ခွေးဆွဲခံရမှ အမြန်ဆုံးပြေးတယ်


မူလတန်းကျောင်းသား ကလေးဘဝက အပြေးအလွှား ဇာတ်လမ်းတွေ ကို ပြန်စဉ်းစားတော့ လွတ်လပ်ရေးပြိုင်ပွဲတွေမှာ ဘယ်လောက်ပဲ ပြေးပြေး အမြန်ဆုံးပြေးခဲ့တဲ့ အချိန်ဟာ ခွေးလိုက်ဆွဲစဉ်က ဖြစ်ခဲ့တယ်ဆိုတာ သိခဲ့ရ တယ်။ လူဟာ အကျပ်းအတည်းရောက်မှ စွမ်းရည် အကုန်ထွက်တယ်။

လွန်ခဲ့တဲ့ ၁၅နှစ် အနှစ် ၂၀ တုန်းက ဂျပန်လူကြီးပိုင်းတွေနဲ့ ကြုံလို့ စကာြးေ ပာမိတိုင်း ဒီခေတ် ဂျပန်လူငယ်တွေ သူတို့လို မကြိုးစားကြဘူး ဆိုတဲ့ ဝေဖန် တဲ့အသံ ကြားရတတ်တယ်။ တူကြမယ်တော့ မဟုတ်ဘူး။ ဟိုခေတ် ဂျပန်ရဲ့ အနေအထားနဲ့ ဒီခေတ် ဂျပန်ရဲ့ အနေအထားကလည်း တူမှ မတူတာပဲ။ အနုမြူပြာပုံထဲကနေ ကုန်းထနေရတဲ့ ဂျပန်မျိုးဆက်ဟာ ခွေးအလိုက်ခံရတဲ့ မျိုးဆက်ပါ။
ဒါ့ကြောင့် သူတို့ပြောတိုင်း ကိုယ်တိုင်ကလည်း လူငယ်ဆိုတော့ လူငယ်တွေ ဖက်က ရပ်ပြီး ဒါဟာ ပျင်းလို့မဟုတ်နိုင်ဘူး၊ ခေတ်ရဲ့အနေအထား မတူတာ သာဖြစ်မယ်။ ဒီခေတ် ဂျပန်မျိုးဆက်ကို အဲဒီခေတ် ပြောင်းပို့ပေးလိုက်ရင် သူ တို့လည်း အဲဒီခေတ်က ဂျပန်တွေလိုပဲ မနေမနား ကြိုးစာကြလိမ့်မယ် လို့ ပြန်ပြောမိတယ်။ ယုံကြည်တာကလည်း ဒီအတိုင်းပဲ။ ဒီခေတ်ဂျပန်မျိုးဆက်ဟာ အပြေးပြိုင်ပွဲမှာဝင်ပြေးသူတွေနဲ့ဆင်ပါတယ်။ ဘယ်လောက် ပဲ ပြေးပြေး အမြန်ဆုံးမဖြစ်နိုင်ဘူး။

လတ်တလော စင်္ကာပူရဲ့ ပထမ နဲ့ ဒုတိယ ဂျင်နရေှးရှင်းတွေကလည်း တတိယဂျင်နရေှးရှင်းတွေကို အဲသလို လေသံတွေ ပြောလာနေကြပြီ။ တံငါရွာက ကုန်းထရတဲ့ စင်္ကာပူရီယန်းနဲ့ ဂလိုဘယ်လ်စီးတီး ( သူတို့ ဘာသာ ခေါ်တာ ) စင်္ကာပူရီယန်း တူချင်လို့ မရနိုင်ဘူး။

လူတစ်ယောက်ချင်းစီကအစ နိုင်ငံလိုက်အထိ ကြီးမားတဲ့ မိုတီဗေးရှင်း ( တွန်းအား ) လိုကိုလိုတယ်။ နို့မို့တော့ ဘယ်လောက်ကြိုးစားကြိုးစား အား အကုန် မထွက်လာဘူး။

အခု ခြေစွာလှတဲ့ တောင်ကိုရီးယားလည်း ဒီအတိုင်းပါပဲ။ ဂျပန်ကို ကျော် တက်နိုင်ဖို့
ဘာလုပ်ရမလဲ?
ဘယ်လို လုပ်ရမလဲ?
ဘယ်နှနာရီ အလုပ်လုပ်ရမလဲ?
ပြောသာပြော၊ နဖူး အမာရွတ်မပြောက်သေးတဲ့ ကိုရီးသားအများစုဟာ ဒါကို လုပ်ဖို့ အဆင်သင့်ပဲ။

မြန်မာတွေရော ဒီလို မိုတီဗေးရှင်း ( တွန်းအား ) ဘယ်ကရှာမလဲ။ အနီးဆုံး က ထိုင်းပဲ။ ဘောလုံးကအစ ထိုင်းက ပယ်ပယ်နယ်နယ် နှိပ်ကွပ်နေ တာတွေ ပြပေးရမယ်။ အရှုံးတွေဆို ထပ်တလဲလဲ ပြပေးနေသင့်တယ်။ အခု ဟာက နိုင်တာလေးပဲ ကြည့်ကြည့်နေရတော့ ဘာမှမရှိဘဲ " တရံရောအခါက " တွေနဲ့ အဟုတ်ထင်နေကြရတယ်။
လူငယ်တွေ နိုင်ငံခြား ထွက်သင့်တယ်။ အနီရောင် ပတ်စ်ပို့ရဲ့ လူပုံအလယ် မျက်နှာငယ်ရပုံတွေ နက်နက်ကြီး ခံစားနေစေရမယ်။ သတ္တိရှိသူတွေ၊ အရှုံး ကို လက်ခံရဲသူတွေဖြစ်အောင် လေ့ကျင့်ပေးရမယ်။ ဒါမှ ဘယ်ရောက်ရောက် သူဟာ သူ့နိုင်ငံနဲ့ ခွဲမရဘူးဆိုတာ ကြေကြေကွဲကွဲ နားလည်မယ်။ ဒီအထဲ ဖောက်ထွက်သွားတဲ့ ပတ်စ်ပို့ အကူးအပြောင်းတွေလည်း ရှိမှာပေါ့။ ဘာဖြစ်ဖြစ် မပြောင်းသူတွေလည်း အများကြီးပဲ။ ပြောင်းသွားတော့ရော အကြောင်းလား။ ဒါက ဂလိုဘယ်လ် ကမ္ဘာရဲ့ လက်ချက်ပဲ။
ဘာရယ်မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အမြန်ဆုံးပြေးတာလို့ ထင်ခဲ့ပေမယ့် တကယ်က ဧရာမခွေးကြီး လိုက်ဆွဲမှ သေရေး ရှင်ရေး တကယ်ပြေးမိတာ သတိရမိလို့ပါ။
လူဟာ၊ နိုင်ငံဟာ အရည်အသွေး၊ အားမာန်၊ အလုပ်လုပ်ချိန်တွေ အစွမ်းကုန် ထွက်လာဖို့ ခွေးလိုက်ဆွဲတာ ခံဖူးမှလို့ နှစ်ပြားတန် အတွေး ခေါင်းထဲ ရောက် လာလို့။


 ဇင်ဝေသော်

အရှေ့တောင်အာရှက ကျူပီအာများ


အိပ်ရေးတစ်ညလုံးပျက်တာတောင် သတင်းစာလာတော့ မြန်မာ့သတင်းနဲ့ အားကစားစာမျက်နှာဆီ မျက်စေ့ရောက်သွားတယ်။ ကိုယ့်နိုင်ငံရဲ့ သတင်း ကလည်း အခုတလော " No news is good news " ဖြစ်နေတာကိုး။ စထရိတ်တိုင်းမ် သတင်းထောက်ကတော့ ဦးဝီရသူ လေသံပြောင်းသွားပြီ လို့ ခေါင်းစည်းတင် ရေးထားတယ်။ ဒါပေမဲ့ အခု ပြောချင်တာက အဲ့ဒီကိစ္စ မဟုတ်ပါဘူး။ တစ်နှစ်လုံး ဇယားအောက်ဆုံးမှာနေခဲ့တဲ့ ကျူပီအာက ဇယား မှာ တစ်ဆင့်တက်သွားတဲ့ ကိစ္စပါ။ အိပ်ချင်စိတ် နည်းနည်းပြေသွားတယ် ။ ခေတ် စကားနဲ့ ဘိုကြီးလဲပေါ့။ အဲ ရေးချင်တာက ဘောလုံးကိစ္စလည်း မဟုတ်ပြန်ဘူး။

ကျူပီအာ ဇယားမှာ တစ်ဆင့်တက်သွားပုံ။ နိုင်သွားလို့များလား အောက်မေ့ တယ်။ မဟုတ်ရှာဘူး။ ဒီအသင်းက ဒီတပတ်ပွဲစဉ် မကန်ရသေးတော့ အရှုံး မရှိ၊ အနိုင်မရှိ၊ သရေမရှိ။ ဒါပေမဲ့ တစ်ဆင့်တက်သွားတယ်။ သူတော်လို့ မ ဟုတ်ဘူး၊ သူ့အထက်က Reading ရှုံးသွားလို့။
ပြုံးမိတယ်။

စင်္ကာပူကနေထိုင်ပြီး ကိုယ့်နိုင်ငံအပေါ် ကျော်တက်သွားတယ်ဆိုတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကို ကြည့်မိတယ်။ စင်္ကာပူကလွဲရင် အားလုံး ကျူပီအာတွေချည်းပဲ။ ထိုင်း၊ အင်ဒို၊ မလေး၊ ဖိလစ်ပိုင် စတာတွေ ပေါ့။ ထိုင်းကိုကြည့်၊ ကမ္ဘာစစ်ဒဏ်မခံရ၊ ကိုလိုနီလုပ်မခံရနဲ့ လုံးခြာလိုက်နေလိုက် တာ တခါတခါ လေယာဉ်ပျံတောင် ဆင်းလို့မရဘူး။
အင်ဒိုလား။ ဆူဟာတိုရှိတုန်းက တစ်ယောက်ကို လာဘ်ထိုးလိုက်ရင် ပြီးပြီ၊ အခု ဘယ့်သူ့ကိုလာဘ်ထိုးရမှန်းမသိလို့ လူတကာကိုပေးနေရသတဲ့။ မလေးကြည့်အုံး။ တရုတ်၊ ကုလားစည်းပွားရေးဖယ်လိုက်ရင် စားအုန်းဆီ ခြံတွေနဲ့ လုံးခြာလိုက်နေတုန်း။ မြို့ကြီးသား ပီသဖိုဆိုတာ ခဏထားပါအုံး။

စင်္ကာပူကတော့ ကိုလိုနီစနစ်လက်ကျန် ပညာရေးစတာတွေရယ်၊ လီကွမ်းယု သံလက်သီးရယ်ကြောင့် လုံးဝ ပုံစံကျနေတယ်။ ရှေ့က ပြေးနေလိမ့်ဦးမယ်။
အဲဒါ ပြောတာ။ ကျန်တဲ့နိုင်ငံတွေက တော်လို့မဟုတ်ဘဲ ကိုယ်ကကို မစွံလွန်း မက မစွံလွန်းလို့ ကျန်ခဲ့ရတာ။ သူတို့ဆီတွေ ရောက်ခဲ့ဖူးတယ်၊
အထင်ကြီးလေးစားစရာ၊ အတုခိုးစရာရယ်လို့ကို ( ကိုယ် ညံ့လို့လည်း ဖြစ်မယ် ) မတွေ့ မိဘူး။
ဘာဖြစ်ဖြစ် နိုင်ငံအလိုက် ကြည့်ရင်တော့ စင်္ကာပူကလွဲရင် အားလုံး ကျူပီ အာတွေချည်းပဲ။ လိုက်လို့ ရကိုရတယ်။
အဲ..... အချင်းချင်း အိမ်မီးရှို့တမ်း ကစား မနေကြရဘူးဆိုရင်ပေါ့။



 ဇင်ဝေသော်

တနင်္ဂနွေ အပျင်းပြေ (10,000 Auto Parts )


ကလေးအဖေလောင်း သုံးယောက်ဟာ သားဖွားခန်းရှေ့မှာ စိတ်လှုပ်ရှားစွာ သတင်းထိုင်စောင့်နေကြတယ်။ ခဏနေတော့ နာ့စ်မလေးက ထွက်လာပြီး ပထမလူကို ဂုဏ်ပြုစကားပြောတယ်
" ဂုဏ်ယူပါတယ်ရှင်၊ ရှင်ဟာ ကလေးအမွှာပူးလေးရဲ့ ဖခင်ဖြစ်သွားပါပြီ " ဒီတော့ အဲဒီ ကလေးအဖေက
" တိုက်ဆိုင်လိုက်တာဗျာ၊ ကျနော် အလုပ်လုပ်နေတာကလည်း Twin Towers Bank မှာပါ၊ ကျေးဇူးပါဗျာ "

ခဏနေတော့ နာ့စ်မလေး ထွက်လာပြန်ပြီး ဒုတိယလူကို ဂုဏ်ပြု စကား ပြောပြန်တယ်
" ရှင့်အတွက် ဂုဏ်ယူပါတယ်ရှင်၊ ရှင်ဟာ ကလေး သုံးယောက်အမွှာရဲ့ ဖခင်ဖြစ်သွားပါပြီ"
" တိုက်ပဲ တိုက်ဆိုင်လွန်းလှတယ်၊ ကျနော် အလုပ်လုပ်နေတဲ့ ကုမ္ပဏီက အေသုံးလုံး ( AAA ) လေ "

သူတို့ပြောသံတွေကြားပြီး တတိယလူက မျက်နှာ မသာမယာနဲ့ အပြင် ထွက် သွားတယ်။ နာ့စ်မလေးက
" ရှင် ဘယ်ထွက်သွားမလို့လဲ၊ စောင့်ဦးလေ " ဆိုတော့ အဲဒီလူက
" ကျနော်အလုပ်လုပ်နေတဲ့ ကုမ္ပဏီက 10,000 Auto Parts တဲ့ဗျာ၊ ဒုက္ခပါပဲ " တဲ့။

(RD, Apr, 2005)

 ဇင်ဝေသော်

၅၃ နှစ်မြောက် နှစ်ပတ်လည် ( ကိုယ့်ရင်ဘတ်ကို ချိန်တဲ့ ဓား )


ကျောင်းတော်၏ သာသနာပြုခရီး ယနေ့ ၅၃ နှစ် ပြည့်ခဲ့ပြီ။ ကျွန်ုပ်ထက် ၁၀ နှစ်ခန့် ကြီး၏။
သမိုင်းရှည်လျားသည့် နိုင်ငံများအတွက် ၅၃ နှစ်သည် မဆိုစလောက် သမိုင်းဖြစ်သော်လည်း မနေ့တနေ့က စင်္ကာပူအတွက် နည်းနည်းနောနော မဟုတ်။

ဒုတိယ ရှေးအကျဆုံး ထေရဝါဒကျောင်းဟု သမိုင်းက ဆိုသည်။ သီရိလင်္ကာ ရဟန်းတော်တို့ ပြည်ပသာသနာပြုခရီး ခြေစောသည်။
ထိုထက် လေးစားစရာကောင်းသည်က ထိုစဉ် စင်္ကာပူသည် လွတ်လပ်ရေး ပင်မရသေး။ ဤကျောင်းမြေနေရာသည် ရေဗွက်ထူထူ လယ်ကွက်သာ ရှိသေး၏။

ယနေ့ခေတ် ပြည်ပသာသာနာပြုဟု ဆိုကြရာ၌ ချမ်းသာသောနိုင်ငံကြီးများ သို့သာ သာသနာပြုတို့ ( မိမိအပါအဝင် ) အာရုံကျတတ်ရာ လယ်တောထဲ လာနေသွားသော ပျံလွန်တော်မူခဲ့သည့် သီရိလင်္ကာ ဆရာတော်ကြီးအပေါ် ပို၍ အထင်ကြီးလေးစားမိ၏။ ကြည်ညိုမိ၏။

လယ်ကွက်ထဲမှာ သာသနာ စိုက်ခဲ့သည့် အရှင်။ ကျွန်ုပ်လက်ထက်မှာ ထို စိုက်ခင်းက ဂလိုဘယ်စီးတီး အမည်ပင် ခံယူစ ပြုနေလေပြီ။

" လွန်ခဲ့သည့် ၅၃ နှစ်က အခြေအနေမျိုးဆိုလျင် မင်း ဘယ်လောက် ကြာ ကြာနေမလဲ " ဟု ကိုယ်တိုင် မေးခွန်းထုတ်မိရာ ရှက်နိုးစွာဖြင့် ....
" ငါ အတတ်နိုင်ဆုံးတော့ ဤကျောင်းတိုးတက်ဖို့ လုပ်နေတာပဲ " ဟု ထမင်းရည်ပူ လျှာလွှဲ ဖြေလိုက်မိ၏။

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။



သီဟနာဒ 

ဆေးလိပ်တစ်ဖွာနှင့် ဂျူရောင်း အိုင်းလန့်ဒ်


စင်္ကာပူအစိုးရနှင့် ဆက်စပ်မှုရှိသည့် ကုမ္ပဏီတစ်ခုက ကခုလ ၂၆ ရက်နေ့က ပန္နက်ချ၊ ဂရောင်း ဘရိတ်ကင်းပွဲအတွက် ဖိတ်ကြားလာသည်။ ထိုပွဲအတွက် ခရစ္စယန်၊ အစ္စလမ်နှင့် ဗုဒ္ဓဘာသာ သုံးဘာသာစလုံးမှ ဘာသာရေးခေါင်းေ ဆာင်များကို ဖိတ်ကြားထားကြောင်း၊ မိမိတို့ ဘာသာတရားနှင့်အညီ ကုမ္ပ ဏီနှင့် အလုပ်သမားများ ဘေးရန်မရှိကြရန် ဆုတောင်းမေတ္တာပို့သပေးစေ လိုကြောင်း ဦးစွာ ကြိုတင်လျှောက်ထားသည်။ (ထို ဂျူရောင်း အိုင်းလန့်ဒ်၏ ပထမ ဥပဒေသည် ဘေးရန်မရှိရေး ( ဆေ့ဖ်တီး ) ဖြစ်၏။)
သို့ ဆိုသဖြင့် ထိုကုမ္ပဏီရှယ်ယာပိုရှင်င်များ၊ အလုပ်သမားများတွင်လည်း ဘာသာဝင်အမျိုးမျိးရှိနေကြောင်း ပြောစရာမလိုတော့။
ဤ၌ ပထမ ကောက်ချက်ကို ဆွဲလိုက်သည်။
အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ရေးအတွက် ဘာသာ၊ ယုံကြည်မှု တူနေ စရာ မလို။

ထိုကျွန်းငယ်လေးက စင်္ကာပူ၏ အနာဂတ်ဟုလည်းဆိုကြသည်၊ ဓာတ်ငွေ့ ၊ ရေနံ စသော ပေါက်ကွဲစေနိုင်သော ဓာတုပစ္စည်းများဖြင့် ပြည့်နှက်နေသည်။ မိမိသွားခဲ့သော နေရာက ရှဲလ် ဂျူရောင်း အိုင်းလန့်ဒ်ဟုခေါ်သည်။ ရှဲလ် ရေနံကုမ္ပဏီနှင့် ဆက်စပ်မှုရှိနိုင်သည်ဟုလည်း တွေးလို့ရသည်။
ထိုကျွန်းပေါ် မဝင်မီ ပထမဆုံး ချက်ပွိုင့်မှာ ပါလာသမျှ အိုင်ဒင်တတီ ကတ်ဒ် များ ချန်ထားခဲ့ရပြီး သူတို့ပေးလိုက်သော ကတ်ဒ်လေးကို ယူပြီး ခရီးဆက်ရ သည်။ နောက် တစ်နေရာ ရောက်သောအခါ ပါလာသော ထို ကတ်ဒ်လေးကို ချန်ထားခဲရပြန်ပြီး ဒုတိယချက်ပွိုင့်က ထပ်မံပေးလိုက်သော ကတ်ဒ်ကိုယူပြီး ခရီးဆက်ခဲ့ရပြန်သည်။
ထိုမှတဆင့် သွားရမည့်နေရာ မသွားမီ အန္တရာယ်ကင်းရှင်းစွာ နေတတ်ရေး အတွက် ၁၀ မိန်ခန့်ကြာ အင်္ဂလိပ်လို ဗွီဒီယိုလမ်းညွှန်ချက်ကို ကြည့်ရပြန် သည်။ မကြည့်မနေရ ( ကွန်ပတ်စရီ ) ဖြစ်သည်။ ကတ်ဒ်သုံးကတ်ဒ်ပြောင်း၊ လက်မှတ်သုံးကြိမ်ထိုးပြီးမှ လိုရာခရီး ရောက်တော့သည်။ ရောက်ပြီ ဆို
သည်နှင့် သူတို့ ဘာကြောင့် ဒီလောက် တင်းကြပ်ပါလိမ့်ဆိုသော အဖြေ ကိုလည်း ရလိုက်သည်။ မီးခြစ်ဆံ တစ်ဆံကြောင့် ဤ ဂျူရောင်းကျွန်းငယ် တစ်ကျွန်းလုံး ငါးမိန်အတွင်း ပျောက်သွားနိုင်သည်။

၁၀ နာရီမှာ အခန်းအနားစမည်ဖြစ်သည်။ မိမိရောက်ပြီး သိပ်မကြာမီ ခရစ္စယန်၊ အစ္စလမ်ဘုန်းတော်ကြီးများလည်း ရောက်လာကြသည်။ ထိုစဉ် ကျွန်ုနှင့် ပထမဆုံး မျက်လုံးချင်းဆုံမိသည်က အစ္စလမ် ဘုန်းတော်ကြီးဖြစ် သည်၊ သီဟနာဒ ဆိုသော ဗုဒ္ဓဘာသာရဟန်းသည် မြန်မာ ရဟန်းတစ် ပါးဖြစ်သည်ဆိုတာကိုလည်း သင်္ကန်းအရောင်ဖြင့်ပင် သိသာနိုင်၏။
မှန် မမှန်တော့ မသေချာပါ။ မိမိ၏ ထိုအစ္စလမ်ဘုန်းတော်ကြီးကို ကြည့်သော အကြည့်တွင် အားနာမှုတချို့ ပါနေမည်ထင်၏။

ထိုစဉ် ခရစ္စယန် ဘုန်းတော်ကြီးက မိမိတို့ကို ပွဲကြည့်ပရိသတ်က ပွဲကိုစောင့် ကြည့်သလို ကြည့်နေသည်ဟုလည်း ခံစားလိုက်ရ၏။ ခံစားမှုဟူသည် အ ချက်အလက်( Fact ) မဟုတ် ခံစားမှု ( Feeling ) သက်သက်သာ ဖြစ် သည်။ အရွယ်ကိုကြည်ရာမှာလည်း သူတို့က ပိုကြီးမည်ဟုထင်သည်၊ ထို့ကြောင့် ထိုင်ရာမှထကာ အရိုအသေပေးဖို့ အသွားတွင် အစ္စလမ် ဘုန်းတော်ကြီးကပင် သူ့လက်ကို ဦးစွာကမ်းပေးသည်၊ ကိုယ်တိုင်ကလည်း မိမိတို့ ယဉ်ကျေးမှု လက်အုပ်ချီခြင်းကို ဖျက်ကာ သူ့လက်ကို တင်းတင်းပြန် ဆုတ် လက်ဆွဲနှူတ်ဆက်လိုက်သည်။ ထိုအတွက်ကြောင့် ကျွန်ုပ်၏ ရဟန်းသိက္ခာ တစ်ပြားသားမှလျော့မသွားဟုထင်သည်၊ သူ့လက်မှ နားလည်မှု၊ နွေးထွေးမှုတို့ပင် ရလိုက်သည်ဟု ခံစားလိုက်ရမိသည်။
ပြီးမှ ခရစ္စယန် ဘုန်းတော်ကြီးကို လက်ဆွဲနှုတ်ဆက်လိုက်မိ၏။ ကျွန်ုပ် တို့ သုံးယောက်စလုံးအတွက် ယုံကြည်မှု မတူသည့်ကြားက တူနေသည့်အချက် တစ်ချက်ရှိသည်။ ထိုအချက်က ကုမ္ပဏီနှင့် အလုပ်သမားများ ဘေးရန် မရှိ ကြရေး မေတ္တာတရားပင်ဖြစ်သည်။
ဤ၌ ဒုတိယကောက်ချက်ကို ဆွဲလိုက်သည်။
သတ္တဝါတွေအပေါ် မေတ္တာထားဖို့ ဘာသာယုံကြည်မှု တူစရာမလို။

ဆွဲမိသော တတိယကောက်ချက်က ဂျူရောင်း အိုင်းလန့်ဒ်ပင်ဖြစ်သည်။ စည်း ကမ်းမဲ့သော လူတစ်ယောက်ကြောင့် ၅ မိနစ်အတွင်း ထိုကျွန်းငယ် ပျောက် သွားနိုင်သည်။ ဆေးလိပ်းလေး တစ်ဖွာ ဖွာမိတာများ ရေးကြီးခွင်ကျယ် လုပ် လို့ကွာ ဆိုသည့် ဖြစ်ကတတ်ဆန်းဆင်ခြေသည် ထိုကျွန်း၏ ကျိန်စာ သာ ဖြစ်တော့သည်။
ထိုမှတဆင့် အငြိမ်မနေတတ်သောစိတ်က ငါတို့ ဒီမိုကရေစီကလည်း ဒီ ဂျူရောင်း အိုင်းလန့် လေးလိုပါပဲလားဟု တွေးမိလေသောအခါ..... ။
......အခါ။
.......အခါ။
.........အခါ။


မေတ္တာဖြင့်


သီဟနာဒ