ကမ္ဘာ့အဆင့် ပညာရေးကို ဘယ်လိုရှာဖွေကြည့်မလဲ (၂) ( The Smartest Kids in the World)


ကျောင်းသားတွေနဲ့ စကားပြောပါ

          သတင်းထောက်တွေအပါအ၀င် လူတွေက ကလေးတွေကို အသိဉာဏ်နဲ့ဆိုင်တဲ့မေးခွန်းမျိုး မမေး တတ်ကြဘူး။ လူတိုင်းလိုလို အာရုံစိုက်ထားတာက ကျောင်းဆရာတွေ၊ ကျောင်းအုပ်နဲ့ ကျောင်းအဆောက်အဦ တွေကိုပါ။ ငယ်တဲ့ကျောင်းသားလေးတွေကိုကျတော့ ငယ်လွန်းလို့ နားမလည်နိုင်သေးဘူး။ နည်းနည်းကြီးလာ တဲ့ ကျောင်းသားတွေကိုတော့ ဖြေချင်စိတ်ရှိကြမှာမဟုတ်ဘူးဆိုပြီး မမေးတတ်ကြပါဘူး။ ကျွန်မအတွေ့အကြုံ အရ ပြောရရင်တော့ နှစ်ခုစလုံး တစ်ခုမှမမှန်ဘူး။ အဓိပ္ပာယ်ရှိတဲ့ မေးခွန်းကိုသာ ကိုယ်ကမေးနိုင်ရင် ကလေး တွေဟာ သူတို့ကျောင်းနဲ့ ပတ်သက်လို့ အရိုးသားဆုံး၊ အကျိုးသက်ရောက်မှုအရှိဆုံး အဖြေတွေကို ပေးနိုင် ပါတယ်။

          “ဒီဆရာကို ကြိုက်သလား”

          “ဒီကျောင်းကို ကြိုက်သလား” ဆိုတဲ့ မေးခွန်းမျိုးတော့ မမေးနဲ့ပေါ့။

ကျွန်မတို့ရုံးခန်းထဲကို အရပ်ရှည်ရှည်နဲ့ လူစိမ်းတစ်ယောက်က အပြုံးနဲ့ဝင်လာပြီး “မင်း ဘော့စ်ကို ကြိုက်သလား” လို့ မေးသလိုမျိုးပါပဲ။ ဒီလူက ငါ့ကို အလုပ်ဖြုတ်ဖို့ရောက်လာတဲ့ လူများလားလို့တောင် ကျွန်မတို့ စဉ်စားမိနေတတ်ပါသေးတယ်။ ကလေးတွေလည်း ကျွန်မတို့လိုပါပဲ။ နောက်ပြီး ဆရာတစ်ယောက်ကို သဘောကျတိုင်း သူ့ဆီကသင်ယူစရာ ရှိချင်မှရှိတတ်တာပါ။ ဒီတော့ ဒီလိုမေးခွန်းမျိုးတွေမေးခြင်းထက် တိလည်းတိကျ၊ လေးစားမှုလည်းရှိ၊ အဓိပ္ပာယ်လည်း ပိုရှိတဲ့ မေးခွန်းမျိုးမေးနိုင်ပါတယ်။

စစချင်း ကျွန်မမေးတတ်တဲ့မေးခွန်းက မင်းတို့ဒီမှာ ဘာလုပ်နေကြတာလဲ၊ ဘာအတွက်လဲ ဆိုတာပဲ ဖြစ်ပါတယ်။

ပထမမေးခွန်းကိုသာဖြေပြီး ဒုတိယမေးခွန်းကိုမဖြေတဲ့ ကျောင်းသားဘယ်နှယောက်ရှိတယ်ဆိုတာ သိရင် ရှင်တို့ အံ့သြသွားပါလိမ့်မယ်။ ဒုတိယမေးခွန်းက နှိုင်းယှဉ်ပြီး အကျိုးအကြောင်းနဲ့ ဖြေရမှာမျိုးပါ။ ကလေး တစ်ယောက် ကျောင်းအပ်လိုက်ပြီဆိုရင် ဘာအတွက် နေ့တိုင်းကျောင်းတက်ရသလဲဆိုတဲ့ အဓိပ္ပာယ် သူတို့ သိကိုသိထားစေရပါမယ်။

၂၀၁၁ ခုမှာ epic ဂိတ် ဖောင်ဒေးရှင်းက သုတေသနလုပ်တော့ တိကျတဲ့မေးခွန်းတွေကို ကလေးတွေ ဖြေတဲ့အဖြေဟာ စာမေးပွဲမှာ အမှတ်ကောင်းရဖို့အတွက် လေ့ကျင့်ပေးထားတဲ့ ပညာရှင်တွေသုံးသပ်တာထက် ပိုပြီးတိကျမှန်ကန်တယ်၊ ပိုပြီးခိုင်လုံမှုရှိတယ်ဆိုတာ အံ့သြဖွယ် တွေ့ရှိခဲ့ရပါတယ်။ သောင်းချီတဲ့ကျောင်းသား တွေကို သဘောတူ၊ မတူ မေးတဲ့ မေးခွန်းမျိုး (၃၆) မျိုးနဲ့ စမ်းသပ်မေးမြန်းခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်မတို့ကိုယ် တိုင် ကျောင်းတွေကိုသွားတဲ့အခါမှာ အဲသလို သိပ္ပံဆန်ဆန်မေးခွန်းတွေကို မေးလို့တော့ မရဘူးပေါ့။ ဒါပေမဲ့ ကျောင်းသားတွေ ကျောင်းမှာ ဘယ်လောက်လေ့လာမိသလဲဆိုတာနဲ့ပတ်သက်လို့ ဒီလိုမေးခွန်းမျိုးလေးတွေ တော့ မေးနိုင်ပါတယ်။

      ၁။           ဒီအတန်းထဲမှာ အများကြီးလေ့လာခွင့် ရခဲ့သလား။

      ၂။           ဒီအတန်းထဲက ကျောင်းသားတွေဟာ ဆရာတွေပြောဆိုဆုံးမသလို လိုက်နာကြသလား။

      ၃။           ဒီကလပ်ထဲမှာ အမြဲကြိုးစားနေရပြီး အချိန်ဖြုန်းနေတာတွေ မရှိဘူး မဟုတ်လား။

ဒီမေးခွန်းမျိုးတွေဟာ ကျောင်းသားတွေသာ ဖြေဆိုနိုင်တဲ့ မေးခွန်းတွေပါ။

တစ်ချို့ကျောင်းတွေကတော့ ဒီလိုခပ်ဆင်ဆင် သုတေသနတွေပြုလုပ်ပြီး ဆရာတွေရဲ့ အရည်အသွေး ကို မြှင့်တင်နိုင်ဖို့ ကြိုးစားနေကြတယ်။ ဒါဟာ ပညာသားပါပြီး ငွေကုန်ကြေးကျ သိပ်မရှိလှတဲ့ ချဉ်းကပ်မှု တစ်မျိုးပါ။ တကယ်လို့ ကျောင်းအုပ်(သို့မဟုတ်)ကျောင်းဆရာက ဒီနည်းကို အချိန်ပေးလေ့လာပြီး ကြိုးစား ကြည့်မယ်ဆိုရင် ဒါဟာ ကောင်းတဲ့အလားအလာလို့ ဆိုရမှာပါ။

          နောက်ပြီး ကျောင်းသားတွေကို မေးဖို့ သင့်တင့် မေးခွန်းတစ်ခု ကျန်ပါသေးတယ်။ ဒီမေးခွန်းကိုတော့ ၀ါရှင်တန်ဒီစီက ကျောင်းအုပ် ဒွမ်းဂျော်ဒန် (Dwan Jordon) ဆီက ရခဲ့တာပါ။

          “တကယ်လို့ သင်ခန်းစာကို ကောင်းကောင်းနားမလည်ဘူးဆိုရင် သင် ဘာလုပ်မလဲ” စနစ်တကျ စာသင်ခန်းထဲက ကျောင်းသားတွေဆိုရင် ဒီအဖြေကို သိကြပါတယ်။




မိဘများစကားကို နားထောင်ကြည့်ပါ

         ၂၀၁၁ ခုနှစ်တုန်းက တစ်နှစ်ကို ဒေါ်လာသုံးသောင်းလောက် ပေးနိုင်မှ ကျောင်းတက်နိုင်တဲ့ ၀ါရှင်တန် က ပုဂ္ဂလိကကျောင်းတစ်ကျောင်းကို ကျွန်မ ရောက်သွားခဲ့ပါတယ်။ ဒီကျောင်းမှာ ကျွန်မကလေးကိုထားဖို့ မတတ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ပုဂ္ဂလိကကျောင်း၊ ချာတာကျောင်းအများကြီးကို သွားရောက်လေ့လာခဲ့ပါတယ်။ ကျွန်မကလေးတွေ ဘာတွေဆုံးရှုံးလိုက်ရသလဲ (ဒီကျောင်းတွေမှာ မတက်ခဲ့ရလို့) ဆိုတာ သိချင်နေလို့ပါ။

          နေရောင်ခြည်က ဖြာကျနေတယ်၊ ခန်းမကြီးကို ကျွန်မဖြတ်လျှောက်စဉ် ဘာသာစကားမျိုးစုံနဲ့ သင်ကြား နေကြတဲ့ ကျောင်းသားလေးတွေရဲ့အသံဟာ ကျွန်မဆီကို ဖြတ်ပြေးလာကြတယ်။ ကျောင်းအုပ်ကြီးရဲ့ ရုံးခန်း စားပွဲပေါ်မှာ ကော်ဖီနဲ့ပေါင်မုန့်တွေ။ ကျွန်မတို့ မိဘတွေအတွက် ကလေးကျောင်းထားဖို့ စိတ်ကူးယဉ်အိပ်မက် ထဲက ကျောင်းမျိုးပေါ့။

          ဒါပေမဲ့ ဒီကျောင်းရောက်စဉ်မှာပဲ ထူးထူးခြားခြား ကြုံတွေ့ခဲ့ရပါတယ်။ ကျောင်းအုပ်ပြောသမျှ စကား တွေဟာ ကျွန်မအတွက် ဘာအဓိပ္ပာယ်မှ ရှာလို့မရဘူး ဖြစ်နေတယ်။ သင်ရိုးညွှန်းတန်းတွေအကြောင်း ချီးမွမ်း ခန်းတွေဖွင့်၊ ဘယ်လိုလေ့လာရေးခရီးတွေ ထွက်ရမယ်ဆိုတဲ့ ကတိစကား စသည် စုံလို့ပါပဲ။ ကျောင်းသားမိဘ တိုင်းကလည်း ခေါင်းကလေးတွေငြိမ့်လို့ ကျွန်မထင်တာကတော့ တစ်ခုခုများ ဖွင့်ပြောလိုက်မိရင် ကလေး ကျောင်းဝင်ခွင့်ကိုများ ထိခိုက်လေမလားဆိုပြီး ဘာမှမပြောဘဲ ငြိမ်နေကြတယ်လို့ ခံစားလိုက်ရမိပါ တယ်။

          အဲဒီနောက် သူ့ကလေးသုံးယောက်စလုံး ဒီကျောင်းမှာထား ထားတဲ့ မိဘတစ်ယောက်က ကျွန်မတို့ ကျောင်းလေ့လာရေး ခရီးစဉ်ကို ဦးဆောင်ပါတယ်။ သန့်ရှင်းတောက်ပနေတဲ့ ကြမ်းခင်းတွေ၊ အရောင်အသွေးစုံ ကျောင်းနံရံတွေ၊ ရွှေဘောင်တွေကွပ်ထားတဲ့ အနုပညာလက်ရာတွေ၊ ဆွဲဆောင်မှုရှိလှတဲ့ လက်ဆောင်ပစ္စည်း တွေ စတာတွေကို ကျွန်မတို့ တွေ့မြင်ကြရတယ်။ နောက်ဆုံး ကျောင်းသားမိဘတစ်ယောက်က မေးခွန်းတစ်ခု ကောက်မေးတယ်။

          “ကျောင်းတိုင်းမှာ အားနည်းချက် တစ်ခုခုတော့ ရှိကြတာချည်းပဲ၊ ဒါဆိုရင် ဒီကျောင်းရဲ့ အားနည်းချက် က ဘာလဲ”

          ကျွန်မတို့ရဲ့ ကျောင်းလမ်းညွှန် ဘာများဖြေလိုက်မလဲဆိုပြီး ကျွန်မလည်း ခေါင်းမော့ကြည့်လိုက်မိတယ်။

          “သင်္ချာကတော့ သိပ်မစွံလှဘူးလို့ ပြောရမယ်ထင်တယ်”

          ကျွန်မတော့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ ဆိုကြပါစို့ ပိုက်ဆံချမ်းသာတဲ့ လူတွေသာတက်နိုင် တဲ့ ပုဂ္ဂလိကဆေးရုံတစ်ခု၊ အဲဒီဆေးရုံရဲ့ အဓိကအားနည်းချက်က ခွဲစိတ်ကုသရာမှာ။

          အဲသလိုပါပဲ ကလေးတစ်ယောက်ကို ကျောင်းလက်မခံခင် အိုင်ကျူစစ်တမ်းကို အရင်ယူပြီးမှ ကျောင်း လက်ခံတဲ့ ဈေးကြီးကြီးကျောင်းတစ်ကျောင်းရဲ့ အားနည်းချက်က သင်္ချာ တဲ့။ ဘာများ အဓိပ္ပာယ်ရှိပါသေးသလဲ။ ကျွန်မတို့ကို လိုက်ပို့တဲ့မိဘဆိုရင် သူ့ကလေးသုံးယောက် ပညာသင်စရိတ်အတွက် တစ်နှစ်ကို ဒေါ်လာကိုး သောင်း ပေးနေရတယ်။ ဒါဆိုရင် သူမအနေနဲ့ သင်္ချာဘာသာရပ်ကို တိုးတက်ကောင်းမွန်လာစေဖို့ မတောင်း ဆိုသင့်ဘူးလား။

          ဒီနောက် ဘယ်သူကမှ ဘာမှမပြောကြတော့ဘူး။ ကျွန်မလိုပဲ အားလုံး အံ့အားသင့်သွားကြတာ ဖြစ်မှာ ပေါ့။ အဲဒီတော့မှ ကျောင်းလမ်းညွှန်က စကားဆက်တယ်။

          “ကျွန်မတော့ ဘောလုံးအသင်း ဒီထက် ပိုကောင်းလာစေချင်တာပဲ” ဒီစကားကိုကြားပြီး ကလေးမိဘ တွေ လှုပ်လှုပ်ရွရွ ပြန်ဖြစ်သွားကြပြန်တယ်။

          “တကယ်လား ရှင်ဆိုလိုတဲ့အဓိပ္ပာယ်က ဘာလဲ၊ ဒီကျောင်းမှာ ဘောလုံးအသင်း မရှိဘူးလား၊ ဘယ် အရွယ်မှာစပြီး ဘောလုံးအသင်းထဲ ၀င်ခွင့်ရတာလဲ”

စိတ်ရှုပ်တာနဲ့ ကျွန်မလည်း ကားပါကင်ဘက် ထွက်လာလိုက်မိပါတော့တယ်။ ဒါကသည်ပင် ကမ္ဘာ့လူချမ်းသာသားသမီး ကျောင်းသားလေးတွေရဲ့ သင်္ချာရမှတ်နဲ့ အမေရိကန်ကလေးတွေရဲ့ သင်္ချာရမှတ်ကို နှိုင်းယှဉ်လိုက်တော့ ကျွန်မတို့ကလေးတွေ အဆင့် (၁၈) ကို ရောက်သွားရခြင်းရဲ့အကြောင်းရင်း ဖြစ်မှာပါပဲ။ ပိုက်ဆံချမ်းသာတဲ့ မိဘတွေကိုယ်တိုင်ကတောင် ကလေးရဲ့ သင်္ချာအရည်အချင်းကို ဘောလုံးလောက် စိတ်ဝင် စားမှုမရှိကြတော့ဘူး။

          ဒီအချက်ဟာ အမေရိကနဲ့ ဖင်လန်၊ ကိုရီးယား၊ ပိုလန်နိုင်ငံတို့အကြား အဓိကခြားနားချက်ပါ။ ပညာရေး မှာ စူပါ ပါဝါဖြစ်နေတဲ့နိုင်ငံတိုင်းက မိဘတွေဟာ သူတို့ကလေးတွေရဲ့ အနာဂတ်အတွက် စနစ်ကျတဲ့ ပညာရေး ဟာ အရေးအကြီးဆုံးဆိုတာ လက်ခံသသဘောပေါက်ထားကြပါတယ်။

          ရှင်တို့ကလေးအတွက် ပထမတန်းစား ကျောင်းတစ်ကျောင်းကို ရှာဖွေနေတယ်ဆိုရင် တွေ့မိတဲ့ ကျောင်းသားမိဘတိုင်းကို ကျောင်းတွေရဲ့အားနည်းချက်က ဘာလဲဆိုတာ မေးကြည့်ကြပါ။ ဂရုတစိုက်လည်း နားထောင်ပါ။ မိဘတွေက ကျောင်းရဲ့အစီအစဉ်တွေမှာ သူတို့ တက်တက်ကြွကြွ ပါဝင်ကြတယ်ဆိုရင် ဘယ်လို ပါဝင်မှုမျိုးလဲလို့ ဆက်မေးပါ။ တကယ်တော့ အမေရိကန် မိဘတွေဟာ ဒီလိုကိစ္စမျိုးတွေမှာ တခြားပညာရေး စူပါ ပါဝါနိုင်ငံတွေက မိဘတွေထက်ပိုပြီး ပါဝင်ပတ်သက်ကြပါတယ်။ ဒါပေမဲ့ အများအားဖြင့်တော့ ကလေးရဲ့ ပညာရေးကို အထောက်အကူ မပြုလှပါဘူး။

          ရန်ပုံငွေရှာမယ်၊ ဘောလုံးပွဲတွေသွားမယ်၊ ဆရာကန်တော့ပွဲတွေ ခမ်းခမ်းနားနားလုပ်မယ် ဒါမျိုးတွေပါ။ ဒါတွေဟာ လုပ်သင့်တဲ့ ကိစ္စတွေဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ ဒါတွေနဲ့ ကလေးတွေရဲ့ ပညာရေးအဆင့်အတန်းကို မြှင့်တင်မပေးနိုင်ပါဘူး။

          တစ်ကမ္ဘာလုံးမှာပဲ ကလေးတွေရဲ့ပညာရေးအပေါ် မိဘတွေအပိုင်းက လွှမ်းမိုးမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ မိဘဆရာ အစည်းအဝေးလိုဟာမျိုးတွေဟာ ပညာရေးကို အထောက်အကူ မဖြစ်လှပါဘူး။ သုတေသနအရ ကလေးရဲ့ကျောင်းမှာ ပြုလုပ်တဲ့ကိစ္စတွေမှာ တက်တက်ကြွကြွပါဝင်တဲ့ မိဘတွေဟာ ပညာတော် တဲ့ကလေးကို မွေးထုတ်ပေးနိုင်ဖွယ် သိပ်မရှိဘူးလို့ သိရပါတယ်။ ကလေးရဲ့ ပညာရေးကို တကယ်ထိရောက် စေတဲ့ မိဘရဲ့ ပါဝင်ပူးပေါင်းမှုဟာ အိမ်မှာပါ။

          လက်ဦးဆရာလို့ သူတို့ကိုယ်သူတို့ ယုံကြည်တဲ့မိဘတွေဟာ ကလေးငယ်စဉ်ကစလို့ ကြီးလာတဲ့အထိ ကလေးရဲ့ပညာရေးကို အရိပ်တကြည့်ကြည့် ရှိနေတတ်ကြပါတယ်။ ကလေးတွေနဲ့ သူတို့ကျောင်းရဲ့ တစ်နေ့တာကိစ္စတွေ၊ အရေးကြီးတဲ့ ကမ္ဘာ့သတင်းအကြောင်းတွေ ပြောကြတယ်။ ကလေးကို အမှားတွေ့စေပြီး မှ အမှန်ရောက်အောင် လမ်းညွှန်ပေးတတ်ကြတယ်။ အလေ့အကျင့်ကောင်းတွေ ရလာအောင် ပြုစုပျိုးထောင် ပေးပြီး ကလေးတွေကိုယ်တိုင် ဆုံးဖြတ်ချက်နဲ့ လုပ်သွားနိုင်ဖို့ အားပေးကြတယ်။ တကယ်ဆိုရင် မိဘတွေ ကိုယ်တိုင်ကပင် ဆရာတစ်ပိုင်းပါ၊ စနစ်ကျတဲ့ပညာရေးကို လိုလားကြတယ်။ ကလေးသိပ်ငယ်စဉ်မှာ သူတို့က လေး ကျရှုံးတာကိုတောင် ဆန္ဒရှိတတ်ကြပါတယ်။ လက်ရှိ အလုပ်ကြိုးစားခြင်း၊ စိတ်မပျက်တတ်ခြင်း၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်း စတာတွေဟာ ကလေးရဲ့ အနာဂတ်မှာ အကျိုးရှိစေမယ့် သင်ခန်းစာ တွေဆိုတာ မိဘတွေ သဘောပေါက်ကြတယ်။

          ပညာရေးနဲ့ပတ်သက်လို့ ကမ္ဘာမှာ အတော်ဆုံးနိုင်ငံတွေက မိဘတွေအများစုက ပညာရေးမှာ စည်းစ နစ်ကြီးမှုဟာ အရေးကြီးတယ်လို့ မတူညီတဲ့ယဉ်ကျေးမှု၊ သမိုင်းတွေကြားကနေ နားလည်ထားကြပါတယ်။ ဥပမာ- ကလေးကို ဆရာက စည်းကမ်းပျက်မှုကြောင့် ခုံပေါ်တက်အရပ်ခိုင်းတာကို အမေရိကန်မိဘတွေက သဘောပေါက် နားလည်ထားသလိုမျိုးပါပဲ။

(ဆက်ရန်)

Post a Comment