စင်္ကာပူနတ်လည်း "ကိုင်" တတ်သည်


နာနာဘာဝပြီးလျင် နောက်ထပ်ရှင်းရခက်သည့်ကိစ္စက နတ်ကိုင်ခြင်းဟုထင် သည်။ ယုံရလည်းခက်၏၊ သို့သော် ရှိပုံလည်း ရ၏။ အနည်းဆုံး ခူးတိတ်ပွပ် မိသားစုအတွက်တော့ ဤ ကိစ္စသည် ဘိုးစဉ်ဘောင်ဆက် ထားရစ်ခဲ့သည့် မှာတမ်းဖြစ်လေသည်။ မစ္စတာ ခူးတိတ်ပွပ်က နှယ်နှယ်ရရပုဂ္ဂိုလ်မဟုတ်၊ စင်္ကာပူ၏ အချမ်းသာဆုံးအုပ်စုတွင်ပါသည်။ ရီရွှန်းမှာ မကြာမီက ဖွင့်လှစ်ခဲ့ သည့် ခူးတိတ်ပွပ် ပုဂ္ဂလိကဆေးရုံက ( Khoo Teck Puat Hospital Singapore - KTPH )သူ့အမည်ပင်ဖြစ်သည်။ စင်္ကာပူမှာ ပုဂ္ဂလိကဆေးရုံ ဆိုသည်က လက်ချိုးလို့ရသည်။

နတ်ကိုင်ခြင်း စတင်ဖြစ်ပွားစဉ်က ကိုယ်တိုင်ပင် စင်္ကာပူမရောက်သေး၊ ရှေး ပျံလွန်တော်မူခဲသော သီရိလင်္ကာဆရာတော်ကြီး လက်ထက်ကဖြစ်သည် ။ ဖြစ် ပုံက အလုပ်သမားများက သစ်ပင်စောင့်နတ်ကို တောင်းပန်ခြင်းစသည် ဘာမှမလုပ်ဘဲ ခုတ်လှဲပုံရ၏။ ထိုအခါ ထိုသစ်ပင်စောင့်နတ်က ဒေါ်ခူးတိတ် ပွပ် ကို ဝင်ကိုင်လေတော့သည်။ ရုတ်တရက်ကြီး လေဖြတ်သလိုလဲကျသွားသည်။ စကားလည်း မပြောနိုင်တော့ပေ။ သူဌေးများဖြစ်သည့်အားလျော်စွာ ဆေးရုံကို ချက်ချင်း သွားကြသည်။ ဆေးရုံးမှာလည်း ရောဂါ၏ အရိပ်လက္ခဏာကို ရှာဖွေလို့မရ။ နောက်ဆုံး သီရိလင်္ကာဆရာတော်ကြီး၏ ဩဝါဒကို ခံယူရန် ရောက်လာကြသည်။ ဆရာတော်က ဤကိစ္စမျိုး ဖြစ်တတ်ကြောင်း၊ သက်ဆိုင်ရာ ထိုထို သစ်ပင်စောင့်နတ်ကို တောင်းပန်၊ မေတ္တာပို့လျှင် ရကြောင်းရှင်းပြပြီး သူကိုယ်တိုင် အိမ်သို့ကြွကာ ဘာသာရေး လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ပေး ခဲ့သည်။ မကြာမီ ချက်ချင်းပင် ဒေါ်ခူးတိတ်ပွပ်လည်း ပကတိအတိုင်း ပြန်လည်ကောင်းမွန်လာခဲ့သည်ဟု ဆိုကြသည်။

ထိုမှနောက်....
"သစ်ပင်ခုတ်ခြင်း၊ ဖြတ်ခြင်းမပြုလုပ်မီ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကို ပင့်ပြီး မေတ္တာအရင်ပို့ စေရမည်" က မစ္စတာ ခူးတိတ်ပွပ်၏ ဘိုးစဉ်ဘောင် ဆက်လိုက်နာရန်မှာတမ်းဖြစ်လေတော့သည်။
ပထမဆုံးအကြိမ် သူတို့အိမ်ထဲ ရောက်ဖူးစဉ်က အလွန်အံ့ဩမိသည်။ စင်္ကာပူလို နိုင်ငံပေါက်စလေးမှာ ဤမျှ ကျယ်ဝန်းသောခြံကြီးဖြင့်နေသူ မရှိနိုင်ေ လာက်ဟု ထင်ထားသောကြောင့်ဖြစ်သည်။ သူတို့ခြံဝင်းက ရန်ကုန်ကခြံဝင်း များနှင့်ပင် မတူ။ တောင်ကြီး၊ မေမြို့စသောနယ်မြို့များကခြံဝင်းများနှင့်ပင် တူနေသည်။ မြေကမညီ၊ ခြံဝင်းအလယ်က ကုန်းကမူပေါ်မှာ တိုက်အိမ် အတွဲ လိုက်ဆောက်ထားသည်။
ပတ်ပတ်လည်က သစ်ပင်ကြီးများဖြင့် တောအုပ်သဖွယ် ဖြစ်နေသည်။ နတ်ကိုင်မည်ဆိုက ကိုင်လောက်ပေသည်ဟု သစ်ပင်ကြီးများကို ကြည့် ရင်း တွေးလိုက်မိသည်။

ခူးတိတ်ပွပ်ရှိစဉ် ဘာသာယုံကြည်မှုက ဗုဒ္ဓဘာသာဖြစ်ပြီး လေးထပ်ကျောင်းဆောင်ကြီး ပြီးမြောက်ရေးအတွက်ပင် သူတို့ အလှူငွေ များစွာပါ ဝင်ကြောင်း သိရသည်။ ယခုတော့ မိသားစုထဲမှာ အခြားဘာသာယုံကြည်မှု များလည်း ရှိနိုင်သည်ဟု တွက်ဆလို့ရသည်။ သို့သော် မည်သည့်ဘာသာဝင် မျိုးဆက်သစ်မဆို တညီတညွတ်တည်း လိုက်နာကြရသည်က မစ္စတာ ခူးတိတ်ပွပ်၏ "သစ်ပင်ခုတ်ခြင်း၊ ဖြတ်ခြင်းမပြုလုပ်မီ ဗုဒ္ဓဘာသာ ဘုန်းတော် ကြီးကိုပင့်ပြီး မေတ္တာအရင်ပို့ စေရမည်" ဖြစ်လေသည်။

ကွန်ပျူတာစနစ်ဖြင့် တစ်နိုင်ငံလုံးထိန်းချုပ်ထားသော စင်္ကာပူလို နိုင်ငံ မှာ ရှေးဟောင်းဆန်သော (အချို့က ဤသို့ယူဆသည်) ယုံကြည်မှုမျိုး မရှိနိုင်ဟုဆိုက မှားသည်။ သူတို့ခြံထဲက သစ်ပင်ခုတ်၊ ဖြတ်တိုင်း သစ် ပင်စောင့်နတ်ကို မေတ္တာပို့ရန် သွားရဆဲဖြစ်သည်။ အံ့ဩမိ၏။ ထင်မထားခဲ့။

(စာကြွင်း)
သွားပြီး ပြန်လာတိုင်းလည်း ချက်လက်မှတ် တစ်စောင် လှူလိုက်သည်။ လှူတာကိုလည်း ဘဏ္ဍာရေးမှူးကို အပ်လိုက်သည်။ ထို့ကြောင့် ကျောင်းအလှူငွေ နည်းသောလများတွင် ဘဏ္ဍာရေးမှူးက ခူး မိသားစု သစ်ပင်မခုတ်တာ ကြာပေါ့ဘုရား ဟု ' စ ' တတ်လေသည်။


 သီဟနာဒ

Post a Comment