကြောင်း အချိန်းအချက်ပြုလုပ်ကြ၏။ ထိုအခါ သူတို့ဆွေးနွေးလာမည့်ကိစ္စကို သိသလိုလိုရှိနှင့်ပြီးသား ဖြစ်၏။

       သူတို့ရောက်လာလျှင် သူတို့ဟန်းဖုန်းထဲ၌ သိမ်းဆည်းထားသော မက်ဆေ့(ခ်ျ) လေးကိုပြပြီး ဒီစကားကို အရှင်ဘုရားပြောခဲ့တာ ဟုတ်ပါသလားဟု မေးကြသည်။ ဟုတ်ပါသည်ဟုဆိုမှ သူတို့ဆွေးနွေးလိုသော အကြောင်းကို ဆက်လက်ဆွေးနွေးကြသည်။

       ယင်းကား အခြားမဟုတ်။ သီဟနာဒက Gay နှင့် Lesbian ကို ဗုဒ္ဓဘာသာက လက်ခံ၏ဟူသော စကားတည်း။ (မသိသူများ အဘိဓာန်လှန်တော်မူကြပါ။ ဘာသာတော့ မပြန်ချင်)။

       ၂၀၀၉- ဧပြီလက စင်္ကာပူအမျိုးသားတက္ကသိုလ် ဗုဒ္ဓဘာသာအဖွဲ့ချုပ်က (N-U-S-B-S) ဆမ်းမစ်တရားပွဲတစ်ခု ပြုလုပ်၏။ ဓမ္မ စပီကာ (၃) ပါးပင့်၏။ ထေရဝါဒမှ တစ်ပါး၊ မဟာယာနမှ တစ်ပါး၊ ဇင် ဗုဒ္ဓဘာသာမှ တစ်ပါးတည်း။ ပြောဟောရမည့်အကြောင်းက “LOVE” ဆိုသည့် ချစ်ခြင်းမေတ္တာအကြောင်းတည်း။ ကိုယ့်စာပေ၊ ကိုယ့်အယူအဆကို အခြေခံ၍ ဟောပြောနိုင်၏။ ထေရဝါဒရှုထောင့်မှ သီဟနာဒက ဟောပြောရသည်။

       ၁။ ချစ်ချင်းမေတ္တာဟူသည် အဘယ်နည်း။
       ၂။ ချစ်ခြင်းမေတ္တာအမျိုးအစား မည်မျှရှိသနည်း။
       ၃။ ထိုချစ်ခြင်းမေတ္တာကို ခိုင်မြဲအောင် မည်သို့ပြုလုပ်ရမည်နည်း။

       နံပါတ်တစ်ကား လွယ်၏။ နူးညံ့သိမ်မွေ့မှုသဘော၊ တစ်ယောက်အကျိုးကို တစ်ယောက်က လိုလားသောသဘောသည် မေတ္တာဖြစ်၏။ မေတ္တာသုတ်ဖြင့် အလုပ်ပြီး၏။

       နံပါတ်နှစ်လည်း လွယ်ပါ၏။
       ၁။ သားချစ်၊ သမီးချစ်၊ မိဘချစ်၊ ညီအစ်ကို မောင်နှမချစ်ဆိုသည့် ဂေဟဿိတချစ်ခြင်း။
       ၂။ လင်မယား၊ သမီးရည်းစားစသည့် တဏှာပေမချစ်ခြင်း နှစ်မျိုးစာပေမှာ တိုက်ရိုက်ရှိ၏။ Platonic Love စသည်တို့ကို ချဲ့ကား၍ ပြောပြနိုင်၏။

       ပြဿနာကား နံပါတ်သုံးတည်း။
       သူတို့ပြောသည့် “LOVE” သည် မေတ္တာသုတ်ထဲက မေတ္တာမကပါ။ ထို့ထက် ကျယ်ပြန့်၏။ သားသမီးနှင့် မိဘ၊ နှမ အမနှင့် မောင်အစ်ကိုတို့ကို ညွှန်းရာ၌ တာဝန်ဝတ္တရားကျေပွန်မှု စသည်တို့ဖြင့် ရှင်းပြနိုင်၏။ ခက်သည်က လင်ချစ်၊ မယားချစ်ကို ဘယ်လိုခိုင်မြဲစေမလဲဟူသော မေးခွန်းဖြစ်၏။ တာဝန်ဝတ္တရားမျှဖြင့် မလုံလောက်တော့။ အခြားအခြားသောအကြောင်းတွေ ပါလာ၏။ ထေရဝါဒ ရဟန်းတစ်ပါးအနေနှင့် မည်သို့မျှ မသိနိုင်သောကိစ္စဖြစ်၏။

       ထို့ကြောင့် ဥာဏ်ကိုလွှာသုံး၍ ဒါလည်းကိုယ့်တာဝန် ကိုယ်ကျေပွန်ခြင်းပါပဲဟု ခပ်သောသောသာ ဖြေခဲ့ရ၏။ သူတို့လည်း ရယ်ကြ၏။

       ခက်သည်က ထိုရဟန်းသုံးပါးအနက် သီဟနာဒက အငယ်ဆုံးဖြစ်နေ၏။ မျက်နှာလည်း တော်တော်များများနှင့် တန်းမိနေ၏။ ထို့ကြောင့် ကပေါက်တိ ကပေါက်ချာ မေးခွန်းမှန်သမျှ မိမိဆီ ဦးတည်နေသည်ကများ၏။ မည်သို့ဖြစ်စေ Dhamma Talk က အဆင်ပြေပါသည်။ ကိုယ်ပြောချင်တာကို ပြောရသည်ကိုး။

       အကြီးဆုံးပြဿနာက Q & A ခေါ်သည့် အမေး အဖြေကဏ္ဍပင်။

       ကျောင်းသားတစ်ယောက်က မေး၏။ ယနေ့ကမ္ဘာတွင် အငြင်းပွါးဖွယ်ဖြစ်နေသော Gay နှင့် Lesbian ကိစ္စနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာရဲ့အမြင်ကား ဘာပါလဲဟု ဖြစ်၏။ ခေါင်းနပန်းများ ကြီးသွား၏။ နားနှစ်ဖက် ထူပူသွား၏။ မိမိကို ချစ်မြတ်နိုးသော အခမ်းအနားမှူး (ကွတ်- အာနန္ဒ) က ထိုမေးခွန်းကို မိမိဆီ မဖြစ်မနေတွန်းပို့လိုက်တော့သည်။ အာနန္ဒကပင် မိမိပေးထားမိသည့် နာမည်။ အချစ်စမ်းလိုက်သည် ထင်၏။

       ဤကိစ္စက စာပေ၌ တိုက်ရိုက်မရှိ။

       လူနှစ်ယောက်၏ ဆက်ဆံရေးနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်ကြီး မရှိလှ။ ဤကိစ္စများက ကိုယ်ရေးကိုယ်တာ သက်သက်များပင်ဖြစ်၏။ ကာမေသုမိစ္ဆာစာရ၌လည်း Gay ကိစ္စ၊ Lesbian ကိစ္စကို မပြော။ ဝိနည်းတော်၌ကား ဥဘတောဗျည်းဆိုသည့် ပုဂ္ဂိုလ်ပါသည်။ ဤပုဂ္ဂိုလ်ကလည်း ဤမေးခွန်းကို မဖြေရှင်းနိုင်။

       ထို့ကြောင့် အဘိဓမ္မာကို ပြန်ကပ်ရတော့သည်။
       ကာမရာဂသည် ကာမရာဂသာဖြစ်သည်။ ယောင်္ကျားနှင့် မိန်းမဖြစ်စေ၊ ယောင်္ကျားအချင်းချင်းပင်ဖြစ်စေ၊ မိန်းမအချင်းချင်းပင်ဖြစ်စေ နှစ်ဦးသဘောတူနေသ၍ နှစ်ဦးနှစ်ဘက် အရွယ်ရောက်ပြီးသူဖြစ်နေသ၍ ဤကိစ္စက အတူတူသာဖြစ်၏။ ကာမေသုမိစ္ဆာစာရဟု ပြောရန်ခက်သည်။ အမှန်လည်း ဤသို့ယုံကြည်သည်။

       ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံက လက်မခံနိုင်သော်လည်း ဗုဒ္ဓဘာသာကတော့ဖြင့် ဤကိစ္စကို ဘာသိဘာသာ သာသဘောထားသည်။ ကာမေသုမိစ္ဆာစာရ၌ မသွားအပ်သောမိန်းမ (၂၀) လာ၏။ ထို၌ Gay , Lesbian ကိစ္စမပါ။ ခက်လှ၏။

       ရဟန်း၊ သီလရှင်မဟုတ်လျှင် ဘာမှ ထူးခြားသောကိစ္စမဟုတ်။ အပါယ်ကျစေနိုင်သော အကုသိုလ်ဟု ပြောရန်လည်း မဖြစ်။ အပါယဂမနိယ (အပါယ်ချကြောင်းတရားများ) က ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာတို့တည်း။ ပြီးလျှင် ဒေါသတည်း။ ထို့ကြောင့် အဘိဓမ္မာသဘောအရဆိုရသော် အတူတူပင်ဖြစ်၏။ သုတ္တာန်ကလည်း တိုက်ရိုက်မလာ။ ထို့ကြောင့် ထိုမေးခွန်းအတွက် ဗုဒ္ဓဇင်က နူထရယ်ဟုပင် ဖြေလိုက်၏။

       လူငယ်အများစုက ထောက်ခံသည်။
       အခြားအခြားသော ဘာသာများက Gay, Lesbian ကိစ္စကို ခါးခါးသီးသီး ငြင်းဆန်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာက ဤ “LOVE” ကိစ္စ၌ပင် ကျယ်ကျယ်ပြန့်ပြန့် သဘောရှိသည်ဟု သဘောပေါက်လိုက်သောကြောင့် ဖြစ်သည်။ မှန်သည်ဟုတော့ ထင်ပါသည်။

       ထိုအဖြေစကားကို သူတို့ခြင်းလက်ဆင့်ကမ်းကြပုံရ၏။

       တချို့က ထိုကိစ္စဖြင့် ဝန်းကျင်၏ ဝိုင်းပယ်ခြင်းကို ခံထားရ၏။ မတူမတန်သလို ဆက်ဆံတာ ခံကြရ၏။ ထိုအခါ ဖြေဆည်ရာကိုရှကြရင်း ထိုမက်ဆေ့ခ်ျလေးကိုတွေ့ကာ မိမိထံ ရောက်ရောက်လာကြခြင်း ဖြစ်၏။

       စိတ်တော့ မကောင်းပါ။ ဖြစ်နိုင်လျှင်တော့ ကျား ဆို ကျား၊ မ ဆို မ ဖြစ်စေချင်၏။ မတတ်နိုင်။ ကာမေသုမိစ္ဆာစာရ၌ မပါသော ဤကိစ္စကို ကာမေသုမိစ္ဆာစာရတွင် ထည့်မထားနိုင်။ သူတို့ အမေးအများဆုံးက ဤကိစ္စကြောင့် ငရဲကျမည်လားဟု ဖြစ်၏။ သေချာပါသည်၊ နိဗ္ဗာန်ရောက်ကြောင်းမဟုတ်သော်လည်း ငရဲရောက်ကြောင်းတွင်တော့ မပါပါ။ တဏှာသည် တဏှာသာဖြစ်ပါသည်။

       သူတို့က ဆိုသည်-
       အချို့ အချို့သော လင်မယားတွေကပင် သူတို့လောက်မချစ်၊ သူတို့လောက် နားလည်မှုမရှိ၊ သူတို့လောက် ဝေမျှခံစားမှုမရှိ။ သို့ဖြစ်လျှက် အဘယ့်ကြောင့်ဝန်းကျင်က သူတို့ကို ဤသို့ဆက်ဆံရသနည်းဟု ဝမ်းနည်းတကြီး ဆိုတတ်ကြသည်။

       သူတို့ပြောတာလည်း သဘာဝကျ၏။ ထို့ကြောင့် အားပေးရာလည်းမရောက်၊ စိတ်ဓာတ်လည်း ပိုမကျစေလို၊ ဤသို့ဖြင့်ပင် ရေလိုက်ငါးလိုက် နေလိုက်ရတော့သည်။ ဖြစ်နိုင်လျှင်တော့ ကျား ဆို ကျား၊ မ ဆို မ ဖြစ်စေချင်၏။ မ၊ မ။ ကျား၊ ကျား မဖြစ်စေလိုပါ။ သို့သော်-

       ဤသို့ဖြင့် သီဟနာဒသည် စင်္ကာပူဗုဒ္ဓဘာသာ Gay နှင့် Lesbian အချို့ကြား၌်အတန်ငယ် ပေါ်ပြူလာဖြစ်သော ရဟန်းတစ်ပါးဖြစ်ခဲ့ရ၏။ အနည်းငယ် ကြက်သီးထဖွယ်လည်းဖြစ်၏။

       ထို့ကြောင့် ညီငယ်ရဟန်းတော်များ အမေးအဖြေကဏ္ဍကို ပါးပါးနပ်နပ် ဖြေကြစေလို၏။ မိမိကဲ့သို့သော အမှားမျိုး မလွန်ကြူးစေလို။ မိမိကား ထိုစကားအတွက် နောင်တရလျှက်ရှိ၏။ အဘယ့်ကြောင့်ဆိုသော် “You are very ***y” ဟု အပြောခံခဲ့ရဘူးသောကြောင့်တည်း။ ငုတ်တုတ်ပင် မေ့မိ၏။



သီဟနာဒ








Copyright © 2012 ကမ်းလက်. All rights reserved.

Nibbana is the highest bliss


 -The third Noble Truth is the cessation of suffering.It is described as the cessation of craving        without   residue and dispassion (asesaviraga nirodho),giving up( Cago ),complete   abandonment (Pati nissaggo),release (Mutti ) and non-attachment (Anarlayo).(Dhammacakka pavattana Sutta)


-Originally, in the canonical references it bears an affinity to blowing off and most certainly the application is the blowing off the three roots of evils:craving,ill-will and delusion.


-Nibbana is an experience,which can not be grasped by logic and reasoning.So it is stated that it is beyond the range of logic(Atakka-avacara)


-Nibbana is also can be explained as the extinction of the fire of lust,hatred,and delusion.
Nibbana, in one sense,may be interpreted as the extinction of the flames: 

"The whole world is in flame.By what fire is it kindled?
By the fire of lust,hatred,and delusion;by the fire of birth,old age,death,sorrow,lamentation,
pain,grief and despair is it kindled."(Aditta pariyaya Sutta )


-The Buddha called it:The culmination,The Further shore,Truth,The Immaculate,The Joyful, Utter Peace,The Wonderful,The Pure,The Safe Refuge( S.IV,369-372)


To discuss this question, the ten grades of happiness found in the Bahuvedaniya Sutta are vital.
1)" Fivefold,Ananda,are sensual bonds,What are the five?
  Forms recognizable by the eyes,sounds recognizable by the ears, odours recognizable by the nose;flavors recognizable tongue;contacts recognizable by the body-desirable,lovely charming,infatuating,accompanied by thirst,and arousing the dust of passions.These,Ananda,are five sensual bonds.
Whatever happiness or pleasure arises from these sensual bonds,is known as sensual happiness.
Whoso should declare:'This is the highest happiness and pleasure which beings my experience'- I do not grant him that,and why?
Because there is other happiness more exalted and sublime."


2)The happiness of the first Jhana.( Associate with the five Jhana factors; initial application,sustained application,joy,happiness and one-pointedness.


3) The happiness of the second Jhana.(Associate with three Jhana factors; joy,happiness and one-pointedness.


4) The happiness of the third Jhana.(Associate with two Jhana factors;happiness and one-pointednedd.


5) The happiness of the fourth Jhana.(Associates with two Jhana factors;equanimity and one-pointedness.
(These four Jhanas are called Form-sphere Jhana(Rupa Jhana)


6) The happiness of the first formless jhana.(passing entirely beyond the perception form,with the disappearance of sense reaction,free from attention to perception of diversity,thinks:'Infinity is Space'-and lives abiding in the Realm if infinite Space.)


7) The happiness of the second formless Jhana.(.....'Infinite is Consciousness'-and lives abiding in the Realm of Infinite Consciousness.)


8) The happiness of the third formless Jhana.(...'There is nothing whatsoever'-and lives abiding in the Realm of Nothingness,)


9) The happiness of the fourth formless Jhana.(....lives abiding in the Realm of Neither perception Nor Non-perception.)


( These Jhanas are Formless Jhanas,Arupa Jhana)
"Whoso should declare:'This is the highest happiness and pleasure which beings my experience'- I do not grant him that,and why?
Because there is other happiness more exalted and sublime."


10) "Here a monk,utterly transcending the realm of Neither perception Nor Non-perception,lives,having attained to the Cessation of perception and sensation( Sannavedaniya niodha)This,Ananda,is the other happiness more exalted and sublime.


"How can that state be called highest happiness when there is no consciousness to experience it?'
"No,disciples,the Tathagata does not recognize bliss merely because of a pleasurable sensation,but disciples,whenever bliss is attained there and there Only does the Accomplished One recognize bliss."
"I proclaim that everything experienced by the senses is sorrow." But why?Because one in sorrow craves to be happy,and the so-called happy crave to be happier still.
The Buddha declare;"Nibbana paramam sukham,Nibbana is the highest bliss."
It is bliss supreme because it is not a kind of happiness experienced by the senses.It is a blissful state of positive relief from the ills of life.


Ref: Majjhima Nikaya,No.57.
        The Buddha and His Teaching.No 503-506.
        Essentials of Buddhism.No 60-65.


                                                                                                                                           U Cittara










Copyright © 2012 ကမ်းလက်. All rights reserved.

ကမ်းလက် ခြောက်လပြည့်


ဒီနေ့ ကမ်းလက် ခြောက်လပြည့်တဲ့နေ့ပါ။
စာဖတ်သူတွေကိုတောင်းပန်ချင်တာကတော့ အက်ဒမင်ခရီးထွက်နေလို့ (သူ စကက်ဂျူးတစ်ချို့ လုပ်ပေးထားခဲ့လို့)ပို့စ် တွေ ပုံမှန်တက်နေနိုင်ပေမယ့် ဘယ်လိုတွေ တက်လာသလဲဆိုတာကိုတော့ မသိချင်ယောင်ဆောင်ထားလိုက်ရပါတယ်။ ကမောက်ကမ နည်းနည်းဆန်ပါတယ်။

ထူးထူးခြားခြား ကျေးဇူးစကားပြောချင်တာကတော့ ကမ်းလက်ကို လင့်လုပ်ထားကြတဲ့ ဘလော့ဂ်ဂါတွေကိုပါ။

ကမ်းလက်ကိုယ်တိုင်က တကယ့်ကို "ထွန်ယက်လို့ မညက်သေးတဲ့ " စိုက်ခင်းပါ။ ဒါကြောင့် မမြင်ဖူးသေးတဲ့ ဘဝတူမိတ်ဆွေ ဘလော့ဂ်ဂါတွေကို ကျေးဇူးစကားနဲ့အတူ တောင်းပန်စကားပါ ထားခဲ့ချင်ပါတယ်။

အွန်လိုင်းပေါ်မှာ ရေးချင်ရာရေးလို့ရကြပေမယ့် စောင့်စည်းမှုတွေနဲ့ ယုံကြည်ရာလေးတွေကို ဖော်ပြနေကြတာကိုတွေ့ရတော့ ဘလော့ဂ်ဂါတွေကို လေးလည်းလေးစားမိတယ်။ အလကားရတဲ့ ဘလော့ဂ်စာမျက်နှာပေါ်မှာလည်း စာပေအက်သစ်တွေ အများကြီးဆိုတာ သိခဲ့ရလို့ပါ။

စကားလုံးကြမ်းကြမ်းတွေနဲ့ ဝိုင်းဆဲနေကြရင် စစ်အစိုးရကိုတောင် မေတ္တာရှိသလိုလိုဖြစ်တတ်သွားတာ (၈၈) ကာလက ကြုံဖူးခဲ့တယ်။ စာဖတ်သူတွေထဲမှာ ပြည်တွင်းက စာဖတ်သူအရေအတွက် သိသိသာသာ တက်လာလို့လည်း ဝမ်းသာရပါတယ်။

ခြောက်လပြည့် အမှတ်တရအတွက်တော့ သူငယ်ချင်းကဗျာဆရာ မောင်စူးရဲရဲ့ ကဗျာလေးကို ဖော်ပြလိုက်ပါတယ်။ရွှေမြန်မာ၊အတွဲအမှတ် ၅ ထဲကပါ။



ကဗျာဆရာတစ်ယောက်၏ နှစ်သုံးဆယ်ခရီး

ဘုရားပွဲတစ်ခုဆီကိုသွားနေတဲ့ လှည်းတန်းကြီးကို
စိတ်မှန်းနဲ့ လှမ်းကြည့်တော့
ဖုန်လုံးတွေက
အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့ကုန်ကြ။

လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကို
ထိုင်ငေးမိတယ်။

သေဆုံးနေတဲ့ သစ်ရွက်တွေပေါ်
တောင်လေရိုင်းက ဒရွတ်ဆွဲလမ်းလျှောက်လို့၊
အမေက....
ညီလေးရဲ့ အင်္ကျီကြယ်သီးကို ပြန်တပ်လို့၊
အဖေက..
ရေဒီယိုတစ်လုံးနဲ့
လန်ဒန်သားတွေရဲ့စကားကို နားထောင်လို့၊
ကျနော်က...
လုံးကားနေတဲ့ ဗိုက်ကလေးကို ပွတ်သပ်ရင်း
(အစာတွင်းနက်မှန်း မသိတတ်စွာ)
ညနေကျောင်းဆင်းချိန် အပျော်တွေကိုစမြုံ့ပြန်လို့။

လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကို
ထိုင်ငေးမိတယ်။

နွမ်းခြောက်နေတဲ့ စံပါယ်ဖူးလေးက
လောကဓံအကြောင်းကိုမငြီးငြူပဲ
နေပူထဲ မတ်တပ်ရပ်လို့၊
ရှေးဟောင်း စေတီပျက်တွေကြား
ဗုဒ္ဓအဆုံးအမတစ်ခုခု တွေ့ရနိုး
သဲကြီးမဲကြီး လိုက်ရှာလို့၊
အဝါရောင် လိပ်ပြလေးနှစ်ကောင်
ဆွဲလဲသံထဲ ပျံဝဲဝင်သွားခိုက်
ကျနော့် မျှော်လင့်ချက်တွေက
အနာဂတ် အသိုက်တွေ
တစ်ခုပြီးတစ်ခု တည်ဆောက်လို့။

ဒီနေ့...
မျက်နှာပေါ် ယိုစီးကျနေတဲ့
ကျိုးကြေနေတဲ့ အလင်းခက်တွေကို
ထိုင်ငေးနေမိတယ်။

လောကဓံ၊ပို့စ်မော်ဒန်၊ ဘဝဒဏ်
ကော်ဖီတစ်ခွက်ပေးပါ...
ပေါင်မုန့်တစ်ချပ်ပေးပါ...
ရွာအနောက်ပိုင်းက
ဆော့ဖ်ဝဲသူဌေး ဘီးလ်ဂိတ်အတွက်
သက်ပြင်းတွေခဏခဏချလို့။

ပြီးတော့......
မသိယောင်ဆောင်ခြင်း သင်္ခန်းစာတစ်ပုဒ်ကို
နှုတ်တက်အရ ကျက်လို့။   ။

မောင်စူးရဲ





ကမ်းလက်

Copyright © 2012 ကမ်းလက်. All rights reserved.

ရယ်စရာဖြစ်နေတဲ့ ကမ္ဘာကျော်စွပ်စွဲမှုများ

၁။ ဆွာမိကြီး ဝိဝေကာနန္ဒ
နံပတ်တစ်ကတော့ ဆွာမိကြီး ဝိဝေကာနန္ဒပါ။ သူက ဗုဒ္ဓဘာသာရဟန်းတွေနဲ့     စကောလားတွေက ဗြဟ္မဏဝါဒကို တိုက်ခိုက်ကြတယ်၊ မနိုင်တော့ ဗုဒ္ဓရဲ့ဒေသနာတော်တွေကို အိန္ဒိယထဲကနေ အပြီးအပိုင် ခိုးယူသွားကြတယ် တဲ့။ ဗုဒ္ဓရဲ့ဒေသနာတော်တွေဟာ ခိုးယူထွက်ပြေးခြင်းခံလိုက်ရတာလား၊ မောင်းထုတ်တာကိုခံလိုက်ရတာလား ဆိုတာပညာရှင်တွေစကားဆိုဖို့ပဲ ချန်ထားခဲ့ပါရစေတော့။ ဗုဒ္ဓရဲ့ဒေသနာတွေဟာ ကော်မာရှယ်လိုက်ဇ် ထားတာမဟုတ်သလို ကော်ပီရိုက် ကိစ္စလည်း မရှိဘူး။ ဒီတော့ ကြိုက်သူယူသုံးလိုက်ကြတာပါ။နှီးနှောလို့မရတဲ့ အယူအဆတွေမို့ အမြစ်ပြတ်အောင်အသတ်ခံလိုက်ရပေမယ့် မသေနိုင်တဲ့ ဗုဒ္ဓဘာသာက အခြားကမ္ဘာ့ အစိတ်အပိုင်း တော်တော်များများမှာ ဖြည်းဖြည်းနဲ့ မှန်မှန် အမြစ်တွေတွယ်နေတော့ ဟိန္ဒူမြေပေါ်ကလွဲရင် အမြစ်မတွယ်တတ်တဲ့  ဗြဟ္မဏဝါဒ နည်းနည်းနယ်ကျဉ်းသလိုဖြစ်သွားတာနေမှာပါ။ ဘာပဲပြောပြော  အိန္ဒိယပိုင် ဗုဒ္ဓရဲ့ဒေသနာတော်တွေကို နိုင်ငံခြားသားဗုဒ္ဓဘာသာရဟန်းတွေက ခိုးယူသွားကြတယ် ဆိုတာကတော့ ပြုံးချင်စရာလေးပါ။ အကြီးကျယ် ခိုးယူသူတွေက ဆာ အက်ဒွင်အာနိုးတို့၊ အိုင်းစတိုင်းတို့ ပါ။သူတို့ကြောင့့် ရွာအနောက်ခြမ်းကလူတွေ ဗုဒ္ဓဘာသာ ကိုတွေ့သွားတာပါ။ အာရှတိုက်ရဲ့သူခိုးကြီးကတော့ သိရိဓမ္မာသောက မင်းကြီးပေါ့။ သူ့ကြောင့် ကိုးတိုင်း ကိုးဌာနကို  ဗုဒ္ဓဘာသာလွင့်သွားရတာမဟုတ်လား။
ဆွာမိကြီးမမီလိုက်လို့၊ဗြဟ္မဏဝါဒတွေရဲ့ နှလုံးသည်းပွတ်ဖြစ်တဲ့ ယောဂကျင့်စဉ်ဟာ ၂၁ ရာစုလည်းရောက်ရော ဆရာတွေအချို့က အဖြူတွေနဲ့ တရုတ်တွေ၊သူတို့ဆီကနေတစ်ချို့ အိန္ဒီယန်းတွေ ယောဂပြန်သင်ယူနေကြလေရဲ့။

၂။Sir Dave Richards
နောက်တစ်ယောက်ကတော့ Sir Dave Richards ဆိုတဲ့ ပရီမီးယားလိဂ် ဘုတ်အဖွဲ့ ဥက္ကဋ္ဌ၊FA အဖွဲ့ဝင်ပါ။သူကလည်း နိုင်ငံခြားသားတွေက သူတို့ပိုင် ဘောလုးံကစားခြင်းအတတ်ပညာကို မားသား လန်ဒ် ကနေ ခိုးယူသွားကြတယ် တဲ့။ဖြစ်ပုံက အထက်ကနဲ့ ခပ်ဆင်ဆင်ပဲ။အင်္ဂလိပ် အမျိုးသားအသင်းက ကန်လိုက်ရင် အနှေးနဲ့အမြန် ရှုံးတော့တာဘဲ။အခိုးခံလိုက်ရလို့နေမှာပေါ့။သူမှစကားမဆုံးသေဘူး တရုတ်ကလည်း ဘောလုံးကစားခြင်းကို စတင်တွေ့ရှိတာက တရုတ်၊အင်္ဂလိပ် မဟုတ် တဲ့။လုပ်ချပါလေရော။တရုတ်အဆိုအရ အင်္ဂလိပ် တွေ ဘောလုံးသူခိုးဖြစ်ရပြန်ရော။သူတို့လုနေတာနဲ့ပဲ ရွာက ကလေးတွေဘောလုးံမရှိလို့မကန်ရရှာတော့ဘူး။လောလောဆယ် အင်္ဂလိပ် တို့ ကမ္ဘာ့ဖလား၊ဥရောပဖလားကိုခိုးသွားတာက နွာရိုင်းသတ်သမားစပိန်တွေ။
ဘာမှမဟုတ်ပါဘူး။သူခိုးမယိုးတတ်ရင် ရီရတယ်လို့ စဉ်းစားမိလို့ပါ။


ဇင်ဝေသော်










Copyright © 2012 ကမ်းလက်. All rights reserved.

ဝါးရင်းတုတ်ကို မမေ့သေးတဲ့ ဒကာမကြီးတို့နိုင်ငံ


       ကြာတော့ ကြာပါပြီ။ ယနေ့ဆိုလျှင် ကိုးနှစ်ခန့် ရှိပြီ။ စင်္ကာပူအတွက် စတေးလျှောက်စဉ် ပီနန်မှတဆင့် (ရန်ကုန်မပြန်ချင်သဖြင့်) ဒကာမကြီးတို့ ယပက်လက်နိုင်ငံသို့ ရထားဖြင့် ခရီးထွက်ခဲ့သည်။ ဆရာသမားများ၏ စကားအရ ဘန်ကောက်မှတဆင့် မဲစရီးယန်းသို့ သွားကာ ခဏသီတင်းသုံးပြီး စတေးရပြီဆိုမှ ပြန်လာရန် ဖြစ်သည်။

       ရထားဘူတာမှာ မိတ်ဆွေရဟန်းတစ်ပါး လာကြိုသဖြင့် အဆင်သင့်သွားသည်။ သို့မဟုတ်လျှင် ဒုက္ခ အတော်ရောက်နိုင်၏။ အင်္ဂလိပ်စကားပြောလို့ သိပ်မရ။ ဘက်(စ်)ကားနံပါတ်များကပင် ထိုင်းလို ရေးထားရကား ထိုင်းစာ မသိသူအတွက် အလွန်အခက်အခဲ ရှိနိုင်သည်။ လာကြိုသော ရဟန်းမိတ်ဆွေကား ဗာချီလာလောင်ကွန်တက္ကသိုလ်၌ ပညာသင်နေတာဖြစ်ပြီး ထိုင်းစကားပင် အတော် ပြောနိုင်နေပြီ ဖြစ်သည်။

       မဲဆောက်၊ မဲစရီးယန်းသို့ ကားလက်မှတ်ဖြတ်သောအခါ အခက်အခဲ ကြုံရတော့သည်။ နံပါတ်တစ်က သင်္ကန်းအရောင်၊ နံပါတ်နှစ်က ထောက်ခံစာပင် ဖြစ်သည်။

       ဝတ်ထားသော သင်္ကန်းအရောင်က အညိုရောင် ဖြစ်နေသဖြင့် ထိုင်းတို့သင်္ကန်းရောင်နှင့် ကွဲနေသည်။ လက်မှတ်ရောင်းသူက ထိုင်းစကားလည်း မပြောတတ်၊ သင်္ကန်းကလည်း သူတို့ရဟန်းဝတ်သော သင်္ကန်းရောင်နှင့် မတူသဖြင့် ရဟန်းစစ် ဟုတ်ဟန်မတူဟု ဆိုသည်။ ထို့ကြောင့် ဘန်ကောက်ရှိ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်တစ်ပါး၏ ထောက်ခံစာပါမှ လက်မှတ်ရောင်းပေးမည်ဟု ဆိုလေတော့သည်။

       ခက်ရချည့်၊ မိမိက အာဂန္တု၊ သူတို့နိုင်ငံကိုလည်း ပထမဆုံး အခေါက်၊ သိသည်ဆိုသည့် ဆရာတော်ကလည်း သွားရမည့် မဲစရီးယန်းမှာ။ မည်သည့် ဆရာတော်အထံမှ ထောက်ခံစာ ရပါအံ့နည်း။ အတော်ရစ်သော လက်မှတ်ရောင်းပဲဟု စိတ်ထဲ ထင်မိသည်။ ထို့ကြောင့် လာကြိုသော မိတ်ဆွေရဟန်းကို အကူအညီ ထပ်တောင်းရတော့သည်။ သူက သူနေသောကျောင်းက ကျောင်းထိုင်ဆရာတော်ကို အကူအညီတောင်းသဖြင့် ထောက်ခံစာ ရသွားတော့သည်။

       ထောက်ခံစာယူပြီး လက်မှတ်ရောင်းထံ ပြန်သွားတော့ လက်မှတ်တော့ ရောင်းပေးမည်။ ရဟန်းတော်များကို ရောင်းသော ဈေးနှုန်းဖြင့်တော့ မရ၊ (သိရသည်မှာ ရဟန်းတော်များ တစ်ဝက်ကြေးသာ ပေးရသည်ဟူ၏) ဈေးနှုန်းအပြည့် ပေးရမည်ဟု ဆိုပြန်သည်။

       အဘယ့်ကြောင့်နည်းဟု မေးရာ ထိုင်းသံဃာမဟုတ်၊ သင်္ကန်းအရောင်မတူသောကြောင့်ဟု ကျိုးကြောင်းညီညွှတ်သော အဖြေကို သူကပေးသည်။ မတတ်သာ ရှိတော့၏။ သို့ဖြင့်ပင် မဲစရီးယန်းသို့ သွားမည့်ကားလက်မှတ်တစ်စောင် ရလိုက်သည်။ ဒီကသွားလို့ ဒီလို ပြဿနာလေးတွေ ရှိတတ်တာပါ။ မဲစရီးယန်းကနေ ဘန်ကောက်ပြန်လာရင် ဒီပြဿနာမျိုးတွေ မရှိတော့ပါဘူးဟု မိတ်ဆွေရဟန်းက အားပေးရှာသည်။

       ကားပေါ်ရောက်သောအခါ ထိုလက်မှတ်ရောင်းဒကာ၏ မိမိအပေါ် ဆက်ဆံမှုကို သဘောပေါက်တော့သည်။

       ထိုင်းနိုင်ငံမြောက်ပိုင်းကား ရှမ်းပြည်နယ်နှင့် အတော်တူသည်။ ခပ်ပါးပါး မြူမှုံတစ်ချို့၊ ခပ်ညို့ညို့ တောင်တန်းတွေ တစ်သွယ်၊ လေပြေက သယ်လာသည့် တောနံ့၊ တောင်နံ့၊ တကယ်ပင် ရှု့ချင်စဖွယ် ကောင်းလှ၏။ အပြင်ရှု့ခင်းများအပေါ် မျက်လုံးများ စူးကျနေရာမှ ရှေ့တည့်တည့်မှာ ရှိနေသော ဗွီဒီယိုဇာတ်ကားကို တွေ့ရတော့သည်။

       ဦးအောင်ဇေယျနယ်ချဲ့သည့် အကြောင်းကို ရိုက်ကူးထားသော ဗွီဒီယိုခွေတစ်ခုဖြစ်ကြောင်း ထိုင်းစကား မတတ်သော်လည်း သိနိုင်သည်။ သူတို့လူမျိုးများ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေးအတွက် ရိုက်ကူးထားသော ဗွီဒီယိုဇာတ်ကား ဖြစ်ပေလိမ့်မည်။ ထိုင်းလူမျိုးတို့က တိုင်လုံးများဖြင့် ဝင်းထရံခက်၍ နေကြသည်။ မြန်မာတွေက တိုင်လုံးဝင်ထရံများကို လှေခါးထောင် ကျော်ဝင်ပြီး ထိုင်းလူမျိုးများကို ရိုက်ကြလေတော့သည်။

       ဘက်(စ်)ကား တစ်စီးလုံးမှာလည်း မြန်မာဟူ၍ ဤရဟန်းတစ်ပါးသာ၊ သူတို့ အချင်းချင်းလည်း ဤရဟန်းသည် ထိုင်းမဟုတ်၊ မြန်မာရဟန်း ဖြစ်ရမည်ဟု ပြောနေကြလိမ့်မည် ထင်သည်။

       မည်သို့ဖြစ်စေ၊ သူတို့ရိုက်ကူးထားသော ဗွီဒီယိုဇာတ်ကားအရဆိုလျှင် မြန်မာများကို ထိုင်းမြောက်ပိုင်းသားတို့က တော်တော် မုန်းတီးနေကြလောက်သည်ဟုတော့ စဉ်းစားမိသည်။ ဤမျှ တောတောင်ထူထပ်သော ဒေသများကို ကျော်ဖြတ်ကာ အယုဒ္ဓယအထိ သိမ်းပိုက်ခဲ့သော ဦးအောင်ဇေယျ၏ ဇွဲကို ချီးကျူးမိသည်။ လွယ်ကူလှသည့် ကိစ္စမဟုတ်။

       ထိုမှတဆင့် ပီနန်ဆရာတော်ကြီး၏ ပေးဖူးသော ဩဝါဒများ ခေါင်းထဲ ရောက်လာပြန်သည်။

       “ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မြန်မာသာသနာပြုကျောင်း ရာချီပြီး ရှိခဲ့တယ်။ အခု ဆယ်ဂဏန်းတောင် မပြည့်တော့ဘူး။ အဓိကအကြောင်းကတော့ အရည်အချင်းရှိတဲ့ သာသနာပြုရဟန်းငယ်တွေ မွေးထုတ် မပေးနိုင်တာဘဲ” စသော ဩဝါဒများ ဖြစ်သည်။

       ကိုယ်တိုင် ခေတ္တမျှ သီတင်းသုံးရန် သွားသော မဲစရီးယန်းကျောင်းကပင် ကျန်ကောင်းကျန်ရာ မြန်မာပိုင်ကျောင်းများထဲမှ တစ်ကျောင်း ဖြစ်ပေသည်။မဲစရီးယန်းရောက်သောအခါ မြို့က သိပ်မကြီးသဖြင့် ထိုကျောင်းကို အလွယ်တကူ ရှာတွေ့နိုင်ခဲ့သည်။ ဆရာတော်ကား ဦးဇဋိလဖြစ်ပြီး စင်္ကာပူမြန်မာကျောင်းကြီး၌ ကျောင်းထိုင်သွားဖူးသော ဆရာတော်ဖြစ်သည်။

       ဘက်(စ်)ကားပေါ်တုန်းက ထိုင်း၊ မြန်မာပဋိပက္ခရှိသော်လည်း မဲစရီးယန်းကို ရောက်သောအခါ၌မူ သိပ်မဆိုးကြောင်း တွေ့ရသည်။ ထိုင်းလူမျိုးများကလည်း မြန်မာဆရာတော်များကို ထောက်ပံ့လှူဒါန်းကြပါသည်။ စင်္ကာပူနှင့် အဆက်အသွယ်၊ ဖုန်း၊ ဖက်(စ်) စသည်တို့ကိုပင် ထိုင်းလူမျိုးပိုင် စတိုးဆိုင်ထံမှ အကူအညီ ယူခဲ့ရသည်။

       ထိုမြို့၌ တစ်လပင် မပြည့်မီ စင်္ကာပူမှာ စတေးရပြီ ဖြစ်သဖြင့် ပြန်လာခဲ့ရသည်။ ထိုမြို့လေးကား မဲဆောက်နှင့်လည်း မဝေး၊ ထိုင်းမြန်မာဘော်ဒါနှင့်လည်း မဝေးလှသဖြင့် မြန်မာကျောင်းသားများ အဝင်အထွက် ခပ်စိပ်စိပ် ရှိသည်ကိုလည်း မှတ်သားခဲ့ရသည်။

       မည်သို့ဆိုစေ၊ ထိုင်းနိုင်ငံမြောက်ပိုင်းသားများအဖို့ ဝါးရင်းတုတ်ကို မေ့လို့ မရကြသေးကြောင်း ဘန်ကောက်အပြန် ကားပေါ်မှာ ပြသော ဗွီဒီယိုကားက သက်သေခံလျှက် ရှိနေပြန်သည်။

       ထို့အပြင် ဗီနန်ဆရာတော်၏ ဩဝါဒကို စဉ်းစားမိရင်း ပြုံးမိသေးသည်။

       မိမိကား သီရိလင်္ကာဆရာတော်ကြီး တည်ထောင်ခဲ့သော ကျောင်း၌ သီတင်းသုံးရန် စင်္ကာပူသို့ ခြေဦးလှည့်နေပြီ မဟုတ်ပါလား။

       သို့ဖြစ်လျှင် သီရိလင်္ကာသံဃာများ၊ ဒကာ၊ ဒကာမများကရော ဗုဒ္ဓဘာသာအချင်းချင်း နယ်ချဲ့သည်၊ သီရိလင်္ကာရဟန်း တည်ထောင်ခဲ့သည့်ကျောင်းကို မြန်မာရဟန်းတစ်ပါးက ဝင်ရောက်သီတင်းသုံးနေသည်ဟု ပြောရန် မသင့်ပါလော။ မတက်နိုင်၊ ကျရာဇာတ်ကိုတော့ ပီပြင်အောင် ကရပေတော့မည်ဟုသာ အားခဲရင်း ဒကာမကြီးတို့ ယပက်လကနိုင်ငံကို “တမ်း” လိုက်မိသည်။


သီဟနာဒ

သီဟနာဒ





Copyright © 2012 ကမ်းလက်. All rights reserved.