၂၀၁၅


သစ္စာနှစ်ရောင် နှင်းဆီတစ်ပွင့်
နင့်ရင်မှာ ပွင့်စေ။

လူအမျိုးမျိုး
နတ်အမျိုးမျိုး
အလိုအမျိုးမျိုး
စကားအမျိုးမျိုး
ဓမ္မကထိကအမျိုးမျိုး
ဘုရားရိုခိုးအမျိုးမျိုး။

လူသစ်
စိတ်သစ်
အစိုးရသစ်
အနာဂတ်အသစ်
ဘုရားရှိခိုးအဟောင်း
ငါးပါးသီလအဟောင်း
မဂ္ဂင် ရှစ်ပါး အဟောင်း
ဝိစကီမကြိုက်တဲ့ပင်လယ်
ငါးပါးသီလ လုံတဲ့ ရေ၊မြေ၊လေ၊မီး
ဓာတ်ကြီးလေးပါး ဗြဟ္မစိုရ်လေးပါး ပွားစေ။

စီးပွားရေး ပိုလီယို မာရသွန်ပြိုင်စေ
(နှစ်ယူသိ၍)
တစ်ယူသန်တို့မိုးတိမ်ကင်းစင်စေ
အမြဲစိမ်းသစ်တောတို့ ကျန်းမာစေ
အမြဲစိမ်းလူတို့ နေရာမှန်ပြန်ရောက်စေ
အမြဲဝါလယ်ခင်းတို့ ကမ္ဘာ့ (နာမ်) ရိက္ခာဖြစ်စေ။

အင်ကျင်းပန်းတို့ ခါချဉ်ကင်းစေ
အနာဂတ်အသစ်
မျှော်လင့်ချက်သစ်
အစိုးရအသစ်
ချစ်သူအဟောင်း
ဇနီးမောင်နှံအဟောင်း
သား၊ သမီးအဟောင်း
ဟောင်းတိုင်း မဟောင်း
သစ်တိုင်းလည်း မသစ်
ဘယ်လောက်သစ်သစ် ဒီမျက်နှာက အဟောင်း
ဘယ်လောက်ဟောင်းဟောင်း ဒီအိပ်မက်က အသစ်။

မုန့်လုံးတို့ ရေပေါ်
လူပေါ်တို့ဘီယာဆိုင်အချိန်ဖြုန်း
ကင်းစေ၊ဝေးစေ။

ကလေးတို့ သင်တဲ့ပညာ ဂလိုဘယ်ဆန်စေ
လူကြီးတို့ရှာတဲ့ငွေ ဂလိုဘယ်ဆန်စေ
ချို့တဲ့သော ပညာရှင်များ ဗိုက်ဝစေ
ဗိုက်ရွှဲသူတို့ ပညာမချို့ပါစေနဲ့။

ဆံပင်က နီကြောင်ငြား
စိတ်မကြောင်စေ
စကတ်အလယ်က ကွဲသော်ငြား
ကိုယ်ကျင့်များလုံကြစေ။
ဂျင်းဘောင်းဘီယဉ်ကျေးမှု
ယာတောထဲ ဟစ် ဟော့တ်ဖြစ်စေ။

ခေတ်ရေစီး ဆည်တည်ဆောက်မရ
ကမ္ဘာခေါင်းဆောင်များ ဆုံးဖြတ်ချက်မှန်ပါစေ
နိုင်ငံ ခေါင်းဆောင်များ ဆုံးဖြတ်ချက်မှန်ပါစေ
(ပိတ်ထားတဲ့)
ထောင်တံခါးများပွင့်စေ
(ပိတ်ထားတဲ့)
စီးပွားရေးတံခါးများပွင့်စေ
မျက်နှာကြောထက် လက်ကြောများတင်းစေ။

တစ်နှစ်မှာ ၁၂ လ
ပဋိစ္စသမုပ္ပါဒ်မှာလည်း ၁၂ ကန့်
အဝိဇ္ဇာ လှည့်တဲ့စက်ရပ်စေ
ပညာလှည့်တဲ့စက်လည်စေ။

မနက်ဖြန်မနက်ဆို


ဘာပဲပြောပြော မြန်မာပြည်လည်း မနက်ဖြန်မနက်ဆို စင်္ကာပူကို မီတော့မှာပါလား
(သမ္မတကြီးအဆိုအရ)

မိတ်ဆွေကောင်းတစ်ယောက်


မိတ်ဆွေကောင်းတစ်ယောက် ဖဘပေါ်က ရပါတယ်။ ဒါမျိုးမိတ်ဆွေ
"နောက်ဆုံးတော့ မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ ကိုယ်က ဘယ်လောက်ပဲ ပြောင်စပ်စပ်လုပ်နေနေ လက်တွဲဖြုတ်မသွားသူကို ခေါ်တာပါ"
ရဲမြင့်တဲ့၊ မယုံရင် သူ့ဝေါပေါ်သွားကြည့်ပါ၊ ဒါမျိုးတွေ အများကြီးပဲ။

"လစာကောင်းကောင်း" "စေတနာ"


သန့်မြင့်ဦးစာအုပ်ကို ဘာသာပြန်တဲ့ မြနှင်းဆီလိုပဲ "ဒေါ်မြရီဆိုသည့် မိန်းကလေး သည်" တဲ့။ (မိန်းကလေးလို့ သုံးချင်ရင် "ဒေါ်" လေးဖြုတ်လိုက်ပါအုံး ဆရာမရယ်)
အခု အဲသထက်ဆိုးသွားပြီ၊ "လစာကောင်းကောင်း" "စေတနာ" တဲ့။ "လစာကောင်းကောင်း" လိုချင်ရင်လည်း "စေတနာ" မသုံးဘဲ " "လစာနဲ့တန်အောင်" လို့ လုပ်ပါ ဥက္ကဋ္ဌကြီးရယ်။

ပေါက်တတ်ကရ အင်တာဗျူး (၇)


မေး။ ။ ဘုန်းဘုန်းဘုရား၊ ဖေ့စ်ဘုတ်သုံးစွဲခြင်းဟာ စာပေနဲ့ ကိုက်ညီပါသလား
ဖြေ။ ။ ကိုက်ညီပါတယ်ကွယ်။ ပါဠိစာပေမှာ "အဒိဋ္ဌပုဗ္ဗသဟာယက" ဆိုတာ ရှိပါတယ်၊ အဓိပ္ပါယ်က လူချင်းမတွေ့ဘူးပဲ မိတ်ဆွေတွေဖြစ်နေကြတယ်ဆိုတာပါ။ ဖေ့စ်ဘုတ်ဖရင့်ဆိုတာ တချို့က အဒိဋ္ဌပုဗ္ဗသဟာယက တွေပါ။

မေး။ ။ နောက်ပြီး ဖေ့စ်ဘုတ်ပေါ်မှာ ပို့စ်အဟောင်းတွေ ထပ်ထပ်တင်တာဟာ စာပေကျမ်းဂန်နဲ့ ညီညွတ်ပါသလားဘုရား။
ဖြေ။ ။ ညီညွတ်ပါတယ်ကွယ်။
မေး။ ။ အထောက်အထား ရက်ဖရင့်လေး လုပ်ပါအုံးဘုရား။
ဖြေ။ ။ အများကြီးပါကွယ်။ ဆရာတော်တွေ ကထိန်တရားဟောရင် ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ်ကနေ ရှောင်ဟောလို့ မရပါဘူး။ အဲဒီ ပို့စ်ဆိုရင် အကြိမ်ရေ ၂၅၀၀ ကျော် ထပ်တင်ပြီးသားပါ။ နောက်လည်း တင်နေကြရဦးမှာပဲကွယ့်။