ဗိုလ္ခ်ဳပ္ေအာင္ဆန္း ပုံရိပ္က ဘာေၾကာင္႔ ဒီေလာက္ႀကီးေနတာလဲ


ဦးသန္းေရႊဆိုတာ လူတစ္စုေလးရဲ႕ အဘ
ဗိုလ္ခ်ဳပ္က တစ္ႏိုင္ငံလုံးရဲ႕ ဖခင္
ဦးသန္းေရႊဘြဲ႔ေတြကို နားဆင္ဖို႔ က်ေနာ္တို႔မွာ နားအပိုမရွိဘူး။


(ဇင္ေဝေသာ္)

ဒီေဆာင္းပါးဟာ မေန႔က "ဦးသိန္းစိန္ ေျဖရေတာ႔မယ္႔ စာေမးပြဲႀကီးႏွစ္ခု" ရဲ႕ အ ဆက္လို႔ေျပာရင္ရပါလိမ္႔မယ္။ တိုက္ရိုက္ႀကီးေတာ႔ မဆိုင္ပါဘူး။
ဒီေမးခြန္းကိုေျဖဖို႔ အဓိက (လို႔ ထင္တဲ႔) အခ်က္ေလးခ်က္ကို ဆြဲထုတ္ၾကည့္မိပါတယ္။ သမိုင္းနဲ႔စိတ္ပညာရႈေထာင္႔က ၾကည့္ျခင္းပါ။
၁။ ဗိုလ္ခ်ဳပ္ရဲ႕ ကိုယ္ရည္ကိုယ္ေသြး (လြတ္လပ္ေရးဖခင္၊ တပ္မေတာ္ဖခင္ ဆိုတာေတြအျပင္ သူ႔ရဲ႕ ရိုသားမႈ၊ အာဏာမမက္ေမာမႈစတာေတြ ပါဝင္ပါတယ္)
၂။ လူထုရဲ႕ ခံစားမႈ (ငယ္ငယ္ရြယ္ရြယ္နဲ႔ သူတပါးသတ္လို႔ ေသဆုံးရျခင္း၊ ေတာ္ လွန္ေရးကာလနဲ႔တည္ေဆာက္ေရးကာလၾကားမွာ ေသဆုံးရျခင္း)
၃။ ေနာက္ထပ္တက္လာတဲ႔ ဗိုလ္ခ်ဳပ္ႀကီးမ်ား၊ ႏိုင္ငံေခါင္းေဆာင္မ်ား ညံ့ဖ်င္းမႈ။
၄။ လူထုရင္ထဲကဗိုလ္ခ်ဳပ္ရဲ႕ ပုံရိပ္ကို ေသးငယ္ေအာင္ အာဏာရွင္အဆက္ဆက္ က ႀကိဳးစားလုပ္ေဆာင္မႈ။

ဒီအထဲက ၁ နဲ႔ ၂ ကို က်ေနာ္ မတို႔မထိပါ။ တို႔ထိစရာလည္း မလိုပါ။ တို႔ထိ ရေအာင္လည္း ဉာဏ္မမီပါ။ အခု ေဆြးေႏြးမွာက ၃ နဲ႔ ၄ ပဲ ျဖစ္ပါတယ္။

၃ ကိုေျဖဖို႔ အေမရိကန္၊ တရုတ္၊ စကၤာပူ သုံးႏိုင္ငံရဲ႕ေခါင္းေဆာင္ေတြကို ၾကည့္ႏိုင္ပါတယ္။ အေမရိကန္သမၼတေတြျဖစ္တဲ႔ ေဂ်ာ႔ဂ်္ ဝါရွင္တန္၊ ေအဗရာဟင္ လင္ကြန္း၊ ေသာမတ္ ဂ်က္ဖာဆင္ စသူတို႔ကို႔ၾကည့္ရင္္ အားလုံးဟာ မတူညီတဲ႔ ကိုယ္ရည္ကိုယ္ေသြးေတြ၊ လုပ္ေဆာင္မႈေတြနဲ႔ တစ္မ်ိဳးစီ လူထုရင္ထဲကိုေရာက္ သြားၾကတယ္။ ဘယ္သမၼတကို သေဘာအက်ဆုံးလဲလို႔ေမးရင္ အေမရိကန္ေတြ အတြက္ ေျဖရခက္တဲ႔ေမးခြန္းျဖစ္သြားတယ္၊ အေျဖေတြကလည္း မတူဘူး။ တရုတ္လည္း ဒီအတိုင္းပါ၊ တိန္႔ေရွာင္ဖိန္၊ က်န္ဇီမင္း၊ ဝမ္က်ားေပါင္နဲ႔ ေနာက္ဆုံး ရွီအထိိ ပုံစံတစ္မ်ိဳးစီကြဲေနတယ္။ စကၤာပူမွာ လီကြမ္းယုက အစားထိုးလို႔ မရဘူး ဆိုေပမဲ႔ ဂိုေခ်ာက္ေထာင္နဲ ဂ်ဴနီယာလီကလည္း သူတို႔က်ရာအခန္းမွာ တူတူ တန္ တန္ သရုပ္ေဆာင္ႏိုင္ၾကပါတယ္။ ၾကာလာသည္ႏွင္႔အမ်ွ အမွတ္ရစရာေတြရွိေပမဲ႔ အျခားေခါင္းေဆာင္ေတြကို အမွတ္ေပးစရာေတြရွိေနေတာ႔ လီကြမ္းယုဟာ ထီးထီးႀကီး ျဖစ္ေနမွာ မဟုတ္ေတာ႔ဘူး။

ျမန္မာျပည္အတြက္ ဝမ္းနည္းစရာေကာင္းတာက ဒီအခ်က္ပါ။ ဦးႏုကို ဘာသာေရးသမားေတြက ဗုဒၶဘာသာကို ႏိုင္ငံေတာ္ဘာသာသတ္မွတ္ေပးမႈ၊ ဆ႒သဂၤါယနာတင္မႈတို႔အတြက္ အမွတ္ရစရာေတြရွိေပမဲ႔ သူ႔ေနာက္ တက္လာ တာေတြက မီးက်ိဳးေမာင္းပ်က္ခ်ည္းပဲ ျဖစ္ေနတယ္။ သူတို႔မည္းေလေလ ဗိုလ္ခ်ဳပ္ က ျဖဴေလေလဆိုေတာ႔ လူထုရင္ထဲကဗိုလ္ခ်ဳပ္ရဲ႕ ပုံရိပ္က ႀကီးသထက္ႀကီးလာ တယ္။ ဗိုလ္ခ်ဳပ္အတြက္ ဂုဏ္ယူစရာေပမဲ႔ ႏိုင္ငံအတြက္ ရင္က်ိဳးၾကရတယ္။ (ဦးသိန္းစိန္ အတက္၊ စာေပစိစစ္ေရးေတြ ေခ်ဖ်က္၊ သူ႕ရဲ႕ပထမလႈိင္းကာလမွာ အမ်ားႀကီး ေမ်ွာ္လင္႔ခဲ႔ေၾကာင္း ဝန္ခံပါတယ္၊ မေန႔က စကားအနည္းငယ္ (အိုဗားမားတို႔လို) ကိုယ္တိုင္ေျပာရင္ ေတာ္ေတာ္လွမွာ)။ လက္ရွိဗိုလ္ခ်ဳပ္ႀကီးေတြ ႀကိဳက္သည္ျဖစ္ေစ၊ မႀကိဳက္သည္ျဖစ္ေစ သူတို႔ညံ့ေလေလ ဗိုလ္ခ်ဳပ္ကို လြမ္းေလေလ၊ ဗိုလ္ခ်ဳပ္ကို လြမ္းေလေလ လူထုရင္ထဲရွိဗိုလ္ခ်ဳပ္ရဲ႕ ပုံရိပ္က ႀကီးေလေလပဲ ျဖစ္ေနလိမ္႔မယ္။

၄။ ဦးေနဝင္းက အစ ဦးသန္းေရႊအဆုံး ဗိုလ္ခ်ဳပ္ရဲ႕ ပုံရိပ္ကို ေသးငယ္ေအာင္ လုပ္ေဆာင္မႈဟာ ကိုယ္႔ေသတြင္းကို တူးတာပါပဲ (ဦးသိန္းစိန္က သူ႔အင္တာဗ်ဴးမွာ ဗိုလ္ခ်ဳပ္ကို ေလးစားေၾကာင္းထည့္ေျပာေဖာ္ရတယ္)
ေငြစကၠဴေပၚက ဗိုလ္ခ်ဳပ္ကို ဖယ္ထုတ္၊ ဗိုလ္ခ်ဳပ္သမိုင္းကို ေသးေအာင္လုပ္။ ယၾတာဆရာေတြ ရွိေပမဲ႔ စိတ္ပညာအႀကံေပး ရွိပုံမရဘူး။ တန္ျပန္အက်ိဳးသက္ေရာက္မႈက ဗိုလ္ခ်ဳပ္သမိုင္းကို သူတို႔က ေသးေအာင္ လုပ္ေလေလ ဗိုလ္ခ်ဳပ္သမိုင္းက လူထုရင္ထဲမွာ ႀကီးေလေလ။

လာေတာ႔မယ္ ႏွစ္တစ္ရာျပည့္။ ျမန္မာရွိတဲ႔ ကမၻာအရပ္ရပ္ႏိုင္ငံတိုင္းမွာ ဒီပြဲ ရွိလိမ္႔မယ္။ မနာလိုတတ္ရင္ ေသဖို႔ပဲရွိမယ္။
ဒီသမိုင္းဆိုးကို ရပ္၊ ဗိုလ္ခ်ဳပ္ရဲ႕ စေတးတပ္ကို ေနရာမွန္ျပန္ထားေရးဟာ ဦးသိန္းစိန္တာဝန္ပဲ။ ဒီစာေမးပြဲ သူေျဖႏိုင္ေလမလား။ ဦးသန္းေရႊေလာင္းရိပ္က ထြက္လာႏိုင္မလား။
တကယ္က ဦးသန္းေရႊဆိုတာ လူတစ္စုေလးရဲ႕ အဘ။
ဗိုလ္ခ်ဳပ္က တႏိုင္ငံလုံးရဲ႕ ဖခင္။ ဦးသန္းေရႊဘြဲ႔ေတြကို နားဆင္ဖို႔ က်ေနာ္တို႔မွာ နားအပိုမရွိဘူး။
ဝမ္းနည္းပါတယ္။

ဇင္ေဝေသာ္
*************************************************************************

ဗိုလ်ချုပ်အောင်ဆန်း ပုံရိပ်က ဘာကြောင့် ဒီလောက်ကြီးနေတာလဲ

ဦးသန်းရွှေဆိုတာ လူတစ်စုလေးရဲ့ အဘ
ဗိုလ်ချုပ်က တစ်နိုင်ငံလုံးရဲ့ ဖခင်
ဦးသန်းရွှေဘွဲ့တွေကို နားဆင်ဖို့ ကျနော်တို့မှာ နားအပိုမရှိဘူး။ (ဇင်ဝေသော်)

ဒီဆောင်းပါးဟာ မနေ့က "ဦးသိန်းစိန် ဖြေရတော့မယ့် စာမေးပွဲကြီးနှစ်ခု" ရဲ့ အဆက်လို့ပြောရင်ရပါလိမ့်မယ်။ တိုက်ရိုက်ကြီးတော့ မဆိုင်ပါဘူး။
ဒီမေးခွန်းကိုဖြေဖို့ အဓိက (လို့ ထင်တဲ့) အချက်လေးချက်ကို ဆွဲထုတ်ကြည့်မိပါတယ်။ သမိုင်းနဲ့စိတ်ပညာရှုထောင့်က ကြည့်ခြင်းပါ။
၁။ ဗိုလ်ချုပ်ရဲ့ ကိုယ်ရည်ကိုယ်သွေး (လွတ်လပ်ရေးဖခင်၊ တပ်မတော်ဖခင်ဆိုတာတွေအပြင် သူ့ရဲ့ ရိုသားမှု၊ အာဏာမမက်မောမှုစတာတွေ ပါဝင်ပါတယ်)
၂။ လူထုရဲ့ ခံစားမှု (ငယ်ငယ်ရွယ်ရွယ်နဲ့ သူတပါးသတ်လို့ သေဆုံးရခြင်း၊ တော်လှန်ရေးကာလနဲ့တည်ဆောက်ရေးကာလကြားမှာ သေဆုံးရခြင်း)
၃။ နောက်ထပ်တက်လာတဲ့ ဗိုလ်ချုပ်ကြီးများ၊ နိုင်ငံခေါင်းဆောင်များ ညံ့ဖျင်းမှု။
၄။ လူထုရင်ထဲကဗိုလ်ချုပ်ရဲ့ ပုံရိပ်ကို သေးငယ်အောင် အာဏာရှင်အဆက်ဆက်က ကြိုးစားလုပ်ဆောင်မှု။

ဒီအထဲက ၁ နဲ့ ၂ ကို ကျနော် မတို့မထိပါ။ တို့ထိစရာလည်း မလိုပါ။ တို့ထိရအောင်လည်း ဉာဏ်မမီပါ။ အခု ဆွေးနွေးမှာက ၃ နဲ့ ၄ ပဲ ဖြစ်ပါတယ်။
၃ ကိုဖြေဖို့ အမေရိကန်၊ တရုတ်၊ စင်္ကာပူ သုံးနိုင်ငံရဲ့ခေါင်းဆောင်တွေကို ကြည့်နိုင်ပါတယ်။ အမေရိကန်သမ္မတတွေဖြစ်တဲ့ ဂျော့ဂျ် ဝါရှင်တန်၊ အေဗရာဟင် လင်ကွန်း၊ သောမတ် ဂျက်ဖာဆင် စသူတို့ကို့ကြည့်ရင်် အားလုံးဟာ မတူညီတဲ့ကိုယ်ရည်ကိုယ်သွေးတွေ၊ လုပ်ဆောင်မှုတွေနဲ့ တစ်မျိုးစီ လူထုရင်ထဲကိုရောက်သွားကြတယ်။ ဘယ်သမ္မတကို သဘောအကျဆုံးလဲလို့မေးရင် အမေရိကန်တွေအတွက် ဖြေရခက်တဲ့မေးခွန်းဖြစ်သွားတယ်၊ အဖြေတွေကလည်း မတူဘူး။ တရုတ်လည်း ဒီအတိုင်းပါ၊ တိန့်ရှောင်ဖိန်၊ ကျန်ဇီမင်း၊ ဝမ်ကျားပေါင်နဲ့ နောက်ဆုံး ရှီအထိိ ပုံစံတစ်မျိုးစီကွဲနေတယ်။ စင်္ကာပူမှာ လီကွမ်းယုက အစားထိုးလို့မရဘူးဆိုပေမဲ့ ဂိုချောက်ထောင်နဲ ဂျူနီယာလီကလည်း သူတို့ကျရာအခန်းမှာ တူတူတန်တန် သရုပ်ဆောင်နိုင်ကြပါတယ်။ ကြာလာသည်နှင့်အမျှ အမှတ်ရစရာတွေရှိပေမဲ့ အခြားခေါင်းဆောင်တွေကို အမှတ်ပေးစရာတွေရှိနေတော့ လီကွမ်းယုဟာ ထီးထီးကြီး ဖြစ်နေမှာ မဟုတ်တော့ဘူး။
မြန်မာပြည်အတွက် ဝမ်းနည်းစရာကောင်းတာက ဒီအချက်ပါ။ ဦးနုကို ဘာသာရေးသမားတွေက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာသတ်မှတ်ပေးမှု၊ ဆဋ္ဌသင်္ဂါယနာတင်မှုတို့အတွက် အမှတ်ရစရာတွေရှိပေမဲ့ သူ့နောက် တက်လာတာတွေက မီးကျိုးမောင်းပျက်ချည်းပဲ ဖြစ်နေတယ်။ သူတို့မည်းလေလေ ဗိုလ်ချုပ်က ဖြူလေလေဆိုတော့ လူထုရင်ထဲကဗိုလ်ချုပ်ရဲ့ ပုံရိပ်က ကြီးသထက်ကြီးလာတယ်။ ဗိုလ်ချုပ်အတွက် ဂုဏ်ယူစရာပေမဲ့ နိုင်ငံအတွက် ရင်ကျိုးကြရတယ်။ (ဦးသိန်းစိန် အတက်၊ စာပေစိစစ်ရေးတွေ ချေဖျက်၊ သူ့ရဲ့ပထမလှိုင်းကာလမှာ အများကြီး မျှော်လင့်ခဲ့ကြောင်း ဝန်ခံပါတယ်၊ မနေ့က စကားအနည်းငယ် (အိုဗားမားတို့လို) ကိုယ်တိုင်ပြောရင် တော်တော်လှမှာ)။ လက်ရှိဗိုလ်ချုပ်ကြီးတွေ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူတို့ညံ့လေလေ ဗိုလ်ချုပ်ကို လွမ်းလေလေ၊ ဗိုလ်ချုပ်ကို လွမ်းလေလေ လူထုရင်ထဲရှိဗိုလ်ချုပ်ရဲ့ ပုံရိပ်က ကြီးလေလေပဲ ဖြစ်နေလိမ့်မယ်။

၄။ ဦးနေဝင်းက အစ ဦးသန်းရွှေအဆုံး ဗိုလ်ချုပ်ရဲ့ ပုံရိပ်ကို သေးငယ်အောင်လုပ်ဆောင်မှုဟာ ကိုယ့်သေတွင်းကို တူးတာပါပဲ (ဦးသိန်းစိန်က သူ့အင်တာဗျူးမှာ ဗိုလ်ချုပ်ကို လေးစားကြောင်းထည့်ပြောဖော်ရတယ်)
ငွေစက္ကူပေါ်က ဗိုလ်ချုပ်ကို ဖယ်ထုတ်၊ ဗိုလ်ချုပ်သမိုင်းကို သေးအောင်လုပ်။ ယတြာဆရာတွေ ရှိပေမဲ့ စိတ်ပညာအကြံပေး ရှိပုံမရဘူး။ တန်ပြန်အကျိုးသက်ရောက်မှုက ဗိုလ်ချုပ်သမိုင်းကို သူတို့က သေးအောင်လုပ်လေလေ ဗိုလ်ချုပ်သမိုင်းက လူထုရင်ထဲမှာ ကြီးလေလေ။ လာတော့မယ် နှစ်တစ်ရာပြည့်။ မြန်မာရှိတဲ့ ကမ္ဘာအရပ်ရပ်နိုင်ငံတိုင်းမှာ ဒီပွဲရှိလိမ့်မယ်။ မနာလိုတတ်ရင် သေဖို့ပဲရှိမယ်။
ဒီသမိုင်းဆိုးကို ရပ်၊ ဗိုလ်ချုပ်ရဲ့ စတေးတပ်ကို နေရာမှန်ပြန်ထားရေးဟာ ဦးသိန်းစိန်တာဝန်ပဲ။ ဒီစာမေးပွဲ သူဖြေနိုင်လေမလား။ ဦးသန်းရွှေလောင်းရိပ်က ထွက်လာနိုင်မလား။
တကယ်က ဦးသန်းရွှေဆိုတာ လူတစ်စုလေးရဲ့ အဘ။
ဗိုလ်ချုပ်က တနိုင်ငံလုံးရဲ့ ဖခင်။ ဦးသန်းရွှေဘွဲ့တွေကို နားဆင်ဖို့ ကျနော်တို့မှာ နားအပိုမရှိဘူး။ ဝမ်းနည်းပါတယ်။

ဇင်ဝေသော်

Post a Comment