လှပဆဲပန်းပွင့် နှလုံးသားများ


လင်္ကာဒီပချစ်သူကို ရေးဖွဲ့ခဲသော ဆရာ ချစ်ဦးညိုသည် ယင်း ဝတ္ထုကို သီဟိုဠ် သားများနှင့် အမှန်ထိတွေ့ဆက်ဆံခဲ့ပြီးမှ ရေးဖွဲ့ခြင်းလား၊ လဲဂျင့်ဆန်ဆန် ဒဏ္ဍာရီများကိုဖတ်ပြီး လင်္ကာဒီပချစ်သူကို မွေးဖွားလိုက်ခြင်းလား။ မသိပါ။ သို့သော် ဆရာ့ အနုပညာ၊ သမိုင်းတစ်စုံတစ်ရာတန်ဖိုးနှင့် လူထု၏ စိတ်နေစ ရိုက်တန်ဖိုးများ ဆရာချန်ထားနိုင်ခဲ့သည်ကိုမူ ကျွန်ုပ်တို့  ငြင်းမရပါ။

ရမာယနဇာတ်မှာလည်း ဗြဟ္မဏဝါဒကို ဦးစားပေးလွန်းသောစာရေးဆရာ၏ ဖွဲ့သီမှုကြောင့် သီဟိုဠ်သားတို့ ဘီလူးတစ်ပိုင်းဖြစ်ခဲ့ရပြန်သည်။ ကျွန်ုပ် ငယ် စဉ်ကသီဆိုဖူးသည့် ဂီတစာဆို မောင်ကြေးမုံ ရေးခဲ့သော "ကျောက်ဆစ်ရုပ် ထဲက ပန်းပွင့်လို နှလုံးသားနဲ့လူ" ဆိုသောစကားသည် ဗီလိန်ကို မင်းသား အဖြစ်ရေးဖွဲ့ခြင်းထက် အဓိပ္ပါယ်ပိုရှိကြောင်း ယခု နားလည်ထားနိုင်ပါသည်။ ရှစ်ရက်ခန့် သူတို့နဲ့ အတူသွား၊ အတူစားခဲ့ပြီးနောက် မပျောက်သေးသော သူတို့၏ ပန်းပွင့် နှလုံးသားကို ခံစားနားလည်ခဲ့ရသည်ဟုဆိုချင်ပါ၏။

"လူတွေက စိတ်ရှည်လွန်းတော့ ခွေးကတောင် အခွင့်အရေးယူတယ်" ပြော မိတော့ ကားသမားနှင့် ရဟန်းငယ်တို့က ရယ်ကြသည်။ ကားလမ်းပေါ် က ခွေးများက ကားလာတာမြင်ပါလျက် ခြေလှမ်းမပျက် ဣနြေ္ဒရရပင် လမ်း ကူးတတ်ကြ၏။ ကားမောင်းသူကလည်း ခွေးကို ဆူခြင်း၊ ဆဲဆိုခြင်း ဘာမှမ လုပ်၊ စိတ်ရှည်လက်ရှည် ရပ်ပေး၊ ရှောင်ပေးသည်။ တခြားနိုင်ငံတွေမှာဆို ဘယ်လိုများ နေလေမလဲဟု တွေးမိသေး၏။ သေသေချာချာပြောနိုင်သည်က သီဟိုဠ်သားတို့သည် အလွန်စိတ်ရှည်ပြီး အလွန်ဒေါသနည်းကြသည်။
အမှန် မူ မိမိတို့ ဗင်ကားမောင်းသူသည် လူငယ်လေးသာဖြစ်သည်(ကျန် ၃၉ ယောက်က ဘတ်စ်ကားစီးကြပြီး လွတ်လွတ်လပ်လပ်ရှိစေရန် မိမိအ တွက် ဗင်ကား စီစဉ်ပေးခြင်းဖြစ်သည်) ကားမောင်းရင်း အခန့်မသင့်စရာကြုံရတိုင်းလည်း တစ်စုံတစ်ရာ ရေရွတ်ဖို့ ဝေလာဝေး၊ ဒေါသဖြစ်ဟန်ပင် မတွေ့ ရ။

လူမတူလို့ (သို့) ရဟန်းတွေ ကားပေါ်မှာပါနေလို့ ဖြစ်ကောင်းဖြစ်မယ် ဟု တွေးမိသည့်အတွေးကလည်း မမှန်ကြောင်းသိလာရသည်။ ဆွမ်းစားချိန်နီးကပ်ခိုက်သူ့ကားကိုအရှိန်တင်ပြီး တောင်ဆင်းလမ်းကျဉ်းလေးမှာ သစ် ကားကြီးနှစ်စီးကို ကျော်ဖို့ကြိုးစားသည်။ မရလိုက်။ အံ့ဩစရာက လမ်း အနည်းငယ်ပိုကျယ်သောနေရာအရောက်တွင် ထို ကားကြီးနှစ်စီးက တစ်နေရာစီမှာ ဘေးကပ်ရပ်ပေးထားပြီး ကျော်တက်ခွင့်ပေးလိုက်သည်ကို ကြည်နူးစွာတွေ့မြင်လိုက်ရခြင်းဖြစ်သည်။ မိမိတို့က နောက်ခန်းမှာ ထိုင်နေ သဖြင့် ရဟန်းများ စီးလာသောကားဆိုတာလည်း ယင်း သစ်ကား ဒရိုက်ဘာ များ သိခွင့်ရကြမည်မဟုတ်။
ဤသည်မှာ သူတို့ အရိုးခံ စိတ်ရင်းဖြစ်ပုံရပါသည်။



ရန်ကုန်၊ မန္တလေး စသည့် ခရီးများကို ကားဖြင့် နှစ်ကြိမ်ခရီးထွက်ခဲ့ဖူးပါသည်။ မိမိ၏ကားမောင်းသူ၊ အခြား ကားများမောင်းသူ၊ အခန့်မသင့်တိုင်း လမ်းပေါ် က အပြန်အလှန် ဆဲဆိုကြုံးဝါးမှုများ၊ ကားပြူတွင်းကို အပြန်အလှန်ချပြီး နင် လား ငါလား စကားလုံးများ။ ကားလေးက ကျော်တက်မှာကို အနား လာမ ကပ်နဲ့ ဆိုသော လမ်းအလယ်ခေါင်က ပိတ်မောင်းနေတတ်သော ကုန်တင် ယာဉ်ကြီးများ။

သီဟိုဠ်ကို အလည်တစ်ခေါက်လောက် ရောက်ဖူးစေချင်မိ၏။

Post a Comment