စကားထစ်လည်း ရှင်ဘုရင်လောက်တော့ ဖြစ်နိုင်တယ်

ဒီဆောင်းပါးလေး ဖတ်ရင်းနဲ့ စကားထစ်တတ်တဲ့ ကိုရင်ကြီးကို ဆရာတော်က ဆားအငံ၊ အပေါ့ မေးတယ်ဆိုတဲ့ အဖြစ်အပျက်လေးကို သတိရမိတယ်။ ဆရာတော်က ပါးစပ်ထဲမှာ ကွမ်းတွေနဲ့ဆိုတော့ ကိုယ်တိုင်မြည်းကြည့်လို့ မရဘူး။ ဒါနဲ့ ကိုရင်ကြီးကို မေးရတာပါ။

ကိုရင်ကြီးက စကားထစ်တော့ “ခပ်… ခပ်… ခပ်”။
ဆရာတော်က ဆားတွေ ထပ်ခပ်တာပေါ့။
ကိုရင်ကြီး ထပ်ပြောတာက “ခပ်ငန်ငန်ပါဘုရား” တဲ့။
စားလို့ မရလောက်တော့ဘူးပေါ့လေ။

ကလေးတွေ စကားထစ်တဲ့နေရာမှာ စကားလုံး ထစ်နေတာ၊ ပြောမယ့်စကား တစ်ဝက်မှာ ထစ်နေတာ၊ ဘာစကားသံမှ ထွက်မလာတာ ရှိတတ်ပါတယ်။ စကားကို ကြိုးစားပမ်းစား ပြောရာမှာ မျက်နှာစတဲ့ အမူအယာတွေလည်း ပြောင်းလဲနေတတ်ပါသတဲ့။ စကားပြောတတ်စ ကလေးတွေ ထစ်တာမျိုးကတော့ ကလေးအများစုမှာ ဖြစ်တတ်ပြီး ကြာရင် ပျောက်သွားတတ်တဲ့ သဘော ရှိပါတယ်။

စကားထစ်ခြင်းနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ လေးခု ရှိနိုင်ပါတယ်။
၁။ မျိုးရိုးဗီဇ
၂။ အာရုံကြောဆိုင်ရာ အလုပ်လုပ်မှု ပုံမမှန်ခြင်း
၃။ ကလေးကြီးထွားစအချိန်
၎။ မိသားစုဖိအားပေးခြင်းတို့ ဖြစ်ကြပါတယ်။

စကားထစ်တတ်တဲ့ ကလေးတွေထဲမှာ (၆၀) ရာခိုင်နှုန်းကတော့ မျိုးရိုးနဲ့ ပတ်သက်ပါတယ်။ အရုံကြောဆိုင်ရာ ပညာရှင်တွေ တွေ့ရှိချက်အရ စကားထစ်တတ်သူတွေရဲ့ အာရုံကြော အလုပ်လုပ်မှုတွေဟာ တစ်ခြားသူတွေနဲ့ မတူကွဲပြားနေတတ်ပါတယ်။ ကလေးတွေရဲ့စကား၊ ဘာသာကွဲစကားတွေကို ပြောဖို့ ကြိုးစားခိုက်မှာလည်း ဒီလို ထစ်တာမျိုးတွေ ရှိတတ်ပါတယ်။

တွေ့ဖူးတဲ့ ကလေးတစ်ယောက်ဆိုရင် သုံးနှစ်ကျော်လောက်အထိ ဘာစကားမှ မပြောနိုင်သေးဘူး။ မိဘတွေက နှစ်ယောက်စလုံး မြန်မာတွေပါ။ အဘိုးအဘွားတွေက ထိုင်းမှာဆိုတော့ အဲ့ဒီကလေးက ထိုင်းမှာနေစဉ် ထိုင်းစကားတွေလည်း ကြားနေရ၊ အိမ်မှာ မြန်မာစကားတွေလည်း ကြားနေရ၊ မူကြိုကို သွားပြန်တော့ တရုတ်၊ အင်္ဂလိပ်စာတွေလည်း ကြားရ၊ ဘာသာစကားလေးမျိုးကြားမှာ ဘာပြောရမှန်းမသိ ဖြစ်နေရှာတာပေါ့။ ပြောမယ်ပြောတော့လည်း သုံးဘာသာတော့ တော်တော်ကောင်းအောင် ပြောနိုင်သွားတယ်။

မိသားစုက အလောတကြီးနဲ့ ကလေးကို အတင်း သင်ပေးနေရင်လည်း စကားထစ်တတ် ပြန်ပါသတဲ့။ ကလေးငါးရာခိုင်နှုန်းလောက်ကတော့ အသက်ငါးနှစ်မှာ တစ်ချိန်ချိန် ဒီအတွေ့အကြုံမျိုး ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ စကားထစ်တာ ခြောက်လထက်ကျော်ပြီးဆိုရင်တော့ နည်းနည်း စိုးရိမ်စရာပါ။ ဒီကလေးတွေထဲက လေးပုံတစ်ပုံဟာ လူကြီးဖြစ်သည်အထိ ထစ်သွားတတ်ပါတယ်။ စကားထစ်နေတဲ့ ကလေးတွေကို ကူညီနိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဆောင်းပါးရှင်က နည်းလမ်း (၇) ချက် ထုတ်ပေးပါတယ်။

၁။ ကလေးနဲ့ စကားပြောတဲ့အခါ ဖြေးဖြေးပဲ ပြောရမယ်၊ ရပ်နားပြီး ပြောရမယ်။ သူပြောပြီးတဲ့နောက် မိမိက ပြန်မပြောမီ စက္ကန့် အနည်းငယ် ရပ်ထားပေးရမယ်။ ကိုယ်က အေးအေးဆေးဆေး ပြောပေးခြင်းဟာ “ဖြေးဖြေးပြော၊ ဘာဖြစ်လို့ လောနေတာလဲ” ဆိုတဲ့ စကားတွေထက် အများကြီး ထိရောက်ပါတယ်။

၂။ ကလေးကို မေးခွန်းတွေ အများကြီး မမေးသင့်ပါဘူး။ မေးခွန်းတွေ မေးမယ့်အစား သူပြောတာတွေကိုပဲ အသိအမှတ် ပြုပေးသင့်ပါတယ်။

၃။ သူ စကားပြောနေတဲ့အချိန်မှာ သူ့စကားကို စိတ်ပါလက်ပါ နားထောင်နေတယ်ဆိုတာ ကိုယ်အမူအရာအားဖြင့် သူသိအောင် ပြပါ။ သူ ဘယ်လိုပြောတယ်ဆိုတာကို စိတ်ဝင်စားဟန် မပြပါနဲ့။

၎။ ကလေးငယ်နေစဉ်မှာ သူနဲ့စကားပြောပြီး သူ့ကို မိနစ်အတော်ကြာ အနားယူထားခွင့် ပြုပါ။ အဲ့သလို တိတ်ဆိတ်ငြိမ်သက်ခိုက်မှာ သူဟာ ယုံကြည်မှုကို တည်ဆောက်နိုင်ပါတယ်။

၅။ မိသားစုအဖွဲ့တွေအားလုံး သူနဲ့ စကားပြောဖို့၊ သူပြောတာ နားထောင်ဖို့ အလှည့်ကျ တာဝန်ယူပါ။ ပြိုင်တူ မပြောပါနဲ့။ စကားထစ်တတ်တဲ့ ကလေးတွေဟာ သူတို့ စကားပြောနေစဉ် အနှောက်အယှက် ကင်းလေလေ အဆင်ပြေလေလေပါပဲ။

၆။ ကိုယ်ဘယ်လို ဆက်ဆံသလိုဆိုတာ အမြဲတမ်း သတိရှိပါ။ သူ့စကားကို ကိုယ်က နားထောင်နေတယ်၊ အေးအေးဆေးဆေး စကားပြောလို့ရတယ်ဆိုတာ သူသိနေပါစေ။

၇။ ဒါတွေ အားလုံးထက် အရေးကြီးတာက သူဟာ ဘယ်လိုကလေးပဲ ဖြစ်ဖြစ် ကိုယ့်ကလေးကို အရှိအတိုင်း လက်ခံနိုင်ဖို့ပါ။ သင့်ထံက အရေးအကြီးဆုံး အကူအညီကတော့ သူစကားထစ်တာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် သင့်ဆီက ထောက်ပံ့အားပေးမှု သူရရှိနေဖို့ပါပဲ။

ကလေးစကားပြောတဲ့အခါ (၁၀) ရာခိုင်နှုန်းထက် ပိုထစ်နေတယ်၊ စကားပြောဖို့ အဆမတန် အားထုတ်ယူနေရတယ်၊စကားပြောရင်း မထစ်ဖို့ စကားလုံးတွေ ရွေးခြယ်နေရတယ်၊ အသံအပိုတွေ ပါဝင်နေတယ်ဆိုရင်တော့ အထူးကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အကူအညီ တောင်းသင့်ပါတယ်။

“The King’s Speech” ဆိုတဲ့ သမိုင်းရုပ်ရှင်ဇာတ်ကားထဲမှာ နံပါတ်ခြောက် ဂျော့(ဂ်ျ)ဘုရင်ရဲ့ နေရာမှာ သရုပ်ဆောင်ရတဲ့ မင်းသား Colin Firth ဟာ စကားပြော အထူးကျွမ်းကျင်သူတွေရဲ့ အကူအညီ ယူခဲ့ရပါသတဲ့။ ဂျော့(ဂ်ျ)ဘုရင်က စကားထစ်လို့ပါတဲ့။

နောက်ဆုံးတော့ စကားထစ်ရင်တောင် ရှင်ဘုရင်လောက်တော့ ဖြစ်နိုင်သေးတာပဲ မဟုတ်လား။

Ref: Coping with a stammer
By Dr Chu Chi Ping,
Paediatric medicine consultant
Raffles Hospital


ဇင်ဝေသော်








Copyright © 2012 ကမ်းလက်. All rights reserved.

Post a Comment