နေ့ခင်းပိုင်း မိုးသည်းထန်စွာရွာပြီးနောက် ကျောင်းဝင်းအတွင်း လမ်းလျှောက် ကြည့်မိစဉ်မပျံသန်းနိုင်သည့် ဤ ငှက်ငယ်ကို တွေ့လိုက် ရပါသည်။
သူလား၊ သူမလား ခွဲခြားမသိပါ။ သူ့မိဘတွေကရောဘယ်သူတွေလဲ။ မသိပါ။
သိတာ တစ်ခုတော့ရှိသည်။ ဤနေရာမှာ ကြောင်များအလွန်ပေါသည်။
ကြောင်စာကို လုယူခြင်းလား၊ ဖတဆိုး မိတဆိုးလေးကို ကယ်တင်ခြင်းလား မရေရာပါ။ ရေရာစရာလည်း မလိုပါ။
သူ(သို့)သူမသည် ကျွန်ုပ်အခန်းထဲက သတင်းစာပေါ်မှာ ဒီ တစ်ည တည်းခိုပါ လိမ့်မည်။ (အပြင်မှာ ကြောင် စိတ်မချရ)
သူ(သို့)သူမက ဘာကို စားသလဲမေးကြည့်ရာ မြန်မာတွေက ထမင်းစေ့ လို့ပြောပြီး တရုတ်တွေက ပေါင်မုန့်လို့ ပြောကြသည်။
ဘာကိုယုံရမှန်း မသိသဖြင့် နှစ်မျိုးစလုံးကျွေးကြည့်ရာ မြန်မာရော တရုတ်ပါ လွဲသွားပါသည်။ သူ(သို့)သူမက ဘာကိုမှ မစားပါ။
ရေအနည်းအငယ်သာ သောက်ပါသည်။ ဝမ်းနည်းနေသောကြောင့် ထင်ပါသည်။
သူ(သို့)သူမရိုနေသဖြင့် အိပ်စက်ချိန် အနည်းငယ် နောက်ကျသွားနိုင်ပါသည်။
မည်သို့ဆိုစေ ခိုကိုးရာမဲ့ အသက်တစ်ချောင်း ကျွန်ုပ် ကုဋင်အောက်မှာ လဲလျောင်းနေသဖြင့် ပီတိဖြစ်ရပါသည်။
Post a Comment