ကိလေသာအသင်းနှင့် ဘောလုံးကန်ခြင်း(ဖြည့်စွက် တင်ပြ၊ ဆက်ရန်)


(3D ဘာသာရေး, သီဟနာဒ,Posted on 10/23/2013)

သီဟနာဒသည် မန်ချက်စတာ ယူနိုက်တက်ကို ကြိုက်၏။ ၁၉၈၇-ခုကထဲ ကဖြစ်၏။ ယခု သူများ မန်ယူမှ ယူ လာသူမဟုတ် ( ဆိုင်တော့ သိပ်မဆိုင်လှ)။ ထို့ကြောင့် အားမနာပါးမနာ ကိုယ့်ကိုယ်ကို ဖာဂူဆန်လို သဘောထားမိ၏။ တစ်ဖက် ကိလေသာ အသင်းကို စိတ်ကူးဖြင့် လိုင်းနပ် ဆွဲလိုက်၏။

ကိလေသာတို့ လိုင်းနပ်ကား တိုက်စစ်ဆန်၏။ လေးသုံးသုံး ( 4+3+3) ဟုထင် ရသော်လည်း တစ်ခါ တစ်ရံ နောက်တန်း၊ ဘယ်ညာ၊ အစွန်တို့ပါ ရှေ့တက် လာလျှင် နှစ်သုံး၊ နှစ်သုံး ဖြစ်တတ်၏ ( 2+3 – 2+3) ။ ကစားကွက် အပြောင်း အလဲမြန်၏။ ထင်သူက ဘာမှမဖြစ်၊ မထင်သူ ဖြစ်သွားတတ်၏။ ဘောလုံးအထိမ်း အသိမ်းလည်း ကောင်းကြ၏။ ဂေါဏန ဂေါဏော အလွန်လည်း ညီညွတ်၊ အသင်းစိတ်ဓာတ်လည်း ကောင်သည့် ပရော်ဖက်ရှင် အစစ်များဖြစ်ကြ၏။ နဲဗားဆေး ဒိုင်းတို့တည်း။
အသင်းလိုင်းနပ်ကို ခြုံကြည့်ပြီး အင်ဒီဗီကျူရယ်ကို ဆက်လက် သုံးသပ်မိ၏။




၁။ မောဟ (ဂိုးသမား)

အကောင်ကြီး၏။ လေထဲက ဘောလုံးကို ဖမ်းရာ၌ တော်သကဲ့သို့ မြေပြင်ဘော ဖမ်းရာတွင်လည်း ကောင်းလှ၏။ ပီတာ မိုက်ကယ်တို့ ၊ ဗန်ဒါဆားတို့ အဖေခေါ်လောက်၏။ တည်ငြိမ်၏။ ပင်နယ်တီတော်တော်များများ ကာကွယ်နိုင် ၏။ မထင်မှတ်သော အဝေးဘောမှ ဂိုးရဖို့ သိပ်မလွယ်။ အချိန်ပိုကစားပြီးလို့ ပင်နယ်တီကန်ရတော့မည်ဆိုလျှင် ရှုံးဖို့များ သည်။ ကိလေသာ ဂိုးသမားကား အငြင်းပွားဖွယ်မရှိတော်လှ၏။ ကစားကွက်စိပ်မှ ပေါက်မည်။သူ့ အားနည်း ချက်ကား အနည်းငယ်လေးနေခြင်းတည်း။

၂။ ကုက္ကုစ္စ- နောက်တန်း ညာအစွန်ကစားသမား

အလွန်ခန့်မှန်းရခက်၏။ တစ်ဖက်သားကို စိတ်ဓာတ်ကျအောင် အလွန်လုပ်နိုင်၏။ သူနှင့် ကစားရသည်ကားမလွယ်။ ဒီကောင်ကြောင့် အဝါကတ်၊ အနီကတ်တွေ ထိတာမနည်းတော့။ ပြီးတော့ နောက်တန်းကစားသမား အစစ်မဟုတ်။ ဘော လုံးခြေထောက်ထဲရှိ၍ တိုက်စစ်ပုံစံပြောင်းလျှင် ဒီကောင်က ဒိဋ္ဌိနှင့် (တွဲ)လင့်လုပ်ပြီး လောဘဆီကို အပိုင်လုံးတွေ ချချပေးတတ်သည်။ ညာထောင့်ဖြတ်ဘောများ ကြောက်စရာကောင်း၏။ ဒေးဗစ်ဘက်ခမ်းက အဖေခေါ်ရမည်။
သူ့အားနည်းချက်က စိတ်ဓာတ်ကျလွယ်ခြင်းတည်း။ သူ့ကို မထိတရိကစားလျှင် ရနိုင်သည်။ ဒီကောင် အီးကျူ သိပ်ကောင်း။

၃။ အဟိရိက- ညာ၊ နောက်တန်းခံစစ်

ဒီကစားသမားက သိက္ခာမရှိ။ သို့သော် ပါးနပ်၏။ ဂိုးမပေးရရေးအတွက် ဘာမဆို လုပ်သည်။ ပရိသတ်မေတ္တာကို ရသူတော့မဟုတ်။ ကြောက်စရာကား အလွန်ကောင်း၏။ ဒိုင်လူကြီးမမြင်ဘူးထင်လျှင် အင်္ကျီကိုဆွဲ၏။ လက်ဖြင့် ဘောလုံးကို ထိမ်း၏။ မသိမသာ နောက်ကွယ်မှ ခြေထိုး၏။ အရှက်မရှိ။ အဟိရိက ကို အရှက်မရှိဟုဆိုက မိမိသာ အလွန်ဖြစ်ချေမည်။ မန်စီးတီးက လက်ကောနှင့် ဆင်ဆင်တူသည်။
သူ့အားနည်းချက်ကား ပျော့၏။ သူ့ကို ခပ်တင်းတင်း ကိုယ်တွယ်ရမည်။ ဒီကောင်က ကျိုးမှာတော့ ကြောက်သည်။ ဒိုင်ကောင်းဖို့သာဆုတောင်းရမည်။ ခက်သည်က ဒိုင်ဟူသည်ကလည်း နာမည်ကြီးဘောလုံးသမားတွေကိုဆိုလျင် အဝါ၊ အနီပြရန် လက်တွန့်တတ်၏။ နည်းပြကား ဘာမှ လုပ်ပိုင်ခွင့် မရှိ၊ မြန်မာပြည်မှာဆိုလျင်တော့ ပါးဝင်ရိုက်လို့ရသည်။(အေးချမ်းမွန်ကို သွားရှု)

၎။ အနောတ္တပ္ပ- ဘယ်၊ နောက်တန်းခံစစ်

ပို၍ ကြောက်စရာကောင်း၏။ ဗစ်ဒစ်နှင့် တူသလိုလို ရှိသော်လည်း ဂျွန်တယ်ရီနှင့်လည်း တူတတ်ပြန်သည်။ ခေါင်းနှင့် ခြေထောက်ဝင်တိုးရမှာ မကြောက်သလို နာနေတာကိုပင်ထုံဆေးဖြင့် ဆက်ကစားမည့် ကစားသမားမျိုးဖြစ်သည်။ နောက်တန်း လေးယောက်တွင် “ ကီး” တည်း။ အဖျက်ကောင်းသည်။ မာသည်။ အကြောက်အလန့်မရှိ။
သူ့အားနည်းချက်က ဒစ်စီပလိန်း(ဥပဒေ)မရှိ၊ ထင်ရာလုပ်ခြင်းတည်း။ သူ့ဖက်က များများဖောက်နိုင်လျှင် ပင်နယ်တီရနိုင်သည်။ သူကား အဟိရိကလောက် အကင်းမပါး။

၅။ ဥဒ္ဓစ္စ - ဘယ်၊ နောက်တန်းအစွန်

ကစားကွက်ရှုပ်သည်။ အရှုပ်ကြိုက်သည်။ ခန့်မှန်းရ အခက်ဆုံးကစားသမား တည်း။ သူ့ကို လူကပ် ကစား၍မရ၊ လှည့်ထွက်သွားတတ်သည်။ လူကပ်ကစား ၍မရတော့ သူ့ဆီက ထွက်လာမည့် ဘောလမ်းကြောင်းကို ပိတ်ဆို့ရန်သာရှိ၏။ သူလည်း နောက်တန်းကစားသမား အစစ်မဟုတ်။ ရောဘက်တိုကားလို့၊ အက်ရှလေကိုးတို့လိုပင်တည်း။ နောက်တန်းဟုသာဆိုသည် တစ်ဖက်သား ပင်နယ်တီ ဧရိယာအပြင်မှာရှိနေတာ များသည်။ သူက ဣသာ၊ မစ္ဆရိယတို့နဲ့ လင့်(ခ်)လိမ့်မည်။ ဤလမ်းကြောင်းရအောင်ပိတ်ရမည်။ သူ့အားနည်းချက်က ဘောထိမ်းမသေသပ်ခြင်း၊ ဘောပေးမှားခြင်းတည်း။ ဘောထိမ်း မသေသပ်သူများ နေရာ ပျောက်တတ်သည်။ ပထမလိုင်းနပ်မှာ သူ ပါ၊ မပါ မသေချာသေး။

ဤနောက်တန်းလေးယောက်ကို သာမန်ကြည့်လျှင် ဘယ်နောက်ခံ များဖြစ်ကြ သည့် အနောတ္တပ္ပနှင့် ဥဒ္ဓစ္စတို့ကို ပို၍ မာသလို၊ လုံသလို ရှိ၏။ ဟုတ်သည်။ မထင်မှတ်သော အပိုင်းမှ တိုက်စစ်ဆင်ရမည်။ ပင်နယ်တီ ဧရိယာထဲ ဘော လုံးရောက်နိုင်သလောက် ရောက်အောင်ပို့ပေးရမည်။ ဂိုးမရစေဦး ပင်နယ်တီရဖို့ အခွင့်သာ၏။ ပင်နယ်တီ မရေစေ၊ ပြစ်ဒဏ်ဘော ရမည်။ ဟုတ်၏။ ရှေ့ရောက်ရောက်နေတတ်သော ဥဒ္ဓစ္စမှ ကောင်တာ အတက် ဆင်ရမည်။ မြန်မှတော့ရမည်။ တစ်ချက်ထိ။ ဝမ်းတူး၊ တူးဝမ်း မှ ရမည်။ ဒိုင်က ခရာငုံ အကတ်ပိတ်မလုပ်ဖို့ (ရေငုံနှုတ်ပိတ်လို့ မဖတ်ကြရန်) အရေးကြီးသည်။

၆။ ဒိဋ္ဌိ၊ ကွင်းလယ်ဗိုလ်ချုပ်

တစ်သင်းလုံး၏ တမ်ပိုကို ထိမ်းထားသည်။ သူ၏ ကစားကွက် မဟာဗျူဟာ (၆၂) အလွန်နာမည်ကြီးသည် ။ ကြီးသလောက်လည်း ကြောက်စရာအလွန်ကောင်းသည်။ ဘာစိလိုနာက ရှဗီနှင့် ဆင်ဆင်တူသည်ထင်၏။ အထိမ်းအသိမ်း သေသပ်သည်။ ဘောပေးမှားသည်မရှိ။ တိုက်စစ်အားလုံး သူ့ဆီက စ တတ်သည်။ သူ့ဆီက ဘောထွက်ပေါက် ငါးပေါက်ရှိသည်။ ကြောက် စရာ အကောင်းဆုံးက လောဘဆီ ချချပေးတတ်သည့် သေချာပေါက် အလုံး များတည်း။ အဓိက ဤလမ်းကြောင်းကို ပိတ်ရမည်။ သူ့ဆီက ဣဿာနှင့် မစ္ဆရိယ ဆီထွက်သွားသော ဘောလုံးများက သိပ်အန္တရယ်မရှိလှ။ ဘောပိုင်ဆိုင်မှုသာရပြီး ဂိုးသွင်းဖို့ အခွင့်အရေးသိပ်မရှိ။ သို့သော် ကိလေသာ အသင်းက ဂိုးစရလျှင် ဤနည်းဖြင့် ကစားကွက် အသာစီးယူပြီး ကစားသွားကြလိမ့်မည်။သူ၏ မဟာဗျူဟာ(၆၂) ကြောက်စရာကောင်း၏။
မဟာဗျူဟာ (၆၂)ကို ဤသို့ကြည့်နိုင်၏။

1 ဟူသည် အန္တရယ်အကြီးဆုံး ဘောလမ်းကြောင်းကို ဆိုလိုသည်။
2 ဟူသည် ဒုတိယ အန္တရယ်အကြီးဆုံးသော ဘောလမ်းကြောင်းတည်း။
3 ဟူသည် ကစားကွက်တည်နေခြင်းသာတည်း ။ တိုက်စစ်မဟုတ်သေး။

ထိုကြောင့်ဆို၏။ ဒိဋ္ဌိသည် ကွင်းလယ် ဗိုလ်ချုပ် ဟု။ တစ်သင်းလုံး၏ တမ်ပို (အရှိန်)ကို သူထိမ်းထားသည်။ ကိုယ်က ဦးအောင်ဂိုးသွင်းနိုင်လျှင် ဒိဋ္ဌိက ဗျူဟာ တစ်နှင့် နှစ်ကို ပိုသုံးမည်။ ကိလေသာ အသင်းက ဂိုးအရင်သွင်းလျှင် ဗျူဟာ သုံးကို ပိုလိမ့်မည်။ ဘောပိုင်ဆိုင်မှုဖြင့် အချိန်ပြည့်အောင်ထိမ်း ကစားသွား လိမ့်မည်။ ခက်သည်က ဒိဋ္ဌိသည် အနီးအဝေး ကစားနိုင်၏။သူ့ အားနည်းချက်က အနည်းငယ်လေး၏။

၇။ ဒေါသ။ စွယ်စုံရ ကွင်းလယ်အဖျက်သမား

သူ့ ကစားဟန်က ကြမ်းသည်။ တိုက်စစ်ကစားသမား မှန်သော်လည်း တိုက်စစ်၊ ခံစစ် နှစ်မျိုးလုံး ကစားနိုင်သည့် ပါရမီရှင်ဟု ဆိုရမည်၊ ကစားအား ကောင်းသည်၊ သက်လုံ မကျ၊ မိနစ် ၁၂၀ အထိ တရှူးမူးဒိုး လုပ်နေနိုင်သည်။ သူ့ အားနည်း ချက်က လူချတတ်ခြင်း၊ ဘောထိမ်း မသေချာခြင်းဖြစ်သည်။ ယာယာ တိုရီနှင့် ဆင်ဆင်တူပြီး ယာယာ တိုရီလောက်တော့ ကြောက်စရာ မကောင်းလှ။ သူ့ကို စိတ်ဆိုးအောင် ဆွပြီးကစားရလျင် လူ အသာစီးရနိုင်သည်။ ဒီကောင်က ထစ်ကနဲဆို လက်ပါတတ်သည်။

၈။ မာန။ ကွင်းလယ် ဘယ်အစွန်

သူနဲ့ ဒိဋ္ဌိက (ဂယ်ရီ၊ ဖီးလစ်) နဗီးအမွှာထက်တောင် နားလည်မှု ရှိသည်၊ ဒိဋ္ဌိ က ဒေါသနဲ့ထက် သူနဲ့ တွဲဖောက်တာ များသည်။ အကောင်ထွားပြီး ကန်ချက် လည်းပျင်းသည်။ ဖရီးကစ် ဇီးကုတ်အပြင်မှရလျင် သူကန်ဖို့ များသည်။ ရော်နယ် ဒိုနဲ့ ဆင်ဆင်တူသည်။ ကံကောင်းသည်က ဝိစိကစ္ဆာ နာနေခြင်းပင်၊ ဒိဋ္ဌိ၊ မာန၊ ဝိစိကစ္ဆာ သုံးထောင်းချိုးတိုက်စစ်အောက်မှာရောက်သွားလျင် ခံနိုင်သောအသင်း သိပ်မရှိ။ ဂိုးပေရတတ်သည်။ ငယ်ငယ်ရွယ်ရွယ်နဲ အဓိက ကစား သမားဖြစ်ေ နခြင်းကြောင့် မောက်မာလှသလို ကြောက်စရလည်း အလွန်ကောင်းသည်။ သူ့အားနည်းချက်က တစ်ဖက်အသင်းကို အထင်သေးခြင်း ဖြစ်သည်။

၉၊ ၁၀။ ဣသာ၊ မစ္ဆရိယ၊ တွင်း တာရာရစ်

ဣသာနဲ့ မစ္ဆရိယကမှ တကယ့် အမွှာ၊ အမွှေအနှောက်အလွန်ကောင်းသည့် ကွင်းလယ်ကစားသမား အတွဲဖြစ်သည်။ အတွဲလည်း ညီသည်။ သူတို့ ဖျက်လျင် တစ်ဘက်အသင်းတိုက်စစ် ပျက်သည်သာများ၏။ ကွယ်းလယ်ဆို၍ ဂိုးမသွင်း တတ်ဘူးထင်လျင် သေဖို့သာရှိတော့သည်။ လောဘနဲ့ ဒိဋ္ဌိတို့လောက် နာမည် မကြ်ီးသော်လည်း သူတို့အတွဲ မိသွားပြီဆိုလျင် တားရဆည်းရ အလွန်ခက် သည်။ ကြောက်စရာ အကောင်းဆုံးက နောက်တန်း ညာအစွန်ကစားသမား ကုက္ကုစ္စပါ တက်လာပြီး ဒေါသနဲ့ပါ အတွဲမိသွားခြင်းမျိုးဖြစ်သည်။ ဒေါသ၊ ဣသာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ တို့ကို နည်းပြတွေက ဒေါစတုတ်လို့ခေါ်ကြသည်။ ဒေါ ကွာ ဒရပ်ပယ်လို့ ဗိုလ်လိုဆိုသည်။ ခက်ချေပြီ။ မြန်မာနားလည်သော စကား မပါသေး။ လေးယောက်စု တိုက်စစ်ဟု ခေါ်ရမည်ထင်သည်။ ထူးခြားသည်က သူတို့ ဒေါစတုတ်ဗျူဟာဆင်လာပြီဆိုလျင် လောဘက ကွင်လယ်ရောက် သွားပြီး ဒေါသက တိုက်စစ်မှုး ဖြစ်သွားတတ်ခြင်းပင်။ တော်တော်လည်း တတ်နိုင်တဲ့ ကိလေသာအသင်းပါပေ။

၁၁။ လောဘ။ တိုက်စစ်မှူး

ဒိဋ္ဌိပြီးလျင် ကြောက်စရာအကောင်းဆုံး ဘောလုံးသမားဖြစ်သည်။ ဘာမှ မဟုတ် တာလေးတွေကနေ ဂိုးရအောင် လုပ်နိုင်သည်။ တစ်ကိုယ်ကောင်း ဆန်သည် ။ လောဘ၊ ဒိဌိ၊ မာနအတွဲက "လော၊ ဒိ၊ မာ" ဟု လူသိများသည်။ "လောတြိ" ဟု ချစ်စနိုးခေါ်ကြသည်။ သူတို့က အတွဲလိုက် တိုက်စစ်ဆင်လာတတ်သည်။ မက်စီ၊ အင်နီယက်စတာနဲ့ ရှဗီတို့နဲ့ ဆင်ဆင်တူမည်။ အတွဲလိုက်ကောင်းသည်ဆိုသဖြင့် လောဘကို မကပ်ဘဲထားမိလျင် သေဖို့သာ ရှိသည်။ လောဘသည် အတွဲလိုက်ဖောက်နိုင်သလို ဆိုလိုလည်း ဖောက်နိုင် သူဖြစ်သည်။ သူနဲ့ အတွဲ သိပ်မမိတာက ဒေါသသာဖြစ်သည်။ သူတို့က ကွင်းတွင်း၊ ကွင်းပြင်မှ သဟဇာတ မဖြစ်။ သို့သော် နှစ်ယောက်စလုံးက ဆိုလို ကစားနိုင်သူချည်း ဖြစ်သည်။

ထို့ကြောင့် ကိလေသာအသင်းကို အနိုင်ရဖို့ဆိုလျင် လောဘနဲ့ ဒေါသကို အခြား ကစားသမားတွေနဲ့ ချိတ်ဆက်မရအောင် လမ်းကြောင်းပိတ်ထားခြင်းသာ ဖြစ် မည်။ သူတို့နှစ်ယောက်က ကစားကွက် မညှိတတ်၊ သူတို့ချင်း အပေးအယူ မလုပ်တတ်။ ဒေါသက လောဘကို ချပေးမည့်အစား သူကိုယ်တိုင် ရောက်ချင် ရာရောက် အဝေးမှ ကန်သွင်းမှာ သေချာသည်။ လောဘကလည်း ဒေါသဆီပေး လိုက်လျင် ဘောပိုင်ဆိုင်မှုဆုံးရှုံးသည်ဟု ယူဆပြီး ပေးမှာ မဟုတ်။

အချုပ်ဆိုရသော် ကိလေသာအသင်းမှာ တိုက်စစ်နှစ်မျိုးရှိသည်။
၁။ လောတြိ တိုက်စစ်နဲ့
၂။ ဒေါစတုတ် တိုက်စစ်ဖြစ်သည်။
ယင်း တိုက်စစ်နှစ်မျိုလုံးကို ကွင်းလယ်ဗိုလ်ချုပ် ဒိဋ္ဌိက မဟာဗျူဟာ ၆၂ ဖြင်း ထိမ်းပေးထားသည်။
ကိလေသာအသင်းသည် အလွန်တောင့်တင်းသော အသင်းကြီးဖြစ်ပြီး မဆို စလောက် အားနည်းမှုသည် လောဘနဲ့ ဒေါသတို့ကြားမှာသာ ရှိနိုင်ပေသည်။ သူတိုအတွဲမိသွားလျင် ကျွန်ုပ်လည်း ဘာမှတတ်နိုင်မည်မဟုတ်။ ဇူလိုင် လဆန်းပိုင်းမှာ ဗိုလ်လုပွဲ ရှိသည်။
အဓိက ကတော့ အဝိဇ္ဇာခေါ်၊ မောဟခေါ်၊ ရောင်း ဗျူးခေါ် ဒိဋ္ဌိက အခရာ ပင်ဖြစ်ပေတော့သည်။
ဒိဋ္ဌိကိုနိုင်အောင်ထိမ်းထားနိုင်မှ ရပေမည်။ သို့မဟုတ်လျင်.........၊ ဒိဋ္ဌိက ဘယ်သူနည်း။
ကျွန်ုပ်ကစားသမား ၂၅ ယောက်ထဲမှာ ဖတ်စ် အီလဲဗင်းကို ရွေးရပေဦးမည်။

ဆက်ရန်

Only in India. ၁၂ နာရီ ၇၅ မိနစ်




(Estadio Maracana မှ သတင်းပေးပို့သည်)


မိဘပြည်သူများ ခင်ဗျား..
သမ္မတကြီးကို အားပေးနေရတာဟာ မန်ယူနဲ့ စပိန်ကို အားပေးနေရသလိုပဲ ဆိုတာ ဒီနေ့မနက်ဆိုရင် အားလုံးသိကြပြီးဖြစ်ပါလိမ့်မယ်။
ဟော်လန်က အာရှဆိုလို့သာ ရှလိုက်ရတဲ့ အာရှမျက်နှာနဲ့ တစ်စက်မှ မတူ၊ (လီကွမ်းယုစကားနဲ့) အမှိုက်ဖြူ အော်ဇီကို ကံကောင်းပြီး နိုင်လိုက်တဲ့နောက် ငရုပ်သီး(ချီလီ)ကိုနိုင်ရင် အမှိုက်ဖြူကိုတော့ အေးဆေးဆိုပြီး အိပ်ယာဝင်လိုက်တာ မနက်ရောက်တော့ ငရုပ်သီးကို နှစ်ဂိုး ဂိုးမရှိနဲ့ ရှုံးသွားကြောင်း သိလိုက်ရပါတယ်။ သမိုင်းဝင်၊ နှစ်ပွဲ၊ ၇ ဂိုး ၁ ဂိုး၊ ရမှတ်မရှိ၊ ပထမအုပ်စုထွက် နွားရိုင်းသတ် သမားတွေရဲ့ အခန်းကဏ္ဍက ၁၉ ရက် မနက်မှာ ဆုံးသွားခဲ့ပါပြီ။ လက်ရှိခြေနဲ့ဆိုရင် သိက္ခာဆယ် အမှိုက်ဖြူ အော်ဇီကိုတောင် နိုင်ဖို့ မလွယ်တော့ ပါဘူး။
မိဘပြည်သူများ သိပြီးသားမို့ အကျယ်မပြောတော့ပါဘူး။ ဒီနှစ်ကတော့ စပိန်၊ မန်ယူနဲ့ ဦးသိန်းစိန်ပရိသတ်တွေ ကံမကောင်းတဲ့ နှစ်ပါခင်ဗျား။


ခေတ်သစ် ဣသိဂိလိတောင်တန်းကြီးများ (ဣသိ ရသေ့ရဟန်း။ ဂိလိ မျို)


ဘုရားရှင်လက်ထက် ဣသိဂိလိကား နာမည်ကောင်းဖြင့် ကြော်ကြားခဲ့ သည့် တောင်တန်းကြီးဖြစ်သည်။ သူ့ရင်ခွင်မှာ သစ်ပင်တို့ ထူထပ်သည်၊ သဘာ ဝ ကျောက်လိုဏ်ဂူများရှိသည်၊ အေးမြသည့် တောရိပ် တောင်ရိပ်ရှိသည်။ ဤအရာ အားလုံးကို ပေါင်းစပ်လိုက်တော့ ရဟန်းတရား ပွားများရန် အလွန်ကောင်းေ သာနေရာ ဖြစ်လေသည်။ ဣသိဂိလိမှ မွေးထုတ်ပေးလိုက်သည့် ရဟန္တာပေါင်း မည်မျှရှိလေမည်နည်း။ ကျွန်ုပ်တို့ ဉာဏ်မီသောကိစ္စ မဟုတ်ပေ။

ဣသိဂိလိထဲ ဝင်သွားသည့်ရဟန်းတော်များကို ဝင်သွားသည်ကိုသာ တွေ့ရပြီး ဘယ်ရောက်သွားသည် မသိရ။ ထို့ကြောင့် လူတို့က ယင်းတောင်ကြီးကို ရဟန်းမျိုတောင် (သို့) ဣသိဂိလိတောင်ဟု ဆိုကြလေသည်။ လက်ဝဲတော်ရံ အရှင်မဟာ မောဂ္ဂလန်မထေရ်ကြီး သဘောကျတော်မူလှသည့် နေရာ။

ကျွန်ုပ်တို့ခေတ်မှာတော့ ရဟန်းမျိုတောင် မရှိ၊ ရဟန်းမျို ထောင် များသာ ရှိတော့သည်။ ယင်းထောင်များအနက် မန္တလေး နန်းတွင်းထောင်နဲ့ ရန်ကုန် အင်းစိန်ထောင်တို့က နာမည်ဆိုးဖြင့် နာမည်ကြီးလှသည်။ ထိုထို ဣသိဂိလိ ထဲရောက်သွားသည့် ရဟန်းတို့ကိုလည်း ဝင်သွားသည်ကိုသာ သိမြင်ရပြီး ဘယ်မှာရောက်သွားသည် မသိရတော့။ အမျိုခံလိုက်ရသည့် ရဟန်းတော်များတွင် မစိုးရိမ်ဆရာတော် ဦးကောဝိဒါဘိဝံသ အစ၊ ဦးဝီရသူအလယ်၊ ဦးဥတ္တရအဆုံး အရေအတွက် များလွန်းလှ၏။ ဝမ်းနည်းဖွယ် ကောင်းလွန်းလှပြီ။


သတ္တပဏ္ဏိလိုဏ်ကို အတုယူပြီး ဦးနုက ဆဋ္ဌပါသဏ လိုဏ်ဂူတော် တည်ဆောက်ကာ ဆဋ္ဌသင်္ဂါယနာတင်ခဲ့သည်။
ဦးနုနောက် တက်လာသည့် မင်အဆက်ဆက်ကား ဣသိဂိလိကို အတုယူပြီး ရဟန်းကောင်းတွေကို မျိုစေတော့သသည်။ သို့သာဖြစ်သည် သူတို့ကိုယ်သူတို့ကိုမူ သာသနာပြုမင်းအဖြစ်မှ တစ်ပြားသားမှ မလျှော့ခဲ့ကြ၊ အသောကနဲ့နှိုင်းလျင် ကျေနပ်မဆုံး ရှိတတ်ကြ၏။

ဂိဇ္ဈဂုတ်တောင်ပင် မြန်မာပြည် ရောက်လာလေဦးမည်လား။
လင်းတ ဝဲသောတောင်။

သီဟနာဒ

ကွန်မင့်ရှင် မစ္စတာ ဂျွန် စမစ်သို့


၂၀၀၂ ခု၊ ဧပြီ ၂၈ ရက်၊ ည ကိုးနာရီထိုးရန် ၁၀ မိနစ်အလို။
မဟာသန္တိသုခထဲမှာ တစ်ပါးမှ မကျန်တော့သည် အချိန်။ အခန်းနံပါတ် ၅၀၈ ကို တံခါးလာခေါက်သည်။
"အရှင်ဘုရားက မသွားသေးဘူးလား၊ ဓမ္မစက်နဲ့ မရရင် အာဏာစက် သုံးရမှာ ဘုရား"
"သွားမှာပါ တကာကြီး၊ ကိုးနာရီထိုးဖို့ ၁၀ မိနစ်တောင်လိုသေးတာပဲ"
"အရှင်ဘုရားနဲ့ အခြားတစ်ပါးက (ယခု နယူးဇီလန်ရောက် ဦးသီရိဓမ္မ) ဆက်နေ မယ်ဆိုရင် နေလို့ရပါတယ် ဘုရား၊ ဒါပေမဲ့ အဘ(ဦးခင်ညွန့်)ဆီနဲ့ ဦးစောမြင့်ဆီ စာရေးပြီးနေခွင့်ပြုဖို့ တောင်းခံပါ"

အိပ်လေးတစ်လုံးဆွဲရင်း ကျောင်းပေါက်ဆီ ထွက်လာခဲ့သည်။ ယင်း အရပ်ဝတ် စစ်အရာရှိတို့လည်း လိုက်ပါလာရင်း စကားပြောကြသည်။
"မလုပ်နိုင်ပါဘူး ဒကာကြီး၊ အဖေက သဘောတူမှာ မဟုတ်ဘူး"
"အရှင်ဘုရား ဒကာကြီးက ဘယ်သူလဲ"
"ဦးဇင်းပြောတာက အဖေပါ၊ ဒကာကြီးမဟုတ်ဘူး"
"အရှင်ဘုရား အဖေ ဘယ်သူလဲ"
"ဒကာကြီးကလည်း ရဟန်းအဖေပါဆို ဘုရားပေါ့"

ထိုစဉ် ကိုးနာရီထိုးသဖြင့် သုံးနှစ်ကြာသီတင်းသုံးခဲ့ရသည့် ကျောင်းတော်ရဲ့ ဂိတ်အပြင်ကို ထွက်လိုက်သည်။ သူတို့နဲ့ စကားက မပြတ်သေး။
"ခဏနေပါအုံးဘုရား၊ လျှောက်စရာရှိသေးလို့"
"လျှောက်စရာရှိရင် ကျောင်းအပြင်လိုက်ခဲ့ပြီး လျှောက်ပါ ဒကာကြီးတို့၊ ထုတ်ထားတဲ့ အမိန့်က ၉ နာရီဆို ကျောင်းဝင်းထဲ ရှိမနေရဘူး၊ ဒကာကြီးတို့လည်း ဥပဒေကို မဖောက်ပါနဲ့"
မျက်နှာ အနည်းငယ်ပျက်သွားသည်(ထင်၏)။ သူတို့လည်း နောက်က လိုက်လာကြပါသည်။
"အရှင်ဘုရားက ဒီကနေ ဘယ်ကို ကြွမှာလဲ၊ ကျောင်းပိုင်ရှိသလား"
"ဘယ်ကို သွားရမယ် မသိသေးဘူး၊ ထွက်ဆိုလို့ ထွက်ရမယ်ဆိုတာပဲ သိပါ တယ်၊ ကျောင်းပိုင် မရှိပါဘူး"
"အရှင်ဘုရား ရှိမယ့်လိပ်စာကို ပေးထားခဲ့ပါ၊ တပည့်တော်တို့ ဆက်သွယ်ပါ့မယ်"
"ပေးစရာ လိပ်စာလည်း မရှိပါဘူး"

သို့ဖြင့် တစ်လခန့်အကြာ စစ်ပွဲမှာ နောက်ဆုံး ကျဆုံးခဲ့ရသည့် အသေးမွှားဆုံး စစ်သားလေးအနေနဲ့ ပီနန်ဆရာတော်ကြီးထံ ရောက်ခဲ့ရသည်။
ကံအလှည့်ပေးသဖြင့် စင်္ကာပူ၊ မြန်မာကျောင်းကြီးဆရာတော် ဦးတိလောက (ဘုန်းကြီးတိ) ၏ လမ်းညွှန် ဩဝါဒပေးမှုဖြင့် စင်္ကာပူမှာ အထင်ကရ၊ ထေရ ဝါဒ ဗုဒ္ဓဘာသာပညာရေး အဓိကဖြန့်ဖြူးရာ(ဓမ္မ စကူးလ်နဲ့ ပါဠိကောလိပ်) ကျောင်း တိုက်မှာ လက်ထောက်နေရာ ရခဲ့သည်။
ငါးနှစ်အကြာ လူကြီးဖြစ်လာခဲ့သည်၊ စင်္ကာပူ အမျိုးသားတက္ကသိုလ် (National University of Singapore) လိုနေရာမှာ ဘာဝနာနဲ့ အခြားအဆုံးအမများ သင် ကြားပေးခွင့်ရလာသည်။
နောက် နှစ်နှစ်အကြာ ယင်းတက္ကသိုလ် ဗုဒ္ဓဘာသာအဖွဲ့ချုပ်ရဲ့ Spiritual Adviser ဖြစ်လာခဲ့ရသည်။ ယနေ့အထိ။

အချိန်ရခိုက် မိမိတတ်နိုင်သည့် စာပေရေးသားခြင်းပြုလုပ်ခဲ့သည်၊ ၎င်းတို့အထဲမှ အထူးသဖြင့် လီကွမ်းယု၏ "နားဝင်မချိုသည်" နိုင်ငံနဲ့လူမျိုးအတွက် အကျိုး တစ်စုံ တစ်ရာရှိသည်ဟု ယုံကြည်သည်။
မိမိမှတစ်ပါး အခြားအခြားသော မိတ်ဆွေရဟန်းများလည်း ကျောင်း အသိမ်းခံရ သည်ဆိုစေ ပီနန်ဆရာတော်ကြီး၏ ကျေးဇူးကို ရောက်ရာမှာ စွမ်းသလို သာ သနာပြရင်း ဆပ်နေကြပါသည်။ အောင်လည်း အောင်မြင်ကြပါသည်။

ထို့ကြောင့် ယနေ့အထိ မိမိ၏ဆုံးဖြတ်ချက် မှန်ဆဲဟုလည်း ယုံကြည်ပါကြောင်း
(လက်ရှိအနေအထားကြောင့် "ဦးဇင်းတို့အရွယ်က ထောင်ထဲမှာ အချိန်ကုန်ဖို့ ထက် ကမ္ဘာထဲ တိုးဝင်ရမယ့်အချိန်ဖြစ်တယ်" ဆိုတဲ့စကား ချန်ထားခဲ့ရပါကြောင်း)
ဒကာ စမစ်ခင်ဗျား