စကားလုံးအဆင့်ဆင့် ပြောင်းလဲလာပုံ


တကယ်လို့ ပဉ္စင်္ဂကနေ ပဉ္စင်း၊ (ဦး)ပဉ္စင်းကနေ ဦးပဇင်း၊ ဦးပဇင်းကနေ ဦးဇင်းဆိုတဲ့အထိ ပြောင်းလဲလာခဲ့ရိုးမှန်ရင် ဒီနေ့ လူငယ်တွေပြောနေတဲ့ တျောက်တို့၊ မြုံဘူးတို့၊ ခေးတို့ ကလည်း ဘာသာဗေဒအားဖြင့် လက်ခံရမှာပါပဲ။ ပညာရှင်တွေကတော့ တာဝန်အရ စကားလုံးအဆင့်ဆင့် ပြောင်းလဲလာပုံကို လေ့လာရမှာပေါ့။ ဒါ့ကြောင့် မြန်မာစာခက်ဆစ်ဆိုတာ ရှိနေရတာ မဟုတ်လား။

တရုတ်အစဉ်အလာ ၇ လမြောက်


တရုတ်လူမျိုးတွေဖြစ်ကြတော့ တရုတ်အစဉ်အလာ ၇ လမြောက် ယုံကြည်မှုက မပျောက်ဘူး။
ဒါပေမဲ့ ထေရဝါဒတွေဆိုတော့ ထေရဝါဒလမ်းစဉ်အတိုင်း လိုက်ကြတယ်။
စက္ကူတွေမီးရှို့တာမျိုး မလုပ်တော့ဘဲ ကောင်းမှုကုသိုလ်ပြုလုပ်၊ တိရောကုဍ္ဍသုတ်ကိုရွတ်ဖတ်ပြီး စုပေါင်းအမျှဝေကြတယ်။
ဒါကို General transferring of merits လို့ ဒီမှာ ခေါ်ကြတယ်။
ထူးခြားတာက ကျောင်းကို ပုံမှန်လာတဲ့ ဒကာ၊ ဒကာမတိုင်း တိရောကုဍ္ဍသုတ်ကို သိကြသလို ကောင်းကောင်းလည်း ရွတ်နိုင်ကြတယ်။
မြန်မာတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရေစက်ချနေကြတော့ တိရောကုဍ္ဍသုတ်ကို သိပ် မရင်းနှီးတော့ဘူး၊ ရေစက်ချ၊ အမျှဝေမှုနဲ့ပတ်သက်လို့ ထေရဝါဒ အဆုံးအမတွေထဲမှာ တိရောကုဍ္ဍသုတ်ဟာ မူရင်းအကျဆုံးပါပဲ။

ငှက်မှာ အတောင် ဆင်မှာ အရောင်


စကားပုံ အသစ်ပဲ ပြောင်းရမလို။ "ငှက်မှာ အတောင် ဆင်မှာ အရောင်" လို့။
မွဲခြောက်ခြောက် ဆင်တစ်ကောင် ဝင်လာရင် ဘုန်းတော်ကြောင့်ဆိုပြီး အစိုးရဖက်သားတွေက ရေးကြပြောကြပေါ့။

အခု ဆင်မည်းခြောက်ကောင် (တစ်ကောင်ထဲတောင် မဟုတ်ဘူး) ဝင်လာတော့ ဘုန်းကံကြောင့် ဘာကြောင့် ညာကြောင့် အသံမကြားရဘူး။ အစိုးရက ဘာမှမပြောတော့ လူထုက ပြောကြတယ်။
မောင်ခင်ညွန့်လက်ထက်ကလည်း ဒီအတိုင်းပဲ၊ ထိုင်းက လွတ်လာတဲ့ သစ်ဆွဲဆင်ကို ဆင်ဖြူတော်ဆက်သခြင်းပဲ ခံရသလိုလိုနဲ့ ကောက်ဖမ်းထား လို့ ထိုင်းက တရားပဲ စွဲတော့မယ့်အထိ။ (သစ်ဆွဲသမားက သူ့ဆင်ကို ဘာလို့ ဆက်သနေမလဲ၊ ဆင်မရှိရင် သူ ထမင်းငတ်သွားမှာပေါ့)

ဘီဘီစီနဲ့တွေ့မှ အဲဒီကိစ္စက နားအေးသွားတာ။ ဆင်ဖြူတော် မဟုတ်ပါဘူး၊ ရောဂါကြောင့် ခရုသင်းစွဲနေတဲ့ဆင်ပါတဲ့။

လူက ဘာသာရေးနဲ့ ဒေါက်တာဘွဲ့ ယူ၊ ဘုန်းကြီးက နိုင်ငံရေးနဲ့ ဘက်ဆဲလားဖြစ်။ ကမောက်ကမ မနိုင်ဘူးလား။


ကျောင်းဂေါပက ဥက္ကဋ္ဌက ဗုဒ္ဓဘာသာရဲ့ နိုင်ငံရေးသဘောထား သုတေသန စာအုပ်နဲ့ သီဟိုဠ်၊ ကလနီယတက္ကသိုလ်က ဒေါက်တာဘွဲ့ ယူထားတာ။ တစ်အုပ်လောက် ပေးပါအုံးဆိုတော့ သူ့စာအုပ်မှာ တည်းဖြတ်စရာတွေ ရှိနေသေးလို့ နောက်မှ ပေးမယ်တဲ့။ ဟန်တင်တန်တို့ ကစ်ဆင်းဂျားတို့ကို ကြည့်ပြီး သူတို့ဟာတွေလည်း ဖတ်နေ၊ ဘာသာပြန်နေ၊ ဗုဒ္ဓဘာသာ ကျမ်းရင်းကိုလည်း သိနေမှတော့ သူ့စာအုပ်က သိပ်ထူးမှာ မဟုတ်တော့ဘူး တဲ့။ ပေးတော့ ပေးမယ်ပြောတာပဲ။
လူက ဘာသာရေးနဲ့ ဒေါက်တာဘွဲ့ ယူ၊ ဘုန်းကြီးက နိုင်ငံရေးနဲ့ ဘက်ဆဲလားဖြစ်။ ကမောက်ကမ မနိုင်ဘူးလား။

မဟလ္လကတန်ဆာ


စာထဲမှာ နာမည်ကြီးနေလို့ပါ။ ဝိသာခါတို့ မဟလ္လကတန်ဆာက အိန္ဒိယ ရာသီဥတုနဲ့ မကိုက်လောက်ပါဘူး၊ ပူအိုက်နေမှာ ထင်ပါတယ်။
သုဇာတာတို့ လှူတဲ့ ဃနာနို့ဆွမ်းလည်း နာမည်ကြီးပဲ၊ တော်တော်ကောင်းမယ်ထင်နေတာ။ ကဆုန်လပြည့်နေ့တွေမှာ ကပ်လို့ စားရတယ်။ ပျော့စိစိနဲ့ အရသာကို မတွေ့ဘူး။