ညီမလေး…ရေ
တစ်ခါက ပန်းချီပညာရှင်တွေ စုဝေးပြီး ပန်းချီကားဆု ပေးဖို့လုပ်ခဲ့ကြသတဲ့။ သူတို့ ပထမဆုပေးဖို့ ဆုံးဖြတ်ထားတဲ့ ပန်းချီကားက နွားနှစ်ကောင် ဝှေ့နေတဲ့ကား တဲ့ကွဲ့။ နွားတစ်ကောင်က ရှုံးလို့ ထွက်ပြေးတဲ့ပုံပါ။ ဒီတော့ ကောင်လေးက နွားပြာကြီးကို ပန်းချီဆုပေးပွဲသွားလားလို့မေးတယ်။ ပန်းချီဆိုတာ ပြောင်းဖူးပင် စိုစိုလားလို့တောင် နွားပြာကြီးက ငေါ့လိုက်သေးသတဲ့။ မဟုတ်ပါဘူးကွာ။ ဒါပေမယ့် ပထမဆု ရထားတဲ့ ပန်းချီကားက နွားအကြောင်းရေးထားတာကွ။ ဒါကြောင့်မင်းများစိတ်ဝင်စားမလားလို့ မေးမိတာလို့ ပြောတော့မှ…
“ဆောရီးပဲ ချစ်ကောင်လေးရာ ။ ဒါဆိုရင်တော့ စိတ်ဝင်စားတယ်” ဆိုပြီး သူတို့ ပန်းချီဆုပေးပွဲသွားကြသတဲ့။
ကောင်လေးက နွားပြာကြီးကို စီးလို့ပေါ့။ ပုလွေတစ်ချောင်းလဲပါတယ်။ ယုံချင်ယုံ၊ မယုံချင်နေ။ ကောင်လေးက ဗွန်ဂျိုဗီရဲ့ Santa Fe သီချင်းကို ပုလွေလေးနဲ့ ညည်းလို့တဲ့။ ဇော်ဝင်းထွဋ်တောင် “ကန္တာရခရီးသည်” မပွားရသေးဘူးတဲ့။
ရောက်ပြီဆိုပါတော့ကွယ်။ ပထမဆုရထားတဲ့ ပန်းချီကားက တော်တော်ကောင်းသတဲ့။ အလင်းအမှောင် ဆေးရောင်အစပ် ဘာမှ ပြောစရာမလိုဘူးတဲ့။ ဒါပေမယ့် နွားပြာကြီးက စိတ်ပျက်ပျက်နဲ့ ခေါင်းရမ်းလိုက်သတဲ့။
“မစွံလိုက်တာ ကောင်လေးရာ..”
“ အေး၊ ငါလည်းတွေ့တယ်ကွ၊ ပြောမှတော့ရမယ်” ဆိုပြီး
“လူကြီးမင်းတို့ခင်ဗျာ၊ ဒီပန်းချီကားကြီးက တော်တော်လေးကောင်းပါတယ်။ ဒါပေမယ့် နွားကျောင်းသား အမြင်မှာတော့ သဘာဝသိပ်မကျဘူးဗျာ။ ကျွန်တော့်နွားပြာကြီး ကလည်း အဓိပ္ပါယ်မရှိဘူး ပြောနေပါတယ်”
“ပေစုတ်စုတ်ကောင်က ဘာတွေလာပြောနေတာလည်း”
“ရှုံးလို့ ထွက်ပြေးတဲ့ နွားရဲ့ အမှီးက ထောင်နေလို့ပါဗျာ။ တကယ်ဆို အမှီးကုတ်ပြီး ထွက်ပြေးရတာပါ”
“ ဟေ့ကောင် မင်းဘာသိလို့လည်း။ ဒီမှာ ထိတ်ထိတ်ကြဲ ဆရာကြီးတွေ ပါတယ်။ အရူး”
သူချစ်တဲ့ ကောင်လေးကို “အရူး” လို့ပြောတော့ နွားပြာကြီးက စိတ်ဆိုးသွားသတဲ့။ ဒါနဲ့ အနီးမှာရှိတဲ့ နွားတစ်ကောင်ကို လိုက်ဝှေ့လိုက်တာ အဲဒီနွားလေး အမှီးကုပ်ပြီး ထွက်ပြေးတော့သတဲ့။ ဒီတော့မှ ပညာရှင်တွေက လက်ခံသွားကြသတဲ့။
တစ်ယောက်တစ်လေက လွဲရင်တော့ အဲဒီပညာရှင်တွေဟာ အမှန်တရားကို မြတ်နိုးကြပါတယ် တဲ့ကွဲ့။
“ကျွန်တော်တို့တော့ သွားပြီဗျာ ။ ဘယ်ပုံကို ဆုပေးမယ်ဆိုတာကတော့ လူကြီးမင်းတို့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပါ” ဆိုပြီး နွားပြာကြီးကို စီးပြီး ပြန်သွားသတဲ့။ သူတို့ကို ကြည့်ပြီးမနာလို ဖြစ်နေတာက “ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်းမသိ” ဆိုတဲ့ စကားပုံတဲ့ကွဲ့။ သူက နေရာဝင်ယူမလို့ လုပ်နေတုန်း ကောင်လေးစီးလာတာက မြင်းလည်းမဟုတ် နွားကြီးလေ။ ပြီးတော့ ကောင်လေးက သူ့နွားကြီးကို အထီးမှန်း သိတာပေါ့။ စကားပုံနေရာမရဖြစ်သွားတာ။
ဒါပါပဲ ညီမလေးရယ်။ ဆရာကြီးလေသံနဲ့ ဒီပုံပြင်ရဲ့ မော်ရယ်က ဘာညာဆိုတာတွေ လုပ်မနေတော့ပါဘူး။ ပျင်းလို့။
ပြုံးဖို့ရေးတာ။ ချစ်လို့ ။ သိပ်စဉ်းစားမနေနဲ့။ မပြုံးလိုက်ရပဲနေဦးမယ်။
Post a Comment