သီရိလင်္ကာကို မရောက်ဖူးရခြင်းအကြောင်း


"သို့သော် ကိုယ်လုပ်နိုင်သမျှကို လုပ်မည်။ လုပ်သမျှကိုလည်း မိမိ၏ ဆရာ များကျေးဇူးကြောင့် လုပ်နိုင်သည်။ ဤခရက်ဒစ်ကို “သီရိလင်္ကာမှာ ထရိန်နင် လုပ်ခဲ့လို့” ဟူသော စကားအတွက် ခွဲမပေးချင်တော့" (သီဟနာဒ)

ဤဆောင်းပါးက ပုဂ္ဂလိကဆန်သလို သီရိလင်္ကာမှာ ပညာသင်ကြားနေကြ သည့် နောင်တော်၊ ညီတော် ရဟန်းတော်တို့နှင့် သွားပြီးငြိနေမှာကိုလည်း စိုးရိမ်နေမိသည့်အတွက် ကာလအတန်ကြာရေးချင်လျက် မရေးဖြစ်။ ရေး ပြီးသည့်တိုင်လည်း မတင်ဖြစ် ဖြစ်နေခဲ့ရသည်။ သို့သော် သီရိလင်္ကာနေ ရဟန်းအချို့နှင့် စကားပြောကြည့်ရာ သူတို့မှာလည်း ကိုယ်ခံစားရသလို ခံ စားရသူရဟန်းအချို့ရှိနေသည် ကိုတွေ့ရသည်။ ထို့ကြောင့် ရေးလိုက်မိတော့သည်။ အကယ်၍ ဤဆောင်းပါးက တစ်စုံတစ်ေ ယာက် (သို့) တစ်ခုခုကိုထိပါးစေသည်ဟုဆိုပါက တစ်ပါတည်းတောင်းပန် ထားခဲ့ချင်ပါသည်

ဤခံစားချက်အစက ဗုဒ္ဓဘာသာယဉ်ကျေးမှုပေါင်းစုံတရားပွဲတစ်ပွဲ (Dhamma Talk) မှအပြန် ကားပေါ်မှာဖြစ်သည်။ သီရိလင်္ကာဆရာတော်ကြီးတစ်ပါးက ရှေ့ခန်းမှာထိုင်ပြီး ကားမောင်းသူရှေ့နေဒကာမနှင့် စကားပြောနေကြသည်။ သူတို့ပြောနေသောအကြောင်းအရာက ထေရဝါဒ သာသနာမှာ သီရိလင်္ကာက မဏ္ဍိုင်ကျကြောင်း၊ တူတူတန်တန် အလုပ် လုပ်နေသော မြန်မာ၊ထိုင်းရဟန်းတော်များပင် အများအားဖြင့် သီရိလင်္ကာမှာ ထရိန်နင်း(ပညာသင်)ယူခဲ့ရကြောင်းတို့ပင် ဖြစ်သည်။

မှန်ပါသည်။ ထေရဝါဒ ကမ္ဘာကိုပြန့်ရာ၌သီရိလင်္ကာရဟန်းတော်များ အရေး ပါလှကြောင်း ငြင်းဆန်၍ မရပါ။ ရိုးရိုးသားသားဆိုရလျှင် သီရိလင်္ကာ ရဟ န်းတော်များ အရေးပါလှကြောင်းငြင်းဆန်၍မရပါ။ သီရိလင်္ကာရဟန်းတော် တို့က တိဗက်ရဟန်းတော်များနှင့် ဆင်ဆင်တူသည်။ သူတို့လူမျိုးအခံမရှိပဲ လူမျိုးခြားတွေထဲရောက်အောင် သာသနာပြုနိုင်စွမ်းရှိသည်။ မြန်မာပြည်ပ ဆရာတော်များတွင် ဤသို့စွမ်းသော ဆရာတော်မရှိဟု မဆိုလိုပါ။ နည်းတော့နည်းပါသည်။ ကိုယ့်လူမျိုးနဲ့ကိုယ် သာသနာပြုဆိုတာထက် သာ သနာထိန်းနေတာ များပါသည်။ လိုအပ်သည်ဟုလည်း အလေးအနက် ယုံ ကြည်ပါ၏။

မည်သို့ဖြစ်စေ 
"သီရိလင်္ကာမှာ ထရိန်နင်လုပ်ပြီးမှ တူတူတန်တန်အလုပ်လုပ်နိုင်သည်" ဆိုသော စကားကိုတော့ အောင့်သက်သက်ဖြစ်မိသည်။

ထိုအခါ ကားမောင်းနေသော ရှေ့နေဒကာမက နောက်ကိုလှည့်ပြီးမေးသည်။
“ဘန္တေရော သီရိလင်္ကာမှာ ဘယ်နှနှစ်နေခဲ့ဖူးသလဲ”
“သီရိလင်္ကာမှာ မနေဖူးပါ၊ ရောက်ပင်မရောက်ဖူးသေးပါ ” 
ဟု ဖြေလိုက်သည်။

ထိုအခါ ဆရာတော်ရော၊ ဒကာမပါအံ့သြတကြီးပုံစံဖြင့် နောက်လှည့်ကြည့်ပြီး “တကယ်ပဲ သီရိလင်္ကာမှာ ပညာသင်ခဲ့တာ မဟုတ်ဘူးလား” ဟု မယုံသလို ဆက်မေးကြသည်။ 
"တကယ်ပါ။ အခွင့်မသင့်သေးလို့ ရောက်ပင်မရောက်ဖူးသေးပါ" လို့ ဖြေလိုက်သည်။

သက္ကရာဇ် (၁၉၉၀) ခုနှစ်တွေတုံးက သီရိလင်္ကာကိုသွားဖို့ ကြိုးစား ခဲ့ဖူး သည်။ မိတ်ဆွေရဟန်းက လေယာဉ်လက်မှတ်ဖိုးရှိရင် လာသာလာခဲ့၊ ကျန် တာ သူကူညီမည်ဟု ဆိုသည်။ သို့သော် မူးစု၊ပဲစုဖြင့် လေယာဉ်လက်မှတ် ဖိုးပင် မပြည့်သည့်အတွက် မသွားခဲ့ရပါ။

မသွားနိုင်တော့သည့်အဆုံး ယောနိသော မနသိကာရဖြင့် ဤသို့သာ စိတ်ဖြေ လိုက်ရသည်။ ငါလေ့လာချင်တာက အင်္ဂလိပ်ပဲ။ သီရိလင်္ကာကိုယ် တိုင်ကလည်း အင်္ဂလိပ်စကားပြောစစ်စစ်နိုင်ငံ မဟုတ်တော့ သိပ်မထူးပါဘူး။ ကိုယ့်နိုင်ငံမှာပဲ အင်္ဂလိပ်စာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ကို သင်လည်း ရနိုင် တာပဲဟု တွေးလိုက်မိတော့သည်။ သို့ဖြင့် မန္တလေးတောင်ဝန်းကျင်နှင့် မင်းကွန်းတောင်စသည်တို့သည် မိမိ၏ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားလေ့လာ ရာ စာသင်ခန်းများ ဖြစ်လာတော့သည်။ ဝါကျအမှား၊ အသံထွက်အမှား များ ကို ပြင်ပေးခဲ့ကြသည့် နိုင်ငံခြားသားများကို ကျေးဇူးဆိုရန် ရှိသည်။ ထိုစဉ် ရှေးကုသိုလ်ထူးလှသော အရင်းနှီးဆုံးမိတ်ဆွေရဟန်းက ဗြိတိသျှေ ကာင်ဆယ်မှာ အင်္ဂလိပ်စာ ဆက်တက်မည်ဟုဆိုရာ မိမိက မတတ်နိုင်ပြန်။ ဤအကြောင်းတရားတို့သည် မိမိ၏ အင်္ဂလိပ်စာ လေ့လာရေးစိတ်ကို ခတ်နာ နာ၊ ခတ်စပ်စပ် ရိုက်ပေးလိုက်သော ကျေးဇူးရှင် ကြိမ်လုံးများ ဖြစ်ခဲ့လေသည်။

စင်္ကာပူရောက်ပြီးမှ ကြားလိုက်ရသည့်စကားကြောင့် သီရိလင်္ကာမသွားဖြစ်ခဲ့ သည်ကိုပင် ဝမ်းမြောက်သလိုလို ဖြစ်နေမိတော့သည်။ ဤသို့၊ ဤသို့သော Dhamma Talks များ ပေးနိုင်သည်မှာ သီရိလင်္ကာမှာ စာသင်ခဲ့လို့ဟု ဆိုကြ သည်။ (သီရိလင်္ကာမှာ စာမသင်ဘူးလျင် မလုပ်နိုင် ဟုဆိုလိုရာရောက်သည်)

ငယ်စဉ်ဘဝကတည်းက သင်ကြားပေးခဲ့ရှာသော၊ တက္ကသိုလ်ဘဝမှာ အတွေးအခေါ်များဖြင့် ခေါင်းကို ဖွင့်ပေးခဲ့ကြသော ဘုန်းကြီးဆရာ၊ လူ ဆရာ တို့ရသင့်သည့် ခရက်ဒစ်အားလုံး “သီရိလင်္ကာမှာ ထရိန်နင်ယူခဲ့လို့” ဟူသော စကားအောက် ရောက်သွားရပေတော့မည်။ မိမိက ကံကောင်းသည်။ ထို့ကြောင့် သီရိလင်္ကာမရောက်ဖူးလည်း အလုပ်ဖြစ်သည်ဟု ပြသခွင့် ရေ သာနေရာကိုရောက်ပြီး အလုပ်လုပ်ခွင့်လည်း ရသည်။ ကံ အကျိုးမပေးခဲ့ လျှင် ကိုယ်တိုင်လည်း လုပ်ခွင့်ရမည်မဟုတ်။ (မိမိသည် ကံကောင်းသူ စာ ရင်းတွင် မပါဝင်ပါ၊ လက်လုပ်လက်စား အတိတ်ကံသာ ရှိပါသည်။ သို့သော် တစ်ယောက်ထဲ ခေါင်းငုံ့၊ မျက်စေ့မှိတ် စွတ်လုပ်နေလျင် တစ်ခုခုတော့ ဖြစ် လာတတ်သည်)

သေသေချာချာ စဉ်းစားကြည့်လျှင် ဘာသာရေးကျမ်းစာများကို ကြေမွတ် ရာ၌ ဓမ္မာစရိယဖြင့် မြန်မာရဟန်းတိုင်း မညံကြတော့ပါ။ အင်္ဂလိပ်လို တတ် ဖို့ကလည်း သီရိလင်္ကာနေနေ၊ အမေရိကမှာပဲနေနေ ကိုယ်လုပ်မှ ကိုယ်ရ မည်။ သို့သော် သီရိလင်္ကာပညာရေးက ပို၍ခေတ်မီသည်။ ဤအချက် က ငြင်း၍မရ။ သူတို့သာသနာပြုနည်းက ခေတ်မီသည်။ ဤအချက်ကိုလည်း လက်ခံရမည်။

လက်ရှိဘဝမှာ သီရိလင်္ကာကို မရောက်ဖူးသော်လည်း သူတို့ပညာရေးစနစ်၊ သူတို့ရွတ်ဖတ်ပုံစနစ်၊ သူတို့ လူမျိုခြား ဒကာ၊ဒကာမ စည်းရုံးပုံစနစ်တို့ ကို လေ့လာရပါသည်။ မွေးစားရပါသည်။ ဒါမှ လူမျိုးခြားများအကြား အလုပ်ပို ၍ တွင်ကျယ်သည်။ သူတို့မခေလှကြောင်းသိပါသည်။

သို့သော် ကိုယ်လုပ်နိုင်သမျှကို လုပ်မည်။ လုပ်သမျှကိုလည်း မိမိ၏ ဆရာ များကျေးဇူးကြောင့် လုပ်နိုင်သည်။ ဤခရက်ဒစ်ကို “သီရိလင်္ကာမှာ ထရိန်နင် လုပ်ခဲ့လို့” ဟူသော စကားကို ခွဲမပေးချင်တော့။ ရှိသင့်သောမာနလား၊ မရှိ သင့်သောမာနလား။ အစွန်းရောက်သောမာနလား၊ အစွန်းမရောက်သော မာနလား မသိပါ။ ပေးလိုသော ကွန်မင့် ပေးစေ။

လုပ်နိုင်သမျှကိုတော့ “မြန်မာဆရာတွေ ထရိန်နင်းလုပ်ပေးလိုက်တာ” ဟူသော ခေါင်စဉ်အောက်မှာသာ ထားချင်တော့သည်။(အခြား ရဟန်းတော် များက ဤစိတ်ဓာတ်မျိုးရှိသော်လည်း မိမိလို အခွင့်အရေးမရကြဟု နားလည် သည်။) မည်သို့ပင်ဖြစ်စေ ၂၀၀၅ -ခုနှစ်က ပါဠိကောလိပ်၌ MA စာမေးပွဲရှိ သဖြင့် ပတ်ဝန်းကျင်ကလည်း ဘေးထွက်နေလို့မရအေင် ဖိအားပေးနေသဖြင့် အားလုံးနှင့် လိုက်လျောညီထွေရှိစေရန် MA တန်းကိုတော့ ဝင်ဖြေလိုက်ရေ သးသည်။ 

တစ်ကြိမ်မကပါ။ သီရိလင်္ကာ ယဉ်ကျေးမှုလွှမ်းသောနေရာဖြစ်သဖြင့် -
“အင်္ဂလိပ်စာက သီရိလင်္ကာမှာ သင်ခဲ့တာလား ”
“သီရိလင်္ကာမှာ ဘယ်နှနှစ်ကြာအောင် သီတင်းသုံးခဲ့သလဲ ” စသည့် မေးခွန်းများမေးတိုင်း.....
“ရောက်ကို မရောက်ဖူးသေးပါ။ သွားတော့ သွားရဦးမည်” ဟု ဖြေရသည်ကိုပင် အရသာရှိနေသလိုလို ဖြစ်နေသည်။

(ယခုလ ၁၉ ရက်နေ့ဆိုလျင် သီရိလင်္ကာကိုရောက်ဖူးတော့မည် ဖြစ်ပါသည်။ သီရိလင်္ကာကို မရောက်ဖူးသေးပါဟု ပြောခွင့်ရှိတော့မည်မဟုတ်။ ထို့ကြောင့် ခါတော်မှီ ဤ ဆောင်းပါးကို တင်လိုက်ရပါတော့သည်။)

သီဟနာဒ

Post a Comment