ခင်ပွန်း၊ ဖခင်၊ အဘိုး၊ မိတ်ဆွေ ( ၁၁း ၁ )

အရွယ်ရလာတဲ့နောက် “အင်း … အရင်လို မဟုတ်တော့ဘူး” ဆိုပြီး ထိုင်ငြီးနေမယ်ဆိုရင်တော့ ဒုက္ခရောက်ပြီသာ မှတ်ပေတော့။

မေး ။   ။ ဒီအခန်းကို Mrs Lee အကြောင်းနဲ့ စလိုက်ကြရအောင်လား။ သူ့ကျန်းမာရေးနဲ့ ပတ်သက်လို့ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်နေရသလဲ။

ဖြေ ။    ။ အေးလေ။ အစ ပထမတော့ တော်တော်ကို အခက်အခဲ တွေ့စေခဲ့တာပဲ။ သူ နှစ်ကြိမ် လေဖြတ်တယ်။ ၂၀၀၃ - မှာ တစ်ကြိမ်၊ ၂၀၀၈ - ခုနှစ်မှာ တစ်ကြိမ်။ ဦးနှောက်မှာ သွေးယိုနေတာ ဆရာဝန်တွေ တွေ့ရတယ်။ စွမ်းသလောက်တော့ တို့လည်း ကြိုးစားကြပါတယ်။ နောက်ဆုံးမှ ဆရာဝန်တွေ လက်လျှော့လို့ အိမ်ကို ပြန်ခေါ်ခဲ့ရတယ်။ နာ့(စ်)က (၂၄) နာရီ စောင့်ရှောက်ပေါ့။ ငါလည်း အိပ်လို့ ကောင်းကောင်း မရပါဘူး။ ဒီရောဂါတွေ ဖြစ်မယ်ဆိုတာ တွက်ချက်ထားကြပေမဲ့ ဖြစ်လာတာက နည်းနည်း စောသွားတယ်။

နောက်တော့လည်း ကိုယ့်ကိုယ်ကို ပြန်ထိန်းယူရတာပေါ့ကွာ။ နာ့(စ်) ထားပေးတာက လွဲလို့ ကိုယ်လုပ်ပေးနိုင်တာလည်း ဘာမှ မရှိတော့ဘူး မဟုတ်လား။ ငါတို့ ကလေးတွေလည်း ဒီအတိုင်းပါပဲ။ တဖြည်းဖြည်းနဲ့ အာရုံကြောတွေ ဆုံးပြီးရင်းဆုံး ဖြစ်လာတယ်။ အခုဆို သူ မှတ်မိပေမဲ့ စကား မပြောနိုင်တော့ဘူး။ ဘဝဆိုတာ ဒါပဲလေ။

ငါကိုယ်တိုင် စက်ဘီးနဲ့ ချော်လဲတော့ ဒီအတွေးမျိုးတွေ ပေါက်ခဲ့ဖူးတယ်။ ခေါင်းနဲ့ နံရံနဲ့ကို ရိုက်မိတာ။ ငါလည်း သူလို ဖြစ်မယ်ဆိုရင် ဖြစ်သွားနိုင်တာပဲ။ တချို့ဘဝ အစိတ်အပိုင်းတွေက ရှောင်လွဲလို့ မရဘူး။ အရှိအတိုင်း လက်ခံနိုင်အောင်ပဲ ကြိုးစားရတော့တာပေါ့။ ဒီလိုဒီလိုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ ဆရာဝန်တွေရဲ့ စကားနဲ့တင်ပဲ မသက်မသာလေ။ ဘယ်အချိန် ဖြစ်လာမလဲပဲ စောင့်နေရတာမျိုးကိုး။ စိတ်ဓာတ်ပိုင်း အနေနဲ့တော့ ငါက ပြင်ဆင်ထားပါတယ်။

ငါကိုယ်တိုင်ရဲ့ သေခြင်းတရားအကြောင်းကိုလည်း စဉ်းစားမိပါတယ်။ ဒါပေမဲ့ ဘာတတ်နိုင်မှာတုန်း။ အဆိုးတွေကိုသာ ထိုင်စဉ်းစားနေလို့ကတော့ ဘယ်လို ရှေ့ခရီးဆက်လို့ ရပါတော့မလဲ။

မေး ။   ။ ဘေးပတ်ဝန်းကျင်မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ သိသေးသလား။

မြေ ။    ။ ငါ့ကို သူ အမှတ်မိဆုံးပဲ။ ငါ့အသံကို ကြားရင် သူမှတ်မိတယ်။ ခြောက်ဆယ့်နှစ်နှစ်ကျော် အတူတူ နေလာခဲ့ကြတာကွာ။ သူ့အတွက်ရော ငါ့အတွက်ပါ မသက်မသာကြီးပေါ့။ နောက်ပိုင်းမှာတော့ အိပ်ချိန်တွေ ပိုများလာပြီး အားလည်း နည်းပြီးရင်းနည်း ဖြစ်လာနေတယ်။

မေး ။   ။ ဒီလို ခက်ခဲတဲ့ နေ့ရက်တွေမှာ မစ္စတာလီရဲ့ နေ့စဉ်လုပ်ငန်းတွေကို ဘယ်လို လုပ်ဆောင် နေရသလဲ။

ဖြေ ။    ။ အင်း …။ တစ်ချိန်တုန်းကတော့ သူနဲ့ အတူတူ နေ့လည်စာ၊ ညနေစာတွေ စားကြ၊ ပြီးတော့ လမ်းလျှောက်ကြပေါ့ကွာ။ အခုတော့ မင်းဒရင်စာ ပိုကောင်းလာအောင် အာရုံစိုက်ပေးနေရတယ်။ လမ်းလျှောက် ထွက်တယ်ဆိုရင်လည်း ငါ့ဘေးက လုံခြုံရေးအရာရှိကို တရုတ်လို ပြောတယ်။ မသိသေးတဲ့ တရုတ်စကားလုံး အသစ်တွေကို လေ့လာတယ်။ နေ့စဉ်သုံး ဝေါဟာရတွေပေါ့။ စားပွဲတို့၊ ကုလားထိုင်တို့၊ အံဆွဲတို့ စတာတွေပေါ့။ တရုတ်စာနဲ့ ပတ်သက်လို့ ငါသိတဲ့ ဝေါဟာရတွေက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ဆိုင်တဲ့ ဝေါဟာရတွေ ချည်းပဲ။

နာ့(စ်)နဲ့လည်း တရုတ်လိုပဲ ပြောတယ်။ ငါ နေ့လည်စာ၊ ညစာ စားနေချိန် ငါ့ဇနီးလည်း အိပ်ပျော်နေမယ်ဆိုရင် သူနဲ့ တရုတ်လို ပြောတာပေါ့။ ဒီတော့ ငါ့တရုတ်စကားက တော်တော် ကောင်းလာတယ်။ အခုဆိုရင် တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစကားပြောဖို့ စကားပြန် မလိုတော့ဘူး။ အခုတလော တရုတ်ပြည်က ကောင်ဆယ်လာ Liu Yangdong နဲ့ တွေ့တယ်။ သူက နိုင်ငံတော် ကောင်စီထဲမှာ တစ်ဦးတည်းသော အမျိုးသမီးအဖွဲ့ဝင်ပဲ။ ပြီးတော့ ပညာရေး ဒုဝန်ကြီး Hao Ping နဲ့ တွေ့ဖြစ်တယ်။ တရုတ်စာ သင်နေတော့ အာရုံ မပြန့်တော့ဘူးပေါ့။ နို့မို့တော့ ယောင်တောင်တောင် ဖြစ်နေမှာပဲ။

ဒါတွေအတွက် အဆင်သင့် ဖြစ်နေအောင် စိတ်ဓာတ်ပြင်ဆင်ထားရတယ်။ ပြင်လည်း ပြင်ဆင်နိုင်ခဲ့ပါပြီ။ သူ မရှိတော့ဘူး ဆိုတဲ့နောက် ပြင်ဆင်စရာ ထပ်လိုလာဦးမှာပေါ့ကွာ။ အဲ့ဒီအချိန်ရောက်မှ အိမ်ကြီးကကြီး၊ နေသူက မရှိ ဖြစ်ဦးမှာ။ ကံကောင်းတယ် ပြောရမလားပဲ။ ငါ့အလုပ်တွေအပေါ် အာရုံစိုက်ထားနိုင်ပါတယ်။ ခရီးထွက်စရာရှိ ထွက်၊ လုပ်စရာ ရှိတာ လုပ်ပဲ။ ငါသာ ဒီလို မနေနိုင်ရင် ငါလည်း ပုံကျသွားမှာပဲ။ တစ်နေ့လုံးထိုင်၊ ဝတ္ထုစာအုပ်ဖတ်၊ ဂေါက်ရိုက်ဆိုရင်တော့ အရူးမို့လို့ပေါ့ကွာ။ ငါ့အတွက်တော့ နေ့သစ်တိုင်းဟာ စိတ်ခေါ်မှု တစ်ခုပဲ။ နေ့တိုင်း ကြုံရတဲ့ ပြဿနာတွေအတွက် နေ့တိုင်း ဖြေရှင်းနိုင်အောင် ကြိုးစားနေဖို့ပဲ။

မေး ။   ။ မစ္စတာလီရဲ့ ကျန်းမာရေးကရော ဘယ်လိုလဲ။

ဖြေ ။    ။ နှလုံးမှာ အစားထိုး ကိရိယာ တပ်ဆင်ထားရတဲ့နောက် အန္တရာယ်တော့ ရှိတယ် ဆိုရမှာပေါ့။ Plavix ထည့်ထားရတယ်။ သူက သွေးကြောကို ကျဉ်းစေတယ်။ ထိခိုက်မှု တစ်ခုခုဖြစ်ရင် အထဲမှာ သွေးယိုတာတွေ ဖြစ်နိုင်တယ်။ ပြဿနာက တစ်ခါတစ်ခါ ဘယ်နေရာက သွေးယိုနေတယ်ဆိုတာ ရှာလို့ မတွေ့တတ်ဘူး။ ဦးနှောက်ထဲမှာ သွေးယိုတာ ဆိုရင်တော့ ပြဿနာ အကြီးအကျယ်ပဲ။ ဒီတော့ အရေးအကြီးဆုံးက ခန္ဓာကိုယ်အတွင်းပိုင်း သွေးယိုစီးတာ မဖြစ်အောင် မလဲဖို့၊ မထိခိုက်ဖို့ပဲ ကြိုးစားနေရတာပေါ့။ ဒါ့ကြောင့် အခု ငါ စက်ဘီးအမျိုးအစား ပြောင်းပြီး စီးနေတယ်။ မလဲအောင်လို့။

အရွယ် ရလာတဲ့နောက် ဒီခန္ဓာကိုယ်ကြီးက အမြဲတမ်း ပြုပြင်ပေးနေရတယ်။ အသက် (၃၀) အထိ တကယ့် အားကောင်းတဲ့ အရွယ်ပဲ။ (၄၀) ဆိုရင် နည်းနည်း ကျလာပြီ။ (၅၀) ဆို ပိုကျလာတယ်။ ဒါ့ကြောင့် အေရိုးဗစ် စပြီး ငါ ကစားခဲ့တာ။ အစပိုင်း ဆယ်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက် ပြေးတယ်။ တင်ပါးဆုံတွေ နာလာတဲ့အထိ ပြေးတယ်။ အဲ့ဒီနောက်မှ ပြေးတဲ့အစား စက်ဘီးစီးခဲ့တာ။ စက်ဘီးတော့ အခုထိ စီးနေတုန်းပဲ။

မေး ။   ။ ရေကော ကူးသေးသလား။
ဖြေ ။    ။ ကူးတယ်။ နေ့တိုင်းပဲ။ ရေးကူးတာက အကြောအခြင်ကို ပြေစေတယ်။ လူလည်း လန်းဆန်းတယ်။ ပြီး ခဏနား၊ ညစာစား။ ညစာ စားပြီး လမ်းလျှောက်။ ကောင်းကောင်း အနားယူဖို့လည်း လိုတယ်။ အရွယ်ရလာတဲ့နောက် “အင်း … အရင်လို မဟုတ်တော့ဘူး” ဆိုပြီး ထိုင်ငြီးနေမယ်ဆိုရင်တော့ ဒုက္ခရောက်ပြီသာ မှတ်ပေတော့။

ဆက်ရန် -


 ဇင်ဝေသော်