ဣဒ္ဓိဝိဒအဘိဉာဉ် နှင့် မျက်ခွက်ဘွတ်အုပ်

ကွန်ပျူတာသည် တန်ခိုးကြီး၏။ အဘယ်ကြောင့်နည်း။ ထိုကွန်ပျူတာကို ဘာသာပြန်ဆိုရန် ဘာသာစကား မရှိသေးသောကြောင့်ဖြစ်၏။ ကွန်ပျူတာသည် တရုတ်လိုလည်း ကွန်ပျူတာ၊ ကုလားလိုလည်း ကွန်ပျူတာ၊ ဂျပန်လိုလည်း ကွန်ပျူတာ၊ ဂျာမန်လိုလည်း ကွန်ပျူတာပင်ဖြစ်သည်။ သိရသလောက် မည်သည့်ဘာသာစကားကမျှ ကိုယ်ပိုင်အမည်ဖြင့်ခေါ်ရန် မရဲသေး။ မြန်မာလိုကား စာပင်မဖွဲ့လောက်။

လောကကြီးထဲ၌ မထင်မရှားဝင်လာပြီး လူသားကိုထိန်းချုပ်သွားသောအရာ သုံးခုရှိသည်။
  • ၁။ ထာဝရ ဘုရားရှင်
  • ၂။ ငွေကြေးစီးဆင်းမှု နှင့်
  • ၃။ ကွန်ပျူတာတို့ ဖြစ်၏။
ဘာသာရေးအငြင်းပွါးဖွယ်ဖြစ်သဖြင့် ထာဝရဘုရားရှင်ကိုတော့ လက်ရှောင်ခဲ့ချင်၏။

ငွေကြေးကိစ္စကို အနည်းငယ်ပြောချင်သည်။ ငွေကြေးကို ဖန်ဆင်းသူမှာ လူသားဖြစ်၏။ အဘယ်ကြောင့် ဖန်ဆင်းခဲ့ရသနည်းဟူမူ ပစ္စည်းချင်းလဲလှယ်ရာတွင် လွယ်ကူချောမွေ့စေလိုသော ကြောင့်ဖြစ်၏။ ပဲနှင့် ဆန်လဲလှယ်လို သူတို့အတွက် ပဲအိတ်၊ ဆန်အိတ်ထမ်း၍ သွားနေစရာမလို၊ ငွေကြေးဟူသော ကြားခံပစ္စည်းကို ယူသွားရန်သာလိုတော့သည်။ ဤကိစ္စသည် လူတိုင်းသိ၏။ လူတိုင်းသိသောကိစ္စကို မပြောလို။

ပြောလိုသည်က လူသားတို့ဘ၀ လွယ်ကူချောမွေ့စေရန် လူသားကဖန်ဆင်းခဲ့သော ထိုငွေကြေးစနစ် သည် အောက်အော့(ဖ်) ကွန်ထရိုးဖြစ်ကာ ထိုငွေကြေးကပင် လူသားကို ကျကျနနကြီး မောင်းနှင်နေတော့သည်။ ငွေကြေးစနစ်၏ မူလတန်ဖိုးဖြစ်သည့် “ လူသားကိုလွယ်ကူချမ်းသာစေရန်” သည် ပျောက်ဆုံးခဲ့ပြီ ဖြစ်၏။ ၀မ်းနည်းဖွယ်ကောင်း၏။ လူသားသည် ငွေကြေးကို မထိန်းချုပ်နိုင်တော့၊ ထိုငွေကြေးက လူသားကို ပြန်ထိန်းချုပ်နေတော့၏။

ကွန်ပျူတာခေါ်သည့် အပျော့အမာကြိယာများ (ရုပ်၊နာမ် ဟု ခေါ်လိုကခေါ်နိုင်၏၊ မခေါ်လိုက မခေါ်နိုင်။) အစုအဝေး(ခန္ဓာ) သည်လည်း လူသားကိုကူညီရန် လူသားက သူ့ကိုဖန်ဆင်းလိုက်၏။ လွန်စွာအသုံးကျ၏။ လူသား၏ လုပ်ငန်းဆောင်တာများ၊ သင်္ချာကိန်းဂဏာန်းများစသဖြင့်တို့ကို လျင်မြန်စွာ ဆောင်ရွက်ပေး၏။ ထိုမျှမက လူသားကို အင်တာတိန်းလည်းလုပ်၏။

ယနေ့ ၂၁ ရာစုဦး၌ ထိုအဓိပ္ပါယ် အနည်းငယ်လွဲချော်စ ပြုလာပြီဖြစ်သည်။ ကွန်ပျူတာက လူသားကို အင်တာတိန်း လုပ်တာထက် လူသားက ကွန်ပျူတာကိုပြန်၍ အင်တာတိန်းလုပ်နေရသည်က ပိုများသလိုလို ဖြစ်လာ၏။ လက်ခံလိုက လက်ခံ၊ လက်မခံလိုက လက်မခံ၊ like လိုက like ၍ dislike လိုက dislike နိုင်၏။ ပြဿနာ တစ်စုံတစ်ရာမရှိ။

ယနေ့ ချက်(စ်) ချန်ပီယံသည် ဒီပါဗလူးခေါ်သည့် ကွန်ပျူတာဖြစ်၏။ ကာပေါ့ မဟုတ်။ ဂယ်ရီကက်စပါရော့ မဟုတ်။ ဒိ(ပ်)ဗလူးကို ကက်စပါရော့ကနိုင်၏။ ထိုအခါ ဒိပါးဗလူးတက်လာ၏။ ဒိပါးဗလူးနောက်၌ ဒိပက်(စ်တ်)ဗလူးရှိသေး၏။ မလိုတော့၊ ဒိပါးဖြင့်ပင် လူသား၏ဦးနှောက်သည် သွက်သွက်ခါအောင် ရူးသွပ်သွားရပြီဖြစ်၏။ ၀မ်းနည်းတတ်လျှင် ၀မ်းနည်းဖို့ကောင်း၏။ ၀မ်းမနည်းတတ်လျှင် ၀မ်းနည်းဖို့မလို။

ယနေ့ ကလေးများသည် မိဘများခရီးတစ်ပါတ်ထွက်သည်ကို ဂရုမစိုက်ကြ၊ ကွန်ပျူတာနှင့် တစ်နာရီ မျှဝေးကွာ လျှင် ရူးမတတ်ခံစားကြရ၏။ လူသားဝါဒ ကျရှူံးစပြုလာပြီဖြစ်၏။ like လိုက like၊ Talking about it လိုက Talking about it နိုင်၏။ ဤသည်မှာ မည်သူမျှဘာသာမပြန်ရဲသေးသော ကွန်ပျူတာဖြစ်၏။

ယခုမှ ပြောလိုသော မျက်ခွက်ဘွတ်အုပ်အကြောင်းရောက်တော့၏။

ဓမ္မပဒစာအုပ်ထဲ၌ နောင်တော်ပန်နှင့် ညီတော်ပန်ဟူသော ညီနောင်ရဟန်းနှစ်ပါးဝတ္တုကို ဖတ်ရ၏။ နောင်တော်ပန်က ရဟန္တာဖြစ်ပြီး ညီတော်ပန်ကမူ သူ့နောင်တော်အလိုအရ အလွန်ဥာဏ်ထိုင်းသူဖြစ်၏။ ရဟန္တာဖြစ်ရေးကား ဝေလာဝေးသာတည်း။

သို့သော် ဘုရားရှင်နှင့်တွေ့သည့်အခါ ညီတော်ပန် ဥာဏ်ထိုင်းသည်ဆိုသည့် အယူအဆ လွဲသွားတော့၏။ စရိုက်နှင့် ကမ္မဌာန်းကိုက်သွားပြီး ညီတော်ပန်သည် အဘိဉာဉ်ခြောက်ပါးနှင့် ကိုအော်ပရိတ်ဖြစ်သည့် အရဟတ္တမဂ်ဥာဏ် အရဟတ္တဖိုလ်ဥာဏ်သို့ရောက်ကာ ရဟန္တာ ဖြစ်သွား တော့သည်။

ထိုအချင်းအရာကို သိတော်မူသောဘုရားရှင်က ဆွမ်းမစားရသေးသော ညီတော်ပန်ကို ပင့်ခိုင်းသည်။ ပင့်လေသူ ကျောင်းရောက်သော အခါ ညီတော်ပန်တပါးမဟုတ်ဘဲ တစ်ထောင် ဖြစ်နေသည်ဟုဆို၏။ ထိုအခါ မည်သည့်ပန်ကို ပင့်ရမည်မသိ၊ ဘုရားရှင်ကိုပြန်၍ လျှောက်ထားရ ပြန်၏။ စူဠပန်မထေရ်ဘုရားဟုခေါ်လော့၊ ပထမဆုံးထူးသော စူဠပန်မထေရ်၏ လက်ကိုကိုင်လော့။ ထိုအခါ အခြားအခြားသော စူဠပန်တို့ကွယ်လတ္တံ့ဟု ဘုရားရှင်မိန့်တော်မူ၏။

မှန်၏။ ဤပရိုစီဂျာအတိုင်း ဆောင်ရွက်လိုက်သောအခါ ညီတော်ပန်တစ်ပန်သာ ကျန်ရစ် တော့၏။

ဤကဲ့သို့ တစ်ပါးက တစ်ထောင်ဖြစ်အောင် ဖန်ဆင်းနိုင်ခြင်းသည် ဣဒ္ဓိဝိဓတန်ခိုးအဘိဉာဉ် ထူးကို ရရှိတော်မူသောကြောင့်ဖြစ်၏။ ထိုတန်ခိုးရှိလျှင် ရဟန်းတစ်ပါးက ထောင်သောင်းမကသော ရုပ်ပွါး၊ကိုယ်ပွါးများဖန်ဆင်းနိုင်၏။ ဤသည်မှာ ဣဒ္ဓိဝိဓပင်ဖြစ်တော့၏။ (နံပါတ် ၁ ထိုးပေးထားသော ဣဒ္ဓိဝိဓကို ဖု(တ်)နုတ်(တ်) မပေးတော့၊ ဤမှာရှင်းပြီးဖြစ်၏)

ဣဒ္ဓိဝိဓအဘိဉာဉ်ကိုမရသော ၂၁ ရာစု ရဟန်းတော်များအတွက် Replace လုပ်လိုက လုပ်လို့ရသည့် မျက်ခွက်ဘွတ်အုပ်ကို (၁၉)နှစ်သား အမေရိကန်လေးတစ်ယောက်က ဖန်ဆင်း ပေးလိုက်၏။ သူ့နာမည်ကို မသိ၊ ရှာကြည့်လျှင်ရသော်လည်း မရှာချင်။ အမှန်သိလိုသူတို့အတွက် အလွယ်တကူသိနိုင်သော ကိစ္စဖြစ်သဖြင့် အထူးမချဲ့လိုတော့။

ရဟန်းတစ်ပါးသည် ထိုမျက်ခွက်ဘွတ်အုပ်၌ ဆရာတော်ဖြစ်ခွင့်ရှိ၏။ အရှင်ဖြစ်ခွင့်ရှိ၏။ ဒေါက်တာဖြစ်ခွင့်ရှိ၏။ မဒေါက်တာ ဖြစ်ခွင့်ရှိ၏။ ကိုကိုဖြစ်ခွင့်ရှိ၏။ မောင်မောင်ဖြစ်ခွင့်ရှိ၏။ မီးမီးဖြစ်ခွင့်ရှိ၏။ မမဖြစ်ခွင့်ရှိ၏။ ဝေဟင်အာကာ ထက်မိုး လျှံဟိန်းကျော်ဖြစ်ခွင့်ရှိ၏။ ထူးအိန္ဒြာ သဉ္ဇာနွဲ့နှောင်း ဇာခြည်ကျော်ညွန့် ဖြစ်ခွင့်ရှိ၏။ ဘာမဆိုဖြစ်ခွင့်ရှိ၏။



ဣဒ္ဓိဝိဓအဘိဉာဉ် မရလည်း ပူစရာမလိုတော့။ မျက်ခွက်ဘွတ်အုပ်ပေါ်၌ အလိုရှိသမျှ ကိုယ်ပွါးများ သမာဓိမလိုပဲ ပွားလို့ရပြီးဖြစ်၏။ ထို့ထက်ပို၍ ပွားလိုကလည်း ပွားလို့ရ၏။ ထို့ထက်ပို၍ ပွားလိုသည်ထက်ပို၍ ပွားလိုကလည်း ပွားလို့ရပြီဖြစ်၏။ ကြိုက်သလောက် ပွားနိုင်၏။ မကြိုက်သလောက်လည်း ပွားနိုင်၏။

မလိုအပ်သော်လည်း ဤ၌ပြောခဲ့ချင်၏။

သီဟနာဒသည် ရဟန်းတစ်ပါးဖြစ်၏။ ထို့ကြောင့် “ ကိုကိုက ဘုန်းဘုန်းဆို” ဟူသောမေးခွန်း မေးစရာ မလိုတော့။ မေးလိုကတော့ မေးနိုင်၏။ မေးသူကို တားမြစ်၍မရ။ သီဟနာဒသည် ရဟန်း တစ်ပါးဖြစ်၏။ ထို့ကြောင့် ကိုကို၊ မောင်မောင်၊ မမ၊ မီးမီး ဘာမှမဟုတ်ကြောင်း ရှင်းပြရန်မလိုအပ်တော့။ သို့သော် ရှင်းပြဖို့လိုအပ်သည်ဟုထင်သော သူတချို့လည်းရှိနိုင်၏။ ထိုသူတို့အတွက် ရှင်းပြရမည်။ သီဟနာဒသည် ရဟန်းတစ်ပါးဖြစ်၏။ ဒါဖြင့် ရဟန်းဖြစ်ကြောင်း သက်သေပြ၊ လူဖြစ်ကြောင်းသက်သေပြဟု ပြောသူတစ်ချို့ရှိနိုင်၏။ ၀မ်းနည်း၏။ သက်သေပြစရာမလို။ မျက်ခွက်ဘွတ်အုပ်သည် ရဲစခန်းမဟုတ်၊ တရားရုံးမဟုတ်။ ပွားလိုက ပွားလို့ရ၏။ မပွားလိုကလည်း မပွားလို့ရ၏။

ဤ၌ ဖြေရှင်းမရသောပြဿနာ ပေါ်လာတော့၏။

တစ်ထောင်သော ညီတော်ပန်များအနက် ပထမဆုံးထူးသော ညီတော်ပန်၏လက်ကို ကိုင်လိုက်လျှင် အခြားအခြားသောပန်များ ပျောက်ကွယ်သွားသည်ဟု သိရ၏။ ထိုခေတ်က ဘုရားရှိ၏။ ဘုရားရှိသဖြင့် ညီတော်ပန်အစစ်ကို သိခွင့်ရခဲ့၏။

ယနေ့ (၂၁) ရာစု၌ ဘုရားမရှိတော့။ မျက်ခွက်ဘွတ်အုပ်ပေါ်၌ ပွားထားသော ရဟန်း၏ ကိုယ်ပွားများအနက် ဘယ်အပွားသည် အပွားစစ်ဖြစ်သည်ဟု သိရှိရန်မလွယ်ကူတော့။ ဘယ်အပွား၏ လက်ကို ကိုင်လိုက်ရမည်မသိတော့။

မည်သို့ဖြစ်စေ ပျော်စရာတော့ကောင်း၏။
ပျော်စရာကောင်း၏ မည်သို့ဖြစ်မှန်းမသိတော့။
သိသိ၊ မသိသိ ပျော်စရာတော့ကောင်း၏။
ပျော်စရာကောင်း၏။ မသိလည်း မသိ။ သိလည်း သိ။
နောင်တော်၊ ညီတော်များ သီဟနာဒကို ဆဲလိုက ဆဲနိုင်ပြီဖြစ်၏။
သီဟနာဒ၏လက်ကိုသာ လာမကိုင်ပါနှင့်…..။



သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.