ဓမ္မဇာလ ( ဓမ္မနက် )

One : " ပထမ ဒေသနာ၊ ရီလေးတစ်ဗတီ သီအိုရီ " share link by the ဗုဒ္ဓ။

ဒုက္ခ ၊ ဒုက္ခ သမုဒယ၊ ဒုက္ခ နိရောဓ၊ ဒုက္ခ နိရောဓ ဂါမိနိ ပဋိပဒါ။
အကျဉ်းချုပ်။ ယေ ဓမ္မာ ဟေတုပ္ပဘာဝါ။ သိ၊ ပယ်၊ ဆိုက်၊ ပွား။



 
5 people like this ကောဏ္ဍည ၊ ဝပ္ပ ၊ ဘဒ္ဒိယ ၊ အဿဇိ ၊ မဟာနာမ       share 1 အဿဇိ


Two : အဿဇိ share ပထမ ဒေသနာ၊ ရီလေးတစ်ဗတီ သီအိုရီ via the ဗုဒ္ဓ။
ဥပတိဿ likes this                                                           share 1 ဥပတိဿ


Three : ဥပတိဿ share ပထမ ဒေသနာ၊ ရီလေးတစ်ဗတီ သီအိုရီ via အဿဇိ
ကောလိတ likes this                                                         share 1 အာနန္ဒ


Four : အာနန္ဒ share ပထမ ဒေသနာ၊ ရီလေးတစ်ဗတီ သီအိုရီ via ပထမ သင်္ဂါယနာ
လူ၊နတ်၊ ဗြဟ္မာများ ( too many to show here ) like this.    share ( too many to show here )

သီဟနာဒ like this.


သီဟနာဒ

လူမျိုး၊ ဘာသာစကားနဲ့ ဘာသာတရား ( ၆း ၁ )

လီကွမ်းယု ရဲ့ " Hard Truths ( to keep Singapore going " စာအုပ်ဟာ နိုင်ငံရေးအကြောင်းလို့ အများအားဖြင့် ထင်စရာ ရှိပေမယ့် ဧရိယာပေါင်း များစွာ ပါဝင်နေတာ တွေ့ရပါတယ်။ အခန်းအားဖြင့် ၁၁ ခန်းရှိပါတယ်။ ဒီနေ့ ကျနော်တို့ တင်လိုက်တဲ့ " လူမျိုး၊ ဘာသာစကားနဲ့ ဘာသာတရား " ဟာ ၆ ခုမြောက် အခန်း ဖြစ်ပါတယ်။လတ်တလော ကမ္ဘာ့ အခြေအနေနဲ့ လီကွမ်းယု စိုးရိမ်တဲ့ ဘာသာ တစ်ခုအကြောင်းလည်း ကျနော်တို့ စပ်ဟပ်ကြည့်နိုင်တာပေါ့။ ကောင်းနိုးရာရာလို့ ကျနော်ဝန်ခံခဲ့ပေမယ့် နိုကီးယား ( ဆဲလ် ဖုန်း ကုမ္ပဏီကြီး ) ကို ဂျပန် ( သို့ ) ကိုရီးယားဆဲလ် ဖုန်း ကုမ္ပဏီကြီးတွေ က ကျော်တက်လိမ့်မယ် စတဲ့ အနာဂတ် တွက်ကိန်းတွေကြောင့် ( ဒီနေ့ ဆမ်ဆောင်းက လီကွမ်းယု မှန်တယ်ဆိုတာကို အပြည့် အဝ ထောက်ခံနေပါတယ် ) လီကွမ်းယု ခေါ်ရာကို ခြေဒရွတ်ဆွဲ ပါနေရတယ် ဆိုတာကိုလည်း ဝန်ခံရမှာပါ။ အတိတ်ကို စားမြုံ့ပြန်နေရုံမက သူဖတ်ပြတဲ့ အနာဂတ် စာမျက်နှာ တချို့ကလည်း ကျော်လွှားသွားဖို့ လက်မရဲစရာပါ။ ဒီလိုနဲ့ ရာသီစာ ဖြစ်နေတဲ့ " လူမျိုး၊ ဘာသာစကားနဲ့ ဘာသာတရား " အခန်း ၆ ကို ကျော်လိုက်မိကြပါတယ်။

ကမ်းလက်

မေး ။     ။ မစ္စတာလီရဲ့ လူမျိုးပေါင်းစုံ စုပေါင်းညီညွတ်စွာ နေထိုင်ရေးမူဝါဒဟာ (၄၅) နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်လာတဲ့ စင်ကာပူရဲ့ အခြေခံအုတ်မြစ်ပါပဲ။ စင်ကာပူရဲ့ လွတ်လပ်ရေးရတဲ့နေ့ ၁၉၆၅- ခု၊ သြဂုတ်လ ၉ ရက်နေ့က ပြောခဲ့တဲ့မိန့်ခွန်းထဲမှာ စင်ကာပူဟာ မလေးရှားမဟုတ်၊ ချိုင်းနား (တရုတ်) မဟုတ်၊ အိန္ဒိယမဟုတ်လို့ ကြေငြာအသိပေးခဲ့တယ်နော်။ နောက်ကို ပြန်လှည့်ကြည့်ရင် ဒီလမ်းစဉ်ပေါ်မှာ အောင်မြင်မှုရအောင် ဘယ်လိုအစချီခဲ့ရသလဲဆိုတာ ပြောပြပေးပါလား။

ဖြေ ။    ။ မွတ်ဆလင်အဖွဲ့အစည်းတွေနဲ့ အတိုက်အခံမဖြစ်ချင်ပေမယ့် ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ရတယ်။ အစ်စလမ်တွေ မများလာခင်အထိ ငါတို့နိုင်ငံဟာ အေးအေးချမ်းချမ်းပဲ တိုးတက်လာခဲ့တယ်။ ဘာကြောင့်များလဲလို့ ငါ့အမြင်ကိုမေးရင်- ဒီပြင်လူတွေက အချင်းချင်းရောနှောလို့ရတယ်။ မိတ်ဆွေဖွဲ့လို့ရတယ်။ အပြန်အလှန် အိမ်ထောင်ပြုလို့ရတယ်။ အိန္ဒိယန်းနဲ့ တရုတ်၊ တရုတ်နဲ့ အိန္ဒိယန်း သူတို့အချင်းချင်း ဆက်ဆံနှီးနှောရတာ ပိုလွယ်တယ်။ မွတ်ဆလင်တွေနဲ့ကျတော့ အဲသလိုမဟုတ်ဘူး။ အဲဒါ အာရပ်နိုင်ငံတွေက မွတ်စလင်တွေကြောင့်ပဲ။

မင်းက မွတ်ဆလင်ကို လက်ထပ်ချင်ရင် မင်းကိုယ်တိုင်လည်း မွတ်ဆလင်လုပ်ရ၊ ဖြစ်ရမယ်။ ဒါကြီးက မွတ်ဆလင်ဘာသာဝင်မဟုတ်သူတစ်ယောက်အတွက် အတော်ခက်တဲ့ ကိစ္စကြီးပဲ။ ဆိုလိုတာက လိုက်(ဖ်) စတိုင်တွေ အကုန်လုံးပြောင်းရတာ။ မင်းဗလီတက်မယ်ဆိုရင် အာရပ်ဘာသာ သင်ရတယ်။ ရွတ်ရ၊ ဖတ်ရတာကလည်း အာရပ်လို။ အစားအစာတောင်မှ အာရပ်ပုံစံ။ ဒါက ကျော်လွှားဖို့ တော်တော်ခက်တဲ့ကိစ္စလို့ ငါမြင်တယ်။

ရာဇာရတနန်ရဲ့ အိုင်ဒီယိုလော်ဂျီကို ငါမွေးစားခဲ့တာ။ ဒီအခက်အခဲက ဆယ်စုနှစ်များစွာကြာတာတောင် ကျော်ဖြတ်နိုင်ဖို့ မလွယ်ကူလှဘူးဆိုတာ ငါကောင်းကောင်း သဘောပေါက်ခဲ့တယ်။ အခုလက်ရှိအဖွဲ့ကို မရရအောင် တဖြည်းဖြည်းချင်း ငါတို့စည်းရုံးယူခဲ့ရတာ။

လက်ရှိအခြေအနေအရ ငါပြောမယ်။ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်မဆို အလွယ်တကူ နှီးနှောနေထိုင်လို့ရတယ်။ အစ်စလမ်ကလွဲရင်။

မေး ။     ။ စင်ကာပူမှာ မွတ်ဆလင်တွေရှိနေတာက စင်ကာပူရဲ့ လူမျိုးပေါင်းစုံ ညီညွတ်စွာနေထိုင်ရေးအတွက် အဟန့်အတားဖြစ်နေတယ်လို့ ဆိုလိုတာလား။

ဖြေ ။    ။ ငါ ဒီလိုမဆိုလိုပါဘူး။ မွတ်ဆလင်တွေကြောင့် လူမှုရေးပြဿနာတွေတက်တာမျိုး မရှိပါဘူး။ သူတို့က သီးသန့်ခပ်ဝေးဝေးက နေတတ်ကြတယ်။

ငါ့ခေတ်တုန်းက ငါနဲ့အတူလက်တွဲပြီးလုပ်ခဲ့ကြတဲ့ Othman Wok တို့ Rahim Ishak တို့ရှိတယ်။ သူတို့ ဘာသာရေးပြဿနာတွေ ဆွဲသွင်းမလာခင်အထိ အေးအေးဆေးဆေးပဲ။ ဘီယာအတူတူသောက်ကြတယ်။ စည်းရုံးရေးတွေ အတူတူဆင်းကြတယ်။ ရွေးကောက်ပွဲ အတူတူဝင်ကြတယ်။ အတူတူစားကြတယ်။

အဲဒီမှာ သူတို့ကမေးတယ် “ ပန်းကန်ပြားက သန့်ရှင်းသလား” တဲ့။ ငါကပြောတယ်။ အားလုံးအတူတူ ဆေးကြောထားတာပဲလို့။ ငါဆိုလိုတာက သူတို့ကစပြီး ခွဲခြားလာတာ။ ငါတို့က ဒါကိုယုံကြည်ကိုးကွယ်တယ်။ မင်းက မယုံကြည်၊ မကိုးကွယ်ဘူး။ ဒါမျိုး။ ရောဂါပိုးမွှားနဲ့ ပတ်သက်ရင်တော့ ဟုတ်ပါတယ်။ သူတို့မေးတဲ့ သန့်ရှင်းသလားဆိုတာက ရောဂါပိုးမွှားကိစ္စကို ပြောတာမဟုတ်ဘူး။ သူတို့ ဘာသာရေးဆိုင်ရာ ဝန်ခံကတိပြုချက်တွေကို ပြောတာ။ ဒါမျိုးတွေက ငါလိုက်လုပ်လို့မရတဲ့ကိစ္စတွေ။

မေး ။     ။ အတူတကွ လက်တွဲသွားကြဖို့ မွတ်ဆလင်တွေဖက်က ဘာတွေလိုက်လျောဖို့လိုမလဲ။

ဖြေ ။    ။ ဘာသာရေး အယူသီးတာတွေကို လျှော့။ “ အိုကေ၊ ငါတို့ အတူတူပဲစားမယ်” ဆိုတာမျိုး ဖြစ်ပါစေပေါ့။

မေး ။     ။ ထမင်းအတူတူမစားဘဲ တခြားပေါင်းစည်းလို့ ရနိုင်တဲ့နည်းတွေ ရှိနေတာပဲ မဟုတ်လား။

ဖြေ ။    ။ မလေးမဟုတ်သူ၊ မွတ်ဆလင်မဟုတ်သူတွေရဲ့ တုန့်ပြန်မှုတွေကို ငါပြောပြမယ်။ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ အနားယူသွားတဲ့ ဝန်ကြီးတွေအတွက် ဂုဏ်ပြုနှုတ်ဆက်ညစာ ငါကျွေးတယ်။ ဝန်ကြီးဘဝကနေ အနားယူပြီးဖြစ်တဲ့ Othman Wok ကိုလည်း ဖိတ်တယ်။ သူက ငါ့စားပွဲမှာ။ အထူးစီစဉ်ထားတဲ့ စားစရာတွေ သူ့အတွက်လာချတာကို ငါတွေ့လိုက်တယ်။ ဒါနဲ့ ငါက “Othman မင်းက အထူးစီစဉ်ပေးဖို့ မှာထားတာလား” လို့မေးတော့ သူက “ မဟုတ်ပါဘူး” တဲ့။

ဒါနဲ့ ငါက ထမင်းပွဲလာချတဲ့လူကို “မင်းက ဘာကြောင့် သူ့အတွက် အထူးစီစဉ်ပေးတာလဲ၊ သူက ငါစားသလို မစားနိုင်ဘူးလား။ ဒီမှာ ဝက်သားမှ မပါတာပဲ” လို့မေးတယ်။

“ဝန်ကြီးချုပ်ခင်ဗျား၊ မွတ်ဆလင်တွေဟာ မွတ်ဆလင်အစားအစာပဲ စားရပါတယ်။ အဲသလိုမဟုတ်ရင် မကျေမချမ်းဖြစ်စရာတွေ အများကြီးရှိပါတယ်” တဲ့။

မေး ။     ။ သူ့ထမင်းကိုပဲ သူစားတဲ့အတွက် မစ္စတာလီကို အတိုက်အခံလုပ်တယ်လို့ ထင်မိလို့လား။

ဖြေ ။    ။ မထင်ပါဘူး။ ငါခံစားလိုက်ရတာက ကမ္ဘာကြီးက ပြောင်းလဲနေတယ်။ ငါ့သူငယ်ချင်းလည်း ပြောင်းလဲသွားပြီ။ ဆယ်စုနှစ်များစွာ သူနဲ့ငါက မိတ်ဆွေရင်းတွေ။ သူက ၁၉၅၀၊ ၆၀ ၊ ၇၀- ခုတွေမှာ ငါနဲ့အတူတူ လက်တွဲပြီး စည်းရုံးရေးဆင်းလာတဲ့လူ၊ အခု သူပြောင်းလဲသွားပြီ။ ဒါလောက်ပါပဲ။ ကောင်းမကောင်းကို ငါပြောနေတာမဟုတ်ဘူး။ ငါဆိုလိုတာက လူထုရှေ့မှာဆို သူ့မှာ ဖိအားတွေက အများကြီးပဲလို့ပြောတာ။

ငါက Telok Kurau အင်္ဂလိပ်ကျောင်းမှာ တက်ခဲ့တာ။ မလေးသူငယ်ချင်းတွေ အများကြီးရှိခဲ့တယ်။ ရပ်ဖဲ(လ်) ကျောင်းမှာလည်း အတူတူပဲ။ တစ်ချို့မလေးသူငယ်ချင်းတွေက ရပ်ဖဲ(လ်) ကို ဆက်တက်ကြတယ်။ ကျောင်းသားဘဝတစ်လျှောက်လုံး ဒီလိုပဲဖြတ်သန်းလာခဲ့ကြတာပဲ။ မလေးအစားအစာတွေ ငါတို့အတူတူ ကျောင်းဘေးကဆိုင်ကနေ ဒီလိုပဲဝယ်စားလာကြတာ။

အဲဒီတုန်းက ကျောင်းကဖွင့်တဲ့ဆိုင်တွေ မရှိသေးဘူး။ အိမ်ကနေ နှစ်ဆင့်ယူလာပြီး nasi lemak ဝယ်စားကြရတာ။ အဲဒီမှာ ကွေ့တျောင်(Kway teow) ရောင်းတဲ့လူလည်းရှိတယ်။
*** (Nasi lemak- မလေးအစားအစာတစ်မျိုး ၊ Kway teow- တရုတ်အစားအစာတစ်မျိုး)

အခုဆို ကျောင်းတွေ၊ တက္ကသိုလ်တွေကိုသွားကြည့်၊ မွတ်ဆလင်တွေ စားလို့ရတဲ့အသား၊ စားလို့မရတဲ့အသားတွေ ကွဲနေပြီး (halal and non-halal) စားရင်လည်း အတူတူတွဲထိုင်ပြီး မစားကြဘူး။ ဒါတွေကြောင့် လူမှုရေးအကွဲအပြဲတွေ ဖြစ်ကုန်မှာ။ ဒါတွေနဲ့ပတ်သက်လို့ အမှားအမှန်ကို ဝေဖန်နေတာမဟုတ်ဘူး။ ငါဆိုလိုတာက ဘာသာရေးကိုလိုက်နာတယ်ဆိုပေမယ့် ပြန်ပေးရမယ့်ကိစ္စတွေက အများကြီးဖြစ်နေတယ်။ ဒါကြောင့် အစ္စလာမ်ဟာ သီးသန့်ကြီးဖြစ်နေတယ်လို့ ပြောတာ။

မေး ။     ။ နိုင်ငံတော်တည်ဆောက်ရာမှာ တကယ့်အဟန့်အတားကြီး ဖြစ်နေသလား။

ဖြေ ။    ။ SAF ထဲမှာ အစားအစာနှစ်မျိုး စီစဉ်ပေးနေရတယ်။ ဆိုပါတော့၊ စစ်ပွဲကိုထွက်မယ်၊ ထမင်းခွဲပြီးစား၊ ကျည်ဆန်တွေက ဘေးမှာ ပလူပျံ။ ဘယ်လိုလဲ။ တို့ဖြစ်အောင်တော့ ကြည့်စီစဉ်နိုင်ပါတယ်။ အခုပဲ မင်းက မေးခွန်းမေးတယ်။ သီအိုရီဆန်တဲ့ မေးခွန်း။ ငါက လက်တွေ့ဦးဆောင်ခဲ့ရတဲ့ ကောင်။ နောက်လူငယ်ခေါင်းဆောင်တွေဆိုရင် ဒီထက်ကွဲပြားတဲ့ လူမှုရေးတွေကို ဖြေရှင်းကြရဦးမှာ။ ထမင်းနှစ်မျိုး၊ ဘာနှစ်မျိုး၊ ညာနှစ်မျိုး စသဖြင့်ပေါ့။ ဘာတတ်နိုင်မှာတုန်း။ အဲဒါက ဘဝပဲဟာကို။

စင်ကာပူထဲဝင်လာတဲ့ နိုင်ငံခြားသားတွေကိုကြည့်။ မလေးလူမျိုး၊ အင်ဒိုနီးရှားလူမျိုးတွေ သိပ်မရှိဘူး။ သူတို့က စင်ကာပူဟာ အစ္စလာမ်ဘာသာမဟုတ်တဲ့ နိုင်ငံလို့မြင်ထားကြတယ်။ ဒီတော့ အထူးအခွင့်အရေးတွေလည်း မရတော့ဘူးပေါ့။ ဒါနဲ့ တို့က အာရပ်တွေ လာအောင်လုပ်တယ်။ ဒီကောင်တွေက လူချမ်းသာတွေ။ သူတို့ ဒီလိုရောက်လာရင် မလေးမိန်းကလေးတွေကို လက်ထပ်ကြတယ်။ သိပ်တော့ မများလှဘူး။

ဒီတော့ ရလဒ်က အိန္ဒိယန်းတွေက မလေးလူဦးရေကို လိုက်လာနေတယ်။ (၇) ရာခိုင်နှုံးကနေ (၉) ရာခိုင်နှုန်းအထိရှိလာတယ်။ မလေးက (၁၄- ၁၅) ရာခိုင်နှုန်းလာက်ရှိမယ်။

မေး ။     ။ မလေးတွေရဲ့ ကလေးမွေးဖွားနှုန်း ဒီလောက်မြင့်နေတာတောင် စင်ကာပူမှာ အဲသလိုဖြစ်နေသလား။

ဖြေ ။    ။ ဝင်ရောက်နေထိုင်တဲ့ နိုင်ငံခြားသားဦးရေက ကလေးမွေးဖွားနှုံးကို ကျော်တက်နေတယ်။ အရည်အချင်းရှိတဲ့ အိန္ဒိယန်းတွေ တို့ဆီတော်တော်များများ ရောက်လာနေတယ်။ အိန္ဒိယတောင်ပိုင်းက လူငယ်ပညာတတ်တွေ အများကြီးပဲ။ သူတို့က အများအားဖြင့် အဆင့်ရှိတဲ့ တက္ကသိုလ်၊ အင်စတီကျုတွေကနေ ဘွဲ့ရသူတွေချည်းပဲ။ ဒီကိစ္စက အလေးထားကိုင်တွယ်ရမယ့်ကိစ္စတော့ ဖြစ်တာပေါ့။ အားလုံးကို မျှမျှတတ ဆက်ဆံမှရမယ်။

မွတ်ဆလင်တွေရဲ့ ဘာသာရေး၊ သူတို့အစားအစာ၊ သူတို့ ဗလီတွေရဲ့ ဘာသာရေးလုပ်ဆောင်မှုတွေနဲ့ပတ်သက်လို့ ဘာမှ ငါဝင်မစွက်ခဲ့ဘူးပါဘူး။ ကျူရှင်သင်တန်းတွေ ပေးနေကြတာအပါအဝင်ပဲ။

မေး ။     ။ စင်ကာပူက မွတ်ဆလင်နိုင်ငံကြီးတွေ ကြားထဲမှာဆိုတော့ ဒီအချက်ကလည်း အရေးကြီးတာပဲမဟုတ်လား။

ဖြေ ။    ။ ဒေသတွင်းက မွတ်ဆလင်တွေနဲ့ တို့နိုင်ငံရဲ့ မွတ်ဆလင်တွေ ဆက်ဆံရေးက လက်တွေ့ဆန်ပါတယ်။ တွေ့ကြ၊ ဆုံကြ၊ တီဗွီကြည့်ကြ။ ကျောင်းတွေမှာ သူတို့ခေါင်းစွပ်တွေက ပြောစရာကိစ္စတွေဖြစ်နေတယ်။ မလေးရှားရဲတွေတောင် ခေါင်းစွပ်တွေနဲ့ဆိုတော့ သူတို့လည်း စွပ်ရမယ်လို့ပြောကြတယ်။ အင်ဒိုနီးရှားတွေကလည်း တဖြည်းဖြည်းနဲ့ ခေါင်းတွေဖုံးလာကြပြီ။ အကုန်လုံးတော့ မဟုတ်ဘူး။ တစ်ချို့ခေါင်းဆောင်တွေ မလုပ်ကြပါဘူး။

ငါတို့ဘက်ကလည်း ရပ်တည်ချက်က ခိုင်မာမှရမယ်။ ငါကပြောတယ်။ “ ဒါက ကျောင်းဝတ်စုံမဟုတ်ဘူး။ စာသင်ခန်းရှေ့ပိုင်းမှာ နေချင်ရင် ခေါင်းမစွတ်ရဘူး။ နောက်ဖေးမှာဆိုရင်တော့ ခေါင်းစွပ်ဝတ်ချင်ဝတ်” လို့။

အဆင်ပြေအောင်တော့ တတ်နိုင်သ၍ ကြိုးစားကြတာပဲ။ ဒါပေမယ့် လူထုနဲ့ နိုင်ငံခြားသားတွေကိုတော့ တို့ကျောင်းဝတ်စုံက ဒါပဲဆိုတာ သိသွားစေချင်တယ်။ ဒါမျိုးတွေ လာလုပ်လို့မရဘူး။ ဒီမှာ အလုပ်လုပ်မယ်။ ဒါဆိုရင် သူများဝတ်သလိုပဲ ဝတ်၊ သူများလို မဝတ်နိုင်ရင် နောက်ဖေးက ကွန်ပြူတာမှာ သွားလုပ်။ ဟိုတုန်းက မရှိခဲ့ဘူးတဲ့ပြဿနာတွေ အခုဒီမှာ အများကြီးပဲ။

ဘာကြောင့်လဲဆိုတော့၊ ငါတို့က သူတို့အကြောင်းပိုသိနေလို့။
ဟိုးနှစ်ပေါင်းရာချီစဉ်က အစ္စလာမ်ဆိုတာ အာရပ်ကုန်သည်တွေသယ်လာလို့ ဒီကိုရောက်လာတာ။ ဒီရောက်ဖို့ သုံးလေးလကြာကောင်းကြာမယ်။ ဒီရောက်လာပြီးတဲ့နောက် သူတို့အလေ့အကျင့်တွေကို ဟိုမှာထားခဲ့ပြီး ဒီမှာရှိတဲ့လူတွေနဲ့ အတူတူပေါင်းပြီး နေထိုင်လာခဲ့ကြတာ။

မေး ။     ။ အစီအစဉ်တစ်ချို့ကိုတော့ အစိုးရကစပြီး ကျင့်သုံးနေတယ်။ ဆိုပါတော့ HDB တိုက်မှာ လူမျိုးစုအလိုက် ကိုတာခွဲရောင်းပေးတာတို့၊ အဖွဲ့လိုက် မဲဆန္ဒနယ်တွေကို ဆင်းတာတို့ပေါ့။ အနာဂတ်မှာ အကွဲအပြဲတွေ ဖြစ်လာမယ်လို့မြင်မိသလား။ ဘယ်အချိန်လောက်မှာ ဖြစ်နိုင်မလဲ။

ဖြေ ။    ။ လာမယ့် ၁၀ နှစ်၊ အနှစ် ၂၀- ကို ကြိုမပြောတတ်ဘူး။ ဖြစ်မယ်လို့တော့ မထင်ဘူး။


ဇင်ဝေသော်

ဂျူး လူမျိုးများ နှင့် ဗုဒ္ဓဘာသာ

ကမ္ဘာ့ ဗုဒ္ဓဘာသာကို ကြည့်ရင် ဗုဒ္ဓဘာသာ ပြန့်ပွားရေးမှာ အဓိက ကျတဲ့ ပုဂ္ဂိုလ်တွေဟာ ဂျူးလူမျိုးတွေ ဖြစ်နေတာတာတွေ့ရပါတယ်။ ဂျူးဗုဒ္ဓဘာသာပညာရှင်တွေ။ ဂျူးရဟန်းတော်တွေ ဂျူးသီလရှင်တွေ၊ မက်ဒီတေးရှင်း သင်တန်း ပေးနေသူတွေ၊ အများ အပြားရှိပြီး ဒီနေ့ ခေတ်မီတဲ့ ပါဠိ သဒ္ဒါတွေဟာ ( ဂျာမန် ) ဂျူးဗုဒ္ဓဘာသာပညာရှင်တွေ အများစု ရေးခဲ့တာတွေပါ။ သူတို့ ဘာကြောင့် ဗုဒ္ဓဘာသာကို ကူးပြောင်းလာတတ်ကြတာလဲ လို့ အဖြေရှာကြည့်ရာမှာ..................

ဆရာကြီး အိုင်းစတိုင်းရဲ့ ဗုဒ္ဓဘာသာ အပေါ် ထားတဲ့ အမြင်ကြောင့် ဖြစ်နိုင်သလို အခြားအကြောင်းတရားတွေလည်း ရှိနိုင်သေးကြောင်း ပညာရှင်တွေ ယူဆကြပါတယ်။ အရင်ဆုံး အသိအမှတ် ပြုရမှာကတော့ ဂျူးလူမျိုးတွေဟာ အသိပညာကို အာသာ ငန်းငန်း ရှာဖွေတတ်ကြတယ် ဆိုတာပါ။ ဘာသာရေး အရ ကြည့်ပြန်တော့ ဂျူးဘာသာက ခရစ်ယန် မဟုတ်သလို မွတ်စလင် ဘာသာနဲ့လည်း ဆက်စပ်လို့ မရပြန်ပါဘူး။

ဒီတော့ ရွေးမယ်ဆိုရင် ဗုဒ္ဓဘာသာကို ရွေးလိုက်ရုံပါပဲ။ ဗုဒ္ဓဘာသာ ဆိုတာကလည်း လူမျို၊ဘာသာစကား။ အသားအရေ၊ ဘယ်သူ့ကို မဆို တံခါးဖွင့်ပေးထားပါတယ်။ ပြီးတော့ ဂျူး အများစုဟာ ထိတ်ထိတ်ကျဲ ပညာတတ်တွေပါ။ အတွေးအခေါ်ကလည်း လွတ်လပ်ကြတယ်။ ဗုဒ္ဓဘာသာရဲ့ လူ ပဓာန ဝါဒကလည်း ဂျူးတို့ရဲ့ ရှေးဟောင်းယဉ်ကျေးမှုနဲ့ ထပ်တူကျနေပြန်တယ်။

အထူးသဖြင်တော့ ဗုဒ္ဓဘာသာရဲ့ ဝိဘဇ္ဇဝါဒဟာ ဂျူး ပညာရှင်တွေကို အသည်းခိုက်သွားစေတာ ဖြစ်မယ် လို့ ပညာရှင်တွေ ယူဆကြပါသတဲ့။ ဘာပဲပြောပြော ( ကမ္ဘာမှာ ) ပါဠိဘာသာ အကြောင်း၊ ဗုဒ္ဓဘာသာ အကြောင်း ပြောရင် ဂျူးပညာရှင်တွေရဲ့ လက်ရာတွေ မပါဘဲ ပြောလို့ကို မရပါဘူး။

မှတ်ချက်။ ကစ္စည်း သဒ္ဒါပဲ ပါဠိ သဒ္ဒါ လို့ ထင်သူတွေ အတွက် မရည်ရွယ်ပါ။
Ref: The Jew in the Lotus, Rodger Kamenetz,1995.


သီဟနာဒ

ဆန္ဒအသေများ

ဦးခင်ညွန့်ကြီး ဘုန်းကြီးဝတ်နေတာ တွေ့ရလို့ ၂၀၀၇ ခု က ရေးခဲ့တဲ့ စာမူကို အမှတ်တရ ပြန်တင်ပေးလိုက်တာ ပါ။

အပိုင်း ( ၁ )

(အလေးတွေများလာလို့ ဒီနေ့ ခပ်ပေါ့ပေါ့လေးနဲ့ စ, ပါရစေ။)
-  အမေရိက ကနေမပြန်ခင် ပဲရစ်လေးနဲ့ ရှမ်ပိန် အတူတူသောက်ပြီး နယူးယောက်မြို့ထဲကို မူးမူးနဲ့ ကားလျှောက်မောင်းချင်တယ်။
-  အင်္ဂလန်ကိုရောက်မှ မန်ချက်စတာက အိုးထရက်ဖို့(ဒ်) ကွင်းကြီးထဲမှာ ဂုရုကြီး ဖာဂူဆန်နဲ့ တစ်ယောက်ကြေး သူနိုင်ကိုယ်နိုင် ဘောလုံးကန်ချင်တယ်။
-  ပေါ်တူဂီကို ရောက်အောင်သွားပြီး မော်ရင်ညိုနဲ့လည်း စကားကြီး စကားကျယ် စကားနိုင် လုချင်သေးတယ်။
-  မသေခင် ရှာရာပိုဗာလေးနဲ့ ရုရှားဒုံးပျံအပြတ်ဝယ်ပြီး လကမ္ဘာကိုသွား၊ ရိုးလက် နာရီကြော်ညာရိုက်ရင်း တင်းနစ်တစ်ပွဲလောက် ရိုက်ချင်တယ်။
-  အတွင်းရေးမှူး (၁)ဟောင်း ဦးခင်ညွန့်ကို ဘုန်းကြီးဝတ်ခိုင်းပြီး မစိုးရိမ်တိုက်ထဲမှာ သီတင်းသုံးဖို့ပြော၊ သံဃာတွေကို ထောက်လှမ်းရေးပညာ စစ်ပညာတွေ သင်တန်းပေးစေချင်တယ်။
-  ဒီမိုကရေစီမရခင် ၂၀၀၇ခုနှစ် နှောင်းပိုင်းမှာ သန်းရွှေက နိုင်ငံတော် လူထုကို ပြောလာမဲ့ ဂန္တမြောက် မိန့်ခွန်း တစ်ပုဒ် နားထောင်ချင်သေးတယ်။
-  မုသာဝါဒကင်းတဲ့ စစ်အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲလေး တစ်ခုလောက်လည်း ဒီမိုကရေစီ မရခင် ကြုံတွေ့ဖူးချင်သေးတယ်။

ယုံချင်မှသာယုံပါ။ ဒါတွေဟာ လတ်တလော ကျွန်တော့် ရင်ခွင်မှာ ပြင်းပြဆာလောင်နေတဲ့ ဆန္ဒ စစ်စစ်တွေ ဖြစ်ပါတယ်။ ခွင့်ပြုမယ်ဆိုရင် ဒီစာကို ဖတ်ပြီး မပြုံးမိကြဖို့လည်း တောင်းပန်ချင်ပါတယ်။ မဖြစ်နိုင်တာတွေလို့လည်း မတွေးကြပါနဲ့။ စဉ်းစားကြည့်ပါ...။

နယူးယောက်လည်း ရှိပြီးသား။ ပဲရစ်ဟစ်(လ်)တန်ကလည်း ရှိပြီးသား။ ရှမ်ပိန်တွေ့ရင် ပဲရစ်လည်း မသောက်ပဲ မနေနိုင်။ သောက်လို့ မူးရင် မြို့ထဲကား ပတ်မောင်းချင်တာကလည်း သူမ ၀ါသနာ။ ကျွန်တော် ကြိုးစားဖို့ဆိုလို့ သူနဲ့ လေပေးဖြောင့်ဖို့ လောက်ပဲလိုပါတော့တယ်။ ဒါဟာ ဖြစ်နိုင်ပါတယ်။ မူးပြီး ကားလျှောက်မောင်းလို့ အဖမ်းခံရတော့လည်း သူတို့ ထောင်က အင်းစိန်၊ အိုးဘိုမှာ ရှိတာမှ မဟုတ်ပဲ။ မကျိုး၊ မပဲ့၊ ဦးနှောက်မပျက်ပဲ ထောင်ထဲက ထွက်လာလို့ ရပါတယ်။ ဇင်ဝေသော်လို ရုပ်သန့်သန့်၊ ခပ်ထက်ထက် မြန်မာလူငယ်တစ်ယောက်ကို ပဲရစ် အနေနဲ့ လက်မခံနိုင်စရာ မရှိပြန်ပါဘူး။ ထားပါတော့... သူများတွေ မနာလိုစရာတွေ။

ကျွန်တော်လို လူနဲ့ ဘောလုံးကန်ခွင့် ရတာကို ဖာဂူဆန်ကြီးကလည်း အားရ၀မ်းသာ ကြိုဆိုလာနိုင်ပါတယ်။ သူက (၆၅)နှစ်၊ ကျွန်တော်က (၃၅)နှစ်၊ သူ့လစာက တစ်နှစ်ကို ပေါင် လေးသန်းကျော်။ ကျွန်တော့် လစာက တစ်နှစ်လေးပေါင်။ မိနစ်ကိုးဆယ်နဲ့ အဖြေမပေါ်ရင် မိနစ်(၃၀) တိုးပြီး ဆက်ကစားကြဖို့ပါ။ အလောင်းအစား ၀ါသနာပါရင် ဘာမှန်းမသိတဲ့ ဈေးကွက်ဂဏန်းတွေကို လောင်းမဲ့အစား မျိုးချစ်စိတ်နဲ့ ကျွန်တော့်ဖက်က လောင်းကြဖို့ အကြံပြုပါရစေ။

ငဇင်ကာ မော်ရင်ညိုကလည်း သူ့ကိုယ်သူ “Special One” ဆိုတဲ့ နာမည်ပေးပြီး ခွေးနဲ့တောင် စကားနိုင်လုတတ်သူပါ။ ဒီကိစ္စကလည်း မဖြစ်နိုင်စရာ လုံးဝ မရှိပါဘူး။

ဒုံးပျံတစ်စင်းဝယ်ပြီး ရှာရာပိုဗာလေးနဲ့ လကမ္ဘာပေါ်ကို နှစ်ယောက်ထဲ သွားဖို့ကလည်း မခက်ပါဘူး။ ဒုံးပျံတွေကလည်း တီထွင်ပြီးသား, လကမ္ဘာဆိုတာကလည်း ရှိပြီးသား, ရှာရာပိုဗာကို ပိုးနိုင်ရင် ဒုံးပျံဝယ်ဖို့ ပိုက်ဆံကလည်း သူ့မှာ ရှိပြီးသား။ (ကျွန်တော်က မြန်မာဆိုတာ သတိရပါ။) တစ်ခုတော့ ရှိတာပေါ့။ နှစ်ယောက်ထဲ တင်းနစ်ရိုက်ကြရင်တော့ ကျွန်တော်က မသိမသာလေး အလျော့ပေးလိုက်ဖို့တော့ လိုတာပေါ့။ ဒါမှ သူလည်း စိတ်ချမ်းသာ၊ ကျွန်တော်လည်း လူကြီးလူကောင်း ဆန်ရာရောက်။ သိသိသာသာကြီး လုပ်လိုက်လို့သူ စိတ်ဆိုးမှာကလည်း စိုးရသေးတယ်။

ဘောလုံးပွဲ ၀ါသနာပါသူတိုင်း ပြင်သစ်က ဇိဒန်းကို သိကြမှာပါ။ ဒါနဲ့အတူ ဘောလုံးကို မတိုက်ပဲ အီတလီက မက်တာရာဇီရဲ့ ရင်ဘတ်ကို ဆောင့်တိုက်လိုက်တာ ဟိုကောင် ကားကနဲ ကျသွားတာကိုလည်း မျက်စိထဲက မထွက်ကြ လောက်သေးပါဘူး။ ကျွန်တော် ဒါကို ကြည့်ပြီး တော်တော်လေး စိတ်ပျက်မိပါတယ်။ ကျွန်တော်က ပြင်သစ် အားပေးတာလေ။ ဒါပေမယ့် ခေါင်းနဲ့ အတိုက်ခံရတဲ့ မက်တာရာဇီ နေရာမှာ သန်းရွှေကြီးကို အစားထိုးကြည့်လိုက်တော့မှ နည်းနည်း ပျော်သလို ခံစားလာရတယ်။ အဲဒီကထဲက စပြီး ဒီဆန္ဒက မသေနိုင် ဖြစ်နေခဲ့တာပါ။ ဒါကြောင့် ဥရောပ ရောက်ခိုက် ဇီဒန်းနဲ့ ဆွေးနွေးကြည့်ချင်တာပါ။ (၀ိုက်လက်သီး ပြင်းပြင်းတွေကို အပိုင်း(၂)မှာ ဆက်လက်ရှုစားကြပါ။)

အပိုင်း ( ၂ )

စာပို့သမားဘ၀ကနေ လာခဲ့ရရှာတဲ့ မောင်သန်းရွှေဟာ “ယတြာကိုးလို့ မင်းဆိုး” ဖြစ်ခဲ့ရတာကြောင့် မာတင်လူသာကင်း မဖြစ်နိုင်ဘူး ဆိုတာလောက်တော့ ကျွန်တော်လည်း သဘောပေါက်ပါတယ်။ ဒါပေမယ့် နိုင်ငံကို အုပ်ချုပ်မယ်ဆိုတဲ့ လူတစ်ယောက်က လူထုကို နှုတ်ခွန်းဆက်စကားလေးလောက်တော့ ပြောနိုင်ရမှာပေါ့။

ဒီလို အသံတိတ်ရုပ်ရှင်ကားကြီး လုပ်လို့တော့ ဘယ်ကောင်းပါ့မလဲ။
ယုံချင်မှတော့ယုံပါ။ ဦးစောမောင်ကြီးကို ဖြုတ်ချပြီး တက်လာခဲ့တဲ့နောက် နိုင်ငံတော်ကို နှုတ်ခွန်းဆက် မိန့်ခွန်းပြောဖို့ အသံထွက်လေ့ကျင့်ရင်း ကြိုးစားပြီး ကျက်ခဲ့တယ်လို့တော့ ကြားဖူးပါတယ်။ နောက်ပိုင်း သူမပြောဖြစ်ခဲ့တဲ့ အကြောင်းကတော့...

သူအသံထွက် လေ့ကျင့်နေရင်း မိကြိုင်ကြိုင်ယတြာချေဖို့ မွေးထားတဲ့ သာလိကာမလေးက ဗိုလ်ချုပ်ကြီးမရခင် အလွတ်ရသွားလို့ စိတ်ပျက်ပြီး မပြောဖြစ်တော့တာပါတဲ့။ ကြာတော့ မပြောလဲ ရတာပဲကွာဆိုပြီး မပြောပဲနေလိုက်တော့တာပါတဲ့။ ကဲ မခက်ဘူးလား။

ဒါပေမယ့် သူ့ဖခင်ကြီးတွေလိုပါပဲ။ အ၀င်မှာ မပြောခဲ့ရင်တောင် အထွက်မှာတော့ အသေထွက်ထွက်၊ အရှင်ထွက်ထွက် ပြောကို ပြောရပါလိမ့်မယ်။ ဒါကို သမိုင်းက ထောက်ခံပါတယ်။

အနီးကပ်ဆုံး ဦးစောမောင်ကိုကြည့်ပါ။ (“ဦး” သုံးခွင့်ပြုပါ။)
သူပြောတာက (ကျွန်တော် ချောသွားအောင် ပြင်မယ်နော်၊ တော်ကြာ ဘာမှန်းမသိဖြစ် သွားလိမ့်မယ်) သူ့တို့က တပ်မတော်သားတွေပါ။ တပ်မတော်ဆိုတာ နိုင်ငံတော်ကို ကာကွယ်ဖို့ အတွက်ပဲဖြစ်တယ်။ နိုင်ငံတော် ငြိမ်သက်အေးချမ်းသွားရင် သူတို့ဌာနေ မိခင်တပ်ရင်းကို ပြန်သွားမှာပါ တဲ့။ သူတော်ကောင်းစကားပါ။ သူကလည်း စာပို့သမားတို့ အုပ်စုထဲမှာတော့ အရိုးသား အဖြူစင်ဆုံး လူကြီးပါ။ သူပြောနေစဉ်မှာ စာပို့သမားက နောက်ကျောကို သေနပ်နဲ့ထောက်လိုက်တာကို သူမသိလိုက်ရှာပါဘူး။ ၀မ်းနည်းစရာ သမိုင်းအကွေ့အပြောင်းပါပဲ။

ပြီးတော့ မောင်နေ၀င်း။ (သူ့ကိုတော့ “ဦး”မသုံးနိုင်ပါဘူး။ ခွင့်လွှတ်ပါ။)
သူလည်း အထွက်မှာတော့ ရာဇ၀င်တွင်မဲ့စကားကို မျက်ရည်တွေနဲ့ ပြောသွားခဲ့တာပါပဲ။ ကျောင်းသား သမဂ္ဂကြီးကို ဗုံးဖောက်ခွဲခဲ့တာ၊ ခိုင်းခဲ့တာ သူမဟုတ်ပါဘူးတဲ့။ ဗုံးဖောက်ခွဲလိုက်ရမလားဆိုတဲ့ မေးခွန်းကို “OK”လို့သာ ပြောလိုက်တာပါ တဲ့။ ပြီးတော့ ပိုပြီးတော့ ရာဇ၀င်တွင်တဲ့စကားက တပ်မတော်ဆိုတာ သေနတ်ကို မိုးပေါ်ထောင် မဖောက်ဘူးတဲ့။ ရှေ့ဆက်ကြည့်ဦးမလား။

မြန်မာတို့ နောက်ဆုံး မင်းဆက်ရဲ့ နောက်ဆုံး (ပိုး)မင်းသား သီပေါ။
သူလည်း နှုတ်ခွန်းဆက် မိန့်ခွန်းပြောခဲ့တာပါပဲ။ သူ့မိဖုရားကို ပြောသလိုလိုနဲ့ တိုင်းပြည်ကို ပြောသွားတဲ့စကားလေ။ မှတ်မိကြမှာပါ။ သီပေါရဲ့ အော်ရီဂျင်နယ် အသံတော့ မဟုတ်ဘူးပေါ့ဗျာ။ ရွှေမန်းတင်မောင်ရဲ့ ကော်ပီပေါ့။ ဘာတဲ့...။

“သွားတော့မယ်ကွယ့် စုရေ...စုရေ”တဲ့။
ကျွန်တော် အပြင်းပြဆုံး ဆန္ဒက မများပါဘူး။ မကြီးပါဘူး။ ဒါလေးပါ။ သွားတော့မယ်ကွယ့် စုရဲ့ ဆိုတဲ့ အသံလေးပါ။ ယောက်ျား မျက်ရေလေး တစ်စက်နှစ်စက်နဲ့ပေါ့။

သက္ကရာဇ် ၂၀၀၇ခု နှစ်ကုန်ပိုင်းမှာ ဒီလို ဂန္တ၀င်မြောက်စကားကို ကြားချင်နေပါတယ်။
ဘာဖြစ်လို့ ဒီစကားလေးကိုများ ဂန္တ၀င်မြောက် ရာဇ၀င်မြောက်လို့ ပြောနေရတာလဲလို့တော့ မေးစရာရှိပါတယ်။

မြောက်ပါသော် ကောဗျာ။ အဲဒီ စကားတစ်ခွန်းဟာ မာတင်သူသာကင်ရဲ့ ကမ္ဘာကျော် မိန့်ခွန်းထက်ပိုပြီး အဓိပ္ပါယ် ရှိပါတယ်။ စာပို့သမားကသာ ဒီစကားပြောလိုက်ရင် (၅၂)သန်းကျော် လူထုနဲ့ တစ်ကမ္ဘာလုံးရဲ့ ငါးဆယ်ရာခိုင်နှုန်းလူထုက ညှိနှိုင်းမထားပဲ လက်ခုပ်တွေ တီးကြမှာပါ။

ဒုတိယ ကမ္ဘာစစ် ဗုံးဒဏ်တွေကျပြီးတဲ့ နောက်တစ်နှစ်မှာ ဘယ်တုံးကမှ ဒီလို မပွင့်ဖူးတဲ့ နှင်းဆီတွေ ဂျာမနီမှာ ပွင့်လိုက်သလိုမျိုး ကျွန်တော်တို့ နိုင်ငံဟာလည်း ဒီစကားပြောပြီး တစ်နှစ်လောက်မှာ မပွင့်ဖူးတဲ့ နှင်းဆီတွေ အပြိုင်အဆိုင် ပွင့်လာပါလိမ့်မယ်။

ဒါကြောင့် “သွားတော့မယ်ကွယ့် စုရဲ့” ဆိုတဲ့ စကားဟာ ဂန္တာဝင်မြောက်တယ်ဆိုတာကို ထောက်ခံပေးကြပါ။

ဒီဆန္ဒဟာ မသေသေးပါဘူး။ ဘယ်တော့မှလည်း သေမှာမဟုတ်ပါဘူး။

နောက်ဆုံး ဆန္ဒကတော့ စစ်အစိုးရရဲ့ မုသာဝါဒကင်းတဲ့ သတင်းစာ ရှင်းလင်းပွဲလေးပါ။ ဒီ ဆန္ဒအတွက်တော့ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲမိသလို၊ ခင်ဗျားတို့ကလည်း ကျွန်တော့်ကို ကျိန်ဆဲနိုင်ပါတယ်။

ဟိုတစ်နေ့က TODAY သတင်းစာထဲမှာ တွေ့လိုက်ရတယ်။ ဒါဝင်ကြီးသာ သူ့ကို မြင်သွားရင် လူဆိုတာ မျောက်က ဆင်းသက်လာတာ ဆိုတဲ့ သူ့အယူအဆကို နောင်တရစရာ ရှိပါတယ်။ မဟုတ်ဘူး “၀က်”က ဆင်းသက်လာတာလို့လည်း ရှက်ရယ် ရယ်ရင်း သူ့အဆိုက ပြင်သွားနိုင်ပါတယ်။

အဲသလို ၀က်နဲ့ ဆင်ဆင်တူ သတ္တ၀ါမျိုးကွဲ ပြောသွားတာတွေက...
ခွင့်လွှတ်ပါဗျာ။ ရှာသာ ဖတ်ကြပါတော့။

ဆောင်းပါး၏မူလနေရာ
ဆန္ဒအသေများ (၁)
ဆန္ဒအသေများ (၂)

ဇင်ဝေသော်

နားဝင်မချို ( ၁၀ ) " ကြိုးတန်းလမ်းလျှောက် နိုင်ငံရေး "

ကျွန်ုပ်တို့ လက်ထက်၌ ပေါ်ထွက်လာသော ထူးခြားသည့် နိုင်ငံရေး ခေါင်းဆောင်များတွင် လီကွမ်းက တစ်ယောက် အပါအဝင် ဖြစ်သည်။ သူသည် အလွန် အသိဉာဏ်ကြီးမားသော ပုဂ္ဂိုလ် တစ်ယောက်လည်း ဖြစ်သည်။ သူနှင့်တွေ့တိုင်း သူနှင့် သဘောမတူ နိုင်သည် ဆိုစေဦးတော့ သူ ထံမှ ကျွန်တော် လေ့လာမှတ်သားခြင်းကိုမူ ရပ်တန့်၍ မရခဲ့ပါ။ ဤ စာအုပ်သည် အထင်ရှားဆုံး သာဓက တစ်ခု ဖြစ်သည်။
Dr Joseph S. Nye Jr,
University Distinguished Service Professor,
Harvard University, and author of The Powers to lead

မေး ။     ။ လူတွေ လက်ရှိအစိုးရကို ထောက်ခံနေတယ်။ လူတွေလက်ရှိအစိုးရကို မထောက်ခံတော့ဘူး။ ဒီအခြေအနေနှစ်ရပ်ကို အခြေခံပြီး မစ္စတာလီ ဘယ်လိုမြင်ပါသလဲ။

ဖြေ ။    ။ ဒါက ဘယ်အချိန်မှာ ဒီလိုဖြစ်လာမလဲ။ တဖြည်းဖြည်းချင်းပဲ ဖြစ်လာမလား၊ ချက်ချင်းကြီး ဖြစ်လာမလားဆိုတာနဲ့ ဆိုင်တယ်။ လက်ရှိအစိုးရရဲ့ အရည်အသွေးတွေ ကျလာမယ်။ အတိုက်အခံအစိုးရရဲ့ အရည်အသွေးတွေလည်း တက်လာမယ်။ ဒါကို ပြည်သူလူထုက သဘောပေါက်တယ်။ ဒီလို တဖြည်းဖြည်းခြင်းဖြစ်လာရင် ပြောင်းလဲသင့်တဲ့ ပြောင်းလဲမှုမို့ ပြဿနာမရှိဘူး။ ဒီလိုမဟုတ်ဘဲ ရုတ်တရက်ကြီးပြောင်းလဲမယ်ဆိုရင်တော့ နိုင်ငံလည်း ထိုးဆင်းသွားလိမ့်မယ်။

မေး ။     ။ ချက်ချင်းကြီးရော ဖြစ်လာနိုင်လို့လား။

ဖြေ ။    ။ ငါ မပြောတတ်ဘူး။ ခေါင်းဆောင်တွေ အချင်းချင်းပြိုကွဲလာနိုင်တာပဲ။ အခြေခံမူတွေကိုပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်ယုံကြည်မှုတွေအပေါ်မှာပဲဖြစ်ဖြစ်၊ အကြီးအကျယ် သဘောထားကွဲလွဲတာတွေ ရှိလာနိုင်တာပဲ။ ၁၉၆၁- ခုတုန်းက ဒါမျိုးဖြစ်လုနီးနီး ကြုံခဲ့ရဖူးတယ်။ ဒီတော့ လာမယ့်နှစ် ၂၀၊ ၃၀၊ ၄၀ ရဲ့ အနာဂတ်ကို ကြိုပြောလို့မရဘူး။ ဥပမာ- ဘယ်မူနဲ့သွားမှ စင်ကာပူရဲ့အနာဂတ် ကောင်းနိုင်မယ်ဆိုတဲ့ အယူအဆမျိုးတွေနဲ့ ပတ်သက်ပြီး သဘောထားကွဲသွားနိုင်တယ်။ လူတစ်ယောက်ဟာ နိုင်ငံတစ်ခုရဲ့ အနာဂတ်ကို ဆယ်နှစ်ထက်ပိုပြီး ကြိုတင်ဟောကိန်းထုတ်ဖို့ သိပ်မလွယ်တာပဲ။

စတာလင်ကိုပဲ ကြည့်ကွာ။ အရှေ့ဥရောပတစ်တိုက်လုံး၊ တောင်ပိုင်း၊ အရှေ့ပိုင်းအာရှ တစ်တိုက်လုံး သိမ်းယူတယ်။ တရုတ်လက်အောက်မှာရှိနေတဲ့ မွန်ဂိုလီယားပါ ပါတယ်။ အဲဒါ ၁၉၄၅- ခုက။ သူသေသွားတယ်။ ဒီစနစ်ကြီးတစ်ခုလုံး ဂေါ့ဘားချော့ လက်ထဲရောက် သွားတယ်။ သူက အဲဒီတော်လှန်ရေးကြီးကို မကျော်နိုင်ခဲ့ဘူး။

တိန်ရှောင့်ဖိန်ကိုကြည့်။ သူက တော်လှန်ရေးကို ကျော်နိုင်ခဲ့တယ်။ တရုတ်ပြည်ပြိုကွဲ သွားရင် ကိစ္စလည်းပြီးရောပဲ။ ဒါကို သူသဘောပေါက်တယ်။ Tiananmen အရေးအခင်းဖြစ်တော့ ဒီကျောင်းသားတွေကို မောင်းထုတ်၊ မရရင် ပစ်လို့ပြောခဲ့တာ။ အဲဒီတုန်းက ကျောင်းသားတွေ အရေးအခင်းမှာနိုင်သွားပြီဆိုရင် ဒီနေ့ တရုတ်ပြည်ဖြစ် လာနိုင်မလား။

အခု ငါပြောနိုင်တာကတော့ လာမည့်(၁၀) နှစ်မှာ စင်ကာပူ ပြဿနာမရှိနိုင်သေးဘူး။ ဒါမျိုးကို ကောင်းကောင်းထိန်းထားနိုင်တဲ့ စွမ်းရည်ပြည့်အဖွဲ့ရှိနေလို့။ နောက် ၁၅- နှစ်၊ နှစ် ၂၀၊ ၃၀ မှာ ဒီလိုမာတဲ့အဖွဲ့မျိုး ဆက်ရှိနိုင်မလားဆိုတာအပေါ် အခြေခံတယ်။ အဖွဲ့က အဖွဲ့၊ ခေါင်းဆောင်လည်းလိုတယ်။ လူထုနဲ့ ဆက်သွယ်၊ လူထုကို စည်းရုံးရင်းမောင်းနှင်၊ ဒါလောက်နဲ့ မရသေးဘူး။ လူထုယုံကြည်ကိုးစားတဲ့လူလည်း လိုတယ်။ ဒါကြောင့် မိန့်ခွန်းတွေ ငါလျှော့ပြောနေတာ။ ဒီကွက်လပ်ကို နောက်လူတွေ ဖြည့်စေချင်လို့။

မေး ။     ။ မထင်မှတ်ဘဲ အစိုးရပြိုကွဲသွားရင် ယာယီဝင်ထိန်းပေးနိုင်ဖို့ နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက်တာလား။

ဖြေ ။    ။ အတိအကျပဲ။ ပီအေပီ ရှုံးသွားခဲ့ရင်တောင်မှ စင်ကာပူအတွက် တစ်ခုခုကျန်နေရစ်စေဖို့။ ဆိုပါတော့ ရုတ်တရက်ကြီး ထာဝရအတွင်းရေးမှူးတွေကို ပြောင်းမယ်။ စစ်တပ်အရာရှိကြီးတွေကို ပြောင်းမယ်။ ရဲအရာရှိတွေကို ပြောင်းမယ်။ ဘုတ်အဖွဲ့ ခေါင်းဆောင်တွေကို ပြောင်းမယ်ဆိုရင် စနစ်ကြီးတစ်ခုလုံး ပြိုလဲသွားမှာပေါ့။ သမ္မတက ဒါမျိုးကို ငါးနှစ်အထိ ထိန်းထားနိုင်တယ်။ သိပ်ပါးနပ်မယ်ဆိုရင် ဒုတိယသက်တမ်းပါ နိုင်အောင်လုပ်၊ ဒါဆို ပေါ်လစီကို ပြောင်းလဲလို့ရတယ်။ ပထမသက်တမ်းငါးနှစ်မှာတော့ မရနိုင်ဘူး။

သမ္မတက ဒါမျိုးကိစ္စကို ငါးနှစ်အထိ ထိန်းထားနိုင်တယ်ဆိုတော့ စင်ကာပူဟာ ငါးနှစ်အတွင်း ရုတ်တရက်ကြီး ထိုးကျမသွားနိုင်ဘူး။ အနည်းဆုံးဆယ်နှစ်အထိ ခံမယ်။ ဒီလိုမှ မလုပ်ရင် ပထမရွေးကောက်ပွဲသက်တမ်း ငါးနှစ်အတွင်းမှာ အခြေမကျ ကမောက်ကမ ဖြစ်သွားနိုင်တယ်။ အဲဒါမျိုး စင်ကာပူက လက်မခံနိုင်ဘူး။

မေး ။     ။ ဒါဆို တော်တော်ဂရုစိုက်ရမယ့် အနေအထားပဲ။ ဒီထက်ပိုပြီး အားကောင်းလာစရာ ရှိနိုင်မလား။

ဖြေ ။    ။ မင်းအခြေခံဥပဒေကိုသိတဲ့ ရှေ့နေတွေကို မေးကြည့်ပါလား။ ရွေးချယ် တင်မြှောက်ခံရတဲ့ အစိုးရကို အခြေခံဥပဒေ ဘာမှမပြင်ဆင်ရဘူးလို့ တားမြစ်ထားသလားလို့။ တကယ်လို့ သူတို့က မဲသုံးပုံနှစ်ပုံကို ရမယ်ဆိုရင် သူတို့လုပ်နိုင်ခွင့် တစ်ချို့ရှိတယ်။ ရက်ဖရင်ဒန်ကို အခြေခံပြီး သူတို့ကို တစ်ချို့ကိစ္စတွေကို တားမြစ်ထားနိုင်တယ်။ ဒါပေမယ့် သူတို့က ဒုတိယသက်တမ်းအထိ မြဲအောင်စွမ်းဆောင်နိုင်ရင် တစ်ချို့ဥပဒေတွေကို သူတို့ပြောင်းလဲပစ်နိုင်တယ်။

တို့က အခြေခံဥပဒေကို ပြောင်းလဲပြင်ဆင်ခွင့်ပြုမထားရင် တော်လှန်ရေးဖြစ် လာလိမ့်မယ်။ ငါလန်ဒန်မှာနေတုန်းက Harold Laski ( နိုင်ငံရေးပညာရှင်၊ လေဘာပါတီခေါင်းဆောင်) ရဲ့ မိန့်ခွန်းကို နားထောင်ပြီး လေ့လာခဲ့ရတာ တစ်ခုရှိတယ်။ သူကပြောတယ်၊ ဦးနှောက်နဲ့ တော်လှန်ရေးလုပ်မလားတဲ့။ အဲဒီအချိန်တုန်းက လေဘာပါတီက အပြောင်းအလဲတွေလုပ်ဖို့ အားယူနေတုန်းပဲ။ ဒါမှမဟုတ်ရင် အကြမ်းဖက်တော်လှန်ရေး ဖြစ်သွားလိမ့်မယ်တဲ့။

တရုတ်နဲ့ အိန္ဒိယကို နှိုင်းယှဉ်ကြည့်ပေါ့။ နှစ်နိုင်ငံလုံး အစွန်းရောက်နေတယ်။ တရုတ်ပြည်က ကွန်မြူနစ်ပါတီ အာဏာကို လက်လွတ်ခံမယ်လို့ မမြင်မိဘူး။ သူတို့ကိုယ်တိုင် ပေါ်လစီပြောင်းတာ၊ မျိုးဆက်သစ်အမြင်သစ်ရှိသူတွေ ပါတီထဲမှာပါလာပြီး သူတို့ကိုယ်တိုင်က ပြောင်းလဲတာကလွဲရင်ပေါ့။ တရုတ်ပြည်မှာ တော်လှန်ရေးကြောင့် နိုင်ငံရေးပြောင်းလဲတာ မရှိဖူးဘူး။ တိန်ရှောင့်ဖိန်က နိုင်ငံရေးအပြောင်းအလဲ၊ ခေါင်းဆောင်အပြောင်းအလဲကို သူကိုယ်တိုင်ပုံဖော်ကြိုးစားခဲ့တယ်။ တရုတ်ပြည်မှာ ဒါမျိုးဖြစ်လေ့ဖြစ်ထမရှိဘူး။ ဒါကြောင့်ပဲ ရုရှားမှာလို မရိုးသားမှုတွေနဲ့ အကြမ်းဖက်တော်လှန်ကူးပြောင်းရေး ဖြစ်သွားတယ်။ လက်ရှိဖြစ်ပျက်နေတာတွေကိုကြည့်ရင် အခြေခံဥပဒေမူကြမ်းနဲ့ပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲ စနစ်နဲ့ပဲဖြစ်ဖြစ် အာဏာကို လက်လွတ်ခံလိမ့်မယ်လို့ မမြင်မိဘူး။

အိန္ဒိယက နောက်ထပ်အစွန်းတစ်ခု။ သဘောမတူတဲ့ ပြည်နယ်တိုင်းကို သူတို့သဘောကျ စီမံကြဖို့ ခွင့်ပြုထားတယ်။ ပြည်နယ်တွေရဲ့နယ်ခြားစည်းဆိုရင်လည်း အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းက ဘာသာစကားတူတဲ့လူတွေ ပေါင်းစည်းမိအောင်ဆိုပြီး အမြဲတမ်း ရွှေ့ပြောင်းစည်းခြားခဲ့ကြတယ်။ အဲသလိုမှ မလုပ်ဘူးဆိုရင်လည်း အိန္ဒိယကွဲထွက်သွားမယ်။

သူတို့က အစွန်းနှစ်ဖက်ပဲ။ ငါတို့ စင်ကာပူက ဒီကြားထဲမှာလို့ ငါထင်တယ်။ ဒါကြောင့် ငါတို့နိုင်ငံရေးဟာ အခြေခံဥပဒေမူကြမ်းအားဖြင့်ဖြစ်စေ၊ ရွေးကောက်တင်မြှောက်တဲ့ စနစ်အားဖြင့်ဖြစ်စေ ပြောင်းလဲယူလို့ရတယ်။

လူထုကို စည်းရုံးနိုင်ရင်ပြောင်းလဲလို့ရတယ်ဆိုတဲ့နောက် ဘာကြောင့်လမ်းပေါ်ထွက် ဆန္ဒပြနေကြတော့မှာလဲ။ မင်းအယူအဆမှန်တယ်လို့ထင်ရင် အစိုးရကလည်း မတားပါဘူး။ လက်ကမ်းစာစောင်တွေ ရိုက်ပြီးဝေ၊ အဆောက်အဦးတွင်း အစည်းအဝေးတွေလုပ်ပေါ့။ အစိုးရက ဒါမျိုးတွေကို မတားပါဘူး။

မေး ။     ။ စင်ကာပူအတွက် အစိုးရိမ်ဆုံးအချက်က ဘာပါလဲ။

ဖြေ ။    ။ ခေါင်းဆောင်မှုနဲ့ လူထုရဲ့အမြင်၊ လူထုအမြင်ဆိုတာ လက်ရှိအစိုးရ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို နားလည်သဘောပေါက်မှုလွဲတာကို ပြောတာ။ လူနည်းစု အလွန် ညီညွတ်တယ်။ ယှဉ်ပြိုင်ဖို့ အားသန်တယ်။ အပြည်ပြည်ဆိုင်ရာ ယုံကြည်မှု အပြည့်အဝ ရှိတယ်။ နိုင်ငံကြီးတွေနဲ့ ဆက်ဆံရာမှာ အရည်အသွေးပြည့်မီတယ်။

ဒီလူစုလေးဆုံးရှုံးရင် ငါတို့ကျရှုံးမှာပဲ။ တို့နိုင်ငံ ချက်ချင်းထိုးဆင်းသွားနိုင်တယ်။


ဇင်ဝေသော်