အဝီစိထက်နက်သော အဓိပ္ပါယ်


 
ဒကာတစ်ယောက် ရောက်လာ၏။ ပြုံးပြုံးရွှင်ရွှင် ဖြစ်၏။ ကျောင်းသို့ ပွဲလမ်းတစ်ခုခုအတွက် လာသူဖြစ်ဟန်တူ၏။ မတွေ့ဖူး၊ တစ်ယောက်အကြောင်း တစ်ယောက်မသိ။

          “ အရှင်ဘုရား၊ ကျောင်းက မြန်မာကျောင်းလား”
         “ မြန်မာကျောင်းကားမဟုတ်၊ ဗုဒ္ဓဘာသာကျောင်းမျှသာ ဖြစ်၏။ လူမျိုး၏ အမည်မရှိသင့်၊ ကျဉ်း၏။”

          ထိုဒကာ၏ ပျော်ရွှင်မှု ရာခိုင်နှုံး (၃၅) လျော့ကျသွား၏။
          သူက ဆက်မေး၏။

          “ ကြားရတယ်။ အရှင်ဘုရားက တိပိဋကဓရဆို”



        “ မဟုတ်။ ဤမျှမစွမ်း။ ပိဋကတ်သုံးပုံ စီဒီကားရှိ၏။ ထို့ကြောင့် တိပိဋကဓရဟု မခေါ်နိုင်သော်လည်း တိပိဋက စီဒီဓရဟု ခေါ်နိုင်၏” ( လူများအတွက်၊ ဓရ- ဆောင်)

            ထိုဒကာ၏ ပျော်ရွှင်မှု နောက်ထပ် (၃၅) ရာခိုင်နှုံး လျော့ကျသွားပြန်၏။

      သူ့ထံ မရှိမဲ့ရှိမဲ့ ကျန်နေသော ပျော်ရွှင်မှု (၃၀) ရာခိုင်နှုံးဖြင့် နောက်ထပ်မေးခွန်း မေးပြန်၏။ သူကြိုးစား၏။ သူကြိုးစားမှန်းလည်း သိ၏။

          “ ဒါဆို အရှင်ဘုရားက ဒေါက်တာပေါ့နော်”
          “ မဟုတ်၊ ဤမျှမစွမ်း ယနေ့တိုင် လူနာသာ ဖြစ်ဆဲ ဖြစ်၏။”

          ထိုဒကာ၏ ပျော်ရွှင်မှုအားလုံး ကုန်သွားပြီ ဖြစ်၏။ ဘာကြောင့် ဤသို့ ပြောနိုင်သနည်း ဟူမူ နောက် ထပ်မေးခွန်း မမေးနိုင်တော့သောကြောင့်ပင်တည်း။ သူစိတ်ညစ်သွား၏။ ရဟန်းလည်း မပျော်ပါ။ ဤရဟန်းမျိုးနှင့် စကားဆက်ပြောရန် အကြောင်းမရှိတော့ဟု နောက်ကျစွာ၊ နောင်တရစွာ သိလိုက်ရလေ ဟန်တူသည်။

      မိမိ၏ အယူအဆသည် “နက်” ၏။ ကောင်းသော နက်ခြင်းကားမဟုတ်၊ အဝီစိကဲ့သို့ နက်နေခြင်းတည်း။ မတတ်နိုင်။ ဘဝကား လေး၏။ လေးပြီးသားဘဝ၌ အက်ဂျစ်တစ် များ ကျောပိုး အိတ်ထဲထည့်ပြီး ခရီးမသွားချင်။ ဘာမှ မဟုတ်၊ ကိလေသာဆယ်ပါး နဂိုရင်းအတိုင်း ရှိသေး၏။ မထိရသေး။ အက်ဂျစ်တစ်ကိုကား သိပ်အက်ပီတိုက် မဖြစ်။ ဤမျှသာ။

          ခန္ဓာငါးပါး၏ဝန်သည် အလေးဆုံးဟု မိမိအကြည်ညိုဆုံး ဂေါတမဗုဒ္ဓဘုရားရှင်က ဟောခဲ့၏။ ဘယ်သုတ်မှာ ဟောခဲ့မှန်းတော့ မသေချာ။ စီဒီတွင် အလွယ်တကူ ရှာနိုင်၏။ ယုံချင်သူများ ပို၍ ယုံချင်အောင် လုပ်ပြနိုင်၏။ မလိုဟု ထင်သည်။ ခန္ဓာဝန်သည် လေး၏။ ဝဖီးသော ခန္ဓာသည် ပို၍လေးဟန်ရှိ၏။ ရောဂါပို၍ ထူပြောတတ်သောကြောင့် ဖြစ်၏။ မယုံကြည်သူများ ကတ္တားပေါ်တင်၍ မိမိကိုယ်ကို မိမိချိန်ကြည့်နိုင်၏။ ခန္ဓာဝန်သည် လေး၏။ လုံလောက်ပြီ။ ဘယ်ဘွတ်အုပ်၊ ဘယ်သုတ်မှ မလိုတော့။ သူများကို ပြောလျှင်တော့လိုမည်။ ကိုယ်သိဖို့တော့ စကားလုံးမလို။ လေး၏။ သိ၏။ ပို၍ လေးလေးလာ၏။ ထို့ကြောင့် နံနက်တိုင်း လမ်းလျှောက်ဖြစ်၏။ မဆိုးလှ။ အနည်းငယ် ပေါ့၏။ အပျင်းထူလျှင် လေးလာပြန်၏။

             ခန္ဓာလေးခြင်းနှင့် ပျင်းရိခြင်းသည် အီကွဲဖြစ်၏။ ပို၍ ပျင်းလျှင် ပိုလေးမည်။

          နောက်တစ်နေရာ၌ အကြည်ညိုဆုံး ဂေါတမဗုဒ္ဓက ဟောပြန်၏။ ဆာလောင်မွတ်သိပ်ခြင်းသည် အဆိုးရွားဆုံး ရောဂါဟူ၍ ဖြစ်၏။ မှန်၏။ ဘယ်သုတ်မှာ ဟောခဲ့မှန်းတော့ မသိ။ သိသူများကလည်း (ကျေးဇူးပြု၍) ထောက်မပြစေချင်။ သီဟနာဒ၌ ပိဋကတ်သုံးပုံ စီဒီရှိ၏။ မလို၍ မရှာတော့။ လိုလျှင် ရှာမည်။

       ဤဒေသနာကို ကိုရင်စဝတ်သောနေ့ကပင် ကျကျနနသိခဲ့ခြင်း ဖြစ်၏။ ဆာလောင်မွတ်သိပ်ခြင်းသည် အလွန်ဆိုးရွားသော ဝေဒနာဖြစ်၏။ စကားလုံး မလို။ ဂေါတမဗုဒ္ဓဟု သုံးခဲ့ရခြင်းကိုလည်း ပြောချင်၏။ ဘုရားအဆူဆူ ပွင့်တော်မူခဲ့ပြီးပြီဟု စာပေ၌လာ၏။ ကိုယ်တိုင်မူ မသိ။ ဤဘုရားကို ကိုယ်တိုင်တော့ မဖူးတွေ့ခဲ့ရ။ မိုက်လုံးထွား၏။ သို့သော် ဤဘုရားရှင်၏ အဆုံးအမများကို သင်ရ၏။ ကြည်ညိုရ၏။

         ရိုးရိုးသားသား ပြောအံ့။ ဘုရားရှင်ခြင်း တူပင်တူသော်ငြား ဤဂေါတမဗုဒ္ဓဘုရားကို ပို၍ ကြည်ညို၏။ ပို၍ လေးစား၏။ မတတ်နိုင်။ မိမိသည် ပုထုဇဉ် အရိုင်းတုံးမျှသာရှိဆဲ။ ကိလေသာ (၁၀) ပါး မူရင်း အော်ရီဂျင်နယ်အတိုင်းရှိဆဲ။ ရိုးသားတော့ ရိုးသားချင်သည်။ ဤဂေါတမဗုဒ္ဓကို ပို၍ ကြည်ညိုသည်။ ဤစကားကြောင့် ငရဲသွားရမည်ဆိုလျှင် သွားချင်၏။ ရိုးသားသူတို့၏ ငရဲ။ (ကိုရဲ၊ မရဲတို့ ဝင်ဝင်မရှုပ်စေချင်)

          လယ်တီဆရာတော်ကြီးကို-
          ၁။ လယ်တီဆရာတော် ဘုရားကြီးဟုပင်ခေါ်ချင်သည်။
          ၂။ ဒေါက်တာ ဉာဏ  ဟု မခေါ်ချင်။
          ဤစကားကြောင့် ငရဲသွားရမည်ဆိုလျှင် သွားချင်၏။

          ထို့ကြောင့် မိမိ၏ ယုံကြည်မှုတစ်ချို့သည် “ နက်” ၏။ ကောင်းသော နက်ခြင်းကား မဟုတ်။ အဝီစီကဲ့သို့ နက်ခြင်းတည်း။ မတတ်နိုင်၊ ခပ်တိမ်တိမ်တော့ မဖြစ်ချင်။ ခပ်ပေါပေါ မဖြစ်ချင်။

          စာရေးပြီးအဆုံး၌ ပြုံးလိုက်သည်။ ထိုအပြုံးကား ဆာကတ်စတစ် အသံလေးပါ၏။ မတတ်နိုင် ပြုံးလိုက်မိပြီ။ တောင်းပန်ပါ၏၊အစ်ကို ညီတို့……။




သီဟနာဒ
 
















Copyright © 2011 ကမ်းလက်. All rights reserved.

Post a Comment