လူရှင်းရတဲ့ နတ်အငြင်းပွါးမှု

ဒီခေတ်ကြီးဟာ လူတရားသူကြီးက နတ်နှစ်ပါးအငြင်းပွါးမှုကို ဖြေရှင်းပေးရတဲ့ ခေတ်ရောက်လာပါပြီ။ အထူးသဖြင့်တော့ နတ်ပေါ်ပြူလေးရှင်းပိုများတဲ့ အာရှတိုက်မှာပေါ့။ အနောက်ကတရားသူကြီးတွေလည်း ဒါမျိုးလေးတွေ ကြုံတွေ့စေချင်ပါတယ်။ ဒါပေမယ့် အနောက်က တရားသူကြီးတွေကတော့ နတ်လို့ကိုယ့်ကိုကိုယ်ထင်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့တင် တော်တော်အကြပ်ရိုက်နေကြရရှာတာပါ။

ဘာပဲဖြစ်ဖြစ် အိန္ဒိယက တရားသူကြီး ဒေး(ဗ်) ဒါရှန်ဓုဒ်ကတော့ နှစ်ပေါင်းများစွာ အငြင်းပွါးမှုဖြစ်နေတဲ့ နတ်နှစ်ပါးအကြား ကြားဝင်ဖျန်ဖြေပေးနိုင်ခဲ့ပါတယ်။

အဲဒီ နတ်နှစ်ပါးက ရှရင်ဂါ ရီရှိနဲ့ ဘာလုနဂါးနတ်တို့ဖြစ်ပါတယ်။ နတ်ပေါင်း(၂၀၀) ကျော်ထဲမှာ သူတို့နှစ်ယောက် ဘယ်သူကရာထူးပိုမြင့်သလဲဆိုတာ အငြင်းပွါးလာလိုက်ကြတာ ၁၉၇၁- ခုနှစ်ကတည်းကလို့ အင်ဒိုအာရှသတင်းဌာန (Indo- Asian News Service) က ဖော်ပြခဲ့ပါတယ်။ ဒါကိုထောက်ရင် စစ်တပ်တွင်း ဗိုလ်ချုပ်ကြီးတွေ ရာထူးလုတာက ဘာမှ မထူးဆန်းတော့သလိုပါပဲ။

ဒါကို အမြင်ကတ်တဲ့ နတ်ပွဲဖြစ်မြောက်ရေးကော်မတီက နတ်နှစ်ပါးစလုံးကို နတ်အဖွဲ့အစည်းထဲကနေ ဒဏ်ခတ်ပြီး သူတို့အပြစ်တွေကို ကုစားဖို့ တုလုတောင်ကြားကို ပို့လိုက်ကြပါသတဲ့။ အဲဒီ တုလုတောင်ကြားကလည်း နတ်နဲ့မစိမ်းတဲ့ဒေသမို့ ဒေဝဘူမိ(နတ်နန်း) လို့ခေါ်ပါတယ်။

ဒါပေမယ့် ဒီကိစ္စက အခုတော့ ပြေလည်သွားပါပြီ။ Himachal ဒေသတရားရုံးချုပ်က ဖြေရှင်းလိုက်နိုင်ခဲ့ပါပြီ။ ရှရင်ဂါ ရီရှိကို အကိုကြီးတစ်ယောက်အနေနဲ့ နံပါတ်(၂) နေရာကိုပေးပြီး ဘာလုနဂါးကိုတော့ ညီငယ်တစ်ယောက်အနေနဲ့ နံပါတ်သုံးရာထူးကို ပေးလိုက်ပါသတဲ့။

နတ်နှစ်ပါးကတော့ သဘောတူကြပုံရပါတယ်။ ဘာမှ အထွန့်မတက်ကြပါဘူး။ သူတို့နောက်ကလူတွေကတော့ တောင်ပြောမြောက်ပြော ပြောကြပါတယ်။ ဒီလူတွေအတွက်တော့ အချိန်ကုန်ခံမနေတော့ပါဘူး။ ကျွန်တော့် စာဖတ်ပရိသတ်တစ်ယောက်ဖြစ်တဲ့ ဂေါ်ရီ ဆင်း ပြောတာပဲ သဘောကျတယ်။ “အဲသလို အူကြောင်ကြား ဇာတ်လမ်းတွေရှိနေလို့ အိန္ဒိယမှာ နေ နေတာ” တဲ့။

မိုက်တယ်။ လူတရားသူကြီးက စူပါနယ်ချရယ် အငြင်းပွါးမှုကို ဖြေရှင်းပေးနိုင်တယ်။
တရားသူကြီး ဒေဝဒါရှန်ကို ဖြစ်နိုင်ရင် အကူအညီတောင်းပြီး အခြားနတ်အငြင်းပွါးမှုတွေကိုလည်း ဖြေရှင်းပေးဖို့တောင်းဆိုချင်တယ်။

ဥပမာ- ဂျပန်နိုင်ငံ ဟီမေဂျီ(Himeji) ရဲတိုက်က အိုကီကု (Okiku) ဆိုတဲ့ နတ်အတွက်ပါ။ ညညမှာ သူက တံတိုင်းကနေတက်တက်လာပြီး တစ်ကနေ ကိုးအထိရေတွက်တတ်တယ်။ ပြီးတော့ ငယ်သံပါအောင်အော်ပြီး ငိုတတ်တယ်။ အဖြစ်အမှန်ဇာတ်လမ်းကို မသိရင်တော့ သွေးပျက်စရာပေါ့။ ဖြစ်ပုံက အိုကီကုဟာ ပန်းကန်ဆယ်လုံးစုံကနေ တစ်လုံးကျကွဲလို့ သေဒဏ်ပေးခံလိုက်ရတာကနေ နတ်ဖြစ်လာတာပါ။

တရားသူကြီးက ဒီလိုအမိန့်ချကောင်းချနိုင်ပါတယ်။ ပန်းကန်ကိုးလုံးပဲရှိတဲ့အစုံဟာ ပန်းကန်ဆယ်လုံးရှိတဲ့ ပန်းကန်အစုံထက် အော်ဖစ်ရှယ်လီ အဆင့်ပိုမြင့်တယ်။ လူပြည်မှာပဲဖြစ်ဖြစ်၊ နတ်ပြည်မှာပဲဖြစ်ဖြစ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားမှာလည်း ပင်လယ်စောင့်နတ် ရိုယို ကီနူး(လ်) Roro Kidul ဆိုတာရှိပါတယ်။ သူမကတော့ သူမအထွက်အမြတ်ထားတဲ့ အစိမ်းရောင်ကို ဝတ်ထားတဲ့ တိုးရစ်တိုင်းကို ပင်လယ်ထဲ ဆွဲနှစ်တတ်ပါတယ်။

ဒါဆိုရင် တရားသူကြီးက အစိမ်းရောင်ဘီကီနီဟာ လူ့ပြည်၊ နတ်ပြည် နှစ်ပြည်လုံးမှာ တရားမဝင်လို့ အမိန့်ထုတ်စရာရှိပါတယ်။

တရားသူကြီးဟာ ဘယ်လောက်ပဲစွမ်းစွမ်း သူ့ကိုယ်သူ နတ်လို့ထင်နေတဲ့ ပုဂ္ဂိုလ်တွေကိုတော့ ဝေးဝေးကရှောင်ရမယ့်သဘောပါ။ ဟုတ်ကဲ့- ကျွန်တော် ခင်ဗျားကိုပြောနေတာပါ ဒေါ်နယ်ထရန့်(ပ်)လို့ Nury Vittachi က အဆုံးသတ်ထားပါတယ်။

နတ်နဲ့ နမ်းစား နမ်းစေ
သူ့ဆောင်းပါးကိုဖတ်ပြီး အဖေပြောဖူးတဲ့ နတ်ပုံပြင်ကို သတိရမိတယ်။
တစ်ချိန်က ရွှေတိဂုံကုန်းတော်ပေါ်မှာ နတ်ကတော်တွေနဲ့ ရှုပ်ပွနေတယ်။ ဒါကို ဂေါပကဥက္ကဌ ဘိုးဘိုးခင်( ဦးဘခင်လို့လည်း ခေါ်ကြတယ်) က လုံးဝကြည့်လို့မရဘူး။ ဒါနဲ့ တာမွေက ကာလသားခေါင်းကိုခေါ်၊ ရုပ်သန့်သန့် အပြောကောင်းကောင်း ကောင်လေးတစ်ယောက်ကိုရွေးပြီး အချောဆုံး၊ အငယ်ဆုံး နတ်ကတော်လေးဆီသွားပြီး နတ်မေးခိုင်းပါသတဲ့။

ဘိုးဘခင်ပေးထားတဲ့ လမ်းညွှန်ချက်က “ မင်းမိန်းမသေသွားတာ ဘယ်ဘုံ၊ ဘယ်ဘဝများ ရောက်နေပြီလဲ၊ ခေါ်ပေးစမ်းပါလို့ နတ်ကတော်ကို အကူအညီတောင်းပါ။ နတ်ကတော်က ခေါ်ပေးမယ်ဆိုပြီး ကိုယ်တွေဘာတွေ တုန်လာပြီဆိုရင် စိတ်မထိန်းနိုင်လို့ပါဆိုပြီး နတ်ကတော်လေးကို ဖက်သာနမ်းပေတော့။ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး။ ငါက ရွှေတိဂုံ ဂေါပကဥက္ကဌ၊ ပြီးတော့ မင်းနတ်မေးတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ငါရှိနေမယ်၊ ပိုင်အောင်သာ လုပ်-” ပါတဲ့။

အဲသလိုဆိုလိုက်တော့ အဲဒီနေရာကနေ ဝင်ရောက်သရုပ်ဆောင်လိုတဲ့ ကာလသားတွေများနေလို့ တော်တော်ရွေးထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ထားပါတော့။

အရွေးချယ်ခံရတဲ့ကောင်လေးကလည်း အချောဆုံးနတ်ကတော်မလေးကိုရွေးပြီး နတ်မေးတယ်။ သူ့ဇနီးဆုံးတာ ရက်ပိုင်းပဲရှိသေးတယ်၊ အိပ်မက်တွေလည်း မက်တယ်။ သူမ ဘယ်ဘုံဘယ်ဘဝ ရောက်နေပြီလဲ- ပေါ့။ နတ်စိမ်းဖြစ်နေရှာတယ်လို့ နတ်ကတော်က ဖြေသတဲ့။ ခေါ်ပေးမယ်ဆိုပြီး နတ်ကတော်မလေးလဲ တုန်လာရော ကောင်လေးက သင်ထားတဲ့အတိုင်း လုပ်တော့တာပေါ့။

အဲဒီအချိန်မှာ ဘေးကနတ်ကတော်တွေက မြင်သွားပြီး ဝိုင်းလာကြတယ်။ ပါးရိုက်မယ်၊ နားရိုက်မယ်တွေဖြစ်ကုန်တော့ ဂေါပကဥက္ကဌ ဦးဘခင်က ချက်ချင်းရောက်လာပြီး ဘာမှမသိသေးသလို ဖြစ်ပျက်ပုံကို မေးတာပေါ့။ ရွှေတိဂုံပေါ်မှာ ဘာမှခိုက်ရန်မဖြစ်ဖို့၊ မကျေနပ်ရင် တရားရုံးမှာ ရင်ဆိုင်ကြဖို့ ဦးဘခင်ကပြောပြီး ငြိမ်းအေးစေလိုက်သတဲ့။

နတ်ကတော်များသမဂ္ဂက ဒီကိစ္စကို တော်တော်အခဲမကျေဖြစ်နေလေတော့ ဝန်ထောက်ဆီအထိ အမှုကရောက်သွားလေရော။ ဖြစ်ချင်တော့ ဝန်ထောက်နဲ့ ဦးဘခင်က မိတ်ဆွေရင်းတွေ။ ဒါကိုလည်း ဦးဘခင်က ကြိုတွက်ထားတာကိုး။ ဒါနဲ့ ဝန်ထောက်က ဒီကိစ္စကတော့ဖြင့် Natural အရေးအခင်းမဟုတ်၊ Supernatural ကိစ္စဖြစ်တယ်။ ဒီကိစ္စကို ရွှေတိဂုံဂေါပက ကပဲဆုံးဖြတ်ချက်ချစေလို့ အမိန့်ထုတ်လိုက်ပါတယ်။

ဒါနဲ့ ဒီအမှုက ဦးဘခင်ဆီပြန်ရောက်လာရော။
အမှုစီရင်ချက်ချမည့်နေ့မှာတော့ ကာလသားအဖွဲ့တွေ၊ နတ်ကတော်သမဂ္ဂ၊ စိတ်ဝင်စားစရာကောင်းတဲ့အမှုမို့ လာရောက်ကြည့်ရှူနားထောင်ကြတဲ့ ပရိသတ်ကလည်း တော်တော်ကြီးများတယ်လို့ ဆိုပါတယ်။

ဦးဘခင်ရဲ့ ဆုံးဖြတ်ချက်က ရှင်းရှင်းလေးပါ။
နတ်ကတော်များရဲ့ သိက္ခာကို စဉ်းစားစရာရှိသလို၊ လူငယ်လေးရဲ့ ခံစားမှုအတိုင်းအတာကိုလည်း မျက်ကွယ်လို့မရ။ ရှင်ကွဲ ကွဲခဲ့ရတဲ့ဇနီးချောလေးကို သတိရတဲ့စိတ်ဟာ နတ်ကတော်ရဲ့ကိုယ်မှာ သူ့ဇနီးဝိဥာဉ်ကူးပြီလည်းဆိုရော မထိန်းနိုင်၊ မသိမ်းနိုင်ပဲ ဖြစ်သွားရတာ၊ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူတာမဟုတ်သလို ကြိုတင်ကြံစည်မှုသဘောလည်း မတွေ့ရပါ။ တကယ်လို့ မရိုးမသားဆိုရင်လည်း နေ့ခင်းကြောင်တောင် လူစည်ကားလှတဲ့ ရွှေတိဂုံရင်ပြင်တော်ပေါ်မှာ ဒီကိစ္စမျိုး မကြံစည်ပါဘူး။ သူနမ်းတယ်ဆိုတာကလည်း နတ်ကတော်ရဲ့ပါးထက် သူ့ဇနီးဟောင်းရဲ့ ဝိဥာဉ်ကိုသာ နမ်းတာပါလို့ ကောင်လေးကလည်း ဖွင့်ဆိုထားပါတယ်။

ဒါကြောင့် ကောင်လေးမှာ လုံးဝအပြစ်မရှိကြောင်း ရွှေတိဂုံဂေါပကအနေနဲ့ ဆုံးဖြတ်ပါတယ်။

ဒါပေမယ့် ဒီကိစ္စက လူ့ကိစ္စပါမက နတ်ကိစ္စပါ ပါဝင်နေတဲ့အတွက် နတ်ကတော်မလေးမှာ သူ့ဇနီးဟောင်းရဲ့ ဝိဥာဉ်ပူးကပ်ပြီး ကောင်ကလေးကို နမ်းချင်လာတယ်ဆိုရင်လည်း ဂေါပကအဖွဲ့အနေနဲ့ နတ်ကိစ္စမို့ ဘာမှပြောစရာမရှိပါ။ ရှေးဘုရင်များလက်ထက်တော်က “ သေစား သေစေ” အမိန့်လို “နမ်းစား နမ်းစေ” လို့သာ သဘောထားပါကြောင်း အမိန့်ချမှတ်လိုက်ပါသတဲ့။

နတ်ကတော်တွေကတော့ ဦးဘခင်ကို ရွံ့ကြောက်ကြီးဖြစ်သွားကြတာပေါ။့ ဘာပဲဖြစ်ဖြစ် အဲဒီအချိန်ကစလို့ ရွှေတိဂုံပေါ်မှာ နတ်ကတော်ချောချောတွေ မရှိတော့တာလို့ ဆိုပါတယ်။ ရွှေတိဂုံနဲ့ နတ်ကတော် ဆက်စပ်လို့မရတဲ့ ဆရာတော်တွေ၊ ဒကာ ဒကာမတွေကတော့ ဦးဘခင့်ဆုံးဖြတ်ချက်အတွက် သာဓုခေါ်မဆုံးဖြစ်ကြရတယ်လို့ ဆိုပါတယ်။

သူချမှတ်တဲ့ အမိန့်ကလည်း တော်တော်ရေပန်းစားသွားတယ်လို့ ဆိုပါတယ်။ နမ်းစား နမ်းစေ တဲ့။

နတ်အရှုပ်အရှင်းကို ဆုံးဖြတ်ရာမှာ အိန္ဒိယထက် ကျွန်တော်တို့က လက်ဦးတယ်ဆိုတာလေးကို သတိရမိလို့ ပြန်ရေးလိုက်တာပါ။

မပြီးသေးတဲ့ကိစ္စက-
အင်ဒိုနီးရှား၊ ဂျာဗားက ပင်လယ်စောင့် နတ်သမီးက အစိမ်းရောင်ဝတ်ထားရင် ပင်လယ်ထဲဆွဲနှစ်တယ်ဆိုတဲ့ကိစ္စပါ။

ကျွန်တော်တို့နိုင်ငံက ခေါင်းမာမာနဲ့ အစိမ်းရောင်ကြီးတွေကို သင်္ဘောပေါ်တင်ပြီး အဲဒီဂျာဗားကို လွှတ်လိုက်ရရင် ဘယ်လိုနေမလဲလို့ စဉ်းစားမိလို့ပါ။(အဆင်ပြေရင် လက်ခုပ်သံကြားပါရစေ)။ မသေပါစေနဲ့။ မှတ်လောက်သားလောက်ဆိုရင် ရပါပြီ- လို့။

နောက်ပြီး ကိုယ့်ကိုကိုယ်နတ်တစ်ပါးထင်နေတဲ့ ဒေါ်နယ်ထရန့်(ပ်) လို့ မစ္စတာ ဂျင်း(မ်) က တို့သွားသေးတယ်။

ကျွန်တော်တို့ဆီမှာလည်း ကိုယ့်ကိုကိုယ်နတ်ထင်နေတဲ့ပုဂ္ဂိုလ်တွေ ရှိနေလို့ပါ။

“ ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်” တဲ့။

ရေဗူးပေါက်နဲ့ ရေပါအောင်သယ်ဖို့ကတော့ နတ်ပဲစွမ်းနိုင်တော့မှာပေါ့။ အင်္ဂလိပ်ခေတ်က ရေဗူးပေါက်က အခုထိ မဖာရသေးဘူးလေ။

နတ်ပုံပြင် တကယ်ပြီးပါပြီ။ ။


ဇင်ဝေသော်








Copyright © 2012 ကမ်းလက်. All rights reserved.

Post a Comment