Apprecition (ကျေနပ်ဝမ်းမြောက်မှု)
ပါဠိလို မောဒနာဟာ တစ်စုံတစ်ရာ တစ်ယောက်ယောက်ရဲ့ကောင်းကွက်ကို ကြည့်ပြီး ပျော်ရွှင်ရတဲ့ ဝမ်းမြောက်မှုတစ်မျိုးပါ။ အပြုသဘောဆောင်တဲ့စိတ်ဓာတ်ဖြစ်ပြီး ကျေးဇူးတရား၊ မုဒိတာတရားတွေနဲ့  အနီးကပ် ဆက်ဆံမှုရှိပါတယ်။ ဝမ်းမြောက်ဝမ်းသာဖြစ်စေတဲ့အပြင် ကိုယ့်စိတ်တို့ ကိုလည်း တက်ကြွလာစေပါတယ်။
                ဘုရားရှင်က အချက်လေးချက်နဲ့  ရှင်းပြတော်မူတယ်။
                ၁။ ကိုယ့်ရဲ့ အားသာချက်
                ၂။ သူတစ်ပါးရဲ့ အားသာချက်
                ၃။ လူသားတစ်ယောက်အဖြစ် ဖွားမြင်ခဲ့ရခြင်း
               ကိုယ့်အားနည်းချက်တွေကို ထိမ်းသိမ်းရာမှာ ဒီဓမ္မနဲ့  လက်တွေ့ ကျင့်သုံးကျော်လွှားနိုင်ပါတယ်။ ဒါ့အပြင် အားငယ်စိတ်တွေကို ကျော်ဖြတ်ဖို့  ကိုယ့်ရဲ့ကိုယ်ကျင့်သီလကို ပြန်လှန်သုံးသပ်မိဖို့  ဘုရားရှင်က ဆုံးမတော်မူပါတယ်။ (သီလာနုဿတိ) လူက တစ်ခါတစ်ခါ ဒါကို မေ့နေတတ်တယ်။
            ဒီဘဝမှာလည်း ကျေနပ်
            နောင်ဘဝမှာလည်း ကျေနပ်
            နှစ်ဘဝလုံးမှာလည်း ကျေနပ်
            ကောင်းမှုတွေကို ပြုမိ၊ စဉ်းစားသုံးသပ်မိသူတွေဟာ နှစ်ဘဝလုံးကျေနပ်
            (Dhp.16)
            အေးငြိမ်းမှုကို မြင်ရ၊ ကြားရတဲ့အခါ၊ သူတစ်ပါးတွေရဲ့ ကြင်နာမှု၊ ကောင်းမှုတွေကို စဉ်းစားမိတဲ့အခါ ဒီအခါတွေမှာ ကိုယ်တိုင်လည်း ကျေနပ်မှု၊ အားကျမှု စတဲ့ခံစားချက်တွေနဲ့  ပြည့်နှက်နေတတ်ပါတယ်။ တကယ် သဒ္ဓါတရားနဲ့ ပြည့်စုံတဲ့သူတစ်ယောက်ဆိုရင် သူတစ်ပါးရဲ့ ဒီလို ဂုဏ်ပုဒ်တွေကို ကြည့်ရင် “ငါလည်းပဲ သာရိပုတ္တ အရှင်၊ မောဂ္ဂလာအရှင်၊ ခေမာအရှင်၊ ဟတ္ထက ဥပါသကာ၊ ဥဇ           ဥပါသိကာ တို့ ကို ဖြစ်ချင်လိုက်တာလို့ ” အားကျမှုတွေလည်း ဖြစ်စေနိုင်တယ်လို့  ဘုရားရှင်က မိန့် မှာပါတယ်။ (A.1, 88)
လူထု၊ အဖွဲ့အစည်းနဲ့ စည်းပွားရေး (၂) - The New China
လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်
By  Lee Kuan Yew
ဘာကြောင့် တရုတ်ပြည်မှာ အိုင်ဖုန်း မတည်ထွင်နိုင်တာလဲ။ တည်ထွင် ဆန်းသစ်မှုစွမ်းရည်ကို လွတ်လွတ်လပ်လပ်ဖွင့်ပေးပြီး ဒါတွေကိုတွန်းအားပေးမယ် အသိပညာပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုဥပဒေတို့၊ စီးပွားရေးမူတို့က လုံလုံလောက်လောက် ရှိမနေလို့ပဲ။ တရုတ်ပြည်ရဲ့သမိုင်းအရ သူတို့ဟာ တည်ထွင်ဖန်တီးမှုစွမ်းရည်ရှိသူတွေလို့ ကျွန်တော်တို့သိရတယ်။ ဒါပေမယ်လို့ ____
(လီကွမ်းယု)
original img link
တရုတ်ပြည်ဟာ အရည်အချင်းမီမီ တိုးတက်လာဖို့နဲ့ ဒီနေ့ကမ္ဘာ့ထိပ်သီးနိုင်ငံတွေရဲ့ နည်းပညာနဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုမှာ အားပြိုင်လာနိုင်လိမ့်မယ်ဆိုတဲ့အပေါ်မှာ ကျွန်တော် သံသယမဖြစ်မိပါဘူး။ အခု လက်ရှိအချိန်မှာတင်ပဲ သူတို့ဟာ ထိပ်ဆုံးမှာရှိနေတဲ့ အမေရိကန်တွေရဲ့ အာကာသပညာနဲ့ စစ်နဲ့ဆိုင်တဲ့ နည်းပညာရပ်ဆိုင်ရာတွေမှာ အားပြိုင်လာနေတာ တွေ့ရပါတယ်။ သူတို့စီးပွားရေးစွမ်းအင်ဟာ စနစ်တကျရှိတဲ့ အခြေခံ အပြည်ပြည်ဆိုင်ရာစွမ်းအားအပေါ်မှာ မူတည်နေပါတယ်။ ဒီအဆင့်ကိုကျော်သွားပြီဆိုရင်တော့ တဖြည်းဖြည်းနဲ့ ၀ယ်ယူသူတွေအလိုရှိနေတဲ့ ပစ္စည်းတွေကို ထုတ်လုပ်နိုင်လာပါလိမ့်မယ်။ ဒါပေမဲ့လက်ရှိမှာ တော့သူတို့ထုတ်လုပ်နိုင်မှုစကေးက အောက်ဆုံးမှာရှိနေပါသေးတယ်။ စီးပွားရေးကတော့ တိုးတက်လာပါရဲ့၊ ဒါပေမဲ့ GPS စစ်စတန်လို ရော့ကက်လိုဟာမျိုးတွေကို မထုတ်လုပ်နိုင်ဘဲ အမေရိကကို မှီခိုနေရမယ်ဆိုရင် ဘယ်လိုမှ သူတို့နဲ့ ယှဉ်ပြိုင်နိုင်မယ်မဟုတ်ဘူး။ အာကာသသုတေသနတို့ GPS စစ်စတန်တို့ဆိုတာတွေက စီးပွားရေးတိုးတက်မှုကို အထောက်အကူမပြုပေမဲ့ သူတို့ရှိနေရင် ကိုယ့်စီးပွားရေးကို ဘယ်သူကမှ စစ်အင်အား သုံးပြီး မဟန့်တားနိုင်တော့ဘူး။
တရုတ်ပြည်ရဲ့စီးပွားရေးတိုးတက်လာမှုကို ဘယ်နိုင်ငံကမှ တားဆီးနိုင်မှာ မဟုတ်ဘူး။ လမ်းကြောင်းလွဲ ချော်မှုသာ မဖြစ်ခဲ့ဘူးဆိုရင် လာမယ့်ဆယ်စုနှစ်များစွာ ပုံမှန်တိုးတက်နေမှာပါပဲ။ ဒါပေမဲ့ အရေးကြီးတဲ့ ပြည်တွင်းရေးပြဿနာတွေ တော်တော်များများ သူတို့မှာရှိနေတယ်။ အစိုးရအနေနဲ့ ဒါတွေကိုကိုင်တွယ်ဖို့ စွမ်းအင်တွေ၊ အချိန်တွေနဲ့ အခြားအကြောင်းတရားတွေ အများကြီးသုံးစွဲရလိမ့်မယ်။ ဖြစ်နိုင်ခြေပြဿနာတွေ ထဲက တစ်ခုခုများ ပေါက်ထွက်လာမယ်ဆိုရင် စီးပွားရေးအကြီးအကျယ် အကျပ်ရိုက်မှု၊ လူထုမငြိမ်သက်မှုတွေ ဖြစ်လာနိုင်တယ်။ ဆူပူမှုကို ထိမ်းထားလိုက်နိုင်တယ်ဆိုဦးတော့ အကန့်အသက်နဲ့သာ ထိမ်းထားလို့ရနိုင်မယ်။
ဘာကြောင့်လဲ။ ဥပမာ- ဘာကြောင့် တရုတ်ပြည်မှာ အိုင်ဖုန်း မတည်ထွင်နိုင်တာလဲ။ တည်ထွင် ဆန်းသစ်မှုစွမ်းရည်ကို လွတ်လွတ်လပ်လပ်ဖွင့်ပေးပြီး ဒါတွေကိုတွန်းအားပေးမယ် အသိပညာပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုဥပဒေတို့၊ စီးပွားရေးမူတို့က လုံလုံလောက်လောက် ရှိမနေလို့ပဲ။ တရုတ်ပြည်ရဲ့သမိုင်းအရ သူတို့ဟာ တည်ထွင်ဖန်တီးမှုစွမ်းရည်ရှိသူတွေလို့ ကျွန်တော်တို့သိရတယ်။ ဒါပေမယ်လို့ ပြည်တွင်းကစိန်ခေါ်မှုတွေကို အကျိုးအကြောင်းသင့်သင့်ကိုင်တွယ်ဖို့ လက်ရှိခေါင်းဆောင်တွေမှာ စိတ်ဓာတ်ရောယှဉ်ပြိုင်မှုပါ အလုံအ လောက်ရှိနေတယ်လို့ အကောင်းမြင်ဖက်က ရှုမြင်မိပါတယ်။ တရုတ်ပြည်ရဲ့ (၃၅)နှစ်ကျော် ပြုပြင်ပြောင်းလဲ ခြင်းနဲ့ တံခါးဖွင့်ဝါဒကျင့်သုံးခြင်းကာလကို ပြန်ကြည့်ရင် သူတို့ရဲ့ပေါ်လစီအမှားတွေကို ပြန်လှန်သုံးသပ်နိုင် တယ်။ ပြဿနာကို မကြီးထွားခင်က ဖြေရှင်းနိုင်တယ်ဆိုတဲ့ အချက်တွေကို ကျွန်တော်တို့ တွေ့မြင်ရပါတယ်။
တစ်မြို့နဲ့တစ်မြို့ သိပ်မဝေးလှတဲ့မြို့ကြီးတွေမှာ ပုံစံတူပရောဂျက်တွေ သူတို့ချခဲ့ကြသေးတယ်။ ရှင်ကျန့်(Shenzhen)၊ ကျုဟိုင်(Zhuhai)၊ ဟောင်ကောင်နဲ့ မကာအိုမြို့တွေမှာ နီးနီးကပ်ကပ် လေယာဉ်ကွင်း ကြီးတွေ တည်ဆောက်ခဲ့ကြတယ်။ အဲဒါတွေက အခြေအနေကို သူတို့ကောင်းကောင်း မကိုင်တွယ်နိုင်ခင်က ဖြစ်ခဲ့တာ။ အဲဒီအချိန်က မြို့တော်ဝန်တွေက သူတို့မြို့တွေ ဘယ်လောက်တိုးတက်လာတယ် ဆိုတာကိုသာ စဉ်းစားပြီး ဒီပရောဂျက်တွေဟာ ရေရှည်ခံပါ့မလားဆိုတာ မသုံးသပ်နိုင်ခင်ကာလကပါပဲ။ ရေရှည်မှာ အကျိုးများ လာမယ့် ပရောဂျက်တွေကို အာရုံစိုက်ရမယ့်အစား ရေတိုဖြစ်တဲ့ တစ်ဦးချင်းဝင်ငွေတိုးပွားမှုကိုပဲ အာရုံစိုက်ခဲ့လို့ ကြုံတွေ့ခဲ့ရတာတွေ ဖြစ်ပါတယ်။ ဒါတွေရဲ့ အကျိုးဆက်တွေကတော့ သဘာ၀၀န်းကျင်ကို ဂရုမစိုက်၊ ရေရှည် အစီအမံတွေကို အလေးမမူ ဖြစ်ခဲ့ခြင်းပါ။ အခုတော့ သူတို့ ဒီအမှားတွေကို ပြင်ဆင်နေကြပါပြီ။
ဒီကနေ ရှေ့ဆက်သွားတော့ ဖြစ်နိုင်ခြေရှိတဲ့ ပြည်တွင်းတင်းမာမှုက ပင်လယ်ကမ်းခြေမြို့တော်များနဲ့ ကုန်းမြေမှာရှိတဲ့ မြို့တော်ကလူတွေရဲ့ ၀င်ငွေကွာဟမှု ပြဿနာပါပဲ။ ပင်လယ်ကမ်းခြေ မြို့တော်တွေရဲ့ တိုး တက်လာမှုနှုန်းက ကုန်းမြေပေါ်ကမြို့တွေထက် အနည်းဆုံးသုံးပုံတစ်ပုံလောက် ပိုမြန်နေတယ်။ ရင်းနှီးမြှုပ်နှံမှု တွေက ကမ်းခြေမြို့တွေဆီ ပိုသွားကြတော့ ဒီမြို့တွေက အလုပ်ကောင်း၊ လစာကောင်းတွေ လူနေမှုအဆင့် ပိုမြင့်မားမှုတွေကို ပေးနိုင်တယ်။ ပြီးတော့ ဒီကွာဟမှုက တိုးပွားလို့လာနေတယ်။
ဒီလောက်ကျယ်ပြန့်တဲ့ တရုတ်ပြည်ကြီးမှာ ဒီလိုမတူညီ ကွာဟမှုတွေကတော့ ရှိနေမှာအမှန်ပဲပေါ့။ တရုတ်ပြည်အနောက်ပိုင်း ပြည်နယ်တွေဟာ ပင်လယ်ကမ်းခြေက ပြည်နယ်တွေလောက် ဘယ်တော့မှ ဖွံ့ဖြိုး တိုးတက်လာမှာ မဟုတ်ဘူးလို့လည်း ယုံကြည်မိတယ်။ အမေရိကမှာလည်း ချီကာဂိုကလွဲရင် အရှေ့ပိုင်းနဲ့ အနောက်ပိုင်း ပင်လယ်ကမ်းခြေမြို့တွေဟာ အခြားကုန်းမြေမှာရှိတဲ့မြို့တွေထက် လူဦးရေပိုပြီး ထူထပ်သလို ပိုပြီးလည်းဖွံ့ဖြိုးတိုးတက်မှုရှိတယ်။ ဒါပေမဲ့ ချီကာဂိုမှာက စိန့်လော့ရင့်မြစ်(St Lawrence River)နဲ့ Great Lakes ရှိတော့ သင်္ဘောတွေ ၀င်ထွက်လို့ရတယ်။ ပထ၀ီအနေအထားအရ ပင်လယ်နဲ့နီးတဲ့ အားသာချက်ကို အလွယ် တကူကျော်တက်နိုင်ဖို့ မလွယ်ဘူး။ ဒီအပြင် တရုတ်ပြည်ရဲ့ အနောက်ပိုင်းပြည်နယ်တွေဟာ ပင်လယ်နဲ့ အလှမ်း ကွာဝေးရုံတင်မကဘူးရာသီဥတုအလွန်ပူပြင်းလှတဲ့ ခြောက်သွေ့နေတဲ့ကုန်းမြေ လေးပုံတစ်ပုံ ရှိနေပြန်သေး တယ်။ တော်တဲ့ကျောင်းသားတွေက တက္ကသိုလ်ပညာသင်ဖို့ ကမ်းခြေမြို့တွေ (သို့မဟုတ်) ပီကင်းကိုပဲ သွားကြ တယ်။ အဲဒီအချက်ဟာ တော်တော်ဆိုးဝါးတဲ့အချက်ပဲ။ အတော်ဆုံးပါမောက္ခတွေ၊ ကျောင်းဆရာတွေကလည်း ကျည်းကုန်းပြည်နယ်တွေဆီ မသွားချင်ကြဘူး။
သမ္မတဟူကျင်းတောင်ကတော့ “ညီညွတ်တဲ့ လူ့အဖွဲ့အစည်း” ဆိုတာ ဖြစ်လာအောင် အားစိုက်ခဲ့ပြီး၊ ဒီပြည်နယ်တွေ ဖွံ့ဖြိုးတိုးတက်မှု ညီမျှစေဖို့ စီမံကိန်းချမှတ်ပြီး ဆောင်ရွက် ခဲ့တယ်။ အခု သူတို့က အနောက်ပိုင်းပြည်နယ်တွေမှာ လိုအပ်တဲ့ အခြေခံအဆောက်အဦတွေကို တည်ဆောက် ပြီး စီးပွားရေးသမားတွေ အဲဒီနယ်တွေကိုလာအောင် ဆွဲဆောင်နိုင်ဖို့ ရင်းနှီးမြှုပ်နှံမှု အထူးအခွင့်အရေးတွေ ပေးနေကြတယ်။ ဒီစီမံကိန်းက လုပ်တုန်းလုပ်ဆဲပါ။ နောက်ဆုံးမှာတော့ အနောက်ပိုင်းပြည်နယ်တွေကို ကမ်း ခြေကပြည်နယ်တွေရဲ့ ဖွံ့ဖြိုးမှု ၆၀၊ ၇၀ ရာခိုင်နှုန်းလောက်ထိ လုပ်ပေးလာနိုင်ပါလိမ့်မယ်။ သူတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုက ကြွယ်ဝမှုကွာဟချက်ကြောင့် မကျေမနပ်ဖြစ်နေမယ့် ပြဿနာဟာ ထိန်းမနိုင်၊ သိမ်းမရ အခြေအနေ မျိုးအထိမရောက်အောင် ကိုင်တွယ်ဖြေရှင်းမှုပါပဲ။ တယ်လီဗွီးရှင်းတွေကလည်း ဒီပြဿနာကို ပိုပြီးကြီးထွားစေ တယ်။ ချိန်ဒူ(Chengdu)နဲ့ ယူနန်ပြည်နယ်ကလူတွေ အခုဆိုရင် ပီကင်းမြို့တော်ရဲ့ ဖွံ့ဖြိုးတိုးတက်ပုံကို တီဗွီ မှာကြည့်နေနိုင်ပြီ။ ကမ္ဘာကျော်ဆောက်လုပ်ရေး ပညာရှင်ကြီးတွေကို ခေါ်ယူပြီးဆောက်ထားတဲ့ ကြီးကျယ် ခမ်းနားလှတဲ့ အိုလံဗစ်အားကစားရုံကြီးတွေကို သူတို့တွေ့နေရပြီ။ ဒါဆိုရင် သူတို့က “ငါတို့အတွက်က ဘာလဲ၊ ငါတို့အလှည့် ဘယ်တော့ရောက်လာမှာလဲ” လို့ မေးကြတော့မယ်။
(ဆက်ရန်)
ခြင်းဝိုင်းထဲက ဖောင်းမှု ပိန်မှုများနှင့် ပိုင်ရှင်မဲ့ ပရိုက်ဘိတ်ဂျက်သုံးစင်း
ဒကာတော် မောင်ဇင်ဝေသော် စကားဖြင့် ပြောရသော် ဤတစ်ခါမှာဖြင့် ကိုယ့်ရင်ဘတ်ကို စိုက်တဲ့စား လုပ်ရပေအံ့။ သို့မှလည်း တရားရာကျပေမယ့်။ စိုက်ပါအံ့။ နာနာကျဉ်းကျဉ်စိုက်ပါအံ့။
 မန္တလေးသာသနာ့တက္ကသိုလ်၌ဖြစ်၏။
ရေထဲမှငါး ကြည်းကုန်းထက် အတင်ခံရစဉ်က ဖြစ်၏။ တနည်းဆိုရသော် စာမေးပွဲများပြီး၍ တရားထိုင်နေရသော ကာလဖြစ်၏။ စာပေနှင့် ရှုမှတ်မှုက လားလားမျှ မဆိုင် ။ ဘယ်၊ ညာ၊ ဖောင်းပိန်၊ ထိုင်၊ ထိ ၊ ပင်ပန်းလှပါဘိ။ အမှန်စေ့ဆော်သူ က သီဟနာဒ။ စေ့ဆော်မှုသည် စေတနာဖြစ်၏။
"ပင်ပန်းလှချေ၏။ ငါ့ရှင်တို့။ နေရာထိုင်လေး ခြင်းလုံးလိုလုံးပြီး ဝိုင်းခြင်းလေးများ ခတ်လိုက်ရလျှင် အလွန်လျော်ကန်ပေမယ့်။ သတိအမှတ်သာ မလွတ်စေနဲ့ပေါ့။ ညာခြေဖြင့် ခတ်သော် ညာ ဟုမှတ်၊ ဘယ်ခြေဖြင့် ခတ်သော် ဘယ် ဟုမှတ်။ ကျသွားရင် ကျသွားကြောင်း သိနေပါစေ။ "
တနင်္လာသား နှင့် သောကြာသားရဟန်းတို့ကား
“ ကောင်းပါ၏ ငါ့ရှင်။ ဘယ်နေရာမှာများ အဆင်ပြေမည်နည်း”
“သူခိုးပုန်းလိုသော် ရဲစခန်းမှူး ၊ စုံထောက်တို့ အိမ်အေး၌ ပုန်းရသကဲ့သို့ ဒုတိယနာယကချုပ်၏ ကျောင်းဆောင်ဘေး နေရာရွေးသော် လျော်ကန်အံ့" ဟုဆိုမိ၏။
များမကြာမီ တစ်ဝမ်းကွဲ ညီရဟန်းနှင့် အခြား တနင်္ဂနွေသားရဟန်းလည်း လာရောက်ပူးပေါင်းလေတော့၏။ ဝိုင်းကလေးက အတော်စည်၏။ ထို တနင်္ဂနွေသားရဟန်းသည် ထိုရေစက်ကြောင့်လားမသိ။ ယခု အတူပင်ရှိနေ၏။ အရှိန်ရလာသောအခါ ညာခြေ၊ ဘယ်ခြေ အမှတ်တွေ ကျဲလာပြီး သတိလက်လွတ်ဖြစ်ကာ အသံများ ထွက်သွားတော့၏။
ထိုအခါ ဒုတိယ နာယကချုပ်က အသံကြား၍ ဆင်းလာပြီး တွေ့သွားလေတော့၏။ သီဟနာဒ မျက်လုံးနှင့် ဒု-ချုပ်၏ မျက်လုံးတို့ကား တည့်တည့်ကြီး လမ်းကြုံလေတော့၏။ မတတ်နိုင်။ ရှေ့မျက်နှာနောက်ထား သီဟနာဒကား သတိစကားပြောပြီး လစ်လေတော့၏။ သိ၏။ သက်သေကားမရှိ။ မိတ်ဆွေရဟန်းများကလည်း ထို့အတူ လစ်ကြတော့။ ဒု-ချုပ်ကားမြင်၏။ မမိချေ။
ဓမ္မာရုံပေါ် ခြေချမှ အမှတ်ကပြန်ရသည်။ ငါ့ဖိနပ် (သို့) ပရိုက်ဘိတ်ချက်ခမျာတော့ သက်သေအဖြစ် နေရစ်ခဲ့ရရှာလေပြီ။ ထို့အတူ ညီမောင်ရဟန်းနှင့် တနင်္ဂနွေသား ရဟန်းများလည်း ပရိုက်ဗိတ် ဂျက်လေးများကို သက်သေအဖြစ် ထားခဲ့ကာ လစ်ခဲ့ရသည်ဟု သိရ၏။
သူတို့ကား ပြဿနာမရှိ။ တနင်္ဂနွေသားရဟန်းက ယမန်နေ့ကမှ ဓမ္မာရုံစောင့်ကို ဖိနပ်အဟောင်းစွန့်ခဲ့၏။ ထိုဖိနပ်ကို ပြန်၍ အလှူခံလိုက်ရုံသာ။ ညီတော်မောင်ရဟန်းကလည်း ယမန်နေ့က အဆောင်ပြန်စဉ် ပရိုက်ဗိတ်ဂျက်ကို ဓမ္မာရုံမှာ မေ့ထားခဲ့၊ အဆောင်မှ ဓမ္မာရုံလာစဉ် အခြား ပရိုက်ဗိတ်ဂျက်ကို စီးခဲ့သဖြင့် ကွက်တိကျ၏။ အခြားနှစ်ပါးကား ပရိုက်ဗိတ်ဂျက်များ အတူပါလာကြ၏။ ပြဿနာကား သီဟနာဒတည်း။ ဤသည်ကား မိတ်ဆွေရဟန်းများ မိမိအပေါ် တွေးပူခြင်းတည်း။
မကြာပါ။ သုံးမိနစ်ခန့်သာထင်၏။ သံချောင်းခေါက်၏။ ဓမ္မာရုံကိုပိတ်၏။ အဝင်အထွက်မရှိရ။ တစ်နာရီ တရားထိုင်။ မည်သို့ အရေးယူသင့်ကြောင်း နာယကချုပ်နှင့် တိုင်ပင်ကြတော့၏။ သူတို့ထံ၌ ဖိနပ်သုံးရံရှိ၏။ အဆောင်ပြန်၍ ဖိနပ်ယူချိန်မရှိ။ တစ်နာရီပြည့်သော် နာယကများစေ့ငှစွာ စောင့်ကြပ်၍ တစ်ပါးချင်းစီထွက်ရတော့၏။ နာယကချုပ်နှင့် ဒု-ချုပ်တို့ကား ပို၍အရေးကြီးသော ပရိုက်ဗိတ်ဂျက်များ စီထားရာ၌ရှိ၏။ နာယကချုပ်က မိမိဖိနပ်ကိုသာ မိမိစီးကြဖို့ သြဝါဒ စကားအတန်တန်မှာကြားတော်မူ၏။ ဖိနပ်မရှိသော ရဟန်းတော် ခြင်းတောင်းထဲမှ ဖိနပ်ကို ယူ၍ စီးလော့ဟုလည်းမိန့်၏။ မှန်၏။ ခြင်းတောင်းလေးထဲ၌ ဖိနပ်သုံးရန်ရှိ၏။
သီဟနာဒထွက်သော် ပါချုပ်ဆရာတော်က
" ဟဲ့ သီဟနာဒ၊ ကိုယ့်ဖိနပ်ကိုယ်စီး" ဟု ပြုံးပြုံးကြီး မိန့်၏။
"မှန်လှပါ။ ဖိနပ်နံပါတ် (၁၁) ၊ တပည့်တော် ဖိနပ် ဧကန်ဖြစ်ပါ၏" ဟုလျောက်ထား၍ ခပ်တည်တည်ပင်ထွက်ခဲ့၏။
အတိုချုပ်ဆိုရသော် ရဟန်းတော်များအားလုံး ကုန်ပြီ။ ဖိနပ်ကိုယ်စီလည်းရှိကြ၏။ သို့ဖြစ်လျှင် ခြင်းတောင်းထဲမှ ရဟန်းတော်စီး ဖိနပ်များကား မည်သူပိုင်ဆိုင်သော ဖိနပ်များနည်း။ ပါချုပ်၊ ဒုချုပ်နှင့် နာယက များစဉ်းစားမရဖြစ်ကြတော့၏။ အလွန်လျင်သော ရဟန်းငယ်များတည်း။ အဆောင်ကို ပြန်က အနည်းဆုံးဆယ်မိနစ်တော့ကြာမည်။ ယခု သုံးမိနစ်အတွင်း ဖိနပ်တွေ ရီပလေ့(စ်) လုပ်ကြ၏။
အခြားဖိနပ် နှစ်ရံကို ပြောခဲ့ပြီ။ သီဟနာဒ ဖိနပ်ရပုံသာ ပြောရန်ရှိတော့၏။ ဓမ္မာရုံပေါ်ရောက်လျင်ရောက်ချင်း ပရိုက်ဗိတ်ဂျက်ကျန်ခဲ့သည်ကို သိသော သီဟနာဒသည် ဓမ္မာရုံ ကုဋီသို့ဝင်ကာ ကုဋီထဲမှာရှိသော ဖိနပ်ကို သင်္ကန်းကြားမှာ ဝှက်ပြီး မိမိ ဖိနပ်ချွတ်ရမည့်နေရာသို့ ရောက်အောင် စက္ကန့်ပိုင်းအတွင်း လှုပ်ရှားလိုက်ခြင်းတည်း။
ထို့ကြောင့် ဖိနပ်ဖြင့် သူခိုးဖမ်းရန်ကြံသော နာယကချုပ်ဆရာတော်နှင့် ဆရာတော်များအားလုံး လက်မှိုင်ချရတော့၏။
သို့သော် ထိုဆရာတော်များကလည်း ကြီးရာမှ ငယ်သည်မဟုတ်။ ငယ်ရာမှ ကြီးလာကြခြင်းသာ။ ထို့ကြောင့် ဖိနပ်ဖြင့် ဖမ်းမရသော် နေရာထိုင်ဖြင့် ဖမ်းအံ့ဟု နေရာထိုင်ကို ကြည့်သော် ဂျပန်လိုရေးထားသော သောကြာသားရဟန်း၏ ဘွဲ့ကို တွေ့လေတော့သည်။ ကံဆိုး၏။ အကြွားသန်သော ထိုသောကြာသားကြောင့် ပိပိရိရိလှုပ်ရှားခဲ့သမျှ သဲထဲရေသွန်ဖြစ်ရတော့၏။
အဆောင်ပြန်ရောက်၍ မိမိတို့ဖြစ်အင်ကို မိတ်ဆွေရဟန်းများအား သတင်းစာ ရှင်းလင်းပွဲလုပ်နေစဉ် ပါချုပ်ထံမှ ခေါ်စာ သောကြာသားထံရောက်လာတော့၏။ သောကြာသားသွား၍ မကြာမီ တနင်္လာသားကိုပါ ခေါ်ပြန်လေ၏။ သီဟနာဒလည်း မရယ်နိုင်တော့။ များမကြာမီ ညီတော်ရဟန်းနှင့် တနင်္ဂနွေသားရဟန်းကိုလည်း ခေါ်ပြန်၏။ ထို၌ ဒု-ချုပ်ဆရာတော်က သောကြာသားကို
" မင်းဖော်တာ မစုံသေးဘူး "
" စုံပြီဟု ထင်ပါ၏ဘုရား " (စုံပြီဟု မလျောက်၊ ထင်၏ ဟုသာလျောက်၏)
" မစုံသေး၊ ငါ့မျက်လုံးဖြင့် မြင်လိုက်ရသော အရပ်ရှည်ရှည်၊ မျက်မှန်ဝိုင်းဝိုင်းနှင့် ရဟန်းမပါသေး၊ ထိုရဟန်းကား မဟုတ်မဟတ်နေရာတွင် ရှေ့တန်းကရှိလှ၏။ ဖော်လော့။ မဖော့်သော် သင်တို့အားလုံးကို နှင်ထုတ်အံ့ " ဒု-ချုပ်ကမိန့်၏။
(သီဟနာဒကို မဖော်ကြခြင်းကား ပါချုပါဆရာတော်သည် သီဟနာဒ၏ဆရာ ဖြစ်နေသောကြောင့်တည်း ။ ဆရာတပည့်ရင်းနှီးမှုကလည်း နီးနီးကပ်ကပ်ရှိ၏။ )
မရတော့ချေ။ ဖော်ရလေတော့၏။ သီဟနာဒရောက်သော် ထိုဒု-ချုပ်ဆရာတော်က စုံချေပြီ။ ဤငါးပါးသာတည်းဟု ဆို၏။ သဘောထားကြီးတော်မူသော ပါချုပ်ဆရာတော်က အမိန့်တော်ချ၏။
၁။ သင်တို့သည် နိုင်ငံခြား သာသနာပြု ရွေးခြယ်ရာတွင် မပါဝင်တော့။
၂။ ယနေ့မှ စ၍ ဓမ္မာရုံမှန်တံခါး အပြင်ပင်မထွက်ရ။ ထွက်သော် တက္ကသိုလ်မှ နှင်ထုတ်ပြီးသား ဟူ၍မှတ် ပင်တည်း။
(စင်္ကာပူမှ ပြန်ရောက်ပြီး ရွာမှာ အလှူကြီးပေးစဉ် နိုင်ငံခြား သာသနာပြုရွေးရာတွင် သင်တို့ မပါတော့ဆိုသည့် ချစ်ခင်ရိုသေရပါသော ပါချုပ်ဆရာတော်ကို ရွာအထိ ပင့်သွားခဲ့၏။ လိုက်လည်းလိုက်တော်မူရှာ၏။ လွမ်းမိပါ၏ ဆရာအရှင်။ )
မှန်တံခါး အပြင်ကို မထွက်ရဆိုသော် ရေသောက်ဖို့ပင် ခက်တော့၏။ ရေအိုးများက အပြင်မှာတည်း။ သို့သော် ထိုသောကြာသားနှင့် သီဟနာဒတို့က နိုင်ငံခြားသားမိတ်ဆွေများ ပေါကြ၏။ ထိုမိတ်ဆွေတို့က ထိုထိုဤဤ ပြစ်ဒဏ်ကို ရယ်မောကြပြီ။ သို့ဖြစ်လျှင် ပူတော်မမူကြပါနှင့်။ ဆဲဗင်းအပ်၊ ပက်(ပ်)စီ၊ အလိုရှိရာ ဘုဉ်းနိုင်ဖို့ ဓမ္မာရုံအထိ ရောက်အောင် ဆောင်ပေးပါမည်ဟု ဆိုကြကာ လှူကြသဖြင့် တရားထိုင်ခန်းမှာပင် ဘယ်ဘက်မှာ ပက်(ပ်)စီ၊ ညာဘက်မှာ ဆဲဗင်းအပ် ၊ မထပ်အောင်ပင်ရှိတော့၏။
ပါချုပ်၏ အမိန့်တော်က မှန်တံခါး အပြင်မထွက်ရသာဖြစ်၏။ ဖျော်ရည်ဗူး များယူမလာရဟုမပါ။ သို့သော် ဆရာ့ဆရာများ မျက်လုံးစပါးမွှေးစူးရန်ကား ဖြစ်ခဲ့၏။ ထိုစဉ်က ဆဲဗင်းအပ် ၊ ပက်(ပ)စီသည် ယခုလောက် မပေါသေး။
အတိုချုပ်ရသော် ဤသို့ဖြင့် တရားစခန်းပြီးသွား၏။
စာမေးပွဲပြီး၍ ခရီးထွက်ရန် ပါချုပ်ကို သွားကန်တော့စဉ်….
" သီဟနာဒ၊ မင်း ဖိနပ် ဘယ်ကရတာလည်း အမှန်ဖြေ " ဟုမေး၏ ။
“ ကုဋီထဲက ရပါသည် ဘုရား “
“ ကုဋီထဲက ဖိနပ်က ငါကိုယ်တိုင် ထည့်ထားတာ မင်းတို့ စစ်တော့ ငါထည့်ထားတဲ့ ဖိနပ်ကို ငါမေ့နေလို့ မင်းလွတ်သွားတာ “
“ ကျေးဇူးကြီးလှပါ၏ ဘုရား “
“ ပြီးတော့မှ ဒီဖိနပ်ကို သတိရပြီး သွားရှာတာ ဖိနပ်က သူ့နေရာသူရောက်နေပြန်ရော ။ မင်းလက်ချက်ဆိုတာ ငါသိတယ်။ မိသာမမိလိုက်တာ “
“မှန်ပါ။ အဆောင်ရောက်ရောက်ခြင်း ဓမ္မာရုံစောင့်ကို စီးသွားဖို့ပြောပြီး ကုဋီထဲမှာ ချွတ်ထားခဲ့ဖို့ ငါးမိနစ်အတွင်းခိုင်းလိုက်တာပါဘုရား “
“ နောက်မလုပ်နဲ့ ၊ သွားတော့ “ ဟု မိန့်လေတော့သည်။
နောက်မလုပ်နဲ့ ဆိုသော်လည်း နားမထောင်ခဲ့သော တပည့်မိုက်အတွက် အကြိမ်ကြိမ် စိတ်ရှည်တော် မူခဲ့ရသော ဆရာသည်ကို ရိုကျိုးဦးခိုက်လိုက်ရပါ၏။
မန္တလေးကြီးရဟန်း မလုပ်တတ်တာ သိပ်မရှိ။ မလုပ်ချင်တာသာရှိ၏။ ယခု ခြင်းမခတ်တော့။ ခြင်းလုံးဝယ်ပြီး မလှူကြရန် မေတ္တာရပ်ခံလို၏။
( ပါချုပ်ဆရာတော် ဦးသုစာရိန္ဒာလင်္ကာရအား ဤစာဖြင့် ဦးခိုက်ပါ၏။ စကားချပ်)
 သီဟနာဒ
(12-Nov-2011)
(images from internet)
နွားပြာကြီးကြောင့် ပွဲပျက်တဲ့ ပန်းချီဆုပေးပွဲ
ညီမလေး…ရေ
တစ်ခါက ပန်းချီပညာရှင်တွေ စုဝေးပြီး ပန်းချီကားဆု ပေးဖို့လုပ်ခဲ့ကြသတဲ့။ သူတို့ ပထမဆုပေးဖို့ ဆုံးဖြတ်ထားတဲ့ ပန်းချီကားက နွားနှစ်ကောင် ဝှေ့နေတဲ့ကား တဲ့ကွဲ့။ နွားတစ်ကောင်က ရှုံးလို့ ထွက်ပြေးတဲ့ပုံပါ။ ဒီတော့ ကောင်လေးက နွားပြာကြီးကို ပန်းချီဆုပေးပွဲသွားလားလို့မေးတယ်။ ပန်းချီဆိုတာ ပြောင်းဖူးပင် စိုစိုလားလို့တောင် နွားပြာကြီးက ငေါ့လိုက်သေးသတဲ့။ မဟုတ်ပါဘူးကွာ။ ဒါပေမယ့် ပထမဆု ရထားတဲ့ ပန်းချီကားက နွားအကြောင်းရေးထားတာကွ။ ဒါကြောင့်မင်းများစိတ်ဝင်စားမလားလို့ မေးမိတာလို့ ပြောတော့မှ…
“ဆောရီးပဲ ချစ်ကောင်လေးရာ ။ ဒါဆိုရင်တော့ စိတ်ဝင်စားတယ်” ဆိုပြီး သူတို့ ပန်းချီဆုပေးပွဲသွားကြသတဲ့။
ကောင်လေးက နွားပြာကြီးကို စီးလို့ပေါ့။ ပုလွေတစ်ချောင်းလဲပါတယ်။ ယုံချင်ယုံ၊ မယုံချင်နေ။ ကောင်လေးက ဗွန်ဂျိုဗီရဲ့ Santa Fe သီချင်းကို ပုလွေလေးနဲ့ ညည်းလို့တဲ့။ ဇော်ဝင်းထွဋ်တောင် “ကန္တာရခရီးသည်” မပွားရသေးဘူးတဲ့။
ရောက်ပြီဆိုပါတော့ကွယ်။ ပထမဆုရထားတဲ့ ပန်းချီကားက တော်တော်ကောင်းသတဲ့။ အလင်းအမှောင် ဆေးရောင်အစပ် ဘာမှ ပြောစရာမလိုဘူးတဲ့။ ဒါပေမယ့် နွားပြာကြီးက စိတ်ပျက်ပျက်နဲ့ ခေါင်းရမ်းလိုက်သတဲ့။
“မစွံလိုက်တာ ကောင်လေးရာ..”
“ အေး၊ ငါလည်းတွေ့တယ်ကွ၊ ပြောမှတော့ရမယ်” ဆိုပြီး
“လူကြီးမင်းတို့ခင်ဗျာ၊ ဒီပန်းချီကားကြီးက တော်တော်လေးကောင်းပါတယ်။ ဒါပေမယ့် နွားကျောင်းသား အမြင်မှာတော့ သဘာဝသိပ်မကျဘူးဗျာ။ ကျွန်တော့်နွားပြာကြီး ကလည်း အဓိပ္ပါယ်မရှိဘူး ပြောနေပါတယ်”
“ပေစုတ်စုတ်ကောင်က ဘာတွေလာပြောနေတာလည်း”
“ရှုံးလို့ ထွက်ပြေးတဲ့ နွားရဲ့ အမှီးက ထောင်နေလို့ပါဗျာ။ တကယ်ဆို အမှီးကုတ်ပြီး ထွက်ပြေးရတာပါ”
“ ဟေ့ကောင် မင်းဘာသိလို့လည်း။ ဒီမှာ ထိတ်ထိတ်ကြဲ ဆရာကြီးတွေ ပါတယ်။ အရူး”
သူချစ်တဲ့ ကောင်လေးကို “အရူး” လို့ပြောတော့ နွားပြာကြီးက စိတ်ဆိုးသွားသတဲ့။ ဒါနဲ့ အနီးမှာရှိတဲ့ နွားတစ်ကောင်ကို လိုက်ဝှေ့လိုက်တာ အဲဒီနွားလေး အမှီးကုပ်ပြီး ထွက်ပြေးတော့သတဲ့။ ဒီတော့မှ ပညာရှင်တွေက လက်ခံသွားကြသတဲ့။
တစ်ယောက်တစ်လေက လွဲရင်တော့ အဲဒီပညာရှင်တွေဟာ အမှန်တရားကို မြတ်နိုးကြပါတယ် တဲ့ကွဲ့။
“ကျွန်တော်တို့တော့ သွားပြီဗျာ ။ ဘယ်ပုံကို ဆုပေးမယ်ဆိုတာကတော့ လူကြီးမင်းတို့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပါ” ဆိုပြီး နွားပြာကြီးကို စီးပြီး ပြန်သွားသတဲ့။ သူတို့ကို ကြည့်ပြီးမနာလို ဖြစ်နေတာက “ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်းမသိ” ဆိုတဲ့ စကားပုံတဲ့ကွဲ့။ သူက နေရာဝင်ယူမလို့ လုပ်နေတုန်း ကောင်လေးစီးလာတာက မြင်းလည်းမဟုတ် နွားကြီးလေ။ ပြီးတော့ ကောင်လေးက သူ့နွားကြီးကို အထီးမှန်း သိတာပေါ့။ စကားပုံနေရာမရဖြစ်သွားတာ။
ဒါပါပဲ ညီမလေးရယ်။ ဆရာကြီးလေသံနဲ့ ဒီပုံပြင်ရဲ့ မော်ရယ်က ဘာညာဆိုတာတွေ လုပ်မနေတော့ပါဘူး။ ပျင်းလို့။
ပြုံးဖို့ရေးတာ။ ချစ်လို့ ။ သိပ်စဉ်းစားမနေနဲ့။ မပြုံးလိုက်ရပဲနေဦးမယ်။
ကမ္ဘာ့အဆင့် ပညာရေးကို ဘယ်လိုရှာဖွေကြည့်မလဲ ( The Smartest Kids in the World)
ကမ္ဘာ့အတော်ဆုံး ကလေးများ
By Amanda Ripley
အခန်း (၃)
How to spot a world-class education
ကမ္ဘာ့အဆင့် ပညာရေးကို ဘယ်လိုရှာဖွေကြည့်မလဲ
သတင်းသမားအများစုလိုပါပဲ၊ ကျွန်မကလည်း ဇာတ်လမ်းတစ်ပုဒ်နဲ့ တစ်ပုဒ်ကို ဆက်စပ်ပေးပြီး စာဖတ် သူကိုယ်တိုင် ကောက်ချက်ချတာကို ပိုသဘောကျပါတယ်။ ဒီနည်းက နှစ်ဦးနှစ်ဖက်စလုံးအတွက် ပိုကောင်းပါ တယ်။
          ဒါပေမဲ့လို့ ကျွန်မရောက်ခဲ့တဲ့ နေရာတိုင်းမှာ တွေ့ခဲ့တဲ့ မိဘတိုင်းကတော့ သူတို့ဘ၀အတွက် တကယ် အရေးပါမယ့် ကျွန်မဆီက တိကျတဲ့အဖြေကို တောင်းတတ်ကြတယ်။ စူပါမားကတ်မှာတွေ့လည်း မေးကြတယ်။ အားကစားကွင်းတွေမှာတွေ့လည်း မေးကြတယ်။
          နိုင်ငံတော်တော်များများက မိဘတိုင်းမှာပဲ ကိုယ့်ကလေးကို ဘယ်ကျောင်းမှာ ထားမယ်ဆိုတဲ့ ရွေးချယ် ခွင့် ရှိတတ်ကြပါတယ်။ ဒီဆုံးဖြတ်ချက်က သိပ်ပြီးခက်ခဲတာ မဟုတ်သလို သိပ်လည်း မလွယ် ကူလှပါဘူး။ အခု ပြောပြမှာတွေက လူတော်တော်များများ သိချင်နေတဲ့ကိစ္စအတွက် ကျွန်မ အကောင်းဆုံး ကြိုးစားဖြေဆိုလိုက် တဲ့ အဖြေတွေပါပဲ။
          ကျောင်းသားတစ်ဦးချင်းစီတိုင်းဟာ မတူကွဲပြားပါတယ်။ ဒီကျောင်းမှာ အတော်ဆုံးကျောင်းသား တစ်ယောက်ဟာ အခြားကျောင်းတစ်ကျောင်းမှာ အချာ်ဆုံးလည်း ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ကလေးအတွက် စည်းကမ်းလည်း သေ၀ပ်၊ သက်ဝင်လှုပ်ရှားမှုလည်းရှိ၊ စိတ်ဓာတ်နဲ့ပညာရေး အပြည့်အ၀ ရရှိနိုင်မယ့် ကျောင်း တစ်ကျောင်းကို ရွေးချယ်ကြရာမှာတော့ မေးစရာမေးခွန်းတွေလည်း ရှိနေပါ တယ်။
          အခု ကျွန်မပြောပြမှာတွေကတော့ ကမ္ဘာ့တိုက်ကြီးလေးတိုက်လုံးက ကျောင်းတွေကို ခြေဆန့်ပြီး ကျောင်းသားတွေ၊ ဆရာတွေ၊ မိဘတွေနဲ့ ပြောရင်း၊ နားထောင်ရင်း ကျွန်မ ရှာဖွေယူခဲ့တဲ့ ဗဟုသုတတွေကနေ ဖြန့်ဝေပေးချင်တဲ့ အခြေခံအရေးပါတဲ့ အချက်တွေဖြစ်ပါတယ်။ ကျွန်မနဲ့စကားပြောခဲ့တဲ့ ပုဂ္ဂိုလ်တွေအားလုံးဟာ ကျွန်မထက်တော်သူတွေချည်းပါပဲ။ ဒါတွေဟာ အပြည့်အစုံမဟုတ်ပေမဲ့ ဒါတွေကနေ အစပျိုးယူလို့တော့ ရပါလိမ့်မယ်။
ကျောင်းသားတွေကိုလေ့လာပါ
ကျောင်းတစ်ကျောင်းရဲ့ အခြေအနေကို သိချင်ရင် သူများဆီကရထားတဲ့ သတင်းအချက်အလက်တွေ အားလုံးကို မေ့ထားလိုက်ပါ။ ကျောင်းသား၊ ဆရာမိဘ မိတ်ဆုံစားပွဲတွေလား။ ကျောင်းရဲ့ပညာရေးနဲ့ မဆိုင် လှပါဘူး။ ကျောင်းသားတစ်ဦးချင်းစီရဲ့ အသုံးစားရိတ်တွေလား။ ဒါလည်း သိပ်မဆိုင်လှပါဘူး။ တစ်ကမ္ဘာလုံးက ကျောင်းတွေကိုကြည့်ရင် ငွေကြေးသုံးစွဲမှုဟာ ပညာရေးကောင်းမွန်လာစေရမယ်လို့ အာမခံချက် မပေးနိုင်ပါ ဘူး။ ကမ္ဘာ့အတော်ဆုံး ကျောင်းသားတွေ မွေးထုတ်ပေးလိုက်တဲ့ နိုင်ငံတိုင်းဟာ အမေရိကန်လောက် ပညာရေး စရိတ် မသုံးစွဲတဲ့ နိုင်ငံတွေချည်းပါပဲ။
ဒါဖြင့် စာသင်ခန်းရဲ့ ကျောင်းသားဦးရေ ပမာဏလား။ အလွန်ငယ်သေးတဲ့ ကလေးတွေရဲ့ စာသင်ခန်း ကလွဲရင် လူတွေထင်ထားသလောက် ဒါလည်း အရေးမပါလှပါဘူး။ အမှတ်အများဆုံးရတဲ့ နိုင်ငံတွေက စာသင် ခန်းတွေဟာ အမေရိကန်က စာသင်ခန်းတွေထက် ကြီးနေ၊ ပိုများနေတာချည်းပါပဲ။ သင်ကြားပြသမှု အရည် အသွေးဟာ စာသင်ခန်းပမာဏထက် ပိုပြီးအရေးကြီးတယ်ဆိုတာ သုတေသနတွေက ပြောပြနေပါတယ်။
စာမေးပွဲဆိုင်ရာ အချက်အလက်ကတော့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ဒါကလည်း နိုင်ငံတိုင်းရဲ့ အခြေအနေကို သုံးသပ်ဖို့ တော်တော်ခက်ခဲပါတယ်။ စာမေးပွဲစစ်ဆေးပုံ ဘယ်လောက် ကောင်းမွန် သလဲ။ ကျောင်းသားတွေ အိမ်မှာ ကိုယ်ပိုင်လေ့လာခဲ့တာအပြင် ကျောင်းရောက်ရင် ဘယ်လို အရည်သွေးတွေ ထပ်ဆောင်းပေးနိုင်မလဲ။ စသဖြင့် စသဖြင့်ပေါ့။ အမေရိကန်ရဲ့ကျောင်းတိုင်းမှာ ဒီလိုအချက်အလက်တွေ အားလုံးရှိပါတယ်။ လူသိရှင်ကြား ထုတ်ဖော်မပြတာပဲ ရှိပါတယ်။
ဒါတွေအစား ကျောင်းတစ်ကျောင်းရဲ့ အရည်အသွေးကိုသိချင်ရင် စာသင်နေချိန်မှာ မိနစ်နှစ်ဆယ် လောက် အချိန်ယူပြီး စာသင်ခန်းတွေကို လေ့လာပါ။
စာသင်ကျောင်းထဲကို ရောက်မိပြီဆိုရင် ဘယ်နေရာမှာ လေ့လာကြည့်ရမယ်ဆိုတာ အရေးကြီးပါတယ်။ ကျောင်းသားမိဘတိုင်းဟာ စာသင်ခန်းဘေးမှာရှိတတ်တဲ့ ကြော်ငြာဆိုင်းဘုတ်တွေကို ကြည့်ပြီး လေ့လာမိ တတ်ကြပါတယ်။ ဒီထက်ကောင်းတဲ့ အကြံဉာဏ်က ကျောင်းသားတွေကို ကြည့်ရှုလေ့လာပါ။
ကျောင်းသားတွေ စိတ်ဝင်စားတဲ့ ဆိုင်းဘုတ်တွေကို ဂရုစိုက်ပါ။ သူတို့ ဘာတွေလုပ်နေတတ်သလဲ။ ကြိုးစားပန်းစား ရှိရဲ့လားဆိုတာ လေ့လာပါ။ ကျောင်းစည်းကမ်းတွေဘာတွေကို ဖတ်ကြည့်မနေပါနဲ့။ ကလေး တွေ အမှန်တကယ် သင်ကြားနေချိန်ဟာ ဆရာတွေရဲ့ အခန်းကသိပ်မပါဝင်ဘဲ သူတို့အုပ်စုအချင်းချင်း ဆူညံနေတဲ့ အခိုက်အတန့်မျိုး ဖြစ်နေတတ်ပါတယ်။ အညံ့ဖျင်းဆုံး စာသင်ခန်းတချို့ဟာ လူကြီးတွေ အပန်းဖြေ တဲ့အခန်းလို တိတ်ဆိတ်ပြီး သန့်ရှင်းသပ်ရပ်နေတတ်ပါတယ်။
          စနစ်တကျရှိတဲ့စာသင်ခန်းဟာ စနစ်တကျ ရှိပုံပေါ်တယ်ဆိုတာကိုလည်း သတိရပေးပါ။ တကယ်လို့ ကျောင်းသားလေးတွေဟာ သူတို့ဖတ်စာအုပ်တွေနဲ့ အလုပ်ရှုပ်နေမယ်ဆိုရင် ဒါဟာ ကွက်လပ်ဖြည့်တာသာ ဖြစ်ပြီး လေ့လာနေကြတာ မဟုတ်ပါဘူး။ တခါတခါ ကျောင်းသားတွေ မသက်မသာ ခံစားနေရတာမျိုးလည်း ရှိသင့်ပါတယ်။ ဒါက ပြဿနာ မဟုတ်ပါဘူး။ သူတို့ကို စိတ်သာမပျက်စေပါနဲ့။ သူတို့စိတ်ပျက်ရင် သူတို့အချင်း ချင်း အကူအညီပေးနိုင်အောင် စီစဉ်ပေးတာက ပိုပြီးအလုပ်ဖြစ်ပါတယ်။ သူတို့ကို ကစားချိန်၊ ထမင်းစားချိန် တွေ အကြာကြီး ပေးမထားသင့်ပါဘူး။ သူတို့စိတ်ထဲမှာ အရေးကြီးတယ်၊ အမြန်လုပ်ရမယ်ဆိုတဲ့ အသိစိတ်ရှိ နေသင့်ပါတယ်။
          ဆရာ့အပေါ်မှာ အာရုံစိုက်နေဖို့ ကြိုးစားရမယ်။ ကမ္ဘာ့အကောင်းဆုံး စာသင်ခန်းတွေက ဆရာတချို့ဟာ နှုတ်နည်းတတ်ပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင်လည်း ဖော်ဖော်ရွေရွေလည်း ရှိနေနိုင်ပါတယ်။ ပြီးတော့ ဆရာတစ်ယောက်ဟာ ပေါကြောင်ကြောင် တောင် ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ရှင်တို့ ခဏရောက်ပြီး ဆရာ့အပေါ် မှာ ထားရှိတဲ့အမြင်ဟာ တစ်နှစ်လုံး ဆရာနဲ့အတူနေရတဲ့ ကျောင်းသားတစ်ယောက်ရဲ့ သူ့ဆရာအပေါ်ထားရှိ တဲ့ အမြင်လောက် အရေးမကြီးဘူးဆိုတာ သတိရပါ။
          ကျွန်မရောက်ခဲ့တဲ့ နိုင်ငံတိုင်းမှာ လေ့လာကြည့်ခဲ့ပါတယ်။ ကျွန်မ စာသင်ခန်းထဲဝင်အသွားမှာ ကျွန်မ ကို ကျောင်းသားတွေက ဘယ်လောက်အာရုံစိုက်သလဲ။ စာထဲမှာဝင်စားနေတဲ့ ကျောင်းသားတွေဟာ ကျွန်မကို သိပ်အာရုံမစိုက်နိုင်ပါဘူး။ သူတို့မှာ ပိုပြီး အာရုံစိုက်စရာတွေ ရှိနေပါတယ်။ ပျင်းရိငြီးငွေ့နေတဲ့ ကျောင်းသား လေးတွေကတော့ နောက်လှည့်ကြည့်ပြီး ပြုံးပြတာမျိုး၊ လက်ပြတာမျိုး၊ ကျွန်မနှာချေရင် တစ်ရှူးထုတ်ပေးတာ မျိုးအထိ လုပ်တတ်ကြပါတယ်။ သူတို့စိတ်ဟာ သင်ခန်းစာထဲကထွက်ပြေးဖို့ အကွက်ချောင်းနေကြတာမျိုးပါ။
          စာသင်ခန်းထဲမှာ ပျင်းရိနေတဲ့ကျောင်းသားတွေ နိုင်ငံတိုင်းမှာ တွေ့ရပါတယ်။ သင်ခန်းစာအပေါ် ပျင်းရိ ငြီးငွေ့ခြင်းဟာ မူလတန်းကနေ တက္ကသိုလ်အဆင့်ထိ ရှိနေပါတယ်။ အမေရိကန်က စာသင်ခန်းထဲမှာဆိုရင် ဘောလ်ပင်နဲ့ သူမလက်မောင်းပေါ်မှာ နှင်းဆီပွင့်တစ်ပွင့်ပုံ ကျကျနနရေးဆွဲနေတာကို တွေ့ခဲ့ရတယ်။ သူမလုပ် နေပုံဟာ အေးအေးဆေးဆေးနဲ့ စိတ်ရှည်လက်ရှည် ရှိလွန်းလှပါတယ်။ နောက်တစ်ယောက်ကတော့ သူ့စာသင်ခုံအောက်မှာချထားတဲ့ ခြေထောက်နှစ်ဖက်နဲ့ စိတ်ပါလက်ပါကနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ သူ့ခန္ဓာ ကိုယ်အထက်ပိုင်းကတော့ နည်းနည်းလေးမှ လှုပ်မနေပါဘူး။
          ကျွန်မ ဖင်လန်နိုင်ငံမှာ တွေ့ခဲ့ရတဲ့ ကျောင်းသားတစ်ယောက်ကတော့ သူ့နောက်မှာရှိတဲ့ ပြူတင်း ပေါက်လိုက်ကာကို စိုက်ကြည့်နေလိုက်တာ သူ့ကို တစ်နေရာရာကို သယ်ဆောင်သွားမယ့် လေထီးတစ်ခုကို ကြည့်နေသလိုမျိုးပါ။ ကိုရီးယားမှာတော့ စာသင်ခန်းထဲမှာ စိန်ပြေနပြေ အိပ်နေတတ်ကြတဲ့ ကျောင်းသားတွေ ကို တွေ့ရတယ်။ တချို့က ခုံပေါ်ခေါင်းတင်ပြီး အိပ်တယ်။ တချို့ဆိုရင် ခေါင်းအုံးတောင်ပါသေးတယ်။ ကိုရီး ယားဆိုတဲ့ နိုင်ငံက ပျင်းရင် အိပ်၊ အိပ်ပြီးရင် တစ်ညလုံး ပြန်ပြီးလေ့လာဆိုတဲ့ နိုင်ငံမျိုးပါ။
          ကျောင်းသားတွေ ပျင်းရိတယ်ဆိုရာမှာ အကြောင်းတရားတွေက မတူတတ်ကြပါဘူး။ တစ်ကျောင်းထဲ မှာရှိတဲ့ စာသင်ခန်းချင်းတောင် မတူကြပါဘူး။ အကောင်းဆုံးကျောင်းတွေမှာတော့ ပျင်းရိတယ်ဆိုတာဟာ ဖြစ်ရိုးဖြစ်စဉ်ဆိုတာထက် ချွင်းချက်လို့ပဲ မှတ်ယူရမှာပါ။ စာသင်ခန်း ငါးခန်းလောက်ကို လျှောက်ကြည့်လို့ ကျောင်းသားကိုးယောက် ဆယ်ယောက်လောက်က စာကို စိတ်မ၀င်စားတာမျိုးမဟုတ်ဘဲ တစ်ယောက်စနှစ် ယောက်စကသာ စာကို စိတ်မ၀င်စားတာဆိုရင် အဲဒီကျောင်းဟာ ရှင်တို့ကလေးကို ကျောင်းအပ်သင့်တဲ့ ကျောင်းတစ်ကျောင်းပါပဲ။
(ဆက်ရန်)
ဇင်ဝေသော်