ရှင်းသန့်စိမ်းလဲ့ကျွန်း (၉း ၅)

ငါ သုံးစွဲလို့ သက်သောင့်သက်သာ ရှိသေးတဲ့ ပစ္စည်းတွေကို ဘာဖြစ်လို့ လွှင့်ပစ်ရမှာတုန်း။ သူများ အထင်ကြီး၊ မကြီးကို ငါက စိတ်ဝင်စားတာ မဟုတ်ဘူး။

ငါ့ကို ရာဇဝတ်မှုဥပဒေ သင်ပေးခဲ့တဲ့ စူပါဗိုက်စာ တစ်ယောက် ရှိတယ်။ သူက လက်ချာလည်း ဝင်ပေးခဲ့ဖူးတယ်။ ဒါပေမဲ့ အသက်ထောက်လာတော့ စူပါဗိုက်လုပ်တာလောက်ပဲ ရှိတော့တယ်။ သူ့အိမ်မှာ ပထမကမ္ဘာစစ် လက်ကျန် မီးဖိုရှိတယ်။ သူ့အင်္ကျီတံတောင်ဆစ်နေရာက စုတ်နေပြီး သူ့ဘောင်းဘီ ဒူးဆစ်မှာလည်း စုတ်ပြဲနေတာပဲ။ ငါတို့ထဲက ရဲတဲ့ကျောင်းသားက ဆရာ့မှာ အဝတ်အစား ချို့တဲ့လို့လားလို့ မေးတယ်။ သူက ပြုံးပြုံးနဲ့ပဲ ပြန်ဖြေတယ်။ ရီတောင် ရီလိုက်သေး။ ကောလိပ်ကျောင်းက ဂိတ်စောင့်ဆိုရင်တော့ လူလေးစားဖို့ သပ်သပ်ရပ်ရပ်ဝတ်ဖို့ လိုတာပေါ့။ ငါက လူ အထင်ကြီးအောင် အဲ့သလို ဝတ်ပြစရာ မလိုပါဘူးတဲ့။

ဒါနဲ့ ငါက “ဒါက တန်ပြန်လူတန်းစား ခွဲခြားမှုပဲ” လို့ ပြန်ပြောမိတယ်။ ဒါပေမဲ့ သူပြောတာက အဓိပ္ပါယ် ရှိတယ်ကွ။ နောက်ဆုံးပေါ် ဖက်ရှင်တွေနောက် လိုက်ပြီး အဝတ်အစားတွေ ပေါ်တိုင်း ဝယ်ဝတ်၊ ကားတွေ တစ်စီးပြီးတစ်စီး ပြောင်းစီးနဲ့ လူအထင်ကြီးအောင် ဘာလို့များ လုပ်နေရမှာလဲကွာ။ အကြောင်းရှာလို့ကို မရဘူး။

မေး ။   ။ အင်ဒိုနီးရှားက တောမီးရှို့တာတွေကနေ စပြီး ဒီပတ်ဝန်းကျင်များ မကြည်မလင် ဖြစ်ရတာ၊ မြူငွေ့တွေ အုံ့ဆိုင်းနေတာတွေ မကြာမကြာ ရင်ဆိုင်နေရတယ်။ ဒီပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့် နည်းလမ်း မရှိဘူးလား။
ဖြေ ။    ။ ဂျကာတာမြို့ကိုယ်တိုင် မြူမှုန်တွေနဲ့ အုံ့ဆိုင်းပြီး ဂျကာတာလေယာဉ်ကွင်း ပိတ်လိုက်ရပြီ ဆိုတော့မှ သူတို့ တစ်ခုခု လုပ်လာကြမှာပါ။ Gambi တို့၊ Riau ကျွန်းဆွယ်တွေတို့၊ Balikpapan တို့မှာ မီးခိုးမွှန်နေရုံတော့ ဂရုကို မစိုက်ဘူး။ နှာခေါင်းပိတ်ပြီး ဒီအတိုင်းပဲ ဆက်သွားနေကြမှာ။

မေး ။   ။ ဒီပြဿနာနဲ့ ပတ်သက်လို့ တိုးတက်လာမှု နှေးကွေးနေတာအပေါ်မှာ စိတ်မပျက်မိဘူးလား။
ဖြေ ။    ။ မပျက်ပါဘူး။ လက်တွေ့ကျကျပဲ စဉ်းစားပြီး နေလိုက်တယ်။ သူတို့လယ်တွေ၊ တောင်ယာ စိုက်ခိုင်းတာတွေအတွက် သစ်ပင်တွေခုတ်၊ မီးမရှို့ပဲ လုပ်လို့မှ မရကြတာပဲ။

မေး ။   ။ မစ္စတာလီရဲ့ ကိုယ်ပိုင်လိုက်(ဖ်)စတိုင်က ဘယ်လိုလဲ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ ဘယ်လောက် စိတ်ဝင်စားမှု ရှိပါသလဲ။ ကိုယ့်အတွက် ကာဘွန်လျှော့ချဖို့ ကြိုးစားနေပါသလား။ အိပ်တဲ့အခါမှာရော အဲယားကွန်း ဖွင့်ပါသလား။
ဖြေ ။    ။ လုပ်ပါတယ်။ ဒါပေမယ့် ဘယ်လောက် လုပ်လို့ ရမှာလဲ။ အဲယားကွန်း မပါရင် ကောင်းကောင်း အိပ်လို့ ဘယ်ရတော့မလဲ။

မေး ။   ။ ရီဆိုက်ကယ် (Recycle) စနစ်ကိုရော သုံးသလား။
ဖြေ ။    ။ ငါတို့ဆီမှာ အမှိုက်သုံးမျိုး ထည့်ဖို့ အမှိုက်ပုံး သုံးပုံးလိုတယ်ဆိုတာ မသိသေး၊ မရှိသေးဘူး။ (အခုတော့ ရှိနေပါပြီ - စာပြန်သူ)။ ဒါတွေ လုပ်လို့ရတယ်ဆိုတာ တို့လူတွေကို ပညာပေးကြရမယ်။ ပုလင်းခွန်တွေရယ်၊ သံဗူးတွေရယ်၊ စားကြွင်းစားကျန်တွေရယ်ကို သီးသန့်အမှိုက်ပုံးတွေထဲမှာ ထည့်ကြရမယ်။ နောက်တော့ ဖြစ်လာမှာပါ။

မေး ။   ။ နောက်ထပ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိစိတ်က ကိုယ့်အတွက် အလွန်အကျွံ မသုံးစွဲခြင်းလည်း ပါဝင်ပါတယ်။ မစ္စတာလီက အလွန်အကျွံ သုံးစွဲသူတော့ မဟုတ်ပါဘူး။
ဖြေ ။    ။ မှန်တယ်။ ငါက စားတာ နည်းတယ်။ ခရီးထွက်တာ နည်းတယ်။ ငါ့အတွက် ကားတောင်မှ ဝယ်သင့်၊ မဝယ်သင့် စဉ်းစားမိသေးတယ်။ အပြင်သွားတိုင်း မာစီးဒီးတက္ကစီကားကို ခေါ်ပြီး သွားတာတောင်မှ ကားတစ်စီး မောင်းသွားတာထက် အကုန်အကျ အများကြီး သက်သာတယ်။ အိပ်ရာထ နောက်မကျဘူးဆိုရင် အိမ်ကနေ ရုံးကို လမ်းလျောက်၊ တစ်ကီလိုမီတာ ဝေးတယ်။ ရုံးကနေ အိမ်ပြန် လမ်းလျှောက်ပဲ။ ငါ့ကားဝယ်ထားတာ ငါးနှစ်ရှိပြီ။ အခု ကားနဲ့ ခရီးသွားထားတဲ့ ခရီးအကွာအဝေးက ကီလိုမီတာ နှစ်သောင်းပဲ ရှိသေးတယ်။

မေး ။ ဓာတ်ပုံထဲမှာ အဝတ်တန်းမှာ လှန်းထားတဲ့ မစ္စတာလီရဲ့ ရှပ်အင်္ကျီကို တွေ့ရတယ်။ နှစ်ပေါင်း အတော်ကြာပြီလို့ ထင်တယ်။ ပစ္စည်းဟောင်းတွေကို လွှင့်မပစ်ဘူးလား။
ဖြေ ။    ။ ငါ သုံးစွဲလို့ သက်သောင့်သက်သာ ရှိသေးတဲ့ ပစ္စည်းတွေကို ဘာဖြစ်လို့ လွှင့်ပစ်ရမှာတုန်း။ သူများ အထင်ကြီး၊ မကြီးကို ငါက စိတ်ဝင်စားတာ မဟုတ်ဘူး။

ငါ့ကို ရာဇဝတ်မှုဥပဒေ သင်ပေးခဲ့တဲ့ စူပါဗိုက်စာ တစ်ယောက် ရှိတယ်။ သူက လက်ချာလည်း ဝင်ပေးခဲ့ဖူးတယ်။ ဒါပေမဲ့ အသက်ထောက်လာတော့ စူပါဗိုက်လုပ်တာလောက်ပဲ ရှိတော့တယ်။ သူ့အိမ်မှာ ပထမကမ္ဘာစစ် လက်ကျန် မီးဖိုရှိတယ်။ သူ့အင်္ကျီတံတောင်ဆစ်နေရာက စုတ်နေပြီး သူ့ဘောင်းဘီ ဒူးဆစ်မှာလည်း စုတ်ပြဲနေတာပဲ။ ငါတို့ထဲက ရဲတဲ့ကျောင်းသားက ဆရာ့မှာ အဝတ်အစား ချို့တဲ့လို့လားလို့ မေးတယ်။ သူက ပြုံးပြုံးနဲ့ပဲ ပြန်ဖြေတယ်။ ရီတောင် ရီလိုက်သေး။ ကောလိပ်ကျောင်းက ဂိတ်စောင့်ဆိုရင်တော့ လူလေးစားဖို့ သပ်သပ်ရပ်ရပ်ဝတ်ဖို့ လိုတာပေါ့။ ငါက လူ အထင်ကြီးအောင် အဲ့သလို ဝတ်ပြစရာ မလိုပါဘူးတဲ့။

ဒါနဲ့ ငါက “ဒါက တန်ပြန်လူတန်းစား ခွဲခြားမှုပဲ” လို့ ပြန်ပြောမိတယ်။ ဒါပေမဲ့ သူပြောတာက အဓိပ္ပါယ် ရှိတယ်ကွ။ နောက်ဆုံးပေါ် ဖက်ရှင်တွေနောက် လိုက်ပြီး အဝတ်အစားတွေ ပေါ်တိုင်း ဝယ်ဝတ်၊ ကားတွေ တစ်စီးပြီးတစ်စီး ပြောင်းစီးနဲ့ လူအထင်ကြီးအောင် ဘာလို့များ လုပ်နေရမှာလဲကွာ။ အကြောင်းရှာလို့ကို မရဘူး။

ပြဿနာက ငါ့အဝတ်ဗီရိုက အခု အဝတ်တွေနဲ့ ပြည့်နေပြီ။ ငါ့မှာ ရှပ်အင်္ကျီတွေ အများကြီးပဲ။ တစ်ခါတစ်ခါမှ ဝတ်တော့ အားလုံးက အသစ်အတိုင်းပဲ ရှိသေးတယ်။ ရုံးမှာ အခမ်းအနားရှိတာ၊ နိုင်ငံခြားကို သွားတာ မဟုတ်ရင် ဝတ်စုံပြည့် ဝတ်ခဲတယ်။ တကယ်တော့ အသက်အရွယ် ရလာလေလေ၊ ဝတ်စုံတွေ လဲနေရ၊ နက်တိုင်တွေ စည်းနေရတဲ့အချိန်တွေကို နှမြောလေလေပဲကွ။ ဘောင်ဘီးနဲ့ တရုတ်အင်္ကျီနဲ့ဆိုရင် အဆင်ပြေနေပါပြီ။ ငါက ဒါမျိုးတွေကိုပဲ နှစ်ပေါင်းများစွာ ဝတ်လာခဲ့တော့ ဒါလေးတွေနဲ့ပဲ သက်သောင့်သက်သာ ရှိတယ်။

မေး ။   ။ ဒါက ကိုယ်ကျင့်တရားနဲ့ ဆိုင်တယ် မဟုတ်လား။
ဖြေ ။    ။ မဆိုင်ပါဘူး။ မင်းဆန္ဒရှိရင်တော့ ခြိုးခြံချွေတာ တတ်တယ်လို့ ပြောပေါ့။ တခြားတစ်ယောက်ကတော့ ဒီလူကြီး ကြည့်လိုက်ရင် အမြဲတမ်း စုတ်တီးစုတ်ပြတ်နဲ့လို့ ပြောမှာပဲ။ ဒီပြင် ဝန်ကြီးချုပ်တွေကိုများ ကြည့်။ သူတို့ကို တီဗွီမှာ တွေ့လိုက်ရင် ဝတ်စုံအသစ်၊ နက်တိုင်အသစ်တွေနဲ့ စမက်ကို ကျနေတာပဲ။ ငါဆိုလိုတာက … ကြည့်လိုက်စမ်းကွာ၊ ငါတို့ဝန်ကြီးချုပ်ကို၊ နှစ်တိုင်း အမျိုးသားနေ့ အခမ်းအနားတိုင်းမှာ ဝတ်စုံအသစ်တစ်စုံ လဲတယ်ဆိုတာမျိုးကွာ။ ငါက အဲသလိုနေဖို့ ဆန္ဒ မရှိဘူး။

မေး ။   ။ ကျွန်တော့်ကို မေးခွင့်ပြုပါ။ အခု မစ္စတာလီ ဝတ်ထားတဲ့ ဂျက်ကက်က သက်တမ်း ဘယ်လောက် ရှိပြီလဲ။
ဖြေ ။    ။ ဒီဂျက်ကက်လား။ တော်တော် သက်သောင့်သက်သာ ရှိတဲ့ ဂျက်ကက်ကွ။ ဒီဂျက်ကက်ကို ချုပ်ပေးတဲ့ စက်ချုပ်ဆရာတောင် မရှိရှာတော့ဘူး။

မေး ။   ။ ဘယ်နှစ်နှစ်လောက် ရှိပြီလဲ။
ဖြေ ။    ။ သေသေချာချာ မမှတ်မိဘူး။ အနှစ် နှစ်ဆယ်နဲ့ ဆယ့်ငါးနှစ်ကြားမှာ ဖြစ်မယ်။ တော်တော် သက်သောင့်သက်သာ ရှိတယ်ကွ။

မေး ။   ။ မစ္စတာလီရဲ့ အိမ်ကလည်း ဒီအတိုင်းပဲလို့ သိရတယ်။ ကျွန်တော်ပြောချင်တာက ကျွန်တော်တော့ မစ္စတာလီရဲ့အိမ်ကို မရောက်ဖူးပါဘူး။ ရောက်ဖူးသူတွေ ပြောစကားအရကတော့ အိမ်ကို ပြင်ဆင်မွမ်းမံတာတွေ ဘာမှ မရှိဘူးတဲ့။
ဖြေ ။    ။ ကက်ဘိနိတ်အဖွဲ့ကို မှာထားတယ်။ ငါသေရင် ဒီအိမ်ကို ဖျက်လိုက်တော့လို့။

မေး ။   ။ ဘာ့ကြောင့်ပါလဲ ခင်ဗျာ။

ဖြေ ။    ။ အိမ်တွေ တော်တော်များများ ငါ တွေ့ဖူးတယ်။ နေရူးရဲ့အိမ်၊ ရှိတ်စပီးယား နေခဲ့တဲ့အိမ်။ ခဏကြာတော့ အိမ်တွေလည်း ပျက်စီးယိုယွင်းပြီး လူတွေ ဝင်ကြထွက်ကြပဲ။ ဒီမှာ ငါ့အိမ် ရှိနေတော့ ကျန်တဲ့အိမ်တွေက အမြင့်ကြီး ဆောက်လို့ မရကြဘူး။ ငါနေတဲ့အိမ်ကို ဖျက်လိုက်ပြီဆိုရင် အစီအစဉ်တွေ အားလုံး ပြောင်းသွားမှာ။ တိုက်မြင့်မြင့်တွေဆောက်၊ မြေဈေးတွေလည်း အများကြီး တက်သွားမှာ။

မေး ။   ။ ဒါပေမဲ့ ဒီအိမ်က စင်္ကာပူရဲ့ သမိုင်းအစိတ်အပိုင်းပဲ။
ဖြေ ။    ။ မဟုတ်ပါဘူးကွာ။ ဒီအိမ်ကို ထိန်းသိမ်းထားရမယ့် စရိတ်က နည်းမှာ မဟုတ်ဘူး။ ဒီအိမ်ရဲ့ သက်တမ်းက နှစ်ပေါင်း တစ်ရာကျော်ပြီ။ ဖောင်ဒေးရှင်းလည်း မရှိဘူး။ ဖောင်ဒေးရှင်း မရှိတော့ နံရံတွေကလည်း ရေညှိတွေနဲ့။ တံတိုင်းတွေကလည်း အက်ကွဲနေပြီ။ တိုင်တွေက မာနေလို့ တော်သေးတာ။

မေး ။ မစ္စတာလီရဲ့ အမှာအရ အဲ့ဒီအိမ်ကို ထိန်းသိမ်းပြီး မထားကြတော့ဘူး။ တကယ်ဆို ဒီအိမ်က အမျိုးသားပြတိုက် တစ်ခုလို ဖြစ်နေတာ။ ဆောက်လုပ်ရေးပညာအရတော့ ဘာမှ ထူးထူးခြားခြား မရှိလှဘူးဆိုတာ မှန်တာပေါ့။ ဒါပေမဲ့ ဒီအိမ်ကိုသာ ဖြိုချလိုက်ရင် တော်တော်များများကတော့ ဆုံးရှုံးမှုကြီးတစ်ရပ်လို့ ဝမ်းနည်းမဆုံး ရှိနေကြလိမ့်မယ်။
ဖြေ ။    ။ မထင်ပါဘူးကွာ။ ငါ့သမီး၊ ငါ့ဇနီး၊ ငါကိုယ်တိုင် ဒီအိမ်မှာ နေခဲ့တဲ့ လူတွေကတော့ ဒီလို ခံစားမှုမျိုး မရှိနိုင်ပါဘူး။ ဒီအိမ်မှာ ကြီးခဲ့တဲ့ ငါ့သားနှစ်ယောက်လည်း ဒီလို မခံစားရပါဘူး။ သတိရရင် ကြည့်ဖို့ ဓာတ်ပုံအဟောင်းတွေထဲမှာ ရှိသားပဲ။


 ဇင်ဝေသော်