လှပတဲ့ တွေ့ဆုံဆွေးနွေးမှု


"အချို့ပညာရှင်တွေက အရှင်အာနန္ဒာသည် "More democratic than the Buddha" (ဘုရားရှင်ထက်ပင် ဒီမိုကရေစီဆန်သေးသည်) ဟု ဆိုတတ်ကြပါ သည်။ သဘောမတူလှပါ။ ဘုရားရှင်ကိုယ်တော်တိုင်လည်း ဒီမိုကရေစီကို ရာနှုန်းပြည့်ကျင့်သုံးပါသည်"

ပထမ ပေါ်လစီအကြမ်း(Proposal)
ဗုဒ္ဓ။ ။ အဒသနေ အာနန္ဒ။
အရှင်အာနန္ဒာ။ ။ မဖြစ်သင့်ပါ အရှင်၊ ဘာသာရေးပွဲလမ်းတွေမှာ အမျိုးသမီးတွေ က ရှေ့ဆုံး၊ အမျိုးသမီးတွေက အများစုပါ။ အမျိုးသမီးတွေကို မကြည့်နဲ့ဆိုတဲ့ပေါ် လစီဟာ ရေရှည်အနာဂတ်အကျိုးစီးပွားအတွက် အလုပ်မဖြစ်နိုင်ပါ အရှင်။ တစ်ဆင့် လျှော့တော်မူပါဦး။
(မှန်လှပါ အရှင်အာနန္ဒာဘုရား၊ ထောက်ခံပါတယ်။ တပည့်တော်တို့နေ့စဉ် ၆ နာရီ ၄၅ ဝတ်ပြုချိန်၊ တနင်္ဂနွေမနက်ဝတ်ပြုချိန်တွေမှာ အမျိုးသမီးတွေက အမျိုးသားတွေရဲ့ သုံးပုံနှစ်ပုံကျော်ပါတယ်ဘုရား)

ဒုတိယ ပေါ်လစီအလတ် (In that case)

ဗုဒ္ဓ။ ။ အနာလာပေါ အာနန္ဒ။
အရှင်အာနန္ဒာ။ ။ မဖြစ်သင့်သေးပါ အရှင်၊ သူတို့နဲ့ စကားမပြောဘဲနေလို့ ရလိမ့် မည် မဟုတ်ပါ။ အချို့ပြောဖွယ်ဆိုရာတွေဟာ သူတို့နဲ့ပြောမှ ပိုအဆင်ပြေပါတယ်၊ ဒီပေါ်လစီကို လက်တွေ့ကျင့်သုံးဖို့ အနာဂတ်မှာ အခက်အခဲတွေ အများကြီး ကြုံတွေ့ရဖွယ်ရှိပါတယ်အရှင်"
(မှန်လှပါ အရှင်အာနန္ဒာဘုရား၊ ထောက်ခံပါတယ်။ တပည့်တော် ဒကာကြီး တစ်ယောက်ဆိုရင် ဖုန်းဆက်လို့သူဖြေတာတောင် "ရော့ နင်ဖြေလိုက်၊ ငါ စကား မပြောတတ်ဘူးဆိုပြီး" သူ့ဇနီးကို ထိုးပေးတတ်ပါတယ်၊ သူနဲ့တပည့်တော်ကြား ဘာပြသနာမှ မရှိပါ။ သူကိုယ်တိုင်ဆွမ်းလာပို့တတ်တဲ့ ရှားရှားပါးပါး ဒကာကြီး တစ်ယောက်ပါ)

တတိယပေါ်လစီ အနု(အတည်ပြု)
ဗုဒ္ဓ။ ။ Be mindful အာနန္ဒ။
အရှင်အာနန္ဒာ။ ။ သင့်တော်ကောင်းမြတ်ပါ၏၊ အပ်ပလီကေဘယ်ဖြစ်ပါ၏အရှင်၊ ညီတော်များသည် အမျိုးသမီးများအပေါ် အမေစိတ်၊ အမ၊ ညီမစိတ်တို့ဖြင့် ကြည့်စေရ၊ ပြောဆိုစေရပါမည်။
(မှန်လှပါ အရှင်အာနန္ဒာဘုရား၊ ထောက်ခံပါတယ်။ တပည့်တော်တို့ခေတ်မှာ အပြင်မှာသာမက အွန်လိုင်းမှာပါ အမေ၊ အမ၊ နှမတွေရှိနေကြရပါတယ် ဘုရား။ အရှင်ဘုရား အဆိုပြုချက်တွေကို စူပါလိုက်ခ်၊ စူပါထောက်ခံပါတယ်။ You got my vote ပါဘုရား)

ဗုဒ္ဓက ဓမ္မသာမိ၊ တရားအရှင်။
အရှင်အာနန္ဒာက ဓမ္မဘဏ္ဍာဂါရိက၊ တရားဘဏ္ဍာစိုး။
ဘုရားက ထည့်စေဆိုတိုင်း အရှင်အာနန္ဒာက ထည့်လိုက်မှာမဟုတ်သလို ထုတ်ခဲ့ လို့ မိန့်မှာတိုင်း သော့တွဲကိုင်ထုတ်ယူလာမည်မဟုတ်ပါ။ သူ့စည်းကိုယ့်စည်း ရှိတော်မူကြ၏။ အရှင်အာနန္ဒာမှာ ပြန်လည်လျှောက်ထားတင်ပြခွင့် ရှိကိုရှိ၏။

အချို့ပညာရှင်တွေက အရှင်အာနန္ဒာသည် "More democratic than the Buddha" (ဘုရားရှင်ထက်ပင် ဒီမိုကရေစီဆန်သေးသည်)ဟု ဆိုတတ်ကြပါ သည်။ သဘောမတူလှပါ။ ဘုရားရှင်ကိုယ်တော်တိုင်လည်း ဒီမိုကရေစီကို ရာနှုန်းပြည့်ကျင့်သုံးပါသည်။ အထက်ပါ ပေါ်လစီနှစ်ခု လျှော့ပေါ့ပြဌာန်းခြင်းကို သာဓကအဖြစ် ကြည့်နိုင်ပါသည်။

Post a Comment